Monday, January 27, 2020

စာပေ၌တွေ့ရသော အယူအဆထူးများ(၄) ❝ရတနာ၏ ယတြာ မည်သည့်အရာမျှ မတုယှဉ်သာ❞

 

■ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏

စာပေ၌တွေ့ရသော အယူအဆထူးများ(၄)

❝ရတနာ၏ ယတြာ မည်သည့်အရာမျှ မတုယှဉ်သာ❞

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ကျမ်းစာအုပ်များစွာ ရှိတဲ့အထဲမှာမှ ၂ဝ၁၂ ခုနှစ်က ထုတ်ဝေခဲ့တဲ့ 'နံနက်ခင်းမှာ ရှင်းစရာ (ပုဗ္ဗဏှ ဘာဏက ကထာ) ဆိုတဲ့ ကျမ်းစာအုပ်ဟာ ထူးခြားလှပါတယ်။
အဲဒီကျမ်းစာအုပ်နဲ့ပတ်သက်ပြီး ဆရာတော်ကြီးက ... 'မိုးသောက်ကာလ ရောက်ကာနီးတဲတဲ အလိုမျှဖြစ်သော ည၏နောက်ဆုံးယံ၏အဆုံး နံနက် လေးနာရီခန့်တွင် ပုဗ္ဗဏှပရိတ်တော်ရွတ်ဖတ်ရခြင်းအကြောင်းကို ဖွင့်ပြရာ စာစု ဖြစ်၏' (နံနက်ခင်းရှင်းစရာ၊ စာ-၆) လို့ရေးသားထားပါတယ်။
ဖွင့်ပြရခြင်း၏ရည်ရွက်ချက်ကတော့
(၁) အိပ်တဲ့အခါ အိပ်မက်ဆိုးတွေမြင် မက်ရင်
(၂) ငှက်ဆိုးထိုးသံတွေ ကြားရင်
(၃) ဥက္ကာပျံတော်လဲသံတွေကြားရရင် ...အဲဒီလို နိမိတ်ဆိုးတွေကို အာရုံပြုပြီး ပုဗ္ဗဏှသုတ်ရွတ်ကြဖို့ ဖြစ်တယ် လို့ဆိုပါတယ်။
အဲဒီလိုရွတ်ခြင်းအားဖြင့် ...'ထိုမကောင်းသောနိမိတ်ကို ဤဗုဒ္ဓနိမိတ်တို့ ဖြင့် တန်ပြန်ပြီး လင်းချိန်အလုပ်ဆင်းပါလျှင် ကုန်းပေါ် တုန်းကျော်ပြီးသားဖြစ် ရန် မလွဲပြီ။
ဓာတ်ရိတ် ဓာတ်ခင်းတို့တွင် ဗုဒ္ဓဓာတ် ဓမ္မဓာတ် သံဃဓာတ်တို့ဖြင့် စီ ရင်ထားသော ဤ 'ပုဗ္ဗဏသုတ်'ကား အထက်၏ အထက်ဆုံးတည်း။
ယတြာအားလုံးတို့တွင်လည်း ဗုဒ္ဓယတြာ ဓမ္မယတြာ သံဃာ့ယတြာတို့ ဖြင့်ချေပထားသော ဤ'ပုဗ္ဗဏသုတ်'ကား အစွမ်းထက်ဆုံးတည်း' လို့ မဟာ ဗောဓိမြိုင်ဆရာတော်ကြီးက ရေးသားထားပါတယ်။
■ ဝနဝါသီဆရာတော်ကြီးရဲ့ ဓာတ်စကား၊ ယတြာစကား
ဒီစာစုမှာတော့ 'ပုဗ္ဗဏသုတ်'နဲ့ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေထက် ဓာတ်နဲ့ ယတြာတွေအကြောင်းကို အကျဉ်းအားဖြင့်ပြောမှာဖြစ်ပါတယ်။ အဲဒီလိုပြောတဲ့ နေရာမှာလည်း ဆရာတော်ကြီးဖွင့်ဆို ရှင်းပြချက်များကိုပဲ အဓိကထား ပြောမှာ ဖြစ်ပါတယ်။ 'ပုဗ္ဗဏသုတ်'နဲ့ပတ်သက်ပြီး ဆရာတော်ကြီးရဲ့ ဖွင့်ဆိုချက် အကျယ်ကို သိလိုပါက 'နံနက်ခင်းမှာရှင်းစရာ' စာအုပ်မှာ ဖတ်မှတ်နိုင်ပါတယ်။
ဓာတ်၊ ယတြာတွေအကြောင်း ပြောနေတာဖြစ်တဲ့အတွက် မဟာဗောဓိမြိုင် ဆရာတော်ကြီးရဲ့ ဘဝဖြတ်သန်းမှုကိုလည်း ဒီနေရာမှာ ဖော်ပြချင်ပါတယ်။
'ငါသည် လူ့ဘဝက သမထအလုပ်ဖြင့် စခဲ့၏။ ဘိုးမင်းခေါင်ဦးဆောင် သော သံခမောက်ဆောင်းလေးယောက်ကောင်းများနှင့် ဆက်မိ၏။ ဤ၌ လေးယောက်ဆိုသည်မှာ ရာကျော်၊ ရက်ကန်းစင်တောင်၊ ဘိုးမင်းခေါင်နှင့် ဘိုးဘိုးအောင်တို့ ဖြစ်ကြသည်။
ထိုလေးယောက်တွင် ...
လူ့ဘဝတစ်လျှောက် ဘိုးမင်းခေါင်က အနီးကပ် စောင့်ရှောက်ပေး၏။
ရဟန်းဘဝတစ်လျှောက် ရက်ကန်းစင်တောင်က အရေးပေါ် စောင့်ရှောက် ပေး၏။
သို့သော် ငါသည် ဘာဂိုဏ်းမှ မဝင်။ ဘာဂိုဏ်းစင်မှ မတက်ခဲ့။ ဂုဏ်တော် မေတ္တာပွား၍ ငါ့စိတ်ငါ့အနားထားရန် အားထုတ်ခြင်းမျှသာ။
တစ်ဖန် သံခမောက်ဆောင်းဆိုသည့် စေတီတော်များ ပြုပြင်ခြင်း၊ အသစ်တည်ခြင်း၊ ထီးတင်ခြင်းဖြင့် သာသနာပြုစုခြင်း၏ အတွင်းစကား။
သည့်နောက် လူ့ဘဝနှင့်ပင် အဘဝိမလထံမှောက် ရောက်ရှိလာသောအခါ အဘ၏ ကပ္ပိယကာရကအဖြစ်ဖြင့် အဘသွားရာလိုက်ပါရ၏။ အဘခိုင်းစေရာ လုပ်ပေးရ၏။ သုံးနှစ်မျှကြာ၏။ သုံးနှစ်ပြည့်မြောက် ထိုသည့်နောက်တွင် ထိုအဘသည် ငါ့အား မဟစည်ရိပ်သာသို့ စခန်းဝင်ရန် မိန့်တော့သည်။ တစ် ကြိမ်နှင့်မသွား ..၊ နှစ်ကြိမ်။ နှစ်ကြိမ်နှင့်မသွား..၊ သုံးကြိမ်။ သည်သို့ သုံးကြိမ်တိုင်တိုင် တိုက်တွန်းလေမှ ငါတို့ သွားဖြစ်ခဲ့ရပါသည်။
မဟာစည်သည် ဝိပဿနာယဉ်ဖြင့် နိဗ္ဗာန်သို့တင်ပို့ပေးနေသည့်စခန်း။
မဟာစည်သည် စာတွေ့နှင့် လက်တွေ့ညှိ၍ အရှိအရှိအတိုင်း မြင်သိစေ သည့်စခန်း။
စည်းကမ်းလည်းကြီး၊ နည်းလမ်းလည်းမှန် အသင်အညွှန်းကလည်း ကျွမ်း ကျင်ပြန်သော ထိုမဟာစည်မှပင် နိဗ္ဗာန်သွားလမ်း ငါတို့မျက်မှန်းတန်းမိခဲ့ရာ ယနေ့တိုင် ထိုလမ်းပေါ်မှ တစ်ဖဝါးမှဖဲ့မနင်းပါ' လို့ 'အသွားမတော်တစ်လှမ်း [လေခက္ခန္ဓကထာ]' မှာ ဆရာတော်ကြီးကိုယ်တော်တိုင် ရှင်းလင်းရေးသားခဲ့ တာကိုတွေ့ရပါတယ်။
ဒီလောက်ဆိုလျှင် တောရပ်မှီ တရားရှာဖွေတဲ့ ဆရာတော်ကြီးက ဘာ ကြောင့် ဓာတ်စကား ယတြာစကားပြောနေသလဲဆိုတာကို ဆဝါး မိလောက် ပြီလို့ ယုံကြည်ပါတယ်။
■ အင်္ဂလိပ်-မြန်မာ အပြန်အလှန်ဆင်ခဲ့ကြတဲ့ ဓာတ်ဆင်ယတြာ
ဓာတ်ရိုက်၊ ယတြာချေထုံးရဲ့ ဦးတည်ချက်ဟာ ဓာတ်တွေကိုရိုက်နှိုးပြီး ကိုယ်ကျိုးအပြုခိုင်းခြင်းနဲ့ ကိုယ့်ဆီဦးတည်လာနေတဲ့ ဓာတ်ဆိုးဒဏ်ကို ခုခံချေ ပပစ်ခြင်းဖြစ်တယ်လို့ ဆရာတော်ကြီးက ဆိုပါတယ်။
ဒါ့အပြင် ဓာတ်ရိုက်၊ ဓာတ်ဆင်၊ ယတြာချေထုံးကို မြန်မာလူမျိုးသာ သုံးကြသည်မဟုတ် လူမျိုးတိုင်းသုံးကြတယ်လို့ ဆိုပါတယ်။
မြန်မာပြည်ကြီး အင်္ဂလိပ်လက်အောက်ကျရောက်ပြီးစအချိန်မှာ ဇာတ် မင်းသားဖိုးစိန်ကြီးကို ဘုရင်အဖြစ် နန်းစည်းစိမ် ၇ ရက်ပေးခဲ့တာရှိခဲ့ဖူးတယ် လို့ သိရပါတယ်။ သီပေါမင်းဟာ ကုန်းဘောင်ခေတ်ရဲ့ ၁ဝ ဆက်မြောက် မင်းဖြစ်ပြီး တဘောင်ကိန်းများအရ ကုန်းဘောင်မင်းဆက် ၁၁ ဆက်ရှိတာကို ချေပခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
'တစ်ဖန်မင်းကိုသာ ချေသာပြီး၊ ခေတ်ကုန်းဘောင်ကား ထီးထီးကြီး ကျန်ရှိနေသေးရာ ... ယင်းခေတ် ကုန်းဘောင်ကိုလည်း အင်္ဂလိပ်တို့ပိုင် ဧ ရာဝတီသင်္ဘောတိုင်းဝယ်၊ သင်္ဘောဆင်း၊ ကမ်းကုန်းတက်ပြုလုပ်စရာ ပျဉ်ချပ်ကြီးနှစ်ခုပါရှိမြဲဖြစ်ရာ ယင်းကို ကုန်းဘောင်အမည် ပေးလိုက်ကြသည်။ သည့် နောက် သင်္ဘောများ မြို့ရွာဆိပ်ကမ်းများသို့ ကပ်ရောက်ချိန် 'ကုန်းဘောင်ထိုး' ဤသို့ အရာရှိက အမိန့်ပေး(အမိန့်တော်ပြန်)ပြီးမှ ထိုပျဉ်ချပ်ကြီးနှစ်ခု သင်္ဘောမှနေ ကမ်းဆီသို့ တင်ပေးကြရပါသည်။
တစ်ဖန်ထိုသင်္ဘောများ ထိုမြို့ရွာဆိပ်ကမ်းတို့မှ ခွာလိုသောအခါတွင်လည်း 'ကုန်းဘောင်ချ'၊ ဤသို့ အရာရှိက အမိန့်ပေးပြီးမှသာ ထိုပျဉ်ချပ်ကြီးနှစ်ခု ကမ်းမှ သင်္ဘောသို့ ပြန်နုတ်ပေးကြရပါသည်။
ဤနည်းဖြင့်ပင် ကုန်းဘောင်ခေတ်ကို ပျဉ်ချပ်ကြီးနှစ်ချပ်ဖြင့် ထိုးချေပစ် လိုက်ကြပါသည်' (နံနက်ခင်းမှာရှင်းစရာ၊ စာ-၁၁၇) လို့ ဆရာတော်ကြီးက အနောက်တိုင်းသားများရဲ့ ယတြာကို ရေးသားဖော်ပြထားပါတယ်။
(ကုန်းဘောင်မင်းဆက်ကို 'အလောင်းဘုရား မှ သီပေါမင်း'အထိ ၁၁ ဆက်ဟု ဆိုကြပြီး အချို့ကမူ ၁၁၄၃ ခုနှစ်တွင် နန်းတက်ခဲ့ပြီး ၇ ရက်မျှသာ နန်းစည်းစိမ်ခံခဲ့ရသည့် 'ဖောင်းကားစားမောင်မောင်'ကို ထည့်မတွက်ဘဲ သီပေါမင်းအထိ ၁ဝ ဆက်ဟုလည်း ယူကြသည်များလည်းရှိသည်။
'သစ္စာအကျင့်မှန် ကုသလံသစ္စံ တမံအစောင့်ထား မုဆိုးတစ်ဆယ့်ငါး' ဆိုသည့် တဘောင်အရ ကုန်းဘောင်မင်းဆက် ၁၅ ဆက်ရှိမည်ဟု ဆိုကြ သည်များလည်းရှိသည်။ ယခုစာစုတွင်မူ မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ 'နံနက်ခင်းမှာ ရှင်းစရာ'စာအုပ်ပါမူအတိုင်း သီပေါမင်းထိ ကုန်းဘောင်မင်း ဆက် ၁ဝ ဆက်၊ ကုန်းဘောင်မင်းဆက် ၁၁ ဆက်ရှိမည်တဘောင်ကိန်းများက ဆိုသည် ဟုသာ ဖော်ပြခြင်းဖြစ်ပါသည်။)
အင်္ဂလိပ်နယ်ချဲ့တွေဟာ ကုန်းဘောင်ခေတ်ကို ယတြာနဲ့ချေဖျက်တာအပြင် ငွေစက္ကူတွေကို ယတြာဓာတ်ရိုက်အဖြစ်သုံးပြီးလည်း မြန်မာနိုင်ငံကို နှစ်ကာလ ရှည်ကြာအောင် အုပ်ချုပ်ဖို့အတွက် လုပ်ဆောင်ခဲ့တာလည်း ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
'နောက်တစ်ခုမှာ အင်္ဂလိပ်လူမျိုးများ ဤနိုင်ငံကို အုပ်ချုပ်ခွင့်ရမည်မှာ နှစ်အနည်းငယ်မျှ(ခြောက်နှစ်ခန့်ထင်၏)ရမည့် ကိန်းပင်ဖြစ်ပါသည်။ ယင်းကိုလည်း ဂျော့၊ ဝေလ ရုပ်ပုံပါငွေစက္ကူများရိုက်နှိပ်ကာ တစ်ပြည်လုံး အသုံးပြု စေပါသည်။ ရာတန်၊ ငါးဆယ်တန်များအထိ ဖြစ်ပါသည်။ သို့ကြောင့် အင်္ဂလိပ် များ ဤ၌ နှစ်တရာအထိ သက်ဆိုးရှည်သွားကြပါသည်'(နံနက်ခင်းမှာ ရှင်းစရာ၊ စာ-၁၁၇) လို့ ဆရာတော်ကြီးက ရေးသားထားပါတယ်။
အင်္ဂလိပ်တွေရဲ့ ယတြာဓာတ်ရိုက်ကို မြန်မာတို့ဘက်က ပြန်လည်ချေပ ခဲ့တာတွေလည်းရှိတယ်လို့ဆိုပါတယ်။
အဲဒါတွေကတော့ 'မင်းသားဖိုးစိန်ကြီး ဇာတ်ထဲက လူရွှင်တော်အောင်မောင်း
ကြီးကို တစ်စင်ထောင်ကာ တစ်ဇာတ်ဖွဲ့စေကာ ကပြကြစေပါသည်။ ထိုစဉ် မင်္ဂလာအောင်မောင်းကြီး၏ ဇာတ်အဖွဲ့ထဲမှာ ဓာတ်ပိုင်ပုဂ္ဂိုလ်ကြီးနှစ်ဦး သာမန်လူသားအဖြစ်ဖြင့် လိုက်ပါကာ ဝါးလက်ခုပ်တီးပေးသောနေရာမှနေ အားပေးခဲ့ကြောင်း သိရပါသည်။ ယင်းမှာ အောင်မောင်းဆိုသည်က အောင်မြင်စွာ မောင်းထုတ်ပစ်ခြင်းပါ။ ဝါးလက်ခုပ်တီးပေးသည်က နောက်ခံအားပေးခြင်းကိစ္စပါ' (နံနက်ခင်းမှာ ရှင်း စရာ၊ စာ-၁၁၈)
'တစ်ဖန် အင်္ဂလိပ်တို့ မြန်မာပြည် တစ်ပြည်လုံး ဖြန့်သုံးစေသော ငွေများ ကိုလည်း ဓာတ်ပိုင် လူသူတော်ကြီးတစ်ဦးစေလွှတ်ကာ မုံရွာတစ်ဖက်ကမ်းရှိ ပုလဲနယ် ဖိုဝင်တောင်ပေါ်တွင် မီးရှို့ဖျက်ဆီးပစ်စေခဲ့ပါသည်။ ယင်းမှာ ... အင်္ဂလိပ်တို့ အကွက်ရိုက်ထားသည်ကို တန်ပြန် ယတြာချေပစ်ခြင်းဖြစ်ပါသည်' (နံနက်ခင်းမှာ ရှင်း စရာ၊ စာ-၁၂ဝ)
မြန်မာတွေရဲ့က ဓာတ်ယတြာချေတယ်၊ ဘာကြောင့် မအောင်မြင်လဲ ဆိုရင် အင်္ဂလိပ်ရဲ့ ဓာတ်ယတြာတွေ ခုခံနေတဲ့အတွက်ကြောင့်ဖြစ်ပြီး အင်္ဂလိပ်တွေ ဘက်ကလည်း ဓာတ်ယတြာဆင်တယ်၊ ဘာကြောင့် ကြာကြာမခံလဲဆိုရင် မြန်မာတွေရဲ့ ဓာတ်ယတြာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

■နိမိတ်ဆိုးကို ပရိတ်တန်ခိုးနဲ့ ချေပမယ်
ဓာတ်ရိတ် ဓာတ်ခင်းတွေမှာ ဗုဒ္ဓဓာတ် ဓမ္မဓာတ် သံဃဓာတ်တို့ဖြင့် စီ ရင်ထားတဲ့ 'ပုဗ္ဗဏသုတ်'ကား အထက်၏ အထက်ဆုံးလို့ ဆရာတော်ကြီးက ရေးသားခဲ့ကြောင်း အထက်မှာ ဆိုခဲ့ပြီးပါပြီ။
ပရိတ်နဲ့ပတ်သက်တဲ့ ဆရာတော်ကြီးရဲ့ ဖွင့်ဆိုရှင်းပြချက်ကို တင်ပြချင် ပါတယ်။
'ပရိတ်သည် အရံအတား။
သို့ကြောင့် ဓာတ်ရိုက်၊ ယတြာတို့နှင့်အလား ဆင်၏။ ဓာတ်ရိုက်ခြင်းကား မိမိအတွက် အရံအင်အား။ ယတြာချေခြင်းကား တစ်ဖက်ကိုတား ခုခံချေပခြင်း များ။
ဤပရိတ်တော်များ၌လည်း ...
(က) မိမိအတွက် တစ်ဖက်တားဆီး ခုခံချေပနည်းများလည်းပါ၏။
(ခ) မိမိအတွက် တစ်ဖက်သို့ ဓာတ်ရိုက်နည်းများလည်းပါ၏။
(ဂ) မိမိအတွက် တားလည်းတား ဓာတ်ရိုက်ကစားနည်းများလည်းပါ၏။
ထိုစဉ် ...
(က) ရတနာ့သုတ်၊ မောရသုတ်၊ ဝဋ္ဋသုတ်၊ ဓဇဂ္ဂသုတ်၊ အာဋာနာဋိယ သုတ်၊ အဂုၤလိမာလသုတ်၊ ပုဗ္ဗဏသုတ် ဤခုနှစ်သုတ်တို့သည် ခုခံချေပ အတားပြသော သုတ်များဖြစ်ပါသည်။
(ခ) မေတ္တသုတ်၊ ခန္ဓသုတ် ထိုနှစ်သုတ်ကား မေတ္တာဖြင့် ဓာတ်ရိုက်၍ မိမိအတွက် အရံအင်အားဖြစ်လာစေသော သုတ်များဖြစ်ကြပါသည်။
(ဂ) မင်္ဂလသုတ်၊ ဗောဇ္ဈင်္ဂသုတ် ထိုနှစ်သုတ်ကား အတားဆိုလည်းဟုတ် အရံအင်အားဆိုလည်း ဟုတ်တေသော သုတ်များပင်' (နံနက်ခင်း မှာရှင်းစရာ၊ စာ-၁ဝ၂)လို့ ဆရာတော်ကြီးက ဖွင့်ဆိုရှင်းပြထားပါတယ်။
ပုဗ္ဗဏသုတ်ကို ရွတ်ဆိုရင်းက မကောင်းသောနိမိတ်ဆိုး၊ မကောင်းသော အိပ်မက်ဆိုး၊ မကောင်းသော ငှက်ဆိုးထိုးသံ ... စကတဲ့ မကောင်းတဲ့ အတိတ်နိမိတ်ဆိုးတွေကို ဗုဒ္ဓဓာတ်ယတြာနဲ့ ချေဖျက်ကျော်လွှားနိုင်ဖို့အတွက် လမ်းညွှန်ပေးရင်းကပဲ ဓာတ်အကြောင်း၊ ယတြာများအကြောင်းကို ဖွင့်ဆိုရှင်းပြ တော်မူခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
■ ရတနာ၏ ယတြာ မည်သည့်အရာမျှ မတုယှဉ်သာ
ယတြာကောင်းရင် မင်းလောင်းတောင် ပျောက်ရတယ်ဆိုတဲ့ စကားဟာ နေ့စဉ်ဘဝတွေထဲမှာ မကြာခဏဆိုသလို ကြားနေရတဲ့ စကားပဲဖြစ်ပါတယ်။ ဆရာတော်ကြီးကတော့ 'ယတြာကောင်းရင် မင်းလောင်းတောင် ကျေပျောက် ရ၏။ ယတြာကောင်း မင်းကောင်းလည်း ကျေပျောက်ရ၏' လို့ တစ်ဆင့်တက် ဖွင့်ဆိုပြတာကိုလည်းတွေ့ရပါတယ်။
ဓာတ်၊ ယတြာတွေနဲ့ပတ်သက်ပြီး ဆရာတော်ကြီးက .. 'သည်မျှ ဓာတ် ခိုင်လှသော ဓာတ်ယတြာများတွင် ပရိတ်တော်လာ ဗုဒ္ဓဓာတ်၊ ဓမ္မဓာတ်၊ သံဃာ့ဓာတ်တို့ဖြင့် တန်ပြန်ချေပခြင်း၊ မေတ္တာဓာတ်ဖြင့်
အခြေစိုက် ဓာတ်ရိုက်ခြင်းသည် အားလုံးထက် အစွာဆုံးတည်း။
အကြောင်းမှာ ဗုဒ္ဓအရင်းခံသော ရတနာ့ဓာတ်သက်များသည် ပါရမီတော် နောက်ခံအား ထုထည်ကြီးမားခြင်း၊ ညစ်ကြေးမတင် သန့်ပြန်စင်ကြယ်နေတော့ခြင်း၊ တိုးလျှင် ပြန်လှန် ခံလျှင် အပြီးချေဖျက်နိုင်ခြင်းများကြောင့်ပင်။
ဗုဒ္ဓဓာတ်အမှီရထားသော မေတ္တာဓာတ်သည်လည်း ရာဂ၊ ဒေါသများ ကင်းစင်နေသဖြင့် တစ်ဖက်မီး မိမိ၌ မကူးစက်နိုင်တော့ခြင်း၊ မိမိ၏ မေတ္တာ ဓာတ်ကြောင့်လည်း တစ်ဖက်ရှိ ရာဂမီး၊ ဒေါသမီး ငြိမ်ကျသွားတော့စေခြင်းများကြောင့်ပင်။
သို့ကြောင့် ပရိတ်တော်လာ ဤဓာတ်ရိုက် ယတြာချေနည်းများကို ရတနာ ကိုင်မည့် မိမိသည်
- သရဏဂုံတည် သီလ၌တည်နေပြီ၊
- ပါဠိအက္ခရာမဖျက် ရွတ်ဖတ်လျှက်ကရှိနေပြီ၊
- မိမိကိုယ်တိုင်ရွတ်ဖတ်နေသည့် ပါဠိတော်၏ အဓိပ္ပါယ်ကိုလည်း သိရှိနေပြီ၊
- မေတ္တာစိတ်လည်း ကိန်းတည်နေပြီ၊
ဤ 'ပြီလေးပြီ'အရင်းတည်ဖြင့် ရွတ်ပွားပါက မိမိ၌ တခြားသော ဓာတ် မလို၊ ယတြာမလိုတော့ပါ။ အခြားအခြားသော လောကီအစီအမံများလည်း ဘာမျှမလိုတော့ပါ။
ရတနာ၏ ယတြာသည် မည်သည့်အရာမျှ မတုယှဉ်သာသောကြောင့် တည်း။ မေတ္တာဓာတ်သက် မည်သည့်အရာကမျှ မသက်ဖြတ်ရဲသောကြောင့်တည်း။'(နံနက်ခင်းမှာရှင်းစရာ၊ စာ-၁၂၁) လို့ ရေးသားတော်မူခဲ့ပါတယ်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ စာပေတွေကို ဖတ်မှတ် ကြည်ညိုတဲ့အခါမှာ ထူးခြားဆန်းကြယ်မှုတွေနဲ့ သိမ်မွေ့နက်နဲမှုများစွာရှိတာကို တွေ့ရပါတယ်။ အခုဒီစာစုမှာဖော်ပြထားတဲ့ ပုဗ္ဗဏသုတ်ကို ဓာတ်ယတြာ ရှုထောင့်မှ ဖွင့်ဆိုပြတဲ့ဆိုတဲ့ဖွင့်ဆိုချက်နှင့် ဓာတ်အကြောင်း၊ ယတြာများ အ ကြောင်းများဟာ မဟာဗောဓိမြိုင်ဆရာတော်ကြီးရေးသားတဲ့ စာပေကျမ်းစာအုပ် များမှာတွေ့ရတဲ့ အယူအဆထူးများစွာထဲမှ တစ်ခုသာဖြစ်သည်ဟု မှတ်ယူ ယုံကြည်ပါကြောင်း ...။

ငြိမ်းချမ်းသာ
စာပြီးရက်စွဲ/- ၂၇-၁-၂ဝ၂ဝ
ရည်ညွှန်းကိုးကား/-
၁။ 'အသွားမတော်တစ်လှမ်း [လေခက္ခန္ဓကထာ]
၂။ နံနက်ခင်းမှာရှင်းစရာ

Facebook ပေါ်က အကုသိုလ်

 

Facebook ပေါ်က အကုသိုလ်


တချို့ အလကားနေရင်း ရန်လုပ်ကြတယ်။ အပြင်မှာ ရန်မလုပ်ရရင်
ဖေ့ဘွတ်ကနေ ရန်လုပ်တယ်။ အလကားနေရင်း ပွတ်ပြီးနှိပ်နေတာပဲ။
ပါးစပ်နဲ့မဆဲဘဲ ဖေ့စ်ဘွတ်မှာရေးပြီး ဆဲတာ။ ဘယ်သူ့ဆဲရမတုံး ဆဲလိုက်။ ဘယ်သူ့ အတင်းပြောရမတုံး ပြောလိုက်၊ အဲဒါတွေဟာ အကုသိုလ်တွေ ဖြစ်နေတာပဲ။

တကယ်တော့ ပါးစပ်နဲ့ဆဲရင် ဝစီကံ၊ ဝစီကံကို 'ဝစီဒွါရ' ပါးစပ်နဲ့ဖော်ဆောင်တာရှိသလို၊ 'ကာယဒွါရ' ကိုယ်အပြုအမူနဲ့ ဖော်ဆောင်တာလည်း ရှိတယ်။
ဥပမာ ပါးစပ်နဲ့ မဆဲဘူး။ ဖေ့စ်ဘွတ်မှာ ရေးဆဲတယ်။ အဲဒါ ကာယဒွါရ ဝစီကံ အကုသိုလ်။
ဝစီဒွါရ မုသာဝါဒ၊ ကာယဒွါရ မုသာဝါဒ။
ဝစီဒွါရ ဖရုဿ ဝါစာ၊ကာယဒွါရ ဖရုဿဝါစ။
ရဟန်းတွေမှာဆို ပါရာဇိကကျတဲ့အထိ ဖြစ်နိုင်တယ်။ သေခြင်းတရားကို ချီးမွမ်းပြီး စာရေးမယ်ဆိုရင် အဲဒါကို သဘောကျပြီး သေသွားရင် အပြစ်ဖြစ်တယ်။
'မရဏဝဏ္ဏံ ဝါ သံဝေဏ္ဏယျ'ဆိုတဲ့ အပိုဒ်ပါတယ်။
လိမ်ရာမှာလည်း အတူတူပဲ။ ပုံမှန်ပါးစပ်နဲ့ပြောပြီးလိမ်တာ 'ဝစီဒွါရ ဝစီကံ'။ စာရေးပြီး ဖေ့စ်ဘွတ်က လိမ်တာ 'ကာယဒွါရ ဝစီကံ'။ ဖော်ဆောင်တာကို ဒွါရ ခေါ်တယ်။ ကိုယ်ကာယနဲ့ ဖော်ဆောင်တယ်။ လက်ညှိုးကလေးနဲ့ တို့လိုက်ရင် အဲဒါ ဆဲရေးခြင်းကိစ္စ၊ လိမ်ခြင်းကိစ္စ အထမြောက်သွားတယ်။
လူတွေလမ်းလွဲအောင် မဟုတ်တာတွေ လျှောက်ရေးရင် ဒါဟာ သမမ္ဖပ္ပလာပဝါစာ။
စိတ်က ဖြောင့်မတ်မှန်ကန်မှုမရှိရင် စိတ်ကတွေးသမျှ၊ နှုတ်ကပြောသမျှ ကိုယ်က လုပ်သမျှ အကုသိုလ်ချည်းပဲ။ ဒီအကုသိုလ်ဘယ်သူ ခံရမလဲ။ လုပ်သူပဲခံရမှာ။
#Thuwannashan #ဓမ္မဒါန
#ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘဝခရီးနှင့် ဓမ္မဆီမီး၊ စာ ၅၁၀ မှ

❝တစ်ယောက်ကပျက် တစ်ရာဆက် မျိုးဖျက်ရောဂါကြီးပေလိမ့်❞



■ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏

စာပေ၌တွေ့ရသော အယူအဆထူးများ(၃)

❝တစ်ယောက်ကပျက် တစ်ရာဆက် မျိုးဖျက်ရောဂါကြီးပေလိမ့်❞

(၁)
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ထူခြားလှတဲ့ ဝိသေသလက္ခဏာတော်တွေထဲမှာ ' အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့် ရှောက်ခြင်း'ဆိုတဲ့ အကြောင်းအရာကလည်း တစ်ခုအပါဝင်ဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ တောရပ်မှီ တရားရှာမှီးတဲ့ ရဟန်းတော်ပီပီ စာပေများနဲ့ အမျိုး ဘာသာ သာသနာတော်ကို ကာကွယ်စောင့်ရှောက်တော်မူခဲ့ပါတယ်။ ၂ဝဝဝ ပြည့်နှစ် နိုဝင်ဘာလကထုတ်ဝေခဲ့တဲ့ 'ကဗျာဘဏ်တိုက်'စာအုပ်ရဲ့ မျက်နှာဖုံးမှာပင်လျှင် 'အမျိုး၊ ဘာသာနှင့် သာသနာတော်ကို ကာကွယ်စောင့်ရှောက်တတ် ဖို့' လို့ ရည်ညွှန်းရေးသားခဲ့တာကိုတွေ့ရပါတယ်။
ဆရာတော်ကြီးရေးသားခဲ့တဲ့ ကျမ်းစာအုပ်များမှာလည်း အမျိုး ဘာသာ သာသနာအရေး မျှော်တွေးလျက်က ရေးသားစီရင်ခဲ့တဲ့ ကျမ်းစာအုပ်များပါရှိတာကိုတွေ့ရပါတယ်။ အဲဒီစာအုပ်တွေကတော့ ၂ဝ၁၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ 'သွေးကပြောတဲ့ ဘာသာစကား(လောဟိုပ္ပတ္တိ ဝါဒကထာ)'၊ ၂ဝ၁၅ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ 'အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အလားအလာများ(အနာဂတ ဂမနာဂမ ကထာ)'၊ ၂ဝ၁၈ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ 'အမျိုး ဘာသာ သာသနာကို ဘယ်လို ကာကွယ်ကြမည်နည်း (သမ္မောဒနိယ ကထာ)' ဆိုတဲ့ စာအုပ်တွေပဲဖြစ်ပါတယ်။
ဆရာတော်ကြီးဟာ စာကဗျာများမှာ အမျိုး ဘာသာ သာသနာအကြောင်းအရာများကို ရေးသား ခဲ့သလိုပဲ မဟာမြိုင်တောကြီးအတွင်း သီတင်းသုံးနေထိုင်စဉ်အတွင်းမှာလည်း လာရောက်ဖူးမြော်ကြသူများကို အလျဉ်းသင့်သလို တရားတော်များ ချီးမြှင့်ရာ မှာ အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်တတ်ဖို့ တရားတော် များ ဟောကြားခဲ့တာကိုတွေ့ရပါတယ်။
၂ဝ၁ဝ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ ရွှေဘိုမြို့က ဒကာ၊ ဒကာများကို ဟောကြားခဲ့တဲ့ တရားတော်မှာ အမျိုး ဘာသာ သာသနာအရေး မျှော်တွေး လျှက်က ဆုံးမဟောကြားတော်မူခဲ့တာကို ဗီဒီယိုဖိုင်များကတစ်ဆင့် နာကြား ခဲ့ရဖူးပါတယ်။ ဆရာမောင်သွေးချွန် ရေးသားပူဇော်ခဲ့တဲ့ 'မဟာမြိုင်တောကြီး မှာ ဟောတော်မူသောတရားများ'စာအုပ်မှာလည်း အဲဒီတရားတော်ကို 'ကမ္ဘာ့ ရွာကြီးထဲမှာ အမျိုး ဘာသာ သာသနာ'ဆိုတဲ့ အမည်နဲ့ မှတ်တမ်းတင်ထားတာကိုတွေ့ရပါတယ်။
(၂)
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးက 'ဒီနေ့ခေတ်ကတော့ဗျာ၊ ဓလေ့တွေရောကုန်ပြီ။ အင်တာနက်ခေတ်ဆိုတာကိုးဗျ၊ ကမ္ဘာကြီးကလည်းရွာဖြစ် သွားပြီတဲ့၊ ကမ္ဘာ့ရွာဆိုတာကိုး၊ ကမ္ဘာရွာကြီးထဲ အရှေ့ အနောက် ဓလေ့တွေရော ကုန်ပြီ။ ဟိုက ထိုင်ရာမထ လွှတ်လိုက်တဲ့ ဓလေ့ဆန်းတွေက တန်းခနဲရောက် လာတာ၊ ဒီလိုခေတ်ကြီးထဲမှာ တို့လူဖြစ်ရမှာ၊ ငယ်သူတွေ သတိထားရတော့မယ်။ ဓလေ့ချင်း လူမျိုးချင်း အရောခံရတော့မယ်နော်။ ဘာသာချင်းပါအနှောခံရတော့မယ်။ သတိကြီးကြီးထားပြီး နေကြရတော့မယ်။
တို့ ရဟန်းဖြစ်စက ရွှေဘိုဝေဠုဝန် ကျောင်းမှာနေခဲ့တာကိုး။ အဲဒီမှာ လှူကြတန်းကြတဲ့ ဆွမ်းဟင်းတွေကို 'ဟင်းလေးအိုးကြီး'ဆိုပြီး ဟင်းပေါင်းလုပ် လိုက်ပါရောဗျ။ ကြက်ဝက်ငါး သရက်ချဉ်စသည်ဖြင့် အကုန်ရောထား ပေါင်း ထားလိုက်တာ၊ ကြက်ကလည်း ကြက်အရသာမထွက်တော့ဘူး၊ ဝက်လည်း ဒီလိုပဲ၊ ငါးလည်းအတူတူပဲ၊ ဘူးသီး၊ ဖရုံသီးတွေလည်း မထူးတော့ဘူး၊ ဟင်းလေးအိုးကြီးထဲမှာ ကိုယ်ပိုင်အရသာ သီးခြားအရသာရယ်လို့ ရှာမတွေ့တော့ဘူး။ အားလုံးရောကုန်ပြီ။
ဒီဟင်းလေးအိုးကြီးထဲမှာ ကြက်လည်း အရသာပျက် မကောင်းတော့ဘူး၊ ဝက်လည်း ဝက်အရသာပျက်မကောင်းတော့ဘူး။ အဲဒီတော့ ဟင်းလေးအိုး ကြီးထဲက 'အသား' မဖြစ်ကြစေနဲ့။ ဖြစ်ခြင်းဖြစ်ရင် 'ဆား'ပဲဖြစ်ကြပါစေ။ ကြက်ဝက်ဆိုတဲ့ အသားတွေ အရသာပျက်ပေမယ့် ဆားကတော့အရသာ မပျက်ဘူး။ ဆားက သူ့သတ္တိကို မစွန့်ဘူး။ ကြက်ဝက်ငါးဘူး ဖရုံသခွားတွေ ပေါင်းလိုက်ရောလိုက်တာနဲ့ အရသာပျက်သွားပေမယ့် ဆားကတော့ ငန်တဲ့အရသာ မပျက်ဘူးနော်။
အဲဒီတော့ ဒီနေ့ ကမ္ဘာ့ရွာကြီးဆိုပြီး ဓလေ့ပေါင်းစုံ ရောမွှေခံနေရချိန်မှာ ကိုယ့်လူမျိုးရဲ့ ဓလေ့၊ ကိုယ့်လူမျိုးရဲ့ သာသာ သာသနာဓလေ့ထုံးတမ်းစဉ်လာ ကောင်းတွေကို မစွန့်ကြပါနဲ့၊ အသားလို မကျင့်နဲ့ ဆားလိုကျင့်ရမယ့် အချိန်ပါ။ ကိုယ့်လူမျိုးရဲ့ သတ္တိကိုမစွန့်ပါနဲ့' (မောင်သွေးချွန်၊ မဟာမြိုင်တောကြီးမှာ ဟောတော်မူသော တရားများ၊ စာ-၆၅၊၆၆) လို့ ဆုံးမသြဝါဒပေးခဲ့တာကို လေးစား မြတ်နိုးစွာ နာကြားခဲ့ရဖူးပါတယ်။
(၃)
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ဝေါဟာရများကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့ ကျမ်းစာများကိုလည်းရေးသားတော်မူခဲ့ပါတယ်။ မျက်နှာဖုံး များကိုခွာချခြင်း၊ ဉာဏဒဿနကထာ၊ ဝေါဟာရနှင့်ဓမ္မအမြင်၊ တောသွား တစ်ဦး၏တောလားမှတ်စုများ ... စတဲ့စာအုပ်များဟာ စကားလုံးများ၊ ဝေါဟာရများကို ဓမ္မအမြင်နဲ့ရှုမြင်သုံးသပ် ဖွင့်ဆိုရေးသားတော်မူတဲ့ ကျမ်းစာအုပ်များပဲဖြစ်ပါတယ်။
၂ဝဝ၁ ခုနှစ် ဒီဇင်ဘာလက ဒုတိယအကြိမ် ထုတ်ဝေခဲ့တဲ့ 'ဉာဏဒဿန ကထာ'စာအုပ်မှာ 'အမျိုး ဘာသာ'ဆိုတဲ့စကားလုံးကို အဓိပ္ပါယ်ဖွင့်ဆိုရှင်းပြတော်မူတဲ့ စာတစ်ပုဒ်ပါဝင်ပါတယ်။ အဲဒီထဲမှာ 'မြန်မာနီးရှားနိုင်ငံ'ဆိုတဲ့ ထူးခြားတဲ့အသုံးတစ်ခုပါဝင်နေပြီး အဲဒီအသုံးဟာ ၂ဝ၁၇ ဧပြီလ ပထမပတ်မှာ ဆောင်းပါးရှင် Giulio Meotti ရေးသားခဲ့ပြီး လူအများစိတ်ဝင်တစားဖြစ်ကြတဲ့ 'လန်ဒန်နစ္စတန်'ဆိုတဲ့ စကားလုံးထက် ဆယ်စုနှစ်တစ်ခုစာ စောတာကိုလည်း သတိထားမိပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ၂ဝဝ၃ ခုနှစ် ဇွန်လက တတိယအကြိမ် ထုတ်ဝေခဲ့တဲ့ 'ကဝိဗ္ဓနကထာ' ဆိုတဲ့စာအုပ်မှလည်းပဲ အမျိုး ဘာသာ သာသနာ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ စာ၊ ကဗျာများကို ရေးဖွဲ့တော်မူခဲ့တာကို တွေ့ရ ပါတယ်။ 'ကဝိဗ္ဓနကထာ' စာအုပ်ထဲက ထိုမှနောက်သော ကဗျာကို အခုလို တွေ့ရပါတယ်။
'■ ထိုမှနောက်သော်
မျိုးဖျက်ခံထား သင့်ရင်ဖွား သင့်အားတော်လှန်မည်။
သင့်အိမ်ကနေ သင့်တိုင်းပြည် ခွဲဝေစိတ်ပိုင်း တောင်းပေလိမ့်။
မျိုးဘာသာရော တိုင်းပြည်ရော သဘောသူ့တိုင်း ထားရလိမ့်။
တစ်ယောက်ကပျက် တစ်ရာဆက် မျိုးဖျက်ရောဂါကြီးပေလိမ့်။
နက်ဖြန်မရွေ့ သည်ယနေ့ ဓလေ့မျိုးနွယ် ကွယ်ပလိမ့်။' (ကဝိဗန္ဓနကထာ၊ စာ-၁၄၉)
အဲဒီလို စာကဗျာများ ရေးသားတော်မူခဲ့တဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးက အမျိုး ဘာသာကိုလည်း ယခုလိုဖွင့်ဆိုပါတယ်။
'■ အမျိုး ဘာသာ
အမျိုးသည် ဇာတ်တူတို့အချင်းချင်း ပေါင်းသင်းမိတ်ဖက်မိရာမှ ပေါ်ထွန်းလာသော မျိုးဆက်တစ်မျိုးပင်ဖြစ်ချေ၏။
ဘာသာသည်လည်း အမြင်တူ၊ အကျင့်တူတို့ စုစည်းမိရာမှ ပေါ်ထွန်းလာသော ဝါဒရေးရာသစ် တစ်မျိုးပင်ဖြစ်ချေ၏။
ထိုအမျိုး၊ ထိုဘာသာသည် အမျိုးစောင့်မင်း၊ ဓမ္မဝါဒီမင်းတို့ စိုးမိုးအုပ်ချုပ် မင်းလုပ်သောကာလမျိုး၌ ထွန်းကားတတ်ပြီး
အကယ်တိတိ ... မျိုးမခင်တွယ်၊ ဘာသာကို ပစ်ပယ်တတ်သော အဓမ္မ ရာဇမင်းတို့ ကြီးစိုးသောကာလမျိုး၌ တိမ်ကောတတ်ချေ၏။ မှိန်တစ်ခါ လင်းတစ်လှည့်နှင့်လည်း အားမကုန်သေးက ရှိနေတတ်သေး၏။
ယနေ့ ငါတို့တိုင်းပြည်၌ တက်လာသမျှ မင်းတို့သည် အမျိုးနှင့် ဘာသာ ကို ချစ်မြတ်နိုးကြသည်။
ကမ္ဘာကြီး တိုးလျှိုပေါက်အောင် ဘာသာစကားဖြင့် သိမ်းသွင်းရာ၌လည်းကောင်း၊
ယဉ်ကျေးမှုဓလေ့ထုံးစံ ညှပ်ဖက်၍လည်းကောင်း၊
ရောနှောအမွှေအ နှောက်ခံခဲ့ရသော ဤခေတ်မျိုးကြီးထဲ၌ မင်းတစ်ဦးတည်းဖြင့်လည်း မလုံလောက်တန်ရာပြီ။ ဝံသာနုရက္ခိတတရားလက်ကိုင်ထားသော တစ်ဦးကောင်း တစ်ယောက်ကောင်းမျှဖြင့်လည်း မလုံလောက်တန်ရာပြီ။
အမျိုးသားတိုင်း တာဝန်ရှိ၍ အမျိုးသမီးတိုင်း စောင့်စည်းနိုင်ပါမှ တန်ရုံ ကျနိုင်သော အချိန်မျိုးပင် ဖြစ်ချေ၏။
စာသင်ကျောင်းတိုက်၌ လူမျိုးစုံအားဖြင့်လည်းကောင်း၊ ဘာသာစုံအား ဖြင့်လည်းကောင်း၊ ဖိုမစုံအားဖြင့်လည်းကောင်း ညှပ်ပူးညှပ်ပိတ်ပြွတ်သိပ်ကာ ရောမွှေလျက်က လက်သွက်သူဖျက်စတမ်း ဝိုင်းထားချိန် ..၊
မိဘတို့ဘက်က မိမိတို့သားသမီးအရွယ်ရောက်သော်မှ အရိပ်အကဲမကြည့် ဘာသာသိဘာသာနေမှု ဥပေက္ခာပြုထားချိန် ...၊
ထိုမိဘတို့ အရွယ်ရောက်သားသမီးများအား ဝတ္တရားအရ ထိမ်းမြားပေးရန် သင့်တော်သူကို ရှာဖွေပေးခြင်းကိစ္စ မပြုလုပ်တော့သည့်အချိန် ...၊
သားသမီးတို့ အတုမြင် အတတ်သင်စရာတွေ မိမိရှေ့တွေ့ရဖန်များလာ၍ အရွယ်မရောက်မီကပင် ကာမသွေးသောင်းကြမ်းထကြွချိန် ...၊
ထိုအချိန်မျိုးဝယ် သည့်အတိုင်းချည်းသာ မိမိနှင့်မဆိုင်သလို၊ သူတို့နှင့် မပတ်သက်သလို သဘောထားကာ လက်ပိုက်ကြည့်နေမည်ဆိုလျှင် တနေ့နေ့ 'မြန်မာနီးရှားနိုင်ငံ'ပေါ်ပေါက်လာမည်မှာ မုချတည်း။
မြန်မာပြည်သည် မိမိနှင့်နီးစပ်ပါလျက်က မြန်မာစစ်ရှားပါးပြီး ကပြားမျိုး တိုးပွားလာတော့မည်ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ကပြားဘာသာ ထွန်းကား လာမည်ဖြစ်ခြင်းကြောင့်လည်းကောင်း 'မြန်မာနီးရှားနိုင်ငံ'သည် မလွဲမသွေ ပင် ပေါ်ပေါက်လာချေမည်။
ယနေ့ မျိုးချစ်လူငယ်များ အမျိုး ဘာသာ ကာကွယ်ရေးအသင်းများ ဖွဲ့ စည်းကာ မြို့တိုင်းရွာတိုင်းအကာအကွယ်မသေးသော် ...၊
အမျိုး ဘာသာကို ချစ်မြတ်နိုးသော အသင်းအဖွဲ့တိုင်းမှ ထိုကာကွယ်ရေး မျိုး မကြိုးစားဘဲ သမားရိုးကျ ခရီးသွားနေသော် ...၊
အမျိုး ဘာသာကို မတိမ်ကောစေလိုသော မင်းတို့က ဥပဒေအာဏာတို့ ဖြင့် ထိန်းသိမ်းကာကွယ်ရေး ဇောက်မချသော် ...၊
လက်ရှိသည် လက်မဲ့ဖြစ်ပြီး၊ မြေရှင်ဘဝမှ မြေငှားဘဝသို့ လှလှကြီးရောက်မှာ သေချာပြီတည်း။'
(ဉာဏဒဿနကထာ၊စာ ၄၃-၄၅)
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ စာပေတွေကို ဖတ်မှတ် ကြည်ညိုတဲ့အခါမှာ ထူးခြားဆန်းကြယ်မှုတွေနဲ့ သိမ်မွေ့နက်နဲမှုများစွာရှိတာကို တွေ့ရပါတယ်။ အခုဒီစာစုမှာဖော်ပြထားတ 'အမျိုး ဘာသာ'ဆိုတဲ့ဖွင့်ဆိုချက်သည် ပင်လျှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရေးသားတဲ့ စာပေ၌တွေ့ရသော အယူအဆထူးတစ်ခုဟု မှတ်ယူယုံကြည်ပါကြောင်း ...။
ငြိမ်းချမ်းသာ
စာပြီးရက်စွဲ/- ၂၅-၁-၂ဝ၂ဝ
#NyeinChanTha,#Thuwannashan
ရည်ညွှန်းကိုးကား/-
၁။ ကဝိဗန္ဓနကထာ
၂။ ဉာဏဒဿနကထာ
၃။ မဟာမြိုင်တောကြီးမှာ ဟောတော်မူသော တရားများ၊ မောင်သွေးချွန်

❝ကျမ်းစာများရေးသားခြင်းသည် ငြင်းခုန်လိုသဖြင့် စိန်ခေါ်ခြင်းမဟုတ်❞

 

■ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏
စာပေ၌တွေ့ရသော အယူအဆထူးများ(၂)
❝ကျမ်းစာများရေးသားခြင်းသည် ငြင်းခုန်လိုသဖြင့် စိန်ခေါ်ခြင်းမဟုတ်❞

(၁)
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ စာပေသမားဘဝကို လွန်စွာ မြတ်နိုးတော်မူပြီး ကျမ်းစာအုပ်များစွာကို ရေးသားခဲ့၊ ရေးသားဆဲ ဖြစ်ပါတယ်။ ကျမ်းစာအုပ်များကိုရေးသားရာမှာလည်း အကြောင်းရာပေါင်းစုံကို ရေးသားတော်မူခဲ့ပြီး ကဗျာ၊ လင်္ကာအရာမှာလည်း တမူထူးခြားပြီး ကောင်းမွန် ပြည့်စုံလှတာကိုတွေ့ရပါတယ်။
ကျမ်းစာအုပ်များစွာရှိတဲ့အနက် 'ပဋိဘာနဉာဏဒဿနကထာ'နဲ့ 'နိဒါန်း သတိပဋ္ဌာန်' ဆိုတဲ့ ကျမ်းစာအုပ်ကြီးနှစ်အုပ်ဟာ ဝိပဿနာတရာအားထုတ်နည်းများကို အလေးပေးရေးသားထားတဲ့ ကျမ်းစာအုပ်ကြီးများဖြစ်ပါတယ်။ မဂ္ဂဇင်းဆိုဒ်နဲ့ စာမျက်နှာ ၈ဝဝ ကျော်ရှိတဲ့ 'ပဋိဘာနဉာဏဒဿနကထာ'ဆိုတဲ့ ကျမ်းစာအုပ်ကြီးကိုပင်လျှင် ရက်ပေါင်း ၆ဝ အတွင်းအပြီးရေးသားစီရင် ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ဘဝကန္တရသင်္ကေတကထာဆိုတဲ့ ဆရာတော်ကြီးရဲ့ ကိုယ်တိုင်ရေးအထ္တုပ္ပတ္တိစာအုပ်မှာ ဖော်ပြထားတဲ့ အကြောင်းအရာများအရ သိရပါတယ်။
နိဒါန်းပသတိဋ္ဌာန်ဆိုတဲ့ကျမ်းစာအုပ်ကလည်း စာမျက်နှာ ၄ဝဝ နီးပါးရှိ ပြီး အချိန်အနည်းငယ်အတွင်းအပြီးရေးသားခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်ကြီးရဲ့ အနီးနေတပည့်များရဲ့ ပြောကြားချက်များအရသိရပါတယ်။ မဟာမြိုင်တောကြီးအတွင်း သီတင်းသုံးစမှာ ကျောင်းဆောက်လုပ်ရေးလုပ်ငန်းများ ဆောင် ရွက်နေစဉ်အတွင်း ရေးသားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
(၂)
မြန်မာနိုင်ငံမှာ ထွက်ပေါ်ခဲ့တဲ့ စာပေရေးသားလေ့ရှိတဲ့ ကျမ်းပြုရဟန်း ပညာရှိများမှာ တူညီတဲ့ စိတ်ထားတစ်ခုရှိတာကို သတိထားမိပါတယ်။ အဲဒါကတော့ မိမိကိုယ်မိမိ အင်မတန် နှိမ့်ချကြခြင်းပါပဲ။ ဒါ့အပြင် သူတော်ကောင်း ပညာရှိဆရာတော်ကြီးများဟာ အစဉ်အလာအားဖြင့် ကျမ်းတစ်စောင်နဲ့တစ်စောင် ထူးခြားမှုမရှိပါက နောက်ထပ်တစ်ဖန် သီးခြားရေးသားထုတ်ဝေမှု ပြုလုပ်လေ့ မရှိလို့လည်း ဆိုကြပါတယ်။
သာလွန်မင်းတရားကြီးရဲ့ တိပိဋကလင်္ကာရဘွဲ့တော်ကို ဆပ်ကပ်ခံခဲ့ရတဲ့ တောင်ဖီလာဆရာတော်ကြီးဟာ စာပေနဲ့ ပတ်သက်ပြီး ပြောစမှတ်တွင်လောက်တဲ့ ကိစ္စတစ်ခုကို ပြုလုပ်တော်မူခဲ့ဖူးပါတယ်။ တောင်ဖီလာဆရာတော် ရွှေဥမင်ဆရာတော်နဲ့ဆုံခဲ့စဉ်က အကြောင်းကို ဒီလိုတွေ့ရပါတယ်။
'ပရိသတ် ခြွေရံနည်းပါးလှ၍ ကြောက်တော်မမူလောဟု မေးတော်မူလျှင် ရွှေဥမင်ဆရာတော်က ကြောက်၍ပင် ပရိသတ်အနည်းနှင့် နေပါသည်ဟု မိန့်တော်မူသည်။
ဤတွင် အရှင်တိပိဋကလင်္ကာရသည် ရွှေဥမင်ဆရာတော်အား သင်္ကန်း၊ ဒုကုဋ်စသော လှူဖွယ်အသီးသီးတို့ကို ကပ်လှူရာ လှူတိုင်းလှူတိုင်း ရွှေဥမင်ဆရာတော်က ရွှေစည်းခုံအားလှူပါ၏ဆို၍ ချထားလေသည်။ ရွှေဥမင် ဆရာတော်ကား ရဟန်းအဖြစ်ကိုရပါလျှက် မင်းဆရာပြုနေခြင်းသည် အကျိုးမရှိ ကြောင်း ပြလို၍ ဤသို့ဆိုသတည်း။
ထို့နောက် အရှင်တိပိဋကလင်္ကာရက ရွှေဥမင်ဆရာတော်အား မည်သည့်ကျမ်းများကို ပြုစုနေကြောင်း မေးမြန်းရာ ရွှေဥမင်ဆရာတော်က ဝိနည်းပါဠိတော်ငါးကျမ်း နိသျကို စီရင်ပြီးစီးကြောင်း မိန့်တော်မူသည်။ မင်းဆရာပုဂ္ဂိုလ်ကျော်လည်း ရွှေဥမင်ဆရာတော်နိသျ၏ ကျမ်းပြုသက္ကရာဇ်ကို ကြည့်၍ ရွှေဥမင်ဆရာတော်၏နိသျက သက္ကရာဇ်ဦး သောကြောင့် မိမိစီရင်ပြီးသား နိသျကိုဌာပနာသွင်း၍ စေတီတည်သည်ဟု အတ္ထုပ္ပတ္တိကထာ၌ ဆိုသည်။ အချို့စာတမ်းတို့၌ကား မင်းဆရာသည် ရွှေဥမင်ဆရာတော်၏နိသျက သက္ကရာဇ်ဦးသောကြောင့် မိမိစီရင်သောနိသျကို ယှဉ်ကြည့်၍ နိသျနှစ်စောင်ကြောင့် နှစ်နည်းရှိသဖြင့် ဘုရားနှစ်ဆူပြိုင်၍ ပွင့်သော် သူ့ဘုရားသာသည်၊ ငါ့ဘုရားသာသည်ဟု အငြင်းအခုံဖြစ်ကြ၍ အကျိုးမရှိလေ သကဲ့သို့ ဖြစ်တော့မည်ဟု ဆင်ခြင်၍ မိမိစီရင်အပ်သော နိသျကို စေတီရင်ပြင် မှာ မီးပူဇော်သည်ဟုဆိုသည်။'
(my.wikipedia.org/wiki/တောင်ဖီလာဆရာတော်)
ပညာရှိသူတော်ကောင်းကြီးများ၏ အံ့ဖွယ်စိတ်ထားနဲ့ စာပေအပေါ် မြတ်နိုး ရိုကျိုးစိတ်ဟာ အလွန်အင်မတန်မှ အတုယူတန်ဖိုးထားဖွယ်ကောင်းလှပါတယ်။
မြန်မာသက္ကရာဇ် ၉၇ဝ မှာ အနောက်ဘက်လွန်မင်းတရားကြီး ပြည်မြို့ကို လုပ်ကြံခဲ့စဉ်က 'ရှင်တစ်ဆူနဲ့ လူတစ်ယောက်သာ ရခဲ့တယ်'ဆိုတဲ့ မိန့်ဆို ချက်ဟာ ယနေ့တိုင် ထင်ရှားဆဲဖြစ်ပါတယ်။ 'သူ့ဆန်စား ရဲရတယ်'ဆိုတဲ့ ငထင်ငယ်ဟာ လူတစ်ယောက်ဖြစ်ပြီး ရှင်တစ်ဆူကတော့ တောင်ဖီလာဆရာ တော်ကြီးပဲ ဖြစ်ပါတယ်။
(၃)
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်တော်ကြီးအကြောင်း ကို ဆက်ရရင် ဆရာတော်ကြီးဟာ သူ့ကိုယ်သူ တဇွတ်ထိုးသမားဖြစ် ကြောင်း မကြာခဏ ဆိုသလိုပဲ ထည့်သွင်းရေးသား မိန့်ကြားတော်မူလေ့ရှိပါတယ်။ ဆရာတော်ကြီး ကိုယ်တော်တိုင်ရေးသားထားတဲ့ 'တဇွတ်ထိုးသမား'ဆိုတဲ့ ကဗျာမှာပင်လျှင် ဆရာတော်ကြီးရဲ့ စရိုက်ကို တွေ့မြင် နေရပါတယ်။
'တဇွတ်ထိုးသမား
ဟုတ်ချင်လျှင် ဟုတ်ပေါ့၊ မဟုတ်တော့ ပြင်ပေါင်၊
သူတကာ မှာစကား နားမှမယောင်
မစဉ်းစား တွေးမခေါင်
ခြေဆောင်ရာ လက်လှမ်း
ခရောင်းဆို ဆူးပေါက်လမ်း
ကြမ်းချင်လောက်ကြမ်း။'(ကဝိဗန္ဓနကထာ၊ စာ-၁ဝ၂)
ဆရာတော်ကြီးက ဘဝကိုဖြတ်သန်းရာမှာ တဇွတ်ထိုးဉာဉ်ကို တစ်ပြား သားမှမလျှော့ပေမယ့် စာပေရေးသားရာမှာတော့ သိမ်မွေ့လှတာကိုတွေ့ရပါ တယ်။ စာပေအယူအဆမှာ တဇွတ်ထိုးဉာဉ်ကို ပယ်ဖျောက်ကာ ရှေးပညာ ရှိသူတော်ကောင်းဆရာတော်ကြီးများနည်းတူ သိမ်မွေ့ရိုကျိုးစွာနဲ့ အခြားသော ပညာရှင်များကိုလည်း တန်ဖိုးထားလျက်က မိမိကိုယ်မိမိ အင်မတန်နှိမ့်ချတာ ကိုတွေ့ရပါတယ်။
၁၃၅၃ ခုနှစ်၊ ဝါဆိုလပြည့်နေမှာ ပြီးစီးခဲ့တဲ့ ပဋိဘာနဉာဏဒဿနကထာ ပလ္လင်ဖွင့်စကားမှာ မဟာဗောဓိမြိုင်ဆရာတော်ကြီးက အခုလို ရေးသားထားတာ ကို တွေ့ရပါတယ်။
'ငြင်းခုန်ရန် ရေးသားထားသော စာစဉ်မဟုတ်သဖြင့် ငြင်းခုန်မှုမှ ရှောင် ကြည် မည်ဖြစ်၏။ ဤနေရာ ဤအယူအဆ၌ စာပေပညာရှင်များအတွက် မကိုက်ညီဟု ဆုံးဖြတ်လျှင် ထိုဆုံးဖြတ်ချက်သည်အတည်ဖြစ်၍ ဤစာပါ အချက်အလက်များသည် ရုပ်သိမ်းပြီးသားပင်ဖြစ်ချေ၏။
ထိုနေရာကို နောင်လာသုတေသီတို့ ကျော်လွှားတတ်စေရန် မင်နီဖြင့် တားခဲ့ ရန်လည်း ပန်ကြားလိုချေ၏။ သရက်သီးမှည့်ကို စားသုံးရာ၌ ပုပ်သောအပိုင်းကို ဓားဖြင့်လှီးပယ်၍ စားသုံးဘိသို့၊ အမှိုက်ပုံကြားမှ ပံ့သကူစကောက်ရာ၌ ညစ်ပေ ဆွေးမြေ့နေရာကို ဖဝါးတစ်ဖက်ဖြင့်နင်းလျက် ကောင်းသောအပိုင်းအစကိုသာ ဖဝါးတစ်ဖက်၏ ခြေမကြား ညှပ်ယူကာ ကောက်သုံးဘိသို့ ဤ၌လည်း သူ တော်ကောင်းတို့ ကြိုက်ရာရာကိုသာ သုံး၍ မကြိုက်ရာရာကိုကား မိမိလည်း မသုံး၊ အများကိုလည်း မသုံးမိစေရန် တည်းဖြတ်သုတ်သင်နိုင်ပါကြောင်း ခွင့်ပြုထားပြီးဟု မှတ်ယူစေလိုပါ၏'(ပဋိဘာနဉာဏဒဿနကထာ၊ စာ-၉)
၁၃၆၅ ခုနှစ်၊ တပို့တွဲလပြည့်နေ့မှာ ပြီးစီးခဲ့တဲ့ နိဒါန်းသတိပဋ္ဌာန် အဖွင့် နိဒါန်းမှာလည်းပဲ မဟာဗောဓိမြိုင်ဆရာတော်ကြီးက သူ့ရဲ့ကျမ်းစာအုပ်နဲ့ပတ် သက်ပြီး ရိုကျိုးစွာနဲ့ ...
'အခြားပညာရှင်၊ အခြားကျမ်းများနှင့် မညီမညွတ်ဖြစ်နေခဲ့ပါသော် ဤ ကျမ်း၌ အဆိုအမိန့်များ ရုပ်သိမ်းပြီးသားအဖြစ် အသိအမှတ်ပြုကြပါကုန်။
ဤကျမ်းစာရေးသားခြင်းမှာ ...
ငြင်းခုန်လိုသဖြင့် စိန်ခေါ်ခြင်းမဟုတ်။
ထင်ပေါ်ကျော်ကြားလိုသဖြင့် အစွမ်းပြထားခြင်းလည်း မဟုတ်။
ကျမ်းစာရေးခရသဖြင့် ရေးခြင်း၊ အမြတ်အစွန်းရသဖြင့် ရေးခြင်းများလည်း မဟုတ်။
ထိုမဟုတ်တို့၏ပြောင်းပြန်အားဖြင့် ဆိုရပါမူ ...
ငါတို့နှင့် ပတ်သက်နေသော ဘုရားသားတော်၊ သမီးတော်၊ တရာရှာလို သူများအတွက် အထောက်အကူရရန်အတွက်သာ။
ငါတို့ သာသနာ့အရိပ် ခိုလှုံခွင့်ရနေသည်များကို ခိုကျေးဇူးဆပ်ရန်အတွက် သာ။' (နိဒါန်းသတိပဋ္ဌာန်၊ စာ-ဂ) လို့ ရေးသားတော်မူခဲ့တာကိုတွေ့ရပါတယ်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ စာပေတွေကို ဖတ်မှတ် ကြည်ညိုတဲ့အခါမှာ ထူးခြားဆန်းကြယ်မှုတွေနဲ့ သိမ်မွေ့နက်နဲမှုများစွာရှိတာကို တွေ့ရပါတယ်။ အခုဒီစာစုမှာဖော်ပြထားတဲ့ 'ကျမ်းစာရေးသားခြင်းဟာ ငြင်း ခုန်လိုသဖြင့် စိန်ခေါ်ခြင်းမဟုတ်'ဆိုတဲ့ အယူအဆ၊ အခြားပညာရှင်များအပေါ် လေးစားတန်ဖိုးထားမှုနဲ့ မိမိကိုယ်မိမိ နှိမ့်ချတတ်ခြင်းများဟာ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ စာပေများကို လေ့လာလျှင် တွေ့ရှိနိုင်သည့် အယူအဆထူးများဖြစ်ကြောင်းပါဗျာ။
ငြိမ်းချမ်းသာ
စာပြီးရက်စွဲ/- ၂၃-၁-၂ဝ၂ဝ
#NyeinChanTha,#Thuwannashan
ရည်ညွှန်းကိုးကား/-
၁။ ပဋိဘာနဉာဏဒဿနကထာ
၂။ ကဝိဗန္ဓနကထာ
၃။ နိဒါန်းသတိပဋ္ဌာန်
၄။ my.wikipedia.org/wiki/တောင်ဖီလာဆရာတော်

❝လောကဝယ် ကမ္ဘာတည်သရွေ့ မပျောက်ပျက်သော အရာလေးမျိုး❞

■ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏
စာပေ၌တွေ့ရသော အယူအဆထူးများ(၁)
❝လောကဝယ် ကမ္ဘာတည်သရွေ့ မပျောက်ပျက်သော အရာလေးမျိုး❞

 

(၁)
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ စာပေမှာ အထူး မွေ့လျော်တော်မူပါတယ်။ ဆရာတော်ကြီးဟာ သူဖြတ်သန်းခဲ့ရတဲ့ဘဝကို စာပေနဲ့ ကိုယ်တော်တိုင်းရှင်းပြလေ့ရှိပြီး ဓမ္မကိုလည်း စာပေနဲ့ အမွေပေးတော်မူလေ့ ရှိပါတယ်။ ဆရာတော်ကြီးရဲ့ ကျမ်းစာအုပ်များဟာ ဆရာတော်ကြီးရဲ့ ဘဝနဲ့ဓမ္မကို သိရှိလိုသူတိုင်းအတွက် လမ်းပြမြေပုံများပဲဖြစ်ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ တပည့်မမွေး၊ ရိပ်သာမထောင်၊ တရားမဟောဖြစ်သည့်အတွက် စာပေရေးသားခြင်းကို ၎င်း၏ဝေနေယျများအား ဓမ္မအမွေပေးရန်အလို့ငှာ ပြုလုပ်တော်မူခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆရာတော်ကြီးက ...
'ငါသေလျှင် ဝေနေယျအတွက် ဘာအမွေထားခဲ့ရပါမတုန်း။ ထိုနှင့်အတူ
ငါသည် ဧကစာရီ အကျင့်သမားဖြစ်သဖြင့် ပြင်ပသာသနာ ပြုစုစောင့်ရှောက်ရန် နောက်အားမရှိ။
ငါသည် စိတ်မြန်စိတ်ထန်နှင့်အတူ မြုံထားရာမှနေ မခံနိုင် တစ်ချက်လွှတ် သုံးကျင့်ရှိနေပြန်သဖြင့် တပည့်မွေးလည်း သက်ဆိုးမရှည်။ ငါသည် ဆိတ်ငြိမ် အေးချမ်းခြင်းကိုသာ အလေးပေးသူဖြစ်သဖြင့် မွေးတပည့်အား စနစ်တကျ အမွေမပေးတတ်။
သို့ကြောင့် ထိုငါသည် ရိပ်သာမထောင်။ လူလည်ခေါင် လိုက်လံတရား မဟောပြော။ သည်လိုဆို ကိုယ့်ဝေနေယျတွေအတွက် မခက်ပေဘူးလား။
ထိုအတွေးက နောက်မှနေ ဝင်အုပ်လိုက်ချေရာ
ကိုင်း ... ငါ့အစား စာပေများက သွားဟောကြစေ၊ ပြောကြစေ။
ကိုင်း ... ငါ့ဖူးမည့်အစား ငါ့ဉာဏ်ထား ဖူးကြစေ၊ မျှော်ကြစေ။
သို့ဖြင့်ပင် စာပေအရေးအသားဘက် မဂ္ဂင်စက်ကြီး လှည့်ထွက်သွားရချေပြီ'
(သံဝေဂလမ်း၊ စာ-၁၃၇) လို့ ရေးသားတော်မူခဲ့ပါတယ်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ကျမ်းစာအုပ်ပေါင်း ၇ဝ နီးပါး ရေးသားပြုစုတော်မူခဲ့ပြီး ယနေ့ထိလည်း စာပေရေးသားခြင်းကို ပြုလုပ်တော်မူဆဲဖြစ်ပါတယ်။ ဆရာတော်ကြီးရေးသားတဲ့ ကျမ်းစာအုပ်များကို ဖတ်ရှုလေ့လာကြည့်မယ်ဆိုရင် ထူးခြားတဲ့ အယူအဆတွေပါဝင်နေတာကို တွေ့ ရှိရနိုင်ပါတယ်။
ဥပမာအနေနဲ့ ထုတ်နှုတ်တင်ပြရရင် ဆရာတော်ကြီးဟာ ဝိပဿနာကျင့်စဉ် များနဲ့ စပ်လျဉ်းပြီး 'ပဋိဘာနဉာဏဒဿနကထာ'အမည်နဲ့ စာမျက်နှာ ၈ဝဝ ကျော်ရှိတဲ့ ကျမ်းစာအုပ်ကြီးကို ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်ကြီးဟာ ဝိပဿ နာတရားအားထုတ်လိုသူများအတွက် အထူးရည်ရွယ်ရေးသားတာဖြစ်သည့်တိုင် အဲဒီစာအုပ်ထဲမှာ သိုက်အကြောင်း၊ သိုက်ဆက်များအကြောင်းကိုလည်း ထည့် သွင်းရေးသားထားတာကိုတွေ့ရပါတယ်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး ရေးသားတော်မူတဲ့ 'လောကအလင်း'ဆိုတဲ့ စာစုထဲမှာလည်း 'ဘုရားတည်၍ သာသနာပြုနေသော ရာကျော်၊ရက္ကန်းစင်တောင်ဆရာတော်၊ အောင်မင်းခေါင်၊ ဘိုးဘိုးအောင် ထိုလေးဦး တို့သည် ဘုရားဆုပန်များဟု ကြားရဖူး၏'လို့ ဝိဇ္ဇာများနဲ့ ပတ်သက်ပြီး ရေး သားတော်မူခဲ့တာကို တွေ့ရပါတယ်။
ဆိုလိုချင်တာကတော့ ဆရာတော်ကြီးရဲ့ ကိုယ်စားတော်အဖြစ် ဟောပြော နေကြတဲ့ ကျမ်းစာတွေဟာ လောကုတ္တရာအကြောင်းချည်းသက်သက်မဟုတ် ဘဲ လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကြောင်းအရာတွေပါဝင်နေတယ် ဆိုတာပါပဲ။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး ရေးသားစီရင်တော်မူတဲ့ 'သော့(သလာဘိကနာနုဂ္ဂဟကထာ)'ဆိုတဲ့ ကျမ်းစာမှာလည်း ထူးခြားတဲ့ အယူအဆတွေပါဝင်ပါတယ်။ 'သော့'စာအုပ်ဟာ မြတ်စွာဘုရားရှင်တော်ရဲ့ ပါရမီ တော်ဆယ်ပါးကို ပိဋကတ်တော်လာ ဇာတ်တော်များနဲ့ ဖွင့်ဆိုရှင်းတော်မူ တဲ့စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်ရဲ့ သီလဖြင့် ပါရမီတော်ဖြည့်ကျင့်ရခြင်း ခေါင်းစဉ်အောက်မှာ ဘုရားလောင်းယုန်မင်းဘဝက ပါရမီတော်ဖြည့်ကျင့်ခြင်း နဲ့ပတ်သက်ပြီး ဆရာတော်ကြီးက ဖွင့်ဆိုရှင်းပြရေးသားတော်မူခဲ့ပါတယ်။
(၂)
ဇာတ်တော်ကို အနှစ်ချုပ်အားဖြင့် တင်ပြပါရစေ။
ဘုရားအလောင်း ယုန်းမင်းဘဝမှာ မျောက်၊ မြေခွေး၊ ဖျံ ဆိုပြီး မိတ်ဆွေ သုံးဦးရှိခဲ့တယ်။ ယုန်မင်းဟာ အလှူကိုလဲ ပေးလှူတတ်သလို သီလစောင့်ထိမ်းပြီး ဥပုသ်ဆောက်တည်တာတွေ ပြုလုပ်လေ့ရှိတယ်။ မိတ်ဆွေသုံးဦးကိုလဲ အခါ အားလျော်စွာ ဟောပြောဆုံးမလေ့ရှိတယ်။
တစ်နေ့မှာတော့ ဘုရားအလောင်းယုန်မင်းက မနက်ဖြန်ဆိုရင် ဥပုသ်နေလို့ ဥပုသ်စောင့်ကြဖို့နဲ့ အလှူခံလာရင်လဲ ကိုယ်ရထားတဲ့ အစာကို ခွဲဝေလှူပြီး ကျန်တာကို စားသုံးကြဖို့ မိတ်ဆွေများကို သြဝါဒစကားပြောကြားတယ်။ မိတ်ဆွေသုံးဦးကလဲ ကောင်းပါပြီ ဆိုပြီး ဝန်ခံကတိထားခဲ့ကြတယ်။
နောက်တစ်နေ့ရောက်တဲ့အခါ မိတ်ဆွေဖြစ်တဲ့ ဖျံဟာ အစာရှာထွက်လာ ပါတယ်။ တစ်နေရာရောက်တော့ ငါးကြင်း ခုနှစ်ကောင်ကို ကြိုးနဲ့သီပြီး သဲပြင်အောက်မှာ ဖုံးအုပ်ထားပါတယ်။ ဖျံက ပိုင်ရှင်ရှိ/မရှိဆိုတာကို စုံစမ်းတဲ့အနေနဲ့ အသံသုံးကြိမ်ပြုလိုက်တယ်။ ဒါပေမယ့် ပိုင်ရှင် မပေါ်လာတဲ့အတွက် ငါးခုနှစ်ကောင်ကို ယူပြီး ချုံတစ်ခုထဲမှာ ထားကာ နေမွန်းမတည့်မီ အချိန်မှာ စားတော့မယ်ဆိုကာ မိမိရဲ့သီလကို ဆင်ခြင်နေပါတယ်။
မြေခွေးကလဲ အစာရှာထွက်လာရာ လယ်တဲတစ်ခုအတွင်း အမဲစို့နှစ်ခု၊ ဖွတ်ကင်တစ်ခု၊ နို့ဓမ်းတစ်အိုးကို မြင်တာနဲ့ ပိုင်ရှင်ရှိမရှိဆိုတာ သိရအောင် သုံးကြိမ်တိတိ အသံပြုပြီးနေပါတယ်။ ပိုင်ရှင်မရှိမှန်း သိတဲ့အခါ အမဲစို့နှစ်ခု၊ ဖွတ်ကင်တစ်ကောင်နဲ့အတူ နို့ဓမ်းအိုးကိုပါ မိမိနေရာ လုံခြုံတဲ့နေရာမှာ ထားလိုက်ပြီး သီလကို ဆင်ခြင်နေပါတယ်။
မျောက်ကလဲ တောအုပ်ကိုဝင်ကာ သရက်ခိုင်ကို ခူးယူပြီး မိမိနေရာ ချုံထဲမှာ သိမ်းထားလိုက်ပါတယ်။ နေမွန်းမတည့်မီ စားမယ်လို့ဆိုကာ ကိုယ့် သီလကိုကိုယ် ဆင်ခြင်နေပါတယ်။
ဘုရားအလောင်းတော် ယုန်မင်းဟာ အချိန်ရောက်မှ နေရာကထွက်လာပြီး 'နေဇာမြက်ကို စားတော့မယ်' လို့ဆိုကာ မိမိသီလကို ဆင်ခြင်နေပါတယ်။
ယုန်မင်းက 'ငါ့ထံရောက်လာတဲ့ အလှူခံတွေကို ငါစားတဲ့ မြက်ပင်များကို လှူရင် ကောင်းမှာမဟုတ်ဘူး။ နှမ်း ဆန်စတဲ့ပစ္စည်းတွေလဲ ငါ့မှာ မရှိ၊ တကယ်လို့ အလှူခံလာမယ်ဆိုရင် ငါ့ အသားကို လှူဒါန်းမယ်' လို့ ရဲဝံ့စွာ ဆုံးဖြတ်လိုက်တယ်။ ယုန်မင်းရဲ့သီလကြောင့် သိကြားမင်းရဲ့ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာကြီးလဲ ပူလာပါတော့တယ်။
သိကြာမင်းက အကျိုးအကြောင်းဆင်ခြင်ပြီး သိတဲ့အခါ ယုန်မင်းကို စုံစမ်း ဖို့အတွက် လူ့ပြည်ကို ပုဏ္ဏားအသွင်နဲ့ ရောက်လာပါတယ်။
ရှေးဦးစွာ ဖျံရဲ့နေရာကိုသွားတယ်။ ဖျံက 'ဘာအတွက်လာတာလဲ'မေးတော့ သကြားမင်းက 'အဟာရတစ်ခုခုကို ရလို့ရှိရင် ဥပုသ်စောင့်ပြီး နေချင်တယ်' လို့ပြောတယ်။ ဖျံက 'ကောင်းပါပြီ၊ ငါ အာဟာရ တစ်ခုခုကို ပေးပါ့မယ်' လို့ပြောတော့ သကြားမင်းက 'ခဏနေပါဦး ၊ စောသေးတယ်၊ နောက်မှပဲ စားကြတာပေါ'လို့ ဆိုပါတယ်။
တစ်ခါ မြေခွေးရဲ့နေရာ ကိုသွားပြန်တယ်။ ရှေးနည်းအတိုင်းပဲ မြေခွေးဆီမှာ အလှူခံတယ်။ မြေခွေးက သူ့မှာရထားတဲ့ ငါးကြင်းကင်နဲ့နို့ဓမ်းကိုပေးလှူပါတယ်။ သိကြားမင်းက 'ခဏနေပါဦး၊ စောသေးတယ်၊ နောက်မှစားမယ်' လို့ပြောပြီး မျောက်ရှိတဲ့နေရာကို တစ်ခါသွားပြန်တယ်။
ရှေးနည်းအတိုင်း သိကြားမင်းက အလှူခံတဲ့အခါ မျောက်က သူ့မှာ ရှိတဲ့ သရက်ခိုင်ကို လှူတယ်။ သကြားမင်းက 'ခဏနေပါဦး စောပါသေးတယ်၊ နောက်မှလာစားမယ်'လို့ဆိုကာ ဘုရားအလောင်းတော် ယုန်မင်းထံကို သွား ပြန်တယ်။
သိကြားမင်းက ယုန်မင်းဆီမှာ အာဟာရတစ်ခုခု လိုချင်တယ်၊ပြီးရင် ဥပုသ်စောင့်နေချင်တယ်လို့ ပြောတော့ ယုန်မင်းက 'သင်ဟာ သီလရှိတဲ့သူပဲ၊ ဒီနေ့ ငါမလှူဖူးတဲ့ အလှူကို လှူမယ်၊ ဒါကြောင့် အသင်ပုဏ္ဏားမီးပုံကြီးတစ်ပုံကို မီးမွှေးပေးပါ၊ ပြီးရင် ငါ့ရဲ့ခန္ဓာကိုယ်ကို မီးထဲခုန်ချလိုက်လို့ ကျက်ရင် ငါ့ရဲ့ အသားကို စားပြီးတရားကို ကျင့်ပါ' လို့ဆိုတယ်။
သိကြားမင်းက မိမိတန်ခိုးနဲ့ မီးတစ်ပုံ ချက်ခြင်းဆိုသလို မွှေးပေးပါတယ်။ ယုန်မင်းဟာ သူ့ခန္ဓာကိုယ်ရဲ့ အမွှေးတွေထဲမှာ ဝင်ခိုနေကြတဲ့ ပိုးမွှားလေးတွေ သေကုန်မှာစိုးလို့ ကိုယ်ကို သုံးလေးကြိမ် ခုန်လိုက်ပြီးမှ မီးပုံထဲကို စိတ်လက်ပျော်ရွှင်စွာနဲ့ ခုန်ချလိုက်ပါတယ်။ အဲဒီအခါမှာ မီးလျံတွေ ယုန်မင်းရဲ့ ခန္ဓာကိုယ်နဲ့ထိတွေတဲ့အခါ နှင်းတွေနဲ့ ထိရသလို အေးမြနေတယ်။ ယုန်မင်းက 'သင်မွှေးတဲ့မီးက မပူဘဲ အေးနေတာပဲ ဘာကြောင့်ဒီလိုဖြစ်တာလဲမသိ' လို့ သိကားမင်းကိုပြောတော့ 'ငါဟာ ပုဏ္ဏားမဟုတ်၊ သိကြားမင်းပါ၊ သင့်ကို စုံစမ်းချင်လို့ လာတာဖြစ်တယ်' လို့ သကြားမင်းပြောပါတယ်။
သိကြားမင်းက 'ယုန်ပညာရှိသင်ရဲ့ ဂုဏ်ကျေးဇူးတွေ တစ်ကမ္ဘာပတ်လုံး ထင်ရှားပြီး တည်နေစေရမယ်'လို့ဆိုကာ တောင်ကိုညှစ်ပြီး တောင်ဆီကိုယူကာ လမှာ ယုန်အရုပ်ကို ရေးပါတယ်။ အဲဒီအချိန်ကစလို့ လမှာ ယုန်အရုပ်ဟာ ခုချိန်ထိတည်ရှိနေတဲ့အပြင် တစ်ကမ္ဘာပတ်လုံး တည်သွားမယ့်အရာဖြစ်လည်း ရှိနေတော့တာဖြစ်ပါတယ်။
(၃)
အဲဒီဇာတ်တော်နဲ့ပတ်သက်ပြီး မဟာဗောဓိမြိုင်ဆရာတော်ကြီးက 'ထိုစကား မယုံကြည်သူ လူတို့နား ပေါက်ကြားသွားခဲ့သော် တင်စားထားခြင်းမျှသာပ ဆိုတန်ရာ၏။ မယုံသူကို ယုံအောင်ပြောပြရသည်မှာ ယုန်ရုပ်ရေးပြသည်ကို ဒါယုန်ပါပြောသဖြင့် 'ဟုတ်လို့လား၊ ယုန်က ဒါမျိုးပဲလား' အမေးခံရသည်ထက် ပိုခက်ချိမ့်မည်။
ထိုရှေးပဝေသဏီကို မဆိုထားဘိ။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာကျော်က ပေါ်ပေါက်ခဲ့သော ကုန်းဘောင်ခေတ် တည် ဦးအောင်ဇေယျ၏ ညာလက်ရုံးက မီးဟုန်းဟုန်းတောက်သည့်စကား ယနေ့ ဘုန်းရှား ကံရှား သမ္ဘာရှားပါးလျက်ရှိသော လူသားတို့နား တာ,မသွားပြီ။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင့်နှစ်ရာကျော် ပုဂံခေတ်က မိဖုရားစောလုံ ၏ မီးပုံပေါ်ထက် တက်စေ၍ မီးမြှိုက်ရှို့သတ်သော်မှလည်း ၎င်းထံ၌ မီးမကူး စက်သည့်ပြင် အေး၍ပင်နေသည့်စကား ယနေ့ ကိုယ်ကျင့်သီလခေါင်းပါးလျက် ရှိသော လူသားတို့နား ပြောကြားမိပါက ယုံတမ်းမျှဖြင့်သာ ပွဲသိမ်းရပေလိမ့် မည်။
လောကဝယ် မပျောက်ပျက်သောအရာ လေးမျိုးရှိ၏။ ၎င်းတို့မှာ
၁။ လ၏ အောက်ခံမျက်နှာပြင်ရှိ ယုန်ရုပ်
၂။ ဃဋိကာရပုဏ္ဏားဟူသော အိုးထိန်းသည်ဘဝကနေအိမ်
၃။ ငုံးမင်းဘဝက မီးလောင်ရာ သစ္စာဆိုစဉ်က မီးမကူးခဲ့သောနေရာ
၄။ မျောက်မင်းဘဝက ကန်စောင့်ဘီလူးကြောင့် ကန်ဦးမှနေ ရေစုပ်သောက် သော ကျူရိုး
ထိုလေးမျိုးစလုံး ယနေ့တိုင် ထင်ရှားဆဲဆို၏။
ထိုတွင် ယုန်ရုပ်တစ်ခုသာ ဤလူ့ပြည်နှင့် အလှမ်းကွာ၏။ အလောင်း တော်၏ ကျန်သုံးမျိုးစလုံးသည် ဤလူပြည့်၏ အိန္ဒိယနယ်ပယ်ထဲ၌ ရှိနေသေး သည်သာ ဖြစ်၏။ အိမ်ကား နေရာမျှသာ၊ မီးလွတ်ကင်းလည်း နေရာမျှသာ၊ အဆစ်မပါသော ကျူရိုးကား ယခုချိုးကြည့် ယခုသိရသည်။'(သော့၊စာ-၃၉၊၄ဝ) လို့ ရေးသားတော်မူခဲ့ပါတယ်။
[၁။ လမင်းမှာယုန်ရုပ် ၂။ ငုံးမင်းနေရာတောအရပ် ၃။ ဃဋိကာရပုဏ္ဏား၏ အိမ်နေရာ မိုးမစွတ်မိုးမရွာ ၄။ ဘုရားလောင်းမျောက်မင်း အဓိဋ္ဌာန်ကာ ရေ သောက်ပြွန်ပြုလုပ်ရာကျူတောမှာ အမြဲခေါင်းပေါက်လျှက်ရှိခြင်း ထိုလေးမျိုး သည် တစ်ကမ္ဘာပတ်လုံးတည်ရှိနေသည်။ ဇာတက၊ အဋ္ဌကထာ၊ ၁။ ၁၁၈။]
ကမ္ဘာပတ်လုံးတည်ရှိနေမယ့် တန်ခိုးပြဋိဟာတွေအကြောင်းကို ရေးသားဖော် ပြရာမှာ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ဦးအောင်ဇေယျ၊ မိဖုရားစောလုံ စတဲ့သမိုင်းဆိုင်ရာအချက်အလက်များကို အကိုးအကားပြုသက် သေပြခဲ့တာကို ထူးထူးခြားခြားပဲ မြင်တွေ့ခဲ့ရပါတယ်။ သက်သေအဖြစ် အသုံးပြု သည့်အတွက်ကြောင့်လည်း အဲဒီသမိုင်းဆိုင်ရာ အချက်အလက်တွေကို ဆရာတော်ကြီးက လက်ခံယုံကြည်တော်မူတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ စာပေတွေကို ဖတ်မှတ် ကြည်ညိုတဲ့အခါမှာ ထူးခြားဆန်းကြယ်မှုတွေနဲ့ သိမ်မွေ့နက်နဲမှုများစွာရှိတာကို တွေ့ရပါတယ်။ ကျွန်တော်အနေနဲ့ကတော့ အခု ဒီစာစုမှာပါဝင်တဲ့ သမိုင်းဆိုင်ရာ အချက်အလက်များအပေါ် ဆရာတော်ကြီးရဲ့ ယုံကြည်လက်ခံချက်ဟာ များစွာသော အယူအဆထူးများမှ အယူအဆထူးတစ်ခုအဖြစ် မှတ်ယူ ယုံကြည်ပါကြောင်း။

 ငြိမ်းချမ်းသာ
စာပြီးရက်စွဲ/-၂၂-၁-၂ဝ၂ဝ
- https://www.facebook.com/thuwannashan/
ရည်ညွှန်းကိုးကား/-
၁။ သံဝဂေလမျး(သံဝဂေပဋိသံယုတ်တကထာ)
၂။ ပဋိဘာနဉာဏဒဿနကထာ
၃။ လောကအလင်း(လေခက္ခန္ဓာ့ကထာ)
၄။ သော့(သလာဘိကနာနုဂ္ဂဟကထာ)

အမှောင်တွင်းမှ နိုးထကြ

 

အမှောင်တွင်းမှ နိုးထကြ


ကမ္ဘာလောကရဲ့ မကောင်းမှု ဒုစရိုက်မှန်သမျှ လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာ အလို ဆိုးတို့က စေ့ဆော်ဖြစ်ပွားစေခဲ့တာပါ။ 'ရလေလိုလေ' ဆိုတဲ့ အတောမသတ်နိုင်တော့တဲ့ လောဘတစ်ခု ကြောင့် ဗျာပါဒ၊ သောက၊ ဒေါမနဿ စတဲ့ စိတ် ဆိုးစိတ်ပုပ် ယုတ်ညံ့တဲ့ အမှုအခင်းတွေ ဖြစ်ပွားစေ ခဲ့ပုံ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက ဗုဒ္ဓခေတ် ဇာတ်လမ်းတစ်ပုဒ်နဲ့ မှတ် တမ်းသရုပ်ထင်စေခဲ့ဖူးပါတယ်။

    ဘုရားရှင့် ရွှေလက်ထက်တော်က ကုဋမ္ပိက တိဿသူကြွယ်ဆိုတာရှိတယ်။ သူ့မှာ မိဘအမွေ ကုဋေလေးဆယ် ချမ်းသာရုံမျှမက လက်ထက်ပွား ပစ္စည်းများနဲ့လည်း ပြည့်စုံတယ်။ ဒါပေမဲ့ ဒီစည်းစိမ် ချမ်းသာတွေဆိုတာ 'ချမ်းသာစစ်' မဟုတ်ဘူးဆိုတာ လည်း သူ နားလည်နေပြီ။ ချမ်းသာစစ်ဆိုတာ ဘုရား ရှင်ဟောကြားတဲ့ တရားတော်မှာပဲ ရှိတယ်ဆိုတာ လည်း သူ သဘောပေါက်နေပြီ။ ဒါကြောင့် သူ့ရှိသမျှ စည်းစိမ်တွေပယ်၊ ညီငယ်ကို လွှဲအပ်ပြီး တရားရှာ မှီးဖို့ ရဟန်းပြု တောထွက်သွားတော့တယ်။ ကာမ တောက လမ်းခွဲ တကယ့်တောထဲရောက်မှ ချမ်းသာ စစ်ရဲ့ လမ်းစ ဓမ္မအရသာကို သူ ချမ်းသာစစ်ရဲ့လမ်းစ ဓမ္မအရသာကို သူခံစားရတော့တယ်။
    ဒါပေမဲ့ အမွေ ကုဋေလေးဆယ်မက ရခဲ့လေသူ ညီရဲ့ဇနီး ခယ်မတစ်ယောက်မှာဖြင့် ဒီလောက် ငွေ ကြေးစည်းစိမ်တွေ အလကား ရတာတောင် စိုးတ ထင့်ထင့်နဲ့တဲ့။ သူခိုးဓားပြရန်ကြောက်လို့ မဟုတ်ဘူး။ ရဟန်းဝတ် တောထွက်သွားလေသူ သာသနာမှာ မပျော်လို့ ပြန်လာမှဖြင့် ဒီစည်းစိမ်တွေ ပြန်တောင်းခဲ့ ရင်ဆိုတဲ့ အဘိဇ္ဈာက နှိပ်စက်နေတာ။ ဒီအမွေတွေ ငါ့ကို တကယ်အပိုင်ပေးခဲ့တာမှာ ဟုတ်ပါလေစ၊ ဟိုက လူပြန်ထွက်လာရင် ခက်ရချည့်ဆိုတဲ့ စိတ်မချ တဲ့ ဗျာပါဒကလည်း မွှေနေပြီလေ။
    ဒီတော့ မကြံကောင်းမစည်ရာ ကြံစည်တော့ တယ်။ ခိုးသားငါးရာကို လူမိုက်ငှားပြီး ခဲအိုတော် တိဿရဟန်းကို သတ်ဖြတ်လုပ်ကြံစေတော့တယ်။ ခိုးသားတစ်ယောက်လျှင် အသပြာငါးရာစီပေးလို့ သတ်စေ-စေလိုက်တာပေါ့။ အမှုတော်ပြီးစီးအောင်မြင် လျှင် ထပ်ပြီး ချီးမြှင့်ပါဦးမယ်တဲ့။ ဒီလိုနဲ့ ခိုးသား ငါးရာဟာ ကုဋမ္ပိက တိဿရဟန်းကို တောနင်း ရှာဖွေကြတော့တယ်။ ဒီအချိန်မှာ တိဿရဟန်းကြီး ကတော့ဖြင့် ဘုရားဟောတရားကို မတွေ့တွေ့အောင် ရှာဖွေနေပြီ။ (ရှာဖွေပုံချင်း မတူကြဘူးနော်)
    ခိုးသားငါးရာက တိဿရဟန်းကို သတ်ဖို့ အားထုတ်နေတယ်။
    တိဿရဟန်းက ကိလေသာကိုသတ်ဖို့ အား ထုတ်နေတယ်။
    ခိုးသားငါးရာက တိဿရဟန်းကို သတ်နိုင်ရင် ငွေကြေးများစွာရမယ်။
    တိဿရဟန်းက ကိလေသာကို သတ်နိုင်ရင် ဝဋ် ေြ<ွကးကင်းပ တရားထူးရမယ်။
    အဆိုးနဲ့အကောင်း အဲဒီလောက်ထိ ဝေးကွာနေပေ မယ့် တောအုပ်ကြီးရဲ့ တစ်နေရာမှာ ခိုးသားငါးရာနဲ့
တိဿရဟန်း အနီးကပ်ဆုံး ဆုံမိကြပြီ။ ရဟန်းတစ် ပါးကို ခိုးသားငါးရာက ဝိုင်းထားလိုက်ကြချေပြီ။ မှောင်ရီပျိုးစ ညအမှောင်လည်း မင်းမူစ၊ မောဟ အမှောင် မင်းမူပြီးဖြစ်တဲ့ ခိုးသားငါးရာကို တိဿ ရဟန်းက မေးလိုက်တယ်။
    'ငါ့မှာ သပိတ်တစ်လုံးနဲ့ သင်္ကန်းသုံးထည်ပဲရှိ တယ်။ သင်တို့ လိုချင်တာ ယူသွားကြပါ'
    ခိုးသားခေါင်းဆောင်က ဓားကြီးဝင့်လျက် သပိတ်မလို၊ သင်္ကန်းမလို၊ ရဟန်း၏အသက်ကိုသာ လိုသည်ဆိုကာ ခယ်မက မှာလိုက်ပုံ ဇာတ်စုံခင်းပြ လေရာ ရဟန်းတိဿခမျာ ရှက်ကြောက်ဝေဒနာ ခံစားလိုက်ရရှာပါတယ်။ မလိုချင်လို့ စွန့်ပစ်ခဲ့တဲ့ ပစ္စည်းတွေ၊ စည်းစိမ်တွေက နောက်ယောင်ခံလိုက်ပြီး ဒုက္ခပေးနေပါပေါ့လားဆိုတဲ့ အတွေးကြောင့် ရှက်ရ ခြင်း၊ ခိုးသားငါးရာသတ်လို့ သေရမှာ မကြောက်ဘဲ တရားမရဘဲ သေရမှာကြောက်မိခြင်း၊ ဒါကြောင့် နောက်ဆုံးအားထုတ်ခြင်းဖြင့် အားထုတ်လိုသည်ဖြစ် ရကား တိဿရဟန်းဟာ တစ်ညတာ အသက်ရှင် ခွင့်ပေးဖို့ တောင်းပန်ပါတယ်။
    'သေမှာ ကြောက်သူချည်း၊ ညအချိန် သင်ထွက် ပြေးခဲ့သော် ငါတို့ရမယ့်မိုက်ကြေး မရနိုင်တော့ပြီ' လို့ဆိုကာ ခိုးသားခေါင်းဆောင်က သတ်မယ်တကဲ ကဲ။ တိဿရဟန်းက -
    'ထွက်ပြေးမှာ မပါလေနဲ့၊ ငါ အာမခံချက်ပေး မည်။ စိတ်ချချ နေကြလေ' ဟု ပြောဆိုရင်း အနီးရှိ ကျောက်တုံးကိုကောက်ယူပြီး သူ့ဒူးဆစ်ကို ရိုက်ချိုး ထုပစ်လိုက်ပါတော့တယ်။ သေမှာကြောက်တဲ့ ခိုး သားငါးရာဟာ သေမှာမကြောက်တဲ့ ရဟန်းတော်ကို တအံ့တသြ ယုံကြည်သွားကြပြီ။ အမှောင်တွင်းမှာ စိတ်ချလက်ချ အိပ်စက်ကြပြီ။ သွေးအလိမ်းလိမ်းဖြင့် ကိုယ်ရောစိတ်ပါ နာကျင်လှပါသော တိဿရဟန်း ကား သူ့ကမ္မဋ္ဌာန်းသူ စီးဖြန်းလျက်။
    ကိုယ့်အနာကို ရှုသည်၊ ရှုမရအောင် နာကျင် လျက်။
    ဝေဒနာကို ရှုသည်၊ ရှုမရအောင် ခံခက်လျက်။
    ဒီမှာ ရဟန်း ကမ္မဋ္ဌာန်းပြောင်းတော့တယ်။ ကာယကိုလည်း မရှု၊ ဝေဒနာကိုလည်း မမှတ်တော့ ဘဲ သူ့စိတ်ရဲ့စင်ကြယ်ပုံ၊ သူ့အကျင့်ရဲ့ အပြစ်ကင်းပုံ တို့ကိုသာ အာရုံပြုဆင်ခြင်လေရာ စိတ်ဟာ ကျေနပ် သွားတော့တယ်။ ကာယိကဒုက္ခနဲ့ ဝေဒနာကို စိတ် ဟာ ခံနိုင်ရည်ရှိလာပြီဖြစ်လို့ ကာယကို ရှုရင်းကပင်  တဆတ်ဆတ် တုန်နေတဲ့အရာကို တွေ့ခဲ့ပေပြီ။ ဝေဒနာရှုရင်းကပင် အတက်အကျ သဘာဝကို သိခဲ့ ရပေပြီ။
    ငါနှင့်ဒူးကြားမှာ ငါတခြား ဒူးတခြား၊ ငါနဲ့ ဝေဒနာကြား ငါတခြား အနာကတခြား လမ်းစပေါ်ခဲ့ ပေပြီ။ လမ်းစပေါ်လျှင် ချုပ်ငြိမ်းရာလမ်းဆုံးသို့ ရောက်ဖို့ကား မလွဲပြီ။ အမှောင်ညကုန်ဆုံး၍ အလင်း သို့လည်း ရောက်ခဲ့ချေပြီ။
    'ဒကာတို့ ထကြတော့၊ လင်းပြီ။ ထကြတော့၊ လင်းပြီ'
    ကုဋမ္ပိရဟန်းတော်က အာရုဏ်မတက်မီကပင် 'ရဟန္တာ'အဖြစ် ပွင့်ခဲ့လေပြီ။ မိမိအားသတ်မည့် အိပ် မောကျနေတဲ့ ခိုးသားငါးရာတို့ကို 'ထကြ...လင်းပြီ' ဟု နှိုးဆော်လျက်ကပင် အလိုလို ပရိနိဗ္ဗာန် ပြုသွား ခဲ့ပေပြီ။
    တစ်ဖက်က လောဘ၊ ဒေါသ၊ မောဟတို့ဖြင့် ချောက်ချားပူလောင်နေပါသော်လည်း တစ်ဖက်က ထာဝရငြိမ်းအေးခြင်းသို့ ရောက်ခဲ့ပေပြီ။ လောဘ၊ ဒေါသ၊ မောဟတို့၏ ကိုယ်စားလှယ်များကား အင် အားက အဆငါးရာ၊ လက်နက်ဓားလှံများကလည်း တဝင့်ဝင့်၊ ဓမ္မဘက်တော်သား ရှင်ရဟန်းကား တစ်ပါးတည်း။ သူ့လက်နက်ကား 'သတိ' ဟူသော အပ္ပမာဒ။ အလွန်အားကြီးလှသော ကိလေသာရန်သူ တို့ကို သတိဖြင့် အနိုင်တိုက်လျက် 'အမှောင်တွင်းမှ နိုးထကြ' ဟု လမ်းပြနှိုးဆော်ခဲ့လေပြီတကား။
(အညွှန်း။ ။ ၆-၆-၉၇ နတ်တလူတောရမှာ ဟောပါတယ်။)

မောင်သွေးချွန်