Monday, October 21, 2019

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

•နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

   မြတ်စွာဘုရားနှင့် ပတ်သက်လာလျှင် အသိဉာဏ်ပိုင်း ဆိုင်ရာ သမ္မာသမ္ဗုဒ္ဓဂုဏ်သည် ကိုယ်ကျင့်သိက္ခာဆိုင်ရာ အရဟံဂုဏ်ပေါ်၌ တည်၏။ အရဟံဂုဏ်တော်အရ သူတော်ကောင်း၊ အတုမဲ့သူတော်ကောင်း ဖြစ်သည်နှင့်တစ်ပြိုင်နက် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါ အားလုံး၏ ပူဇော်အထူးကို ခံထိုက်သည်မှာ အငြင်းပွားစရာ ပြဿနာ မဟုတ်တော့၊ အလိုအလျောက် လက်ခံပြီးသား ဂုဏ်ပင်ဖြစ်၏။

  ကိုယ်ကျင့်သိက္ခာလည်းကောင်း၏၊ အသိဉာဏ်နှင့်လည်း ပြည့်စုံ၏ ဟူ၍ ဆိုလျှင် ထိုပုဂ္ဂိုလ်မျိုးသည် မည်သည့်လုပ်ငန်းမျိုးကိုမဆို ထိုက်ထိုက်တန်တန် အကောင်အထည်ဖော်နိုင်သည်သာ ဖြစ်၏။ ထိုအခါ ထိုပုဂ္ဂိုလ်မျိုးကို ဘုန်းကံကြီးမားသူ ဟူ၍ ဆိုရ၏။ ထို့ကြောင့် ဘုန်းကံကြီးမားမှုသည် ကိုယ်ကျင့်သိက္ခာ ကောင်းမွန်မှုနှင့် အသိဉာဏ်ပြည့်စုံမှု အပေါ်၌ တည်၏။ 

  မြတ်စွာဘုရားနှင့်ပတ်သက်လာလျှင် ဘဂဝါဂုဏ်သည် အရဟံဂုဏ်နှင့် သမ္မာသမ္ဗုဒ္ဓဂုဏ် အပေါ်၌တည်၏။ ဘဂဝါ ဟူသည်မှာ ဘုန်းကံရှိခြင်း ဖြစ်၏။ ဘုန်းကံရှိခြင်းဟူသည်မှာ မည်သည့် လုပ်ငန်းမျိုးကိုမဆို ထိုက်ထိုက်တန်တန် အကောင်အထည်ဖော်နိုင်ခြင်း ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာ ကျမ်းစာများ၏ ပဏာမအနေဖြင့် 🙏 နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ 🙏 ဟူ၍ ပုဂ္ဂိုလ်တစ်ယောက်၌ အဓိက အကျဆုံးဖြစ်သော ဘဂဝါဂုဏ်၊ အရဟံဂုဏ်၊ သမ္မာသမ္ဗုဒ္ဓဂုဏ် ဟူသော ဂုဏ်တော် သုံးပါးကို ဖော်ပြခြင်း ဖြစ်၏။

   ဂုဏ်တော်သုံးပါးတို့တွင် ကိုယ်ကျင့် သိက္ခာဆိုင်ရာ အရဟံဂုဏ်တော်သည် အခြေခံ အကျဆုံးဖြစ်၏။ကိုယ်ကျင့်သိက္ခာ မြင့်မားလာလျှင် အသိဉာဏ်လည်း ထက်မြက်လာမည်။ ဘုန်းကံလည်းကြီးလာမည်။ ဤသည်များမှာ မလွဲမသွေ ဖြစ်ပေါ်လာမည့် ဖြစ်စဉ် ဖြစ်ရပ်များ ဖြစ်ကြသည်။ 

                        🌹ဦးရွှေအောင်🌹

Crd #အရှင်ခေမိန္ဒ

No comments:

Post a Comment