Thursday, October 31, 2019

သတိ၏ တာဝန်လေးချက်

 

သတိ၏ တာဝန်လေးချက် 

အပ္ပမာဒေန သမ္ပာဒေထ ဆိုတာ တစ်သက်လုံး သုံးမကုန်တဲ့ သတိတစ်လုံးကို ဓမ္မအမွေအဖြစ် ပေးခဲ့တာ။ သတိမှာ တာဝန်လေးချက် ပါတယ်။ မမေ့... မလျော့.. မပေါ့... မဆ..တဲ့။ 

  • ကိလေသာဆိုတာ တစ်ချက်မေ့လိုက်တာနဲ့ အဲဒီမေ့တဲ့အပေါက်ကနေ ထိုးဖောက်ဝင်ရောက်လာပြီး စိတ်စုစည်းမှုကို ဖြိုခွဲပစ်တတ်တယ်။ ဒါ့ကြောင့် မမေ့ခြင်းဖြင့် ခံစစ်လုံအောင် ကာကွယ်တည်ဆောက်ရမယ်။
  • မလျော့ခြင်းဖြင့် ကိလေသာအပေါ် ထိုးစစ်ဆင်ရမယ်။ ကိုယ့်မှာရှိနေတဲ့ ကိလေသာအဟောင်းကိုလည်း ချေမှုန်း, နောက်တိုးကိလေသာအသစ်တွေလည်း ခြေကုပ်မယူနိုင်အောင် ထိုးစစ်ဆင်။
  • မပေါ့ခြင်းဖြင့် ကိလေသာအပေါ် အမြဲကြောင့်ကြစိုက်တဲ့ ဝီရိယရှိဖို့ လိုတယ်။ ကိလေသာဆိုတာ မြေပွေးလိုပဲ.. မွေးကင်းစကတည်းက အဆိပ်ပါပြီးသား။ ဒါ့ကြောင့် ပေါ့လို့ မဖြစ်ဘူး။ ဒီနေရာမှာ ခြင်္သေ့မင်းတို့ရဲ့ ဝီရိယမျိုး မွေးယူရမယ်.. သားကောင်ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ တူညီသော လုံ့လဝီရိယထားပြီး ဖမ်းယူလေ့ရှိတဲ့ ခြင်္သေ့မင်းရဲ့ ဝီရိယမျိုးကို ကိလေသာ အသေသတ်ရာမှာ အသုံးပြုပါ။
  • မဆ ဆိုတာ ချိန်ဆ မနေနဲ့၊ အချိန်ဆွဲ မနေနဲ့တဲ့။ ထမင်းစားချိန်မို့ ရေချိုးတုန်းမို့ဆိုပြီး ချိန်ဆနေယင် ကိလေသာဝင်မှာပဲ။ ဒီတော့ အချိန်မရွေး နေရာမရွေး အလုပ်မရွေးဘဲ အမှတ်သတိ အမြဲရှိကြပါ။ 

အဲဒီလို သတိရဲ့ တာဝန်လေးချက် ထမ်းရွက်လာနိုင်ပြီဆိုယင် တရားရှင်စစ်စစ် ဖြစ်လာပါလိမ့်မယ်။
မဟာဗောဓိမြိုင် ဆရာတော်ကြီး 


နိုင်ငံရေးလုပ်တယ်ဆိုတာ

 

နိုင်ငံရေးလုပ်တယ်ဆိုတာ


❑ မင်းတို့ ဒီခေတ်မှာ နိုင်ငံရေးလုပ်ကြတာ ရယ်စရာတောင် ကောင်းသေးတယ်။
မင်းတို့ နိုင်ငံရေးလုပ်တာ၊ 'နိုင်ငံရေးဆိုတာ ကိုယ့်ရဲ့ လွတ်လပ်ခွင့်ကို တဖြည်းဖြည်း ကျယ်လာအောင်
လုပ်ရတယ်'၊ အဲဒါမှ နိုင်ငံရေးလုပ်တတ်တယ်လို့ ခေါ်တယ်။
❑ အခုတော့ မင်းတို့ ကိုယ့်လွတ်လပ်ခွင့်ကို ကျဉ်းကျဉ်းသွားအောင် လုပ်နေတာ၊
ဒါ ဘာနိုင်ငံရေးလုပ်တာလဲ၊ မင်းတို့စဉ်းစားကြည့်၊ မင်းတို့အသိဉာဏ်ရင်
ဒီလောက်တော့ သိဖို့ကောင်းတယ်၊ ဒါ ငါက မင်းရှင်းရှင်းပြောရင်
ထောင်ထဲကိုက နိုင်ငံရေးသမားဆိုတဲ့ကောင်လေးတွေကို ငါက ပြောပြတယ်၊
'နိုင်ငံရေးလုပ်တယ်ဆိုတာ ကိုယ့်ရဲ့လွတ်လပ်ခွင့်ကို တဖြည်းဖြည်းကျယ်လာအောင်
လုပ်ရတယ်၊ မင်းတို့က လွတ်လပ်ခွင့်ကို ကျဉ်းကျဉ်းသွားအောင် လုပ်နေတာ၊ ဒါ
နိုင်ငံရေးမဟုတ်ဘူး'။
❑ ထောင်ထဲတင် သူတို့ ပြန်ပြီးတော့ အပြစ်ဖြစ်အောင်လုပ်တယ်၊ ဒီတော့
အပြစ်ဖြစ်အောင်လုပ်တော့ အပြစ်ဒဏ်ပေးတယ်၊ ထောင်အပြင် တန်းမရှိဘူး'လို့
မင်းတို့ ဒီစကာပုံရှိတယ်။ တန်းရှိတယ်ဗျ၊ ထောင်ထဲမှာ အပြစ်ကျူးလွန်ရင် တိုက်ပိတ်တယ်ဆိုတာရှိယတ်။
အဲဒီကျတော့ မင်းတိုု့ ထမင်းမကျွေးဘူး၊ ကော်ပဲကျွေးတယ်၊ ဆေးတွေကပ်တဲ့ကော်ပေါ့၊
အဲဒီကော်ပဲ ကျွေးတယ်၊ အဲဒါ 'ထောင်အပြင် တန်းရှိတယ် 'လို့ မှတ်ထား။
❑ ဒါကြောင့် 'နိုင်ငံရေးဆိုတာ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ကိုယ့်ရဲ့ အခွင့်အရေး တဖြည်းဖြည်း
ပိုပိုြပြီး ကျယ်လာအောင်သာ နိုင်ငံရေးလုပ်ရတယ်'၊ အခုတော့ ကိုယ့်ရဲ့ လွတ်လပ်ခွင့်
အခွင့်အရေး ပိုပြီး ကျဉ်းမြောင်းကျဉ်းမြောင်းသွားအောင် လုပ်နေတာ၊ ဒါ နိုင်ငံရေးမှ မဟုတ်ဘဲ၊
နားမလည်တာ၊ အဲဒါ မှတ်ထား၊ နိုင်ငံရေးဆိုတာ ကိုယ့်ရဲ့ လွတ်လပ်ခွင့်ကို တဖြည်းဖြည်း
ကျယ်လာရမယ်၊ အဲဒါမှ နိုင်ငံရေး ခေါ်တယ်။
❑ ဟိုတုန်းက နိုင်ငံရေးလုပ်ကြတယ်၊ တို့ ဗမာပြည်သူပြည်သားတွေ၊ ကိုယ့်လွတ်လပ်ခွင့် ကျယ်လာအောင်
လုပ်တယ်၊ ဆိုကြပါစို့ မင်းတို့ အင်္ဂလိပ်အစိုးရ အုပ်ချုပ်တုန်းက ဗမာပြည်သားတစ်ယောက်
သဘောင်္လုပ်တတ်တယ်၊ သဘောင်္လုပ်တယ်၊ တကယ်လဲ ပြေးလို့ရတယ်၊ စက်တွေ ဘာတွေရော
အကုန်လုံး သူ့ဟာသူ လုပ်တာ။
❑ အခုခေတ် မင်းတို့နိုင်ငံခြားက အင်ဂျင်မှာပြီးတော့ ဆင်တဲ့ကားမျိုးမဟုတ်ဘူး။ သူကိုယ်တိုင် အကုန်လုပ်တာ၊
စက်ရောဘာရော အကုန်လုံး သဘောင်္လုပ်တာ အပြီးထိ၊ အဲဒါ အင်္ဂလိပ်အစိုးရက မလုပ်ရဘူးလို့
တားမြစ်တယ်။ အဲဒါတွေဟာ လွတ်လပ်ခွင့်ကို ပိတ်ပင်တာပဲဆိုပြီးတော့ ဟိုတုန်းက နိုင်ငံရေးသမားတွေက
နိုင်ငံရေး ထလုပ်တာ၊ အဲဒါမှ နိုင်ငံရေးခေါ်တယ်ကွ။
❑ ကိုယ့်ရဲ့လွတ်လပ်ခွင့်ကို တဖြည်းဖြည်းကျယ်လာအောင် ပိုပြီးတော့ ကျယ်လာအောင် ပိုပြီးတော့
ကျယ်လာအောင် လုပ်တာ၊ ကိုယ့်ရဲ့ လွတ်လပ်ခွင့်ကို ကျဉ်းမြောင်း ကျဉ်းမြောင်းသွားအောင်
လုပ်တာ နိုင်ငံရေးလုပ်တာမဟုတ်ဘူး၊ မင်းတို့ကိုယ် မင်းတို့ ဖင်ခေါင်း မကျယ်ကြနဲ့။
# ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
မစိုးရိမ်တိုက်သစ်ကြီးများ၏ အဓိပတိနာယကဆရာတော်

❝ လူဖြစ်တုန်းလေး လူစိတ်မွေး❞

 

❝ လူဖြစ်တုန်းလေး လူစိတ်မွေး❞


လူ၌ရှိအပ်သော ဥာဉ်စရိုက်များကို သီလ နှင့် ဒါန မိဘနှစ်ပါးတို့က မွေးပေးကြပါသည်။
ထိုစဉ် ..
● သီလက ကိုယ်ကြိုက်တာ မကြိုက် တာလောက်သာ သိတတ်သော တိရစ္ဆာန်ဥာဉ်နှင့် နိုင်ရာစားဝါဒကို စိတ်၌ဖြစ်ပေါ်လာတိုင်း
ဆိုင်ရာ တံ ခါးပေါက်တို့မှ စောင့်ကြိုဖျက်သိမ်းပေးပါသည်။
● ဒါနက ငါကောင်းစား ပြီးရောဖြင့် ကြိုက်၊ ကြိုက်သလိုသိမ်းပိုက်ခြင်း၊ မကြိုက် မကြိုက်သလို တိုက်ခိုက်ခြင်း၊ တိရစ္ဆာန်အကျင့်ဆိုးများနှင့် နိုင်ရာ စားအကျင့်ကို စိတ်၌ ဖြစ်ပေါ်လာတိုင်း ကိုယ်ချင်းစာ တန်းတူ ထားနိုင်မည့် နှလုံးသွင်းမှန်ကန်စိတ်ဖြင့် ..
အောက်တွေ့က တွဲခေါ်ပေးပါသည်။
အထက်တွေ့က အားပေးပါသည်။
တန်းတူတွေ့က ဖေးကူပါသည်။
ဤ လူ့ဥာဉ်နှင့် လူကျင့်များကြောင့်ပင် ထိုလူသား၌ ...
(က) ကိုယ်ချင်းစာမေတ္တာထား မျက်စိနှစ်ကွင်းလည်း ပွင့်လင်းလာစေပါသည်။
(ခ) ဟိရိ သြတ္တပ္ပ အရှက်အကြောက် နှာခေါင်း နှစ်ပေါက်လည်း ရောက်လာစေပါသည်။
ဤသည်မှာ လူသားတစ်ဦး၌ ရှိအပ်သော လူ အစဉ်အလာများလည်း ဖြစ်ကြပါသည်။ လူသား တစ်ဦး လူဖြစ်တုန်းလေး လူစိတ်မွေးခြင်းလည်း ဖြစ်ပါသည်။
#မဟာဗောဓိမြိုင်ဆရာတော်
#ဒါနပတ္တိကထာ

ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်

 

ကိုးနဝင်းဖတ်စာ

ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်


၁။ ဘုန်းကြီးအလုပ်ဟူသည် ရဟန်းကိစ္စ၊ နှစ်ဓုရ၌၊ လုံ့လအားသည်းဆိုသည့်အတိုင်း ပရိယတ္တိ, ပဋိပတ္တိ အလုပ်ပင်ဖြစ်သည်။
၂။ ပရိယတ္တိဟူသည် ဗုဒ္ဓဓမ္မများကို ကိုယ့်အတွက် သင်ယူခြင်း, လိုအပ်သူမှန်သမျှအတွက် သင်ပေးခြင်း၊ ဗုဒ္ဓဘာ
သာဝင်ဟုတ်သူ၊ မဟုတ်သူ ရဟန်း၊ သာမဏေကိုဖြစ်စေ လူပုဂ္ဂိုလ်၊ ကလေး၊ လူကြီး၊ မည်သူ့ကိုမဆိုသင်ပေး
ခြင်း၊ ဟောပြောပြသခြင်း၊ စာရေးသားခြင်းစသည်။
၃။ ပရိယတ္တိခေါ် သင်ပေးရာ၌ 'မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ ၊ နတ်ထံတင်ရာ'ဟူသော ရဟန်း
ဝတ္တရားများ ကျေပွန်အောင်ဆောင်ရွက်ခြင်းတည်း။
၄။ မကောင်းမြစ်တာဟူသည် မတရားလုပ်ရပ် ဒုစရိုက် မကောင်းမှုများကို မပြုလုပ်အောင် တားမြစ်ခြင်း၊ မိမိတို့အ
မျိုးဘာသာကို နှောင့်ယှက်ဖျက်ဆီးသည့် မတရားလုပ်ရပ်များ လုပ်သူများကိုတရားနှင့်အညီ တားမြစ်ခြင်းတည်း။
၅။ ကောင်းရာညွှန်လစ်ဟူသည် လိုက်နာကျင့်သုံးရမည့်တာဝန်များ၊ ယဉ်ကျေးမှုများ၊ မိမိအမျိုးအနွယ်ကိုစောင့်ရှောက်
ခြင်းများ၊ ပညာရေး၊ စီးပွားရေး၊ ကြီးပွားရေး-စသော ကောင်းရာကောင်းကြောင်းများကို လမ်းညွှန်ပေးခြင်း။
၆။ အသစ်ဟောကျူးဟူသည် မသိသေးသည့် သတိမမူမိသည့် ဘာသာရေး၊ အမျိုးသားရေး၊ ပညာရေးစသော
သိသင့်သိထိုက်သည်များကို အသစ်ထပ်မံသိအောင်၊ တတ်အောင်၊ နားလည်အောင်ဟောပြခြင်း။
၇။ နာဖူးထပ်မံဟူသည် ကြားဖူးသော်လည်း မရှင်းလင်းသေးသည့်၊ နားမလည်သေးသည့်အကြောင်းအရာများကို
သေချာအောင်ထပ်မံ၍ ဟောပြောပေးခြင်း။
၈။ နတ်ထံတင်ရာဟူသည် နတ်ပြည်ရောက်ရေး, အများအားကိုးလောက်သူဖြစ်ရေး-စသော လမ်းကြောင်းပေါ်သို့
ရောက်အောင်တင်ပေးခြင်း။
၉။ ပဋိပတ္တိဟူသည် မေတ္တာထားခြင်းစသော ဘာဝနာလုပ်ငန်းများ ကျင့်သုံးခြင်း။
#အရှင်တိလောကာဘိဝံသ (အင်းစိန်)
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။

ယုံကြည်ကိုးကွယ်မှု မှန်ကန်ကြပါစေ

ယုံကြည်ကိုးကွယ်မှု မှန်ကန်ကြပါစေ

  • ကောင်းကင်ဘုံက တန်ခိုးရှင်ကြီးက ကမ္ဘာကြီးကို ဖန်ဆင်းတယ်၊ သတ္တဝါတွေကို ဖန်ဆင်းတယ်၊ အားလုံးကို ဖန်ဆင်းတယ်၊ တန်ခိုးရှင်ကြီး။ အဲဒီတန်ခိုးရှင်ကြီးကို ကိုယ်တိုင် တွေ့လို့ရလား? မရဘူး။ ဘယ်သူကပြောတာလဲ? တမန်တော်က ပြောတယ်။
  • လူ့ပြည်ကနတ်တွေ ဘာနတ် ညာနတ်နဲ့ မြန်မာပြည်မှာ (၃၇)မင်း၊ အဲဒီနတ်တွေကို ဘယ်သူမြင်ဘူးလဲ? မမြင်ဖူးဘူး။ နတ်ကတော်ပြောတာကို လက်ခံရတာ။ နတ်ကတော်က ဘာဆက်ရမယ်ဆို ဆက်တယ်လေ၊ လူတွေက ဆက်ကြတာ၊ Mediator ပဲ ကြားခံဆက်သွယ်ရေးနဲ့ သွားနေကြတာ။ အဲဒါ နတ်ကိုးကွယ်တယ်ဆိုတာ ခု ဒီအတိုင်းပဲ။
  • ဒါဖြင့် အဲဒီ နတ်ကိုးကွယ်သူတွေရဲ့ ယုံကြည်ချက်က ဘာလဲဆိုလို့ရှိရင် အနန္တတန်ခိုးကို ယုံကြည်တာပဲ။ ဘာလို့လဲ? ကြည့်လေ နတ်တင်ပြီးတော့ ဘာပြောလဲ? “မ,တော်မူပါ” “စ,တော်မူပါ”“မ,စတော်မူပါ ” အဲဒီလို ပြောတာမဟုတ်လား။ “အရှင်မင်းကြီး မ,စတော်မူပါ” ဆိုတာ တန်ခိုးကို ယုံကြည်တာပဲလေ။ အဲတော့ သူ့ဆီကနေပြီး Blessingပဲ တောင်းနေတာ။ ဘယ်ဘာသာဖြစ်ဖြစ် ဗုဒ္ဓဘာသာကလွဲရင် အဲဒီလို Blessing တောင်းတာ။ “အရှင်သခင်ကြီး မ,စတော်မူပါ၊ ကျေးဇူးသစ္စာစောင့်သိပါ့မယ်၊ ခွင့်လွှတ်တော်မူပါ၊” ဟော ဒီလိုဆိုတာ။
  • ဒါဖြင့် ဗုဒ္ဓဘာသာတို့ဆိုနေတဲ့ သြကာသနဲ့ကော တူသလားလို့ ဆိုရင် ဘယ်တူမှာတုန်း။ သြကာသဆိုတာ ကိုယ့်အမှားကို ကိုယ့်ဟာကို ဝန်ခံတာ၊ ဝန်ခံပြီးတဲ့အခါမှာ ကောင်းအောင် လုပ်ပါ့မယ်ဆိုတာ ရှိတယ်၊ သူတို့လည်း ဆင်ဆင်တွေတော့ ရှိတယ်။ Confession လို့ ခေါ်တယ်။ သို့သော် သူတို့နဲ့ မတူဘူး။ ဒီတော့ ဗုဒ္ဓဘာသာဝင်တွေက ကိုယ့်ဘာသာရဲ့ အတိမ်အနက် အဓိပ္ပာယ်ကို သေသေချာချာ သိဖို့ လိုတယ်ပေါ့။
  • ဗုဒ္ဓဘာသာက ယုံကြည်တာဟာ ဘုရားရဲ့ အနန္တတန်ခိုးကို ယုံတာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာဝင်တွေ ယုံရမှာက ဘုရားရဲ့ အနန္တတန်ခိုးကို ယုံရမှာ မဟုတ်ဘူး။ ဒါဖြင့် ဘုရားရှင်က တန်ခိုး မရှိဘူးလားဆိုတော့ သူ့ဟာသူ ရှိမှာပေါ့။ အဲဒီတန်ခိုးက ကိုယ့်ကို ဘာလုပ်ပေးနိုင်မှာလဲ။
  • ဆိုလိုတာက ဗုဒ္ဓဘာသာဝင်တွေ ယုံရမှာက မြတ်စွာဘုရား ကိုယ်တိုင် ဖွင့်ဆိုထားတဲ့ ပါဠိကိုကြည့် --- “ ကတမာ စ ဘိက္ခဝေ သဒ္ဓါ-ယုံကြည်မှုဆိုတာ ဘာလဲ” ။ မြတ်စွာဘုရားက “ ဣဓ ဘိက္ခဝေ အရိယသာဝကော သဒ္ဒဟတိ တထာဂတဿ ဗောဓိံ၊ ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရောပုရိသဒမ္မသာရထိ သတ္ထာဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါတိ” ပါဠိတော်တွေမှာ အဲဒီအတိုင်းပဲ ရှိတယ်နော်။
  • သဒ္ဓါ- ယုံကြည်တယ်ဆိုတာ ဘာကို ယုံကြည်တာတုန်းဆိုတော့ ကြည့် တထာဂတဿ-မြတ်စွာဘုရား၏၊ ဗောဓိံ-အသိဉာဏ်ကို၊ သဒ္ဒဟတိ-ယုံကြည်၏။ တန်ခိုးကို ယုံတယ်လို့ မပါဘူးနော် ဒီမှာ။ မြတ်စွာဘုရားရဲ့ တန်ခိုးကို ယုံကြည်တာလို့ ဒီလို ပြောတာ မဟုတ်ဘူး။ အသိဉာဏ်ကို ယုံကြည်တာ။ ဒါ ဗုဒ္ဓဘာသာနဲ့ အခြားဘာသာတွေ မတူတဲ့အချက်လို့ ဒီလို မှတ်ထား။
  • ကဲ ဒါဖြင့် ဘယ်လိုထူးခြားလဲ။ ကိုယ့်ဟာကို စဉ်းစားကြည့်နော်။ တန်ခိုးကို ယုံတဲ့လူနဲ့ အသိဉာဏ်ကို ယုံတဲ့လူ ဘာကွာလဲ။ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေ အတွေးတွေက အများကြီး ကွာခြားသွားတယ်။ အနန္တတန်ခိုးကို ယုံတဲ့ပုဂ္ဂိုလ်က တန်ခိုးရှင်ရဲ့ မ,စမှုကို မျှော်လင့်နေတယ်၊ ဒါ တစ်ချက်။ မျှော်လင့်နေသည့်အတွက်ကြောင့် သူ့ကိုယ်ပိုင်ဉာဏ်နဲ့ လုပ်သင့်တာနဲ့ မလုပ်သင့်တာ သိဖို့ဆိုတာ မရှိဘူး။ သူ့ရဲ့ ကိုယ်ပိုင်ဆန္ဒ ဆုံးဖြတ်ချက်မရှိဘူး။ သူ့ရဲ့ လုံ့လဝီရိယ သူ့ရဲ့ အသိပညာက တန်ဖိုးမရှိဘူး။ ဘာလို့လဲဆို တန်ခိုးရှင်ကြီးက မ,မှာပဲလေ။ အဲဒါ တန်ခိုးယုံကြည်တဲ့သူက ဒီအခြေအနေမျိုး ရောက်သွားတယ်။
  • အသိဉာဏ်ကို ယုံကြည်တဲ့ပုဂ္ဂိုလ်ကျတော့ ဘယ်လို အခြေအနေ ဖြစ်လဲ? အသိဉာဏ်ကို ယုံကြည်တဲ့အတွက်ကြောင့် ဒီလို အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်က ဟောထားတဲ့ ဆုံးမထားတဲ့ အဆုံးအမတွေဟာ ဘယ်တော့မှ မမှားဘူး။ ဒီလိုပုဂ္ဂိုလ်မျိုးက ရှောင်ရမယ်ဆိုတာကို တို့ရှောင်ရမယ်၊ ဆောင်ရမယ်ဆိုတာကိုလည်း တို့ဆောင်ရမယ်၊ မရှောင်ရင် အပြစ်ရှိတယ်လို့ ဟောထားတယ်။အေး သေချာတယ် အပြစ်ရမယ်။
  • လိုက်နာလို့ရှိရင် အကျိုးရှိတယ်လို့ ဟောထားတယ်၊ သေချာတယ် လိုက်နာရင် အကျိုးရှိမယ်။ ဟော ဉာဏ်ယုံသည့်အတွက်ကြောင့် နောက်ဆက်တွဲက ကိုယ်ကိုယ်တိုင် လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားသိလာတယ်။ ကိုယ့်ရဲ့ဆန္ဒ ကိုယ့်ရဲ့ဝီရိယ ကိုယ့်ရဲ့အသိဉာဏ်တွေဟာ တန်ဖိုးတက်လာတယ်လို့ ဒီလို ပြောတာပေါ့နော်။
#ဒေါက်တာနန္ဒမာလာဘိဝံသ
crd - အရှင်ခေမိန္ဒ

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဖြေကြားတော်မူသော မိဘကျေးဇူးနှင့်ပတ်သက်သော ဓမ္မရေးရာအမေးအဖြေများ

 

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဖြေကြားတော်မူသော

မိဘကျေးဇူးနှင့်ပတ်သက်သော ဓမ္မရေးရာအမေးအဖြေများ


ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ တရားတော်တွေထဲကမှ ထူးထူးခြားခြား လူငယ်တွေရဲ့ မေးမြန်းမှုကို စိတ်ရှည်လက်ရှည်ပြန်လည် ဖြေကြားပေးတဲ့ တရားတော်ကို နာကြားခဲ့ရပါတယ်။ ၂၀၁၆ နိုဝင်ဘာလ 27 ရက်နေ့က ကျင်းပခဲ့သည် တရားပွဲမှာ မန္တလေးမြို့ CAE ကိုယ်ပိုင်အထက်တန်းကျောင်း ကျင်းပခဲ့တဲ့ တရားပွဲမှာ ကျောင်းသားကျောင်းသူများရဲ့ ဓမ္မမေးခွန်းများ (ဝါ)မေးမြန်းမှုများကို ၁၃၇၈ ခုနှစ် တပို့တွဲလဆန်း (၈) ရက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၄) ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ငါးဆူတောင်ဒေသက ဓမ္မဝိနိယစင်တာ IDE ဓမ္မပညာသင်တန်းကျောင်းကနေ ဆရာတော်ကြီးက ပြန်လည်ဖြေကြားပေးခဲ့တဲ့ တရားတော်တွေဖြစ်ပါတယ်။ တရားတော်တွေများဟာ အပိုင်းသုံးပိုင်းရှိပြီး အဲဒီ အပိုင်းသုံးခုထဲက မေးခွန်းတွေကို ဒီစာစုမှာ ပြန်လည် ဖော်ပြလိုပါတယ်။ မိဘကျေးဇူး၊ မိဘကိုဘယ်လိုကျေးဇူးဆပ်ရမလဲ အစရှိသဖြင့်
မိဘကျေးဇူးနဲ့ပတ်သက်ဆက်ဆိုင်တဲ့ မေးခွန်းတွေကို ရွေးပြီး ထုတ်နှုတ်တင်ပြပေးလိုက်ပါတယ်။
ကလေးငယ်တွေရဲ့ တရားအပေါ်စူးစမ်းမှု (ဝါ) ကလေးငယ်တွေရဲ့ လောကကိုမြင်ပုံနဲ့ ဆရာတော်ဘုရားကြီးရဲ့ ပညာဉာဏ်ပြည့်ဝမှုနဲ့ ဖြေကြားမှုတွေဟာ ဒီအမေးအဖြေတွေကို ပိုပြီး စိတ်ဝင်စားစရာကောင်းစေပါတယ်။ အထူးသဖြင့် ဆရာတော်ကြီးရဲ့ ဖြေကြားမှုတွေ (ဝါ) အဖြေတွေကို ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေထဲမှာ အသုံးချနိုင်အောင် ကြိုးစားရင် ကုသိုလ်တရားနဲ့ နီးသထက်နီးနိုင်တယ်လို့လည်း ယုံကြည်ရပါတယ်။
မေးခွန်းနဲ့အဖြေတွေကို ပြန်လည်ဖော်ပြတဲ့နေရာမှာ မေးမြန်းသူရဲ့အမည်ကို ထားခဲ့ပြီး မေးခွန်းနဲ့ ဆရာတော်ကြီးရဲ့ အဖြေများကိုသာ ပြန်လည်ဖော်ပြပေးလိုပါတယ်။ ရည်ရွယ်တာကတော့ ဆရာတော်ကြီးနဲ့ အမေးအဖြေသဘောမျိုးအဖြစ်နဲ့ မေးခွန်းတွေအပေါ်မှာ အခြားအရာတွေ မရှုပ်ထွေးစေဘဲ မြင်ရဖို့ ပါပဲ။
❑ မေး- မိဘကို ကျေးဇူးဆပ်နိုင်သော သားသမီးကောင်းဆိုတာ ဘယ်လိုမျိုးပါလဲ။
မိဘကို ကျေးဇူးဆပ်ကတည်းက သားကောင်းသမီးကောင်းလို့ ဒီအရည်အချင်းအားဖြင့် ပြောလို့ရပြီပေါ့။ မိဘကို ကျေးဇူးဆပ်တယ်ဆိုတဲ့ရှုထောင့်ကနေပြီးကြည့်မယ်ဆိုရင် သူက သားကောင်း သမီးကောင်း၊ သို့သော် မိဘကို ကျေးဇူးဆပ်ရုံနဲ့ သားကောင်းသမီးကောင်းလို့ ဆိုနိုင်သေးတာမဟုတ်ဘူး။ လူတော်လူကောင်းဖြစ်ဖို့ရာ ကိုယ်ကျင့်သီလ လိုအပ်တယ်။ ကိုယ်ကျင့်သီလရှိမှ လူတော်လူကောင်းဖြစ်မယ်။
မိဘကျေးဇူးဆပ်ရုံနဲ့တော့ မိဘရှုထောင့်ကကြည့်ရင် လူတော်လူကောင်းလို့ ပြောလို့ရနိုင်ပေမယ့် ကိုယ်ကျင့်သီလ ပျက်ပြားနေရင်တော့ လူတော်လူကောင်းမဖြစ်နိုင်ဘူး။ သားကောင်း သမီးကောင်းမဖြစ်နိုင်ဘူး။
သားကောင်း သမီးကောင်းဆိုတာ မိမိကိုယ်တိုင်ကောင်းမြတ်တဲ့အရည်အချင်းတွေ ရှိဖို့လိုအပ်တယ်ပေါ့။ မိဘကိုလည်းကျေးဇူးဆပ်မယ် မိမိကိုယ်တိုင်လည်းကိုယ်ကျင့်တရားကောင်းမယ်။ စိတ်နေသဘောထားတွေကောင်းတယ်၊ ဘယ်သူ့အပေါ်မှ မလိုမုန်းထားမရှိဘူးဆိုရင်တော့ ဒါဟာ သားကောင်း သမီးကောင်းလို့ပြောရမှာ၊ လူတော်လူကောင်းလို့ ပြောရမှာပေါ့။
❑ မေး- တရားဓမ္မများနဲ့ မိဘကျေးဇူးဆပ်နိုင်ပါသလား။
တရားဓမ္မနဲ့ကျေးဇူးဆပ်ပုံကို အပေါ်က မေးခွန်းမှာ ဖြေလိုက်တယ်။ တရားဓမ္မနဲ့ ကျေးဇူးဆပ်တာဟာ ကျေးဇူးဆပ်ခြင်းမှာ အကောင်းဆုံးလို့ ဒီလိုဆိုတယ်။ ဘာကြောင့်အကောင်းဆုံးလဲဆိုတော့ မိဘရဲ့သဏ္ဍာန်မှာ တရားဓမ္မရသွားမှ မိဘကိုယ်တိုင် သံသရာဝဋ်ဆင်းရဲက လွတ်နိုင်မယ်။ ကောင်းကျိုးချမ်းသာတွေ ရနိုင်မယ်ပေါ့။
ဒါကြောင့်မို့ လုပ်ကျွေးပြုစုပြီး ကျေးဇူးဆပ်တဲ့နည်းကတော့ ဒီတစ်ဘဝတာမျှသာ အကျိုးရှိကောင်း ရှိမယ်ပေါ့။ အကျိုးရှိနိုင်တယ်။ ဓမ္မနဲ့ မိဘသကို ကျေးဇူးဆပ်မယ်ဆိုရင်တော့ တစ်ဘဝမကဘူးပေါ့။ ဒီဓမ္မကို လိုက်နာကျင့်သုံးခြင်းအားဖြင့် မိဘမှာ ကောင်းကျိုးချမ်းသာတွေဟာ တစ်ဘဝမျှမက ဘဝပေါင်းများစွာ နောက်ဆုံးနိဗာန်ထိအောင် အကျိုးရှိသွားနိုင်တယ်။
ဒါကြောင့်မို့ တရားဓမ္မနဲ့ ကျေးဇူးဆပ်တာတော့ အကောင်းဆုံးလို့ ပြောရမှာဖြစ်တယ်။

❑ မေး – တရားဓမ္မနဲ့ မိဘကျေးဇူးဆပ်ရန် နည်းလမ်းရှိပါသလား။
ရှိပါတယ်။ တရားဓမ္မနဲ့ ကျေးဇူးဆပ်တယ်ဆိုတာ အမေ၊အဖေတွေကို တရားနာဖို့ အသိဉာဏ်တွေရဖို့ ဖန်တီးပေးတယ်။ အခုခေတ်ဆိုလို့ရှိရင် တရားဟောထားတဲ့ တရားတိပ်ခွေလေးတွေ ပေးတယ်၊ တရားစာအုပ်တွေပေးတယ်၊ မိဘကို ဖတ်ပြတယ်။ ဓမ္မအသိမရှိသေးတဲ့မိဘတွေကို ဓမ္မအသိရှိလာအောင် အမေအဖေသီလမရှိသေးရင် သီလရှိလာအောင် လှူမှုတန်းမှုမလုပ်နိုင်သေးရင် လှူမှုတန်းမှုလုပ်လာနိုင်အောင် မိဘကိုယ်တိုင်က တရားဘက်ကို မြတ်နိုးလာအောင် ဆပ်တဲ့နည်းကတော့ အကောင်းဆုံးပဲဖြစ်တယ်ပေါ့။
❑မေး-မာတုပိတု အနန္တဂိုဏ်းဝင်တွင် မွေးစားအဖေ၊ မွေးစားအမေတို့ကို ထည့်လို့ရပါသလား။
ထည့်မယ်ဆို ထည့်လို့ရတယ်။ သို့သော် မွေးစားတာနဲ့ မိဘအစစ်နဲ့ကတော့ လုံးဝကြီးတော့ အကုန်တူလို့မရဘူးပေါ့။ဘာကြောင့်မတူဘူးဆိုတာ တစ်ခုပြောပြမယ်။ အမေအဖေအစစ်က လူဖြစ်လာအောင် သူတို့ကခွင့်ပြုခဲ့တာ။ အကယ်၍ သူတို့ခွင့်မပြုခဲ့ဘူးဆိုရင် လူမဖြစ်ဘူး။ သူတို့ခွင့်ပြုပြီးမှ ပြုစုတဲ့ပုဂိုလ်ကျတော့ ကျွေးတဲ့ ကျေးဇူးတော့ ရှိတာပေါ့။ စောင့်ရှောက်တဲ့ ကျေးဇူး၊ ကျွေးတဲ့ကျေးဇူးရှိတယ်။
မြတ်စွာဘုရားက မိဘသနဲ့ပတ်သက်ပြီးတော့ ကျေးဇူးသုံးမျိုးကို ဖော်ပြထားတာရှိတယ်။ ဘာတုန်းဆိုရင် –
အာပါရကာ – ဘေးရန်အန္တရာယ်မရောက်အောင် စောင့်ရှောက်ခြင်း၊
ပေါသကာ – ကျွေးမွေးခြင်း၊ နို့ချိုတိုက်ကျွေး ကျွေးမွေးခြင်း၊
ဣမဿ လောကသ ဓသေတသော – ဒီလောကကို ပြသခြင်း (ဝါ) လူ့ဘဝကို လာခွင့်ပြုခြင်း
အဲဒီ တတိယမြောက်လူ့ဘဝကိုလာခွင့်ပြုခြင်းကတော့ အမေအစစ် အဖေအစစ်နဲ့ပဲဆိုင်တယ်။ အမေမိဘကို အမှီပြုပြီးတော့ ကိုယ်က လူ့ဘဝကို ရောက်ရတာ။ အဲဒီအတွက်ကြောင့် တကယ် အမေရင်း အဖေရင်းကသာ ဒီ လူ့အဖြစ်ကို လာခွင့်ပြုနိုင်တယ်။ ကျွေးတာ မွေးတာကကျတော့ ခုနက မွေးစာအဖေ မွေးစားအမေတို့ကလည်း ကျွေးနိုင်တယ်ပေါ့။
အဲတော့ ဒါကိုကြည့်မယ်ဆိုလို့ရှိရင် အမေရင်းအဖေရင်းက ဒီလောကကိုရောက်လာအောင် ခွင့်ပြုခဲ့တဲ့ပုဂိုလ်၊ လောကကြီးကို တွေ့ဆုံခွင့်ပေးတဲ့ ကျေးဇူးရှိတယ်။ အကယ် ၍ သူတို့က မွေးပြီးတော့ မကျွေးဘူးဆိုရင်တောင်မှ ဒီကျေးဇူးက ဆပ်လို့မကုန်တဲ့ ကျေးဇူးတစ်ခု ကျန်တာကတော့ အာပါရကာ၊ ပေါသကာ စောင့်ရှောက်တယ်၊ ကျွေးမွေးတယ်ဆိုတာကတော့ ဒီမွေးစား အမေအဖေကလည်း လုပ်လို့ရတယ်ပေါ့။
အဲတော့ မတူတဲ့အချက်ကတော့ မွေးစားအဖေအမေသည် ကိုယ့်ကို လူ့ဘဝရောက်အောင် ပို့ပေးတဲ့ သူမဟုတ်ဘူး။ ပို့ပေးသူ မဟုတ်ဘူး၊ ကျွေးသူပဲ၊ စောင့်ရှောက်သူပဲဖြစ်တယ်လို့ ဒီလို ဆိုနိုင်တယ်ပေါ့။
အဲတော့ တန်းတူထားလို့ကတော့ သဘာဝအရ မရနိုင်ဘူးပေါ့။ သို့သော် ကျေးဇူးမရှိဘူးလို့ ပြောတာ မဟုတ်ဘူး၊ ကျေးဇူးရှိတယ်။
❑ မေး- ဖတ်ဖူးသောစာအုပ်များတွင် မြတ်စွာဘုရားသည် မိခင်၏နို့တစ်လုံးဖိုးကျေသည်၊ အချို့က အကုန်ကျေသည်ဟု အမျိုးမျိုးတွေ့ရပါသည်။ ဘယ်ဟာက မှန်ပါသလဲ။
နို့ကို တစ်လုံးဖိုး နှစ်လုံးဖိုးလို့ ဘယ်သူက သတ်မှတ်တာလဲ။ သတ်မှတ်လို့ ဘယ်ရမလဲ။ တစ်လုံးဖိုးက ဘယ်လောက်ယူမှာတုန်း။ နောက်တစ်လုံးဖိုးက ဘယ်လောက်ယူမှာတုန်း။ ဒီလိုသတ်မှတ်ရင်တော့ ဟုတ်တာပေါ့။ ကျွေးတဲ့ကျေးဇူးက မြတ်စွာဘုရားဖြစ်ပြီးတဲ့အခါ အဘိဓမ္မာတရားဟောလို့ မယ်တော်ကြီး သောတပန်ဖြစ်သွားကတည်းက မြတ်စွာဘုရားက မိဘရဲ့ကျေးဇူး ကျေပြီးသားဖြစ်သွားတယ်။ ဓမ္မနဲ့ ကျေးဇူးဆပ်လို့ ကျေတယ်လို့ ပြောတာ။
မြတ်စွာဘုရားကိုယ်တိုင်ကလည်း သုတ္တန်တွေမှာဟောထားတယ်။ ဓမ္မနဲ့ကျေးဇူးဆပ်ရင် ကျေတယ်လို့။ ဒီလိုဆိုတယ်။ ဒါကြောင့်မို့ မိခင်၏ နို့တစ်လုံးဖိုးကျေသည်လို့ ရေးတဲ့စကားဟာ စာမရှိပေမရှိ သူ့ဘာသူ တစ်ဝက်ကျေတယ်လို့ ပြောချင်တာလား၊ သူက။ တစ်လုံးဖိုး၊ နှစ်လုံးဖိုးလို့ စာနဲ့ပေနဲ့ရေးတာမဟုတ်ဘူး။ သူ့ဆန္ဒ၊ သူ့သဘောအတိုင်းပဲ ရေးတာပဲဖြစ်မယ်။ မြတ်စွာဘုရားအနေနဲ့ ပြောမယ်ဆိုရင် မိဘရဲ့ ကျေးဇူး ကျေတယ်လို့ပဲ ပြောရမယ်။
ဘာဖြစ်လို့လဲဆိုရင် ဘုရားရဲ့ တရားကိုနာပြီး မယ်တော်ကြီးဟာ သောတပန်ဖြစ်သွားလို့။
❑ မေး- မိဘကျေးဇူးဆပ်ရာ အကောင်းဆုံးနည်းလမ်းပြောပြပါ။
ခုနက ဓမ္မနဲ့ကျေးဇူးဆပ်တာ အကောင်းဆုံးကျေးဇူးဆပ်နည်းပဲ။
#ငြိမ်းချမ်းသာ စုစည်းပူဇော်သည်

နတ်တွေပြောတဲ့ သူတော်ကောင်း

 

နတ်တွေပြောတဲ့ သူတော်ကောင်း

သူတော်ကောင်းဆိုတဲ့ အဓိပ္ပါယ်ကို တာဝတိ ံသာနတ်တွေကအမျိုးမျိုးဖွင့်ဆို သတ်မှတ်ကြသေး တယ်၊ နတ်တွေက သတ်မှတ်တဲ့ အရည်အသွေးတွေဟာ မှတ်သားစရာကောင်းတယ်။
တာဝတိ ံသာနတ်တွေကသူတော်ကောင်းလို့ ဘယ်ပုဂ္ဂိုလ်မျိုးကိုခေါ်တာလဲ၊ အရည်အသွေး (၇) ရပ်ကို သူတို့က ထုတ်ဖော်သတ်မှတ်ပြထားတာ၊ ဒီအရည်အသွေး (၇) ရပ်ကိုပြပြီး ပြဋ္ဌာန်းပြောဆိုတာ လည်း သူတို့နတ်တို့ရဲ့ဘုရင်နတ်တို့ရဲ့ခေါင်းဆောင် သိကြားမင်းကိုယ်တိုင် လူ့ဘဝတုန်းက ကျင့်သုံးခဲ့တဲ့ ကျင့်ဝတ်တွေကိုရည်ညွှန်းတာပါ။
သိကြားမင်းကြီးလူ့ဘဝတုန်းက ကိုယ်တိုင် ကျင့်သုံးခဲ့တဲ့ ကျင့်ဝတ်တရားတွေကို ကျင့်တဲ့ပုဂ္ဂိုလ်ကို သူတော်ကောင်းလို့တာဝတိ ံသာနတ်တွေက သတ်မှတ်ကြတာ။ အဲဒါဘာတုန်းဆိုရင်…
(၁) လူ့ဘဝရောက်လာတဲ့အခါလူတွေရဲ့ ပထမဆုံးကျေးဇူးရှိတဲ့ပုဂ္ဂိုလ် ဘယ်သူတုန်းဆိုရင် အမေနှင့်အဖေပဲ။ မိဘနှစ်ပါးဟာကျေးဇူးအရှိဆုံးပုဂ္ဂိုလ်တွေ၊ အဲဒီကျေးဇူးအရှိဆုံး ပုဂ္ဂိုလ်တွေကို ကျေးဇူး ဆပ်တတ်လို့ရှိရင်ဒါ သူတော်ကောင်းပဲ၊ မာတာ ပေတ္တိဘရော- အသက်ထက်ဆုံးမိဘနှစ်ပါးကို လေးလေး စားစားနဲ့ပြုစုစောင့်ရှောက်တတ်တဲ့ သားသမီးကို သူတော်ကောင်းလို့တာဝတိ ံသာနတ်တွေက သတ်မှတ် တယ်၊
ဒါတင်မကဘူး၊
(၂) ကုလေ ဇေဋ္ဌာပစာယီ – ဆွေထဲမျိုးထဲမှာ အမေ့ဘက်ကတော်တဲ့အမျိုးတွေ၊အဖေ့ဘက်က တော်တဲ့အမျိုးတွေရှိတယ်၊ ကိုယ့်မိသားစုထဲမှာ ကိုယ့်ထက်အသက်ကြီးတဲ့ အကိုတွေအမတွေဆိုတာ ရှိ တယ်၊ အဲဒီကိုယ့်အမျိုးထဲက ရိုသေလေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို လေးစားတာလည်းသူတော်ကောင်းပဲ။
အဲဒီမှာ အပြန်အားဖြင့်ပြောမယ်ဆိုရင် အမေအဖေကို မပြုစုဘူးဆိုရင် သူယုတ်မာ၊ ဝသလသုတ္တန် မှာ ဒီလိုပဲဟောထားတယ်၊ သူတော်ကောင်းရဲ့ ဆန့်ကျင်ဘက်က သူယုတ်မာ၊အမေအဖေ ပြုစုမယ်ဆိုရင် သူတော်ကောင်း၊ ဆွေထဲမျိုးထဲက ကြီးတဲ့ပုဂ္ဂိုလ်ကို ရိုသေလေးစားတဲ့အဲဒီပုဂ္ဂိုလ်ဟာလည်း သူတော် ကောင်းပဲတဲ့။ အဲဒီတော့ သူတော်ကောင်းလို့သတ်မှတ်တဲ့ အင်္ဂ ါ(၂)ချက်ရတယ်၊
နောက်တစ်ခုကဘာတုန်းဆိုရင်
(၃) စကားပြောတဲ့အခါမှာယဉ်ယဉ်ကျေးကျေးသိမ်သိမ်မွေ့မွေ့ ပြောတဲ့ ပုဂ္ဂိုလ်ဟာလည်း သူတော် ကောင်းပဲ။ နူးညံ့ သိမ်မွေ့တဲ့စကားပြောရမယ်တဲ့။
ကြမ်းတမ်းတဲ့စကားမျိုးကို ဖရုသဝါစာ လို့ခေါ်တယ်။ ဖရုသဝါစာ ပြောလို့ရှိရင် မိစ္ဆာဝါစာ ဖြစ်တယ်။ ဒါကြောင့်မို့ ကြမ်းတမ်းတဲ့စကားမျိုးမပြောရဘူးတဲ့။ ဒါကြောင့်မို့ ကြမ်းတမ်းတဲ့စကားမျိုး မပြောရဘူးတဲ့။
ဘယ်လိုစကားမျိုးပြောရတုန်းဆိုလို့ရှိရင် ယာသာဝါစာ နေလာ-ကိုယ်ပြောလိုက်တဲ့ စကား တစ်ခု ဟာ အပြစ်မပါဘူး၊ အပြစ်ကင်းရမယ်။
ကဏ္ဏသုခါ- ကြားလိုက်ရတဲ့ ပုဂ္ဂိုလ်ရဲ့နားမှာချမ်းသာရမယ်။ နားချမ်းသာတယ်ဆိုတာ တင်စားပြီး တော့ပြောတာ။ စိတ်ချမ်းသာမှုကို ဖြစ်စေတယ်။
ပေမနီယာ- ဒီစကားကို လူတိုင်းက နှစ်မြို့ကြတယ်။
ဟဒယင်္ဂမာ- စိတ်နှလုံးထဲမှာ ရောက်သွားတယ်။
ဗဟုဇနကန္တာ- လူအများက ကြိုက်တယ်။
ပေါရီ – တကယ်ယဉ်ကျေးတဲ့ မြို့သူမြို့သားတွေသုံးတဲ့စကားလုံးဖြစ်တယ်။ အဲဒီလို စကားပြော လို့ရှိရင် ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့နဲ့နားထောင်ရတဲ့သူ နားချမ်းသာတယ်လို့ စိတ်ထဲနှလုံးထဲမှာ စိမ့်ဝင်သွားတဲ့စကားမျိုးတဲ့၊
ဒါက ချွဲချွဲပျစ်ပျစ်ပြောတာမျိုးမဟုတ်ဘူးတဲ့။ အဲဒါမျိုးကိုပြောတာပေါ့။ သူပြောတဲ့ စကားလေးက တန်ဖိုးရှိလိုက်တာ၊တစ်ဖက်သား စိတ်ချမ်းသာစရာဖြစ်တယ်။ ကြားလိုက်ရတဲ့စကားကလည်း တန်ဖိုးရှိ တယ်။ အနှစ်သာရရှိတယ်။ဒီစကားမျိုးကိုဆိုလိုတာ။
အဲဒီစကားမျိုးကိုပြောလို့ရှိရင် ဖရုသဝါစာ ကင်းသည့်အတွက်ကြောင့် သဏှာ-သိမ်မွေ့တယ်။ သခိလာ-ပြေပြေပြစ်ပြစ် ပြောတတ်တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကိုလည်း တာဝတိ ံသာနတ်တွေက သူတော်ကောင်းလို့ သတ်မှတ်တယ်။
နောက်တစ်ခုက…
(၄) အရပ်ထဲမှာနေလို့ရှိရင် အချို့ပုဂ္ဂိုလ်တွေက အရပ်ထဲကလူတွေ တစ်ယောက်နှင့်တစ်ယောက်၊ တစ်အိမ်နှင့်တစ်အိမ်၊မိသားစုတစ်ဦးနှင့်တစ်ဦး မတည့်အောင် အတင်းအဖျင်းပြောတတ်တဲ့ အလေ့အထ ရှိတယ်ဆိုတာ အားလုံးသိတယ်နော်။
လူနှစ်ယောက်ဆုံမိလု့ိရှိရင် နောက်တစ်ယောက်အကြောင်းကို ပြောမိတတ်ကြတယ်။ ပြောတယ် ဆိုတာ အကောင်းပြောတာထက်အဆိုးပြောတာက ပိုများတတ်တယ်နော်။ ဒါ လူ့ရဲ့သဘာဝကိုပြောတာ။ အဲဒီလိုပြောတဲ့အခါမှာ ဒါအတင်းအဖျင်းပြောတယ်ခေါ်တာပေါ့။
သူတို့နှစ်ယောက်ကကျန်တဲ့သူတစ်ယောက်ရဲ့အတင်းတွေ ပြောပြီးတော့တစ်ယောက်က သွားစရာ ရှိလို့ထသွားလို့ရှိရင်ကျန်ရစ်တဲ့သူတစ်ယောက်က ဘာလုပ်တုန်းဆိုလို့ရှိရင် မေးငေါ့လိုက်တယ်။ သူလည်း တူတူပါပဲတဲ့။အဲဒီတော့ လူတွေရဲ့အကျင့်ဟာ အတင်းအဖျင်းပြောတာမျိုး၊ ကုန်းတိုက်တာမျိုး၊ တစ်ယောက်နဲ့တစ်ယောက်မတည့်အောင် လုပ်ချင်တဲ့စိတ်ဓာတ်မျိုးတွေ။ အဲဒီလို စိတ်ဓာတ်မျိုးကင်းပြီဆို လို့ရှိရင်သူတော်ကောင်းတဲ့။
အေး အဆင်မပြေလို့တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင်တွေလွဲပြီး မတည့်ဘူးဆိုရင် ဘိန္နာနံသန္ဓာတာ- ကွဲနေတဲ့သူတွေကို စေ့စပ်ပေးတယ်။ ညီညွတ်အောင် လုပ်ပေးတယ်။သံဟိတာနံ အနုပ္ပဒါတာ- ခင်ခင်မင်မင်ရှိနေတဲ့ပုဂ္ဂိုလ်တွေ ပိုပြီးခင်မင်အောင် ရင်းနှီးအောင် လုပ်ပေးတယ်။
သမဂ္ဂကရဏိ ံဝါစံ ဘာသိကာ- ညီညွတ်တဲ့ စကားလုံးတစ်ဦးနှင့်တစ်ဦး ညီညွတ်အောင်သာ ပြော ပေးတယ်၊ ကွဲမယ့်ပြဲမယ့်စကားမျိုး၊ တစ်ယောက်နဲ့တစ်ယောက်အထင်လွဲမယ့်စကားမျိုး ဘယ်တော့မှ မပြောဘူးတဲ့။
သိကြားမင်းကြီးကိုယ်တိုင်လူ့ဘဝလူ့လောကမှာနေတုန်းက ဒီကျင့်ဝတ်တရားတွေကို တလေး တစား လိုက်နာကျင့်သုံးခဲ့တယ်။
အို အရပ်ထဲမှာဆိုလို့ရှိရင်အတင်းအဖျင်းပြောပြီး တစ်ယောက်နှင့်တစ်ယောက် မတည့်အောင် လုပ်တဲ့ပုဂ္ဂိုလ်မျိုးရှိရင်ညီညွတ်ရေးပျက်ပြားစေတာပေါ့၊ အဖွဲ့အစည်းတစ်ခုမှာလည်း ဒီလိုပုဂ္ဂိုလ်ပါရင် ညီညွတ်ရေး ပျက်ပြားစေတာပေါ့။ညီညွတ်မှုပျက်စီးသွားတာဟာ မေတ္တာပျက်စီးသွားစေတာပဲ။
ရင်ထဲ နှလုံးထဲကမေတ္တာတွေ ခန်းခြောက်သွားတယ်။ မေတ္တာခန်းခြောက်သွားတော့ တစ်ယောက် နှင့် တစ်ယောက် အကောင်းမမြင်တော့ဘူးလေ၊အဲဒါမျိုးမဖြစ်ရအောင် ညီညွတ်တဲ့စိတ်ဓာတ်ကို ဖြစ်ပေါ် စေတာ၊ အဲဒါဟာ သူတော်ကောင်းပဲတဲ့၊ဒါ တာဝတိ ံသာနတ်တွေက အသိအမှတ်ပြုတဲ့ သူတော်ကောင်း။
နောက်တစ်ခုက…
(၅) မစ္ဆရိယ တရားကို ဖယ်ရှားနိုင်တဲ့ပုဂ္ဂိုလ်၊မစ္ဆရိယ ဆိုတာ ဘာပြောတာလဲဆိုတော့ ကိုယ်ရထားတဲ့ အခွင့်အရေးတစ်ခုကို သူများကိုမရစေချင်တာ၊ သာမန်အားဖြင့်ပြောနေကြတာက မစ္ဆရိယ ဆိုတာ နှမြောတယ်လို့ပဲ ပြောနေကြတာ၊နှမြောတယ်ဆိုတဲ့ အဓိပ္ပါယ်က ကိုယ့်ပစ္စည်းကိုယ်မလှူရက်လို့ နှမြော တယ်ဆိုတဲ့ အဓိပ္ပါယ်တစ်မျိုးထင်ရတာ၊
မစ္ဆရိယ ဆိုတာ ကိုယ်ရထားတဲ့ အခွင့်အရေးကိုသူများကို မရစေချင်တာ။ ကိုယ်အောင်မြင် ကြီးပွား သလိုသူများကိုမကြီးပွားစေချင်တာ၊ ဒါမျိုးကိုမစ္ဆရိယ လို့ခေါ်တယ်။ ဥပမာ-လူတစ်ယောက်ရဲ့ဂုဏ်ကျေးဇူး ကိုချီးမွမ်းတဲ့အခါမှာ အမှန်ကိုအမှန်အတိုင်း မချီးမွမ်းချင်ဘူး၊ ထိမ်ချန်ထားချင်တယ်။ဒါလည်း မစ္ဆရိယ ပဲ။
မစ္ဆရိယ (၅)မျိုး ရှိတယ်၊ အာဝါသမစ္ဆရိယ အဆောက်အအုံ နေရာထိုင်ခင်းနှင့်ပတ်သက်ပြီးဝန်တိုတာ၊ ကုလမစ္ဆရိယ- အပေါင်းအသင်းနှင့်ပတ်သက်ပြီးဝန်တိုတာ၊လာဘမစ္ဆရိယ- ကိုယ်ရတဲ့ လာဘ် လာဘနှင့် ပတ်သက်ပြီးဝန်တိုတာ၊ ဝဏ္ဏမစ္ဆရိယ- ဂုဏ်ကျေးဇူးတို့ချီးမွမ်းခံရတဲ့ စကားတို့နှင့်ပတ်သက်ပြီး ဝန်တိုတာ၊ ဓမ္မမစ္ဆရိယ- တရားဓမ္မနှင့်ပတ်သက်ပြီး ဝန်တိုတာတို့၊ ထိုဝန်တိုမှု မစ္ဆရိယတရား(၅)မျိုး ရှိတယ်။
အဲဒီအထဲကဓမ္မမစ္ဆရိယ ဟာ အဆိုးဆုံးပဲတဲ့။ ကိုယ်သိတဲ့တရားဓမ္မနှင့်ပတ်သက်ပြီးဝန်တိုပြီး သူများကိုမပြောဘူး၊ ကိုယ်သိတဲ့တရား သူများသိသွားရင် ကိုယ်နဲ့သူနဲ့ တန်းတူဖြစ်သွားမှာဆိုပြီးဝန်တိုတာ၊ ကြံကြံဖန်ဖန် ဝန်တိုတာနော်၊ အဲဒါမျိုးကို ဓမ္မမစ္ဆရိယ လို့ခေါ်တယ်။
အကျဉ်းအားဖြင့်တော့ကိုယ်ကြီးပွားသလို မကြီးပွားစေချင်တာ။ အဲဒီ မစ္ဆရိယတရားဟာ ဘာနဲ့ ယှဉ်တွဲလာလဲဆိုတော့ ဒေါသနှင့်ယှဉ်တွဲလာတာ။ လောဘ နှင့် မတွဲဘူး၊နှမြောတယ်ဆိုလို့ လောဘ နှင့် တွဲတယ်လို့ထင်ကြတယ်။ မဟုတ်ဘူး မစ္ဆရိယ က ဒေါသ နှင့်တွဲတာ။
မစ္ဆရိယ ရဲ့ သဘောတရားကို စဉ်းစားကြည့်၊ အားလုံးတွေ့ဖူးကြပါလိမ့်မယ်၊ကြောင်ကလေးတွေ၊ ခွေးကလေးတွေ၊ ကြောင်ကလေးတွေ သူတို့ပါးစပ်ထဲမှာ ကြွက်ကလေးတစ်ကောင် ရလာလို့ရှိရင်မာန်ဖီ နေတာကို တွေ့ရလိမ့်မယ်။ ဘာအတွက် မာန်ဖီတာတုန်းဆိုရင် သူ ရထားတဲ့အစာကို လာပြီးမထိနဲ့ဆိုတဲ့အဓိပ္ပါယ်ပဲ၊ ဘေးက အကောင်တွေကိုရန်လုပ်တယ်။
အေး တိရစ္ဆာန်ရုံရောက်ဖူးလို့ကျားတွေ ခြင်္သေ့တွေ အစာကျွေးတဲ့အချိန်ကို တွေ့ဖူးကြပါလိမ့်မယ်။ အစာရေစာ ၀၀လင်လင်ကြီးသူတို့စားကြရမှာ မဟုတ်ဘူး။ ညနေအစာကျွေးတဲ့အချိန် သွားကြည့်၊ အစာ ကျွေးမည့်သူ လာခါနီးဆိုရင်ကျားတွေ ခြင်္သေ့တွေဟာ ယောက်ယက်ခတ်နေတာ၊ အေး အစာကျွေးတဲ့သူက အသားတစ်ပေါင်လောက် အထဲထဲကိုပစ်ထည့်လိုက်တာနဲ့ တစ်ပြိုင်နက် ကျားတွေ ခြေင်္သ့တွေ ဘာလုပ် တုန်းဆို အဲဒီအသားကို ကိုက်ပြီးတော့ရန်လိုက်လုပ်နေတာပဲ၊ မာန်ဖီပြီးတော့နေတယ်။ ဒါ ဘာတုန်းဆိုရင် မစ္ဆရိယ သဘောပြောတာ။
သူ ရထားတဲ့အစာကိုသိမ်းပိုက်ထားပြီးရင် ကျန်တာတွေကို မထိနဲ့လို့ပြောတာ၊ ဒေါသ နဲ့ မာန်ဖီ တာ၊ မစ္ဆရိယဖြစ်လာရင် ဒေါသဖြစ်လာတာပဲ၊ စမ်းကြည်ပေါ့ ခွေးကလေးနှစ်ကောင်ဟာ တစ်ကောင်နှင့် တစ်ကောင်ကစားနေတဲ့ကြားထဲမှာ အမဲတုံးလေးသာ ပစ်ချကြည့်လိုက်၊ ကိုက်မှာ သေချာတယ်နော်။ အစာ အတွက်ရတဲ့အကောင်ကလည်း လာမထိနဲ့၊ ဟိုဘက်က အကောင်ကလည်း လုမယ်၊ အဲဒီတော့ မစ္ဆရိယ သဘောတရားက ကိုယ်ရထားတဲ့အခွင့်အရေးတစ်ခုကို သူများနဲ့ ရှယ်ယာမလုပ်နိုင်ဘူး။ အဲဒီ မစ္ဆရိယ တရားသည် လူရဲ့ society အသင်းအဖွဲ့တစ်ခုမှာ အန္တရာယ်ပြုပြီး စည်းလုံးရေးကိုပျက်ပြားစေတဲ့တရား ဖြစ်သောကြောင့် အဲဒီ မစ္ဆရိယတရား ဖယ်ရှားရမယ်တဲ့။
အဲဒီ မစ္ဆရိယ တရား ဖယ်ရှားနိုင်လို့ရှိရင် ဘာသာတရားထွန်းကားတုန်းဆိုတော့“စာဂ-စွန့်ကြဲမှု၊ စွန့်လွှတ်မှု” တဲ့၊ ကိုယ်ရလာတဲ့အခွင့်အရေးတစ်ခုကို အားလုံးရှယ်ယာလုပ်ပြီးတော့ မျှမျှတတ လူ့လောက မှာ အသုံးပြုတတ်တယ်။“စာဂ” သည် မွန်မြတ်တဲ့တရားတစ်ခု၊ ဒါ့ကြောင့်မို့လို့တာဝတိ ံသာနတ်တွေက မစ္ဆရိယ ဆိုတဲ့ စိတ်အညစ်အကြေးကိုဖယ်ရှားပစ်နိုင်ပြီ၊ မစ္ဆရိယ ကင်းတဲ့ပုဂ္ဂိုလ်ဆိုရင်သူတော်ကောင်းလို့ သတ်မှတ်ကြတယ်။
နောက်တစ်ခုကဘာတုန်းဆိုလို့ရှိရင်
(၆) လောကလူတွေက စကားပြောလို့ရှိရင် အမှန်တရားကို တိတိကျကျပြောဖို့ရာ ဝန်လေးနေ သလိုဖြစ်တယ်။ဒါ့ကြောင့်မို့ ပြောတယ်လေ။ “မုသားမပါ လင်္ကာမချော” တဲ့။ ချောအောင် အပိုလေး အဆစ်လေး မဟုတ်တာလေးတွေတော့ဖြည့်စွက်ပြီး ပြောတတ်တယ်။ အဲဒီလို မမှန်မကန်တာလေး လုံးဝမထည့်ဘဲနဲ့ တကယ့်အမှန်ကိုသာလျှင်၊အဖြစ်မှန်ကိုသာလျှင် မှန်တဲ့အတိုင်း ပြောလို့ရှိရင် သစ္စာ လို့ခေါ်တယ်။
အဲဒီ မှန်တဲ့သစ္စာ စကားဟာ အလွန်တန်ဖိုးရှိပြီး အလွန်တန်ခိုးကြီးတယ်။လူတိုင်းလူတိုင်းမှာ ဝစီသစ္စာ လို့ခေါ်တဲ့မှန်တဲ့စကားကို အသုံးချပြီးတော့ ကိုယ်လိုချင်တာ တစ်ခု ပြောမယ်ဆိုလို့ရှိရင် ဒီ သစ္စာ ရဲ့ အစွမ်းသတ္တိ တွေရှိတယ်လို့ဆိုတယ်။အဲဒီလို မှန်မှန်ကန်ကန် မှန်တဲ့စကားကိုသာ ပြောရဲတဲ့ ပုဂ္ဂိုလ်ဟာ လည်း သူတော်ကောင်းပဲတဲ့။
နောက်တစ်ခုကသူတော်ကောင်းလို့ သတ်မှတ်ဖို့ရာ ဘာတုန်းဆိုလို့ရှိရင်….
(၇) အမျက်ဒေါသ ကို ထိန်းသိမ်း ဖယ်ရှားနိုင်တဲ့ပုဂ္ဂိုလ်၊လောကမှာ စိတ်ဆိုးလို့ ပြဿနာတက်တာ အများကြီးပဲလေ၊ မိသားစုထဲမှာ အိမ်ထောင်စုပြိုကွဲသွားတာတို့၊သားသမီးမိဘ မိသားစုအချင်းချင်း ပြိုကွဲထားတာတို့ တော်တော်များများဟာ ဒေါသ ကြောင့်ဖြစ်တာ။
ဒေါသ က တော်တော်များများ လောကကို ဒုက္ခပေးနေတယ်။ဒါသေချာတယ်၊ ကံကြီး တွေထိုက် အောင် လုပ်တာကြည့်လေ။ ဒေါသ ကြောင့်ဖြစ်တာပဲ။ မာတုဃာတက-အမိသတ်တဲ့ကံ၊ ပိတုဃာတက- အဖသတ်တဲ့ကံ၊ အရဟန္တဃာတက- အရဟန္တာသတ်တဲ့ကံ၊ လောဟိတုပ္ပါဒက- ဘုရားသွေးစိမ်းတည်အောင် လုပ်တဲ့ကံဒါတွေက ဒေါသအခြေခံပြီးတော့ဖြစ်တာ။
အဲဒီဒေါသကိုမထိန်းသိမ်းနိုင်ဘူး၊ မဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင် လောကကြီးမှာ ပြဿနာတွေ အများကြီးတက်တယ်။ဒါကြောင့်မို့လို့ ကိုယ့်ဒေါသကို ကိုယ်ထိန်းနိုင်တဲ့ ပုဂ္ဂိုလ်ဟာ လူတော်လူကောင်း တစ်ယောက်ပဲ။
 
ပါချုပ်ဆရာတော်ကြီး
Crd - အရှင်ခေမိန္ဒ

စိတ်ကောင်းရှိဖို့က ပထမ

 

❝စိတ်ကောင်းရှိဖို့က ပထမ❞

မြန်မာနိုင်ငံမှာ ကျမ်းပေါင်းများစွာပြုစုပြီး သာသနာကို ကျေးဇူးပြုသွားတဲ့ အမရပူရ မဟာန္ဓာရုံဆရာတော် အရှင်ဇနကဘိဝံသကသူ့ရဲ့စာသင်တိုက်မှာ နေထိုင်ပညာသင်ယူကြမယ့် တပည့်သံဃာတွေလိုက်နာဖို့ အချက်(၁၀)ချက်ကို ရေးဆွဲသတ်မှတ်ထားပါတယ်။
အဲဒီအခကြျတှကေတော့ စိတျကောငျးရှိဖို့က ပထမ၊ ဝိနညျးလေးစားဖို့က ဒုတိယ၊ ကနြျးမာဖို့က တတိယ၊ သနျ့ရှငျးဖို့က စတုတ်ထ၊ အဝတျအစားဝတျတတျဖို့က ပဉ်စမ၊အနအေထိုငျတတျဖို့က ဆဋ်ဌမ၊ အပွောအဆိုတတျဖို့က သတ်တမ၊ အသှားအလာတတျဖို့က အဋ်ဌမ၊
စည်းကမ်းလိုက်နာဖို့က နဝမနဲ့ စာတတ်ဖို့က ဒသမ ဆိုပြီးဖြစ်ပါတယ်။ (မဟာန္ဓာရုံဆရာတော်ဆရာတော်ကြီးရဲ့အကြောင်းကို ပါမောက္ခဒေါက်တာသန်းထွန်းက ❝မြန်မာနိုင်ငံက နှစ်ဆယ်ရာစု အထူးခြားဆုံး ပုဂ္ဂိုလ်❞အမည်နဲ့ စာအုပ်ရေးဖူးပါတယ်။
ဆရာတော်ကြီးကိုယ်တိုင်ရေးတဲ့ တစ်ဘဝသံသရာ ကိုယ်တိုင်ရေးအထ္တုပ္ပတ္တိကို ဒေါက်တာသန်းထွန်းက အကျဉ်း ပြန်ရေး ထားတာဖြစ်ပါတယ်။)
မဟာန္ဓာရုံဆရာတော်ကြီးရဲ့ ❝စိတ်ကောင်းရှိဖို့က ပထမ❞ဆိုတဲ့ အယူအဆဟာ ထူခြားအံ့သြဖို့ကောင်းပြီး ဘဝမှာ လက်တွေ့ကျင့်သုံးဖို့လည်းပဲ အင်မတန်မှ အရေးကြီးပါတယ်။
မဟာန္ဓာရုံဆရာတော်ကြီးဟာ သူတည်ထောင်တဲ့ စာသင်တိုက်မှာ လာရောက်ပညာသင်ကြမယ့် တပည့်သံဃာများအတွက် စည်းကမ်းများသတ်မှတ်ရာမှာ စိတ်ကောင်းရှိဖို့ကို အဓိက ဦးစားပေး ပထမအနေနဲ့ သတ်မှတ်ခဲ့ပြီး
ပညာတတ်ဖို့ကို နောက်ဆုံးမှာထားပြီး ဆုံးမထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
ဒီစာစုမှာတော့ ❝စိတ်ကောင်းရှိဖို့က ပထမ❞ဆိုတာနဲ့ပတ်သက်ပြီး ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ဟောပြောထားတဲ့ ❝စိတ်ကောင်းရှိဖို့က ပထမ❞ဆိုတဲ့
တရားတော်ကို အခြေခံပြီး ရေးချင်ပါတယ်။ အဲဒီလိုရေးသားတဲ့နေရာမှာ မှားယွင်းလွဲချော်မှုတွေ ပါဝင်ခဲ့ရင်လည်း မူရင်းတရားတော်ကို ဟောပြောတဲ့ ဆရာတော်ကြီးနဲ့ မသက်ဆိုင်ပဲ
ကျွန်တော့်ရဲ့ ပေါ့ဆညံ့ဖျင်းမှုသာ ဖြစ်ကြောင်းကိုလည်းပဲ တစ်ပါတည်း ဝန်ခံလိုပါတယ်။

✿ စိတ်ကောင်းဆိုတာဘာလဲ

စိတ်ကောင်းဆိုတာဟာ မကောင်းတဲ့ဟာတွေမပါတဲ့ဟာကို ခေါ်တာဖြစ်ပါတယ်။ ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ကြီး စိတ်ကောင်းနဲ့ပတ်သက်ပြီး အခုလိုရှင်းပြပါတယ်။
စိတ်ကောင်းဆိုတာ အခြေခံအားဖြင့်တော့ (၁) သူများအပေါ်မှာ ယုတ်မာတဲ့စိတ်မရှိဘူး။ (၂) ရိုးသားတယ်၊ ဖြောင့်မတ်တယ်။ (၃) သူများအကျိုးကို လိုလားတဲ့စိတ်၊ မေတ္တာထားတယ်၊ ကရုဏာထားတယ်၊ မုဒိတာပွားတယ် ...
ဒီစိတ်ကလေးတွေကို စိတ်ကောင်းလို့ ပြောရမယ်လို့ ဆိုပါတယ်။
စိတ်ကောင်းဆိုတာဟာ မေတ္တာ(ချစ်တတ်သော သဘောတရား၊ ချစ်တတ်- အကျိုးစီးပွားကို အလိုရှိတတ်-သော ခန္ဓပဗန္ဓ၌ ဖြစ်တတ်သောသဘောတရား)၊
ကရုဏာ(သနားကြင်နာခြင်း)၊ မုဒိတာ(ဝမ်းမြောက်ခြင်း)နဲ့ ယှဉ်သောစိတ်၊ ကုသိုလ်ကောင်းမှုဘက် ညွတ်သောစိတ်၊ မကောင်းမှုလုပ်ရမှာကို ရှက်ခြင်းနဲ့ မကောင်းမှုလုပ်ရမှာကို
ကြောက်သောစိတ်တွေဟာ စိတ်ကောင်းဖြစ်ပါတယ်။ စိတ်ကောင်းဆိုတာဟာ သဒ္ဓါ(ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်း)နဲ့ ယှဉ်တွဲလာတဲ့စိတ်၊ သတိနဲ့ ပညာနဲ့ ယှဉ်တွေလာတဲ့စိတ်တွေဟာလည်းပဲ စိတ်ကောင်းဖြစ်ပါတယ်။
စိတ်ကောင်းဆိုတာဟာ
(၁) သူများအပေါ် အနိုင်ကျင့်တာမျိုး မရှိဘူး၊
(၂) သူများဥစ္စာမတရားလိုချင်တာ မရှိဘူး။
(၃) သူတစ္ပါးသားမယား ျပစ္မွားခ်င္တာမရွိဘူး။
(၄) ကိုယ်မကြိုက်တဲ့အလုပ်ကို သူများကို သွားလုပ်ချင်စိတ်မရှိဘူး
(ကိုယ်ချင်းစာစိတ်ရှိတယ်)ဆိုတဲ့ အခြေခံအချက်အလက်တွေ ပြည့်စုံနေတဲ့စိတ်ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ပြောရမယ်ဆိုရင်တော့ ကိုယ်ချင်းစာစိတ် မရှိတဲ့စိတ်ထားမျိုး၊ အရှက်မဲ့တဲ့စိတ်ထားမျိုး၊ သဒ္ဓါတရားကင်းမဲ့တဲ့ စိတ်ထားမျိုး၊
ပြောချင်ရာပြော လုပ်ချင်ရာလုပ်တဲ့စိတ်ထားမျိုးကိုတော့ စိတ်ယုတ်မာလို့ ပြောရမှာဖြစ်ကြောင်း ပါချုပ်ဆရာတော်ကြီးက ဖွင့်ဆိုရှင်းပြပါတယ်။ ဒါထက်ပိုပြီး အနှစ်ချုပ်ပြောရရင်တော့ စိတ်ကောင်းဆိုတာ ကောင်းတဲ့အရာတွေနဲ့ တွဲဖက်ထားမှ
စိတ်ကောင်းဖြစ်ပြီး၊ မကောင်းတဲ့အရာတွေနဲ့ တွဲဖက်ထားရင်တော့ စိတ်ယုတ်မာဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
စိတ်နဲ့ပတ်သက်ပြီး မြတ်စွာဘုရားက ဟောကြားထားတဲ့ အဆုံးအမလည်းပဲ ရှိပြီးဖြစ်ပါတယ်။ ဘုရားရှင်က❝စိတ်ကလေး ညစ်နွမ်းနေရင် အခြေအနေဆိုးလိမ့်မယ် (ဝါ) အခြေအနေဆိုးကိုပဲ မျှော်လင့်လို့ရနိုင်မယ်၊
စိတ်ကလေး ဖြူစင်နေလို့ရှိရင်တော့ အကောင်းကို မျှော်လင့်လို့ရနိုင်မှာဖြစ်တယ်❞ လို့ ဟောကြားတော်မူထားပါတယ်။
အဲဒီအဆုံးအမနဲ့ပတ်သက်ပြီး ပါမောက္ခချုပ်ဆရာတော်ကြီးက ... မကောင်းတာတွေနဲ့ ပေါင်းတဲ့စိတ်ဟာ အဆိုးဘက်ကို သွားလိမ့်မယ်၊ ကောင်းတာတွေနဲ့ ပေါင်းတဲ့စိတ်ဟာ အကောင်းဘက်ကို သွားလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ မကောင်းတဲ့ စိတ်ကလေး ဝင်လာလိုက်တာနဲ့တစ်ပြိုင်နက် မကောင်းတဲ့အတွေးက ဝင်လာမှာပဲ။ အကောင်းတဲ့အတွေး တွေးထားတဲ့ ပုဂ္ဂိုလ်က မကောင်းတာပဲပြောမယ်။
မကောင်းတာပြောတဲ့သူက မကောင်းတာပဲ လုပ်လိမ့်မယ်။ အဲဒီအတွက် မကောင်းတဲ့ ဘက်အခြမ်းကို ရောက်သွားမှာ ဖြစ်တယ် ... ဆုံးမ လမ်းညွန်တော်မူပါတယ်။
အပြန်အလှန်အားဖြင်တော့ စိတ်ကလေးက ကောင်းတယ်ဆိုရင် ကောင်းတဲ့အတွေးတွေ တွေးလာတယ်။ ကောင်းတဲ့အတွေး တွေးလာသည့်အတွက်ကြောင့် ကောင်းတဲ့အပြော ပြောမှာ၊ ကောင်းတဲ့ အလုပ်လုပ်မှာ သေချာတယ်လို့ .. ဆုံးမပါတယ်။
ကောင်းတဲ့ဘက်အခြမ်းနဲ့ ဆိုးတဲ့ဘက်အခြမ်းဆိုတဲ့ အခြေအနေနှစ်ခုမှာ ကိုယ်က ဘယ်ဘက်မှာနေမလဲဆိုတာကို (ဝါ) ကိုယ်က ဘယ်ဘက်အခြမ်းကိုရောက်နေသလဲဆိုတာကို
ကိုယ့်ရဲ့စိတ်ဟာ အကောင်းတွေးနေသလား၊ အဆိုးတွေးနေသလား ဆိုတာကို ပြန်လည် သုံးသပ်ရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်ဟာ စိတ်ကောင်းလား၊ စိတ်ဆိုးစိတ်ယုတ်မာလားဆိုတာ
ဆင်ခြင်သုံးသပ်နေရမယ်လို့လည်း ဆရာတော်ကြီးက ဟောကြားတော်မူပါတယ်။ အဲဒီလို ပြန်လည်စဉ်းစားသုံးသပ်ပြီး အဆိုးဘက်မသွားအောင် အကောင်းဘက်ကို လှည့်ပေးနေခြင်းအားဖြင့် စိတ်ကောင်းကလေးကို မွေးမြူနိုင်မှာပဲ ဖြစ်ပါတယ်။
စိတ်ကောင်းမွေးမြူဖို့ ဘာကြောင့် အရေးတကြီးလိုအပ်သလဲဆိုရင် သဘာဝတရားတွေကို စိတ်ကသာ ဦးဆောင်နေလို့ပဲ ဖြစ်ပါတယ်။
ဒီအကြောင်းတရားနဲ့ပတ်သက်ပြီး
မြတ်စွာဘုရားရှင်က ❝သဘာဝတရားတွေကို စိတ်က ရှေ့ဆောင်နေတယ်။ ပျက်စီးနေတဲ့စိတ်နဲ့ ပြောလိုက်တယ်၊ လုပ်လိုက်တယ်ဆိုရင် ဆင်းရဲဒုက္ခတွေက နောက်ကလိုက်လာမှာပဲ၊စိတ်ကလေးက ကြည်လင်သန့်ရှင်းပြီး ကောင်းတဲ့အနေအထားနဲ့ ယှဉ်တွဲနေပြီဆိုရင် (ဝါ) ကောင်းတဲ့ သဘာဝတရားတွေနဲ့ တွဲဖက်ထားတဲ့ စိတ်ကလေးနဲ့
လုပ်မယ်၊ ပြောမယ်ဆိုရင် ချမ်းသာတွေက နောက်ကလိုက်လာမှာပဲ❞ လို့ ဟောကြားတော်မူခဲ့ပါတယ်။ ဒါကြောင့် ကျေးဇူးရှင် မဟာန္ဓာရုံဆရာတော် အရှင်ဇနကဘိဝံသရဲ့ ❝စိတ်ကောင်းရှိဖို့က ပထမ❞ ဆိုတဲ့ အဆုံးအမဟာ မြတ်စွာဘုရားရဲ့တရားတော်နဲ့လည်း ညီတယ် လို့ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးက ဆိုပါတယ်။

✿ စိတ်ရဲ့အညစ်အကြေးများ

စိတ်ကောင်းဆိုတာဟာ အညစ်အကြေးကင်းစိတ်တဲ့ ဖြူစင်သန့်စင်တဲ့ စိတ်ကလေးဖြစ်ပြီး အဲဒီစိတ်ကလေးကို အညစ်အကြေးတွေ ဖုံးလွှမ်းလာရင်တော့ စိတ်ယုတ်မာဖြစ်သွားတဲ့ သဘောပါပဲ။
စိတ်ရဲ့ အညစ်အကြေးတွေနဲ့ ပတ်သက်ပြီး ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ဓမ္မဒါယာဒသုတ္တန်မှာ ထုတ်ဖော်ဟောကြားထားတာရှိသလို မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်လည်း ၀သလသုတ္တန်မှာ ဟောကြားတော်မူထားတာလည်း ရှိပါတယ်။
အဲဒါတွေကတော့ (၁) ကောဓ၊ (၂) ဥပနာဟ၊ (၃)မက္ခ၊ (၄)ပဠာသ၊ (၅)ဣသာ၊ (၆)မစ္ဆရိယ၊ (၇)မာယာ၊ (၈)သာဌေယျ၊ (၉)ထမ္ဘ၊ (၁၀)သာရမ္ဘ၊ (၁၁)မာန၊ (၁၂)မဒ၊ (၁၃)ပမာဒ ဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။

၁။ ကောဓ

ကောဓ ရဲ့ အလုပ်လုပ်ပုံကတော့ ထစ်ခနဲရှိ စိတ်တိုတယ်၊ စိတ်ဆိုးတယ်၊ အလိုမကျဖြစ်တယ်ဆိုတဲ့ စိတ်နေစိတ်ထားတွေပဲဖြစ်ပါတယ်။
ထစ်ခနဲရှိ အလိုမကျဖြစ်ပြီး တစ်ဖက်သားကို ရန်လုပ်တဲ့ စိတ်ထားဟာ ကောဓ ဖြစ်ပြီး ကောဓ မှာ အမျက်ထွက်ခြင်း လက္ခဏာလည်းရှိတယ်၊
စိတ်တိုတတ်တဲ့ လက္ခဏာလည်းရှိတယ်၊ ကြမ်းတမ်းတဲ့ လက္ခဏာလည်း ရှိတယ်။ ရန်ငြိုးဖွဲ့ခြင်းကိစ္စလည်း ရှိတယ်။ စိတ်ထဲမှာ တေးမှတ်ထားပြီး
အမုန်းဖွဲ့တတ်တဲ့ သဘာဝလည်းရှိတယ်။ ကောဓ ဟာ ဖျက်စီးတတ်တဲ့ သဘာဝအနေနဲ့ပေါ်လွင်ပြီး ဖျက်စီးတတ်တဲ့ သဘာဝလည်းပဲ ရှိနေတတ်ပြန်ပါသေးတယ်။
ဒါတွေဟာ စိတ်ယုတ်မာတွေဖြစ်ပါတယ်။ အဲဒီလို စိတ်ထားရှိသူဟာ သူများကို မဖျက်စီးရခင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပြီး ဖြစ်နေတတ်တယ်လို့ ဆရာတော်ကြီးက ဆုံးမပါတယ်။
အဲဒီစိတ်ထားရှိသူတွေဟာ❝မစင်ကိုင်ပြီး သူများကို ပေါက်တဲ့သူလိုပဲ❞လို့ ဆရာတော်ကြီးက ဥပမာပေးဆုံးမတော်မူပါတယ်။

၂။ ဥပနာဟ

ဥပနာဟ ဆိုတဲ့ စိတ်ရဲ့အခြေအနေကတော့ အငြိုးအတေးထားတယ်၊ စိတ်ထဲမှာ ချည်နှောင်ထားတယ်၊ လူတစ်ယောက်ကို မုန်းပြီဆိုရင်
အဲဒီအမုန်းကို ရင်ထဲမှာ သိမ်းထားပြီး ချည်နှောင်ထားတယ်။ အမုန်းတရားနဲ့ သတိတရနေတယ်။ မေ့မပစ်ဘူး။ ခွင့်မလွတ်ဘူး။ ဂလဲ့စားချေဖို့
အမြဲတေးမှတ်ထားတယ်။ ရန်ငြိုးနဲ့ စိတ်ကို အမြဲတမ်းချည်နှောင်ထားတဲ့ သဘာဝတရားကို ဥပနာဟ လို့ ခေါ်ဆိုတယ်လို့ ဆိုပါတယ်။
အငြိုးအတေးထားတာနဲ့ပတ်သက်ပြီး ပါမောက္ခချုပ်ဆရာတော်ကြီးက ❝အငြိုးအတေးထားတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး၊
လောကကြီး ပျက်စီးမယ့် လက္ခဏာ❞လို့ ဆုံးမတော်မူပြီး စိတ်ယုတ်မာဖြစ်ကြောင်းကိုလည်း သတိပေးဆုံးမပါတယ်။

၃။ မက္ခ

မက္ခ ဟာ ချေဖျက်တယ်၊ သုတ်ပစ်တယ်၊ ဖျက်ပစ်တယ် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဘာတွေကို ဖျက်ပစ်တာတုန်းဆိုရင်
သူတစ်ပါးရဲ့ ကျေးဇူးတရားကို ဖယ်ရှားပစ်တာ၊ ကျောက်သင်ပုန်းမှာ ရေးထားတဲ့စာတွေကို ဖျက်ပစ်လိုက်သလို ကိုယ့်မှာ တင်ရှိနေတဲ့ သူများရဲ့
ဂုဏ်ကျေးဇူးတွေဖျက်ပစ်တာ၊ ကျေးဇူးတရားကို ရင်ထဲ နှလုံးသားထဲက အသိအမှတ်မပြုတာ။ (ဥပမာ- မိဘကျေးဇူးဆိုတာ အလကားပါဆိုပြီး
အဖေအမေက ကိုယ့်အပေါ် ကျေးဇူးရှိတယ်ဆိုတာကို ဖျက်ပစ်ကြတာမျိုး။) မက္ခ မှာ သူများရဲ့ ဂုဏ်ကျေးဇူးကို ဖျောက်ဖျက်ပစ်တဲ့ကိစ္စလည်းရှိတယ်၊
ကျေးဇူးတရားကို ဖုံးပစ်လိုက်တဲ့ အသွင်းလည်းပဲ ရှိတယ်လို့ ဆရာတော်ကြီးက ဟောကြားတော်မူပါတယ်။

၄။ ပဠာသ

ပဠာသ ဆိုတာဟာ တုပြိုင်ခြင်း လက္ခဏာရှိတဲ့ တရားဖြစ်ပါတယ်။ ပေါ်လွင်အောင်ပြောရမယ်ဆိုရင်တော့ ဗိုလ်မထားဘူးဆိုတဲ့ စိတ်ထားမျိုးပါ။
ဘာဖြစ်ဖြစ် သူနဲ့ငါ အတူတူပဲ၊ အနည်းဆုံးတော့ သူလည်းလူ ငါလည်းလူပဲ၊ ဘာဂရုစိုက်စရာရှိတုန်းဆိုတဲ့ စိတ်ဓာတ်မျိုးကို ပဠာသ ခေါ်ပါတယ်။
ဘာဂရုစိုက်စရာလိုလဲဆိုတဲ့ စိတ်ထားမျိုးမထားရဘူး၊ ကိုယ့်ထက်တော်ရင် အသိအမှတ်ပြုရမယ်၊ ကိုယ့်ထက် အသက်အားဖြင့်ကြီးရင်လည်းကောင်း၊ဂုဏ်အားဖြင့် ကြည့်ရင်လည်းကောင်း
အသိအမှတ်ပြုရမယ် လို့ ဆရာတော်ကြီး ဆိုပါတယ်။ အဲဒီလိုမဟုတ်ဘဲ အရာရာ အတူတူပဲဆိုတဲ့ စိတ်ထားမျိုးကတော့ စိတ်ယုတ်မာသာလျှင် ဖြစ်တယ်ဆိုပါတယ်။ သူတစ်ပါးရဲ့ ဂုဏ်တွေနဲ့ မိမိမှာရှိတဲ့ ဂုဏ်တွေလို
မိမိမှာရှိတဲ့ အရည်ချင်းနဲ့ သူတစ်ပါးမှာရှိတဲ့ အရည်အချင်းနှစ်ခုကို အတူတူပဲ ယူဆတယ်၊ သူတစ်ပါးရဲ့ ဂုဏ်အတိုင်းအတာအတိုင်း ငါ့မှာရှိတယ်လို့ အထင်ရောက်ခြင်းဟာ ပဠာသသခေါ်ပြီး ၎င်းဟာ စိတ်ရဲ့အညစ်အကြေးဖြစ်ကြောင်းလည်း ဟောပါတယ်။

၅။ ဣဿာ

ဣဿာရဲ့သဘောက သူတစ်ပါးရဲ့ အောင်မြင်ကြီးပွားမှုကို အမြဲတမ်း အပြစ်ပြောတယ်။ ရှုတ်ချတယ်။ ဣဿာ ဟာ မနာလိုခြင်းတရားပဲ။ မနာလိုခြင်းတရားကြောင့်ပဲ သူတစ်ပါး
အောင်မြင်ကြီးပွားလာမှုကို သည်းမခံနိုင်ဘူး၊ သူများအောင်မြင်မှုအပေါ်မှာ စိတ်မဝင်စားဘူး။ သူများစည်းစိမ်အောင်မြင်ကြီးပွားမှုကို မျက်နှာလွှဲချင်တယ်။ မျက်နှာလွှဲချင်တယ်ဆိုတာက မကြိုက်တဲ့သဘော။
မကြိုက်တဲ့စိတ်တွေပေါ်လွင်နေတယ်။ ဒါဟာ စိတ်ယုတ်မှာပဲလို့ ဆရာတော်ကြီးက ဆုံးမပါတယ်။
ဒီနေရာမှာ အပြန်အလှန်အားဖြင့် တစ်ခါတည်းပြောရရင် ဣဿာကို ဖယ်ရှားနိုင်တာ မုဒိတာဖြစ်ပါတယ်။ မုဒိတာဆိုတာ သတ္တဝါအားလုံး ရထားတဲ့ အခြေအနေတစ်ခုကနေ
ဆုတ်ယုတ်ပျက်ပြားမသွားပါစေနဲ့ဆိုတဲ့ စိတ်ထားမျိုးကို ဆိုလိုတာဖြစ်တယ်။

၆။ မစ္ဆရိယ

ကိုယ့်ရဲ့အောင်မြင်မှုကို ဆုပ်ကိုင်ထားတယ်။ သူများနဲ့ မဆက်ဆံလိုဘူး။ မဆက်ဆံလိုဘူးဆိုတာ ဒါမျိုး သူများမရစေချင်ဘူးဆိုတဲ့ တရားမျိုးဟာ
မစ္ဆရိယစိတ်ဖြစ်ပြီး အဲဒီစိတ်ဟာ စိတ်ယုတ်စိတ်မာသာ ဖြစ်တယ်လို့ ဆရာတော်ကြီး မိန့်မှာပါတယ်။

၇။ မာယာ

မာယာဆိုသည်မှာ ကိုယ်မဟုတ်တာလုပ်ပြီး မလုပ်ဘူးထင်အောင် ဖုံး ကွယ်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ မဟုတ်တာလုပ်တယ်၊ လုပ်ပြီးတော့ လူမသိအောင် ဖုံးကွယ်တယ်၊ အဲဒါ မာယာ ဖြစ်တယ်လို့ ဆရာတော်ကြီးက မိန့်ပါတယ်။
ကိုယ်လုပ်ထားတဲ့ မကောင်းမှုကို ဖုံးကွယ်ဖို့ ကြိုးစားတာဟာ သူများကို လှည့်စားတာဖြစ်လို့ မာယာလို့ ခေါ်ရခြင်းဖြစ်ပါတယ်။
မာယာနဲ့ပတ်သက်ပြီး အချက်နှစ်ချက်ရှိပါတယ်။ (၁) မိမိလုပ်တဲ့ ယုတ်မာမှုကို ဖုံးကွယ်ဖို့ကြိုးစားတာ မာယာ ဖြစ်ပြီး (၂) ကိုယ်လုပ်တာကို မလုပ်သယောာင်ယောင် လှည်စားချင်တာမျိုးဟာလည်း မာယာ ဖြစ်ပါတယ်။
ကိုယ်လုပ်ထားတဲ့ မကောင်းမှုကို အမြဲတမ်း လျှို့ဝှက်ထားတယ်။ အဲဒီလို လျှို့ဝှက်တဲ့ အနေအထားမျိုးပေါ်လွင်တယ်ဆိုရင် ယုတ်မာမှု (ဝါ) စိတ်ယုတ်မာသာဖြစ်ပါတယ်။

၈။ သာဌေယျ

ကိုယ့်မှာမရှိတဲ့ ဂုဏ်၊ ပကာသန ထုတ်ဖော်ပြတယ်။ ကိုယ့်မှာ မရှိတာကို ရှိယောင်ဆောင်တယ်။
မရှိတဲ့ဂုဏ်တွေနဲ့ လူတွေသိလာအောင် ကိုယ့်ကိုယ် ဂုဏ်ရှိတယ်ထင်အောင် လုပ်ပြတာဟာ သာဌေယျ ရဲ့ လုပ်ငန်းဆောင်တာတွေပါပဲ။ သာဌေယျနဲ့ပတ်သက်ပြီး ဆရာတော်ကြီးက
❝ဒေါင်းယောင်ဆောင်သောကျီး❞နဲ့ ဥပမာပေး ဆုံးမထားပါတယ်။ မရှိကိုအရှိလုပ်ပြီး အဆောင်အယောင်တွေနဲ့ အယောင်ဆောင်တာဟာ စိတ်ယုတ်စိတ်မာမျှသာဖြစ်ကြောင်း နားလည်ရပါတယ်။

၉။ ထမ္ဘ

ထမ္ဘဟာ (၁) မောက်မာတဲ့စိတ်ထားမျိုးဖြစ်တယ်။ (၂) ခက်ထန်တယ်၊ (၃) မရို့ကျိုးဘူး ဆိုတဲ့ အကြောင်းတရားတွေပါဝင်တယ်လို့ ဆရာတော်ကြီးက ဆိုပါတယ်။ လူကြီးသူမရှေ့ ခါးကလေးမှ ကိုင်းပြီးမသွားနိုင်ဘူးတာမျိုဟာ
ထမ္ဘ ဖြစ်ပါတယ်။ သံချောင်းမျိုမိထားတဲ့ စပါးကြီးမြွေလို မနာလိုမှုကို မျိုထားသည့်အတွက်ကြောင့် လူကြီးသူမရှေ့မှာတောင်မှ ခေါင်းလေးမော့ လည်လေးကျော့ပြီး သွားတာမျိးဟာ ထမ္ဘ ဖြစ်ပါတယ်။ မလေးစားနိုင်တဲ့ တရားဟာ ထမ္ဘဖြစ်ပါတယ်။
မှီခိုအားထားလိုခြင်းလည်း မရှိ၊ ဘယ်သူမှလည်း ဗိုလ်မထားဘဲ ဘယ်သူ့ ဂရုစိုက်ရမှာလဲ ဆိုတဲ့စိတ်ဓာတ်မျိုးဟာ ကောင်းမွန်ယဉ်ကျေးတဲ့ စိတ်ဓာတ်မျိုးမဟုတ်ပါဘူး။ နူးညံ့မှု၊ သိမ်မွေ့မှု၊ ပျော့ပြောင်းမှုမရှိတဲ့အသွင်ရှိပြီး အလွန်ခက်ထန်
မောက်မာတဲ့ အနေအထားမျိုး ရှိတဲ့အတွက် စိတ်ကောင်းမဟုတ်ကြောင်းနဲ့ စိတ်ကောင်းနှလုံးကောင်းမွေးပြီး အဲဒီအဆိုးတရားတွေကို မိမိရဲ့ သန္တာန်အတွင်းကနေ ဖယ်ရှားပစ်သင့်ကြောင်း ဆရာတော်ကြီးက ဆုံးမတော်မူပါတယ်။

၁၀။ သာရမ္ဘ

သာရမ္ဘကို မြန်မာစာပေမှာ ချုပ်ချယ်တယ် ဆိုတယ်ပေမယ့် ဆိုလိုရင်းအဓိပ္ပါယ်သိပ်မပေါ်ဘူးလို့ ဆိုပါတယ်။
ပါမောက္ခချုပ်ဆရာတော်ကြီးအဓိပ္ပါယ်ဖွင့်ပြတာကတော့ သာရမ္ဘဆိုတဲ့ တရားက ဘာတွေကို ထုတ်လုပ်သလဲဆိုရင် သူများထက်ပိုပြီး လုပ်ပြမယ်ဆိုတဲ့ စိတ်ထားမျိုး၊
သူကတစ်ခုဆိုရင် ငါကနှစ်ခုလုပ်ပြမယ်ဆိုတဲ့ စိတ်ထားမျိုး၊ တကယ်လုပ်နိုင်တာ မလုပ်နိုင်တာကို ထည့်မတွက်ဘဲ သူတစ်ခုဆိုရင် ငါနှစ်ခု လုပ်မယ်ဆိုတာမျိုးဟာ သာရမ္ဘက ထုတ်လုပ်တဲ့အရာတွေဖြစ်ပါတယ်။
အရည်အချင်းမရှိဘဲ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ပြီး လုပ်တတ်တဲ့ သဘာဝတရားကို သာရမ္ဘ လို့ခေါ်တယ်လို့ ဆရာတော်ကြီးက ဆုံးမပါတယ်။
အဲဒီသဘောတရားတွေ ကိုယ့်ဆီမှာ ကိန်းအောင်လာပြီဆိုရင် ဘယ်တော့ဖြစ်ဖြစ် ဆန့်ကျင် ဘက်လုပ်တယ်၊ ဘယ်သူနဲ့မှ လိုက်လျောညီထွေ မရှိဘူး။ နောက်ပြီး ဘယ်သူ့ကိုမှ မလေးစားဘူးဆိုတဲ့ စိတ်ဓာတ်မျိုးတွေ
ရှိလာနိုင်ပြီး ဒါတွေဟာ စိတ်ကောင်းမဟုတ် စိတ်ယုတ်စိတ်မာတွေသာ ဖြစ်ပါတယ်။

၁၁။ မာန

မာနရဲ့ လက္ခဏာတွေကတော့ (၁) ကြွစောင်း ကြွစောင်းနဲ့ ဘဝင်မြင့်နေမှု၊ (၂)ငါဆိုတဲ့ အမူအယာကို ရှေ့တန်းတင်ပြီး လုပ်တတ်မှု၊ (၃) အမြဲတမ်းကိုယ့်ကိုယ်
ကိုယ်ကိုယ် စိတ်ကြီးဝင်နေတဲ့အသွင် ဖြစ်ပါတယ်။ အဲဒီ မာနရဲ့သဘောတရားတွေကလည်း စိတ်ယုတ်စိတ်မာတွေသာဖြစ်ပါတယ်။

၁၂။ မဒ

မဒ ဆိုတာ ယစ်မူးတယ်လို အဓိပ္ပါယ်ရပါတယ်။ ဘာတွေကို ယစ်မူးတတ်တုန်းဆိုတော့ ရာထူးကိုလည်း ယစ်မူးတယ်။ ပိုက်ဆံချမ်းသာရင်လည်း ယစ်မူးတယ်။ ရထားတဲ့ အခြေအနေလေးတစ်ခုပေါ်မှာ
ယစ်မူးတဲ့စိတ်ထားမျိုးကို မဒလို့ ခေါ်ပါတယ်။ ဆရာတော်ကြီးကတော့ ရင်ထဲမှာ မဒ ဆိုတဲ့ သဘောတရားတွေ လွှမ်းလာပြီဆိုရင် အရူးလိုပဲလို့ ဆုံးပါမယ်။ ယစ်မူးစေတတ်တဲ့သဘောတရားဖြစ်ပြီး ရူးသွပ်ခြင်းအသွင် ပေါ်လွင်နေတယ် ဆိုပါတယ်။

၁၃။ ပမာဒ

ပမာဒ ဆိုတာဟာ ကာမဂုဏ်အာရုံတွေပေါ်မှာ စိတ်လွှတ်ထားတာ၊ ပျော်စရာပဲ စဉ်းစားမယ်။ တရားဘက် ဦးမလှည့်ဘူး။ ပျော်ပျော်နေသေခဲဆိုပြီး ပျော်ပျော်နေ၊ ပျော်ပျော်အိပ်၊ ပျော်ပျော်စား၊ ပျော်တာကို ရှာနေတဲ့ သဘာဝမျိုးကို ပမာဒ လို့ခေါ်တယ်။
ကာမဂုဏ်အာရုံအပေါ်မှာ စိတ်လွှတ်ထားခြင်းဆိုတဲ့ သဘာဝရှိတယ်၊ အဲဒါက စွန့်လွှတ်ထားမှုကို ဖြစ်စေတယ်။ (ဘာစွန့်လွတ်ထားမှုလဲဆိုတော့) ကိုယ့်ရဲ့ကြီးပွားရေးနဲ့ တမလွန်လောကအရေး ဘာကိုမှ မစဉ်းစားဘဲ သတိလွတ်နေတဲ့အနေအထားကို
ပမာဒ ခေါ်ပြီး အဲဒါဟာလည်း စိတ်ယုတ်စိတ်မာသာဖြစ်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းတရား ၁၃ ခုကို အရှင်သာရိပုတ္တရာက စိတ်အညစ်အကြေးတွေအဖြစ် ဓမ္မဒါယာဒသုတ္တန်မှာ ဟောထားပြီး မြတ်စွာဘုရားက ၀တ္တသုတ္တန်မှာလည်းပဲ ဒီအချက်တွေကို စိတ်ရဲ့ အညစ်အကြေးအဖြစ် ဟောကြားခဲ့တာဖြစ်ပါတယ်။
စိတ်ကောင်းဟာ ဘာကြောင့်အရေးကြီးလဲ (ဝါ) စိတ်ကောင်းရှိဖို့ ပထမလို့ ဘာကြောင့်ဆိုရသလဲဆိုရင် စိတ်ကောင်းရှိမှ ပြောတာကောင်းနိုင်မယ်။ လုပ်တာကောင်းနိုင်မယ်။ စိတ်ကောင်းမရှိဘူးဆိုရင် အပြောနဲ့ အလုပ်ဟာလည်း လွဲမှားနိုင်တယ်လို့ ပဲဖြစ်ပါတယ်။
စိတ်ကောင်းရှိဖို့ ပထမဆိုတာ ခေါင်းထဲမှာ စိတ်မှတ်ထားရမယ်၊ စိတ်ယုတ်မာကို ဖြစ်စေတဲ့ သဘာဝတရားတွေ ရှိလာရင် ဒါတွေကို ဖယ်ရှားပြီး ကောင်းမြတ်တဲ့ သဘာဝတရားတွေ တည်ဆောက်ရမယ်လို့ နှလုံးသွားပြီး စိတ်ကောင်းရှိအောင် ကြိုးစားအားထုတ်နိုင်ကြပါစေလို့
ပါမောက္ခချုပ်ဆရာတော်ကြီးက မိန့်မှာတော်မူခဲ့ကြောင်းပါဗျာ။
 
ငြိမ်းချမ်းသာ
April 21,2019
(ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသရဲ့ စိတ်ကောင်းရှိဖို့ ပထမစာအုပ်ကို ဖတ်ပြီးရေးပါတယ်။ ဒီစာစုမှာပါဝင်တဲ့ အချက်အလက်တွေကို စိစစ်တည်းဖြတ်ပေးသူက အရှင်ခေမိန္ဒပါ။)

စိတ်ကိုစောင့်ရှောက်ကြောင်း လေးပါးကုန်သော ကမ္မဋ္ဌာန်းတရားများ

 

 

စိတ်ကိုစောင့်ရှောက်ကြောင်း လေးပါးကုန်သော ကမ္မဋ္ဌာန်းတရားများ


စတုရာရက္ခကမ္မဋ္ဌာန = စိတ်ကိုစောင့်ရှောက်ကြောင်း လေးပါးကုန်သော ကမ္မဋ္ဌာန်းတရားများ

  • ဗုဒ္ဓါနုဿတိ ဗုဒ္ဓါနုဿတိ ပွားများနေသောသူသည် ဗုဒ္ဓမြတ်စွာ သာသနာတော်ကို ပို၍ ကြည်ညိုသောကြောင့် မိမိအတွက် သာသနာညှိုးနွမ်းဖွယ်ကိစ္စကို မပြုတော့။ သာသနာ တိုးတက်ကြီးပွားကြောင်း, ကျက်သရေရှိကြောင်း အလုပ်ကိုသာ စွမ်းနိုင်သမျှ အားထုတ်တော့သည်။
  •   မေတ္တာ  မေတ္တာဘာဝနာ ပွားများလေ့ရှိသူကား အရာရာ၌ ကိုယ်ကျိုးကို ရှေ့ရှုမထားဘဲ သူတစ်ပါးအကျိုးကိုသာ ရှေ့ရှု၍ အလုပ်လုပ်၏ ။ ထိုသို့ရှေ့ရှုသောကြောင့်ပင် သာသနာနှင့်စပ်၍ အကျိုးမဲ့ ကုန်ကျဖွယ်များကို မိမိလည်း မသုံးဖြုန်း ။ သူတစ်ပါးတို့ကိုလည်း မသုံးဖြုန်းစေတော့။
  • အသုဘဘာဝနာ အသုဘဘာဝနာသည် သာသနာနှင့် လွန်စွာသင့်လျော်၏။ အသုဘဘာဝနာကဲ့သို့ ဘာဝနာတစ်မျိုးမျိုးသာ လက်ကိုင်မရှိပါမူ လောကီအာရုံကာမဂုဏ်ဘက်၌ အသက်ကြီးသော်လည်း စိတ်ရောက်လျှက် ရှိတတ်သေး၏။ ထို့ကြောင့် အသုဘဘာဝနာကို ကောင်းစွာပွားများသူသာ စိတ်ထားဖြူလွင် သူတော်စင် ဖြစ်နိုင်ပေသည်။
  • မရဏဿတိ သေခြင်းတရားကို နှလုံးသွင်းမှု နေ့စဉ်ပြုလျှင် “ယနေ့ သေမည်လား, မနက်ဖြန် သေမည်လား မသိရ။ သေသွားသောအခါ ကုသိုလ်သာလျှင် အားကိုးရာရှိပါတကား" ဟု အမြဲသတိရနေသောကြောင့် ကုသိုလ်ကောင်းမှု ကိစ္စစုကို တစ်ခုပြီးတစ်ခု ဘာဝနာပွားမှုတိုင်အောင် အမြဲပြု၍ နေပေလိမ့်မည်။
  • ထို့ကြောင့် ဤကမ္မဋ္ဌာန်းလေးပါးကို “စတုရာရက္ခ"ဟု နာမည်ထူးတပ်လျှက် ရှေးသူတော်မြတ်တို့ အမြဲအားထုတ်အပ်ခဲ့ပေသတည်း။
 
မဟာဂန္ဓာရုံ ဆရာတော်ကြီး 
Crd - အရှင်ခေမန္ဒ

အမြင်များလင်း ဆရာကောင်းဆီချဉ်းကပ်ဖေးမ စာတတ်အကျင့်ထပ်အလှ

 

အမြင်များလင်း ဆရာကောင်းဆီချဉ်းကပ်ဖေးမ စာတတ်အကျင့်ထပ်အလှ

ဇနာ ဧကင်္ဂဒဿိနော- တစ်စိတ်တစ်ဒေသကိုမြင်တဲ့ လူတွေဟာ ငြင်းနေကြတယ်၊ အကုန်လုံးကို မြင်လို့ရှိရင် ငြင်းစရာအကြောင်း မရှိဘူး။ ဒါကြောင့်မို့ စာတတ်တဲ့ ပုဂ္ဂိုလ် စာသင်ထားတဲ့ ပုဂ္ဂိုလ်ဟာ အားလုံးခြုံငုံပြီးတော့ အကုန်လုံးပြောနိုင်တယ်။ ဘယ်ဟာပဲဖြစ်ဖြစ် ခွင့်လွှတ်နိုင်တယ်။
အဲဒါကြောင့် "ကမ္မဋ္ဌာန်းဆရာ" လို့ ဆိုတဲ့နေရာမှာ နံပါတ်(၁)က မြတ်စွာဘုရား၊ နံပါတ်(၂)ကျတော့ မိမိကိုယ်တိုင် ပိဋကတ်သုံးပုံတတ်ပြီး တရားထူးတရားမြတ်ရထားတဲ့ ရှင်သာရိပုတ္တရာတို့လို ပညာဉာဏ်ကြီးတဲ့ ပုဂ္ဂိုလ်မျိုး၊ နောက်ဆုံးကျ ဘာပြောတုန်းဆိုတော့ မြတ်စွာဘုရားဟောထားတဲ့ သုတ္တန်တွေကို အမိအရ နှုတ်ငုံဆောင်ထားတဲ့ ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်ကို ကမ္မဋ္ဌာန်းဆရာလို့ ဒီလိုပြောတာ။
အဲဒီတော့ တစ်ချို့ကလည်း စာတတ်တဲ့လူကို အပုပ်ချချင်တော့ ဘယ်လိုပြောလဲဆိုရင် ပေါဋ္ဌိလရဟန်းကို မြတ်စွာဘုရားက "တုစ္ဆ" လို့ ခေါ်တယ်ဆိုတဲ့စကားကို သုံးပြီးတော့ စာတတ်ရုံနဲ့ မပြီးဘူး၊ မြတ်စွာဘုရားက မကြိုက်ဘူးလို့ ဒီလို အဓိပ္ပာယ်မျိုးနဲ့ ပြောကြတယ်။
အမှန်တကယ် နားလည်ဖို့ရာက မြတ်စွာဘုရားက ပေါဋ္ဌိလရဟန်းကို တုစ္ဆလို့ ခေါ်တာဟာ စာတတ်တာကို ရှုတ်ချတာမဟုတ်ဘူး။ လုပ်သင့် လုပ်ထိုက်ရဲ့သားနဲ့ မလုပ်ဘဲနေလို့၊ ကျင့်ရမယ့်တရားကို မကျင့်ဘဲနေလို့ ကျင့်အောင်လို့ နာအောင်ပြောတဲ့စကား၊ အဲဒါကို သဘောပေါက်ဖို့ လိုတယ်ပေါ့။
တချို့က သဘောမပေါက်တဲ့အခါ စာတတ်လို့ ဘုရားက ရှုတ်ချတာလို့ ဆိုတဲ့ အဓိပ္ပာယ်ယူတယ်၊ ယူတဲ့အခါ ပရိယတ်ကို ပယ်သလို ဖြစ်သွားပြန်တယ်၊ ဒီလို မဟုတ်ပါဘူးတဲ့။
မြတ်စွာဘုရားကိုယ်တိုင်ကိုက ရဟန်းတော်တွေရဲ့ အရည်အချင်းကို ဖော်ပြတဲ့အခါမှာ
နံပါတ်(၁) သီလရှိရမယ်၊ နံပါတ်(၂) ဗဟုသုတရှိရမယ်။ ဗဟုသုတဆိုတာ စာတတ်ရမယ်လို့ပြောတာ၊ တရားဓမ္မတွေကို များစွာကြားနာလို့ အနက်အဓိပ္ပာယ် ဆင်ခြင်စဉ်းစားလို့ အသိဉာဏ်နဲ့ ထိုးထွင်းသိတဲ့ လူမျိုးမှ ဗဟုသုတရှိသူလို့ ဒီလိုခေါ်တာကိုးဒ
ဆိုလိုတာက စာလည်းတတ်ရမယ်၊ တရားဓမ္မလည်း ကျင့်ကြံကြိုးကုတ် အားထုတ်ရမယ်၊ ဒီလို ပုဂ္ဂိုလ်မျိုးကို ဆိုလိုတာနော်။
🌿အဲဒီတော့ စာတတ်လို့ တရားအားထုတ်လို့ မရဘူး၊ စာခံနေတယ် ဆိုတာမျိုးက မမှန်ကန်တဲ့ အဓိပ္ပာယ်နဲ့ ပြောကြတာပဲ ဖြစ်တယ်ပေါ့။🌿
၀က္ကလိကို ပြောတာလိုပဲ၊ မြတ်စွာဘုရားက ၀က္ကလိကို "ကိံ တေ ၀က္ကလိ ဣမိနာ ပူတိကာယေန ဒိဋ္ဌေန" ဟောဒီ ခန္ဓာကိုယ် အပုပ်ကောင်ကို ကြည့်ခြင်းဖြင့် ဘာအကျိုးရှိမှာလဲ လို့ ပြောတာ။
တချို့ကလည်း အဲဒီစကားကို ယူပြီးတော့ မြတ်စွာဘုရားက ဘုရားဖူးစရာမလိုဘူး လို့ ပြောတဲ့ ပုဂ္ဂိုလ်က ရှိသေးတယ်၊ ဒီလိုဆိုလိုတာမဟုတ်ဘူး။
၀က္ကလိက မြတ်စွာဘုရားရဲ့ ရုပ်ဆင်းအင်္ဂါအပေါ်မှာတင် လမ်းဆုံးနေတယ်။ တရားကျင့်ဖို့ သူစိတ်မ၀င်စားဘူး။ မြတ်စွာဘုရားရဲ့ ချောမောသပ္ပါယ် လှမျိုးကြွယ်တဲ့ ရုပ်အဆင်းကိုသာ ကြည့်ပြီးတော့ သူ့စိတ်ထဲမှာ တဏှာ ရာဂတွေ ဖြစ်နေလို့ မြတ်စွာဘုရားက မှတ်လောက်သားလောက်အောင် “ကိံ တေ ၀က္ကလိ ဣမိနာ ပူတိကာယေန ဒိဋ္ဌေန-ဒီအပုပ်ကောင်ကြီးကြည့်လို့ ဘာအကျိုး ရှိမှာလဲ၊ ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ -ဓမ္မကိုမြင်မှ ငါ့ မြင်တော့မှာပေါ့" လို့ ဒီလို ဆုံးမတာလေ။
ဒါတွေက မြတ်စွာဘုရားမှာ သန္ဓာယဘာသိတ လို့ ခေါ်တဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြောတဲ့စကား၊ နေရာတကာ ယူပြီးတော့ ဘုရားက သူ့ဖူးတာမကြိုက်ဘူး ဆိုပြီး ဘုရားဖူးစရာမလိုဘူး လို့ ယူဆရင်တော့ မှားပြီပေါ့။
အေး ဒါကြောင့်မို့ စာတတ်ဖို့ အင်မတန်မှ အရေးကြီးလို့ ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော-အမှန်သိဖို့အတွက် ဆုံးမနိုင်တဲ့ ဆရာမျိုးကို ရှာပါလို့။
 
🙏ပါချုပ်ဆရာတော်ကြီး🙏
Crd - အရှင်ခေမိန္ဒ

ဗုဒ္ဓမြတ်စွာရဲ့အကြောင်းကိုကောင်းကောင်းသိလေ ဘုရားကိုကြည်ညိုလေ

 

 ဗုဒ္ဓမြတ်စွာရဲ့အကြောင်းကိုကောင်းကောင်းသိလေ ဘုရားကိုကြည်ညိုလေ


ဗုဒ္ဓဘာသာဝင်မှန်လျှင် ဗုဒ္ဓမြတ်စွာရဲ့အကြောင်းကို
ကောင်းကောင်းသိသင့်ပါတယ်။
ဗုဒ္ဓမြတ်စွာရဲ့အကြောင်းကိုကောင်းကောင်းသိလေ ဘုရားကိုကြည်ညိုလေဖြစ်ပြီး ရဟန်းတော်ဖြစ်လျှင်
သာသနာ့တာဝန်ကို ကောင်းကောင်းထမ်းလေ
ပရိယတ် ပဋိပတ်ကိုလည်း ကောင်းကောင်းကျင့်လေ ဘုရားပညတ်တော် ဝိနည်းကိုလည်း ကောင်းကောင်းလိုက်နာလေ
သာသနာတော်ကျက်သရေရှိအောင် အသွားအလာ
အနေအထိုင် အပြောအဆိုမှအစ ပြုပြင်လေ
ဘုရားအလိုတော်နဲ့ဆန့်ကျင်တဲ့ ဘုရားပွဲကျောင်း
တိုးသည်ထက်တိုးအောင် ပြုလုပ်လေဖြစ်ပါတယ်။
လူဝတ်ကြောင်ဖြစ်လျှင် သာသနာပြုဒါနမှတပါး
ဘုရားအလိုတော်ကျမဟုတ်သော ပကာသန
ဒါနတွေကိုရှောင်ကျဉ်ရပါတယ်။
ဥပုသ်စောင့် ကမ္မဋ္ဌာန်းထိုင်စသော ကောင်းမှု
ကိစ္စတိုင်းမှာလည်ူ သူတစ်ပါးအထင်ကြီးဖို့
မဟုတ်ဘဲ ဗုဒ္ဓမြတ်စွာရဲ့အလိုတော်ကျဖြစ်စေရပါမယ်။ မည်သည့်ကောင်းမှုမဆိုနိဗ္ဗာန်ကိုဦးတည်လျက်ရှိနေရပါတယ်။


(ကျေးဇူးတော်ရှင် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်)
တစ်ဘဝသံသရာ(စာမျက်နှာ ၃၃၁-၃၃၂)

သင်္ကန်းမရှားပါးတဲ့ ၂၁ ရာစုမှာ ကထိန်ခင်းဖို့လို ပါသေးသလား

 

သင်္ကန်းမရှားပါးတဲ့ ၂၁ ရာစုမှာ ကထိန်ခင်းဖို့လို ပါသေးသလား


✿ ရှေးခေတ်အခါ ဗုဒ္ဓလက်ထက်တောက်က အ၀တ်အစားနှင့် သင်္ကန်းများရှားပါးသဖြင့် ကထိန်သင်္ကန်း ရှာဖေ၊ ချုပ်လုပ် ခင်းကျင်းကြသည်။ ခရစ်တော်မပေါ်မီ (၆)ရာစုက အဆင့့်မြင့်အထည်အလိပ် နည်းပညာမရှိသည်ကို မိမိတို့ မှန်းဆကြည့်ကြရပေလိမ့်မည်။
✿ ရဟန်းတော်တို့သည် သင်္ကန်းကို ကိုယ်တိုင်ချုပ်၍ ဆေးဆိုးကြသည်မှတစ်ပါး အခြား ရွေးချယ်ရန်နည်းလမ်း မရှိခဲ့ပါ။ ရဟန်းတော်တို့ တစ်ဦးကိုတစ်ဦး ကူညီ၍ သင်္ကန်းဖြစ်ရေးအချို့က သစ်သားဘောင် ပြုလုပ်ကြ အချို့က အပ်နှင့်အပ်ချည်ကို ရှာဖွေကြသည်။ အချို့က ပိတ်စကို ချုပ်ကြပြီး အချို့က မီးမွေးကြ သင့်လျော်သောအရောင် အသင့်ရရှိရန် ပြင်ဆင်ကြသည်။
✿ ဆေးဆိုးခြင်းသည် အလွန်ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သူတို့အလိုရှိသည့် အရောင်ရအောင် သစ်ခေါက်ကို ပြုတ်ရသောကြောင့်ဖြစ်သည်။ သင်္ကန်းတစ်ထည်ရရန် ရဟန်းတော်တို့ မည်မျှအလုပ်များကြသည်ကို စဉ်းစားကြည့်ရုံကြည့်ပါ။ အမှိုက်ပုံ၊ သုဿာန်နှင့် လမ်းများပေါ်မှ အ၀တ်စများကို သင်္ကန်းတစ်ထည်စာရရှိသည်ထိ စုဆောင်းရခြင်းသည် ခက်ခဲသော အလုပ်တစ်ခုဖြစ်သည်။
✿ ထိုခေတ်အခါက သာမန် လူတို့ဘ၀တွင် အ၀တ်အထည်ရရှိမှုနှင့် ပတ်သတ်၍ အမှန်တကယ် ခဲယဉ်းသည်။ ရဟန်းတော်တို့သည်လည်း ထိုအခက်အခဲကို လူများနည်းတူ တွေ့ကြုံကြရသည်။ သင်္ကန်းတစ်ထည်အတွက် ရုန်းကန်ကြရသည်သာဖြစ်သည်။
🍃 သို့သော် ယခုခေတ် သင်္ကန်းများ မရှားပါး၊ အသင့်ချုပ်ထားသည်များကို အချိန်မရွေး ဆိုင်မှာ၀ယ်ကပ်နိုင်သဖြင့် ကထိန်ပြုလုပ်ဖို့လိုပါသေးသလားဟုမေးစရာရှိသည်။
🍃 ကျဉ်းကျဥ်း ဖြေဆိုရလျှင် သင်္ကန်းရှားပါးမှုကြောင့် ဗုဒ္ဓလက်ထက်တော်က ကထိန်ပေါ်ပေါက်လာရသော်လည်း ကထိန်ထုံးတမ်းစဉ်လာသည် သံဃာထု၏ စည်းလုံးညီညွှတ်ရေးကိုပါ ဖြစ်စေတည်စေသော အလေ့အကျင့်ကောင်းဖြစ်သဖြင့် ကထိန်ထုံးတမ်းစဉ်လာကို အလေးအနက်ထား၍ ထိန်းသိမ်းသင့်ပါသည်။
✿ အနည်းငယ် ရှင်းပြပါရစေ။ သင်္ကန်းလှူသည့်အလှူရှင်ရှိတိုင်း ကထိန်ခင်းနိုင်သည်မဟုတ် ကထိန်ဖြစ်စေချင်လျှင် ပထမဆုံး အခြေခံ အကြောင်း နှစ်ရပ်နှင့် ရှိထားပြီးသားဖြစ်ရပါမည်။
✿ ပထမအနေနှင့် ရဟန်းတော်များ တစ်နေရာတည်းတွင် သုံးလတာကာလ အတူနေထိုင်လျှက် ဝါကပ်ခြင်းအမှုကိုပြုရမည်။ ဝါကပ်ခြင်းအမှုကို ပြည်သူအများက မိုးရာသီအတွင်း ဆောင်ကြဉ်းရန်လိုလားသဖြင့် မိုးရာသီဝါကပ်ခြင်း (ဝဿ) ဟု ခေါ်တွင်ခဲ့သည်။
✿ ဗုဒ္ဓက ဝါကပ်စေခြင်းမှာ ရဟန်းတော်များ တစ်နေရာထဲမှာအသိုင်းအဝိုင်းနှင့် သင့်မြတ်စွာ နေတတ်စေလိုတော်မူ၍ ဖြစ်ပါသည်။ ရဟန်းတော်တစ်ပါးသည် မိမိကိုယ်တိုင် မိုးရာသီဝါကပ်ချိန် စတင်ခြင်းကို ရွေးချယ်နိုင်သည်။ တစ်လတိတိကွာခြား၍ ပထမဝါဆိုခြင်းနှင့် ဒုတိယဝါဆိုခြင်းကို ဆောင်ရွက်နိုင်သော်လည်း ပထမဝါဆိုခြင်းအမှုကို ပြုသောရဟန်းတော်သာလျှင် ကထိန်သင်္ကန်းလက်ခံခွင့်ရှိသည်။
✿ ဤအချက်သည် ရဟန်းတော်တစ်ပါး ကထိန်လျာသင်္ကန်း အလှူခံနိုင်ရန်အတွက် လွန်စွာ အရေးပါလှပေသည်။ ဒုတိယအရေးတကြီး ထားပြုလုပ်ရမည့်လုပ်ငန်းမှာ ကထိန်မခင်းမီ ရဟန်းတော်တို့ ပဝါရဏာပြုရမည့် အချက်ပင်ဖြစ်သည်။
✿ ပဝါရဏာပြု ဖိတ်ကြားခြင်းဆိုသည်မှာ ဝါကျွတ်ကာလ၌ ရဟန်းတော်တို့အတူစုဝေး၍ ၎င်းတို့အချင်းချင်း တစ်ဦး၏အပြစ်ကိုတစ်ဦးက တွေ့မြင်ခဲ့လျင်သော်လည်းကောင်း ကြားခဲ့လျှင်သော်လည်းကောင်း၊ သံသယမျှဖြစ်ခဲ့လျင် သော်လည်းကောင်းထောက်ပြရန် ဖိတ်ကြားခြင်းဖြစ်သည်။ ဤအချက်သည် စိတ်သဘောထားမှုနှင့် ဝိနည်းတရားစင်ကြယ်မှုအတွက် လွန်စွာအထောက်အကူပြုသည်။
✿ ရဟန်းတော်တစ်ပါးသည် ၎င်း၏သီတင်းသုံးဖော်များ၏ မည်သည့် ဝေဖန်မှုမှတ်ချက်ပေးမှုကိုမဆိုပွင့်လင်းစွာ လက်ခံစဉ်းမှု ရှိရမည်။ လက်ခံနိုင်အောင်လည်းမိမိစိတ်အစဉ်ကို သင်္ကန်းမရှားပါးတဲ့ ၂၁ ရာစုမှာ ကထိန်ခင်းဖို့လိုပါသေးသလား၊ ဆုံးမနေရမည်။ “သင်၏အလုပ်လား” သို့မဟုတ် “ဒါ... ငါ့ကိစ္စဘဲ” ဟုမပြောဆိုနိုင်ပေ။
✿ ပွင့်လင်းမှုရှိခြင်းသည် ဗုဒ္ဓရှင်တော်မြတ် ညွှန်ကြားပြသသောဘဝ လမ်းစဉ်ဖြစ်သည်။ ပြည်သူတို့၏ လေးစားမှုကိုရရှိရန်နှင့် ပြည်သူတို့ကို တရားဓမ္မဘက်သို့ ဆွဲဆောင်ရန် ရည်ရွယ်လျက်၊ ရဟန်းတော်တို့သည် ပြည်သူတို့၏ ပြစ်တင်ဝေဖန်မှုကိုလဲ ဂရုစိုက် အလေးထားရမည်။ ဤအချက်သည် ဗုဒ္ဓ၏အလိုတော်အရ ရဟန်းတော်တို့၏ ညီညွတ်မှုနှင့်စင်ကြယ်မှု ဂုဏ်ဒြပ်ကို ထိမ်းသိမ်းနိုင်ပေမည်။
✿ ထို့အပြင် ရဟန်းတော်များ၏ စည်းမျဉ်းစည်ကမ်း သိက္ခာများ ရှင်သန်ရေးအတွက် အထောက်အကူပြုပေသည်။ ရဟန်းတိုင်း ဝါကြီးဝါငယ်မရွေး စောင့်ထိန်းရသည့်ချိန်ခွင်လျှာ ထိမ်းသိမ်းသော စနစ်တစ်မျိုးလည်းဖြစ်ပေသည်။ တနှစ်တကြိမ်ပြုရသော ပဝါရဏာအပြင် ရဟန်းတော်များတို့ တစ်ဆယ့်ငါးရက်တစ်ကြိမ် အစည်းအဝေးကျင်းပရမည် ဖြစ်သည်။
✿ ထိုသို့စုစည်းရာတွင် စွမ်းရည်ရှိ ရဟန်းတော်တစ်ပါးသည် အခြားရဟန်းတော်များကို နှစ်ရာ့နှစ်ဆယ်သော သိက္ခာပုဒ်များကို ရွတ်ဆိုရှင်းပြသည်။ မရွတ်ဆိုမီ အာပတ်(အပြစ်) ဝန်ခံခြင်းပြုရသည်။ ဆိုလိုသည်မှာ တစ်ဦးချင်း မိမိကျူးလွန်ခဲ့သော အပြစ်အတွက် သံဃာသို့ဖွင့်ဟ အသိပေးရသည့်လုပ်ငန်းဖြစ်သည်။
✿ ဤသို့ အပြစ်ဝန်ခံခြင်း(အာပတ်ဖြေခြင်း)သည် ရဟန်းတော်အား ဝိနည်းတော်သိက္ခာပုဒ် နှစ်ရာ့နှစ်ဆယ်မှ နှစ်ရာ့သုံးမျိုးကို ဖောက်ဖျက်ခြင်း အပြစ်မှ ကုစားပေးသည်။ ပွင့်လင်းမှုတွင် ဗုဒ္ဓကိုယ်တော်တိုင်သည် အကောင်းဆုံး နမူနာဖြစ်ခဲ့သည်။ တစ်ဆယ့်ငါးရက်တစ်ကြိမ်စည်းဝေးရာတွင် မိမိ၏အပြစ် တစ်စုံတစ်ရာရှိခဲ့ပါက ထောက်ပြကြရန် တက်ရောက်သူရဟန်းတို့အား ဗုဒ္ဓရှင်တော်မြတ်ကိုယ်တော်တိုင်က စတင် ဖိတ်ခေါ်တော်မူသည်။
✿ ဗုဒ္ဓကိုယ်တော်တိုင် ပွင့်လင်းသော ပုဂ္ဂိုလ်ဖြစ်၍လဲ ပြည်သူများအား ပွင့်လင်းမှုရှိရန်လည်း အားပေးခဲ့ခြင်းဖြစ်သည်။ ဤအချက်ကပင် ပြည်သူတို့ကို ဗုဒ္ဓနှင့် အလွန် နီးစပ်စေသည့် အကြောင်းအရင်းတစ်ရပ်ဖြစ်ခဲ့သည်။ မည်သို့ပင် ဝေဖန်စေကာမူ ဗုဒ္ဓက သူတို့ကို အပြစ်မယူသည်ကို လူအများက ကောင်းစွာသိရှိကြသည်။
✿ ရဟန္တာပုဂ္ဂိုလ်သည်လဲ သူ၏ကိုယ်ကျင့် အပြုအမူနှင့်ပတ်သတ်၍ အကြွင်းမဲ့ပွင့်လင်းမှုရှိသောသူ ဖြစ်သည်။ အကယ်စင်စစ် အရဟတ် (ရဟန္တာ) ဟု ကျွန်ုပ်တို့သမုတ်ကြသူမှာ လျှို့ဝှက်ဖုံးကွယ်ထားသော အမှုမရှိသော သူဖြစ်သည်။
✿ ဗုဒ္ဓက အနည်းဆုံး သူ၏နောက်လိုက်နောက်ပါ ရဟန်းတော်များ တစ်ဦးကိုတစ်ဦးက ကူညီရာတွင် စိတ်သဘောထားချင်းနီးစပ်မှု ရှိသထက်ရှိစေရန် လိုလားတော်မူခဲ့သည်။ ထိုကဲ့သို့ဖြစ်စေရန် တစ်ခုတည်းသော နည်းလမ်းမှာ တစ်ဦးနှင့်တစ်ဦးကြားပွင့်လင်းမှု၊ မည်သည့် ဖုံးကွယ်မှုကိုမျှ မထားရှိတော့မှုပင် ဖြစ်သည်။
✿ ပဝါရဏာ ဖိတ်ကြားခြင်းသည် ဝိနည်းဥပဒေအရအတွက်သာမက တရားဓမ္မသဘောအရပါ အလွန်အရေးပါသည်။ ပဝါရဏာ မပြုပါက ကထိန်သင်္ကန်းဆက်ကပ်ခြင်း၊ လက်ခံခြင်းကိစ္စ မဖြစ်နိုင်ပေ။
✿ ကထိန်အကြောင်းကို ယင်းကဲ့သို့ အချက်သုံးချက် (ဝါဆို၊ပဝါရဏာ၊ ကထိန်) တွဲ၍ စဉ်းစားသုံးသပ်တွေးခေါ်ပါက ကထိန်သင်္ကန်းရှာဖွေလှူဒါန်းခြင်းသည် သံဃာထုအသိုင်းအဝိုင်း လက်တွေ့ညီညွတ်ရေးကိုပါ ရည်ရွယ်၍ ဗုဒ္ဓဘုရားရှင်က ခွင့်လွှတ် ထားတော်မူသည်မှာ ထင်ရှားပါ သည်။
✿ ယခုခေတ်ကာလမှာ ဒကာဒကာမများက ကထိန်သင်္ကန်း ဖြစ်မြောက်ရေး၌ ရှေးကထက်ပိုမိုပါဝင်လာကြသောကြောင့် ဆရာရော ဒကာပါ ကထိန်အစဉ်အလာကောင်းများ ဆက်လက် ထိန်းသိမ်းထားခြင်းဖြင့် အသိုင်းအဝိုင်းညီညွတ်ရေးဟူသော လူမှုရေး အကျိုးထူးတရားကို ညီတူညီမျှ ရရှိနိုင်ကြပါသည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏
"ကထိန်အလှူအကြောင်း သိကောင်းစရာ သမိုင်း၊ လူမူရေဒနှင့် စိတ်ပိုင်းဆိုင်ရာ ရှုထောင့်မှ သုံးသပ်ချက်" တရားတော်စာအုပ်မှ “သင်္ကန်းမရှားပါးတဲ့ ၂၁ ရာစုမှာ ကထိန်ခင်းဖို့လို ပါသေးသလား” တရားတော်ကို ကူးယူပူဇော်ပါသည်။

Wednesday, October 30, 2019

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ထူးဆန်းသောအိပ်မက်များနှင့် အိပ်မက်အကောက်အယူများ(၂)

 

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏
ထူးဆန်းသောအိပ်မက်များနှင့် အိပ်မက်အကောက်အယူများ(၂)

    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ အိပ်မက်အကြောင်းအရာများကို ဖွင့်ဆိုရှင်းပြခဲ့စဉ်မှာ အိပ်မက်ကို ဆက်စပ် ကြည့်တတ်ဖို့၊ တွေးခေါ် မျှော်မြင်ထားတတ်ဖို့လိုကြောင်း မိန့်မှာခဲ့တယ်ဆိုတာကို ရှေ့က ရေးခဲ့ပြီးဖြစ် တဲ့စာစုများမှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
    ဆရာတော်ကြီးကိုယ်တော်တိုင်လည်းပင် ဆက်စပ်၊တွေးခေါ်၊ မျှော်မြင်ပြီး အဖြေရှာရတဲ့ အိပ်မက်ပေါင်းများစွာနဲ့ ကြုံဆုံခဲ့ရကြောင်း ဆရာတော်ကြီးရေးတဲ့ စာအုပ်များမှာ တွေ့ရှိနိုင်ပါတယ်။
    အဲဒီထဲက တချို့ကို ထုတ်နှုတ်ပြချင်ပါတယ်။
    'တနေ့ အိပ်မက်ရ၏။ ' အခင်းကပျက်၊ အဆက်ကကွာ၊ ယိုအိမ်သာကြီး၊ နံလိုက်တဲ့ချီး' ဟူ၏။
    အပြည့်အစုံမှာ ငါသည် အိမ်သာတစ်ခုထဲသို့ ဝင်ရောက်၍ အညစ်အကြေးများ စွန့်ထုတ်၏။ ထိုစဉ် ငါနင်းထားသော နင်းကြမ်းခေါ် ကြမ်းပြင်ထက်သို့ အိမ်သာတွင်းရှိ မစင်ပုပ်များ ထိုးထွက်၍ တက်လာကြကုန်၏။ နင်းထားရာ ကြမ်းပြင်ကြည့်ပြန်ပါသော်ကော ရိုက်ထားသော သံချက်များ ပြုတ်ထွက်ကာ ကြမ်းခင်းများလည်း ကွာလျက်သာ ရှိကြကုန်၏။ ကြမ်းခင်းပေါ်သို့ လှိမ့်တက်လာကြသော အိမ်သာတွင်းရှိ မစင်တို့၏ အနံ့အသက်များကလည်း ငါ့နှာခေါင်းဝသို့ ထောင်းထောင်းထ မခံနိုင်ပြီ။
    သို့ကြောင့် သည်အိမ်သာကြီး၏ဖြစ်အင်ကို သက်ဆိုင်ရာတို့ သိစိမ့်သောငှာ ကြေးမုံသတင်းစာ၏ လူထုအော်သံအခန်းမှ အော်မဟဲ့ဆိုကာ ငါက ကဗျာစီသောဟူ၏။
    အိပ်မက်စဉ်ပြီးသည်နှင့် နိုးလာ၏။ ဘာပါလိ့မ် ဆင်ခြင်ကြည့်၏။
    ပြီးခဲ့သောနှစ် ပြာသိုလဆန်းလောက်မှပြုလုပ်ခဲ့သော ၄၅ ရက်အဓိဋ္ဌာန်၏ လမ်းခင်းသည် ယခု ပျက်လျက်ရှိသည်ကိုလည်း မြင်မိ၏။ အဆက်ကွာ နေသည်ကိုလည်း ငြင်းမရဖြစ်နေ၏။ တဏှာ၊ မာန၊ ဒိဋ္ဌိများကြောင့် ဖြစ်ပေါ်လာသော အနံ့အသက်များလည်း မကင်းသေးသည်ကိုလည်း သတိရ၏။
    'ဒါ ငါ့အားအဓိဋ္ဌာန်ဝင်ရန် နှိုးဆော်သည်ထင်၏'ဟူ၍ တွေးမိ၏။
    (ဘဝကန္တရသင်္ကေတကထာ-စာ၁၄၁-၁၄၂)
    '၃ ရက်မြောက်ခန့်နေ့၏ ညတွင်ကား အိပ်မက်ဆန်းမြင်မက်၏။
    ငါ့ခြံဝင်းထဲမှပင် အစ ချဉ်ပေါင်နှစ်ပင် မြေမှပေါက်ကာ ယှဉ်လျက်က ထွက်ပြူလာ၏။ ခဏချင်းကြီးပြင်းလာပြီး တစ်ပင့်တစ်ပင် လိမ်တက်ကြကာ မြွေကြီးနှစ်ကောင်ဖြစ်သွားကြ၏။
    ထိုမြွေနှစ်ကောင်မှာ စည်းဝင်း(ဒုတ်ခြစ်၍သားထားသောစည်းဝိုင်း)၏ အတွင်းမှနေ စိုက်ထားသော ဒုတ်ပေါ်တက်ကာ ငါတို့ကို ပေါက်သတ်ရန် မာန်ဖီနေကြ၏။
    ငါတို့သည်ကား စည်းအပြင်ဘက် ရုတ်တရက်ခုန်ထွက်လိုက်ပြီးသား ဖြစ်နေသဖြင့် ထိုမြွေနှစ်ကောင်၏ အပေါက်မခံမိရ မြင်မက်၏။
    စည်းကဘာ၊ ချဉ်ပေါင်ကား ဘာ၊ မြွေနှစ်ကောင်ကား ဘယ်ဟာ။
    ထိုကာလကား ငါတို့အမသည် ဇနီးသည်က စာ(သံကြိုး)ဖြင့် လှမ်းအကြောင်းကြားသဖြင့် လိုက်လာသောအချိန်ဖြစ်၏။ သတင်းစကား တစွန်းတစအားဖြင့် နောင်ကြားသိရသည်မှာ -
    အစ်မတို့၏ မောင်တော့ ထမင်းလုံးဝမစားတော့ဘဲ ပဲဆံချည်း ရေစိမ်စား နေပါသည်။
    တော်ကြာ သေသွားခဲ့သော် ကျွန်မလက်ထဲမှာ သေသဖြင့် ကျွန်မတာဝန် ဖြစ်နေပါမည်။ သို့ပါ၍ ကိုယ့်မောင်ကိုယ် လာရောက်ထိန်းသိမ်းရန် ဟူ၏။
    အထက်ပါအကြောင်းကြားစာအရ အစ်မရောက်လာရသည်ဟု နောက်မှသာ သိရ၏။ ယခုလက်ငင်းကား လုပ်လိုသည် တရားအလုပ်ကိုလည်း လုပ်ပါ၊ အတူနေဇနီးသည်လည်း စိတ်ချမ်းသာရန် ၎င်းတို့နှင့်လည်း အလှမ်းမကွာရန် ရွှေဘိုသို့ ပြန်လိုက်ခဲ့ရန် ဟူသတည်း။
    တန်တော့၊မြွေနှစ်ကောင်ကား သည်သမီးယောင်းမနှစ်ဦးသာ ဖြစ်ရမည်။ စည်းဝင်းကား အိမ်ထောင်ရေးကိစ္စရပ်သာ ဖြစ်နိုင်သည်။ ချဉ်ပေါင်ကား အတွင်း မချိုသော သဘောကိုဆောင်သည်ဟူ၍ အဓိပ္ပါယ်ကောက်ရမည်။'
(ဘဝကန္တရသင်္ကေတကထာ-စာ ၁၇၉)
    ဒါတွေကတော့ မဟာဗောဓိမြိုင်ဆရာတော်ကြီး အိပ်မက်ကို အဓိပ္ပါယ် ကောက်ယူပုံ၊ အဓိပ္ပါယ်ဖွင့်ဆိုပုံများပဲဖြစ်ပြီး အဲဒီအိပ်မက်များဟာ ပုတီးကျင့်စဉ်များကို တစိုက်မတ်မတ်ကျင့်နေချိန်မှာ မက်ခဲ့တဲ့အိပ်မက်များလည်းဖြစ်ပါတယ်။
    အိပ်မက်ကို ဆရာတော်ကြီးက ဒီလိုလည်း ညွှန်းဆိုခဲ့ပါသေးတယ်။
    ' စစ်ရေးကိစ္စ၌ မိမိတိုပအချင်းချင်းသာ နားလည်စေပြီး တစ်ဖက်ရန်သူ့ နား မပေါက်ကြားနိုင်ရန် စကားဝှက်ကိုသာ သုံးလေ့ရှိ၏။ မိမိတို့စစ်ရေးကိစ္စ စစ်အမှုထမ်းမှတစ်ပါး အရပ်သားများ မသိနိုင်စေရန်လည်း ယင်းစကားဝှက်ကိုသာ သုံးလေ့ရှိတတ်၏။
    ဤ ငါတို့၏ သမထလမ်းစဉ်၌လည်း တစ်ဖက်၏ အဖျက်အမှောင့်တို့ မသိနိုင်စေရန်၊ မိမိတို့ သာဝကအတွေးအခေါ် ဉာဏ်ပညာများ အပါးဝစေရန် ပညာစကားများသာသုံး၍ အိပ်မက်ဖြင့်သော်လည်းကောင်း၊ အာရုံအိပ်မက်ဖြင့် သော်လည်းကောင်း၊ အမြင်အကြားအားဖြင့်သော်လည်းကောင်း ပေးတတ်ကြ၏။
  ဤ၌ အမြင်အကြားကား နတ်မျက်စိ၊ နတ်နားခေါ် အဘိညာဉ်ကိစ္စလည်း မဟုတ်၊ သမာဓိရင့်သန်လေသဖြင့် ပေါ်ပေါက်လာတတ်သော ဉာဉ်စရိုက်ခေါ် အမြင်အကြားမျိုးလည်း မဟုတ်ခဲ့။
    စင်စစ် မိမိတို့နှင့် ပဋ္ဌာန်းဆက်ကျရာ အဘိဉာဏ်ရ ဝိဇ္ဇာတို့၏ အညိဉာဏ် ကိစ္စအကူဖြင့် မြင်ရ၊ ကြားရသည်လည်း ရှိ၏။
    မိမိထွက်ခဲ့ရာ သိုက်တွင်းမှ သိုက်ဘိုးတော်၊ သိုက်ချုပ်ကြီးများ၏ ကမ္မဇိဒ္ဓိ (ကံကြောင့် သဘာဝအတိုင်းရရှိနေကြသော) အကူဖြင့် မြင်ခွင့်ရ၊ ကြားခွင့် လည်းရှိ၏။ ဤနှစ်မျိုးမှတစ်ပါး အခြားမရှိ။
    ဂိုဏ်းပညာခေါ် သမထလမ်းလိုက်သူတို့၏ သက်သတ်လွတ် စားသုံးခြင်းကိစ္စသည် သိုက်၏ အကူရရန်၊ သိုက်စီးတို့ပူးသာကပ်သာရန်၊ သိုက်စီးတို့ နာမ်ချဉ်းခြင်း ခေါ် မိမိ၏ မနောတွင်းသို့ စီးနင်းခွင့်ရရန် ဝမ်းတွင်းသန့် ရှင်းရေးလုပ်ပေးခြင်းမျှသာတည်း။
    ထိုသို့ စကားဝှက်သုံး၍ အိပ်မက်ပေးခြင်း စသည်တို့ဖြင့် ညွှန်ချက်ပေးရာ၌ အပေးခံရသူ ပါးရည်နပ်ရည်ရှိမှသာ ကွက်တိဖြစ်နိုင်၏။ မရှိသော် တေ့လွဲတည်း'
    (ဘဝကန္တရသင်္ကေတကထာ-စာ ၂ဝဝ)
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဘဝထိုထိုဟာ အံ့သြ ဖွယ်ကြောင်းချင်းရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ဆရာတော်ကြီးရဲ့ ဘဝခရီးဟာ အကောင်းထက်အဆိုး၊ အနုထက်အကြမ်း၊ ပန်းထက်ဆူး ..ဆိုသလို လောကဓံလေထန်လှိုင်းကြမ်းတွေသာ များခဲ့တာကိုလည်း တွေ့နိုင်ပါတယ်။ အဲဒီ လေထန်လှိုင်းကြမ်းခရီးစခန်းကြောင့်ပဲ ဆရာတော်ကြီးရဲ့ ပြည့်ဝတဲ့ နှလုံးရည်ဟာ ထင်သာမြင်သာရှိခဲ့ပြီး ရှိခိုးဦးခိုက်မဝဖြစ်ခဲ့ရပါတယ်။ အခု ဒီစာစုမှာ ပါဝင်တဲ့ အကြောင်းအချက်များဟာ ဆရာတော်ကြီးရဲ့ အိပ်မက်နဲ့ပတ်သက်တဲ့ ဖွင့်ဆိုရည်ညွှန်းချက်များသာဖြစ်ပါတယ်။ သာသနာခရီးလမ်းပေါ် လျှောက်လှမ်းနေကြသူများအားလုံးလည်း သာသနာပြုခရီးလမ်းမှာ ပါးရည်နပ်ရည်ရှိရှိ၊ အတွေးအခေါ် ဉာဏ်ပညာများ အပါးဝဝဖြင့် လျှောက်လှမ်း နိုင်ကြပါစေ။

၃ဝ-၁ဝ-၂ဝ၁၉
ရည်ညွှန်းကိုးကား/-
၁။    ဘဝကန္တရသင်္ကေတကထာ (၂ဝ၁၂)
   

Monday, October 28, 2019

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ထူးဆန်းသောအိပ်မက်များနှင့် အိပ်မက်အကောက်အယူများ

 

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ထူးဆန်းသောအိပ်မက်များနှင့် အိပ်မက်အကောက်အယူများ


ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ကြီးဖြစ်တဲ့ 'ခရီးလမ်းကြမ်း စခန်းဖွေရှာ တစ်သက်တာ'စာအုပ်ထဲမှာ ဆရာတော်ကြီးရဲ့ဘဝဖြတ်သန်းမှုဖြစ်စဉ်များနဲ့အတူ ထူးထူးခြားခြားတွေ့ရ တာကတော့ 'အိပ်မက်များ'ပဲ ဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ သူ့ရဲ့ကိုယ်ရေး အတ္ထုပတ္တိစာအုပ်ကြီးထဲမှာ အိပ်မက်များကို အလေးအနက်ထား ထည့်သွင်းရေးသားထားသလို ဆရာတော်ကြီး မြင်မက်တော်မူခဲ့တဲ့ အိပ်မက်တွေကလည်းပဲ  ထူးခြားမှုတွေနဲ့ ပြည့်နှက်လို့နေပါတယ်။
    အိပ်မက်တွေထဲကမှ အနည်းငယ်ကို ထုတ်နှုတ်ပြရရင် -
  •     မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ၁၃၅၃ ခုနှစ် ကဆုန်လဆန်း ၁ဝ ရက်နေ့မှာ သာစည်ရွှေကျောင်းကုန်းတောင်ကနေ ပျဉ်းမနားလက်လုပ်တောင်ကို ကြွပါတယ်။ အဲဒီကို မကြွခင်မှာပဲ 'ပျဉ်းမနားရောက်ရင် သေမယ်' ဆိုတဲ့ အိပ်မက်ကို မြင်မက်ခဲ့ပြီး အဲဒီအိပ်မက်ကြောင့်ပဲ စာမျက်နှာ ၈၆၇ မျက်နှာရှိတဲ့ 'ပဋိဘာန ဉာဏဒဿနကထာ'ဆိုတဲ့ ကျမ်းစာအုပ်ကြီးကို ရေးသားဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။
  •     ၁၃၅၅ တော်သလင်းလပြည့်ကျော် ၁ဝ ရက်နေ့မှာလည်း ပျဉ်းမနားလက် လုပ်တောင်ကနေ ထွက်ခွာခဲ့ပြီး ဘယ်ဆီဘယ်ဝယ် ကြွချီတော်မူမည်မဆုံးဖြတ် ရသေးခင်မှာလည်း သုဝဏ္ဏသျှမ်တောင်ကို ရွေးချယ်ခဲ့တာဟာ သာသနာပြုလှည့် ပါဘုရားဆိုတဲ့  အိပ်မက်လျှောက်ထားချက်ကြောင့်ပဲဖြစ်ပါတယ်။
  •     ၁၃၆၁ ခုနှစ် ကဆန်လထဲမှာလည်း မွေးရပ်မြေ နတ်တလူတောရမှ  တောပြောင်းခဲ့ရခြင်းဟာ အဲဒီမှာဆက်နေမယ်ဆိုရင် လက်လုပ်တောင်ထက် လူရှုပ်မယ်၊ နိုင်ငံရေးအရှုပ်တွေကြား ညှပ်ပါသွားနိုင်တယ်ဆိုတဲ့ အိပ်မက်အရပဲ ဖြစ်ပြန်ပါတယ်။
  •     ၁၃၆၂ ခုနှစ် ပဋိပတ်တောစခန်းမှာ ဆောင်းခိုစဉ်ကလာများမှာလည်းပဲ အိပ်မက်တွေဟာ အရေးပါခဲ့ပြန်ပါသေးတယ်။ အဲဒီမှာတောစခန်းမှာ ဆောင်းခိုရင်းကပဲ အလောင်းတော်ကဿပကို စိတ်ညွတ်ဂါရဝပြု၊ အစောင့်အရှောက်များကိုလည်း မေတ္တာဂုဏ်နဲ့ လှုပ်နှိုးရင်းက ဂူတွင်းအခြေအနေများကို သိလိုတယ်လို့ စိတ်ရည်တော်မူပါတယ်။ အဲဒီမှာပဲ အိပ်မက်မှတစ်ဆင့် ဂူတွင်းအခြေ အနေလည်းသိခွင့်ရ၊ အရှင်မြတ်သာမက အလောင်းတော်အားလုံး ဖူးခွင့်ပေးတယ်လို့ ဆရာတော်ကြီးက ဘဝကန္တရသင်္ကေတကထာမှာ ရေးသားတော်မူခဲ့ပါတယ်။
  •     အဲဒီအကြောင်းကိုပဲ 'အိပ်မက်က ပြောသော အလောင်းတော်ကဿပ (မဟာသုပိနဗျာဒကထာ)'လို့ စာတမ်းတစ်စောင်ပြုစုပြီးဖြစ်တယ်လို့ ဆရာတော် ကြီးက ဆိုပါတယ်။ (အဲဒီစာတမ်းကို မဟာမြိုင်စာပေပြန့်ပွားရေးက အိပ်မက်  ဖြင့် ဖွင့်ပြောသောစကားများ (သုပိနာယဗျာချကထာ)အမည်ဖြင့် ၂ဝ၁၄ ခုနှစ်  က ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။
  •     မဟာမြိုင်တောကြီးထဲ သီတင်းသုံးစဉ်ကာလများထဲမှ ၁၃၆၆ ခုနှစ် တော်သလင်းလပြည့်နေ့ကစပြီး မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ၂၄ နာရီ လုံးလုံး တစ်နာရီအထိုင် တစ်နာရီစင်္ကြန်ဖြင့် အဓိဋ္ဌာန်တင်အားထုတ်တော်မူ ခဲ့ပါတယ်။ အဲဒီမှာ အဖျားဒဏ်ကြောင့် ထိုင်ချိန်ပျက်ကွက်မှုများရှိစဉ်မှာလည်း နားလိုက နားဆိုပြီး အိပ်မက်ပေးနှိုးဆော်သည်များရှိခဲ့ပြီး အဲဒီအိပ်မက်များဟာ 'ကျေးဇူးကြီးတယ်'လို့ ဆရာတော်ကြီးက ရေးသားတော်မူခဲ့ပါတယ်။
    ဒီလောက်ဆိုရင် မဟာဗောဓိမြိုင်ဆရာတော်ကြီးအတွက် အိပ်မက်များဟာ အရေးကြီးတဲ့အခန်းများမှ ပါဝင်နေကြောင်း ဆဝါးလို့ရနိုင်လောက်ပါပြီ။
    ဆရာတော်ကြီးဟာ အိပ်မက်နဲ့ပတ်သက်ပြီး အခုလိုဖွင့်ဆိုရှင်းပြတော်မူ ခဲ့ပါတယ်။
    'အိပ်မက်ဟူသည် စိတ်စွဲလန်းလွန်းလှ၍၊ သွေးလေတို့ မညီမျှ၍၊ နတ်တို့ က သတိပေးလို၍ ဤသုံးမျိုးပင် ရှိချေရာ နိုးလာသည်နှင့် ဆင်ခြင်ကြည့်။        စွဲလန်းရာမှ ဖြစ်ပေါ်လာသောအိပ်မက်မျိုးသည် ယမန်နေ့က မိမိခံစားခဲ့ရဖူးသော အာရုံ၊ ထိုအာရုံ၏ တိုက်ခိုက်ရာအလိုက် ကြိုက်စွဲ၊ မကြိုက်စွဲ၊ ၄င်းတို့နှင့် တစ်ထပ်တည်းကို တွေ့ရှိရမည်ဖြစ်၏။
    သွေးလေမညီမျှသော ဆောင်းညအခါ၏ အိပ်မက်၊ ဆီးဝမ်းသွားလိုလျက်က အိပ်ပျော်နေရာမှ ထမက်သောအိပ်မက် ၄င်းတို့က အမြီးအမောက်မတည့် တတ်။ တည့်သော်မှ မှုန်ဝါးဝါးသာ။
    နတ်တို့က သိစေလိုသော အိပ်မက်မျိုးကား စင်းလွန်း ရှင်းလွန်းလှချေ၏။ ရံတစ်ခါ ပြီးခဲ့သော ဖြစ်ရပ်ဟောင်းများကို ထောက်ပြခြင်း၊ သတိပေးခြင်းများ ဖြစ်ပေါ်နေတတ်ပြီး ရံတစ်ခါ နောင်ဖြစ်ပေါ်လာမည့် အနာဂတ်ကိစ္စရပ်များတို့ကို သတိပေးခြင်း၊ နှိုးဆော်ခြင်းများ ဖြစ်နေတတ်၏။'
    (ဘဝကန္တရသင်္ကေတကထာ-စာ ၁၅၁)
    မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ နံနက်ခင်းမှာ ရှင်းစရာ (ပုဗ္ဗဏှဘာဏ က ကထာ) အမည်ရတဲ့ စာအုပ်မှာလည်း  အိပ်မက်အကြောင်းကို
    'ဤ၌ အိပ်မက်အမျိုးအစား ကိုယ်တိုင်ခွဲခြားတတ်ရန် တင်ပြလိုပါသည်။        
အိပ်မက်မက်ပြီ ...ရံတစ်ခါ ချက်ချင်းနိုး၏။ ရံတစ်ခါ အချိန်စေ့မှ နိုး၏။ နိုးကာလတွင် ဆင်ခြင်ကြည့်လိုက်ပါ။
    ယမန်နေ့က ငါ ဘာတွေ စိတ်ကူးထည့်မိခဲ့သနည်း။
    ယမန်နေ့က ငါ ဘာတွေ ပြောခဲ့ဘူးသနည်း။
    ယမန်နေ့က ငါ ဘာတွေ စိတ်လိုက်မာန်ပါ လုပ်ခဲ့ဘူးသနည်း။
    ထိုစဉ် အစွဲအလမ်းမှဖြစ်သော အိပ်မက်ဆိုပါက တန်းကနဲ တရားခံပေါ် ပါသည်။ သြော် ... ဘာ ဘယ်လို ဘယ်လိုကြောင့်ကိုး ဟူ၍။
    အကယ်တိတိ ... ဘာကို ဘာနှင့်မျှ တိုက်ဆိုင်ကြည့်၍မှ မတည့်ဖြစ် နေခဲ့ပါသော်ကား သတိထား၍သာ နေပေရော့။ ဆင်ခြင်တိုင်းထွာ၍သာ အလုပ်လုပ်ပေတော့။
    ဘာကြောင့် မေးပါသော်၊ ထိုအိပ်မက် ယမန်နေ့က အကြောင်းမဟုတ်ခဲ့လျှင် နက်ဖြန်သဘက်တို့၏ အကြောင်းများ ဖြစ်နေသောကြောင့်ပင်။
    ဤအိပ်မက်နှစ်မျိုးကား
    နိုးလာချိန် စဉ်းစားကြည့်၊ ထင်းထင်းစင်းစင်းကြီး ပေါ်နေတတ်၏။ ဆက်စပ် ကြည့်တတ်ဖို့၊ တွေးခေါ်မျှော်မြင်ထားတတ်ဖို့သာလို၏။ တွေးကြည့်နိုင်လွန်းမှ  ပေါ်သောအရာမျိုးမဟုတ်။
    နောက်တစ်မျိုးကား နိုးလာချိန် စဉ်းစားကြည့်၊ ရိတ်တိတ်ပြေးမျှတင် ရှိ ၏။ ထင်းထင်းရှိသော်မှ ဆက်စပ်၍ မရတတ်။ တောင်းတွင်း အိပ်မက်ပမာ ဖြစ်နေတတ်၏။ သို့ကြောင့် စိတ်အတွေးအလေးခံစရာ မလို။ သူ့အမှု ခုခံစရာလည်းမလို။
    ထိုသုံးမျိုး အမျိုးအစားခွဲထုတ်ရပါသော်
    ၁။ ထင်းပြီး တွေး၍ ရလာသော် စွဲလမ်းရာမှ ထဖြစ်သော အိပ်မက်မျှသာ။
    ၂။ ထင်းပြီး တွေးမရပါက နတ်တို့နှိုးဆော်သော ရှေ့ပြေး နိမိတ်မျိုး။
    ၃။ မှုန်မွှေး ဖဲ့ကပ် ဆက်စပ်မရပါမူကား ဓမ္မတာမမှန်သောကြောင့်သာ။
    ဤကား ကိုယ်တိုင်ဆင်ခြင်နိုငသော အိပ်မက်များအကြောင်းပင်' (စာ ၃ဝ-၃၂) လို့ ဖွင့်ဆိုတော်မူပါတယ်။
    အထက်မှာ ဆိုခဲ့တဲ့ အိပ်မက်နဲ့ပတ်သက်တဲ့ အချက်အလက်တွေဟာ မဟာဗောဓိမြိုင်ဆရာတော်ကြီး ကိုယ်တော်တိုင် ဖွင့်ဆိုရှင်းပြတဲ့ အကြောင်း အရာများပဲဖြစ်ပါတယ်။ ဆရာတော်ကြီး ဖွင့်ဆိုရှင်းပြတဲ့ အချက်အလက်များမှ ဆောင်သင့်တာဆောင် ရှောင်သင့်တာရှောင်ပြီး ဘဝရဲ့လမ်းမှန်မှာ ဓမ္မကို အဖော်ပြု လျှောက်လှမ်းနိုင်ကြစေဖို့ ရည်ရွယ်ပါကြောင်း ...။

ငြိမ်းချမ်းသာ
28-10-2019  
ရည်ညွှန်းကိုးကား/-
၁။    ဥလ္လမ္ပတုဘိက္ခုဘာဝကထာ (၂ဝ၁၅)၊ စတုတ္ထအကြိမ်
၂။    ဘဝကန္တရသင်္ကေတကထာ (၂ဝ၁၂)
၃။    ပုဗ္ဗဏှဘာဏက ကထာ(၂ဝ၁၂)

Saturday, October 26, 2019

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသို့ အဘဝိမလရဲ့ သြဝါဒ 'သေတဲ့အခါ ဘွဲ့နှင့် မသာလိုက်ဖက်ပါအောင်လည်း ကြိုးစားပါ'

 

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသို့
အဘဝိမလရဲ့ သြဝါဒ
'သေတဲ့အခါ ဘွဲ့နှင့် မသာလိုက်ဖက်ပါအောင်လည်း ကြိုးစားပါ'

 ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ပုတီးသမားဘဝနဲ့ ကျင့်ကြံအားထုတ်ရင်းကပဲ ဆရာဖြစ်တဲ့ အဘဝိမလရဲ့ တိုက်တွန်းမှုကြောင့်ပဲ ၁၃၄၁ ခုနှစ် တော်သလင်းလဆန်း ၁၃ ရက်နေ့မှာ ဒုတိယအကြိမ် ရဟန်းဘဝကို ခံယူခဲ့ပြန်ပါတယ်။
    ရဟန်းဘဝခံယူတာနဲ့ပတ်သက်ပြီး မဟာဗောဓိမြိုင်ဆရာတော်ကြီးက -
    'အဘကား သာသနာ့တာဝန်ခွဲ လက်လွှဲရန် ရည်သန်၏။
    ဒကာတို့ကား ငါတို့၏ သီလဘုန်း ခိုလှုံရန် ရည်သန်၏။
    ငါတို့ကား တောထွက်ရန် ရည်သန်၏။' လို့ ရေးခဲ့ပါတယ်။
    (ဘဝကန္တာရသင်္ကေတကထာ၊စာ-၂၆၈)

ဆိုတဲ့အတိုင်းပဲ တောရပ်မှီ တရားရှာမှီးတဲ့ဘဝနဲ့ နေထိုင်အားထုတ်ချင်လှတဲ့ အတွက် မဟာဗောဓိမြိုင် ဆရာတော်ကြီးဟာ ၁၃၄၁ ခုနှစ်၊ သီတင်းကျွတ် လပြည့်ကျော် ၄ ရက်နေ့မှာ တောထွက်ဘဝကို စတင်ခဲ့ပါတော့တယ်။

'ထိုအချိန်၌ ထူးခြားသော ဖြစ်စဉ်များမှာ တောထွက်ရန်၏ တစ်ခဏအလို  လူကြီးအိမ်၌ ဆွမ်းစားအပြီး  ကားအလာစောင့်ဆိုင်းနေဆဲ  အချိန်ပိုင်းလေး အတွင်းမှာပင်။
    ပထမ မိုးကြီးသည်းထန်စွာ ရွာသွန်း၏။ ထို့နောက် ငါတို့ဦးခေါင်းပေါ်၌ မိုးကြိုးသုံးကြိမ် ထစ်၏။ ဦးခေါင်းပေါ်၌ ကောင်းကင်ပြင်တစ်ခုလုံး လျှပ်စီးများ  လက်နေ၏။
    ထိုသည့်မြင်ကွင်း၏ ထိုတစ်ခဏချင်း အတောအတွင်းမှာပင် တစ်မြို့လုံး ရှိ  ကတ္တရာလမ်းမကြီးများ ရေလွှမ်းသွားတော့၏။ အချို့လမ်းမကြီးများကား  ကားသွားမရလောက်အောင် ရေများဖုံးလွှမ်းနေ၏။
    သို့ဖြင့်ပင်  တောဘက်အာရုံယူ၍ ထွက်ခဲ့ရာ  နံနက် ၁၁း၃ဝ နာရီရထားဖြင့်  အညာသို့ဆန် တောထွက်ရန် ဟန်ပြင်လိုက်ချေပြီ။ ရထားထွက်ပြီ၊ လိုက်ပို့သူများ မျှော်ကျန်နေရစ်ကြပြီ။ ထိုစဉ် လက်မှတ်နံပါတ် ခုံနံပါတ်များ ကလည်း ၁၁၊ အတွဲက ၇ ဖြစ်နေချေပြန်ရာ ...
    ဆယ့်တစ်မီးတဲ့၊ အပြီးခွဲပြီဟေ့။
    ဤကြွေးကြော်သံများ စိတ်ထဲမှပင်  တိုးတိုးရွက်လျက် ထွက်ခဲ့ပြီ။'
(သံဝေဂ ပဋိသံယုတ္တကထာ၊စာ ၇၉၊ ၈ဝ)

    ဆရာတော်ကြီးက သူ့ရဲ့ တောထွက်ခရီးအစကို အဲဒီလို မှတ်တမ်းတင်တော်မူခဲ့ပါတယ်။
    မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဘဝအချိုးအကွေ့များကို အကြမ်းအားဖြင့် ပြောရင် ပဋိပတ္တိစာပေသင်ကြားတဲ့ စာသင်သားရဟန်းဘဝ၊ စာသင်သားဘဝမှ ရဟန်းလူထွက်ဘဝ၊ ရဟန်းလူထွက်ဘဝမှ ပုတီးသမားဘဝ၊ ပုတီးသမားဘဝမှ ရဟန်းဘဝ၊ ရဟန်းဘဝမှ တောထွက်ဘဝ အဲဒီလိုမျိုး တွေ့ရနိုင်မှာဖြစ်ပါတယ်။  ဆရာတော်ကြီးရဲ့ဘဝဒုတိယပိုင်းကို ရဟန်းလူထွက်ဘဝကစ၊ နောက် ပုတီးသမားဘဝ  ..  အဲဒီလိုပိုင်းခြားကြည့်မယ်ဆိုရင် အဲဒီဘဝအပိုင်းအခြားများမှာ အဘဝိမလဟာ ဆရာတော်ကြီးရဲ့ အရေးကြီးလှတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

    ဒီစာစုမှာ အဓိကပြောချင်တာက မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဆရာဖြစ်တဲ့ အဘဝိမလရဲ့ ဆုံးမသြဝါဒတစ်ခုပါ။ အဘဝိမလကို မဟာဗောဓိမြိုင်ဆရာတော်ကြီးက 'ငါ၏ ဥပဇ္ဈာယ သြဝါဒစရိယ ဆရာတစ်ဆူ'လို့ ရိုကျိုးတန်ဖိုးထားစွာ ရေးသားတော်မူပါတယ်။ အဘဝိမလ (ဝါ) ဘသန့်ရှင်းအကြောင်းကို ဘဝကန္တာရသင်္ကေတကထာစာအုပ်ထဲရဲ့ အခန်းအတော်များများမှာ ဖတ်ခဲ့ရပြီး မဟာဗောဓိမြိုင်ဆရာတော်ကြီးကိုယ်တော်တိုင်ပဲ သီခြားစာအုပ်အဖြစ် ရေးသားထားကြောင်းလည်း သိရပါတယ်။ အခါအခွင့်သင့်တဲ့ အချိန်မျိုးမှာ အဲဒီစာအုပ်ကို ဖတ်မှတ်ရနိုင်ဖို့လည်း မျှော်လင့်ရပါတယ်။

    အဘဝိမလက မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဒုတိယအကြိမ် ရဟန်းမဝတ်မှီ အခုလိုသြဝါဒပေးတော်မူတယ်လို့ ဆိုပါတယ်။
အဘဝိမလ (ဝါ) ဘသန့်ရှင်း

    'သင်္ကန်းကွာ၊ ဘယ်ဆိုင်သွားဝယ်ဝယ် ပေါပါတယ်။ အဲဒီ သင်္ကန်းမင်း ပတ်ထားမှမဟုတ်၊ ဟောဟို ပိန္နဲပင်ကြီး ပတ်ထားလဲ ရတာပဲ' ဟူ၍ သာသနာ့  ဗိမာန်ကျောင်းရှေ့ရှိ  ပိန္နဲပင်ကြီးကို လက်ညှိုးတော်ညွှန်လျက်က သွန်သင်တော်မူခဲ့၏။ ဆက်လက်၍လည်း 'သင်္ကန်းပတ်ပေးတိုင်း ရဟန်းမဖြစ်ကွာ့၊ ရဟန်းတရားအားထုတ်မှသာ ရဟန်းဖြစ်တာပါ' ဟူ၍လည်း ထပ်ဆင့်သွန်သင် သေး၏။
    ထို့နောက် ဆက်လက်၍လည်း 'အသက်ရှင်တုန်း ဘုရားဟောသိက္ခာပုဒ် မသိကျိုးကျွံလုပ်ကာ လုပ်ချင်ရာ လျှောက်လုပ်နေပြီး သေတဲ့အခါမှရတဲ့ သံသာ ရဘိဇက သိက္ခာကာမ ဝိနယပါရဂူတစ်ဆူဖြစ်တော်မူသောဆိုတဲ့ဘွဲ့ မင်း မခံချင်စမ်းပါနဲ့ကွာ''ဟူ၍လည်း ထပ်ဆင့်၍ သတိပေးသေး၏။
    တစ်ဖန်ဆက်၍လည်း 'ဘဝနတ်ထံ ပျံလွန်တေ်ာမူခြင်းဆိုတဲ့စကား ရဟန်းလှေး၊ ရဟန်းပျက်များအတွက် ထားခဲ့တဲ့စကား မဟုတ်ကြဘူး။ ရဟန်းကောင်း ရဟန်းမြတ်များအတွက် ထားခဲ့တဲ့စကား'ဟူ၍လည်း ထပ်မံ၍ သတိပေးသေး၏။ နောက်ဆုံး
    'မင်း ၊ ရဟန်းအဖြစ်အမည်ခံပြီးရင် ရဟန်းလိုကျင့်ပါ။ သေတဲ့အခါ ဘွဲ့နှင့်မသာ လိုက်ဖက်ပါအောင်လည်း ကြိုးစားပါ'
    ဤသို့လျှင် တစ်တစ်ခွခွ လှစ်ဟထားသော စကားများ ငါ့နားထဲဝင် ရောက်လာတော့၏'
    (ဥလ္လမ္ပတုဘိက္ခုဘာဝကထာ၊စာ-၅၅)
    မဟာဗောဓိမြိုင် ဆရာတော်ကြီးဟာ ဆရာဆိုတာနဲ့ပတ်သက်ပြီး အခုလို  ရေးသားဆုံးမတော်မူခဲ့ဖူးပါတယ်။
    'ဆရာမှားလျှင် တစ်ကမ္ဘာ၊ တပည့်မှားသော် တစ်ဘဝတဲ့။ ဆရာအရွေးမှားလျှင် သားတို့ဘဝ လူဖြစ်ရကြိုးနပ်မှာမဟုတ်တော့ဘူး။ လေ့လာလိုက တွေ့သမျှ ဆရာလေ့လာပါ။ တပည့်ခံတော့မည်ဆို ဆရာကောင်းကို ရွေးချယ်ပါ။ ဆရာကောင်းမှာ နည်းကောင်း ရှိလို့ ကောင်းလာတာ၊ သူ့နည်းကောင်းရမှ ကိုယ်ကောင်းဖြစ်မှာ။ နည်းကောင်းရှိဆရာမှာလည်း နည်းကောင်းပြီး ဉာဏ်ကောင်းရှိဦးမှ။ နည်းကောင်းနောက် ဉာဏ် ကောင်းမထောက်ပြန်လျှင်လည်း ကောင်းတစ်ဝက်ဆိုးတစ်ခြမ်းပါလာတတ်တယ်။' (၁၉၉၄ ပထမအကြိမ်ထုတ်၊ မင်္ဂလာဓရဏကထာ၊ စာ ၁၃၁)
    အဲဒီသြဝါဒဟာ ဘဝထဲရင်းပြီး ရထားတဲ့အသိနဲ့၊ ပညာအပြည့်နဲ့နှလုံးသားက မေတ္တာရည်လျက် လမ်းညွှန်တော်မူခဲ့ခြင်းဖြစ်ကြောင်းကို မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဘဝထိုထိုကို လေ့လာသိမြင်ခွင့်ရရှိတဲ့အချိန်မှာ သေသေချာချာ သိလာရပါတယ်။
    ပညာရှိသူတော်ကောင်းကြီးများရဲ့ အဆုံးအမဟာ တန်ဖိုးထားဖွယ်တွေ ချည်းဆိုတဲ့အသိကိုလည်း မဟာဗောဓိမြိုင်ဆရာတော်ကြီးနဲ့ အဘဝိမလတို့ရဲ့ ဆက်နွှယ်မှုကနေတစ်ဆင့် ရရှိပါတယ်။ ဒါ့အပြင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ သြဝါဒတစ်ခုဖြစ်တဲ့ 'သူတော်ကောင်းတို့ ပြောသောစကား ကောင်းပါပေသည် သဘောကျပြီး ထိုပြောစကားအတိုင်း မလိုက်နာချေလျှင် သူတစ်ပါး ပါးစပ်ဖျား အနားယူနေသူ ခရီးသည်သာတည်း။ သူ့အိမ်သွားအနားယူနေသူသည် ကိုယ့် အိမ်မဟုတ်လေရကား ခရီးမဆုံးသေးကြောင်း ကောင်းကောင်းကြီး သဘောပေါက်ပါလေ။'ဟူသော အဆုံးအမကိုလည်း အထူးအလေးအနက်ထား ဆင်ခြင်မိပြီး ဆရာတော်ကြီးရဲ့ အကျင့်နဲ့အသိကို မှန်းမျှော်ရင်း ကြည်ညို ဦးခိုက်မိပါကြောင်း။    ။

 ငြိမ်းချမ်းသာ
၂၅-၁ဝ-၂ဝ၁၉

ရည်ညွှန်းကိုးကား/-
၁။ ဘဝကန္တာရသင်္ကေတကထာ
၂။ သံဝေဂ ပဋိသံယုတ္တကထာ
၃။ ဥလ္လမ္ပတုဘိက္ခုဘာဝကထာ
၄။ မင်္ဂလာဓရဏကထာ


   
   
   

Friday, October 25, 2019

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနှင့် ပုပ်ရဟန်းမင်းကြီး (သို့မဟုတ်) ဝိညာဉ်ချဉ်နှင့် မီးပူဇော်လိုသူတို့အတွက် ဗာတီကန်က ကန့်ကွက်စာ

 

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနှင့်
ပုပ်ရဟန်းမင်းကြီး (သို့မဟုတ်)
ဝိညာဉ်ချည်နှင့် မီးပူဇော်လိုသူတို့အတွက်
ဗာတီကန်က ကန့်ကွက်စာ


ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ကောဇာသက္ကရာဇ် ၁၃၄၁ ခုနှစ်က စပြီး တောရပ်မှီ တရားရှာမှီးတဲ့ ဝါနဝါသီရဟန်းဘဝနဲ့ နေထိုင်တော်မူခဲ့တာဖြစ်ပါတယ်။ သာစည်မြို့ ရွှေကျောင်းကုန်းတောင်၊ ဇင်းကျိုက်တောင်၊ မင်းတစ်ရာ့တစ်ပါးတောင်၊ ကျောက်ခမောက်ဂူ၊ ဖူးကြီး သံသူမာရတောင်၊  စစ်ကိုင်း အရှေ့ပရက္ကမချောင်၊ ပျဉ်းမနားလက်လုပ်တောင်တို့ မှာ ၁၄ နှစ်ကျော်သီတင်းသုံးအားထုတ်ခဲ့ပြီးနောက် ၁၃၅၅ ခုနှစ် တော်သတင်းလပြည့်ကျော် ၁ဝ ရက်နေ့မှာ တောင်ကြီး-ကျိုင်းတုံသွား ကားလမ်းဘေးရှိ သုဝဏ္ဏသျှမ်တောင်ကို ကြွရောက်တော်မူခဲ့ပါတယ်။


၁၃၅၅ ခုနှစ် သီတင်းကျွတ်လဆန်း ၆ ရက်နေ့ညမှာ 'တပည့်တော်တို့ ဆီကိုလည်း တစ်လှည့်သာသနာပြုပေးပါဦးဘုရား'လို့ ရှိခိုးဦးတိုက်လျှောက်ထားလျက်က သွားလမ်းများကိုလည်း ပီပြင်စွာပြသတဲ့ အိပ်မက်အရ သုဝဏ္ဏသျှမ်တောင်ကို လှမ်းတော်မူခဲ့ခြင်းဖြစ်ပါတယ်။

ဆရာတော်ကြီး သုဝဏ္ဏဏသျှမ်တောင်တော်ကို ရောက်ရှိပြီး ၂ လအကျော်မှာပဲ 'လားဟူဘုရားပွင့်တော့မည်၊ ဝိညာဉ်ချည်နှင့် မီးပူဇော်ရန် ပျားဖယောင်းများ     အဆင်သင့်ထားကြပါ' ဆိုတဲ့ တဘောင်စကားတွေဟာ ေဒသခံ ကလေးသူငယ်များအကြား တာစားနေတတ်ပြီး အဲဒီတဘောင်သီချင်းဟာ တောင်တန်းတစ် လျှောက် ပျံ့နှံ့နေခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ပေခြောက်ထောင်ကျော်မြင့်တဲ့ သုဝဏ္ဏသမျှ်တောင်စဉ်တောင်တန်းတစ်လျှောက်မှာ နတ်နဲ့ ဘာသာခြားကိုးကွယ်သူ လားဟူလီရှောတိုင်းရင်းသား အများစုအကြားမှာ ဘာသာစကား အခက်အခဲ၊ ရာသီဥတုအခက်အခဲ ..စတဲ့ အခက်အခဲများစွာနဲ့ တရားအားထုတ်တော်မူခဲ့ရပြီး လားဟူလီရှောတိုင်းရင်းသားများကိုလည်း အမှန်ကိုညွှန်ပြ ဆိုဆုံးမရင်း ဗုဒ္ဓရဲ့ မြတ်တရားရှိရာဆီကို ခေါ်ဆောင်ခဲ့ရပါတယ်။ ဆရာတော်ကြီးရဲ့ မဆုတ်မနစ် အားထုတ်သာသနာပြု တရားပြမှုဟာ ၂ နှစ်နီးပါး အကြာမှာတော့ အရာထင်လာခဲ့ပါတော့တယ်။  လားဟူ(၂၆)ရွာမှ ရွာလုံးကျွတ် လူအများက တောတွင်းတစ်နေရာမှာစုဝေးပြီး လားဟူဗုဒ္ဓဘာသာခံယူပွဲကြီးကို သုံးရက်တိုင်တိုင် ကျင်းပကြခဲ့တယ်လို့ သိရပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ အဲဒီလို ဗုဒ္ဓဘာသာခံယူကြတာကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၃၅၇ ခုနှစ် တပေါင်းလပြည့်နေမှာ လားဟူလီရှော ဗုဒ္ဓဘာသာခံယူပွဲကြီးကို ခမ်းခမ်းနားနား ခမ်းခမ်းနားနား ကျင်းပပြုလုပ်ပေးတော်မူခဲ့ပါတယ်။
    အဲဒီပွဲကြီးနဲ့ပတ်သက်ပြီး-
    'လားဟူလီရှော ဗုဒ္ဓဘာသာခံယူပွဲကြီးက ကြီးကျယ်ခမ်းနားလှပါ၏။ ထိုနှင့်အတူ အခက်အခဲ အတားအဆီးများစွာနှင့်လည်း ရင်ဆိုင်ရ၏။
    အစက လူသုံးထောင်ကျော် ဆန္ဒပြုထားသော်လည်း တကယ်ကျ နှစ်ထောင်ကျော်မျှသာ လာရဲကြတော့၏။ အစက လားဟူရွာပေါင်း ၂၆ အထိ၊ ယခုလာသောအခါ လားဟူ ၂၂ သာ။ လီရှော ၄ ရွာနှင့်ပေါင်းမှ ၂၆ ရွာ။
    အချို့ရွာပြည်သူ့စစ်များက ရုံးထိုင်၊ တချို့ရွာ ပြည်သူ့စစ်များ လူဆင့်ခေါ် ထား၍။ တစ်ဖန် ပြည်သူ့စစ်အဖွဲ့ထဲမှာ ဗုဒ္ဓဘာသာခံယူထားသူများလည်း အထုတ်ခံကြရ၏' (ဘဝကန္တရသင်္ကေတကထာ-စာ၃၆၃) လို့ ဆရာတော်ကြီး က သူ့ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှာ မှတ်တမ်းတင်ထားတာတွေ့ရပါတယ်။

ဒီနေရာမှာ လားဟူလီရှောတိုင်းရင်းသားတွေ ဗုဒ္ဓဘာသာခံယူပွဲ ဘာကြောင့်မလာရဲတော့သလဲ၊ ပြည်သူ့စစ်တွေ ဘာကြောင့် ရုံးထိုင်အစစ်ခံ၊ အထုတ်ခံရသလဲဆိုတဲ့မေးခွန်း မေးစရာရှိလာပါတယ်။

အဲဒီမေးခွန်းရဲ့အဖြေကို ဆရာတော်ကြီး ရေးသားတဲ့ အနာဂတ်တွင်ဖြစ်ပေါ်လာမည့် အလားအလာများ ဆိုတဲ့စာအုပ်မှာ -
    'ထို၌အုပ်ချုပ်သော အုပ်စုဥက္ကဋ္ဌ ပြည်သူ့စစ်ခေါင်းဆောင်ကား ကျိုင်းတုံ ခရစ်ယာန်ကျောင်းဆင်းလည်းဖြစ်၊ ခရစ်ယာန်အမျိုးသမီးနှင့်လည်း အပေးစား ခံထားရပြီးလည်းဖြစ်သော ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်နေချေတော့ရာ ...
    ဗုဒ္ဓဘာသာဝင်သွားသော လူငယ်များထံမှ လက်နက်များ သိမ်းယူသည်။ အရေးကြီးသော ရွာကြီးများ၌ တပ်ချပြီး ထားလိုက်သည်။ ရွာများရှိ ရွာသူ ရွာသားများကို အခြားအလုပ်များ လုပ်ခိုင်း ထားလိုက်ပြန်သေးသည်။ တစ်ဖန် တစ်ဖက်ကလည်း ကျိုင်းတုံဂိုဏ်းချုပ်ကြီးများ မိုင်းပျဉ်းနယ်၊ ကွန်ဟိန်းနယ်အတွင်းရှိ ခရစ်ယာန်ဘာသာဝင်များ မည်သူမျှမသွားရ အမိန့်ထုတ်သည်။ အီတလီ၊ ဗာတီကန်ရှိ ဌာနချုပ်သို့လည်း သတင်းပေးပို့ အစီရင်ခံသည်။
    သို့ကြောင့် အီတလီနိုင်ငံ ဗာတီကန်မြို့အခြေစိုက်၌ရှိသော ပုပ်ရဟန်းမင်းကြီးသည် မဟာဗောဓိမြိုင်ဘုန်းကြီးက ရှမ်းတောင်ပေါ်နေ အခြားအမျိုးနှင့် ဘာသာများကို ပစ္စည်းပေးဖြားယောင်းကာ သိမ်းသွင်းနေသည်ကို ကန့်ကွက်ကြောင်း နိုင်ငံတော်အကြီးအကဲ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ)ထံ ကန့်ကွက်လွှာ ပေးပို့ခံခဲ့ရသည်။ ထိုစဉ်က သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည်မျှရှိသော ငါတို့ ကား ကိုယ်ပင်အနိုင်နိုင်။
    ဤသို့ရေးပြသည်မှာ သူတို့ကျတော့ ကိုယ်ပိုင်ကိုယ့်တိုင်းပြည်ပမာ ဆန်ရှားဝင်ဆွဲ၊ ဆီရှားဝင်ဆွဲ ခွင်အမျိုးမျိုးရေးဆွဲကာ အတင့်ရဲနေကြပြီး ငါတို့ တိုင်းရင်းသားချင်ကျ မဆီမဆိုင် အီတလီမှ ဝင်ကိုင်ခြင်းဟူသော မျက်လုံးပြူး နားကားကြီးတို့၏ လုပ်ရပ်ပင်။'(အနာဂတ ဂမနာဂမ ကထာ၊ စာ၁၉၅) လို့ ရေးသားထားပါတယ်။



ဗုဒ္ဓဘာသာခံယူပွဲကြီးကျင်းပတဲ့ အချိန်ကာလနဲ့ မနီးမဝေးမှာ မြဝတီရုပ်သံက ထုတ်လွှင့်နေတဲ့ ဆရာတော်ကြီး တရားတစ်ပုဒ်ဟာ ဘာကြောင့်မှန်းမသိဘဲ တရားမဆုံးခင်မှာပဲ ဖြုတ်ချခံရတဲ့အကြောင်းကို ကျွန်တော်တို့ တစွန်းတစဆိုသလို ကြားခဲ့ရဖူးပါတယ်။ နောင်များမှ (အနာဂတ ဂမနာဂမ ကထာစာအုပ်ကိုဖတ်ရချိန်မှ)အဲဒီကိစ္စရဲ့ လက်သည်တရားခံဟာ ဗာတီကန်ဆိုတာကို သိခဲ့ရပါတယ်။

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ အခက်အခဲ အတိုက်အခံများလွန်းလှတဲ့ ဘဝကန္တရကို လားဟူလီရှော ဗုဒ္ဓဘာသာခံယူပွဲကြီးရဲ့ အဖြစ်အပျက်မှာ တွေ့မြင်ရပါတယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာသနာကို ဝိညာဉ်ချဉ်နှင့် မီးပူဇော်မယ့် လားဟူလီရှော တိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့အာသာကို  ပိတ်ပင်ဟန့်တားလိုကြသူများရဲ့ အတ္တနဲ့ လောဘဇောကိုလည်း ဒီအဖြစ်အပျက်မှာ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်နေပါစေ ...၊ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ သံလွင်မြစ်အနောက်ခြမ်းက သုဝဏ္ဏသျှမ်တောင်တန်းကို ဗုဒ္ဓဘာသာ ရွှေရောင်ဆီမီး ထိန်ထိန်ငြီးအောင် ထွန်းညှိပူဇော် အလင်းရောင်ပေးတော်မူနိုင်ခဲ့ကြောင်းပါဗျာ ...။



ငြိမ်းချမ်းသာ
၂၅-၁ဝ-၂ဝ၁၉


ရည်ညွှန်းကိုးကား/-
၁။ ဥလ္လမ္ပတုဘိက္ခုဘာဝကထာ (၂ဝ၁၅)၊ စတုတ္ထအကြိမ်
၂။ ဘဝကန္တာရသင်္ကေတကထာ(၂ဝ၁၂)
၃။ အနာဂတ ဂမနာဂမ ကထာ(၂ဝ၁၅)