Saturday, November 16, 2019

မဟာဗောဓိမြိုင်ဆရာတော်ကြီးတည်ထားတော်မူသော ထုံးဖြူဖြူ ကုန်းကမူအမောက်က နှုန်းမတူ ဘုန်းတလူလူတောက်တဲ့ မင်းဘိသိက်ခံဘုရား

 

မဟာဗောဓိမြိုင်ဆရာတော်ကြီးတည်ထားတော်မူသော
ထုံးဖြူဖြူ ကုန်းကမူအမောက်က
နှုန်းမတူ ဘုန်းတလူလူတောက်တဲ့
မင်းဘိသိက်ခံဘုရား


    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးက ၁၃၆၁ ခုနှစ် ကဆုန်လပြည့်နေ့ဟာ တရားဟော၊ တရားပြကိစ္စများရဲ့ နောက်ဆုံးနေ့၊ ဘုရားတည် ကျောင်းဆောက်ကိစ္စများရဲ့ နောက်ဆုံးနေ့လို့ ၁၃၆ဝ ပြည့်နှစ်၊ ကဆုန်လပြည့်နေ့ မှာ တစ်နှစ်ကြိုပြီး ကြေညာခဲ့ပါတယ်။

    အဲဒီလိုကြေညာခဲ့တဲ့ ၁၃၆ဝ ပြည့်နှစ်၊ ကဆုန်လပြည့်နေ့ဟာ မဟာဗောဓိ မြိုင်ဆရာတော်ကြီး တည်ထားတော်မူတဲ့ 'မင်းဘိသိက်ခံ ဘုရား' အတွင်းဌာပနာ ပိတ်သည့်နေ့လည်းဖြစ်ပါတယ်။

    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ကြီးဟာ ဘဝတစ်လျှောက် ဘုရားသုံးဆူ တည်ထားတော်မူခဲ့ပါတယ်။
    ကျိုက်လတ်(ကြီးချောင်းဆင်ကူးအကြား)မှာ ဉာဏ်တော် ၂၄ တောင် ရှိ 'ပြည်လုံးချမ်းသာ ဖောင်တော်ဦးဘုရား'ဖြစ်ပါတယ်။ ၁၃၃၉ ခုနှစ်၊ တပေါင်းလပြည့်နေမှာ ထီးတင်လှူခဲ့ပါတယ်။ 'ဧတေတေနော မြစ်ဝကြော ဖောင်မျှောတပ်တော်ဦး'လို့ ဆရာတော်ကြီးက မှတ်တမ်းတင်တော်မူပါတယ်။ ကေလသတောင် ရသေ့ဘဝနဲ့ ဆင်းအလာ ရန်ကုန်မှာ တစ်ဝါဆိုပြီးချိန် မည်သူမျှတည်ဖို့လက်မခံတဲ့ ဘုရားဟောင်းကို ဥပဇ္ဈာယ်ဆရာတော် အဘဝိမလရဲ့ အရိပ်အောက်မှ သွားရောက်တည်ပေးရခြင်းဖြစ်တယ်လို့ သိရပါတယ်။
    ဒုတိယမြောက် တစ်ဆူကတော့ သာစည်မြို့၊ ရွှေကျောင်းကုန်းတောင်တော်ရှိ 'လောကမုနိဘုရား'ဖြစ်ပါတယ်။ ဉာဏ်တော် ၁၁ တောင် ၁၁ လက်မ ရှိပြီး ၁၃၄၁ ခုနှစ်၊ တပေါင်းလပြည့်နေ့မှာ ထီးတော်တင်လှူခဲ့ပါတယ်။ 'အေးငြိမ်းလာအောင် ကျောင်းကုန်းတောင် ဘုန်းခေါင်တည်သည့်နှစ်'လို့ ဆရာတော်ကြီးက ရေးသားတော်မူခဲ့ပါတယ်။ အဲဒီဘုရားကတော့ တောင်ခြေဥယျာဉ်နေ သူကြီးဟောင်း ဦးအောင်မြင့်လျှောက်ထားချက်အရ ဘုရားဟောင်းနေရာမှာ ထပ်မံ တည်ပေးရခြင်းဖြစ်ပါတယ်။
    တတိယမြောက်တစ်ဆူကတော့ ရွှေဘို၊ ကန့်ဘလူ ဇာတိမြေ၌ တည် ထားတော်မူတဲ့ 'မင်းဘိသိက်ခံဘုရား'ဖြစ်ပါတယ်။ ဉာဏ်တော် ၁၈ တောင်ရှိ ပြီး ၁၃၆ဝ ပြည့်နှစ် ကဆုန်လပြည့်နေ့မှာ ထီးတော်တင်လှူပါတယ်။ 'ဧတေဆသုန် ဘဂ၀ဂုဏ် ခိုလှုံဘိသိက်ပွဲ' လို့ ဆိုပါတယ်။ ဆရာတော်ကြီးရဲ့ တူဖြစ်သူ မောင်အောင်သိန်းမှ နတ်တလူမှာ ဘုရားတည်လိုကြောင်း လျှောက်ထားချက်အရ တည်ထားခြင်းဖြစ်ပါတယ်။
ရွှေဘို၊ ကန့်ဘလူမှ မင်းဘိသိက်ခံဘုရား

    ဆရာတော်ကြီးဟာ သေးသေးကြီးကြီး သုံးဆူဆိုတာဝန်ကျေ၏ဆိုတဲ့ အိပ်မက်အရ ကတိကြွေး ရှိခဲ့သည့်အတိုင်း ဘုရားသုံးဆူတည်ထားပြီးစီးတဲ့အခါ တရားေဟာခြင်း၊ တရားပြခြင်း၊ ဘုရားတည်ကျောင်းဆောက်ခြင်းများကို ၁၃၆၁ ခုနှစ်ကစလို့ ရပ်နားတော်မူလိုက်ခြင်းပဲဖြစ်ပါတယ်။
    မင်းဘိသိက်ခံဘုရားနဲ့ ပတ်သက်ပြီး ဘဝကန္တရသင်္ကေတကထာမှာ အခုလို မှတ်တမ်းတင်ထားပါတယ်။
    'က။ ၁၃၆ဝ ပြည့်နှစ်၊ တာကူးလပြည့်နေ့တွင် အုတ်မြစ်ချမင်္ဂလာကျင်းပ။
    ခ။ ၁၃၆ဝ ပြည့်နှစ်၊ ကဆုံလပြည့်နေ့တွင် အတွင်းဌာပနာပိတ်ပွဲကျင်းပ။
    ဂ။ ၁၃၆ဝ ပြည့်နှစ်၊ တပေါင်းလဆန်း ၁၄ ရက် တနင်္ဂနွေနေ့တွင် ထီး တော်တင်ပွဲကျင်းပ။
    သို့ဖြင့် ကတိကြွေး၏ သုံးဆူမြောက်ကား အောင်ပွဲဘိသိက်ခံခွင့်ရခဲ့ပြီ။ ဤနှစ် ၁၃၆ဝ ပြည့်နှစ်၏ ကဆုံလပြည့်နေ့သည် မင်းဘိသိက်ခံဘုရား အတွင်း ဌာနပနာ ပိတ်ပွဲနေ့လည်းဖြစ်၏' (စာ-၃၆၉) (သတ်ပုံများကို ဆရာတော်ကြီး၏ မူအတိုင်းဖော်ပြခြင်းဖြစ်ပါသည်။)
    မင်းဘိသိက်ခံဘုရားဟာ ဆရာတော်ကြီးရဲ့ သုံးဆူမြောက် ဘိသိက်ခံဘုရား ဖြစ်သလို ထီးတော်တင်လှူပွဲဟာလည်း အထူးစည်ကားခဲ့တာကိုလည်း တွေ့ရ ပါတယ်။ ဆရာတော်ကြီး ကိုယ်တော်တိုင် အခုလိုမှတ်တမ်းတင်ထားပါတယ်။
    'ထီးတော်တင်ပွဲကြီးကလည်း စည်းကားလွန်းလှ၏။ လူပေါင်း နှစ်သိန်း ကျော်၏။ ပွဲကျင်းပရာတွင်လည်း တစ်သိန်းကျော်၊ အကျွေးအမွေးရုံများ၌လည်း တစ်သိန်းကျော်ဆို၏'(၄င်း၊ စာ-၃၆၉)
     မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ဘုရားသုံးဆူကိုသာ တည်ထား တော်မူခဲ့သည့်တိုင်အောင် အဲဒီဘုရားများကို တည်ထားတော်မူချိန်များမှာ ထူခြား တဲ့အဖြစ်အပျက်များဖြစ်ပျက်ခဲ့တာကိုလည်း ဆရာတော်ကြီး ရေးသားတော်မူတဲ့ စာအုပ်များမှာ၊ ဟောကြားတော်မူတဲ့ တရားတော်များမှာ တွေ့ရပါတယ်။ ဒီစာစုမှာတော့ မင်းဘိသိက်ခံဘုရားမှာဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကို ပြောလိုပါတယ်။
    'ထိုစဉ်က ဖြစ်ရပ်တစ်ခုလည်း ထူးခြားလွန်းသဖြင့် ဤနေရာမှနေ စကားဆိုခဲ့မည်။ ယင်းကား မင်းဘိသိက်ခံဘုရား ထီးတော်သရဖူတင်လှူမည့် နံနက်ကပင်ဖြစ်၏။ ဇီးကုန်း(ထန်းတပင်)မှ လာရောက်၍ လျှပ်စစ်မီးများအတွက် တာဝန်ခံတပ်ဆင်နေသော လျှပ်စစ်မှူးကြီးသည် နံနက်စောစော အိပ်ယာမှနိုးသဖြင့် ဓမ္မရုံအောက်သို့ ဆင်းခဲ့၏။
    ထိုစဉ် ဆောင်းနှင်းပန်းပုံကြီးတစ်ပုံ လူ့ရင်ဆို့ ခါးလယ်မျှတွေ့ရရာ 'အင်း သည်ပန်းတွေက ဂေါပကလူကြီးများ ဝယ်ပုံထားသည် ထင်၏။ ငါလည်း ဘုရားလှူရန် တစ်ခိုင်မျှ ယူထားအံ့'ကြံစည်ကာ ရှာဖွေ၏။ တွေ့၏။ ယင်းကား ပန်းပုံကြီး၏ ထပ်တည့်တည့်တွင် တစ်ခိုင်တည်းသော ထူးထူးခြားခြား ခြေတံမဲ့ အပွင့်ခိုင် သက်သက်ပင်။
    သို့နှင့် ယင်း နှင်းပွင့်ခြေတိုလေးအားယူပြီး တစ်ဖန်ပြန်လည် အိပ်သည် ဆို၏။ နံနက်လင်း၍ ထကြည့်သောအခါ ပန်းပုံကြီးကား မတွေ့ရတော့ပါ။ မိမိလက်မိရ နှင်းပွင့်ခိုင်လေးသာ လက်ရာမပျက် ရှိပါတော့သည်။ မည်သူမျှ မယူ အလိုလို ပုံပျောက်သွားခြင်းတည်း။ မည်သူမျှလည်း မပုံထား အလိုလို ပုံရောက်လာခြင်းများတည်း။'(ကိုယ်ပွားဘုရားအားထားသူများအကြောင်း၊ စာ-၁၃၂)
    ဒါကတော့ ဆရာတော်ကြီးရေးသားထားတဲ့ 'ကိုယ်ပွားဘုရားအားထားသူ များအကြောင်း'ဆိုတဲ့စာအုပ်ထဲက မင်းဘိသိက်ခံဘုရားနဲ့ ပတ်သက်သမျှကို ထုတ်နှုတ်ဖော်ပြတာဖြစ်ပါတယ်။
    လောကမှာ ပါရမီထူးသူများဟာ ဖြစ်ရပ်ဆန်းများနဲ့ ကြုံရဆုံရလေ့ ရှိမြဲ ဖြစ်ပါတယ်။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ဘဝထိုထိုမှာ ထူးပါပေ့၊ ဆန်းပါပေ့လို့ဆိုနိုင်တဲ့ ဖြစ်ရပ်တွေနဲ့ ကြုံဆုံခဲ့ရတော်မူပါတယ်။ အဲဒီများစွာသော အဖြစ်တွေကိုလည်း စာပေအားဖြင့် ကျမ်းစာအုပ်များမှာ မှတ်တမ်းတင် ရေးသားတော်မူခဲ့ပါတယ်။ အခု ဒီစာစုမှာ ဖော်ပြတဲ့ မင်းဘိသိက်ခံ ဘုရားနဲ့ပတ်သက်တဲ့အဖြစ်အပျက်ဟာ ထူးခြားမှုများစွာများထဲမှ တစ်ခုသာဖြစ်ပြီး ဆရာတော်ကြီးရဲ့ ပါရမီထူးနဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့အား   ကြည်ညိုပူဇော်နိုင်ရန် ရည်ရွယ်၍ ရေးသားရခြင်းဖြစ်ကြောင်းပါဗျာ။

စာပြီးရက်စွဲ/- ၁၆-၁၁-၂ဝ၁၉
ရည်ညွှန်းကိုးကား/-
၁။ သိဒ္ဓန္တ နိမ္မာန ကထာ (၂ဝ၁၄)
၂။ ဘဝကန္တရသင်္ကေတကထာ(၂ဝ၁၂)
  


No comments:

Post a Comment