တမလွန်ဘဝက ဆွေမျိုးများရေး
(၁)
တမလွန်ဘဝက ဆွေမျိုးများအရေး … ဆိုတာဟာ ကျွန်တော်တို့ လုံး၀ မေ့လျော့နေတဲ့ ကိစ္စတစ်ခု ဖြစ်နေနိုင်သလို ကျွန်တော်တို့ မေ့ပစ်လိုက်တဲ့ ကိစ္စကြီးတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။ သေတဲ့သူက သေသွားပြီ .. ဆိုတဲ့ ဖြေတွေးလေးကစလို့ အားလုံးကို မေ့ပစ်လိုက်ရခြင်းမှာ ဆုံးသွားတဲ့ အလွမ်းဇာတ်ကြီးမှာ သေတဲ့သူအတွက် (ဝါ) တမလွန်ဘဝက ဆွေမျိုးတွေအတွက် ဘာလုပ်ပေးနိုင်လဲဆိုတဲ့အတွေးက အကြောင်းပြချက်ကောင်းတစ်ခုခု မရှိဘဲ ပျောက်ဆုံးသွားတာလည်း ဖြစ်နိုင်ပါတယ်။
ရှင်တုန်းက ပြုစုခဲ့ပြီးပြီ၊ သေမှ လွမ်းမနေဘူးဆိုပြီး စိတ်ကို အဆုံးထိ ပိတ်ချလိုက်တာတွေ၊ ကိုယ်တောင် မနည်းရှင်သန်နေရတာဆိုတဲ့ တလွဲတွေးမိတာတွေနဲ့ ကိုယ်လုပ်ပေးတာ သူက ဘယ်လိုသိနိုင်လေမလဲဆိုတဲ့ အမှားအယွင်းတွေကြောင့် တမလွန်ဘဝက ဆွေမျိုးများအရေးဟာ ကျွန်တော်တို့ဘဝတွေထဲမှာ ပျောက်ဆုံးနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
သေသောသူကြာရင်မေ့ဆိုတဲ့ ဆိုရိုးစကားကြားမှာ၊ သေရင်ပြီးပြီဆိုတဲ့ အယူဝါဒတွေကြားမှာ သေသွားတဲ့သူတွေအတွက် ကျွန်တော်တို့ ဘာလုပ်ပေးနိုင်သလဲဆိုတာကို သတိတရနဲ့ ရှာဖွေကြည့်ကြရအောင်ပါ။ ဘာကြောင့်လဲဆိုတော့ သေရင် မပြီးဆုံးသေးလို့ပါဘဲ။ ဘာကြောင့်လဲဆိုတော့ သေသွားတဲ့သူတွေအတွက် ကျွန်တော်တို့ လုပ်ပေးနိုင်တာတွေ ရှိနေသေးလို့ပါပဲ။
ပါမောက္ခချုပ်ဆရာတော်ကြီးက သူ့ရဲ့ တရားတစ်ပုဒ်မှာ တမလွန်ဘဝက ဆွေမျိုးများအရေးနဲ့ ပတ်သက်ပြီး - အထင်မှား အမြင်မှား - ဆိုတဲ့ တရားဒေသနာတော်မှာ အခုလို ဟောကြားထားတာကို နာကြားဖူးပါတယ်။
❝မိမိတို့အပေါ်မှာ ကျေးဇူးရှိတဲ့ ပုဂ္ဂိုလ်တွေ တမလွန်ဘဝကို ရောက်သွားပြီဆိုတဲ့အခါ ကျေးဇူးဆပ်တဲ့အနေနဲ့ ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှဝေရတယ်။ အမျှအတမ်းပေးတာကို မြတ်စွာဘုရားက ဉာတိဓမ္မ ဆွေမျိုးတွေ လိုက်နာကျင့်သုံးရမယ့် ဝတ္တရားအဖြစ်ဖြင့် ဟောကြားထားတာဖြစ်လို့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စကို ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်တယ်။ လုပ်ရမယ့်ကိစ္စကို ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်တယ်။ လုပ်ရမယ့်ကိစ္စထဲမှာလည်း အကျိုးရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်။
ဘာကြောင့်အကျိုးရှိတယ် ပြောရတုန်းဆိုရင်
(၁) ကုသိုလ်ကောင်းမှုပြုရင် ပြုတဲ့ ပုဂ္ဂိုလ်မှာ အကျိုးဖြစ်ထွန်းစေတယ်။
(၂) မိမိရည်စူးတဲ့ပုဂ္ဂိုလ်က အမျှရနိုင်တဲ့ ဘုံဘဝရောက်နေရင် ကုသိုလ်ကောင်းမှုအကျိုးကျေးဇူးကိုခံစားရမယ်။
(၃) သံဃာတော်အရှင်မြတ်များကို၊ မိမိတို့ကိုးကွယ်ရာဘာသာတရားကို လှူဒါန်းထောက်ပံ့ပြီးဖြစ်တယ်။
(၄) မိမိတို့ ကိုယ်တိုင်လည်း ကုသိုလ်ကောင်းမှုတွေ ဆည်းပူးအားထုတ်ပြီး ဖြစ်တယ်။
အဲဒီ အကျိုးလေးမျိုးကို ရနိုင်စေတဲ့ ကုသိုလ်ကောင်းမှုဖြစ်တယ်လို့ မြတ်စွာဘုရားက ဟောကြားထားတာဖြစ်တယ် ❞ လို့ ဆရာတော်ကြီးက ဟောကြားဆုံးမတော်မူပါတယ်။
(၂)
တမလွန်အယူအဆတွေနဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုး ရှိကြပေမယ့် ဗုဒ္ဓဘာသာမြန်မာလူမျိုး အများစုကတော့ ကုသိုလ်ကောင်းမှု လုပ်ပြီး အမျှအတမ်းပေးဝေလေ့ရှိကြပါတယ်။ အဲဒီလို အမျှအတမ်းပေးဝေတာဟာ တကယ်ပဲ အကျိုးရှိရဲ့လား၊ တမလွန်ဘဝက ဆွေမျိုးတွေဟာ အဲဒီ ဒါနရဲ့ အကျိုး တွေကို တကယ်ပဲ ခံစားရရဲ့လားဆိုတာကို ကျွန်တော်တို့ ကြည့်ကြရအောင်ပါ။
အဂုၤတ္ထရနိကာယ်ထဲက ဇာဏုသောဏိသုတ်မှာ မြတ်စွာဘုရားရှင်က တမလွန်အရေးနဲ့ပတ်သက်ပြီး ဟောကြားထားခဲ့တာရှိပါတယ်။
''အရှင် ဂေါတမ၊ အကျွနု်ပ်တို့ပုဏ္ဏားတွေဟာ ကွယ်လွန်တဲ့ ဆွေမျိုးတွေကို ရည်စူးပြီး သူတို့ထံ ရပါစေ၊ ရောက်ပါစေဆိုပြီး အလှူဒါနတွေပြုလုပ်ကြပါတယ်။ သေသူကိုရည်စူးပြီးပြုလုပ်တဲ့ ကုဗ္ဘိထမင်းတို့ကို ပြုကြပါတယ်။ အရှင်ဘုရား၊ ကွယ်လွန်သူ ဆွေမျိုးညာတိတွေ ဒီအလှူကို သုံးဆောင်ကြရပါလားဘုရား''
''ပုဏ္ဏား ရောက်သင့်သောအရပ်၌ရောက်၏။ မရောက်သင့်သောအရပ်၌ မရောက်''
''အရှင်ဘုရား၊ ရောက်သင့်သောအရပ်ဆိုတာ ဘာပါလဲဘုရား၊ မရောက်သင့်သော အရပ် ဆိုတာကကရော ဘာပါလဲဘုရား''
''ပုဏ္ဏား... ဤလောက၌ အချို့သောလူတို့သည်
(၁)အသက်ကို သတ်လေ့ရှိ၏။
(၂) မပေးသည်ကို ယူလေ့ ရှိ၏။
(၃) ကာမတို့၌ မှားယွင်းစွာကျင့်လေ့ရှိ၏။
(၄)မဟုတ်မမှန် ပြောလေ့ရှိ၏။
(၅) ကုန်းစကားရှိ၏။
(၆)ရုန့်ရင်းကြမ်းတမ်းသော စကားရှိ၏။
(၇)ပြိန်ဖျင်းသောစကားရှိ၏။
(၈)အဘိဇ္ဈာများ၏။
(၉)ဖျက်ဆီးလိုသော စိတ်ရှိ၏။
(၁၀)မှားယွင်းသော အယူရှိ၏။ (ဒုစရိုက် ၁၀ ပါး)
ထို သူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ငရဲသို့ ရောက်ရ၏။
● ယင်းငရဲ ၌တည်သူအား ထိုဒါနသည်မရောက်။
ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ တိရစ္ဆာန်မျိုးသို့ ရောက်ရ၏။
● တိရစ္ဆာန် မျိုး၌ တည်သူအား ထိုဒါနသည် မရောက်။
ပုဏ္ဏား... ဤလောက၌ အချို့သောသူသည်
(၁) အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။
(၂) မပေးသည်ကိုယူခြင်း မှ ရှောင်ကြဉ်၏။
(၃) ကာမတို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်၏။
(၄) မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏။
(၅) ကုန်းတိုက်စကားပြောခြင်းမှ ရှောင်ကြဉ်၏၊
(၆) ကြမ်းတမ်းသောစကားကို ပြောခြင်းမှ ရှောင်ကြဉ်၏။
(၇) ပြိန်ဖျင်းသောစကားကို ပြောခြင်းမှ ရှောင်ကြဉ်၏၊
(၈) သူ့စည်းစိမ်ကို ရှေ့ရှုကြံစည်ခြင်းမှ ရှောင်ကြဉ်၏
(၉) အဘိဇ္ဈာ မများ ဖျက်ဆီးလိုသော စိတ်မရှိ။
(၁၀) မှန်ကန်သောအယူရှိ၏။
ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက် ၌ လူတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏။ ယင်း လူဘုံ၌ တည်သူအား ထိုဒါနသည်မရောက်။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ နတ်တို့၏အ ပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏။
● ယင်းနတ်ဘုံ၌တည် သူအား ထိုဒါနသည် မရောက်။
ပုဏ္ဏား... ဤလောက၌ အချို့သောသူသည် (၁) အသက်ကို သတ်လေ့ရှိ၏။ ပ ။ (၂) မှားယွင်းသော အကျင့်ရှိ၏။
ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ ပြိတ္တာဘုံသို့ ရောက်ရ၏။ ထိုသူသည် ပြိတ္တာဘုံသားဖြစ် သောသတ္တဝါတို့၏ ပြိတ္တာဘုံ၌ မျှတရ၏။ ထိုအစာဖြင့် ထိုသူသည် ထိုဘုံ၌ တည်ရ၏။ သို့မဟုတ် ထိုသူ့အတွက် အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ကသော်လည်းကောင်း၊ ဆွေမျိုးသားချင်းတို့ကသော်လည်းကောင်း ပေးလှူအပ် သောဒါနဖြင့် ထိုပြိတ္တာဘုံ၌ မျှတရ၏။ ထိုဒါနဖြင့် ထိုပြိတ္တာ သည် ထိုပြိတ္တာဘုံ၌တည်ရ၏။
● ယင်းပြိတ္တာဘုံ၌ တည်သော ထိုဒါနသည်ရောက်၏''။
''အရှင်ဂေါတမ၊ ကွယ်လွန်သူ ဆွေမျိုးသားချင်းတို့ အဲဒီဘုံတွေကို မရောက်ဘူးဆိုရင် ဘယ်သူကများ အဲဒီဒါနတွေကို သုံးဆောင်ရပါမလဲ''
'' ပုဏ္ဏား၊ အဲဒီ ဘုံဌာနတွေကို ရောက်နေကြတဲ့ တခြားသော ကွယ်လွန်သူ ဆွေမျိုးသားချင်းတွေ အဲဒီဒါနကို သုံးဆောင်ခံစားရလိမ့်မယ်''
''အရှင်ဂေါတမ၊ ကွယ်လွန်တဲ့ ဆွေမျိုးသားချင်းတွေလည်း အဲဒီ ဘုံဌာနကို မရောက်ဘူး၊ တခြားသော ဆွေမျိုးတွေကလည်း အဲဒီ ဘုံဌာနမှာ ရှိမနေဘူးဆိုရင်ကော အဲဒီ ဒါနတွေကို ဘယ်သူက ခံစားသုံးဆောင်ရမှာပါလဲဘုရား''
'' ပုဏ္ဏား... ရှည်လျားလှတဲ့သံသရာမှာ ဆွေမျိုးသားချင်းတို့မှ ကင်းဆိတ်ရာဌာနဟူသော အကြောင်းသည် အရာမဟုတ်၊ အခွင့်မဟုတ်ပေဘူး။ ဒါ့အပြင် အလှူရှင်ဟာလည်း အကျိုးမဲ့ မဖြစ်နိုင်ပါဘူး''
'' အရှင်ဘုရား၊ အဲဒီလိုဆို သေသူဟာ မဖြစ်သင့်ရာမှာ ဖြစ်မယ်ဆိုရင်ကော အကျိုးခံစားရတယ်လို့ ဆိုလိုတာလားဘုရား ''
''ဆိုပါစို့၊ လူတစ်ယောက်ဟာ ဒုစရိုက်လုပ်ငန်းတွေ လုပ်တယ်၊ သို့တိုင်အောင်ပဲ လှူမှုတန်းမှုမှာတော့ ဝါသနာပါတယ်။ သေသည်၏အခြားမဲ့မှာကျ သူဟာ ဒုစရိုက်လုပ်လို့ ဆင်ဆိုတဲ့ တိရစ္ဆာန်ဘ၀ ရောက်သွားတယ်။ လှူခဲ့တန်းခဲ့တာတွေကြောင့် ဆင်ဖြူတော်ဆိုပြီး ခမ်းခမ်းနားနား နေရတယ်။ (တိရစ္ဆာန်ဘဝရောက်တာတောင် ဒါနကုသိုလ်ရဲ့ အကျိုးကို ခံစားရ)
သုစရိုက်တရားတွေ ကျင့်သုံးဆောက်တည်တယ်။ ဒါနကောင်းမှုလည်းလုပ်တယ်၊ ဒီ့အတွက် လူ့ပြည် ရောက်တယ်၊ သုစရိုက်တည်းဟူသော သီလကြောင့် လူဖြစ်လာပြီး ဒါနတည်းဟူသော လှူမှုတန်းမှုတွေကြောင့် လူချမ်းသာဖြစ်လာတယ်။
ထိုအတူပဲ သုစရိုက်တရားလည်းကျင့်သုံးတဲ့အတွက် နတ်ပြည်ရောက်ရတယ်၊ ဒါနကောင်းမှု လည်းပြုတဲ့အတွက် နတ်စည်းစိမ်ချမ်းသာကိုလည်း သူများမတူအောင်ကို ခံစားရတယ်။
လှူတဲ့ပုဂိုလ်ဟာ လှူပြီဆိုလို့ရှိရင် ထို လှူတဲ့အကျိုးဟာ ဖြစ်လေရာဘဝမှာ အကျိုးပေးတယ်။ ဒါနကောင်းမှု ပြုလုပ်တဲ့ ပုဂိုလ်ဟာ ဘယ်တော့မှ အကျိုးမဲ့မဖြစ်ဘူး။ တိရစ္ဆာန်၊ လူ၊ နတ် .. ဘယ်ဘုံဘ၀ ရောက်ရောက် ကောင်းကျိုးချမ်းသာတွေကို ခံစားရမှာ မလွဲပဲ။''
''အရှင်ဘုရား၊ ဝမ်းသာစရာပါပဲ၊ ဒီလိုဆိုရင်ဖြင့် ဒါနကုသိုလ်တွေသိပ်ပြီးတော့ လုပ်သင့်တာပေါ့ဘုရား'' …။
ဇာဏုသောဏိသုတ်ထဲမှာ မင်းပရောဟိတ် ပုဏ္ဏားကြီးက မြတ်စွာဘုရားကို ပေးဝေသောအမျှ သေသူတို့ရမရနဲ့ ပတ်သက်ပြီး မေးမြန်းလျှောက်ထားချက်တွေနဲ့ မြတ်စွာဘုရားရဲ့ ဖြေကြားချက်တွေပဲ ဖြစ်ပါတယ်။
(၃)
ဇာဏုသောဏိသုတ်မှာ မြတ်စွာဘုရားဟောကြားခဲ့တဲ့ အချက်တွေကို ပြန်ပြီးထုတ်နှုတ်ကြည့်ရင်
(၁) ငရဲကျသွားတဲ့သူဟာ အမျှဝေလို့ မရဘူး။
(၂) တိရစ္ဆာန်ဖြစ်နေရင်လည်း အမျှအတန်းပေးဝေလို့မရဘူး။
(၃) လူ့ပြည်ရောက်နေရင်လည်း အမျှဝေလို့မရဘူး။
(၄) နတ်ပြည်ရောက်နေရင်လည်း အမျှဝေလို့မရဘူး .. ဆိုတဲ့ အချက်တွေကို တွေ့ရမှာဖြစ်ပါတယ်။ အမျှအတန်းပေးဝေလို့ ရနိုင်တဲ့ နေရာဟာ ပြိတ္တာဘဝတစ်ခုတည်းသာလျှင် ဖြစ်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။
(၄)
ပါမောက္ခချုပ်ဆရာတော်ကြီးဟောကြားတော်မူတဲ့ တမလွန်ဘဝက ဆွေမျိုးများအရေးဆိုတဲ့ တရားတော်ထဲမှာ .. ❝ပြိတ္တာဘဝကိုရောက်ရှိနေတဲ့ ဆွေတွေမျိုးတွေဟာ ကိုယ့်ဆွေမျိုး အမျှအတမ်းပေးဝေမှာကို စောင့်စားပြီး နေကြတယ်။ အမျှအတမ်းပေးဝေတဲ့အခါ ဝမ်းမြောက်နုမော် သာဓုခေါ်လိုက်တာနဲ့ တစ်ပြိုင်နဲ့ သူတို့ရဲ့ ဘဝအခြေအနေတွေဟာ တိုးတက် ပြောင်းလဲသွားတယ်တဲ့။ ဘယ်အရာကြောင့် ပြောင်းလဲတာတုန်းဆိုရင် သူတို့ သန္တန်မှာဖြစ်တဲ့ ကုသိုလ်ကြောင့် ပြောင်းလဲတာ ❞ လို့ ဆိုပါတယ်။
တမလွန်ဘဝက ဆွေမျိုးတွေရဲ့အရေးကို မှန်ကန်တဲ့နည်းလမ်းနဲ့ စဉ်းစားပြီး ထိုဆွေမျိုးတွေအတွက် ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတမ်းပေးဝေကြတယ်။ ထိုအမျှအတမ်းပေးဝေတဲ့အလုပ်ဟာ မှန်ကန်တဲ့ အလုပ်တစ်ခုဖြစ်တယ်။ ဘာကြောင့် မှန်ကန်သလဲဆိုရင် လုပ်သူတွေကိုယ်တိုင်လည်း ကုသိုလ်ရတယ်။ အလွမ်းပြေရုံမျှမက ဒီကုသိုလ်ကောင်းမှုကို တမလွန်ဘဝက ဆွေမျိုးတွေသိရှိပြီး ဝမ်းမြောက်နုမော်သာဓုခေါ် မယ်ဆိုရင် သူတို့ဘဝဟာလည်း တိုးတက်ကောင်းမွန်သွားကြမှာဖြစ်ပါတယ် .. လို့ ဆရာတော်ကြီးက လမ်းပြ ဆုံးမတော်မူပါတယ်။
လှူလိုက်တဲ့ ကုသိုလ်ကောင်းမှုဟာလည်း ချက်ချင်းပဲ သူတို့ဘဝမှာ အကျိုးပေးတယ်၊ဘယ်လောက်ထိ မြန်သလဲဆိုတာကို မြတ်စွာဘုရားက ဥပမာ နှစ်ရပ်နဲ့ ရှင်းပြကြောင်းလည်း ဆရာတော်ကြီးက မိန့်ကြားပါတယ်။
❝ ကုန်းမြင့်ပေါ်မှာ ရွာချလိုက်တဲ့ မိုးရေတွေဟာ နိမ့်ရာအရပ်ကို ဒလဟော စီးဝင်သွားသလိုမျိုး၊ ဒီဘဝက ကုသိုလ်ကောင်းမှုတွေကို အမျှပေးလိုက်တာနဲ့ တပြိုင်နက် ဟိုမှာဘက်မှာ (သူတို့တွေဟာ) ကုသိုလ်ရဲ့ အကျိုးအာနိသင်ကို ပြည့်ပြည့်စုံစုံကြီး ရသွားကြတယ်။
မြစ်တွေဟာ ပင်လယ်ထဲစီးဝင်သွားသလိုမျိုး - ဒီဘဝက လှူလိုက်တဲ့ ကုသိုလ်ကောင်းမှုတွေဟာ မိမိတို့ ရည်ညွန်းနဲ့ ပုဂိုလ်တွေရဲ့ ဘဝထဲကို စီးဝင်သွားတယ်❞ လို့ ဆိုပါတယ်။
ဒါကြောင့် တမလွန်ကဆွေမျိုးတွေအတွက် ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတမ်းပေးဝေခြင်းဟာ သူတို့အတွက် ကောင်းကျိုးချမ်းသာရနိုင်တယ်၊ တမလွန်ဘဝက ဆွေမျိုးတွေရဲ့ အရေးကို စဉ်းစားမယ်ဆိုရင် ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတမ်းပေးဝေခြင်းသည်သာလျှင် မှန်ကန်သော နည်းလမ်းဖြစ်တယ်ဆိုတာကို သိရှိပြီး ကြိုးစားအားထုတ်နိုင်ကြပါစေလို့ ဆရာတော်ကြီးက ဆုံးမလမ်းညွှန်တော်မူခဲ့ကြောင်းပါဗျာ။
ငြိမ်းချမ်းသာ
ရည်ညွန်းကိုးကား/
၁။ တမလွန်ဘဝမှ ဆွေမျိုးများအရေး၊ ဒေါက်တာနန္ဒမာလာဘိဝံသ
၂။ ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသော မေးခွန်းနှင့်ပြဿနာများ (ဒဂုန်ဦးစန်းငွေ) စာ-၃၃၁၊ ၃၃၂]
၃။ သုခမှတ်စု