မဟာစည်ဆရာတော်ဘုရားကြီး၏
ဝိပဿနာအတုနှင့် ဒါနပြုခြင်း လောကီပညတ်နှင့် ဗြဟ္မာစိုရ်
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးဟာ ဗုဒ္ဓဘာသာဝင်များရဲ့ အခြေခံဒါနခန်းကစပြီး အဆင့်မြင့် ဝိပဿနာလက္ခဏာတင်ပြီး ရှင်းလင်းအောင် စွမ်းဆောင် တော်မူခဲ့ပါတယ်။ ဥပမာ - သင်္ကန်းကပ်လှူတယ်ဆိုပါစို့။ သင်္ကန်းလည်းမမြဲ၊ ရဟန်းသံဃာလည်းမမြဲ၊ လှူတဲ့ဒကာ လည်းမမြဲလို့ နှလုံးသွင်းဆင်ခြင်ပြီး လှူဒါန်းခဲ့ဖူးပါတယ်။ ဒီလိုလှူမှ ဉာဏသမ္ပဉာဏ် (ဉာဏ်ဏ်နဲ့ယှဉ်တဲ့ကုသိုလ်)ဖြစ်တယ် လို့ မှတ်ယူသင်ယူခဲ့ကြဖူးပါတယ်။ ဒီလို မှတ်ယူလှူဒါန်းနေပုံ မျိုးနဲ့ပတ်သက်ပြီး မဟာစည်ဆရာတော်ဘုရားကြီးက ဒီလို ရှင်းလင်းတော်မူခဲ့ဖူးပါတယ်။
'အဲဒီလို နှလုံးသွင်းပုံကိုပြတာဟာ ဉာဏသမ္ပယုတ်ဖြစ် ရေးအတွက် ပြတာမဟုတ်ပါဘူး။ ဘဝနာမယကုသိုလ်ဖြစ် ရေးအတွက် ပြတာပါ။ ခယံဂစ္ဆိဿတိ - ကုန်ခြင်းသို့ရောက် လတ္တံ့၊ ဝယံဂစ္ဆဿတိ - ပျက်ခြင်း ပျောက်ကွယ်ခြင်းသို့ ရောက်လတ္တံ့လို့ နှလုံးသွင်းပုံဟာ ပေးလှူပြီးမှ နှလုံးသွင်းပုံပါ။ မလှူခင်က နှလုံးသွင်းပုံ မဟုတ်ပါဘူး။ လှူဆဲမှာ နှလုံးသွင်းပုံ လည်း မဟုတ်ပါဘူး'
'နောက်တစ်ခု စဉ်းစားစရာကတော့ ဘုရားအလောင်း တော် အလှူပေးတဲ့အခါမှာ ခယဝယတင်ပြီး (အပျက်ကို ဆင်ခြင်ပြီး) လှူကြောင်း၊ ဘယ်မှာမှ ပြဆိုချက်မရှိဘူး။ မြတ် စွာဘုရား ဟောတော်မူတဲ့ တရားတွေထဲမှာလည်း အလှူဒါန ပြုတဲ့အခါ ခယဝယတင်ပြီး အလှူခံပုဂ္ဂိုလ်ရဲ့ဂုဏ်တွေ မြင့် မြတ်ရင် မြင့်မြတ်သလောက် အကျိုးကြီးကြောင်း ဟောပြော ချက်သာရှိပါတယ်။ ဒီတော့ အလှူခံပုဂ္ဂိုလ်၏ဂုဏ်ကိုသာ အာရုံပြုပြီး စိစစ်ရွေးချယ်ဖို့ရှိပါတယ်။ အလှူခံပုဂ္ဂိုလ်လည်း ရုပ်,နာမ်တရားမျှ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောမျှဟု တကယ် ထင်မြင်ပါလျှင် ဂုဏ်ရှိအလှူခံပုဂ္ဂိုလ်နှင့် ဂုဏ်မဲ့အလှူခံပုဂ္ဂိုလ် တန်းတူဖြစ်ပါလိမ့်မယ်။ အဲဒီတော့ ကြည်ညိုဖွယ်မရှိတဲ့ အတွက် ဒါနကုသိုလ်လည်း ထက်သန်ဖွယ်မရှိ၊ အကျိုးပေး လည်း ထက်သန်ဖွယ်မရှိဖြစ်ပါလိမ့်မယ်'
'ဒီနေရာမှာ ခယဝယတင်ပြီး (အပျက်ကိုဆင်ခြင်ပြီး) လှူရင် ဝိပဿနာဖြစ်လို့ မဂ်ဖိုလ်နဲ့ပိုပြီးနီးစပ်တယ်မဟုတ် လားလို့ စောဒကတက်ဖွယ်ရှိပါတယ်။ ဝိပဿနာအစစ်ဖြစ် ရင် မဂ်ဖိုလ်နဲ့ ပိုပြီးနီးစပ်တာမှန်ပါတယ်။ အဲဒီလိုဆိုရင် ပစ္စည်း အကုန်ခံပြီး ပေးလှူနေဖို့ မလိုပါဘူး။ မလှူဘဲနဲ့ ဝိပဿနာ ချည်းသက်သက် လှူနေရင် အဲဒီ ခယဝယတင်တဲ့ ဝိပဿနာ အတုထက် ပိုပြီးမဂ်ဖိုလ်နဲ့ နီးစပ်ပါတယ်။ အမှန်ကတော့ ပေးလှူတယ်ဆိုတာ ဝိပဿနာရှုဖို့ ရည်ရွယ်ရင်းမဟုတ်ပါ ဘူး။ ဒါနကုသိုလ်၏အကျိုးကို ရည်ရွယ်ပြီး ပေးလှူတာဖြစ်ပါ တယ်'
'ဒါကြောင့် မြတ်စွာဘုရားက အလှူဒါနပြုရာမှာ အကျိုး ကြီးမြတ်စေနိုင်တဲ့ အလှူခံပုဂ္ဂိုလ်တွေကိုလည်း သံဃေ ဒိန္နံ မဟပ္ဖလံ - သံဃာအားလှူလျှင် အကျိုးကြီးသည် စသည်ဖြင့် ညွှန်ကြားထားပါတယ်။ နှလုံးသွင်းပုံမှာလည်း သဒ္ဓါယ ဒါနံ ဒေတိ - ကံ,ကံ၏အကျိုးကို ယုံကြည်၍ ပေးလှူသည် စသည် ဖြင့် ညွှန်ကြားထားပါတယ်။ ရုပ်,နာမ် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟုရှုပြီးလှူရန် ဟောကြားထားတာတော့ မရှိပါဘူး။
ဝိသာခါဝတ္ထုမှာ အထူးသတိပြုစရာကတော့ အလှူခံ ရဟန်းတော်တို့ကို ခယဝယတင်ပြီးမလှူဘူး။ ဂုဏ်ထူးဝိသေ သရှိတဲ့ သောတာပန်၊ သကဒါဂါမ်၊ ရဟန္တာပုဂ္ဂိုလ်အနေနဲ့သာ နှလုံးသွင်းအာရုံပြုပါတယ်။ အဲဒီလို နှလုံးသွင်းဖို့ ပါမောဇ္ဇ ပီတိ စသည်ဖြစ်ပြီး ဣန္ဒြေ၊ ဗိုလ်၊ ဗောဇ္ဈင် တိုးပွားစေခြင်းဖြစ် တယ်ဆိုတာကို အထူးသတိပြုသင့်ပါတယ်။
ဒါကြောင့် ဒါနအရာမှာ ဘုရားကို လှူဒါန်းပူဇော်လျှင် မြတ်စွာဘုရား၏ အရဟံအစရှိသော ဂုဏ်တော်တွေကို တတ်သိသမျှ နှလုံးသွင်းတာဟာ အကောင်းဆုံးပါပဲ။ သံဃာ တော်ကိုလှူဒါန်းလျှင် သံဃာတော်၏ သုပ္ပဋိပန္န အစရှိသော ဂုဏ်တော်တွေကို နှလုံးသွင်းပြီး အဲဒီပုဂ္ဂိုလ်၏ သီလ အစရှိ သောဂုဏ်ကို အာရုံပြုပြီး လှူတာဟာ အကောင်းဆုံးပဲဆိုတာ မှတ်ထားကြရမယ်'
(မဟာစည်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရား တော်မှ)
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးဟာ 'သာရသုတ္တန်'တရားကို ဟောစဉ်အခါမှာလည်း ဒါနနဲ့ ဝိပဿနာ မရောထွေးအောင် သတိပေးတော်မူခဲ့ပြန်ပါတယ်။
'တချို့က ဝိပဿနာအတုအပရှုပြီး လှူလျှင် ပိုကောင်း တယ်လို့ ထင်မှတ်ပြီးတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရုပ်နာမ် ခန္ဓာမျှဖြစ်သော အကျွန်ုပ်တို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရုပ်နာမ် မျှဖြစ်သော အလှူခံပုဂ္ဂိုလ်တို့အား အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရုပ်တရားမျှဖြစ်သော လှူဖွယ်တို့ကို လှူပါကုန်၏ဆိုတဲ့ ဝေါဟာရမျိုးဖြင့် ရေစက်ချလှူတာကို ကြားရဖူးတယ်။ အဲဒါ ဟာ ဘဂဝါမြတ်စွာဘုရားသည် ဒက္ခိဏာဝိသုဒ္ဓ ဒီပနတ္တံ - အလှူ၏စင်ကြယ်ခြင်းအကျိုးကြီးခြင်းကို ပြခြင်းအကျိုးငှာ၊ ပုဂ္ဂလကထံ - ပုဂ္ဂိုလ်အနေဖြင့် ပြောဆိုသောစကားကို၊ ဂထေတိ - ဟောတော်မူတယ်ဆိုတဲ့ အဋ္ဌကထာစကားနဲ့ မညီဘူး။ သေသေချာချာ စဉ်းစားကြည့်ရင်လည်း သဘာဝ မကျဘူး။ ဘယ်လိုလဲဆိုရင် ပေးလှူ၏အကျိုးကို အလိုရှိလို့ပဲ မဟုတ်လား။ ဝိပဿနာရှုဖို့ လှူတာတော့ မဟုတ်ပေဘူး'
'ဒီနေရာမှာ တချို့က ဒီလိုချေပကြတယ်။ ဒါနထက် ဝိပဿနာက သာပြီးမြတ်တဲ့အတွက် အကျိုးကြီးပါတယ်လို့ ချေပကြပါတယ်။ အဲဒီလိုဆိုရင် မလှူဘဲနဲ့ သက်သက် ဝိပဿနာရှုနေရင်ကော အကျိုးမကြီးပေဘူးလား။ ပေးလှူဖို့ ကြောင့်ကြစိုက်နေရတဲ့အတွက် ဝိပဿနာရှုဖို့ အချိန်တွေ လျော့သွားတယ်လို့ မဆိုသင့်ပေဘူးလားလို့ ဒီလိုပဲ စဉ်းစား ကြည့်သင့်ပါတယ်။ အမှန်ကတော့ ဒါနပြုတာဟာ ဝိပဿ နာရှုဖို့ မဟုတ်ပါဘူး။ ဒါန၏အကျိုးကို အလိုရှိတဲ့အတွက် အဲဒီဒါနကုသိုလ်ထက်သန်အောင် နှလုံးသွင်းဆင်ခြင်ဖို့သာ လိုပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက အလှူဒါန၏ စင်ကြယ်ပုံ အကျိုးကြီးပုံ ပြတဲ့အခါ ပုဂ္ဂိုလ်အနေနဲ့သာ ဟော တော်မူခဲ့တယ်။ (သာရသုတ္တန်)
မေတ္တာပို့ရာမှာ လောကီပညတ်ကို မပယ်ရ
ဒါန၊ သီလ အခြေခံကစပြီး ဘာဝနာခန်းသို့ရောက်တဲ့ အခါ ဝိပဿနာအားထုတ်ရမြဲ ဖြစ်ပါတယ်။ သို့သော် ဝိပဿနာÓဏ်စဉ် ရင့်သန်ခြင်းမရှိဘဲ ကြားဖူးရုံမျှဖြင့် လောကီပညတ်တွေပယ်ပြီး လောကုတ္တရာပရမတ် သဘော တွေချည်း ပြောဆိုနေလေ့ရှိတာကို မဟာစည်ဆရာတော် ဘုရားကြီးက လက်မခံပါဘူး။ မေတ္တာပို့တဲ့ ဥပမာနဲ့ မဟာစည် ဆရာတော်ဘုရားကြီးက ရှင်းပြပါတယ်။
'ခန္ဓာတွေက ခန္ဓာတွေကို ချမ်းသာကြပါစေလို့ မေတ္တာ ပို့ကြတယ်။ ဆင်းရဲမှ လွတ်ကြပါစေလို့ ကရုဏာပွားကြတယ် စသည်ဖြင့်ပြောလျှင် နားမလည်နိုင်ဘူး။ ရဟန်းပုဂ္ဂိုလ်၊ ဥပါ သကာ၊ ဥပါသိကာမက သတ္တဝါတွေ ချမ်းသာကြပါစေလို့ မေတ္တာပို့တယ်။ ဆင်းရဲမှ လွတ်ကြပါစေလို့ ကရုဏာပွား တယ် စသည်ဖြင့်ပြောမှ နားလည်နိုင်တယ်။ ဒါကြောင့် မြတ်စွာဘုရားက ဗြဟ္မာ့ဝိဟာရခေါ်တဲ့ တရားပွားပုံကို ပြလိုတဲ့အခါမှာ ဗြဟ္မာစိုရ်တရားပွားတဲ့ ကတ္တားပုဂ္ဂိုလ်ကိုရော ပုဂ္ဂိုလ်အနေနဲ့သာ ဟောတော်မူပါတယ်။ ဒီနေရာမှာ ဒေသ နာနည်းကို မသိနားမလည်တဲ့ သူအချို့က ပရမတ်နဲ့က ပိုကောင်းတယ်ထင်ပြီးတော့ ရုပ်နာမ်ခန္ဓာတွေ ချမ်းသာကြပါ စေလို့ ဒီလို မေတ္တာပို့နေတာလည်း ကြားရဖူးတယ်။
အဲဒီလိုတော့ မေတ္တာမပို့ရဘူး။ ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ သာ ပို့ရပါတယ်။
ဒါကြောင့် သဗ္ဗေသတ္တာ စသည်ဖြင့် သာမညအနေနဲ့ ရော သဗ္ဗဣတ္ထိယော စသည်ဖြင့် ဝိသေသအနေနဲ့ရော မေတ္တာပို့ပုံကို ပညတ်ဖြင့်သာ ဟောထားပါတယ်။ နောက်ပြီး တော့ မေတ္တာအစရှိသော ဒီဗြဟ္မာစိုရ်ကမ္မဋ္ဌာန်းက သတ္တဝါ ပညတ်ကိုသာ အာရုံပြုပါတယ်။ ရုပ်နာမ်ခန္ဓာ ပရမတ်ကို အာရုံပြုရိုး မရှိပါဘူး။ ရုပ်နာမ်ခန္ဓာ ပရမတ်သဘောတရားမျှ အနေနဲ့ ထင်နေလျှင် မြေကြီး၊ ကျောက်ခဲများကိုပဲ ထင်နေ မှာပေါ့။ မြေကြီး၊ ကျောက်ခဲတွေနဲ့စပ်ပြီး ချမ်းသာပါစေလို့ မေတ္တာပွားသင့်ပါမည်လား။ ကရုဏာဖြင့် သနားသင့်ပါမည် လား။ မုဒိတာဖြင့် ဝမ်းမြောက်သင့်ပါမည်လား။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ မပွားသင့်ကြောင်း ထင်ရှားပါတယ်။ ဘာ ကြောင့်လဲ၊ အသက်ဝိညာဉ်မရှိတဲ့ ဓာတ်သဘောမျှဖြစ်နေလို့ ပါပဲ။ အဲဒီ မြေကြီး၊ ကျောက်ခဲတွေမှာလိုပင် ပရမတ်သဘော တရားတွေမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာပွားဖို့ အခွင့်မရှိ ကြောင်း ထင်ရှားပါတယ်။ ဒါကြောင့် မေတ္တာအစရှိတဲ့ ဗြဟ္မာ စိုရ်တရားကိုပွားရင် ပုဂ္ဂိုလ်သတ္တဝါအနေနဲ့သာ ပွားသင့်တယ် ဆိုတာ တစ်ထစ်ချမှတ်ထားကြရမယ်။ (မဟာစည်ဆရာ တော်-ဗြဟ္မာ့ဝိဟာရတရားတော်)
တရားမှာ သူ့နေရာ သူ့အဆင့်နဲ့သူ ရှိပါတယ်။ ဝိပဿ နာ ဘယ်လောက်ပဲအားထုတ်ပါစေ လောကီပညတ် မပယ် အပ်တာတွေ အများကြီးရှိပါတယ်။ ကျေးဇူးတော်ရှင် မဟာ စည်ဆရာတော်ဘုရားကြီးက ယောဂီတွေကို ကိုယ့်အဆင့် ကိုယ့်နေရာကို အမှန်အတိုင်းသိမြင်အောင် တည့်မတ်ညွှန်ပြ ပေးခြင်း ဖြစ်ပါတယ်။
မောင်သွေးချွန်
ညွှန်း - ၁၉၉၅ ဒီဇင်ဘာထုတ် သာမဏေကျော်၏ မဟာစည် ဆရာတော်ဘုရားကြီး၏ ထူးခြားသောအတွေးအမြင်များ

No comments:
Post a Comment