Monday, November 25, 2019

ပန်းဒူးဆရာတော်နှင့် သာသနာပိုင်ဆရာတော်

ဘဒ္ဒန္တဝိသုဒ္ဓ, စံကျောင်းဒုတိယဆရာတော် ဘဒ္ဒန္တသုဒဿနအစ သီလရှင်မယ်နတ်ပေး, မင်းတုန်းမင်းသားလေးအလယ် ထိုခေတ်မှာ နာမည်ကြီးလာမယ့်သူများရဲ့ ဆရာကား ပန်းဒူးဆရာတော် ဖြစ်ပါတယ်။ ထိုခေတ်ထဲမှာ ထင်ရှားတဲ့ ဆရာတော်များဖြစ်ကြတဲ့ တိုက်တော်ဆရာတော်ဦးလက္ခဏ, မကုဋာရာမဆရာတော်ဦးခေမိန္ဒ, စလင်းဦးပဏ္ဍိစ္စ, မိုင်းခိုင်းဦးပဏ္ဍိတ, တောင်ခွင်သာသနာပိုင်ဦးဝိသုဒ္ဓါစာရ, လယ်တီဆရာတော်ဦးဉာဏဓဇတို့ဆိုတာ ပန်းဒူးဆရာတော်၏တပည့်ဖြစ်တဲ့ စံကျောင်းဒုတိယဆရာတော်ရဲ့ ထင်ရှားတဲ့တပည့်တွေပဲ ဖြစ်လို့ ပန်းဒူးဆရာတော်ကြီးရဲ့ သိဿာနုသိဿလို့ ဆိုရပါမယ်။
ဒီမှာ အဓိကဆိုချင်တာက ...ပန်းဒူးဆရာတော်ကြီးရဲ့ တပည့်ရင်းဖြစ်တဲ့, မင်းတုန်းမင်းသားရဲ့ ဆရာဖြစ်တဲ့ ဝိနည်းငါးကျမ်းဆောင် ဦးသာရဒဿီဆရာတော်ဟာ ပန်းဒူးဆရာတော်ကြီးဆီလာခိုက် သာသနာပိုင်ဆရာတော် ထုတ်ဆင့်တဲ့ အမိန့်စာချွန်လွှာကို ယူဆောင်လာတဲ့ မဟာဒါဝန်နဲ့ ဆုံတွေ့ပါသတဲ့။ ဒီတော့ ပန်းဒူးဆရာတော်ကြီးက ဦးသာရဒဿီကို “ ဟဲ့... ငါးကျမ်း.. ဒီ စာချွန်လွှာကို ယူဖတ်စမ်း” လို့ အမိန့်ရှိလို့ ဦးသာရဒဿီက ပန်းဒူးဆရာတော်ကြီးကို ဖတ်ပြရပါတယ်။
သာသနာပိုင်ဆရာတော်ကြီးရဲ့ စာချွန်လွှာအမိန့်ထဲမှာ “ သာမဏေပြုလျှင် လိင် ဒဏ် သေခိယ ခန္ဓကဝတ် ပါဠိနှင့်အနက်၊ ရဟန်းဖြစ်လျှင် ဥဘတောဝိဘင်းပါဠိနှင့်အနက် နှုတ်တက်အာဂုံ ရစေရန်” ဆိုတဲ့ အမိန့်စာလည်း ပါလာပါတယ်။
သာသနာပိုင်ဆရာတော်ရဲ့ ဒီအမိန့်စာနဲ့ပတ်သက်လို့ ပန်းဒူးဆရာတော်ကြီးက မဟာဒါဝန်ကို “ဟေ့.. မဟာဒါန်... `သာသနာပိုင်ဟာ ဆီမီးခွက်ထက် မိုက်နေတယ်´လို့ မင်းတို့ သာသနာပိုင်ကို ပြန်လျှောက်လိုက်”လို့ အမိန့်ရှိတဲ့အခါ မဟာဒါန်က အဓိပ္ပာယ်ရှင်းလင်းအောင် မိန့်ပါလို့ လျှောက်တင်တော့ ပန်းဒူးဆရာတော်ကြီးက “ အိမ်း... ဆီမီးခွက်ဆိုတာ ဘေးမှာပဲ လင်းနေတယ်၊ အောက်မှာတော့ မဲလို့။ မင်းတို့ သာသနာပိုင် သင်္ကန်း စဝတ်တုန်းက ဒီလိုပဲလားဟဲ့။ အေး... သာသနာပိုင်က တရားထက် သာလွန်နေတယ်။ ဘုရား မပညတ်ခဲ့တာကို လုပ်ရဲနေသကိုးကွဲ့” လို့ အမိန့်ရှိလိုက်ပါသတဲ့။ ဒီတော့ မဟာဒါန်က ဘာမှ ဆက်မလျှောက်ဝံ့တောဘဲ နေပြည်တော်ဆီ ပြန်သွားပါတယ်။ မကြာမီ သာသနာပိုင်ဆရာတော်ရဲ့ အမိန့် ရုတ်လိုက်ရပါသတဲ့။ 

မဟာဗောဓိမြိုင်ဆရာတော်ကြီး အမွှေဓာတ်ကို ခွာသတ်,သတ်ခဲ့ရခြင်း (ရွှေကျောင်းကုန်းတောင်မှ ဇင်းကျိုက်တောင်သို့)

 

မဟာဗောဓိမြိုင်ဆရာတော်ကြီး
အမွှေဓာတ်ကို ခွာသတ်,သတ်ခဲ့ရခြင်း
(ရွှေကျောင်းကုန်းတောင်မှ ဇင်းကျိုက်တောင်သို့)


    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ သာစည်မြို့ ရွှေ ကျောင်းကုန်းတောင်မှာ လောကမုနိဘုရားကို ပြုပြည်တည်ထားတော်မူပြီး ၁၃၄၁ ခုနှစ် တပို့တွဲလပြည့်နေမှာ ထီးတော်တင်လှူပူဇော်နိုင်ခဲ့ပါတယ်။ အဲဒီနောက် များမှာတော့ 'ရွှေကျောင်းကုန်းတောင် ဆရာတော်'ဆိုပြီး ထင်ရှားလာပါတော့ တယ်။ 'လူရှုပ်၊ လာဘ်ပေါ၊ ကျော်ဇော်၊ ခြွေရံ ဤလေးတန်'ကို အလိုမရှိ၊ တရားရဲ့ ငြိမ်းအေးမှုကိုသာ အလိုရှိတဲ့ဆရာတော်ကြီးကတော့ ၁၃၄၃ ခုနှစ် ကဆုန်လပြည့်ကျော် ၄ ရက်နေ့မှာ ဇင်းကျိုက်ဒေသကို ပြောင်းရွေ့ခဲ့ပါတယ်။
    မဟာဗောဓိမြိုင်ဆရာတော်ကြီး ရွှေကျောင်းကုန်းတောင်က ဘာကြောင့် ခွာရသလဲလို့မေးလာရင်တော့ သာသနာ့သန့်စင်ရေးကိစ္စနဲ့ မ,ကိစ္စ တို့ကြောင့်ဖြစ် တယ်လို့ကြမ်းဖျင်းအားဖြင့် ပြောလို့ရနိုင်ကောင်းမယ်ထင်ပါတယ်။ 'အမွှေဓာတ်ကို ခွာသတ် သတ်ရန်' လို့ ဆရာတော်ကြီးက ရေးသားတော်မူပါတယ်။
    ရွှေကျောင်းကုန်းတောင်မှ ဇင်းကျိုက်ဒေသကို ပြောင်းရွှေ့သီတင်းသုံးရတဲ့ အကြောင်းများကို ဆရာတော်ကြီးက အခုလိုရေးသားခဲ့ပါတယ်။
    'ထိုနှင့်အတူ လူအုံခြင်း၊ လာဘ်များဖြင်း၊ မေးပြောပြသရခြင်းများလည်း ကွင်းဆက်လိုက်လာချေတော့ရာ တောထွက်ခြင်း၏ အရေးကား မှေး၍ မှေး၍ လာချေပြီ။ တစ်ပါးတည်း အားထုတ်ချိန်ကား မှိန်၍ မှိန်၍ လာချေပြီ။' လို့ (သံဝေဂလမ်း၊ စာ-၉၄)ဆရာတော်ကြီးက ဆိုပါတယ်။
    အဲဒီလို အချက်တွေနဲ့အတူ တခြားတစ်ဖက်မှာလည်းပဲ သာသနာသန့်ရှင်းရေး ဆိုတဲ့စကားကို (၁၃၄၂ ခုနှစ်များမှာ) ကျယ်ကျယ်လောင်လောင်ကြား လာရတယ် လို့ ဆရာတော်ကြီးက ရေးသားပါတယ်။
    'ဘုန်းကြီး ဘုန်းကြီးချင်း အုပ်ချုပ်ရန်၊ ဘုန်းကြီးထိန်းသိမ်းရေးကော်မတီ များ ရပ်ကျေးမှ ဗဟိုအထိ အဆင့်ဆင့် ဖွဲ့စည်းခြင်းများ ပေါ်ပေါက်လာချေပြီ။  (၄၂ ခုနှစ်က။) ထိုစဉ် အားလုံးဖွဲ့စည်းပြီးသည်နှင့် ရပ်ကျေးနှင့် မြို့နယ်မှ သံ ဃာ့အဖွဲ့အစည်းများက သည်ခြံပျက်ကြီးများ ဦးစွာခေါ်ယူမေးကြမည်။ ဤသ တင်း အတွင်းအနေများက အိပ်မက်ပေးကြရာ ဟုတ်သည်ဖြစ်စေ၊ မှန်သည် ဖြစ်စေ ခေါ်ယူ အစစ်မေးခံရပြီဆိုကတည်းက မကောင်းတော့ပြီ' (သံဝေဂလမ်း၊ စာ-၉၄)
    'ဝိနိစ္ဆယ - တရားဝိနည်းအဆုံးအဖြတ်ပေးရန် တစ်ပေးခံရလေသူ၊ သံဃာ များက သံဃာ့အဖွဲ့ကြီးဖွဲ့စည်းပြီးသည်နှင့် ငါတို့အား ခုံရုံးတင် စစ်အံ့ဟူသော အသံများကလည်း ငါတို့နား အကြားဖြင့် ဝင်ဆောင့်လာ၏။ ဆရာမကြောက် သံသရာမကြောက်ကြီးကား သံဃာအားကြောက်လှချေပြီ' (ဘဝကန္တရသင်္ကေ တကထာ၊စာ-၂၈၂) လို့ ဆရာတော်ကြီးက ဆိုပါတယ်။
    ဒီနေရာမှာ ကျွန်တော်နားလည်မိတာကတော့ တရားတဘောင်တွေ ရင် ဆိုင်ကြရတဲ့အခါ အရှုံး အနိုင်တွေ ရှိလာမယ်၊ နောက် ချစ်ခြင်းမုန်းခြင်း တွေ၊ နောက် သူ့အစွဲ ကိုယ့်အစွဲ့နဲ့ ကွဲကြပြဲကြမယ့် နောက်ဆက်တွဲတွေကို ဆရာတော်ကြီးက နှစ်လိုဟန် မတူပါဘူး။ ဒါကြောင့်ပဲ ရွှေကျောင်းကုန်းတောင် တော်က ထွက်ခွာခဲ့တာဖြစ်မယ်လို့ ကောက်ချက်ချမိပါတယ်။  နယ်ခံသံဃာ တော်တွေနဲ့ တောထွက်ရဟန်းကြီးကြားမှာ ဗျာများကြရမယ့် ပရိသတ်ကို ဆရာတော်ကြီးက ငဲ့ညှာတော်မူဟန်တူပါတယ်။
    နောက်ထပ် ရွှေကျောင်းကုန်းတောင်က ထွက်ဖို့အကြောင်းဖန်လာတဲ့ကိစ္စ တစ်ခုကတော့ အထက်မှာ ပြောခဲ့သလို 'မ' အနှောက်ပါပဲဖြစ်ပါတယ်။
    'ထိုနှစ်အတွင်း ငါ့၌ အမွှေဓာတ်တစ်ခုကလည်း ရှိချေသေး၏။ မအနှောက် တည်း။ ထိုသမီးငယ်ကား အရွယ်အားဖြင့် ၁၇ နှစ်မျှ မှန်း၍ရ၏။ ငါတို့ကား ၃၉ နှစ်ရှိနေချေပြီကော။
    ထိုမယားပစ် သက်ကြားအိုကြီးကိုလျှင် ငြိတွယ်နေရှာ၏။ တစ်ယောက်ထဲ လူသူကင်းစဲ တောအုပ်ကြားထဲမှာ လာရောက်ကြိုဆို၏။ သူ့မိသူ့ဖများကလည်း ကြည်ဖြူစွာ ခွင့်လွှတ်ထား၏။ ဆွမ်းခံသွားရင်းက ငှက်သင့်တော့မည့်အရေး တဖြည်းဖြည်းနီးကပ်လာ၏။
    ........ ... .............. ....
    .................. .... ........
    ငါတို့ကား ထိုသမီးငယ်ထံ၌ သူစိတ်နှင့် အတုစိတ် ခွဲခြားသိမြင်နေ၏။ သို့ကြောင့် ထိုသမီးငယ်ကား တရားခံအစစ်မဟုတ်၊ တရားခံအစစ်ကား သူမ နောက်ကွယ် မမြင်ကွယ်ရာမှသာ၊ သူမကား တည်ကြက်မျှသာတည်း။
    ထိုအခင်းကား ငါတို့သာသိ၊ သူမ မသိ။ ငါတို့သာမြင်၊ သူမကား မဆင် ခြင်နိုင်ရှာပြီ။ အမှောင်ကြားမှ ခရီးသွားနှင့် အလင်းကြားမှ ခရီးသွား ပက်ပင်း ကြီးသား ခရီးရင်ဆိုင်တို့အကြားဝယ် တွေ့ရသော် အမှောင်သမားကား မမြင်သူ ပီပီ ဝင်တိုက်မှာ သေချာ၏။ အလင်းသမားကသာ တားနိုင်လျှင်တား၊ မတား နိုင်လျှင် ရှားရုံသာရှိချေသည်' လို့ (ဘဝကန္တရသင်္ကေတကထာ၊စာ-၂၈၂)  ဆရာတော်ကြီးက ရေးသားခဲ့ပါတယ်။
    အဲဒီလိုနဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ရွှေကျောင်းကုန်းတောင်ကနေ ခွာဖို့၊ ခြင်္သေ့ညီနောင်ဆေးပေါ့လိပ်ရုံကိုသွား ဆိုတဲ့ အိပ်မက်ကို ရပါတော့တယ်။ ခြင်္သေ့ညီနောင်ဆေးပေါ့လိပ်ရုံဆိုတဲ့ဝှက်စာကို ဆရာတော်ကြီးက အခုလို ဖော်ခဲ့ရပါတယ်။ ခြင်္သေ့ညီနောင်ဆေးပေါ့လိပ်ရုံဟာ ဇင်းကျိုက်တောင်ဖြစ်ရမယ်၊ ရသေ့ညီနောင်နှစ်ဦးအနက် ညီငယ် သီဟရသေ့၏ ဘယ်ညာဖဝါးနှစ်ဖက်မှာ ခြင်္သေ့ရုပ်တစ်ဖက်စီပါတယ် ... စသည်ဖြင့် အိပ်မက်ရဲ့ဆိုလိုချက်ကို ထုတ်ဖော် ကာ ရွှေကျောင်းကုန်းတောင်မှ ဇင်းကျိုက်တောင်သို့ ၄၃ ခုနှစ် ကဆုန်လပြည့် ကျော် ၆ ရက်နေ့အရောက်ကြွချီတော်မူခဲ့ပါတယ်။
    တစ်ရွာမပြောင်းသူကကောင်းမဖြစ်ဆိုတဲ့စိတ်နဲ့ ပြောင်းရွေ့ခဲ့ပေမယ့် အခြေ အနေတွေက ဆရာတော်ကြီး မျှော်မှန်းထားသလိုတော့ ဖြစ်မလာခဲ့ပါဘူး။
    ဇင်းကျိုက်နယ်မြေနဲ့ပတ်သက်ပြီး ဆရာတော်ကြီးက ...
    'စင်စစ် ထိုဇင်းကျိုက်၏ သုံးနှစ်သော အကျင့်စခန်းသည် ေကြွပေး ဆပ်ရန် သွားရောက်ရခြင်းတည်း'(ဥလ္လမ္ပတုဘိက္ခုဘာဝကထာ၊ စာ-၇၇) မှာ ဆရာတော်ကြီးက မှတ်ချက်ပြုရေးသားခဲ့တာကိုတွေ့ရပါတယ်။
    မဟာဗောဓိမြိုင်ဆရာတော်ကြီး ရွှေကျောင်းကုန်းတောင်မှ ဇင်းကျိုက်တောင် ကို ကြွချီတဲ့ခရီးမှာ ရက္ကန်းစင်တောင်၊ ရှင်မထီး စတဲ့ဝိဇ္ဇာလောကက ဆရာတော် ကြီးများရဲ့ အမည်နာမများကို တွေ့ရပါတယ်။ ဇင်းကျိုက်တောင်ရဲ့ အထိန်းအသိမ်း အစောင့်အရှောက်ဟာ ဘားမဲ့ဆရာတော်ကြီးဖြစ်ကြောင်းလည်း ဆရာတော်ကြီးက ရေးသားထားပါတယ်။ (နောင်အလျဉ်းသင့်ရင် အသေးစိတ်ရေးပါ့မယ်။)        ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဘဝဖြစ်စဉ်ကိုကြည့်ရင် ထူးဆန်းတာတွေ၊ မယုံနိုင်စရာကောင်းတာတွေကို မြင်ရလေ့ရှိပါတယ်။ ထို့အတူ ပဲ အခက်အခဲ၊ အတားအဆီး၊ အဖျက်အမှောင့်တွေကလည်း မတွေ့ချင်မှအဆုံး ဆိုသလိုကို ကြုံရလေ့ရှိတာကိုလည်း ဆရာတော်ကြီးရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ကို လေ့လာတဲ့အခါမှာတွေ့မြင်ရပါတယ်။
    အဖျက်အမှောင့်များက အကြမ်းနည်းနဲ့မရ အနုနည်းနဲ့ချကြပုံတွေ ရွှေ ကျောင်းကုန်းတောင်မှာ သာသနာပြုစဉ်မှာ တွေ့ရပြီး အနုနည်းမရ အကြမ်း နည်းသုံးကြပုံတွေကိုလည်း  ဇင်းကျိုက်တောင်မှာ ကျင့်ကြံအားထုတ်တဲ့ နှစ်များမှာ တွေ့ရပြန်ပါတယ်။ ဇင်းကျိုက်တောင်မှာ မဟာဗောဓိမြိုင်ဆရာတော်ကြီး ရင်ဆိုင်ကြုံတွေ့ရတဲ့ အဆိုးလောကဓံများကို နောက်စာစုတွေမှာ ဆက်လက် ဖော်ပြပါ့မယ်။

စာပြီးရက်စွဲ-၂၅-၁၁-၂ဝ၁၉
ရည်ညွှန်းကိုးကား/-
၁။ ဘဝကန္တရသင်္ကေတကထာ(၂ဝ၁၂)
၂။ သံဝေဂ ပဋိသံယုတ္တကထာ (၂ဝဝ၄)
၃။ ဥလ္လမ္ပတုဘိက္ခုဘာဝကထာ (၂ဝ၁၅)

Friday, November 22, 2019

မဟာဗောဓိမြိုင်ဆရာတော်ကြီး ပုတီးသမားဘဝ ထောက်လှမ်းရေးနဲ့ ကြုံခဲ့ဆုံခဲ့ရပုံများ



မဟာဗောဓိမြိုင်ဆရာတော်ကြီး ပုတီးသမားဘဝ ထောက်လှမ်းရေးနဲ့ ကြုံခဲ့ဆုံခဲ့ရပုံများ


    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ပုတီးသမားဦးညိမ်းဘဝနဲ့ ၁၃၃၉ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်နေ့ကစလို့ ဘိုးဝိဇ္ဇာပေးတဲ့ 'ခုနှစ်နေ့ ခုနှစ်နံ နေ့အလိုက် ဂြိုဟ်သက်အလိုက် အဓိဋ္ဌာန်ဝင်တဲ့ ကျင့်စဉ်'ကို ကျင့်ကြံ အားထုတ်ခဲ့ပါတယ်။
    ဦးညိမ်းဟာ တတိယမြောက်ဘုရားအဖြစ် ဆူးလေဘုရားမှာ အင်္ဂါနေ့အတွက် အဓိဋ္ဌာန်ဝင်ခဲ့ပါတယ်။ ပထမတော့ ဘုရားမှာအိပ်ခွင့်ရခဲ့ပေမယ့် ဂေါပကအပြောင်းအလဲမှာတော့ အိပ်ခွင့်မရတော့တာကြောင့် ဘူတာကြီးမှာ ညအိပ်ကြတဲ့ ခရီးသည်များနဲ့အတူ သွားပြီးအိပ်ရင်းက အဓိဋ္ဌာန်ခရီးကိုဆက်ခဲ့ရပါတယ်။ အဲဒီမှာလည်း ဘူတာကြီးထဲ မအိပ်ရဘူးဆိုတဲ့ အမိန့်ထုတ်ပြန်ခဲ့တာကြောင့် ဘူတာရှေ့မြက်ခင်းပြင်မှာ အိပ်ခဲ့ရပြန်ပါတယ်။ ဘူတာကြီးရှေ့ မြက်ခင်းပေါ်ကက ညများမှာ ဦးညိမ်းရဲ့ သီလ၊ သမာဓိကို မိန်းမနဲ့ စမ်းသပ်တာတွေ ကြုံရပါတော့တယ်။
    'ညဦး၌ ပြည့်တန်ဆာမတို့ တစ်အုပ်ကြီးလာရောက် မြူဆွယ်နေကြသည်ကို တွေ့ရ၏။ စိတ်မထကြွ၊ အားမကျမိ။ ခရီးသည်ယောကျ်ားများနဲ့ ၎င်းတို့ကိုကြည့် သနားမိ၏' (ဘဝကန္တရသင်္ကေတကထာ၊ စာ-၁၉)
    စမ်းသပ်မှုတွေဟာ အဲဒီမှာတင် ရပ်မနေဘဲ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက် မြင့်လာကာ ခံနိုင်ရည်အားကို ယိုင်နဲ့အောင် လုပ်ကြပါတယ်။ သို့တိုင်အောင်ပဲ ဦးညိမ်းကတော့ နောက်မဆုတ်စတမ်းဆိုတဲ့လမ်းကပဲ မျှော်မှန်းရာ ပန်းတိုင်ကို ဆက်လျှောက်ခဲ့ပါတယ်။ မယားနဲ့ စမ်းခဲ့ပုံကို ဆရာတော်ကြီးက ဒီလိုရေးထားပါတယ်။
    'သည့်အတူ မယားစမ်းလည်း ခံခဲ့ရသေး၏။
    'သည်လိုသာလုပ်နေ ကိုယ့်မယား သူများမယားဖြစ်သွားမှာပေါ့' ဟူ၍ပင်။
    ပြောပါစေ၊ ငါမှားသည်။ သူ့ဘက်က မှန်နေသည်။ ပေါင်းသင်းဖို့ လက်ခံလာကြတုန်းက မဟုတ်ရာလုပ်ကြစို့ ဆိုပြီးကာမှ ယခု ငါ ဟုတ်ရာဘက် ပြောင်းလဲလာခဲ့တာ။ ငါကား သစ္စာဖောက်သူ။ ငါက သစ္စာလည်းဖောက်သေး၊ ငါကပဲ ရန်မူဦးမည်ဆို ငါထပ်မှားဦးတော့မည်ဆိုကာ ကျေကျေနပ်နပ် သည်းခံ ခဲ့ရချေသတည်း။'(ဘဝကန္တရသင်္ကေတကထာ-စာ၊၁၇၁)
    အဲဒီလိုစမ်းသပ်မှုတွေကြားကပဲ အဓိဋ္ဌာန်စခန်းကို မပျက်တမ်းဆက်လက် အားထုတ်နေခဲ့ပါတယ်။ တစ်ည၊ ဘူတာကြီးရှေ့ မြက်ခင်းဘေးက ကွပ်ခေါ် အုတ်ခုံလေးဘောင်ပေါ်မှာ ဘူတာကြီးမျက်နှာစာဘက်က အိပ်ခဲ့ရာ ဦးညိမ်းနဲ့ ခေါင်းချင်းဆိုင်ကာ လူတစ်ဦးလာရောက် အိပ်ခဲ့ပါတယ်။ ဦးညိမ်း အိပ်မောကျ နေတုန်း ငွေတစ်ကျန်ချန်ရစ်ခဲ့ကာ အိတ်နှိုက်ခံရပါတော့တယ်။ အဲဒီကစလို့ ဦးညိမ်း အိမ်ပြန်အိပ်ခဲ့ပါတယ်။
    'ပါသွားလေသော အိတ်ကား - ဝေဘူဆရာတော်ကြီး၏ သြဝါဒအချုပ်ကို ပုံနှိပ်ထားသော စာတစ်ရွက်၊ ဆရာတော်ကြီး၏ ဓာတ်ပုံတစ်ပုံ၊ ရွှေတိဂုံစေတီတော်ကြီး၏ အထက်ပစ္စယံပေါ် တက်ရောက်အားထုတ်ခွင့်လက်မှတ်(ကဒ်ပြား) မျှသာတည်း။'(၎င်း၊ စာ-၁၇၁)
    ဆူးလေအဓိဋ္ဌာန်ခရီး တတိယမြောက်နေ့မှာတော့ အသက် ၃၅ နှစ်လောက် လူတစ်ယောက် လာပြီး တရားဆွေးနွေးပါတော့တယ်။
    'ငါတို့ကား ကျင့်စဉ်တရားမျှသာ ပြောဟောတတ်ခဲ့၏။ ၎င်းကား ဂိုဏ်းစကားများများပြော၏။ လက်ထဲမှာလည်း အင်းပုံစံများချထားသော အင်းလက်ကိုင်ပဝါတစ်ထည်လည်း အဆောင်အဖြစ်  ဆောင်ထားသည်ကိုလည်း တွေ့ရ၏။ ၎င်းပြောစကားအရ တြိသီဟောအင်းဆို၏။ ရှင်သူငယ်ဂိုဏ်းက ဂိုဏ်းဝင်ဖြစ်ပြီး ဦးမောင်လေး၏ တပည့်တစ်ဦးပါဆိုလာ၏။ ငါတို့ကား မကျွမ်းနှီးသောအရာဖြစ်သဖြင့် ကောင်းပါတယ်ဖြင့်သာ ဖြည့်ရ၏။ အဓိဋ္ဌာန်ရက် ပြီးခါနီးတစ်ရက်အလို၌ကား ငါတို့ကို ဖိတ်ကြားလျက်က ဆူးလေအနောက်ဘက်မုခ်အထွက်ရှိ အအေးဆိုင်တစ်ဆိုင်တွင် ခေါ်သွားကာ ဒါနပြု၏။
    'ကျွန်တော်ထောက်လှမ်းရေးကပါ၊ ကျွန်တော့်နာမည် ကျော်ဟိန်းပါ၊ ဘူတာကြီးမှာ တာဝန်ကျပါသည်၊ နောင်အခါ ဘူတာကြီးမှာ အကူအညီလိုပါက  ကျွန်တော့်နာမည်မေးပြီး ကျွန်တော့်ဆီလာပြီး အကူအညီတောင်းပါ ကျွန်တော်ကူ ညီပေးပါမည်'မိတ်ဆက်၏။ ထိုအခါမှ အံ့သြရတော့၏။ ထောက်လှမ်းရေးများကလည်း ဘက်စုံပညာများနှင့်ပေကိုးဟူ၍။'
    (ဘဝကန္တရသင်္ကေတကထာ၊၁၇၁)
    များမကြာမှီမှာတော့ ဘူတာကြီးမှာ ပျောက်ဆုံးသွားတဲ့ အိတ်ကလေးဟာ စာတိုက်ကတဆင့် မပျောက်မပျက် ပြန်ရောက်လာတယ်လို့ သိရပါတယ်။ သြော် ... ဆရာတော်ကြီးရဲ့ ပုတီသမားဘဝစာမျက်နှာထဲမှာတောင် ထောက်လှမ်းရေးက ဝင်ရောက်နိုင်ခဲ့သေးသကိုးလို့ အံ့သြရပါတယ်။
     ဦးညိမ်းဟာ  'ခုနှစ်နေ့ ခုနှစ်နံနေ့အလိုက် ဂြိုဟ်သက်အလိုက် အဓိဋ္ဌာန်ဝင်ကျင့်စဉ်'ကို အထူးအဆန်းတွေ၊ အခက်အခဲတွေ၊ အစမ်းအသပ်တွေ ကြားက အောင်မြင်အောင် ကျင့်ကြံအားထုတ်နိုင်ခဲ့ပါတယ်။  ၁၃၉၉ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်နေ့မှာတော့ ရွှေတိဂုံစေတီတော် နောင်တော်ကြီးစေတီမှာ အဓိဋ္ဌာန်ပြီးဆုံးအောင်မြင်ခဲ့ပြီး (၅၆)ရက်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။ အဲဒီ အဓိဋ္ဌာန်ခရီးအပြီးမှာတော့ ဇင်းကျိုက်ရသေ့လေးဘဝနဲ့ကေလာသတောင်မှာ ကျင့်ကြံအားထုတ်၊ ဇင်းကျိုက်ကအပြန်ခရီးမှာ ဆရာတော်ဦးဝိမလနဲ့ဆုံ၊ အဲဒီကမှ တစ်ဆင့် အဘဝိမလရဲ့ညွှန်ကြားမှုနဲ့အတူ မဟာစည်ရိပ်သာရောက်၊ နောက်တော့ ဒုတိယအကြိမ် ရဟန်းဘဝကိုပြန်တက်လှမ်းရင်းက တောထွက်ခရီးကို အသက် ၃၉ နှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။
    မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ သက်တော် ၆ဝ၊ တောဝင်ကာလ ၂၁ နှစ်မှာ 'သံဝေဂလမ်း'ဆိုတဲ့ စာအုပ်ကို ၁၃၆၂ ခုနှစ်၊ တပို့တွဲလမှာ ပဋိပတ်တောစခန်း၊ ပုလဲမှာ ရေးသားခဲ့ပါတယ်။ တောထွက်သက်တမ်း ၂၁ နှစ်စာရှင်းတမ်းလို့ ဆရာတော်ကြီးကဆိုပါတယ်။ အဲဒီစာအုပ်ထဲမှာ -
    'ငါသည် အမှားကို မကြောက်။
    မှားမှန်းမသိမည်ကိုသာ ကြောက်၏။
    ရန်သူမှန်သမျှကိုလည်း ငါမကြောက်။
    ငါကြောက်သည်မှာ ရန်သူမှန်း မသိခြင်းကိုပင် ကြောက်၏။
    တစ်ဖန် ထိုမသိခြင်းနှစ်ပါးတို့ကိုပင် ငါမကြောက်၊
    ငါ ကြောက်သည်မှာ
    ငါသည် ရဟန်းဖြစ်လျက်နှင့် ငါ့လက်ရှိသတိမရှိမှာပင်တည်း'
လို့ ရေးသားတော်မူခဲ့ပါတယ်။
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဘဝစာမျက်နှာတွေကို လေ့လာကြည့်ရင် အချိုးအကွေ့တွေ များလှတာကို တွေ့ရပါတယ်။ အချိုးအကွေ့ တွေများသလောက်လည်း ကြမ်းတမ်းခက်ခဲခဲ့ပါတယ်။ သို့တိုင်အောင်ပဲ ထိုထိုသော အခက်အခဲများ၊ အဟန့်အတားများ၊ အနှောင့်အယှက်များထက် ရဟန်းဖြစ်လျက် ကိုယ့်လက်ထဲ သတိမရှိတာသာကိုလျှင် ကြောက်လှကြောင်း ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးက  မိန့်ဆိုရေးသား ဆုံးမတော်မူရင်းက လက်တွေ့လည်း ကျင့်ကြံပြလျက်ရှိကြောင်းပါဗျာ။

ငြိမ်းချမ်းသာ
စာပြီးရက်စွဲ/-၂၂-၁၁-၂ဝ၁၉


ရည်ညွှန်းကိုးကား/-
၁။ ဘဝကန္တရသင်္ကေတကထာ(၂ဝ၁၂)
၂။ သံဝေဂ ပဋိသံယုတ္တကထာ (၂ဝဝ၄)



Thursday, November 21, 2019

မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိပဿနာအတုနှင့် ဒါနပြုခြင်း လောကီပညတ်နှင့် ဗြဟ္မာစိုရ်

 

 မဟာစည်ဆရာတော်ဘုရားကြီး၏
ဝိပဿနာအတုနှင့် ဒါနပြုခြင်း လောကီပညတ်နှင့် ဗြဟ္မာစိုရ်


    ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးဟာ ဗုဒ္ဓဘာသာဝင်များရဲ့ အခြေခံဒါနခန်းကစပြီး အဆင့်မြင့် ဝိပဿနာလက္ခဏာတင်ပြီး ရှင်းလင်းအောင် စွမ်းဆောင် တော်မူခဲ့ပါတယ်။ ဥပမာ - သင်္ကန်းကပ်လှူတယ်ဆိုပါစို့။ သင်္ကန်းလည်းမမြဲ၊ ရဟန်းသံဃာလည်းမမြဲ၊ လှူတဲ့ဒကာ လည်းမမြဲလို့ နှလုံးသွင်းဆင်ခြင်ပြီး လှူဒါန်းခဲ့ဖူးပါတယ်။ ဒီလိုလှူမှ ဉာဏသမ္ပဉာဏ် (ဉာဏ်ဏ်နဲ့ယှဉ်တဲ့ကုသိုလ်)ဖြစ်တယ် လို့ မှတ်ယူသင်ယူခဲ့ကြဖူးပါတယ်။ ဒီလို မှတ်ယူလှူဒါန်းနေပုံ မျိုးနဲ့ပတ်သက်ပြီး မဟာစည်ဆရာတော်ဘုရားကြီးက ဒီလို ရှင်းလင်းတော်မူခဲ့ဖူးပါတယ်။
    'အဲဒီလို နှလုံးသွင်းပုံကိုပြတာဟာ ဉာဏသမ္ပယုတ်ဖြစ် ရေးအတွက် ပြတာမဟုတ်ပါဘူး။ ဘဝနာမယကုသိုလ်ဖြစ် ရေးအတွက် ပြတာပါ။ ခယံဂစ္ဆိဿတိ - ကုန်ခြင်းသို့ရောက် လတ္တံ့၊ ဝယံဂစ္ဆဿတိ - ပျက်ခြင်း ပျောက်ကွယ်ခြင်းသို့ ရောက်လတ္တံ့လို့ နှလုံးသွင်းပုံဟာ ပေးလှူပြီးမှ နှလုံးသွင်းပုံပါ။ မလှူခင်က နှလုံးသွင်းပုံ မဟုတ်ပါဘူး။ လှူဆဲမှာ နှလုံးသွင်းပုံ လည်း မဟုတ်ပါဘူး'
    'နောက်တစ်ခု စဉ်းစားစရာကတော့ ဘုရားအလောင်း တော် အလှူပေးတဲ့အခါမှာ ခယဝယတင်ပြီး (အပျက်ကို ဆင်ခြင်ပြီး) လှူကြောင်း၊ ဘယ်မှာမှ ပြဆိုချက်မရှိဘူး။ မြတ် စွာဘုရား ဟောတော်မူတဲ့ တရားတွေထဲမှာလည်း အလှူဒါန ပြုတဲ့အခါ ခယဝယတင်ပြီး အလှူခံပုဂ္ဂိုလ်ရဲ့ဂုဏ်တွေ မြင့် မြတ်ရင် မြင့်မြတ်သလောက် အကျိုးကြီးကြောင်း ဟောပြော ချက်သာရှိပါတယ်။ ဒီတော့ အလှူခံပုဂ္ဂိုလ်၏ဂုဏ်ကိုသာ အာရုံပြုပြီး စိစစ်ရွေးချယ်ဖို့ရှိပါတယ်။ အလှူခံပုဂ္ဂိုလ်လည်း ရုပ်,နာမ်တရားမျှ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောမျှဟု တကယ် ထင်မြင်ပါလျှင် ဂုဏ်ရှိအလှူခံပုဂ္ဂိုလ်နှင့် ဂုဏ်မဲ့အလှူခံပုဂ္ဂိုလ် တန်းတူဖြစ်ပါလိမ့်မယ်။ အဲဒီတော့ ကြည်ညိုဖွယ်မရှိတဲ့ အတွက် ဒါနကုသိုလ်လည်း ထက်သန်ဖွယ်မရှိ၊ အကျိုးပေး လည်း ထက်သန်ဖွယ်မရှိဖြစ်ပါလိမ့်မယ်'
    'ဒီနေရာမှာ ခယဝယတင်ပြီး (အပျက်ကိုဆင်ခြင်ပြီး) လှူရင် ဝိပဿနာဖြစ်လို့ မဂ်ဖိုလ်နဲ့ပိုပြီးနီးစပ်တယ်မဟုတ် လားလို့ စောဒကတက်ဖွယ်ရှိပါတယ်။ ဝိပဿနာအစစ်ဖြစ် ရင် မဂ်ဖိုလ်နဲ့ ပိုပြီးနီးစပ်တာမှန်ပါတယ်။ အဲဒီလိုဆိုရင် ပစ္စည်း အကုန်ခံပြီး ပေးလှူနေဖို့ မလိုပါဘူး။ မလှူဘဲနဲ့ ဝိပဿနာ ချည်းသက်သက် လှူနေရင် အဲဒီ ခယဝယတင်တဲ့ ဝိပဿနာ အတုထက် ပိုပြီးမဂ်ဖိုလ်နဲ့ နီးစပ်ပါတယ်။ အမှန်ကတော့ ပေးလှူတယ်ဆိုတာ ဝိပဿနာရှုဖို့ ရည်ရွယ်ရင်းမဟုတ်ပါ ဘူး။ ဒါနကုသိုလ်၏အကျိုးကို ရည်ရွယ်ပြီး ပေးလှူတာဖြစ်ပါ တယ်'
    'ဒါကြောင့် မြတ်စွာဘုရားက အလှူဒါနပြုရာမှာ အကျိုး ကြီးမြတ်စေနိုင်တဲ့ အလှူခံပုဂ္ဂိုလ်တွေကိုလည်း သံဃေ ဒိန္နံ မဟပ္ဖလံ - သံဃာအားလှူလျှင် အကျိုးကြီးသည် စသည်ဖြင့် ညွှန်ကြားထားပါတယ်။ နှလုံးသွင်းပုံမှာလည်း သဒ္ဓါယ ဒါနံ ဒေတိ - ကံ,ကံ၏အကျိုးကို ယုံကြည်၍ ပေးလှူသည် စသည် ဖြင့် ညွှန်ကြားထားပါတယ်။ ရုပ်,နာမ်  အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟုရှုပြီးလှူရန် ဟောကြားထားတာတော့ မရှိပါဘူး။
    ဝိသာခါဝတ္ထုမှာ အထူးသတိပြုစရာကတော့ အလှူခံ ရဟန်းတော်တို့ကို ခယဝယတင်ပြီးမလှူဘူး။ ဂုဏ်ထူးဝိသေ သရှိတဲ့ သောတာပန်၊ သကဒါဂါမ်၊ ရဟန္တာပုဂ္ဂိုလ်အနေနဲ့သာ နှလုံးသွင်းအာရုံပြုပါတယ်။ အဲဒီလို နှလုံးသွင်းဖို့ ပါမောဇ္ဇ ပီတိ စသည်ဖြစ်ပြီး ဣန္ဒြေ၊ ဗိုလ်၊ ဗောဇ္ဈင် တိုးပွားစေခြင်းဖြစ် တယ်ဆိုတာကို အထူးသတိပြုသင့်ပါတယ်။
    ဒါကြောင့် ဒါနအရာမှာ ဘုရားကို လှူဒါန်းပူဇော်လျှင် မြတ်စွာဘုရား၏ အရဟံအစရှိသော ဂုဏ်တော်တွေကို တတ်သိသမျှ နှလုံးသွင်းတာဟာ အကောင်းဆုံးပါပဲ။ သံဃာ တော်ကိုလှူဒါန်းလျှင် သံဃာတော်၏ သုပ္ပဋိပန္န အစရှိသော ဂုဏ်တော်တွေကို နှလုံးသွင်းပြီး အဲဒီပုဂ္ဂိုလ်၏ သီလ အစရှိ သောဂုဏ်ကို အာရုံပြုပြီး လှူတာဟာ အကောင်းဆုံးပဲဆိုတာ မှတ်ထားကြရမယ်'
(မဟာစည်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရား တော်မှ)
    ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးဟာ 'သာရသုတ္တန်'တရားကို ဟောစဉ်အခါမှာလည်း ဒါနနဲ့ ဝိပဿနာ မရောထွေးအောင် သတိပေးတော်မူခဲ့ပြန်ပါတယ်။
    'တချို့က ဝိပဿနာအတုအပရှုပြီး လှူလျှင် ပိုကောင်း  တယ်လို့ ထင်မှတ်ပြီးတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရုပ်နာမ် ခန္ဓာမျှဖြစ်သော အကျွန်ုပ်တို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရုပ်နာမ် မျှဖြစ်သော အလှူခံပုဂ္ဂိုလ်တို့အား အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရုပ်တရားမျှဖြစ်သော လှူဖွယ်တို့ကို လှူပါကုန်၏ဆိုတဲ့ ဝေါဟာရမျိုးဖြင့် ရေစက်ချလှူတာကို ကြားရဖူးတယ်။ အဲဒါ ဟာ ဘဂဝါမြတ်စွာဘုရားသည် ဒက္ခိဏာဝိသုဒ္ဓ ဒီပနတ္တံ - အလှူ၏စင်ကြယ်ခြင်းအကျိုးကြီးခြင်းကို ပြခြင်းအကျိုးငှာ၊ ပုဂ္ဂလကထံ - ပုဂ္ဂိုလ်အနေဖြင့် ပြောဆိုသောစကားကို၊ ဂထေတိ - ဟောတော်မူတယ်ဆိုတဲ့ အဋ္ဌကထာစကားနဲ့ မညီဘူး။ သေသေချာချာ စဉ်းစားကြည့်ရင်လည်း သဘာဝ မကျဘူး။ ဘယ်လိုလဲဆိုရင် ပေးလှူ၏အကျိုးကို အလိုရှိလို့ပဲ မဟုတ်လား။ ဝိပဿနာရှုဖို့ လှူတာတော့ မဟုတ်ပေဘူး'
    'ဒီနေရာမှာ တချို့က ဒီလိုချေပကြတယ်။ ဒါနထက် ဝိပဿနာက သာပြီးမြတ်တဲ့အတွက် အကျိုးကြီးပါတယ်လို့ ချေပကြပါတယ်။ အဲဒီလိုဆိုရင် မလှူဘဲနဲ့ သက်သက် ဝိပဿနာရှုနေရင်ကော အကျိုးမကြီးပေဘူးလား။ ပေးလှူဖို့ ကြောင့်ကြစိုက်နေရတဲ့အတွက် ဝိပဿနာရှုဖို့ အချိန်တွေ လျော့သွားတယ်လို့ မဆိုသင့်ပေဘူးလားလို့ ဒီလိုပဲ စဉ်းစား ကြည့်သင့်ပါတယ်။ အမှန်ကတော့ ဒါနပြုတာဟာ ဝိပဿ နာရှုဖို့ မဟုတ်ပါဘူး။ ဒါန၏အကျိုးကို အလိုရှိတဲ့အတွက် အဲဒီဒါနကုသိုလ်ထက်သန်အောင် နှလုံးသွင်းဆင်ခြင်ဖို့သာ လိုပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက အလှူဒါန၏ စင်ကြယ်ပုံ အကျိုးကြီးပုံ ပြတဲ့အခါ ပုဂ္ဂိုလ်အနေနဲ့သာ ဟော တော်မူခဲ့တယ်။ (သာရသုတ္တန်)
မေတ္တာပို့ရာမှာ လောကီပညတ်ကို မပယ်ရ
    ဒါန၊ သီလ အခြေခံကစပြီး ဘာဝနာခန်းသို့ရောက်တဲ့ အခါ ဝိပဿနာအားထုတ်ရမြဲ ဖြစ်ပါတယ်။ သို့သော် ဝိပဿနာÓဏ်စဉ် ရင့်သန်ခြင်းမရှိဘဲ ကြားဖူးရုံမျှဖြင့် လောကီပညတ်တွေပယ်ပြီး လောကုတ္တရာပရမတ် သဘော တွေချည်း ပြောဆိုနေလေ့ရှိတာကို မဟာစည်ဆရာတော် ဘုရားကြီးက လက်မခံပါဘူး။ မေတ္တာပို့တဲ့ ဥပမာနဲ့ မဟာစည် ဆရာတော်ဘုရားကြီးက ရှင်းပြပါတယ်။
    'ခန္ဓာတွေက ခန္ဓာတွေကို ချမ်းသာကြပါစေလို့ မေတ္တာ ပို့ကြတယ်။ ဆင်းရဲမှ လွတ်ကြပါစေလို့ ကရုဏာပွားကြတယ် စသည်ဖြင့်ပြောလျှင် နားမလည်နိုင်ဘူး။ ရဟန်းပုဂ္ဂိုလ်၊ ဥပါ သကာ၊ ဥပါသိကာမက သတ္တဝါတွေ ချမ်းသာကြပါစေလို့ မေတ္တာပို့တယ်။ ဆင်းရဲမှ လွတ်ကြပါစေလို့ ကရုဏာပွား တယ် စသည်ဖြင့်ပြောမှ နားလည်နိုင်တယ်။ ဒါကြောင့် မြတ်စွာဘုရားက ဗြဟ္မာ့ဝိဟာရခေါ်တဲ့ တရားပွားပုံကို ပြလိုတဲ့အခါမှာ ဗြဟ္မာစိုရ်တရားပွားတဲ့ ကတ္တားပုဂ္ဂိုလ်ကိုရော ပုဂ္ဂိုလ်အနေနဲ့သာ ဟောတော်မူပါတယ်။ ဒီနေရာမှာ ဒေသ နာနည်းကို မသိနားမလည်တဲ့ သူအချို့က ပရမတ်နဲ့က ပိုကောင်းတယ်ထင်ပြီးတော့ ရုပ်နာမ်ခန္ဓာတွေ ချမ်းသာကြပါ စေလို့ ဒီလို မေတ္တာပို့နေတာလည်း ကြားရဖူးတယ်။
    အဲဒီလိုတော့ မေတ္တာမပို့ရဘူး။ ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ သာ ပို့ရပါတယ်။
    ဒါကြောင့် သဗ္ဗေသတ္တာ စသည်ဖြင့် သာမညအနေနဲ့ ရော သဗ္ဗဣတ္ထိယော စသည်ဖြင့် ဝိသေသအနေနဲ့ရော မေတ္တာပို့ပုံကို ပညတ်ဖြင့်သာ ဟောထားပါတယ်။ နောက်ပြီး တော့ မေတ္တာအစရှိသော ဒီဗြဟ္မာစိုရ်ကမ္မဋ္ဌာန်းက သတ္တဝါ  ပညတ်ကိုသာ အာရုံပြုပါတယ်။ ရုပ်နာမ်ခန္ဓာ ပရမတ်ကို အာရုံပြုရိုး မရှိပါဘူး။ ရုပ်နာမ်ခန္ဓာ ပရမတ်သဘောတရားမျှ အနေနဲ့ ထင်နေလျှင် မြေကြီး၊ ကျောက်ခဲများကိုပဲ ထင်နေ မှာပေါ့။ မြေကြီး၊ ကျောက်ခဲတွေနဲ့စပ်ပြီး ချမ်းသာပါစေလို့ မေတ္တာပွားသင့်ပါမည်လား။ ကရုဏာဖြင့် သနားသင့်ပါမည် လား။ မုဒိတာဖြင့် ဝမ်းမြောက်သင့်ပါမည်လား။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ မပွားသင့်ကြောင်း ထင်ရှားပါတယ်။ ဘာ ကြောင့်လဲ၊ အသက်ဝိညာဉ်မရှိတဲ့ ဓာတ်သဘောမျှဖြစ်နေလို့ ပါပဲ။ အဲဒီ မြေကြီး၊ ကျောက်ခဲတွေမှာလိုပင် ပရမတ်သဘော တရားတွေမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာပွားဖို့ အခွင့်မရှိ ကြောင်း ထင်ရှားပါတယ်။ ဒါကြောင့် မေတ္တာအစရှိတဲ့ ဗြဟ္မာ စိုရ်တရားကိုပွားရင် ပုဂ္ဂိုလ်သတ္တဝါအနေနဲ့သာ ပွားသင့်တယ် ဆိုတာ တစ်ထစ်ချမှတ်ထားကြရမယ်။ (မဟာစည်ဆရာ တော်-ဗြဟ္မာ့ဝိဟာရတရားတော်)
    တရားမှာ သူ့နေရာ သူ့အဆင့်နဲ့သူ ရှိပါတယ်။ ဝိပဿ နာ ဘယ်လောက်ပဲအားထုတ်ပါစေ လောကီပညတ် မပယ် အပ်တာတွေ အများကြီးရှိပါတယ်။ ကျေးဇူးတော်ရှင် မဟာ စည်ဆရာတော်ဘုရားကြီးက ယောဂီတွေကို ကိုယ့်အဆင့် ကိုယ့်နေရာကို အမှန်အတိုင်းသိမြင်အောင် တည့်မတ်ညွှန်ပြ ပေးခြင်း ဖြစ်ပါတယ်။

မောင်သွေးချွန်
ညွှန်း - ၁၉၉၅ ဒီဇင်ဘာထုတ် သာမဏေကျော်၏ မဟာစည် ဆရာတော်ဘုရားကြီး၏ ထူးခြားသောအတွေးအမြင်များ

ကုသိုလ်တွေ ပြုနေပါလျက်က ဘာကြောင့် အကျိုးပေး ညံ့နေပါသလဲ

 

ကုသိုလ်တွေ ပြုနေပါလျက်က ဘာကြောင့် အကျိုးပေး ညံ့နေပါသလဲ

    ငါလှူနေတာပဲ၊ ကောင်းတာတွေ လုပ်နေတာပဲ ဘာဖြစ်လို့ အဆိုးတွေက မလွတ်သေးပါလိမ့်၊ ဘာ ကြောင့် အကျိုးပေးညံ့နေပါလိမ့် ဆိုတဲ့ အတွေးမျိုး အမေးမျိုး ခေတ်လူသားအတော်များများမှာ ပေါ် ပေါက်နေပါတယ်။ တချို့ပုဂ္ဂိုလ်များ ယေဘုယျကျလှ စွာ အဖြေပေးပုံမှာ ''ရှေးကပြုဖူးတဲ့ အကုသိုလ် ကံဆိုးတွေ မကုန်သေးလို့''ပါတဲ့။ ပစ္စုပ္ပန်မှာရော ကိုယ်ပြုတဲ့ ကုသိုလ်ကံ စင်ကြယ်ရဲ့လား၊ အကျိုးရှိ ရဲ့လား၊ အပြစ်မဲ့ရဲ့လားဆိုတာ ပြန်သုံးသပ်ကြည့်လေ့ မရှိကြပါ။
    ဥပမာ - အလှူပေးမယ့်ငွေတွေ ရှာဖွေစဉ်က ကောင်းရောင်းကောင်းဝယ် စင်စင်ကြယ်စင်နဲ့ ရခဲ့ တဲ့ ချွေးနှီးစာ အစစ်ဟုတ်ရဲ့လား၊ သူတစ်ပါး မျက် ရည်ပေါက်ကြီးငယ်ကျပြီးမှ ရလာတဲ့ ပိုက်ဆံတွေ လား။ သူတစ်ပါးဆီက ကျေကျေနပ်နပ် ရတာ ဟုတ် ရဲ့လား။ ဓားပြတိုက်ပြီး အလှူပေးရင် စင်ကြယ်ရဲ့ လားဆိုတဲ့ ဆန်းစစ်ပုံမျိုးနဲ့ သုံးသပ်ကြည့်ပါလေ။ ဒါက လှူဖို့ ငွေရှာတဲ့အကြောင်းတစ်ခုမျှသာ ရှိပါ သေးတယ်။
    အလှူဒါန စတဲ့ ကုသိုလ်ပြုနေချိန်မှာ ဖြစ်ပေါ်နေ တတ်တဲ့ သင့်စိတ်စေတနာကိုလည်း ပြန်ဆန်းစစ် ကြည့်ပါလေလို့ ဆရာတော်ဘုရားကြီးက သတိပေး လေ့ရှိပါတယ်။
    အလှူဒါန စတဲ့ ကုသိုလ်ပြုနေချိန်မှာ ဖြစ်ပေါ်နေ တတ်တဲ့ သင့်စိတ်စေတနာကိုလည်း ပြန်ဆန်းစစ် ကြည့်ပါလေလို့ ဆရာတော်ဘုရားကြီးက သတိပေး လေ့ရှိပါတယ်။
    ''သင်သည် အလှူကြီးတစ်ခုကို ခမ်းနားကြီး ကျယ်စွာ စွန့်လွှတ်နေပါ၏။
    သို့တစေလည်း ထိုအလှူ၌ သာယာတပ်မက်စိတ် ကင်းရှင်းပါ၏လော။ မိမိ ပြင်ဆင်မွမ်းမံထားသော မဏ္ဍပ်ကြီးနှင့်တကွ လှူရန် အသုံးအဆောင်များ၌ လည်းကောင်း၊ မိမိအလှူသို့ကြွရောက်တော်မူလာသော သံဃာပရိသတ်ကြီးအပေါ်၌လည်းကောင်း၊ သတိလက်လွတ် ငှက်တောင်ကျွတ်သည့်ပမာ တစိမ့်စိမ့်ကြည့်ကာ ခေါင်းတညိတ်ညိတ်သာ ရှိနေချိမ့်မည် ထင်၏။''
    ငါလှူသော အလှူကြီးပဲဟူ၍ သာယာတပ်မက် စွဲက လက်ခံသိမ်းပိုက်လိုက်သည်နှင့် သူများနှင့်မတူ ရှက်စရာကြီး၊ သူများထက် သာကိုသာမှဟူသော 'ရှက်စရာကြီးအလှူ၊ သာမှအလှူ' မျိုးထဲသို့ စာရင်း ဝင်နေချိမ့်မည် ထင်၏။
    လောက်မှ လောက်ပါ့မလား။ နည်းများ နည်းနေ မလား။ များ,များ များသွားနေလေလားနဲ့ တွေဝေ စိတ်နှင့်တကွ နှလုံးမသာယာစိတ်များကလည်း လွှမ်း မိုးလျက်နေချိမ့်မည် ထင်၏။ သတိမကပ်သောစိတ် သည် တစ်ခုမှတစ်ခုသို့ ကူးတတ်သည့်အားလျော်စွာ ကြားရာမှသည် တွေးမိတွေးရာသို့အထိ ပျံ့နှံ့ကာ ကျီးကန်းတောင်းမှောက် ရွာလျှောက်ပတ်ပြေး၊ ရွာ ဆော်ကြီးခွေးကဲ့သို့ ဂနာမငြိမ်ဘဲလည်း နေချိမ့်မည် ထင်၏။
    ထိုပူစိတ်တို့ဖြင့် အကြောင်းခံထားသော ကောင်း မှုသည် 'အေးကျိုး'ကို မရစေနိုင်ပြီ။ ယနေ့ သင်ပြု ကျင့်နေသော အလှူတို့ကို စစ်ဆေးကြည့်သော် သာ ယာစိတ်၊ အလိုမကျစိတ်တွေ စိတ်သုံးမျိုးတို့မှ လွတ် မလွတ် သိနိုင်၏။ ထိုသို့ သိနိုင်ရန်ကိုလည်း ဆန်းစစ် ကြည့်ပါဦး။
    မလွတ်ကင်းချေသော် ဘဝသမ္ပတ္တိ၊ ဘောဂ သမ္ပတ္တိတို့ အကျိုးပေးများအဖြစ် ဖြစ်ထွန်းပေါ်ပေါက် လာသဖြင့် ထိုအကျိုးတို့ကို သိမ်းပိုက်ခံရလေသော အခါ အားရတင်းတိမ်ခြင်း၊ အလိုပြည့်ဝခြင်း ရှိစေ လိမ့်မည် မထင်။ စိုးရိမ်ခြင်း၊ စိတ်မချရခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်းများလည်း ကင်းစင်လိမ့် မည် မထင်။ ဤကားအမှား ဤကားအမှန် ဟူ၍ ဝေဖန်သုံးသပ် ဆုံးဖြတ်ပေးတတ်သော အသိဉာဏ်မျိုးလည်း ပါရှိတော့လိမ့်မည် မထင်။
    ထိုအခါ လူမှာ ပစ္စည်းပေါလျက်က စိတ်မောရသောကြောင့် 'သူဌေးလူဆင်းရဲ'ဘဝသို့ ရောက် တတ်လျက် ရေချိုးရင်း မတ်တတ်က ကိုယ်ပူနေတတ်၏။ ယပ်လေ(ပန်ကာ)အောက်မှာ နေလျက်က ချွေးပြန်နေတတ်၏။
(၁၉၉၆ မတ်လထုတ်၊ အနုပုဗ္ဗိက ကထာ၊ စာ-၆၄၊ ၆၅)
    ကုသိုလ်ပြုခဲ့စဉ်က စိတ်ထားမမှန် (ဝါ) စေတနာ မှန် မသက်ရောက်ခဲ့လို့ အကျိုးပေးညံ့ရပုံကို ခုလို ဆက်ရှင်းပြထားပါတယ်။
    ''ကုသိုလ်အကျိုးပေးသည် အကုသိုလ်အကျိုး ပေးကို ပယ်ဖျက်နိုင်သော စွမ်းပကား ရှိသည်ဆိုပါ သော်လည်း စေတနာသည် အကုသိုလ်ဘက်လောက် ပြုချက်မပိုင်သော် ပတ္တမြားကျောက် မြေကျင်းထဲဝယ် ငုပ်ကွယ်၍ ပျောက်လေဘိသို့ ကုသိုလ်သည် ငုပ် ကောင်အဖြစ်သာ ရှိ၏။ ပြောက်ကျားမျှသာ အကျိုး ပေးခွင့်ရ၏။ နုံနှေးစွာသာ အကျိုးပေးခွင့် ရ၏။ အဘယ်ကြောင့်ဆိုသော် ကုသိုလ်သည် အကုသိုလ် လောက် အရေအတွက်လည်း အများ၊ စေတနာ ထားရာ၌လည်း နှစ်နှစ်ကာကာ ရက်ရောစွာလည်း (အကုသိုလ်ပြုတုန်းကလောက်) မရှိ။ အာရုံမှန်သို့ လည်း တည့်တည့်မကျရောက်ခြင်းကြောင့်တည်း။
    အကုသိုလ်ပြုရာ၌ စေတနာသည် သူတစ်ပါး လက်တို့စရာ၊ မျက်စပစ်ပြစရာပင် မလိုပြီ။ အလွန် လျှင် ထက်သန်၏။ ရက်ရော၏။ နှစ်နှစ်ကာကာကြီး ရှိ၏။ ဟန့်တားရန် လူကြီးတို့က ကြားဝင်သော်မှ ထိုကြားလွတ်ရာမှပင် တအားကျုံး၍ ရုန်းထွက်ကာ ပြုကျင့်၏။ ထားလေသွားလေ၊ ချိုးလေဆိုးလေအထိ လွန်တက် မွှန်တက်နေတတ်၏။ စိတ်သည်ကား မိမိ မကောင်းမှု ပြုကျင့်တော့မည့် သက်ရှိသက်မဲ့ထံသို့ တန်းမတ်စွာ ထိုးကျနေတတ်၏။ ရမက်ကြီးလျှင် ကြီး သလောက် ထိုစိတ် ထိုအာရုံမှ ခွာမသွားတော့ပြီ။
    အမျက်ကြီးလျှင်လည်း ကြီးသလောက်ပင် အချိန် ပြည့် ထိုစိတ် ထိုအာရုံမှ ဖဲ့မသွားတော့ပြီ။
    ကုသိုလ်တွေ ပြုနေပါလျက် ဘာကြောင့် အကျိုး ပေးညံ့နေပါသလဲ။
    ဤအမေးကို သင်ပေးသော် သင်လုပ်ခဲ့သော ကုသိုလ်ပြုစဉ်က စိတ်ထားလေးကို ပြေးမြင်လျှင် ကိုယ့်အမေးကိုယ်ပင် ရှက်စရာဖြစ်နေချိမ့်မည် မဟုတ် လော။ ထိုအမေးမျိုး ပညာရှိရှေ့ သွားမေးမိချေသော် သင့်အား သနားကရုဏာမြောက်မြားစွာဖြင့် ငုံ့ကြည့် ကာ သြော်... ဤသူသည်ကား ကုသိုလ်မပြုတတ် ရှာသူလေးပဲကိုးဟူ၍ စိတ်တွင်းမှ မှတ်ချက်ချတော့ မည်မှာ ဧကန်ပင်တည်း။        (၎င်း၊ စာ-၆၇)
    ဒါဟာ အခြေခံရှင်းလင်းချက်မျှသာ ရှိပါသေး တယ်။ ဒေါသစေတနာ၊ မောဟစေတနာ၊ လောဘ စေတနာ... စေတနာတစ်ခုချင်းအလျောက် ရောက်ရှိ အကျိုးပေးဝဋ်ကြွေးဆပ်ရတဲ့ ဘုံဘဝတွေကို ဆရာတော်ဘုရားကြီးက ဆက်ပြထားပါသေးတယ်။ အသေးစိတ်ကို ထုတ်နုတ်မပြသာပြီ။ အထက်ပါ အခြေခံဖြင့်ပင် ကုသိုလ်တွေ ပြုနေပါလျက် ဘာ ကြောင့် အကျိုးပေးညံ့နေပါသလဲဆိုတဲ့ အဖြေကို ချိန်ကိုက်နိုင်လောက်ပြီလို့ ယူဆပါတယ်။

မောင်သွေးချွန်
ဘာကြောင့်-စာအုပ်မှ ထုတ်နှုတ်ပူဇော်ပါသည်။

Wednesday, November 20, 2019

မဟာဗောဓိမြိုင်ဆရာတော်ကြီး ဆယ့်တစ်မီးငြိမ်းရန် ရည်သန်အဓိဋ္ဌာန်၍ ပြုပြင်တည်ထားခဲ့သော ရွှေကျောင်းကုန်းတောင်က လောကမုနိဘုရား

 

 မဟာဗောဓိမြိုင်ဆရာတော်ကြီး
ဆယ့်တစ်မီးငြိမ်းရန် ရည်သန်အဓိဋ္ဌာန်၍ ပြုပြင်တည်ထားခဲ့သော
ရွှေကျောင်းကုန်းတောင်က လောကမုနိဘုရား


    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ တောထွက်ခရီးအစပထမဟာ ရွှေကျောင်းကုန်းတောင်တော်ဖြစ်ပြီး အဲဒီ အဦးဆုံးသော တောထွက်နေ့ရက်များဟာ ခက်ခဲကြမ်းတမ်းလွန်းခဲ့ကြောင်းလည်း ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီစာစုမှာတော့ မဟာဗောဓိမြိုင်ဆရာတော်ကြီး ဆယ့်တစ်မီးငြိမ်းရန် ရည်သန်အဓိဋ္ဌာန်၍ ပြုပြင်တည်ထားခဲ့သော ရွှေကျောင်းကုန်းတောင်က လောကမုနိဘုရားအကြောင်းကို တင်ပြချင်ပါတယ်။
    ရွှေကျောင်းကုန်းတောင်နဲ့ပတ်သက်ပြီး ဆရာတော်ကြီးက ...၊
    'ထိုတောင်ကား ရွှေကျောင်းကုန်းတောင်ခေါ်တွင်၏။ ထိုတောင်၌ ပျူခေတ်က ပျူမင်းတို့ ကိုးကွယ်သော ရွှေကျောင်းကုန်းတောင်ဆရာတော်  ဦးဝိမလ တက်ရောက်၍ တရားကျင့်ရာဌာနဖြစ်သဖြင့် ရွှေကျောင်းကုန်းတောင် အမည်တွင်သည်ဟု ဆိုရ၏။
    ထိုပျူခေတ်၏ ဆရာတော်ဦးဝိမလလက်ထက် သာသနာတော်၏ အထိမ်းအမှတ်အဖြစ် ခြောက်တောင်မျှသော စေတီတစ်ဆူကို တောင်ထိပ်ဝယ်တည်ထားခဲ့၏။
    တစ်ဖန် ပျူခေတ်အကျ၊ ရှမ်းအထတွင် ရက္ကန်းစင်တောင်ဆရာတော်သည် ရှမ်းမင်းသမီး မိဖုရားစောဥမ္မာ၏ အထောက်အပံ့တို့ဖြင့် တက်ရောက်၍ တရားအားထုတ်ခဲ့ဖူးသည်ဆို၏။ ၄င်းခေတ်တွင်ကား ရှစ်တောင်မျှအထိ စေတီတော်မြင့် လာ၏။
    တစ်ဖန် ပုဂံခေတ်အားကောင်းလာသောအခါတွင်မူကား ရှင်မထီးဆရာတော်သည် သေလဉ်ကြောင်မင်း၏ အထောက်အပံ့ဖြင့်တက်ရောက်၍ ဖိုထိုးခဲ့ဖူးသည်ဆို၏။ ယခုတိုင် ဥစ္စာစောင့်တောင်ဟူ၍လည်းကောင်း၊ တောင်ပြောင်ကြီးဟူ၍လည်းကောင်း အမည်တွင်သော နေရာတွင် ပုဂံမင်းဆက်လည်းဖြစ်၊ ၎င်း၏ ဒကာရင်း၊ ဒကာမရင်းလည်းဖြစ်ခဲ့ဖူးသူများဆိုပါက အင်္ဂတေများကို လက်ဖြင့်လုံးဆုပ်ထားသောအရာတွေ့က  ကောက်ယူခွဲကြည့် ရွှေတစ်ကျပ်သား ရသေးသည်ဟုဆို၏။ ထိုဆရာတော်၏ ပုဂံခေတ်စေတီတောသည် ကိုးတောင်မျှ မြင့်လျက်ရှိချေပြီ။ သေလဉ်ကြောင်ဘုရင်၏ ဝန်ကြီးတစ်ဦးဦးစီး၍ တည်ထားကိုး ကွယ်ခဲ့သည်ဆို၏' (ဥလ္လမ္ပတုဘိက္ခုဘာဝကထာ၊ စာ-၆၆၊၆၇)လို့ ရေးသားတော်မူခဲ့ပါတယ်။
    အဲဒီရွှေကျောင်းကုန်းတောင်မှာ ဆရာတော်ကြီး သီတင်းသုံးပြီ မကြာခင်မှာပဲ ဖိုးသူကြီး ဦးအောင်မြင့်က ရွှေကျောင်းကုန်းတောင်ထိပ် ယခင်စေတီဟောင်း နေရာမှာ ၆ တောင်ခန့်ရှိတဲ့ စေတီငယ်တစ်ဆူတည်ထားလိုကြောင်း ပူဆာလျှောက်ထားပါတော့တယ်။
    'ဤတောင်၌ သူ၏မယား ဥစ္စာစောင့်အဖြစ်ရှိနေကြာင်း အတပ်သိသည် ဆို၏။ တောင်ပေါ်မှ ဥယျာဉ်သို့ ဆင်းလာတိုင်း အမွှေးနံ့များ အထင်အရှား မွှေးသည်၊ တစ်ခါမက အခါခါကြံရသည်ဆို၏။ သို့ကြောင့် မယားအလွမ်းပြေ လွမ်းစေတီတည်လိုခြင်းပင်'(သံဝေဂလမ်း၊ စာ-၉၂)လို့ ဆရာတော်ကြီးက ရေးသားခဲ့ပါတယ်။
    အဲဒီနောက်မှာတော့ ဆရာတော်ကြီး 'ငါတို့ကား ရဟန်းဖြစ်သဖြင့် ဘုရားတည်ရန်ကိစ္စ၊ ငွေကြေးကိစ္စ ငါတို့နှင့်မဆိုင်ပြီ။ တည်မှုကိစ္စ၊ တည်ပုံအခြင်း အရာမျှကိုသာ တတ်နိုင်ပါ၏' ဆိုတဲ့မိန့်ကြားချက်နဲ့ပဲ စေတီတည်ဖို့ကိစ္စဖြစ်လာတယ်လို့ ဆိုပါတယ်။
    အဲဒီမှာပဲ အဲဒီတောင်၊ အဲဒီစေတီရဲ့ ရာဇဝင်တွေဟာ အိပ်မက်ပေးလို့ တသီ တသန်းကြီးပေါ်လာတယ်လို့ဆိုပါတယ်။
    ဇာတ်ပေါင်းလိုက်တော့ ...
    ပျူခေတ်က ပျူမင်းတို့ ကိုးကွယ်သော ရွှေကျောင်းကုန်းတောင်ဆရာတော်  ဦးဝိမလဟာ ယခုဘဝမှာ မဟာဗောဓိမြိုင်ဆရာတော်ကြီး ဒုတိယအကြိမ်ရဟန်း ခံစဉ် ဥပဇ္ဈာဉ်ဆရာတော်အဖြစ် တာဝန်ခံခဲ့တဲ့ ရန်ကုန်၊ သာသနာ့ဗိမာန်က ဆရာတော်ဦးဝိမလ(ဘသန့်ရှင်း)လို့ဆိုပါတယ်။ အဲဒီခေတ်အဲဒီအခါကလည်းပဲ သူတို့နှစ်ဦးဟာ ဆရာတပည့်တော်ခဲ့ကြတယ်လို့ သိရပါတယ်။
    နောက် သေလဉ်ကြောင်မင်းလက်ထက်၊ ရှင်မထီးဆရာတော်ကြီးနဲ့တွဲဖက် တာဝန်ယူကြီးကြပ်ပြီး ကိုးတောင်မျှအထိတည်ခဲ့တဲ့သူက ဖိုးသူကြီးဦးအောင်မြင့် ဆိုပါတယ်။ ယခုအသစ်ပြန်ဆောက်ရာမှာလည်း ထိုဖိုးသူကြီးပါမှ အထမြောက်မယ်လို့ ဆိုပါတယ်။
    တည်ထားမယ့် စေတီတော်ရဲ့ ပုံစံ၊ ဉာဏ်တော်တို့ကို ရက္ကန်းစင်တောင် ဆရာတော်က အိပ်မက်နဲ့ညွှန်ကြားတဲ့အတိုင်း တည်ဆောက်ရပြီး ဘွဲ့တော်ကို လည်းပဲ အိပ်မက်အရ 'လောကမုနိ'လို့ပဲ ဆက်ကပ်တော်မူခဲ့ပါတယ်။
    (မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ အိပ်မက်တွေအပေါ် သဘောထားနဲ့ အိပ်မက်အကောက်အယူများကို ရှေ့က စာစုတွေမှာ သီးသန့်ရေးသားထားပြီး ဖြစ်ပါတယ်။)
    ဆရာတော်ကြီးဟာ လောကမုနိဘုရားကို ဘုရားရှင်ရဲ့ ပါရမီတော်သုံးဆယ်ကို ကျေးဇူးဆပ်သောအားဖြင့် ရက်ပေါင်း ၃ဝ ဖြင့်ပင် အပြီးအစီးတည်မယ်လို့ အဓိဋ္ဌာန်ခဲ့ပြီး အဲဒီအတိုင်းပဲ တစ်လနဲ့ ပြီးစီးခဲ့ပါတယ်။
    ဆရာတော်ကြီးဟာ လောကမုနိဘုရားတည်ထားစဉ်မှာ ၁၁ ဂဏန်းကို အတော်လေး အလေးပေးအားပြု သုံးခဲ့တာကိုလည်း တွေ့ရပါတယ်။ စေတီတော်ရဲ့ ဉာဏ်တော်ဟာ ၁၁ တောင်၊ ၁၁ လက်မ ရှိခဲ့ပါတယ်။
    'ထိုဘုရားတည်စမှစ၍ ယနေ့တိုင် ဆွမ်းစားရာ၌ ဆယ့်တစ်လုပ်မျှသာ သုံး၏။ ငါသည်လည်း ဆယ့်တစ်မီးငြိမ်းစေသတည်း။ ငါ့ ဝေနေယျအားလုံး လည်း ဆယ့်တစ်မီးငြိမ်းစေသတည်း။ ဤစေတီ ဤတောင်တော်နှင့် ပတ်သက် စပ်ဆက်သမျှတို့လည်း ဆယ့်တစ်မီးငြိမ်းစေသတည်း။'(ဥလ္လမ္ပတုဘိက္ခုဘာဝ ကထာ၊ စာ-၇ဝ)
    'ထိုစေတီ၏ အုတ်မြစ်ချမင်္ဂလာ၊ ဌာပနာပိတ်ပွဲတို့ကား ၁၃၄၁ ခုနှစ် တ ပို့တွဲလဆန်း ၁၁ ရက်နေ့၏ ၁၁ နာရီ၊ ၁၁ မိနစ်အချိန်တွင် သံဃာက ၁၁ ပါး၊ မင်းအာဏာတည်စေသော ပါတီကောင်စီတို့မှ ၁၁ ယောက်၊ ဂေါစရဂါမ်ရှိ ဂေါပကအဖွဲ့ဝင် ၁၁ ဦး၊ စုစုပေါင်း ၃၃ ဦးတို့ဖြင့် ကျင်းပ၏။' (ဘဝကန္တရ သင်္ကေတကထာ၊ စာ-၂၇၉)   
    အုတ်မြစ်ချပွဲပြီးလို့ ဌာပနာတိုက်ပိတ်တဲ့အခါမှာ ပိတ်တဲ့ ကျောက်ဖျာကြီး ပြိုကျကွဲထွက်သွားလို့ တပို့တွဲလပြည့်နေ့မှသာ ပထမလုပ်ခဲ့စဉ်က ဦးရေအတိုင်း၊ အချိန်အတိုင်း ကျင်းပခဲ့ရာ အောင်မြင်ခဲ့ပါတယ်။ နေမွန်းတည့်ဆဲပိတ်ရင် ပြိုမယ့်အကြောင်းကိုလည်း တပို့တွဲလဆန်း ၁ဝ ရက်နေ့ညမှာ အိပ်မက်ပေးခဲ့ပြီး ဖြစ်တယ်လို့ ဆရာတော်ကြီး ဘဝကန္တရသင်္ကေတကထာစာအုပ်ကြီးမှာ ရေးသားတော်မူခဲ့ပါတယ်။
    ရွှေကျောင်းကုန်းတောင်တော်ပေါ်ရှိ လောကမုနိဘုရားကို တပေါင်းလပြည့်နေ့မှာ ထီးတော်တင်လှူခဲ့ပါတယ်။ ဆရာတော်ကြီးက 'အေး-ညိမ်း-လာ-အောင် ကျောင်းကုန်း တောင် ဘုန်းခေါင်တည်သည့်နှစ်'ရယ်လို့ နံတိုကောက် ခုနှစ်မှတ်တမ်းကို ရေးသားတော်မူခဲ့ပါတယ်။
    မဟာဗောဓိမြိုင်ဆရာတော်ကြီး မဟာမြိုင်တောကြီးအတွင်း သီတင်းသုံးစဉ်က (မဟာမြိုင်တောကြီးထဲကို ၁၃၆၅ တန်ခူးလဆန်းမှာ  ရောက်ရှိ သီတင်းသုံးတော်မူခဲ့)သဲဖြူဆရာတော်မှ လာရောက်ပြီး သြဝါဒ ခံယူခဲ့ဖူးပါတယ်။ အဲဒီအချိန်မှာ ဆရာတော်ကြီးက သဲဖြူဆရာတော်ကို သာသနာ့ကိစ္စများကို ပြုလုပ်ရာမှာ နေထွက်ဆဲ၊ နေမွန်းတည့်ဆဲ၊ နေဝင်ဆဲ(ဆဲသုံးဆဲ)အချိန်များကို ဖြစ်နိုင်လျှင် ရှောင်ရှားပြုလုပ်ရန် လာရောက်လျှောက်ထားခဲ့ဖူးကြောင်း၊ ယင်းအချိန်များက အစောင့်အရှောက်များ တာဝန်အချိန်းအပြောင်းလုပ်သည့် အချိန်များဖြစ်ကြောင်းကိုလည်း ဗဟုသုတအလို့ငှာ မိန့်ကြားတော်မူပါတယ်။
    ကိုယ်တွေ့အဖြစ်အပျက်အနေနဲ့ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄ နှစ်နီးပါးက ရွှေကျောင်းကုန်းတောင် လောကမုနိဘုရား ဌာပနပိတ်ပွဲနဲ့ သက်သေထူပါတယ်။
    '၁၂ နာရီဌာပနာလည်း ပိတ်မယ်လုပ်ရော ကျောက်ဖြာကြီးအကုန်လုံး ကွဲထွက်သွားတာ။ ကိုယ်ကတော့ စိတ်ကူးရှိရာလုပ်တာကိုးဘုရား။ ကိုယ်က သူတို့ လောက်မှ အားမရှိဘဲကိုး။ ထူးဆန်းတာ အရှင်ဘုရားရဲ့၊ ကျောက်ဖြာကြီး ဒီ လောက်ကွဲထွက်သွားတာ အထဲမှာရှိတဲ့ ဖန်ဘုရားတို့ဘာတို့ ဘာတစ်ခုမှ ဘာမှ မဖြစ်ဘူး။ ကွဲစရာပေါ့အရှင်ဘုရားရဲ့၊ ဒီကျောက်ဖျာကြီး ကွဲကျတာကိုး။ ဘာမှမဖြစ်ဘူး အရှင်ဘုရား' လို့ မဟာဗောဓိမြိုင်ဆရာတော်ကြီးက မိန့်ကြား တော်မူခဲ့ပါတယ်။
    အော် .. ပါရမီရှင်တို့ရဲ့ ခရီးလမ်းဟာ ထူးပြီးရင်ထူး၊ ဆန်းပြီးရင်းဆန်း နေတော့တာပါတကား လို့ တအံ့တသြနဲ့ ရေရွတ်မိရင်းကပဲ ဆရာတော်ကြီးရဲ့ ပါရမီတော်ထူးကို ဦးခိုက်ပူဇော် ကြည်ညိုမဝဖြစ်ရကြောင်းပါဗျာ။

စာပြီးရက်စွဲ/- ၁၈-၁၁-၂ဝ၁၉
၁။ ဥလ္လမ္ပတုဘိက္ခုဘာဝကထာ (၂ဝ၁၅)၊ စတုတ္ထအကြိမ်
၂။ ဘဝကန္တရသင်္ကေတကထာ(၂ဝ၁၂)
၃။ သံဝေဂ ပဋိသံယုတ္တကထာ (၂ဝဝ၄)




Tuesday, November 19, 2019

ဘုရားမှန်ရင်

 

ဘုရားမှန်ရင်

  •     ဗုဒ္ဓဘာသာဟာ ကိုးကွယ်မှုဆိုတဲ့ တခြားဘာသာတွေနဲ့ တူသလားလို့ဆိုတော့ တချို့က ပြောလေ့ရှိတယ်။ 'လောကမှာ ဘုရားဆိုတာ တစ်ဆူတည်းပဲ ရှိတယ်။ အကုန်အတူတူပါပဲ'လို့ ပြောတတ်ကြတယ်။ ကလေးတို့ စဉ်းစားရ မှာက ဘယ်ဘုရားကို ရည်ညွှန်းတာလဲလို့ မေးဖို့လိုတယ်။ ဘုရားလို့ နာမည်ခံတာတွေက အများကြီးရှိတယ်နော်။
  •     ဘုရားဆိုတာမျိုးဟာ ကရုဏာရှိရမယ်။ ပညာရှိရမယ်။ အေး 'ကရုဏာ' ဆိုတဲ့နေရာမှာ သာမန်ကရုဏာမဟုတ်ဘူး။ မဟာကရုဏာ။ ပညာကလည်း မဟာပညာ။ ပညာရှိတယ်။ ကရုဏာရှိတယ်။
  •     ပညာသာရှိပြီး ကရုဏာမရှိရင် ရက်စက်တတ်တယ်။ ကရုဏာသာရှိပြီး ပညာမရှိရင် လမ်းမှန်မပေးနိုင်ဘူး။ ကရုဏာရော၊ ပညာရော နှစ်ပါးစုံရမယ်။ ဘုရားမှန်ရင် ကရုဏာရော၊ ပညာရော နှစ်ပါးလုံးစုံမှ ဘုရားဖြစ်ပါတယ်။ တခြားအရည်အသွေးတွေလည်း ရှိသေးတယ်နော်။
  •     'ရက်စက်ပြီးတော့ ဒဏ်ခတ်တယ်'ဆိုတာ ဘုရားမဟုတ်ဘူး။
  •     မြတ်စွာဘုရားဟာ ဆင်းရဲဒုက္ခရောက်နေတဲ့ သတ္တဝါအားလုံးအပေါ်မှာ အကြင်နာထားတာ ကရုဏာပဲ။ ထိုဆင်းရဲဒုက္ခတွေက လွတ်မြောက်အောင် လမ်းမန်ကို ညွှန်နိုင်တာ ပညာ။ အေး ...ကရုဏာ၊ ပညာ နှစ်ခုပေါင်းစပ် လိုက်မှ တကယ့်ဘုရားအစစ်။
  •     လူ့လောကမှာ ခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ကရုဏာလည်း ရှိ ရမယ်။ ပညာလည်း ရှိရမယ်။ ပညာတော့ရှိတယ်၊ ကရုဏာမရှိဘူးဆိုရင် ကောက်ကျစ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ရက်စစ်တတ်တယ်။
  •     ကရုဏာတော့ရှိတယ်၊ ပညာမရှိဘူးဆိုရင် လမ်းမှန်ကို မသိဘူး။ တလွဲ တွေလုပ်တယ်။ အေး .. ဒါမျိုးမဖြစ်အောင် တို့ဗုဒ္ဓမြတ်စွာက ပညာလည်းရှိ တယ်။ ကရုဏာလည်းရှိယတ်။ မဟာကရုဏာနဲ့ မဟာပညာ ပြည့်စုံတဲ့ ပုဂ္ဂိုလ် ဖြစ်တဲ့အတွက်ကြောင့် အများအပေးမှာလည်း အကြင်နာတရားြ့ီးမားတယ်။ အကြင်နာတရားကြီးမားတဲ့အတိုင်း မှန်ကန်တဲ့လမ်းကိုလည်း ညွှန်ပြနိုင်တယ်။

၂ဝ၁၄ ခုနှစ်ထုတ် လူငယ်များသို့ သဝဏ်လွှာစာအုပ်မှ။
ပါမောက္ခချုပ်ဆရာတော်၏ ဘဝခရီးနှင့်ဓမ္မဆီမီး စာ-၅၁၆


Monday, November 18, 2019

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ အဦးဆုံးတောထွက်နေ့ရက်များ

 

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏
အဦးဆုံးတောထွက်နေ့ရက်များ


    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ၁၃၄၁ ခုနှစ် သီတင်း ကျွတ်လပြည့်ကျော် ၄ ရက်နေ့မှာ တောထွက်ခရီးကို စတင်ခဲ့ပါတယ်။  ဆရာတော်ကြီး ပထမဆုံး ရွေးချယ်ခဲ့တဲ့နေရာကတော့ သာစည်၊ ရွှေကျောင်းကုန်းတောင်ပါ။ အဲဒီအကြောင်းကို ..
    'ငါအနှစ်သက်ဆုံး တောင်တန်းမှာ သာစည်မှ လမ်းမျှော်ကြည့်သော် ဂငယ်ပုံစံ ရှေ့မှပြသပြီး အထက်၌ ချွန်မောက်နေသော နေရာဖြစ်၏။ မြို့၏ တနင်္ဂနွေထောင့်နှင့် ထိပ်တိုက်ဖြစ်၏' (ဥလ္လမ္ပတုဘိက္ခုဘာဝကထာ၊ စာ-၆၂) လို့ ဆိုပါတယ်။
    တောင်တော်ဆီဦးတည်လို့ အဝေးပြေးလမ်းမကြီးကတစ်ဆင့် အရှေ့အတိုင်း ခရီးဆက်ခဲ့ရာ ရွာမွန်သာရွာ၊ ထိုမှတစ်ဆင့် မြိုင်သာရွာ၊ အဲဒီကမှ  အဲဒီနားက ရွာများကိုအုပ်ချုပ်တဲ့ သူကြီးဦးအောင်မြင့်ရဲ့ သရက်ဥယျာဉ်၊ အဲဒီကမှ အင်တိုင်းသာ  ရွာဆီကိုရောက်ခဲ့ရပါတယ်။ ဆရာတော်ကြီးဟာ ဦးအောင်မြင့်ရဲ့ လျှောက်ထားချက်အတိုင်း အင်တိုင်းသာရွာဘုန်းကြီးဆီ သီတင်းသုံး နေထိုင်ခွင့်တောင်းပါတယ်။ အင်တိုင်းသာရွာမြောက်ဘက်မှာရှိတဲ့ ဘုရားတိုက်ခေါ် ရှေးပုဂံခေတ် ဘုရားဟောင်းစေတီအများအပြားတည်ထားရာ တောထဲမှာ သီတင်းသုံးဖို့ ဒေသခံ ဘုန်းတော်ကြီးတို့က အခွင့်ပေးခဲ့ပါတယ်။
    ဆရာတော်ကြီးသီတင်းသုံးတဲ့ အင်တိုင်းသာ ဘုရားတိုက်က အစောင့်ကြမ်းလှပြီး နေ့အခါမှာပင် လူသူမသွားရဲတဲ့နေရာလို့ ဆိုပါတယ်။ ခွေးနက်ကြီးတစ်ကောင်ထွက်လာပြီး ကိုက်တတ်တယ်လို့လည်းသိရပါတယ်။ ဆရာတော်ကြီးကတော့ 'သုံးရက်၊ သုံးညမျှကြာသော်မှ ထိုခွေးနက်ကြီးကား မကိုက်ခဲခဲ့ချေ'လို့  ဘဝကန္တာရသင်္ကေတကထာစာအုပ်မှ ရေးသားခဲ့ပါတယ်။
    မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ အင်တိုင်းသာဘုရားတိုက်မှာနေခဲ့စဉ်မှာလည်း အင်တိုင်းသာရွာမှ ဆွမ်းခံပြီး ရသောဆွမ်းကို တစ်ပါးစာမျှ ချန်လှန်ပြီး ရွာကျောင်းကိုဝင်ရောက်လှူဒါန်းတဲ့အလေ့ကို ပြုကျင့်ခဲ့ပါတယ်။ ဒါပေမယ့်  မကြာမတင်မှာပဲ အင်တိုင်းသာရွာဘုန်းကြီးက ဆရာတော်ကြီးကို ရွာမှာဆက်နေစေချင်တဲ့ဆန္ဒမရှိ ကြောင်းပြောရာ တစ်ပတ်မျှသာဆက်နေခွင့်ပေးပါရန် ခွင့်ပန်ခဲ့ရပါတယ်။ 
    'ရွာဘုန်းကြီးက တောရနေကိုယ်တော်လေးကိုနှင်ပြီ'ဆိုတဲ့ သတင်းက တစ်နယ်လုံးပျံ့သွားပြီးနောက် ပထမဆုံး သရက်တောဥယျာဉ်က ဦးအောင်မြင့်က လာရောက်ပင့်ဆောင်ပါတော့တယ်။ အဲဒီအကြောင်းကို ဆရာတော်ကြီးက အခုလိုရေးသားခဲ့ပါတယ်။
    'ဤဒေသမှာဆက်နေလိုက တာဝန်ယူပါမည်၊ အခြားဒေသသွားလိုကလည်း ရထား လက်မှတ်၊ကားလက်မှတ် တာဝန်ယူပါမည်၊ ဤနေရာမှ ရွှေ့သောနေ့  ၄င်း၏ ဥယျာဉ်သို့ကား ကြွဖြစ်အောင်ကြွပါရန် ကတိတောင်း၏။ ပေး၏' (ဘဝကန္တရသင်္ကေတကထာ၊ စာ-၂၇၆)
    အင်တိုင်းသာရွာရောက်ပြီး ၅ ရက်မြောက်ခန့်ညနေမှာလည်း  ဆရာတော်ကြီးဟာ ထူးခြားမှုတစ်ခုနဲ့ ကြုံခဲ့ရပါသေးတယ်။
    'နေမဝင်မီအချိန် ဘုရားများ၏ တောင်ဘက်ချောင်းဘေးတစ်လျှောက်အတိုင်း လှည်းတန်းကြီးမောင်းနှင်သွားသံများကြားနေရပြီ။
    ဦးပဥ္စင်း တပည့်တော်တို့သွားပြီဘုရား။ အမျိုးသမီးအသံတစ်သံ၊ ဤသို့ ထူးခြားစွာကြားလိုက်ရ၏' (သံဝေဂလမ်း၊ စာ-၈၃)
    ဆရာတော်ကြီးက မေတ္တာပေးပို့ရင်းကသာ ကျန်ရစ်ခဲ့ပြီး ဘယ်သူတွေ၊ ဘယ်က ဘယ်ကိုသွားသည်ဆိုတာ မသိလို့ ဆိုပါတယ်။   
    သီတင်းကျွတ်လကွယ်နေ့မှာတော့ အင်တိုင်းသာက ထွက်ခဲ့ပြီး ကတိအတိုင်း ဦးအောင်မြင့်ရဲ့ဥယျာဉ်ကို ထွက်ခဲ့ပါတော့တယ်။
    အဲဒီအရောက်မှာတော့ ဦးအောင်မြင့်က 'ကိုယ်တော် ပျော်ပိုက်သပဆိုရင် ခေါင်းရင်းက သရက်ပင်ကြီးနှစ်ပင်နှင့် မြေကွက်ကို လှူဒါန်းပါတယ်။ ပျော်ပိုက်သလောက် သီတင်းသုံးပါ။ သည်မှာ မပျော်ပိုက်ဘူးဆိုရင်လည်း ပျော်ပိုက်မည့် တောင်ခြေတစ်နေရာမှာ ကျောင်းဆောက်လှူဒါန်းပါမည်' လို့ လျှောက်ထားပါတော့တယ်။
    အဲဒီသရက်ပင်ကြီးအောင်မှာ ၅ ရက်မျှသီတင်းသုံးပြီး ဦးအောင်မြင့်ရဲ့ ဆော်သြမှုနဲ့အတူ  အုတ်တွင်း၊ နန်းတော်ကုန်း၊ အင်တိုင်းသာ ဒကာများက နေ့ချင်းပြီး တဲကလေးကို ရွှေကျောင်းကုန်းတောင်ခြေမှာ ဆောက်လုပ်လှူဒါန်း ကြခဲ့ပါတယ်။ အဲဒီကမှတစ်ဆင့် မဟာဗောဓိမြိုင် ဆရာတော်ကြီးဟာ ရွှေကျောင်းကုန်းတောင်ပေါ်ကို ရောက်ခဲ့ပါတော့တယ်။
    အဲဒီအတောအတွင်းမှာလည်း  ဆရာတော်ကြီးဟာ သရဏဂုံရှင်းတမ်း၊ သီလရှင်းတမ်း၊ ဒါန ရှင်းတမ်းများကို အခြေခံကစ ရှင်းပြပေးရုံမျှမက သြကာသ ပါမကျန် စေတနာထားပုံ၊ အာရုံယူပုံ၊ ရိုသေစွာဆိုရပုံများကိုလည်း ရှင်းပြပေးတော်မူခဲ့ပါတယ်။ အဲဒီမှာ မှန်သဟေ့၊ ကောင်းသဟေ့သတင်းက တစ်ရွာမှ တစ်ရွာ ဆက်လက်ပျံ့နှံ့သွားခဲ့ပြီး ဆွမ်းခံပင့်တဲ့ရွာများ များလာတာကြောင့် ပုံမှန်သွားလာနိုင်တဲ့ ရွာ ၇ ရွာနဲ့ တစ်ခါတစ်ရံသွားတဲ့ ရွာပေါင်းက ၉ ရွာထိ ရှိခဲ့တယ်လို့သိရပါတယ်။
    'ထိုသို့ တစ်ရွာဝင် တစ်ရွာထွက် ဟောပြောခြင်း မပျက် ဆွမ်းခံထွက်နေ စဉ်ကာလအတောအတွင်း ပထမ ဖိုးသူကြီးရွာမှ ရွာကျောင်းဘုန်းကြီးက ဦးခြံ ပျက်ကြီးကိုကား နှင်မထုတ်။ ဦးခြံပျက်ကြီးဆီလာရောက်ကြ၊ ဝေယျာဝစ္စပြု လုပ်ကြသော သူ့ရွာနေလူများကို သာရေးနာရေးအပင့်အဖိတ် မလိုက်ဟူသော အမိန့်နှင့်အတူ သပိတ်မှောက်တော့၏။
    သည်မျှမကသေး၊ ထိုရွာရောက်စဉ် မိမိဆွမ်းခံရာမှရသော ဆွမ်းခဲဘွယ်များ သွားပို့စေရာတွင်လည်း လက်မခံဘဲ ပို့သူများကိုသာ စားစေခဲ့၏။
    ထိုနောက်တစ်ရွာမှလည်း ဆွမ်းခံပင့်ဖိတ်ရန် သွားရောက် လျှောက်ထားသော သူများအား ရိုက်မည်ပုတ်မည် လုပ်ပြန်လေ၏။'
        ဦးဆုံးတောထွက်ရာ၏ ဦးဆုံးသော အတွေ့အကြုံက ခက်ခဲကြမ်းတမ်း လွန်းလှစွာ၏။ အရိပ်မှ ထွက်ခွာလာခဲ့သူ၏ နေပူတိုးခံရခြင်းများပင် ဖြစ်ကြ၏။ နောက်သော် အားလုံးကြည်ဖြူသွားကြ၏။ သူတို့မကျင့်နိုင်သော အကျင့်မျိုး ကျင့်သူအဖြစ် အသိအမှတ်ပြုကြပြီး သူတို့ကပင် ဦးဆောင်ကာ တောင်၏ ကိစ္စအဝဝ၊ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်တော်မူလာကြ၏'
(သံဝေဂလမ်း၊ စာ-၈၉)
    အဲဒီလိုအခက်အခဲများကိုပဲ ဘဝကန္တရသင်္ကေတကထာစာအုပ်မှာတော့...
'ဒကာ၊ ဒကာမတို့ အုတ်အော်သောင်းနင်းဖြစ်လာတာနဲ့အမျှ ဧကစာရီတောမှီ သည့်ရဟန်းတို့ ကြုံတွေ့ရလေ့ရှိသော လောကဓံမုန်တိုင်းကလည်း ထန်ခဲ့ရသည်'လို့ ဆရာတော်ကြီးက မှတ်ချက်ပြုရေးသားတော်မူခဲ့ပါတယ်။
    အခု ကျွန်တော်ရေးသားဖော်ပြထားတာတွေကတော့  ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး့ ရွှေကျောင်းကုန်းတောင်ဝင်စဦးက ကြုံရဆုံရတဲ့ ဘဝလမ်းကြမ်းထဲက အနည်းငယ်မျှသော အကြောင်းအရာများသာဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ ဘယ်လိုပဲ အခက်အခဲအဆီးအတားများနဲ့ ရင်ဆိုင်ရပါစေ၊ နောက်မဆုတ်စတမ်းဆိုတဲ့ စိတ်သတ္တိထူးနဲ့ တရားဓမ္မကိုဖွေရှာတော်မူခဲ့သည်များကို ကြည်ညိုလျက် ဤစာစုဖြင့် ဦးခိုက်ပူဇော်လိုက်ရပါတယ်။


ငြိမ်းချမ်းသာ
စာပြီးရက်စွဲ/- ၁၈-၁၁-၂ဝ၁၉
၁။ ဥလ္လမ္ပတုဘိက္ခုဘာဝကထာ (၂ဝ၁၅)၊ စတုတ္ထအကြိမ်
၂။ ဘဝကန္တရသင်္ကေတကထာ(၂ဝ၁၂)
၃။ သံဝေဂ ပဋိသံယုတ္တကထာ (၂ဝဝ၄)

Saturday, November 16, 2019

မဟာဗောဓိမြိုင်ဆရာတော်ကြီးတည်ထားတော်မူသော ထုံးဖြူဖြူ ကုန်းကမူအမောက်က နှုန်းမတူ ဘုန်းတလူလူတောက်တဲ့ မင်းဘိသိက်ခံဘုရား

 

မဟာဗောဓိမြိုင်ဆရာတော်ကြီးတည်ထားတော်မူသော
ထုံးဖြူဖြူ ကုန်းကမူအမောက်က
နှုန်းမတူ ဘုန်းတလူလူတောက်တဲ့
မင်းဘိသိက်ခံဘုရား


    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးက ၁၃၆၁ ခုနှစ် ကဆုန်လပြည့်နေ့ဟာ တရားဟော၊ တရားပြကိစ္စများရဲ့ နောက်ဆုံးနေ့၊ ဘုရားတည် ကျောင်းဆောက်ကိစ္စများရဲ့ နောက်ဆုံးနေ့လို့ ၁၃၆ဝ ပြည့်နှစ်၊ ကဆုန်လပြည့်နေ့ မှာ တစ်နှစ်ကြိုပြီး ကြေညာခဲ့ပါတယ်။

    အဲဒီလိုကြေညာခဲ့တဲ့ ၁၃၆ဝ ပြည့်နှစ်၊ ကဆုန်လပြည့်နေ့ဟာ မဟာဗောဓိ မြိုင်ဆရာတော်ကြီး တည်ထားတော်မူတဲ့ 'မင်းဘိသိက်ခံ ဘုရား' အတွင်းဌာပနာ ပိတ်သည့်နေ့လည်းဖြစ်ပါတယ်။

    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ကြီးဟာ ဘဝတစ်လျှောက် ဘုရားသုံးဆူ တည်ထားတော်မူခဲ့ပါတယ်။
    ကျိုက်လတ်(ကြီးချောင်းဆင်ကူးအကြား)မှာ ဉာဏ်တော် ၂၄ တောင် ရှိ 'ပြည်လုံးချမ်းသာ ဖောင်တော်ဦးဘုရား'ဖြစ်ပါတယ်။ ၁၃၃၉ ခုနှစ်၊ တပေါင်းလပြည့်နေမှာ ထီးတင်လှူခဲ့ပါတယ်။ 'ဧတေတေနော မြစ်ဝကြော ဖောင်မျှောတပ်တော်ဦး'လို့ ဆရာတော်ကြီးက မှတ်တမ်းတင်တော်မူပါတယ်။ ကေလသတောင် ရသေ့ဘဝနဲ့ ဆင်းအလာ ရန်ကုန်မှာ တစ်ဝါဆိုပြီးချိန် မည်သူမျှတည်ဖို့လက်မခံတဲ့ ဘုရားဟောင်းကို ဥပဇ္ဈာယ်ဆရာတော် အဘဝိမလရဲ့ အရိပ်အောက်မှ သွားရောက်တည်ပေးရခြင်းဖြစ်တယ်လို့ သိရပါတယ်။
    ဒုတိယမြောက် တစ်ဆူကတော့ သာစည်မြို့၊ ရွှေကျောင်းကုန်းတောင်တော်ရှိ 'လောကမုနိဘုရား'ဖြစ်ပါတယ်။ ဉာဏ်တော် ၁၁ တောင် ၁၁ လက်မ ရှိပြီး ၁၃၄၁ ခုနှစ်၊ တပေါင်းလပြည့်နေ့မှာ ထီးတော်တင်လှူခဲ့ပါတယ်။ 'အေးငြိမ်းလာအောင် ကျောင်းကုန်းတောင် ဘုန်းခေါင်တည်သည့်နှစ်'လို့ ဆရာတော်ကြီးက ရေးသားတော်မူခဲ့ပါတယ်။ အဲဒီဘုရားကတော့ တောင်ခြေဥယျာဉ်နေ သူကြီးဟောင်း ဦးအောင်မြင့်လျှောက်ထားချက်အရ ဘုရားဟောင်းနေရာမှာ ထပ်မံ တည်ပေးရခြင်းဖြစ်ပါတယ်။
    တတိယမြောက်တစ်ဆူကတော့ ရွှေဘို၊ ကန့်ဘလူ ဇာတိမြေ၌ တည် ထားတော်မူတဲ့ 'မင်းဘိသိက်ခံဘုရား'ဖြစ်ပါတယ်။ ဉာဏ်တော် ၁၈ တောင်ရှိ ပြီး ၁၃၆ဝ ပြည့်နှစ် ကဆုန်လပြည့်နေ့မှာ ထီးတော်တင်လှူပါတယ်။ 'ဧတေဆသုန် ဘဂ၀ဂုဏ် ခိုလှုံဘိသိက်ပွဲ' လို့ ဆိုပါတယ်။ ဆရာတော်ကြီးရဲ့ တူဖြစ်သူ မောင်အောင်သိန်းမှ နတ်တလူမှာ ဘုရားတည်လိုကြောင်း လျှောက်ထားချက်အရ တည်ထားခြင်းဖြစ်ပါတယ်။
ရွှေဘို၊ ကန့်ဘလူမှ မင်းဘိသိက်ခံဘုရား

    ဆရာတော်ကြီးဟာ သေးသေးကြီးကြီး သုံးဆူဆိုတာဝန်ကျေ၏ဆိုတဲ့ အိပ်မက်အရ ကတိကြွေး ရှိခဲ့သည့်အတိုင်း ဘုရားသုံးဆူတည်ထားပြီးစီးတဲ့အခါ တရားေဟာခြင်း၊ တရားပြခြင်း၊ ဘုရားတည်ကျောင်းဆောက်ခြင်းများကို ၁၃၆၁ ခုနှစ်ကစလို့ ရပ်နားတော်မူလိုက်ခြင်းပဲဖြစ်ပါတယ်။
    မင်းဘိသိက်ခံဘုရားနဲ့ ပတ်သက်ပြီး ဘဝကန္တရသင်္ကေတကထာမှာ အခုလို မှတ်တမ်းတင်ထားပါတယ်။
    'က။ ၁၃၆ဝ ပြည့်နှစ်၊ တာကူးလပြည့်နေ့တွင် အုတ်မြစ်ချမင်္ဂလာကျင်းပ။
    ခ။ ၁၃၆ဝ ပြည့်နှစ်၊ ကဆုံလပြည့်နေ့တွင် အတွင်းဌာပနာပိတ်ပွဲကျင်းပ။
    ဂ။ ၁၃၆ဝ ပြည့်နှစ်၊ တပေါင်းလဆန်း ၁၄ ရက် တနင်္ဂနွေနေ့တွင် ထီး တော်တင်ပွဲကျင်းပ။
    သို့ဖြင့် ကတိကြွေး၏ သုံးဆူမြောက်ကား အောင်ပွဲဘိသိက်ခံခွင့်ရခဲ့ပြီ။ ဤနှစ် ၁၃၆ဝ ပြည့်နှစ်၏ ကဆုံလပြည့်နေ့သည် မင်းဘိသိက်ခံဘုရား အတွင်း ဌာနပနာ ပိတ်ပွဲနေ့လည်းဖြစ်၏' (စာ-၃၆၉) (သတ်ပုံများကို ဆရာတော်ကြီး၏ မူအတိုင်းဖော်ပြခြင်းဖြစ်ပါသည်။)
    မင်းဘိသိက်ခံဘုရားဟာ ဆရာတော်ကြီးရဲ့ သုံးဆူမြောက် ဘိသိက်ခံဘုရား ဖြစ်သလို ထီးတော်တင်လှူပွဲဟာလည်း အထူးစည်ကားခဲ့တာကိုလည်း တွေ့ရ ပါတယ်။ ဆရာတော်ကြီး ကိုယ်တော်တိုင် အခုလိုမှတ်တမ်းတင်ထားပါတယ်။
    'ထီးတော်တင်ပွဲကြီးကလည်း စည်းကားလွန်းလှ၏။ လူပေါင်း နှစ်သိန်း ကျော်၏။ ပွဲကျင်းပရာတွင်လည်း တစ်သိန်းကျော်၊ အကျွေးအမွေးရုံများ၌လည်း တစ်သိန်းကျော်ဆို၏'(၄င်း၊ စာ-၃၆၉)
     မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ဘုရားသုံးဆူကိုသာ တည်ထား တော်မူခဲ့သည့်တိုင်အောင် အဲဒီဘုရားများကို တည်ထားတော်မူချိန်များမှာ ထူခြား တဲ့အဖြစ်အပျက်များဖြစ်ပျက်ခဲ့တာကိုလည်း ဆရာတော်ကြီး ရေးသားတော်မူတဲ့ စာအုပ်များမှာ၊ ဟောကြားတော်မူတဲ့ တရားတော်များမှာ တွေ့ရပါတယ်။ ဒီစာစုမှာတော့ မင်းဘိသိက်ခံဘုရားမှာဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကို ပြောလိုပါတယ်။
    'ထိုစဉ်က ဖြစ်ရပ်တစ်ခုလည်း ထူးခြားလွန်းသဖြင့် ဤနေရာမှနေ စကားဆိုခဲ့မည်။ ယင်းကား မင်းဘိသိက်ခံဘုရား ထီးတော်သရဖူတင်လှူမည့် နံနက်ကပင်ဖြစ်၏။ ဇီးကုန်း(ထန်းတပင်)မှ လာရောက်၍ လျှပ်စစ်မီးများအတွက် တာဝန်ခံတပ်ဆင်နေသော လျှပ်စစ်မှူးကြီးသည် နံနက်စောစော အိပ်ယာမှနိုးသဖြင့် ဓမ္မရုံအောက်သို့ ဆင်းခဲ့၏။
    ထိုစဉ် ဆောင်းနှင်းပန်းပုံကြီးတစ်ပုံ လူ့ရင်ဆို့ ခါးလယ်မျှတွေ့ရရာ 'အင်း သည်ပန်းတွေက ဂေါပကလူကြီးများ ဝယ်ပုံထားသည် ထင်၏။ ငါလည်း ဘုရားလှူရန် တစ်ခိုင်မျှ ယူထားအံ့'ကြံစည်ကာ ရှာဖွေ၏။ တွေ့၏။ ယင်းကား ပန်းပုံကြီး၏ ထပ်တည့်တည့်တွင် တစ်ခိုင်တည်းသော ထူးထူးခြားခြား ခြေတံမဲ့ အပွင့်ခိုင် သက်သက်ပင်။
    သို့နှင့် ယင်း နှင်းပွင့်ခြေတိုလေးအားယူပြီး တစ်ဖန်ပြန်လည် အိပ်သည် ဆို၏။ နံနက်လင်း၍ ထကြည့်သောအခါ ပန်းပုံကြီးကား မတွေ့ရတော့ပါ။ မိမိလက်မိရ နှင်းပွင့်ခိုင်လေးသာ လက်ရာမပျက် ရှိပါတော့သည်။ မည်သူမျှ မယူ အလိုလို ပုံပျောက်သွားခြင်းတည်း။ မည်သူမျှလည်း မပုံထား အလိုလို ပုံရောက်လာခြင်းများတည်း။'(ကိုယ်ပွားဘုရားအားထားသူများအကြောင်း၊ စာ-၁၃၂)
    ဒါကတော့ ဆရာတော်ကြီးရေးသားထားတဲ့ 'ကိုယ်ပွားဘုရားအားထားသူ များအကြောင်း'ဆိုတဲ့စာအုပ်ထဲက မင်းဘိသိက်ခံဘုရားနဲ့ ပတ်သက်သမျှကို ထုတ်နှုတ်ဖော်ပြတာဖြစ်ပါတယ်။
    လောကမှာ ပါရမီထူးသူများဟာ ဖြစ်ရပ်ဆန်းများနဲ့ ကြုံရဆုံရလေ့ ရှိမြဲ ဖြစ်ပါတယ်။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ဘဝထိုထိုမှာ ထူးပါပေ့၊ ဆန်းပါပေ့လို့ဆိုနိုင်တဲ့ ဖြစ်ရပ်တွေနဲ့ ကြုံဆုံခဲ့ရတော်မူပါတယ်။ အဲဒီများစွာသော အဖြစ်တွေကိုလည်း စာပေအားဖြင့် ကျမ်းစာအုပ်များမှာ မှတ်တမ်းတင် ရေးသားတော်မူခဲ့ပါတယ်။ အခု ဒီစာစုမှာ ဖော်ပြတဲ့ မင်းဘိသိက်ခံ ဘုရားနဲ့ပတ်သက်တဲ့အဖြစ်အပျက်ဟာ ထူးခြားမှုများစွာများထဲမှ တစ်ခုသာဖြစ်ပြီး ဆရာတော်ကြီးရဲ့ ပါရမီထူးနဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့အား   ကြည်ညိုပူဇော်နိုင်ရန် ရည်ရွယ်၍ ရေးသားရခြင်းဖြစ်ကြောင်းပါဗျာ။

စာပြီးရက်စွဲ/- ၁၆-၁၁-၂ဝ၁၉
ရည်ညွှန်းကိုးကား/-
၁။ သိဒ္ဓန္တ နိမ္မာန ကထာ (၂ဝ၁၄)
၂။ ဘဝကန္တရသင်္ကေတကထာ(၂ဝ၁၂)
  


Friday, November 15, 2019

တစ်ပါးသီလပိုင်ရှင်များ၏ ငြင်းခုန်ပွဲကြီး

 

တစ်ပါးသီလပိုင်ရှင်များ၏ ငြင်းခုန်ပွဲကြီး


လူတွေဆိုတာက ကိုယ်ကြိုက်ရာ အကောင်းထင်၊ ကိုယ်ထင်ရာ မြတ်နိုးလေ့ရှိတတ်ကြပါတယ်။ လူ၊ ဝတ္ထု၊ ပစ္စည်း၊ အသွေးအရောင် ဘယ်အရာဖြစ်ဖြစ်၊ ငါနှင့်ဆက်စပ်ပတ်သက်နေသမျှသာ အကောင်းမြင်တတ်ကြပါတယ်။ ကိုယ့်ငါးချဉ် ပိုချဉ်တတ်ကြတာပလေ။ အရာဝတ္ထုတွေကို မဆိုထား ပါနဲ့။ လူတို့ရဲ့ ကိုယ်ကျင့်တရားကိစ္စမှာတောင် ကိုယ်ကျင့်တဲ့ အကျင့်က ပိုမြတ်တယ်လို့ ထင်တတ်ကြပါ တယ်။ တကယ်တော့ ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းတည်ဆောက်ခြင်းဟူသည် မိမိတို့စိတ်မှာ ဖြစ်ပေါ် နေတဲ့ 'ကြိုက်စိတ်၊ မုန်းစိတ်' ကြိုက်မုန်းနှစ်ပါးကို ထိန်းသိမ်းထားခြင်းသာ။

ဒီသဘော ပေါ်လွင်အောင် ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက 'တစ်ပါး သီလပိုင်ရှင်များ၏ ငြင်းခုန်ပွဲကြီး'ဆိုတဲ့ ပုံဝတ္ထုသာဓကဇာတ်ကြောင်းနဲ့ ဓမ္မသက်သေ ထူပြခဲ့ပါ တယ်။

ဘုရားရှင်လက်ထက်တော်ကာလတုန်းက...
    ပဉ္စဥပသကာ (သာသနာနှင့် နီးစပ်သော ဒါယကာငါးဦး) ပေါ်ပေါက်ခဲ့ဖူးပါတယ်။
    အဲဒီ မိတ်ဆွေငါးဦးဟာ ကိုယ်ကျင့်သီလတော့ ထိန်းကြပါရဲ့။ ဒါပေမဲ့ ငါးဦးလုံး ငါးပါးသီလ ပြည့်စုံအောင် လုံအောင် မထိန်းနိုင်ကြရှာ။ တစ်ဦးလျှင် သီလတစ်ပါးကျစီသာ ထိန်းနိုင်ကြတယ်ဆိုပါ တယ်။
    အဲဒီလို သီလတစ်ပါးလောက်သာ ထိန်းနိုင်ကြပေမယ့် ကိုယ်ထိန်းတဲ့သီလသာ မွန်မြတ်တယ် ဆိုပြီး အမွှန်းတင်ဂုဏ်ပြိုင်နေကြသတဲ့။
    ပါဏာတိပါတာ ဝေရာမဏိလုပ်ထားတဲ့သူ သူ့အသက်သတ်မှု လွတ်ကင်းသူက လက်မထောင်ပြီး ဒီလို ပြောတယ်။
    ''လောကမှာ သတ္တဝါတိုင်း ကိုယ့်အသက်ကိုယ် အနှမြောဆုံး။ အသက်သေရမှာ အကြောက်ဆုံး၊ အဲဒီ အသက်ဘေးရန်တွေကို ငါ့သီလက ကာကွယ်စောင့်ရှောက်ပေးနေတယ်။ ဒါ့ကြောင့် ငါ့သီလသာ အမြတ်ဆုံး''
    အဲဒီမှာ ဒုတိယသီလပိုင်ရှင်က ကန့်ကွက်ပါလေရော။
    ''လောကမှာ ပစ္စည်းဥစ္စာသည်သာ ဘဝကို တည်စေ ဖြစ်စေနိုင်တာ။ ပစ္စည်းဥစ္စာနဲ့ ပတ်သက် လာရင် အသက်ကိုတောင် မနှမြောကြတော့ဘူး။ လူတွေ အသက်ထက် တန်ဖိုးထားတဲ့ ပစ္စည်းဥစ္စာ တွေကို မသမာတဲ့နည်းနဲ့ ငါ မယူခဲ့ဘူး။ အဒိန္နဒါနာဝေရမဏိ လုပ်ခဲ့တယ်။ ဒါကြောင့် ငါ့သီလသာ အမြတ်ဆုံး...''
    အဲဒီမှာ တတိယသီလပိုင်ရှင်ကလည်း အားကျမခံ အဆိုတင်သွင်းပြန်တယ်။
    ''လောကမှာ ဘယ်သူမဆို သူများသားသမီး လက်ခံပေါင်းသင်းပြီး တစ်သက်လုံး ရှာဖွေလုပ်ကိုင် ကျွေးမွေးတယ်ဆိုတာ အသက်ထက်မြတ်နိုးပြီး ပစ္စည်းဥစ္စာတွေထက် ပိုပြီးတန်ဖိုးထားလို့ပါပဲ။ ဒီလို သူသူကိုယ်ကိုယ် အမြတ်တနိုး တန်ဖိုးထားတဲ့ သူ့သားမယားကို မစော်ကား၊ မပျော်ပါး၊ မဖောက် ပြားဘဲ ကာမေသုမိစ္ဆာစာရာ ဝေရာမဏိလုပ်ထားတဲ့ ငါ့သီလက အသာလွန်ဆုံး''လို့ ဆိုပါတယ်။
    အဲဒီမှာ စတုတ္ထသီလပိုင်ရှင်က ထပြီးကန့်ကွက်ပါလေရော။
    လောကမှာ အသက်စည်းစိမ် သားမယားတွေထက် မြတ်နိုးစရာ အကောင်းဆုံးကတော့ အမှန် တရားပဲ။ အမှားဆိုရင် ဘယ်သူမှ လက်မခံကြဘူး။ အမှန်ကို ရှေးရှု မုသာဝါဒါ ဝေရာမဏိလုပ်ထားတဲ့ အမှန်ကိုသာ ပြောဆိုတတ်တဲ့ ငါ့သီလက အမြတ်ဆုံး''လို့ လက်ရုံးဆန့်တန်းကြွေးကြော်ပါတယ်။
    အဲဒီမှာ ပဉ္စမသီလပိုင်ရှင်ကလည်း ပွဲသိမ်းသောအားဖြင့် သင်တို့အားလုံး အပိုတွေပြောနေတာလို့ အစချီရင်း...
    ''လောကမှာ မူးယစ်စေတတ်တဲ့ အရက်သေစာ သောက်စားမိရင် လူစိတ်ပျောက်သွားပါလေရော။ လူစိတ်ပျောက်သွားပြီဆိုမှဖြင့် သတ်ဖို့လည်း ဝန်မလေး၊ ခိုးဖို့လောက်တော့ အသာလေး၊ သူ့သွေး သူ့မယား ပျော်ပါးပြစ်မှားဖို့လည်း အဆင်သင့်၊ လိမ်လို့ ညာဖို့လည်း အတင့်ရဲလှသနဲ့၊ အရက်သောက်မှု တစ်ခုတည်းက အားလုံးကို ပျက်စီးစေနိုင်တယ်ဆိုတာ နားလည်ကြရဲ့လား။ အဲဒီလေးပါးသီလကို ကျိုးစေနိုင်တဲ့ အရက်သောက်တဲ့ကံကို ငါ ထိန်းသိမ်းစောင့်ရှောက်တယ်။ ဒါကြောင့် ငါ့သီလသာ အမြတ်ဆုံး...''လို့ လွှမ်းလွှမ်းမိုးမိုးကြီးနဲ့ ကောက်ပင်ရိတ်လှီး ပြောချလိုက်တယ်။
    ဒါပေမဲ့ သူတို့ငါးဦးလုံး အရှုံးမပေးဘဲ တစ်ပါးသီလငြင်းခုန်ပွဲကြီး ဆက်လက်ဆင်နွှဲနေကြတယ်။ အဖြေပေါ်မလာတော့တဲ့ အဆုံးမှာတော့ ဘုရားရှင်တော်ထံ အဆုံးအဖြတ်ခံယူဖို့ ငါးဦးစလုံး သဘော တူညီလိုက်ကြတယ်။ ဒီလိုနဲ့ ဘုရားရှင်ထံတော်မှောက် ရောက်ကြတဲ့အခါ သူတို့ကိစ္စ သူတို့ပြဿနာကို မေးမြန်းလျှောက်ထားကြသတဲ့။ အဲဒီမှာ ဘုရားရှင်က...
    ဒါယကာတို့...
    လောက၌ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာယူခြင်း၊ သူ့မယားပြစ်မှားခြင်း၊ မုသားဆိုခြင်း၊ အရက် သေစာသောက်စားခြင်း၊ ငါးမျိုးတို့သည် ရေသောက်မြစ်ကို ဖြတ်တောက်နေကြသူချည်း ဖြစ်၏။
    ဒါယကာတို့...
    ထိုငါးပါးလုံး ဝတ္ထု(အကြောင်းအရာ)သာ ငါးမျိုးကွဲပြားခြားနား၏။
    လွန်ကျူးလိုစိတ် တရားခံကား ကြိုက်ခြင်း၊ မုန်းခြင်း နှစ်ပါးချည်းသာ ဖြစ်ကြလေသဖြင့် အတူတူချည်းသာဖြစ်ကြ၏။ သို့ကြောင့် သင်တို့အားလုံး ကြိုက်မုန်းနှစ်ပါး၏ မွှေနှောက်ခြင်းကို ကြာမြင့် စွာ ခံစားမနေကြပါလေနှင့်... လို့ ဖြေရှင်းပေးတော်မူပါတယ်။
    ဘုရားရှင်တော်ရဲ့ အဖြေစကား တရားအဆုံးမှာ သူတို့အားလုံး ငါ့သီလသာ အမြတ်ဆုံးဆိုတဲ့ ငါစွဲဒိဋ္ဌိပြုတ်သွားပြီး သောတာပန် တည်သွားကြတော့သတဲ့။ ကိုယ်ကြိုက်ရာ အကောင်းထင်၊ ကိုယ် ထင်ရာ မြတ်နိုးတဲ့ဘဝမျိုးက လွတ်မြောက်သွားကြပြီး တစ်ပါးသီလမှသည် ငါးပါးသီလ လုံအောင် ထိန်းတဲ့ဘဝမျိုးကို ပိုင်ပိုင်နိုင်နိုင် ရောက်ရှိသွားကြပါတော့တယ်။


မောင်သွေးချွန်
[အညွှန်း။   ။ ၁၃၅၇ ခုနှစ်ထုတ် လားဟူဗုဒ္ဓဘာသာသင်ခန်းစာ၊ စာ-၁၃၁ မှ ၁၃၃ အထိ။]

Monday, November 11, 2019

တမလွန်ဘဝက ဆွေမျိုးများရေး

 

တမလွန်ဘဝက ဆွေမျိုးများရေး

(၁)
တမလွန်ဘဝက ဆွေမျိုးများအရေး … ဆိုတာဟာ ကျွန်တော်တို့ လုံး၀ မေ့လျော့နေတဲ့ ကိစ္စတစ်ခု ဖြစ်နေနိုင်သလို ကျွန်တော်တို့ မေ့ပစ်လိုက်တဲ့ ကိစ္စကြီးတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။  သေတဲ့သူက သေသွားပြီ .. ဆိုတဲ့ ဖြေတွေးလေးကစလို့ အားလုံးကို မေ့ပစ်လိုက်ရခြင်းမှာ ဆုံးသွားတဲ့ အလွမ်းဇာတ်ကြီးမှာ သေတဲ့သူအတွက် (ဝါ) တမလွန်ဘဝက ဆွေမျိုးတွေအတွက် ဘာလုပ်ပေးနိုင်လဲဆိုတဲ့အတွေးက အကြောင်းပြချက်ကောင်းတစ်ခုခု မရှိဘဲ ပျောက်ဆုံးသွားတာလည်း ဖြစ်နိုင်ပါတယ်။

ရှင်တုန်းက ပြုစုခဲ့ပြီးပြီ၊ သေမှ လွမ်းမနေဘူးဆိုပြီး စိတ်ကို အဆုံးထိ ပိတ်ချလိုက်တာတွေ၊ ကိုယ်တောင် မနည်းရှင်သန်နေရတာဆိုတဲ့ တလွဲတွေးမိတာတွေနဲ့ ကိုယ်လုပ်ပေးတာ သူက ဘယ်လိုသိနိုင်လေမလဲဆိုတဲ့ အမှားအယွင်းတွေကြောင့် တမလွန်ဘဝက ဆွေမျိုးများအရေးဟာ ကျွန်တော်တို့ဘဝတွေထဲမှာ ပျောက်ဆုံးနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သေသောသူကြာရင်မေ့ဆိုတဲ့ ဆိုရိုးစကားကြားမှာ၊ သေရင်ပြီးပြီဆိုတဲ့ အယူဝါဒတွေကြားမှာ သေသွားတဲ့သူတွေအတွက် ကျွန်တော်တို့ ဘာလုပ်ပေးနိုင်သလဲဆိုတာကို သတိတရနဲ့ ရှာဖွေကြည့်ကြရအောင်ပါ။ ဘာကြောင့်လဲဆိုတော့ သေရင် မပြီးဆုံးသေးလို့ပါဘဲ။ ဘာကြောင့်လဲဆိုတော့  သေသွားတဲ့သူတွေအတွက် ကျွန်တော်တို့ လုပ်ပေးနိုင်တာတွေ ရှိနေသေးလို့ပါပဲ။
ပါမောက္ခချုပ်ဆရာတော်ကြီးက သူ့ရဲ့ တရားတစ်ပုဒ်မှာ တမလွန်ဘဝက ဆွေမျိုးများအရေးနဲ့ ပတ်သက်ပြီး - အထင်မှား အမြင်မှား - ဆိုတဲ့ တရားဒေသနာတော်မှာ အခုလို ဟောကြားထားတာကို နာကြားဖူးပါတယ်။

❝မိမိတို့အပေါ်မှာ ကျေးဇူးရှိတဲ့ ပုဂ္ဂိုလ်တွေ တမလွန်ဘဝကို ရောက်သွားပြီဆိုတဲ့အခါ ကျေးဇူးဆပ်တဲ့အနေနဲ့ ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှဝေရတယ်။ အမျှအတမ်းပေးတာကို မြတ်စွာဘုရားက ဉာတိဓမ္မ ဆွေမျိုးတွေ လိုက်နာကျင့်သုံးရမယ့် ဝတ္တရားအဖြစ်ဖြင့် ဟောကြားထားတာဖြစ်လို့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စကို ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်တယ်။ လုပ်ရမယ့်ကိစ္စကို ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်တယ်။ လုပ်ရမယ့်ကိစ္စထဲမှာလည်း အကျိုးရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်။
ဘာကြောင့်အကျိုးရှိတယ် ပြောရတုန်းဆိုရင်
(၁) ကုသိုလ်ကောင်းမှုပြုရင် ပြုတဲ့ ပုဂ္ဂိုလ်မှာ အကျိုးဖြစ်ထွန်းစေတယ်။
(၂) မိမိရည်စူးတဲ့ပုဂ္ဂိုလ်က အမျှရနိုင်တဲ့ ဘုံဘဝရောက်နေရင် ကုသိုလ်ကောင်းမှုအကျိုးကျေးဇူးကိုခံစားရမယ်။
(၃) သံဃာတော်အရှင်မြတ်များကို၊ မိမိတို့ကိုးကွယ်ရာဘာသာတရားကို လှူဒါန်းထောက်ပံ့ပြီးဖြစ်တယ်။
(၄) မိမိတို့ ကိုယ်တိုင်လည်း ကုသိုလ်ကောင်းမှုတွေ ဆည်းပူးအားထုတ်ပြီး ဖြစ်တယ်။
အဲဒီ အကျိုးလေးမျိုးကို ရနိုင်စေတဲ့ ကုသိုလ်ကောင်းမှုဖြစ်တယ်လို့ မြတ်စွာဘုရားက ဟောကြားထားတာဖြစ်တယ် ❞  လို့ ဆရာတော်ကြီးက ဟောကြားဆုံးမတော်မူပါတယ်။

 (၂)
တမလွန်အယူအဆတွေနဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုး ရှိကြပေမယ့် ဗုဒ္ဓဘာသာမြန်မာလူမျိုး အများစုကတော့ ကုသိုလ်ကောင်းမှု လုပ်ပြီး အမျှအတမ်းပေးဝေလေ့ရှိကြပါတယ်။ အဲဒီလို အမျှအတမ်းပေးဝေတာဟာ တကယ်ပဲ အကျိုးရှိရဲ့လား၊ တမလွန်ဘဝက ဆွေမျိုးတွေဟာ အဲဒီ ဒါနရဲ့ အကျိုး တွေကို တကယ်ပဲ ခံစားရရဲ့လားဆိုတာကို ကျွန်တော်တို့ ကြည့်ကြရအောင်ပါ။

အဂုၤတ္ထရနိကာယ်ထဲက ဇာဏုသောဏိသုတ်မှာ မြတ်စွာဘုရားရှင်က တမလွန်အရေးနဲ့ပတ်သက်ပြီး ဟောကြားထားခဲ့တာရှိပါတယ်။

''အရှင် ဂေါတမ၊ အကျွနု်ပ်တို့ပုဏ္ဏားတွေဟာ ကွယ်လွန်တဲ့ ဆွေမျိုးတွေကို ရည်စူးပြီး သူတို့ထံ ရပါစေ၊ ရောက်ပါစေဆိုပြီး အလှူဒါနတွေပြုလုပ်ကြပါတယ်။  သေသူကိုရည်စူးပြီးပြုလုပ်တဲ့ ကုဗ္ဘိထမင်းတို့ကို ပြုကြပါတယ်။ အရှင်ဘုရား၊  ကွယ်လွန်သူ ဆွေမျိုးညာတိတွေ ဒီအလှူကို သုံးဆောင်ကြရပါလားဘုရား''
''ပုဏ္ဏား ရောက်သင့်သောအရပ်၌ရောက်၏။ မရောက်သင့်သောအရပ်၌ မရောက်''
''အရှင်ဘုရား၊ ရောက်သင့်သောအရပ်ဆိုတာ ဘာပါလဲဘုရား၊ မရောက်သင့်သော အရပ် ဆိုတာကကရော ဘာပါလဲဘုရား''
''ပုဏ္ဏား... ဤလောက၌ အချို့သောလူတို့သည်
(၁)အသက်ကို သတ်လေ့ရှိ၏။
(၂) မပေးသည်ကို ယူလေ့ ရှိ၏။
(၃) ကာမတို့၌ မှားယွင်းစွာကျင့်လေ့ရှိ၏။
(၄)မဟုတ်မမှန် ပြောလေ့ရှိ၏။
(၅) ကုန်းစကားရှိ၏။
(၆)ရုန့်ရင်းကြမ်းတမ်းသော စကားရှိ၏။
(၇)ပြိန်ဖျင်းသောစကားရှိ၏။
(၈)အဘိဇ္ဈာများ၏။
(၉)ဖျက်ဆီးလိုသော စိတ်ရှိ၏။
(၁၀)မှားယွင်းသော အယူရှိ၏။ (ဒုစရိုက် ၁၀ ပါး)
ထို သူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ငရဲသို့ ရောက်ရ၏။
● ယင်းငရဲ ၌တည်သူအား ထိုဒါနသည်မရောက်။
ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ တိရစ္ဆာန်မျိုးသို့ ရောက်ရ၏။
● တိရစ္ဆာန် မျိုး၌ တည်သူအား ထိုဒါနသည် မရောက်။

ပုဏ္ဏား... ဤလောက၌ အချို့သောသူသည်
(၁) အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။
(၂) မပေးသည်ကိုယူခြင်း မှ ရှောင်ကြဉ်၏။
(၃) ကာမတို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်၏။
(၄) မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏။
(၅) ကုန်းတိုက်စကားပြောခြင်းမှ ရှောင်ကြဉ်၏၊
(၆) ကြမ်းတမ်းသောစကားကို ပြောခြင်းမှ ရှောင်ကြဉ်၏။
(၇) ပြိန်ဖျင်းသောစကားကို ပြောခြင်းမှ ရှောင်ကြဉ်၏၊
(၈) သူ့စည်းစိမ်ကို ရှေ့ရှုကြံစည်ခြင်းမှ ရှောင်ကြဉ်၏
(၉) အဘိဇ္ဈာ မများ ဖျက်ဆီးလိုသော စိတ်မရှိ။
(၁၀) မှန်ကန်သောအယူရှိ၏။    
ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက် ၌ လူတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏။ ယင်း လူဘုံ၌ တည်သူအား ထိုဒါနသည်မရောက်။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ နတ်တို့၏အ ပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏။
● ယင်းနတ်ဘုံ၌တည် သူအား ထိုဒါနသည် မရောက်။

ပုဏ္ဏား... ဤလောက၌ အချို့သောသူသည် (၁) အသက်ကို သတ်လေ့ရှိ၏။ ပ ။ (၂) မှားယွင်းသော အကျင့်ရှိ၏။
ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ ပြိတ္တာဘုံသို့ ရောက်ရ၏။ ထိုသူသည် ပြိတ္တာဘုံသားဖြစ် သောသတ္တဝါတို့၏ ပြိတ္တာဘုံ၌ မျှတရ၏။ ထိုအစာဖြင့် ထိုသူသည် ထိုဘုံ၌ တည်ရ၏။ သို့မဟုတ် ထိုသူ့အတွက် အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ကသော်လည်းကောင်း၊ ဆွေမျိုးသားချင်းတို့ကသော်လည်းကောင်း ပေးလှူအပ် သောဒါနဖြင့် ထိုပြိတ္တာဘုံ၌ မျှတရ၏။ ထိုဒါနဖြင့် ထိုပြိတ္တာ သည် ထိုပြိတ္တာဘုံ၌တည်ရ၏။
● ယင်းပြိတ္တာဘုံ၌ တည်သော ထိုဒါနသည်ရောက်၏''။

''အရှင်ဂေါတမ၊ ကွယ်လွန်သူ ဆွေမျိုးသားချင်းတို့ အဲဒီဘုံတွေကို မရောက်ဘူးဆိုရင် ဘယ်သူကများ အဲဒီဒါနတွေကို သုံးဆောင်ရပါမလဲ''
'' ပုဏ္ဏား၊ အဲဒီ ဘုံဌာနတွေကို ရောက်နေကြတဲ့ တခြားသော ကွယ်လွန်သူ ဆွေမျိုးသားချင်းတွေ အဲဒီဒါနကို သုံးဆောင်ခံစားရလိမ့်မယ်''
''အရှင်ဂေါတမ၊ ကွယ်လွန်တဲ့ ဆွေမျိုးသားချင်းတွေလည်း အဲဒီ ဘုံဌာနကို မရောက်ဘူး၊ တခြားသော ဆွေမျိုးတွေကလည်း အဲဒီ ဘုံဌာနမှာ ရှိမနေဘူးဆိုရင်ကော အဲဒီ ဒါနတွေကို ဘယ်သူက ခံစားသုံးဆောင်ရမှာပါလဲဘုရား''
'' ပုဏ္ဏား... ရှည်လျားလှတဲ့သံသရာမှာ ဆွေမျိုးသားချင်းတို့မှ ကင်းဆိတ်ရာဌာနဟူသော အကြောင်းသည် အရာမဟုတ်၊ အခွင့်မဟုတ်ပေဘူး။ ဒါ့အပြင် အလှူရှင်ဟာလည်း အကျိုးမဲ့ မဖြစ်နိုင်ပါဘူး''
'' အရှင်ဘုရား၊ အဲဒီလိုဆို သေသူဟာ မဖြစ်သင့်ရာမှာ ဖြစ်မယ်ဆိုရင်ကော အကျိုးခံစားရတယ်လို့ ဆိုလိုတာလားဘုရား ''
''ဆိုပါစို့၊ လူတစ်ယောက်ဟာ ဒုစရိုက်လုပ်ငန်းတွေ လုပ်တယ်၊ သို့တိုင်အောင်ပဲ လှူမှုတန်းမှုမှာတော့ ဝါသနာပါတယ်။ သေသည်၏အခြားမဲ့မှာကျ သူဟာ ဒုစရိုက်လုပ်လို့ ဆင်ဆိုတဲ့ တိရစ္ဆာန်ဘ၀ ရောက်သွားတယ်။ လှူခဲ့တန်းခဲ့တာတွေကြောင့် ဆင်ဖြူတော်ဆိုပြီး ခမ်းခမ်းနားနား နေရတယ်။ (တိရစ္ဆာန်ဘဝရောက်တာတောင် ဒါနကုသိုလ်ရဲ့ အကျိုးကို ခံစားရ)
သုစရိုက်တရားတွေ ကျင့်သုံးဆောက်တည်တယ်။ ဒါနကောင်းမှုလည်းလုပ်တယ်၊ ဒီ့အတွက် လူ့ပြည် ရောက်တယ်၊ သုစရိုက်တည်းဟူသော သီလကြောင့် လူဖြစ်လာပြီး ဒါနတည်းဟူသော လှူမှုတန်းမှုတွေကြောင့် လူချမ်းသာဖြစ်လာတယ်။
ထိုအတူပဲ သုစရိုက်တရားလည်းကျင့်သုံးတဲ့အတွက် နတ်ပြည်ရောက်ရတယ်၊ ဒါနကောင်းမှု လည်းပြုတဲ့အတွက် နတ်စည်းစိမ်ချမ်းသာကိုလည်း သူများမတူအောင်ကို ခံစားရတယ်။
လှူတဲ့ပုဂိုလ်ဟာ လှူပြီဆိုလို့ရှိရင် ထို လှူတဲ့အကျိုးဟာ ဖြစ်လေရာဘဝမှာ အကျိုးပေးတယ်။ ဒါနကောင်းမှု ပြုလုပ်တဲ့ ပုဂိုလ်ဟာ ဘယ်တော့မှ အကျိုးမဲ့မဖြစ်ဘူး။ တိရစ္ဆာန်၊ လူ၊ နတ် .. ဘယ်ဘုံဘ၀ ရောက်ရောက် ကောင်းကျိုးချမ်းသာတွေကို ခံစားရမှာ မလွဲပဲ။''
''အရှင်ဘုရား၊ ဝမ်းသာစရာပါပဲ၊ ဒီလိုဆိုရင်ဖြင့် ဒါနကုသိုလ်တွေသိပ်ပြီးတော့ လုပ်သင့်တာပေါ့ဘုရား'' …။
ဇာဏုသောဏိသုတ်ထဲမှာ မင်းပရောဟိတ် ပုဏ္ဏားကြီးက မြတ်စွာဘုရားကို ပေးဝေသောအမျှ သေသူတို့ရမရနဲ့ ပတ်သက်ပြီး မေးမြန်းလျှောက်ထားချက်တွေနဲ့ မြတ်စွာဘုရားရဲ့ ဖြေကြားချက်တွေပဲ ဖြစ်ပါတယ်။

(၃)
ဇာဏုသောဏိသုတ်မှာ မြတ်စွာဘုရားဟောကြားခဲ့တဲ့ အချက်တွေကို ပြန်ပြီးထုတ်နှုတ်ကြည့်ရင်
(၁) ငရဲကျသွားတဲ့သူဟာ အမျှဝေလို့ မရဘူး။
(၂) တိရစ္ဆာန်ဖြစ်နေရင်လည်း အမျှအတန်းပေးဝေလို့မရဘူး။
(၃) လူ့ပြည်ရောက်နေရင်လည်း အမျှဝေလို့မရဘူး။
(၄) နတ်ပြည်ရောက်နေရင်လည်း အမျှဝေလို့မရဘူး .. ဆိုတဲ့ အချက်တွေကို တွေ့ရမှာဖြစ်ပါတယ်။ အမျှအတန်းပေးဝေလို့ ရနိုင်တဲ့ နေရာဟာ ပြိတ္တာဘဝတစ်ခုတည်းသာလျှင် ဖြစ်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။

(၄)
ပါမောက္ခချုပ်ဆရာတော်ကြီးဟောကြားတော်မူတဲ့  တမလွန်ဘဝက ဆွေမျိုးများအရေးဆိုတဲ့ တရားတော်ထဲမှာ .. ❝ပြိတ္တာဘဝကိုရောက်ရှိနေတဲ့ ဆွေတွေမျိုးတွေဟာ ကိုယ့်ဆွေမျိုး အမျှအတမ်းပေးဝေမှာကို စောင့်စားပြီး နေကြတယ်။ အမျှအတမ်းပေးဝေတဲ့အခါ ဝမ်းမြောက်နုမော် သာဓုခေါ်လိုက်တာနဲ့ တစ်ပြိုင်နဲ့ သူတို့ရဲ့ ဘဝအခြေအနေတွေဟာ တိုးတက် ပြောင်းလဲသွားတယ်တဲ့။ ဘယ်အရာကြောင့် ပြောင်းလဲတာတုန်းဆိုရင် သူတို့ သန္တန်မှာဖြစ်တဲ့ ကုသိုလ်ကြောင့် ပြောင်းလဲတာ  ❞ လို့ ဆိုပါတယ်။
တမလွန်ဘဝက ဆွေမျိုးတွေရဲ့အရေးကို မှန်ကန်တဲ့နည်းလမ်းနဲ့ စဉ်းစားပြီး ထိုဆွေမျိုးတွေအတွက် ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတမ်းပေးဝေကြတယ်။ ထိုအမျှအတမ်းပေးဝေတဲ့အလုပ်ဟာ မှန်ကန်တဲ့ အလုပ်တစ်ခုဖြစ်တယ်။ ဘာကြောင့် မှန်ကန်သလဲဆိုရင် လုပ်သူတွေကိုယ်တိုင်လည်း ကုသိုလ်ရတယ်။ အလွမ်းပြေရုံမျှမက ဒီကုသိုလ်ကောင်းမှုကို တမလွန်ဘဝက ဆွေမျိုးတွေသိရှိပြီး ဝမ်းမြောက်နုမော်သာဓုခေါ် မယ်ဆိုရင် သူတို့ဘဝဟာလည်း တိုးတက်ကောင်းမွန်သွားကြမှာဖြစ်ပါတယ် .. လို့ ဆရာတော်ကြီးက  လမ်းပြ ဆုံးမတော်မူပါတယ်။
လှူလိုက်တဲ့ ကုသိုလ်ကောင်းမှုဟာလည်း ချက်ချင်းပဲ သူတို့ဘဝမှာ အကျိုးပေးတယ်၊ဘယ်လောက်ထိ မြန်သလဲဆိုတာကို မြတ်စွာဘုရားက ဥပမာ နှစ်ရပ်နဲ့ ရှင်းပြကြောင်းလည်း ဆရာတော်ကြီးက မိန့်ကြားပါတယ်။
❝ ကုန်းမြင့်ပေါ်မှာ ရွာချလိုက်တဲ့ မိုးရေတွေဟာ နိမ့်ရာအရပ်ကို ဒလဟော စီးဝင်သွားသလိုမျိုး၊ ဒီဘဝက ကုသိုလ်ကောင်းမှုတွေကို အမျှပေးလိုက်တာနဲ့ တပြိုင်နက် ဟိုမှာဘက်မှာ (သူတို့တွေဟာ) ကုသိုလ်ရဲ့ အကျိုးအာနိသင်ကို ပြည့်ပြည့်စုံစုံကြီး ရသွားကြတယ်။
မြစ်တွေဟာ ပင်လယ်ထဲစီးဝင်သွားသလိုမျိုး - ဒီဘဝက လှူလိုက်တဲ့ ကုသိုလ်ကောင်းမှုတွေဟာ မိမိတို့ ရည်ညွန်းနဲ့ ပုဂိုလ်တွေရဲ့ ဘဝထဲကို စီးဝင်သွားတယ်❞ လို့ ဆိုပါတယ်။
ဒါကြောင့်  တမလွန်ကဆွေမျိုးတွေအတွက် ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတမ်းပေးဝေခြင်းဟာ သူတို့အတွက် ကောင်းကျိုးချမ်းသာရနိုင်တယ်၊ တမလွန်ဘဝက ဆွေမျိုးတွေရဲ့ အရေးကို စဉ်းစားမယ်ဆိုရင် ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတမ်းပေးဝေခြင်းသည်သာလျှင် မှန်ကန်သော နည်းလမ်းဖြစ်တယ်ဆိုတာကို သိရှိပြီး ကြိုးစားအားထုတ်နိုင်ကြပါစေလို့ ဆရာတော်ကြီးက ဆုံးမလမ်းညွှန်တော်မူခဲ့ကြောင်းပါဗျာ။


ငြိမ်းချမ်းသာ
ရည်ညွန်းကိုးကား/
၁။ တမလွန်ဘဝမှ ဆွေမျိုးများအရေး၊ ဒေါက်တာနန္ဒမာလာဘိဝံသ
၂။ ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသော မေးခွန်းနှင့်ပြဿနာများ (ဒဂုန်ဦးစန်းငွေ) စာ-၃၃၁၊ ၃၃၂]
၃။ သုခမှတ်စု

   


မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး တောထွက်များ ဈေးကောင်းမရလေသော စစ်ကိုင်းတောင်နေ့ရက်များ

 

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
တောထွက်များ ဈေးကောင်းမရလေသော စစ်ကိုင်းတောင်နေ့ရက်များ


ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ မှော်ဘီမြို့၊ ဖူးကြီး သံသုမာရတောင်ကနေ စစ်ကိုင်းတောင်ကို ၁၃၄၈ ခုနှစ်မှာ ပြောင်းရွေ့သီတင်းသုံး တော်မူပါတယ်။ ၁၃၄၈ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ကနေ ၁၃၄၉ ခုနှစ် တန်ဆောင်မုန်းလဆန်း ၉ ရက်နေ့အထိ စစ်ကိုင်း အရှေ့ပရက္ကမချောင်မှာ သီတင်း သုံးတော်မူခဲ့တာပါ။

အရှေ့ပရက္ကမချောင်မှာ သီတင်းသုံးစဉ်အခါက မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ သက်တော်ဟာ (၄၅) နှစ်ဖြစ်ပြီး ဝါတော်ဟာ (၆) ဝါ ဖြစ်ပါတယ်။

အစကတည်းက ယဉ်သကိုးဆိုသလိုပဲ အရှေ့ပရက္ကမချောင်ရောက်စမှာပဲ
'တောထွက်ဆိုတာ သိမ်ကထွက်ကတည်းက ခေါင်းရင်းတက် တင်ပလ္လင်ခွေ ထိုင်ချင်တာမျိုး'
'အခုခေတ်ရဟန်းများက ရဟန်းအမည်ခံပြီး ရသေ့အလုပ်မျိုး လုပ်ကြတာချည်းပဲ' ...စသည့် နှုတ်ခွန်းဆက်ဆုံးမစကားများကို စကြားရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဝါးချက်က ဆွမ်းခံပြီးအပြန် သံဃာတော်(၁ဝ)ပါးမျှကို ဦးဆောင်တော်မူလာတဲ့ တောင်ပေါ်နေ ဆရာတော်ကြီးတစ်ဦးနှင့် ထိပ်တိုက်တွေ့မိရာမှာလည်း တောထွက်လား၊ ငယ်ဖြူလား နောက်ပါရဟန်းများကိုမေးရာ တောထွက် ကြီးဖြေသံကြောင့်
'အံမာ၊ တောထွက်ကများ ဣန္ဒြေဆည်လို့' ထိုသို့ မိန့်မြွက်ပြီး ငါတို့နှင့် ဝါးနှစ်ပြန်မျှရောက်လေသောအခါတွင်ကား ငါတို့အား စိမ်းစိမ်းဝါးဝါး ရှုကြည့်တော်မူကာ လက်တွင်းရှိ တောင်ဝှေးကြီးဖြင့် မြေကြီးသို့ တအား ဆောင့်ထိုးထိုး၍ လမ်းဖယ်ပေးရန် အရေးဆိုပါချေတော့၏'(ဘဝကန္တရသင်္ကေတကထာ-စာ ၃၁ဝ)
 
ဒါတွေက အရှေ့ပရက္ကမချောင်ရောက်ဦးစမှာ ကြုံရတဲ့ လောကဓံတွေပါ။ ဆရာတော်ကြီးက 'စစ်ကိုင်းတောင်ကား တောထွက်များ ကြေးမရသော တောင်ပေတကား'လို့ မှတ်ချက်ပြုပါတယ်။ ဒါပေမယ့် အရှေ့ပရက္ကမဂူကြီးမှာ တိတ်ဆိတ်မှု၊ လူတွေ့မခံမှု၊ လူဝင်မခံမှုများရဲ့ ကျေးဇူးပြုမှုနဲ့အတူ ရောက်စ ရက်များမှာ ဂူရဲ့တိတ်ဆိတ်မှုနဲ့ အမှတ်စိတ်ချိတ်တွဲမိနေတာကြောင့် ပျော်ရွှင်နေစွာ သီတင်းသုံးဖြစ်နေတယ်လို့ ဆိုပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ အရှေ့ပရက္ကမချောင်မှာ သီတင်းသုံးစဉ်မှာလည်း ခုလိုကျင့်ကြံတော်မူခဲ့ပါတယ်။

'နံနက် ၇ နာရီတိတိအချိန်သည် ဆွမ်းခံထွက်ချိန်၊ ဂူထွက်ချိန်။
ဆွမ်းခံအထွက် ဂူအထွက်ကား ဝါးချက်(၇)ရက်၊ ရွာထောင်ဘက်လည်း (၇) ရက်။
ဆွမ်းခံပြန်ရောက်သော် မိမိတစ်ပါးစာကိုချန်လှပ်၍ ရသမျှ ထိုချောင် သံဃာသို့သာ ဦးတိုက်လှူ၏။ ဝါတွင်းကာလကား ဝါးချက်ရွာ အလှည့်တွင် သပိတ်ပြည့်၊ အိတ်ပြည့်။ ဝါပကာလ၌ကား သပိတ်မစို၊ အိတ်မစို။ ရွာထောင် (ဒီဇယ်စက်ပြင်တို့နေရာတန်းလျား)ကား ဝါးတွင်း၊ ဝါပမရှိ။ အချိန်မရွေး အပြည့်။

ထို ရဆွမ်းနှင့်တကွ ယာဝ၊ ကာမ၊ ကာလိက အားလုံး လှူထားခဲ့ပြီးမှသာ ဂူသို့ ဝင်ခဲ့၏။ နောင်သော် ဝါပကာလ၏ ဝါးချက်အထာမသိသေးသည့်အလျောက် ဤဆွမ်းအုပ်အပြည့်လှူပြီးမှ ကျန်သမျှကို ငါသုံးအံ့ အဓိဋ္ဌာန်လျက်က သာရဏိယကျင့်ဝတ်ကို  ဆောက်တည်ခဲ့၏။'(၎င်း၊ စာ-၃၁၂)

အဲဒီလိုကျင့်ကြံရင်းကပဲ အတူနေသီတင်းသုံးဖော်နှင့် ဝါသနာမတူခြင်း၊ ဂူ၏ဖိအားဒဏ်တွေနဲ့ အာဟာရမဲ့တိုက်ကွက်တို့ကြောင့် မချိမဆန့်ရှိလှတယ်လို့ ဘဝကန္တရသင်္ကေတကထာစာအုပ်ကြီးထဲမှာ ရေးသားတော်မူခဲ့ပါတယ်။
ဒီစာစုမှာတော့ ကျန်တဲ့အကြောင်းအရာတွေကို ချန်လှပ်ထားပြီး အာဟာရမဲ့ တိုက်ကွက်ဆိုတဲ့အကြောင်းကို ပြောချင်ပါတယ်။

'တစ်ဖန် အာဟာရကား တစ်ဆောင်းတစ်နွေလုံးလုံး ဝါးချက်အလှည့်တွင် (၁၅)ဦးမှ (၂ဝ)အတွင်းသာ ကျန်ရှိတော့ရကား သပိတ်တစ်ဝက်ပင် မရှိပြီ။ ထိုအားလုံး မိမိရှေ့ချပေးထားသော ဆွမ်းလှယ်အုပ်တစ်အုပ်ပြည့်သဖြင့် ပိုလျှံ မှသာ စားမည်အဓိဋ္ဌာန်ကြောင့် (၇) ရက်လုံးလုံး အစာကင်းပြတ်ခဲ့ရ၏။ ရံတစ်ခါ ဘယာကြောက်လေး နှစ်ခုသုံးခုမျှဖြင့်။ ရံတစ်ခါ ဘီစကွတ်လေး နှစ်ချပ် သုံးချပ်မျှဖြင့်။ အကယ်တိတိ (၁၅)ဦးပင် မပြည့်လာသော် ထို သစ်သီးဆွမ်း၊ မုန်ဆွမ်းပင် မသုံးဆောင်တော့ပြီ။ ဆွမ်းလှယ်ပြီးစီးပြီး၏နောက်ပိုင်း သရက်ပင် အောက် စောင့်ဆိုင်းကာ လောင်းသူရှိက စားခွင့်ရလာသေး၏။ ရံတစ်ခါသာ။
သို့ကြောင့် ငါ၏ဝမ်းဗိုက်တွင်းရှိ အစာအိမ်ဟောင်း,သစ်များ၊ အူကြီးအူငယ်များ မကောင်းကြတော့ပြီ။ သောက်သုံးရေကား ထုံးဓာတ်ရေ၊ အဟာရကား နတ္ထိ။ ငါ့ဝမ်း ကုစ္ဆိ  နွမ်းရိရိတည်း။' (၎င်း၊ စာ-၃၁၇)

မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ အရှေ့ပရက္ကမချောင်မှာ သီတင်းသုံးစဉ် မှာ ဆွမ်းခံပြီး ရသမျှဆွမ်းကို တစ်ပါးစာကိုချန်လှပ်ပြီး ကျန်သည်များကို ထိုချောင် သံဃာသို့သာ ဦးတိုက်လှူဒါန်းခြင်းကိုပြုလုပ်ခဲ့ပါတယ်။ အဲဒီကမှတစ်ဆင့်  ဆွမ်းအုပ်အပြည့်လှူပြီးမှ ကျန်သမျှကိုသာ သုံးမယ်ဆိုတဲ့ အဓိဋ္ဌာန်ကို ထပ်ဆင့် မြှင့်တင်ခဲ့ပါတယ်။ အဲဒီမှာ ဆွမ်းအုပ်မပြည့်တာကြောင့် (၇) ရက်တာကာလပတ်လုံး ရေဖြင့်ပြီးခဲ့ရသည်များ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထုံးဓာတ်များတဲ့ရေကြောင့်ပဲ အစာအိပ်ပေါက်တယ်လို့ဆိုပါတယ်။ အဲဒီအကြောင်းကိုတော့ မြကျောက်ဆရာတော်ကြီးနဲ့ မဟာမြိုင်တောကြီးအတွင်း ဒုတိယ အကြိမ်တွေ့ဆုံရာမှာ နိုင်ငံခြားသာသနာပြုဖို့ လျှောက်ထားတဲ့ ဒကာမတစ်ဦးကို ကျန်းမာရေးအကြောင်း မိန့်ကြားရင်း ပြောပြခဲ့တာဖြစ်ပါတယ်။

'စစ်ကိုင်းတောင်အကြောင်း သိကြပါလိမ့်မယ်၊ ထုံးကျောက်တောင်ကြီးပါ။  ထုံးရေသောက်တော့  သမီးရေ .. မခံနိုင်တော့ဘူးကွဲ့။ နောက်ဆုံး အစာအိပ်တွေအကုန်လုံး ခြစ်ခြစ်တောက်ပူပြီး ဝမ်းယားမှောက်နေရတယ်။ ဝမ်းသွားရင်  သွေးပါပြီ သမီးရဲ့။'
    ဆရာတော်ကြီးဟာ အဲဒီရောဂါကြောင့်ပဲ ဟောရပြောရတာများရင် နားတွေ တဝီဝီဖြစ်ပြီး အစာအိပ်က ဖောက်ပြန်နေတာတွေကလည်း မျက်လုံးမှာ အကွက်လိုက် အကွက်လိုက် လာပေါ်နေတတ်တယ်လို့ ဆိုပါတယ်။ ဓာတ်မှန်ရိုက် စစ်ဆေးကြည့်တဲ့အခါမှာလည်း အစာအိပ်အားလုံးဟာ ထုံးလောင်ထားတဲ့ ဒဏ်ကြောင့် ရစရာမရှိအောင် ပေါက်ပြဲနေတယ်လို့လည်း မိန့်ကြားတော်မူပါတယ်။  ဒါ့အပြင် ဆရာတော်ကြီးဟာ ၄ ရက်လောက် ဆက်တိုက်တရားဟောရင်ကိုပဲ အစာအိပ်ကပူလာပြီး ညဘက်ဆို မျက်စိများ ကျိန်းလာတတ်တယ်လို့လည်း သိရပါတယ်။ နာခေါင်းမွှန်လာရင် ဘာမှလုပ်လို့ မရဘူးလို့လည်း ဆိုပါတယ်။

'ပြောရင်တော့ တို့မှာ ယဲ့ယဲ့ရှိတယ်သမီး။ စိတ်ဆောင်ထားတာ သမီးရ။ ခန္ဓာကိုယ်ကတော့ သိပ်မကောင်းဘူးကွဲ့။'လို့ ဆရာတော်ကြီးဟာ သူ့ရဲ့ကျန်းမာရေး  အခြေအနေကို မိန့်ကြားတော်မူပါတယ်။

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ အကျင့်စခန်းကိုကြည့်မယ်ဆိုရင် ၂၄ နာရီပတ်လုံး အားထုတ်တော်မူခဲ့သည်များလည်းရှိခဲ့ပါတယ်။
(မဟာမြိုင်တောကြီးအတွင်း သီတင်းသုံးစဉ် ၁၃၆၆ ခုနှစ်၊ တော်သလင်း လပြည့်နေ့ကာလများ) အရှေ့ပရက္ကမချောင်မှာ သီတင်းသုံးစဉ်ကလည်း ၇ ရက်လုံးလုံး ဆွမ်းငတ်ခဲ့ပါလျက် အဓိဋ္ဌာန်ကိုမဖျက်ဘဲ ရောဂါကိုအန်တုရင်း တရားဓမ္မကို အကျင့်မြတ်ဖြင့်ဖွေရှာခဲ့သည်များကို ကြည်ညိုဖွယ် သိရှိရတယ်။ ဒါတွေဟာ ဆရာတော်ကြီးရဲ့မြတ်သောအကျင့်များကို ကြည်ညိုနိုင်စေရန် အတွက် မြင်သာရုံထုတ်နှုတ်ပြတဲ့ အကျင့်များမျှဖြစ်ပြီး မဟာဗောဓိမြိုင်ဆရာ တော်ကြီးရဲ့ အကျင့်စခန်းနဲ့ အဓိဋ္ဌာန်ပါရမီဖြည့်ကျင့်ပုံများကို လေးစားအားကျလျက် ဤစာစုဖြင့် ဆရာတော်ကြီးရဲ့ ခြေတော်စုံကို ဦးခိုက်ပူဇော်လိုက်ရပါတယ်။

ငြိမ်းချမ်းသာ
စာပြီးရက်စွဲ/- ၉-၁၁-၂ဝ၁၉
ရည်ညွှန်းကိုးကား/-
၁။    ဘဝကန္တရသင်္ကေတကထာ (၂ဝ၁၂)   

   

   
   
   

   
   
   

Sunday, November 10, 2019

Facebook ပေါ်က အကုသိုလ်

 

 Facebook ပေါ်က အကုသိုလ်


တချို့ အလကားနေရင်း ရန်လုပ်ကြတယ်။ အပြင်မှာ ရန်မလုပ်ရရင် 
ဖေ့ဘွတ်ကနေ ရန်လုပ်တယ်။ အလကားနေရင်း ပွတ်ပြီးနှိပ်နေတာပဲ။
ပါးစပ်နဲ့မဆဲဘဲ ဖေ့စ်ဘွတ်မှာရေးပြီး ဆဲတာ။ ဘယ်သူ့ဆဲရမတုံး ဆဲလိုက်။ ဘယ်သူ့ အတင်းပြောရမတုံး ပြောလိုက်၊ အဲဒါတွေဟာ အကုသိုလ်တွေ ဖြစ်နေတာပဲ။

တကယ်တော့ ပါးစပ်နဲ့ဆဲရင် ဝစီကံ၊ ဝစီကံကို 'ဝစီဒွါရ' ပါးစပ်နဲ့ဖော်ဆောင်တာရှိသလို၊   'ကာယဒွါရ' ကိုယ်အပြုအမူနဲ့ ဖော်ဆောင်တာလည်း ရှိတယ်။
ဥပမာ ပါးစပ်နဲ့ မဆဲဘူး။ ဖေ့စ်ဘွတ်မှာ ရေးဆဲတယ်။ အဲဒါ ကာယဒွါရ ဝစီကံ အကုသိုလ်။

ဝစီဒွါရ မုသာဝါဒ၊ ကာယဒွါရ မုသာဝါဒ။
ဝစီဒွါရ ဖရုဿ ဝါစာ၊ကာယဒွါရ ဖရုဿဝါစ။


ရဟန်းတွေမှာဆို ပါရာဇိကကျတဲ့အထိ ဖြစ်နိုင်တယ်။ သေခြင်းတရားကို ချီးမွမ်းပြီး စာရေးမယ်ဆိုရင် အဲဒါကို သဘောကျပြီး သေသွားရင် အပြစ်ဖြစ်တယ်။
'မရဏဝဏ္ဏံ ဝါ သံဝေဏ္ဏယျ'ဆိုတဲ့ အပိုဒ်ပါတယ်။

လိမ်ရာမှာလည်း အတူတူပဲ။ ပုံမှန်ပါးစပ်နဲ့ပြောပြီးလိမ်တာ 'ဝစီဒွါရ ဝစီကံ'။ စာရေးပြီး ဖေ့စ်ဘွတ်က လိမ်တာ 'ကာယဒွါရ ဝစီကံ'။ ဖော်ဆောင်တာကို ဒွါရ ခေါ်တယ်။ ကိုယ်ကာယနဲ့ ဖော်ဆောင်တယ်။ လက်ညှိုးကလေးနဲ့ တို့လိုက်ရင် အဲဒါ ဆဲရေးခြင်းကိစ္စ၊  လိမ်ခြင်းကိစ္စ အထမြောက်သွားတယ်။

လူတွေလမ်းလွဲအောင် မဟုတ်တာတွေ လျှောက်ရေးရင် ဒါဟာ သမမ္ဖပ္ပလာပဝါစာ။
စိတ်က ဖြောင့်မတ်မှန်ကန်မှုမရှိရင် စိတ်ကတွေးသမျှ၊ နှုတ်ကပြောသမျှ ကိုယ်က လုပ်သမျှ အကုသိုလ်ချည်းပဲ။ ဒီအကုသိုလ်ဘယ်သူ ခံရမလဲ။ လုပ်သူပဲခံရမှာ။




#Thuwannashan


#ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘဝခရီးနှင့် ဓမ္မဆီမီး၊ စာ ၅၁၀  မှ




Saturday, November 9, 2019

မဟာဗောဓိမြိုင်ဆရာတော်ကြီး လောကဓံမှန်သမျှ မေတ္တာဖြင့်သာ ခုခံကျော်လွှားမည်

 

မဟာဗောဓိမြိုင်ဆရာတော်ကြီး
လောကဓံမှန်သမျှ မေတ္တာဖြင့်သာ ခုခံကျော်လွှားမည်


ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး မဟာမြိုင်တောကြီးမှာ သီတင်းသုံးစဉ်အခါက သဲဖြူဆရာတော် ဆရာတော်ကြီးထံတော်ပါး သွားရောက် ပြီး သြဝါဒခံယူခဲ့တဲ့ ဗီဒီယိုဖိုင် ကလေးကို ဖူးမြော်ကြည်ညိုခဲ့ရဖူးပါတယ်။ အဲဒီရုပ်သံဖိုင်မှာ မဟာဗောဓိမြိုင် ဆရာတော်ကြီးက သာသနာပြုရာမှာ ခန္တီနဲ့ မေတ္တာအရေးကြီးကြောင်းကို မိန့်မှာတော်မူတာကို နာကြားခဲ့ရပါတယ်။

ဆရာတော်ကြီးက - ''သစ္စာကတော့ လိုအပ်မှဆိုတာ ကောင်းပါတယ်ဘုရား၊
တပည့်တော်တို့ကတော့ ဆိုခဲ့ဘူး။ ဆိုလေ့ဆိုထမရှိဘူး။ သစ္စာက အနိုင်ကျင့်တာကိုးဘုရား။ ကိုယ်လုပ်ချင်တာကို ရှေ့က အဆီးအတားရှိနေရင် သစ္စာနဲ့ ဖြတ်သန်းရတာကိုး။ ဖြတ်ကျော်ရတာကိုး။ ဘုရားတပည့်တော်က လုပ်လေ့လုပ်ထ မရှိဘူး။ တပည့်တော်က ငုံ့ခံတဲ့အမျိုး။ လာချင်တာလာ ငုံ့ခံတာ။

ခန္တီနဲ့ မေတ္တာအရေးကြီးဆုံးပါဘုရား။ ခန္တီမေတ္တာ တာဝန်ယူတာ သီလပါ ဘုရား။ သီလအားကောင်းလေ ခန္တီမေတ္တာတက်လေပဲ အရှင်ဘုရားရဲ့။ သူ့တာ ဝန်က သီလနော်။ သီလဆိုရင် သမာဓိ၊ပညာ ပါပြီးသားပါ'' လို့ မိန့်မှာတော်မူပါတယ်။

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ 'သူ့ကိုယ်သူ ဘာလုပ် လုပ် တဇွတ်ထိုးစိတ်ဖြင့် အစွန်းထွက်အောင် လုပ်ဆောင်မည့်သူ၊ ဘယ်သူဘာ ပြောပြော ငါသဘောမကျ တစ်ပြားသားမျှ မလိုက်လျောတတ်မည့်သူ'လို့ ဖွင့်ဆိုတော်မူကြောင်း ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလိုတစ်ဇွတ်ထိုးစိတ် ရှိသူတစ်ဦးရဲ့ ပုတီးသမားခရီးအစမှာ အတိုက်အခိုက်အဟန့်အတားကို သစ္စာနဲ့ ဖြတ်ကျော်ခဲ့ဖူးရာက တစ်စုံတစ်ခုသောအကြောင်းကြောင့် မေတ္တာနဲ့ ခန္တီကို ကူးပြောင်းခဲ့တာဖြစ်တယ်လို့ ဆရာတော်ကြီးကိုယ်တိုင်ရေးသားတဲ့ ဘဝကန္တရ သင်္ကေတကထာမှာ ရေးသားဖော်ပြထားပါတယ်။

၁၃၃၈ ခုနှစ် ဝါခေါင်လ၏ဥပုသ်တစ်နေ့မှာ ရန်ကုန်မြို့၊မိုးကောင်းစေတီ၂ တွင် အဓိဋ္ဌာန်ဝင်ခဲ့စဉ်က ဖြစ်ပါတယ်။ မိုးကောင်းစေတီ စနေထောင့်မှာ အရဟံ သိဒ္ဓိဂုဏ်တော် ၂၇ ပတ် စိတ်ဖို့ အဓိဋ္ဌာန်တင်ပါတယ်။ အဲဒီမှာ ပုတီးစိတ်လို့ မရအောင် အနှောင့်အယှက်များက ဟန့်တားကြုံရပုံကို အခုလိုရေးထားပါတယ်။

'အနောက်ဘက်မျက်နှာမှ စေတီတော်နှင့်ကပ်လျက်တည်ရှိသော အာရုံခံတန်ဆောင်တွင်း၏  စေတီတော်စနေထောင့်နှင့် နီးရာဘက်မှ ဝင်ရောက်က အဓိဋ္ဌာန်ပုတီးစိပ်၏။  မရလေ။ တစ်ပတ်မပြည့်မီ စိတ်လွတ်လျက်ကသာ ရှိ၏။ ပိုကြိုးစား၏။ ပိုမရ။ တိုးကြိုးစားပြန်၏။ ပိုဆိုး။ ကြာသော် ဒေါသဖြစ်လာ၏။ ဒါ အနှောက်ဖြစ်ရမည်။ တစ်ဖက် စွဲချက်တင်မိ၏။

 ငါသည် ယခုအဓိဋ္ဌာန် ဖျက်သိမ်းလိုက်ပြီ။ ငါသည် သည့်ထက်အားကောင်း အောင် ကြိုးစားမည်။ ငါ အားကောင်းလာသော ထိုတစ်နေ့ သည်နေရာ သည်ဂုဏ်တော် သည်ပုတီးပတ်ရေအတိုင်း ဆက်ဆက်လာရောက် အားထုတ် မည်။ ယခုသွားပြီ'
    ဤသို့စိတ်ဖြင့် ကြုံးဝါးပြီး အိမ်ပြန်လာခဲ့၏။ မကျေမချမ်းစိတ်က လမ်း တစ်လျှောက်မှ အိမ်အထိ လွှမ်းမိုးလာ၏။'
(ဘဝကန္တရသင်္ကေတအထာ၊ စာ-၁၅ဝ)

ဆရာတော်ကြီးဟာ အဲဒီညမှာပဲ ထူးဆန်းတဲ့ အိပ်မက်ကို မြင်မက်ခဲ့ကြောင်း  ရေးသားခဲ့ပါတယ်။ အိပ်မက်ကတော့ 'မိုးကောင်းဘုရားဝန်းမှာ ဒေါ်စံပမယ်ဆိုတဲ့ ယောဂီဝတ်စုံပြည့်နဲ့ မိန်းမကြီးတစ်ဦးက 'မီးလောင်နေပြီ ထီးယူခဲ့ကြပါ'လို့ ဆိုကြောင်း၊ ဘုရားတစ်ဝန်းလုံးလည်း မီးလောင်နေတာကို အထင်သားတွေ့ရ ကြောင်း၊ ဇနီးဖြစ်သူက မိန်းမဆောင်းထီးပို့ ဖို့ပြောရာမှာ မပို့နဲ့လို့ ဦးငြိမ်း (ဆရာတော်ကြီး)က နေ့လည်က မကျေနပ်စိတ်နဲ့ဆိုကြောင်း၊ အဲဒီအချိန်မှာပဲ 'မီးလောင်နေတုန်း ဝေဒနာပရိတ်မရွတ်ဖတ်ရဘူး။ စနေထီးရိုး မီးညွန့်ကျိုးအောင် သဲမိုးကြီးရွာချတော်မူပါဘုရားလို့ ဆိုရတယ်' လို့ အကြံပေးသံ ကြားခဲ့ရကြောင်း၊ နောက်တော့ ရွှေတိဂုံ နောင်တော်ကြီးက ယောကျ်ားဆောင်း ဖဲထီးကလေးတစ်လက်ပွင့်လျက်က မိုးကောင်းစေတီသို့ ကောင်းကင်မှ ပျံတက်လာပြီး မီးခဏချင်း ငြိမ်းအေးခဲ့တယ်' ဆိုပြီးဖြစ်ပါတယ်။

    'အိပ်မက်ကား ယမန်နေ့ကိစ္စက မိုးကောင်းဘုရားတွင်းမှာ ဖြစ်ပေါ်ခဲ့သော ကိစ္စကို သတိပေးခြင်းဖြစ်၏။ ငါမှားတာလည်းပါ၏။ သူတို့ခံရတာလည်းပါ၏။ စိတ်မကောင်းမိ။ နောက်ရက် ဆက်၍သွားရောက်ဖြေသိမ့်ရန် ဆုံးဖြတ်လိုက်၏။ နောင်အခါ ဤကဲ့သို့ စိတ်လိုက်မာန်ပါ မဆင်မခြင် မပြုကျင့်မိစေ ရန်လည်း သတိပြုမိ၏။ မည်သည့်ကိစ္စမဟူ တိုးဝင်လာသော လောကဓံမှန်သမျှ မေတ္တာဖြင့်သာ ခုခံလျက်က ကျော်လွှားမည်ဟူ၍ စိတ်မှလည်း ကြံ၏။ နှုတ်အားဖြင့်လည်း အဓိဋ္ဌာန်၏။

နောက်ရက်တွင်ကား ထိုနောင်တော်ကြီးမှတစ်ဆင့်သာ မိုးကောင်းသို့ သွားခဲ့၏။ မီးဆို ဖယောင်းတိုင်ပင် မပါတော့။ သပြေပန်းစီး လက်ကကိုင်လျက်က စေတီတော်ကြီး၏ စနေထောင့်ကနေ အဓိဋ္ဌာန်ဝင်၏။ ပုတီးအပတ် ၂၇၊ အရဟံ ဂုဏ်တော်ဖြင့်။

လားလား ... ငါ့ရှေ့၌ မှောက်လျက်သား လုံးကြီးပေါက်လှကလေးမ၊ သူ့ကျောပြင်မှာ အရှိုးအဖုဒဏ်ရာတွေနှင့်။ တစ်ကိုယ်လုံးစပ် ထပ်နေပါရောလား။ ငါတို့ စိတ်မကောင်းတော့ပြီ။ မဆင်မခြင် ငါပုတ်ခတ်ဒဏ်သည် တစ်ဖက်၌ မရှုမလှ ခံနေရရှာချေပြီ။

သစ္စာလက်နက်သည် နေကဲ့သို့ ပူပြင်း၍ ဓားတစ်စင်းကဲ့သို့ ရှတတ်သော သဘောကို ငါတို့ နားလည်၍လာ၏။ သို့ကြောင့် သာသနာ့ကိစ္စ အခက်ကြုံလျက်က အကျဉ်းအကျပ်တွေ့သော်မှလည်း  မေတ္တာဖြင့်သာ ကျော်လွှားတော့၏။ ငါ့အခက်အခဲကြောင့်  တစ်ဖက်စိတ်မဆင်းရဲပါစေနှင့်။ ငါ၏ မပြေသေးသောကြွေး မေတ္တာဖြင့်သာ ပေးဆပ်ချေတော့၏။ စင်စစ် တစ်ကိုယ်ကောင်းဆန်ဆန် ကိုယ့်ကိစ္စနှင့် ကိုယ်ကောင်းဖို့ရာသာ ကြံခြင်းသည် သူတော်ကောင်းတို့၏ သဘောထားမှန် မဟုတ်ပြီ'
(ဘဝကန္တရသင်္ကေတကထာ၊ စာ-၁၅၁)

ဒါကတော့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး သစ္စာကို လက်ကိုင်ထားရာမှ မေတ္တာနဲ့ ခန္တီကိုသာ လက်ကိုင်ထားကျင့်သုံးတဲ့ဘဝကို ကူးပြောင်းခဲ့တဲ့ အဖြစ်အပျက်ပဲဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ မဟာမြိုင်တောကြီးထဲကို ၁၃၆၅ တန်ခူးလဆန်းမှာ ရောက်ရှိခဲ့ပါတယ်။ အဲဒီနှစ်များ သဲဖြူဆရာတော်က သွားရောက်ဖူးမြော်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီမှာ မဟာဗောဓိမြိုင် ဆရာတော်ကြီးပေးတဲ့သြဝါဒက 'သစ္စာကိုလိုအပ်မှသုံးဖို့၊ မေတ္တာနဲ့ ခန္တီကို နာနာသုံးဖို့'ဖြစ်ပါ တယ်။ အဲဒီအချိန်ဟာ မိုးကောင်းဘုရားမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်နဲ့ နှစ်ပေါင်း ၃ဝ နီးပါးကြာခဲ့ချိန်လည်းဖြစ်ပါတယ်။ သြော် နှစ်ပေါင်း ၃ဝ နီးပါကြာချိန်တောင် အဓိဋ္ဌာန်က တည်မြဲတည်လျက်။ ကြည်ညိုဖွယ်ကောင်းလှပေရဲ့။

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ မပြေသေးသောကြွေးမှန်သမျှ  မေတ္တာဖြင့်သာ ပေးဆပ်မည်ဆိုတဲ့ စိတ်ထားနှင့် မိမိရည်စူးထားတဲ့ အဓိဋ္ဌာန်ပါရမီကို အလေးအမြတ်ထား စောင့်ထိန်းကျင့်ကြံတော်မူခဲ့ပုံများဟာ ကြားသိမြင်တွေ့ရသူတို့အဖို့ အံ့သြမကုန်၊ ကြည်ညိုမဝ ဖြစ်ရပ်များဆိုလျှင် မှားမည်မထင်ဟု ဆိုချင်ကြောင်းပါဗျာ။

ငြိမ်းချမ်းသာ
၈-၁၁-၂ဝ၁၉
   
ရည်ညွှန်းကိုးကား/-
၁။    ဘဝကန္တရသင်္ကေတကထာ (၂ဝ၁၂)   


ရဟန်းများကို ပြစ်မှားသော ကံ

 

ရဟန်းများကို ပြစ်မှားသော ကံ

အရိယူပဝါဒအန္တရာယ်

ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ်။ အရိယာပုဂ္ဂိုလ်မှန်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ယုတ်မာသော စိတ်ထားဖြင့် စွပ်စွဲကဲ့ရဲ့ခြင်းကို ခေါ်ပါတယ်။ ခုအခြေအနေဟာ ရဟန်းတွေကို ဘာသာခြားတွေတင်မက ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင်  ပုတ်ခတ်စော်ကားပြောနေကြပါတယ်။ ဘာသာခြားတွေကို မပြောလိုတော့ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေအတွက် ပြောချင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ပန်းတိုင်းဟာ နိဗ္ဗာန်မဂ်ဖိုလ်ရဖို့ပါ။ ရောက်အောင်လည်း ကြိုးစားအားထုတ်နေတဲ့သူတွေ ရှိပါတယ်။ မိမိကိုယ်တိုင်မဂ်ဖိုလ်ရော်ကကြောင်း တရားကျင့်နေပြီဆိုရင်တော့ ဒီကံမထိုက်အောင် ကိုယ့်နှုတ်ကို ထိန်းကြပါ။

ဒီကံထိုက်သွားရင်တော့ တရားအားမထုတ်နဲ့တော့ မရတော့ပါဘူး။ လူ အရိယာ၊ ရဟန်းအရိယာကို သူတို့မှာ တရားမရှိဘူး၊ ရဟန်းကိုလည်း ရဟန်းမဟုတ်ဘူး၊ ရဟန်းတရားမရှိဘူးလို့ သိသိ၊ မသိသိစွပ်စွဲပြောရင် အရိယူပဝါဒအန္တရာယ် ထိုက်ပါတယ်။
ဒီကံဟာ သိပ်ကြောက်စရာကောင်းပါတယ်။ ဒါကြောင့် သူများဆိုရင် အပြစ်မပြောတာ အကောင်းဆုံးပါ။ ကိုယ် အပြစ်ပြေလိုက်တဲ့သူဟာ အရိယာမဟုတ်သည့်တိုင် ကောင်းကောင်းမွန်မွန်နေပြီး သီလစောင့်တဲ့ ပုဂ္ဂိုလ်ဖြစ်နေရင်လည်း အရိယူပဝါဒကံနီးပါ အပြစ်ကြီးတယ်လို့ဆိုပါတယ်။

တစ်ခုရှိတာက လူတွေအနေနဲ့ ဝိနည်းဆိုတာ တကယ်နားမလည်ကြဘဲ ကြားဖူးနားဝရှိရုံလေးနဲ့ ဘုန်းကြီးတစ်ပါး၊ ညစာ စားထားတာမြင်တယ်၊ပွဲကြည့်နေတာမြင်ပြီး လွှတ်ခနဲ 'ညစာစား၊ ပွဲကြည့်နေတာ ဘယ်ဘုန်ကြီးဟုတ်မလဲ' မပြောမိပါစေနဲ့။ ညစာစား၊ ပွဲကြည့်၊ အရက်သောက်သောက် ဘုန်းကြီးဟာ ဘုန်းကြီးပါပဲ။
ဘုန်းကြီးမဟုတ်ဘူးလို့ သွားမပြောမိစေနဲ့။ မကောင်းတဲ့ ဘုန်းကြီးကတော့ ဟုတ်တယ်ပေါ့။

 ဘုန်းကြီးမဟုတ်ဘူးဆိုတာ ပါရာဇီကကျမှ (၁)မေထုန်မှီဝဲ၊ (၂)သူများပစ္စည်းခိုး (၃) လူသတ် (၄) ကိုယ့်မှာ မရှိတဲ့ ဈာန်မဂ်ဖိုလ်ရှိတယ် လိမ်ပြောမှ ဘုန်းကြီးမဟုတ်တာ။ တခြားသိက္ခာပုဒ်ကျူးလွန်ထားရင် ရဟန်းတော့ ရဟန်းပါပဲ၊  တခြားကျူးလွန်ထားတာတွေကို ကုစားရင် ရပါတယ်။ ဒေသနာကြားတယ်၊ ဒဏ်ထမ်းတယ်ခေါ်တယ်။ လိမ်ပြောရင်တောင် ပါစိတ်အာပတ်သင့်ပြီး အာပတ်ဖြေရင် ရပါတယ်။ ရဟန်းကို ရဟန်းမဟုတ်ဘူးလို့ ပြောတာဟာ ဒီကံနီးပါး အပြစ်ကြီးတယ်။ အရိယာဖြစ်နေရင်တော့ ပိုဆိုးတာပေါ့လေ။

လူတွေအနေနဲ့ အလွန်ဆုံးဆောက်တည်နိုင်ရင် (၁ဝ)ပါးသီလ၊ ဒီထက် (၈)ပါး၊ (၅)ပါးပဲ။ (၅)ပါးသီလတောင် အခုခါမှာ အနိုင်နိုင်ထမ်းကြရတယ်။ ရဟန်းဆိုတာ သိက္ခာပုဒ်တွေ ကျူးလွန်နေဦးတော့ သူ့မှာ အများကြီး ကျန်သေးတယ်။ ကိုယ့်ထက်တော့ များသေတယ်ပေါ့။ လူကနေ ဘုန်းကြီးတင်မဟုတ်ဘူး၊ ဘုန်း ကြီးအချင်းချင်း လည်း မပြောမိပါစေနဲ့။ အချင်းချင်းဆိုတော့ အပြစ်မရှိဘူး ထင်တတ်ကြတယ်။ ဟိုရဟန်းက ဈာန်မဂ်ဖိုလ်ရပြီးသားဆို ဘယ့်နှယ့်လုပ်မလဲနော်။ ဒါကြောင့် အရိယူပဝါဒအန္တရာယ်ဆိုတာ အလွန်ကြောက်စရာကောင်းတာကြောင့် သတိထားကြပါ။

- အဘိဓမ္မာသင်တန်း ပို့ချချက်များ၊ ဒုတိယတွဲမှ ကောက်နုတ်ချက်
ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘဝခရီးနှင့် ဓမ္မဆီမီး၊ စာ  ၅၇၂ မှ

Thursday, November 7, 2019

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဝတ်ကြောင်ကို လွတ်အောင်ရုန်းခဲ့ရပုံများ

 

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
ဝတ်ကြောင်ကို လွတ်အောင်ရုန်းခဲ့ရပုံများ

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဘဝအကြောင်းကို ပြောဆိုတဲ့နေရာမှာ ဆရာတော်ကြီးရဲ့ ပါရမီဖြည့်ဘက်ဖြစ်တဲ့ 'မစိန်မေ'အကြောင်းကိုလည်း အနည်းနဲ့အများဆိုသလို ပြောမှ ပြည့်စုံလိမ့်မယ် ထင်ပါတယ်။

မစိန်မေအကြောင်းကို ဆရာတော်ကြီးက အခုလိုရေးသားခဲ့တာတွေ့ရပါတယ်။
'ဇနီးသည်ကား အေးဆေးသူဖြစ်၏။ အရှက်အကြောက်ကြီး၏။ ရိုးဖြောင့်၏။ ကျွန်နှင့်တူသော မယားမျိုးလည်းဖြစ်၏။ အလိုရမ္မက်နည်းပါးလှ၏။ စိတ်ကောက်တတ်သည်မှတစ်ပါး အခြားသော အပြစ်တစ်စုံတစ်ရာ မရှိခဲ့။ အမြှောက် ကြိုက်တတ်သောငါနှင့် ကောက်သောသူ သဘောချင်းမတူဖြစ်သဖြင့်သာ အိမ်ထောင်ရေး ချမ်းသာသုခ မရခြင်းမျှသာရှိ၏။'
(ဘဝကန္တရသင်္ကေတကထာ၊ စာ-၁၅၇)
 ဦးငြိမ်းမောင်(ဆရာတော်ကြီးလူ့ဘဝကနာမည်)နဲ့ မစိန်မေတို့ဟာ သဘောထားခြင်း မတိုက်ဆိုင်ခဲ့ကြပါဘူး။ ဒါကြောင့်လည်းပဲ  ဦးငြိမ်းမောင်ဟာ ပုတီးသမားဘဝနဲ့ အဓိဋ္ဌာန်ခရီးများကို လျှောက်လှမ်းစဉ်မှာကတည်းက သံယောဇဉ်ကို တစ်ခန်းရပ်ခဲ့တာ တွေ့ရပါတယ်။
 'ကဲ မင်းနဲ့ငါ လမ်းခွဲကြစို့ရဲ့၊ သည်အချိန်ကစပြီး မင်းလည်း မင်းသွားလို ရာသွား ပျံလိုရာပျံ၊ ငါလည်းပဲ သွားလိုရာသွား ပျံလိုရာ ပျံတော့မည်' ပြော၍ လွတ်ပေးလိုက်၏။ ထိုနှစ်ကောင်တို့လည်း သွက်လက်ပေါ့ပါးစွာ ကောင်းကင် သို့ ပျံတက်သွားတော့၏။
 စာဝါလေးတစ်ကောင်ကား အင်္ဂါသူ ဇနီးသည်အတွက် ရည်စူးလျက်က၊ စာဝါလေး ကျန်တစ်ကောင်ကား အင်္ဂါသားဖြစ်သူ ငါ့အား ရည်စူးလျက်က။
(ဘဝကန္တရသင်္ကေတကထာ၊ စာ-၁၅၇)

အဲဒီကစလို့ ဦးငြိမ်းဟာ ဇနီးသည်နဲ့ လင်ခန်းမယားခန်း မပေါင်းသင်းတတ်တော့ဘဲ တစ်လမှာ ၂၇ ရက်က ကိုးပါးသီလနဲ့ နေထိုင်ခဲ့ပြီး ၂ ရက် ၃ ရက်မျှသာ လူလွတ်ဖြစ်ပြီး လင်စိတ်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုနဲ့ ၁၃၃၉ ခုနှစ် နယုန်လပြည့်ကျော် ၁၂ ရက်နေ့မှာ ဦးငြိမ်းမောင်ဟာ  ဇင်းကျိုက် ကေလာသတောင်ကို ရသေ့ဘဝနဲ့  အဓိဋ္ဌာန်စခန်း သွားရောက်ကျင့် ကြံခဲ့ပါတယ်။ [ကေလာသတောင်နဲ့ပတ်သက်ပြီးကလည်း 'ကေလာသတောင် နေရာရအေင် ဒူးမရမ်းနဲ့မောင်၊ ထူးဆန်းသည့်တောင် စိတ်သာချ ဝိဇ္ဇာ မ,မည့် တောင်' ဆိုတဲ့ တဘောင် ရှိတယ်လို့ ဆိုပါတယ်။] ကေလာသမှာ ၄၅ ရက်ကြာမျှသာ ကျင့်ကြံအားထုတ်ခဲ့ရပြီး ဇနီးသည်ခေါ်ရာ ပြန်ပါခဲ့ရကြောင်း ဆရာတော်ကြီးက သူ့ရဲ့ ဘဝကန္တ ရသင်္ကေတကထာစာအုပ်မှာ ရေးသားထားပါတယ်။

မစိန်မေဟာ တောထွက်သွားတဲ့ရသေ့ကိုပြန်ခေါ်ဖို့ ဂိုဏ်းဆရာများကို ငွေပေးငှားရမ်းခဲ့ပေမယ့် ဂိုဏ်းဆရာများက အဓိဋ္ဌာန်အကျင့်စခန်းကို သွားရောက် ကျင့်ကြံသူမို့ တာဝန်မယူရဲခဲ့ကြပါဘူး။ သို့တိုင်အောင်လည်း အိမ်ဘုရားရှေ့မှာ ဝိဇ္ဇာပွဲပြင်၊ ပွဲအုန်းသီးကို ခေါင်းနဲ့တိုက်ပြီး ဝိဇ္ဇာများကိုတိုင်ကြား၊ ဦးငြိမ်းမောင်ကိုစောင့်ရှောက်တဲ့ ဝိဇ္ဇာကြီးများကို အိမ်ပြန်ပို့ပေးဖို့ ပူဆာရင် ရနိုင်ကောင်းတယ်လို့သာ အကြံပေးခဲ့ကြတယ်လို့ဆိုပါတယ်။ အဲဒီအကြံပေးမှုအတိုင်းလုပ်ခဲ့ပြီး ဇင်းကျိုက်ရသေ့လေး အိမ်ပြန်ရောက်ခဲ့ရရှာတာပါ။ မစိန်မေရဲ့ သံယောဇဉ်ကြိုးက ခိုင်မြဲအားကောင်းလှချည်ရဲ့။

ဘယ်လိုပဲ ခိုင်မာအားကောင်းပါစေ ပါရမီဖြည့်ဖို့ရောက်လာရသူအဖို့မှာ ပါရမီဖြည့်ခြင်းသည်သာ သူ့ရဲ့ ရွေးချယ်ရာမဟုတ်လား။ အဲဒီအကြောင်းကို ဆရာတော်ကြီးက အခုလိုရေးပါတယ်။

'သို့တစေလည်း ငါအနိုင်ကျင့်သမျှ သူခံရသည်သာ အမြဲဖြစ်ခဲ့၏။ စင်စစ် လူ့ဘဝ သူမလာရောက်ခဲ့ရခြင်းသည် ငါ့အား အကြွေးဆပ်ရန်လာခြင်းမျှသာ ဖြစ်တန်ရာ၏။ တွေးမိလေတိုင်း သနားလည်းသနား၏။ အမြင်လည်းကပ်၏။ ယောကျ်ားနှင့်မိန်းမ အသွင်ချင်းမတူရလေသည့်အထဲ ဉာဉ်ချင်းပါ မတူလာခြင်းကား လောကငရဲခံရခြင်း၏ ဝဋ်ခင်းသက်သက်မျှသာတည်း။'
(ဘဝကန္တရသင်္ကေတကထာ၊ စာ-၁၅၈)

ဒီလိုနဲ့ပဲ ဦးငြိမ်းဟာ 'ဝတ်ကြောင်ကို လွတ်အောင်ရုန်းမယ်ပ ထုံးနွယ်စ ဆံကိုပယ်'ဆိုတဲ့အတိုင်း နောက်ဆုံးမှာတော့ (၁၃၄၁ ခုနှစ်မှာ) ရဟန်းဘဝကို ပြန်တက်လှမ်းဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ ဆုံးဖြတ်ချက်ချပြီးသည့်တိုင်အောင်ပဲ ဇနီးသည်ကို အပြောခက်နေပုံကိုလည်း 'သံဝေဂလမ်း'မှာ အခုလို ရေးပြထားပါတယ်။

 'ခြံရှင်အား ခြံပြင်ထွက်ခွင့်ပြုရန် ခွင့်မပန်ရက်။
 ယင်းအခက်အခဲကို အတူနေ မိတ်ဆွေကောင်းလည်းဖြစ်သူ၊ ရဟန်းခံ ပေးရာ၌လည်း အမာခံပါဝင်သူလည်းဖြစ်သူက ကြားဝင်ပေးလိုက်ရာ
ပါရမီ လူတားလို့မရပါဘူးရှင်။ သူဝတ်ချင်တာ ဝတ်ပါစေ။
သည်စကား တစ်လုံးတည်းဖြင့်ပင် သံဝါသဘုံ ကံကျန်ကုန် ခြံခုန်ထွက်ခဲ့ပြီ။'
(သံဝေဂလမ်း၊ စာ - ၅၈)

ဦးငြိမ်းရဲ့ သူငယ်ခြင်းဖြစ်သူ ဦးမြင့်ဆွေက မစိန်မေထံမှာ ရဟန်းဝတ်ဖို့ ခွင့်တောင်ရုံသာမကဘဲ ရဟန်းခံဖို့အတွက်ပါ အလှူခံခဲ့တဲ့အခါ ငွေ(၅ဝ)ကျပ်  လှူလိုက်တယ်လို့ ဆိုပါတယ်။ အဲဒီအကြောင်း သတင်းအစအနရကြရှာတဲ့ ပတ်ဝန်းကျင်က မစိန်မေကို ခွင့်မပြုသင့်ဘူး၊ ဖျက်သင့်တယ်လို့ ဝိုင်းပြီး အရေးဆိုကြပြန်ပါတယ်။

    'ခဏဟုတ်မှာ မဟုတ်ဘူးတော့၊ တော်ကြာ ရှင်တစ်ယောက်ထဲ ဖြစ်နေလိမ့် မယ်' ဆိုသူကဆို၊
    'ကိုငြိမ်း ရဟန်းဝတ်တာ ဝမ်းသာပါတယ်၊ မစိန်မေကိုတော့ မိန်မချင်း ကိုယ်ချင်းစာပါတယ်' ပြောသူကပြော ဖြစ်ကုန်ကြ၏။
    မစိန်မေက နားမယောာင်လေ။
    'ကျွန်မကလည်း တစ်သက်လုံး သူလုပ်သမျှ နောက်နေ စိတ်ကောက် နေတာကိုး၊ သည်တော့ သူလည်းပဲ စိတ်ဆင်းရဲမှာပေါ့'ဖြင့်သာ သူ့အပြစ်သူ ရှုကာသာ ခွင့်ပြုခဲ့၏။ (ဘဝကန္တရသင်္ကေတကထာ၊ စာ-၂၆၇) လို့ မစိန်မေ ရဲ့ ခိုင်ကြည်တဲ့စိတ်ထားနဲ့ ပါရမီဖြည့်ပုံကို ဆရာတော်ကြီးက ပြန်လည်ရေးပြထားပါတယ်။

'မဒီကန္နရီစံချိန်မမှီပေမယ့် ဟာနေတာကို မဟာရုံသူဖြည့်ပေး'ဆိုတဲ့ စိုင်း ခမ်းလိတ်ရဲ့အဖွဲ့ကို စိုင်းထီးဆိုင်ရဲ့အသံနဲ့ ကြားခဲ့ရဖူးပါတယ်။ 'ဟာနေတာကို မဟာရုံဖြည့်ပေး'ရခြင်းဟာ ဘယ်နည်းဘယ်ပုံ ခက်ခဲမယ်ဆိုတာဟာ မစိန်မေ ရဲ့ သံယောဇဉ်ထုထည်ကို ကြည့်ရင်မြင်ရနိုင်လိမ့်မယ်ထင်ပါတယ်။

ဦးငြိမ်းနဲ့ မစိန်မေတို့ရဲ့ ဘဝဇာတ်လမ်းကိုကြည့်ရင် သံယောဇဉ်ခန်းကို ဖြတ်ရခြင်းဟာ မလွယ်ကူလှဘူးဆိုတဲ့ အသိကိုရနိုင်ပါတယ်။ အဲဒီ မလွယ်ခြင်း အခက်အခဲကို ဖြတ်သန်းရင်း တောရပ်မှီတရားရှာတဲ့ သူတော်စင်ဘဝကို ရွေးခြယ်ခဲ့တဲ့ မဟာဗောဓိမြိုင် ဆရာတော်ကြီးရဲ့ ပါရမီထူးကိုလည်း မြင်နိုင်ဖို့ ဒီစာစုက ရည်ရွယ်ပါတယ်။ ဒါ့အပြင် သံယောဇဉ်ကိုမေတ္တာအဖြစ် ပြောင်းခဲ့ပြီး ပါရမီဖြည့်ဖက်အဖြစ်ရပ်တည်ခဲ့သူ မစိန်မေရဲ့ သတ္တိထူးကိုလည်း ခံစားနား လည်နိုင်ကြစေဖို့လည်း မျှော်လင့်ရင်းက ဒီစာစုကိုရေးပါတယ်။

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဘဝဖြတ်သန်းမှုဟာ ကြမ်းရှခက်ခဲကြောင်း ပြောခဲ့ပြီးဖြစ်ပါတယ်။ ကြမ်းရှခက်ခဲသော ဘဝဇာတ်ထုပ်ကြီးထဲဝယ် လွမ်းစရာအခန်းငယ် အနည်းေလးဆိုရုံမျှ ပါငြားအံ့။ ထိုအလွမ်းခန်းသည် မစိန်မေပင်ဖြစ်ပါလိမ့်မယ်။



ငြိမ်းချမ်းသာ
၁၁-၆-၂ဝ၁၉
ရည်ညွှန်းကိုးကား/-
၁။    ဘဝကန္တရသင်္ကေတကထာ (၂ဝ၁၂)
၂။ သံဝေဂ ပဋိသံယုတ္တကထာ(၂ဝဝ၄)

သာသနာတော်ပြန့်ပွားရေးအတွက် ဘာတွေက အရေးကြီးဆုံးလဲ

 

သာသနာတော်ပြန့်ပွားရေးအတွက် ဘာတွေက အရေးကြီးဆုံးလဲ


သာသနာတော်ပြန့်ပွားရေးအတွက် ဘာတွေဟာ အရေးအကြီးဆုံးဖြစ်ပါသလဲဘုရား။ ဆရာတော်များအပိုင်းက ဘယ်လိုကျင့်ကြံ ဆောင်ရွက်ဖို့လိုပြီး ဒကာ၊ ဒကာမတွေအပိုင်းက ဘာတွေ လုပ်ကိုင်ဆောင်ရွက်ဖို့လိုပါသလဲဘုရား။

သာသနာတော်ပြန့်ပွားအောင် ဆောင်ရွက်ဖို့ဆိုတဲ့အပိုင်းရောက်လာတဲ့အခါကျတော့ သံဃာတော်များဘက်က ဆောင်ရွက်စရာလိုသလို ဒကာ၊ ဒကာမတွေဘက်ကလည်း ဆောင်ရွက်စရာ ကိစ္စတွေ ရှိပါတယ်။
ပြန့်ပွားတယ်ဆိုတဲ့ စကားရပ်ထဲမှာ ဗုဒ္ဓဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေ ဗုဒ္ဓဘာသာတရားတော်ကို ယုံကြည်လက်ခံလာအောင် ဒါကလည်း တစ်ခု၊ ေနာက်အရေးကြီးတာက မိရိုးဖလာဗုဒ္ဓဘာသာဖြစ်နေလို့ ဗုဒ္ဓဘာသာကို လက်ခံထားသော်လည်း ဗုဒ္ဓဘာသာတရားဓမ္မတွေကို မသိသေးတဲ့ပုဂ္ဂိုလ်တွေကို ဓမ္မကို သိရှိလာအောင်၊ သူတို့ရဲ့ သန္တာန်မှာ တရားဓမ္မတွေ ရောက်ရှိပြီးတော့ ယုံကြည်မှုနဲ့ အသိပညာခိုင်မာလာအောင် ဒီလိုလုပ်ဖို့က ပိုပြီး အရေးကြီးတယ် ထင်ပါတယ်။

မိရိုးဖလာဗုဒ္ဓဘာသာဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘုရားတရားနဲ့ ပတ်သက်ပြီးတော့ များများ မသိကြပါဘူး။ ဒါကြောင့် သူတို့ရဲ့သဒ္ဓါတရား၊ သူတို့ရဲ့အခြေအနေတွေဟာ သိပ်မခိုင်မာပါဘူး။ တစ်ဖက်ကလာပြီး စည်းရုံးလိုက်တာနဲ့ တခြား ဘာသာဝင်ဖို့ အလွယ်တကူဖြစ်သွားတတ်ကြပါတယ်။ ဒီတော့ ဘုန်းကြီးတို့အနေနဲ့ သာသနာပြန့်ပွားဖို့ထက် ခိုင်မာဖို့ကို အရင်လုပ်ဖို့လိုပါတယ်။ ခိုင်မာဖို့ မိရိုးဖလာဗုဒ္ဓဘာသာဖြစ်နေတဲ့ မိမိတို့ မြန်မာလူမျိုးတွေကို  အတွင်းမှာပဲ ဘာသာတရားနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနားလည်လာအောင်၊ အခိုင်အမာဖြစ်လာအောင်၊ ယုံကြည်မှုသဒ္ဓါတရား ရှိလာအောင် (သဒ္ဓါတရားဆိုလို့ရှိရင်လည်းပဲ ယုံကြည်မှုဆိုင်ရာမှာ အသိဉာဏ်ပါတဲ့ ယုံကြည်မှုရှိလာအောင်) သံဃာတော်များဘက်က အမှန်တရား၊ ဗုဒ္ဓရဲ့တရားတော်တွေကို ရှင်းရှင်းလေးနဲ့ နားလည်အောင် လက်တွေ့ကျင့်သုံး တတ်လာအောင် ရှင်းပြ ဟောပြဖို့ လိုပါလိမ့်မယ်။

ဒကာ၊ ဒကာမများအပိုင်းက များများ မလိုဘူးလို့ ထင်ပါတယ်။ ဒကာ၊ ဒကာမများအပိုင်းက မြန်မာပြည်မှာ တော်တော် တာဝန်ကျေကြပါတယ်။ သံဃာတော်များဘက်က တရားစစ် တရားမှန်ကို များများဟောကြားပေးဖို့က အဓိက ဖြစ်ပါတယ်။ ဒီလို ရှင်းရှင်းလင်းလင်း ဟောကြားပေးတဲ့အခါမှာ ဒကာ၊ ဒကာမများဘက်ကတော့ တချို့ကိစ္စလေးတွေ ပံ့ပိုးပေးဖို့လိုပါတယ်။

ဒီနေရာမှာ ဘုန်းကြီးပြောချင်တာက ဘာသာ၊ သာသနာ ပြန့်ပွားရေးအတွက် ဆောင်ရွက်တဲ့နေရမှာ စနတကျ ဆောင်ရွက်တတ်ဖို့ အရေးကြီးပါတယ်။ ဘယ်လို စနစ်တကျဆောင်ရွက်တာတုန်းဆိုတော့ များသောအားဖြင့် မြန်မာလူမျိုးတွေက ' ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်'ဆိုတဲ့ စိတ်မျိုးရှိတယ်။ မိမိကြည်ညိုရာ၊ မိမိမြတ်နိုးရာ၊ မိမိနဲ့ ခင်မင်ရာကို အားပေးတတတ်တဲ့ အစဉ်အလာက ပိုများပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့် သဘောထားပြီး၊ ဘာသာ သာသနာကို ဦးတည်ပြီး ထို ဘာသာ၊ သာသနာ ပြန့်ပွားအောင် ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်ဆိုရင် မည်သည့်ပုဂ္ဂိုလ်ကိုပဲဖြစ်ဖြစ် အားပေးတတ်ဖို့လိုလိမ့်မယ်လို့ ဘုန်းကြီးထင်ပါတယ်။

ဒီလိုနှစ်ဦးနှစ်ဝ ဘာသာ၊ သာသာန ပြည်တွင်းမှာ ခိုင်မာရေးနဲ့ ပြန့်ပွားရေးကို လက်တွဲဆောင်ရွက်မယ်ဆိုလို့ရှိရင် ဗုဒ္ဓဘာသာဖြစ်ပြီး ပုဂ္ဂိုလ်တွေ အသိဉာဏ်ပိုပြီး ခိုင်မာလာမယ်။ ဗုဒ္ဓဘာသာ မဖြစ်သေးတဲ့ သူတွေက ဗုဒ္ဓဘာသာ ဘက်ကို စိတ်ဝင်စားလာပြီး ဗုဒ္ဓဘာသာ ဖြစ်လာမယ်။ အဲဒီလို လုပ်သင့်တယ်လို့ ထင်ပါတယ်။

(BBC ဦးနေဝင်း၊ ဆရာတော်ကြီးများနှင့် တွေ့ဆုံမေးမြန်းလျှောက်ထားခြင်း စာအုပ်မှ အင်တာဗျူးကိုပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘဝခရီးနှင့် ဓမ္မဆီမီး၊ စာ ၄၉၁-၄၉၃  တွင် ပြန်လည်ဖော်ပြထားရာ ထိုမှ ကူးယူပူဇော်ခြင်းဖြစ်ပါသည်။)

Tuesday, November 5, 2019

ဘဝဒုက္ခ ဘဝဆင်းရဲတွေမှ လွတ်မြောက်အောင်


ဘဝဒုက္ခ ဘဝဆင်းရဲတွေမှ လွတ်မြောက်အောင်


လောကမှာ ဘာသာတရားတွေ မြောက်များစွာ ရှိတဲ့အထဲမယ် ဗုဒ္ဓဘာသာ က 'ဘာသာတရား'ဆိုတဲ့အမည်အောက်မှာ ပါဝင်နေသော်လည်း ထာဝရ ဘုရားထံမှာ ဆုတောင်းခြင်း၊ ဆုယူခြင်းဆိုတာတွေနဲ့ ပတ်သက်မှု လုံးဝမရှိဘူး။ မိမိတို့ သန္တာန်မှာရှိတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရည်အချင်းတွေကို စနစ်တကျ ကျင့်သုံးခြင်း၊ မြှင့်တင်ပေးခြင်း အသိဉာဏ်ရရှိအောင် ကြိုးစားတယ်။ ဘဝဒုက္ခ ဆင်းရဲတွေမှ လွတ်မြောက်အောင် လိုက်နာကျင့်သုံးတာဖြစ်လို့ တခြားဘာသာ တရားတွေနဲ့ များစွာကွာခြားတယ်ဆိုတာ သတိထားဖို့ လိုအပ်တယ်။
တခြားဘာသာတရားတွေမှာ ဆုတောင်းဆုယူတာ အဓိကဖြစ်တယ်။ မိမိ တို့ကိုယ်ပိုင် ဆုံးဖြတ်နိုင်ခွင့်မရှိဘဲနဲ့ မိမိတို့ဘဝကိုပိုင်ဆိုင်ပြီးတော့ အဆုံးအ ဖြတ်ပေးနေတဲ့ တန်ခိုးရှင်ကြီးတစ်ဦးရှိနေတယ်ဆိုတာ ယုံကြည်ကြတယ်။ ထို တန်ခိုးရှင်ကြီး ပြောသမျှ ဆိုသမျှ ဆုံးမသြဝါဒပေးသမျှကို လိုက်နာကျင့်သုံး ပြီး မိမိတို့ဘဝကို အပ်နှံထားရတဲ့ အနေအထားမျိုးပေါ့။
ဗုဒ္ဓဘာသာမှာတော့ အဲဒီလိုမဟုတ်ဘူး။ ဘုရားကို ကိုးကွယ်တယ်ဆိုတဲ့ နေရာမှာ အမှန်တရားကို ထုတ်ဖော်ဟောကြားတဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ကိုး ကွယ်တာ။ ဘုရားဟောတဲ့ မှန်ကန်တဲ့ လမ်းစဉ်တစ်ရပ်ကို သင်ယူပြီး မိမိ ကိုယ်တိုင် ကိုယ့်ကိုယ်ကို ကောင်းအောင်ပြုပြင်ပြီး ကျင့်သုံးလိုက်နာတဲ့ နည်းစနစ် ဖြစ်တယ်။ ဒီတော့ နည်းစနစ်ခြင်း မတူဘူးပေါ့နော်။

#ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊
ပထမဝါဆိုလဆန်း(၂)ရက်၊ ခရစ်နှစ် ၂ဝ၁ဝ ခုနှစ် ဇွန်လ ၁၃ ရက်နေ့၊ လှိုင်မြို့နယ်
MICT Park မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၌ ဟောကြားခဲ့သော
'သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း'တရားဒေသနာတော် မှ
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ