သတိ၏ တာဝန်လေးချက်
အပ္ပမာဒေန သမ္ပာဒေထ ဆိုတာ
တစ်သက်လုံး သုံးမကုန်တဲ့ သတိတစ်လုံးကို ဓမ္မအမွေအဖြစ် ပေးခဲ့တာ။ သတိမှာ
တာဝန်လေးချက် ပါတယ်။ မမေ့... မလျော့.. မပေါ့... မဆ..တဲ့။
- ကိလေသာဆိုတာ တစ်ချက်မေ့လိုက်တာနဲ့ အဲဒီမေ့တဲ့အပေါက်ကနေ ထိုးဖောက်ဝင်ရောက်လာပြီး စိတ်စုစည်းမှုကို ဖြိုခွဲပစ်တတ်တယ်။ ဒါ့ကြောင့် မမေ့ခြင်းဖြင့် ခံစစ်လုံအောင် ကာကွယ်တည်ဆောက်ရမယ်။
- မလျော့ခြင်းဖြင့် ကိလေသာအပေါ် ထိုးစစ်ဆင်ရမယ်။ ကိုယ့်မှာရှိနေတဲ့ ကိလေသာအဟောင်းကိုလည်း ချေမှုန်း, နောက်တိုးကိလေသာအသစ်တွေလည်း ခြေကုပ်မယူနိုင်အောင် ထိုးစစ်ဆင်။
- မပေါ့ခြင်းဖြင့် ကိလေသာအပေါ် အမြဲကြောင့်ကြစိုက်တဲ့ ဝီရိယရှိဖို့ လိုတယ်။ ကိလေသာဆိုတာ မြေပွေးလိုပဲ.. မွေးကင်းစကတည်းက အဆိပ်ပါပြီးသား။ ဒါ့ကြောင့် ပေါ့လို့ မဖြစ်ဘူး။ ဒီနေရာမှာ ခြင်္သေ့မင်းတို့ရဲ့ ဝီရိယမျိုး မွေးယူရမယ်.. သားကောင်ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ တူညီသော လုံ့လဝီရိယထားပြီး ဖမ်းယူလေ့ရှိတဲ့ ခြင်္သေ့မင်းရဲ့ ဝီရိယမျိုးကို ကိလေသာ အသေသတ်ရာမှာ အသုံးပြုပါ။
- မဆ ဆိုတာ ချိန်ဆ မနေနဲ့၊ အချိန်ဆွဲ မနေနဲ့တဲ့။ ထမင်းစားချိန်မို့ ရေချိုးတုန်းမို့ဆိုပြီး ချိန်ဆနေယင် ကိလေသာဝင်မှာပဲ။ ဒီတော့ အချိန်မရွေး နေရာမရွေး အလုပ်မရွေးဘဲ အမှတ်သတိ အမြဲရှိကြပါ။
အဲဒီလို သတိရဲ့ တာဝန်လေးချက် ထမ်းရွက်လာနိုင်ပြီဆိုယင် တရားရှင်စစ်စစ် ဖြစ်လာပါလိမ့်မယ်။
မဟာဗောဓိမြိုင် ဆရာတော်ကြီး
Crd-အရှင်ခေမိန္ဒ

No comments:
Post a Comment