Sunday, June 21, 2020

❒ သူတော်ကောင်းသည် အားလုံးအတွက်ဖြစ်သည်


မြတ်စွာဘုရားက သမ္ဗုရိသ သုတ္တန် မှာ ဘယ်လိုဟောထားတုန်းဆိုတော့
❝သပ္ပရိသောဘိက္ခဝေ ကုလေ ဇာယမာနော ဗဟုနော
ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဟောတိ ❞
တဲ့။

မြတ်စွာဘုရား ဟောတာက မိမိတို့အမျိုးထဲမှာ ဥပမာမယ် မြန်မာဆိုရင် မြန်မာလူမျိုးတွေထဲမှာ
သူတော်ကောင်းတစ်ယောက် ပေါ်ထွန်းလာပြီဆိုရင် အများအတွက် ကောင်းကျိုးချမ်းသာတွေရဖို့ ဖြစ်လာတယ်။

ဟိတ ဆိုတဲ့ အခြေအနေကောင်းတွေ ဖြစ်ပေါ်စေတယ်။ အဲဒီ အခြေအနေကောင်းကို အကြောင်းပြုပြီး
တော့ သုခ ဆိုတဲ့ ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှုတွေ ရနိုင်တယ်လို့ မြတ်စွာဘုရားက ဟောတာ။
သူတော်ကောင်းတစ်ယောက် လူ့လောကမှာ မွေးဖွားလာပြီဆိုရင် အများကောင်းကျိုးချမ်းသာ ရဖို့အတွက်သာ ဖြစ်တယ်။ အများဆင်းရဲဖို့ အများကို ဒုက္ခပေးဖို့ မဖြစ်ဘူးတဲ့။ အများကောင်းစားဖို့အတွက် ဖြစ်လာတယ်။
ကောင်းကင်ယံက နေမင်းကြီး ထွက်လာတယ်ဆိုတာ အများအလင်းရောင် ရဖို့ဖြစ်တယ်။
တစ်ဦးတစ်ယောက်ထဲ အလင်းရောင်ရဖို့ မဟုတ်ဘူး။

မြတ်စွာဘုရားက အများအတွက် အကျိုးပြုတယ်ဆိုတာကို နားလည်အောင် ဘာပြောတုန်း ဆိုရင် “သူတော်ကောင်းတစ်ဦး ပေါ်ထွန်းလာခြင်းဟာ
မာတာပိတူနံ အတ္ထာယ ဟိတာယ သုခါယ မိဘနှစ်ပါးအတွက် ကောင်းစားဖို့ ဖြစ်လာတယ်။
သားသမီးက သူတော်ကောင်းဆိုရင် မိဘ ဘယ်လောက် စိတ်ချမ်းသာလိမ့်မတုန်းနော်။ ။
သားလိမ္မာ သမီးလိမ္မာဆိုတဲ့ သူတော်ကောင်းကို အကြောင်းပြုပြီးတော့ မိဘတွေဟာ
နှလုံးစိတ်ဝမ်း အေးချမ်းပြီး မကြောင့်မကြ မတောင့်မတ နေရတယ်။
အေး- သားဆိုးသမီးဆိုး ရထားပြီဆိုရင်တော့ မိဘတွေ ဒုက္ခရောက်ပြီပဲ။
ဒါကြောင့်မို့ သူတော်ကောင်းတစ်ယောက် ပေါ်ပေါက်လာပြီဆိုရင် နံပါတ်(၁) မိဘနှစ်ပါးအတွက် အကျိုးရှိတာပဲ။

ဘာနဲ့ ဥပမာတူတုန်းဆိုရင် အားလုံးအတွက် အကျိုး ဖြစ်ထွန်းတဲ့ ရာသီအခါကာလမှာ လိုအပ်နေတဲ့ အချိန်မှာ ကောင်းကင်ယံက ရွာချလိုက်တဲ့မိုးကြီးကို အကြောင်းပြုပြီး စိုက်ပျိုးရေးလုပ်ကြတဲ့ ဒေသအနှံ့အပြားမှာ စိုက်ပျိုးလို့ အဆင်ပြေလာတယ်။ ကောက်ပဲသီးနှံတွေ ဖြစ်ထွန်းလာတယ်။
သီးနှံဖွံ့ဖြိုးတိုးတက်စေတဲ့ မိုးကြီးဟာ ကောင်းကင်ယံက ရွာချလိုက်ပြီဆိုရင် အများအတွက် အကျိုး ဖြစ်စေသလို လူ့လောက လူမျိုးတစ်မျိုးမှာ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ သူတော်ကောင်းပုဂ္ဂိုလ်, ကောင်းမြတ်တဲ့ အရည်အချင်းနဲ့ ပြည့်စုံသူ တစ်ဦးတစ်ယောက် ပေါ်လာပြီဆိုရင် အများအတွက် အကျိုးဖြစ်တယ်။ အများအတွက်ဆိုသည်မှာ မိဘ နှစ်ပါးအတွက်လည်း ကောင်းစားဖို့ ဖြစ်လိမ့်မယ်။

နံပါတ်(၂)က အိမ်ထောင်ရှိလို့ သားသမီးတွေ ရှိရင်လည်း ပုတ္တဒါရဿ အတ္ထာယ ဟိတာယ သုခါယ သူ့မိသားစုလည်း သူ့ကိုအမှီပြုပြီးတော့ ချမ်းသာသုခတွေ ရမယ်။

နောက်တစ်ခု နံပါတ်(၃)က ဒါသကမ္မကရ ပေါရိသဿ သူ့ကို အမှီပြုနေကြရတဲ့ အလုပ်သမားတွေ အမှုထမ်းအရာထမ်းတွေ အတွက်လည်း အကျိုးဖြစ်ထွန်းတယ်။

နောက် နံပါတ်(၄)အနေနဲ့ မိတ္တာမစ္စာနံ မိတ်ဆွေတွေ အပေါင်းအသင်းတွေ အတွက်လည်း ကောင်းကျိုးချမ်းသာတွေ ရကြတယ်။

နံပါတ်(၅)ကျတော့ ပုဗ္ဗပေတာနံ တမလွန်ဘဝ ပြောင်းသွားကြတဲ့ ဆွေဟောင်းမျိုးဟောင်း မိတ် ဟောင်းဆွေဟောင်းတွေ ကံမကောင်း အကြောင်း မလှလို့ ပြိတ္တာဘုံရောက်သွားလို့ စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဖြစ်နေတဲ့ တမလွန်လောကမှာရှိတဲ့ ဆွေတွေမျိုးတွေ အတွက်လည်း သူက အကျွတ်အလွတ်ပွဲတွေ လုပ်ပြီး အမျှအတန်း ပေးဝေသည့်အတွက်ကြောင့် သူ့ကို အကြောင်းပြုပြီး ချမ်းသာသုခ ရကြတယ်။ အမျှဝေတဲ့အခါ သာဓုခေါ်လိုက်ရင် လွတ်မြောက် သွားကြပြီး ကောင်းကျိုးချမ်းသာတွေ ရကြတယ်။

နံပါတ်(၆)ကျတော့ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းစိုးရာဇာတွေအတွက်လည်း သူက ကျေးဇူးပြုတယ်။ သူတစ်ယောက်ကို အမှီပြုပြီးတော့ တိုင်းပြည် တစ်ခုလုံးဟာ သာယာဝပြောမှု ရှိလာတယ်။ လူတော်လူကောင်းကို အကြောင်းပြုပြီး တိုင်းပြည်မှာ စီးပွားတိုးတက်လာတယ်။ ကြီးပွားတိုးတက်လာ တယ်။ အသိပညာတွေ တိုးတက်လာတယ်။ အဲဒီလို တိုးတက်မှုတွေကို ဖြစ်ပေါ်စေတယ်။

နောက် နံပါတ်(၇)ကျတော့ ဒေဝတာနံ ကိုယ်မမြင်ရ ပေမယ့်လို့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အိမ်စောင့်နတ်တို့ တောစောင့်နတ်တို့ တောင်စောင့်နတ်တို့ဆိုတာ ရှိတယ်။ စောင့်ဆိုတဲ့ အဓိပ္ပါက duty ချထားလို့
စောင့်တာတော့ မဟုတ်ဘူး။ ကိုယ့်အိမ်ကို အမှီပြုပြီး ဖြစ်နေတဲ့နတ်ကို အိမ်စောင့်နတ်လို့ ခေါ်တာနော်။
အေး အိမ်ကို စောင့်ရမယ်လို့ တာဝန်ပေးထားတာ လို့တော့ မအောက်မေ့လေနဲ့။ ကိုယ်စောင့်နတ်ဆိုတာလည်း ကိုယ့်ခန္ဓာကိုယ်နဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်နေတဲ့ သတ္တဝါတစ်မျိုးပဲ။ စဉ်းစားကြည့်လေ ကိုယ့်မှာ အိမ်လေး ဆောက်ထားပြီဆိုလို့ရှိရင် အိမ်မြှောင်တို့ ပိုးဟက်တို့ အကောင်ပလောင်တွေဟာ ရောက်လာတာပဲလေ။ အဲဒီလိုပဲ ကိုယ်မမြင်ရတဲ့ နတ်တွေ ဘာတွေဆိုတာလည်း ကိုယ့်အိမ်နဲ့ ဆက်စပ်ပြီး သူတို့ ဘုံဗိမာန်တွေ ဖြစ်နေတာ။ အဲဒါကိုပဲ အိမ်စောင့်နတ် လို့ ခေါ်တာ။

သစ်ပင်ကို အမှီပြုပြီး ဘုံဗိမာန်တွေဖြစ်လာ တဲ့အခါ ရုက္ခစိုးလို့ ခေါ်တယ်။ မြေကြီးပေါ်မှာ ဘုံဗိမာန်ပေါ်လာရင် ဘုမ္မစိုးလို့ခေါ်တယ်။ အဲဒါ တွေက ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတတ်တယ်။ အဲဒီလို ရှိနေတာကို “သူလည်း သူ့ဟာသူနေ၊ ကိုယ်လည်း ကိုယ့်ဟာကိုယ်နေ” ဆိုတာမျိုး မဟုတ်ဘဲနဲ့ မိမိကိုယ်တိုင်က အသိအမှတ် ပြုပြီးတော့ ကုသိုလ်ကောင်းမှုလုပ်တိုင်း မိမိအနီးပါးမှာရှိတဲ့ နတ်တွေကို ချမ်းသာကြပါစေ၊ ကုသိုလ်ကောင်းမှု အမျှဝေပါတယ်၊ အမျှယူကြပါလို့ အမျှဝေလို့ အမျှရတဲ့အခါကျရင် ဘုန်းတန်ခိုးတွေ တိုးတက်သွားတယ်။ နတ်ဆိုတာ လုပ်ကိုင်စားသောက်ရတဲ့ အမျိုးအစား မဟုတ်ဘူး၊ သာဓုခေါ်လိုက်လို့ ကုသိုလ်ကောင်းမှု တိုးသွားရင် အစွမ်းတန်ခိုးတွေ တိုးသွားတယ်၊ စီးပွားတိုးသွားတယ်လို့ ခေါ်တယ်။တွေကျတော့ အလုပ်အကိုင်လုပ်မှ စီးပွားတိုးတက်တယ်။

လူတွေက ဥဌာန ဖလူပဇီဝီ- လုပ်ကိုင် စားသောက်မှ စီးပွားဥစ္စာဖြစ်တယ်၊ ဒီအတိုင်းထိုင်နေ လို့ ဘာမှဖြစ်မလာဘူး။ နတ်တွေကျတော့ အဲလို မဟုတ်ဘူး၊ ကုသိုလ်ကောင်းမှု ပြုလိုက်လို့ သာဓု ခေါ်လိုက်ရရင် ဘုန်းတန်ခိုးတိုးသွားတယ်။ အရည်အချင်းတွေ တက်သွားတယ်။ အဝတ်အစားတွေ ပိုကောင်းလာတယ်။ ဘုံဗိမာန်တွေ ပိုကောင်းလာတယ်။ စားစရာ သောက်စရာတွေ ပိုပြည့်စုံလာတယ်။ အရှိန်အဝါတွေ ပိုတက်လာတယ်။ ကိုယ်က မပြတ်မေတ္တာပို့ပေးတယ် အမျှဝေပေးတယ်ဆိုရင် အဲဒီအမျှကို သာဓုခေါ် ရတဲ့ နတ်တွေဟာ တန်ခိုးတိုး တက်သွားတယ်။

ဒါကြောင့်မို့လို့ သူတော်ကောင်းဆိုတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်ဘာလုပ်လုပ် နတ်တွေကို အမျှဝေဖို့ မမေ့ဘူး။ သူအမျှဝေတာကို အကြောင်းပြုပြီး သူ့ပတ်ဝန်းကျင်က နတ်တွေဟာ ကုသိုလ်ရဲ့ အဖို့ ဘာဂတွေရပြီး ဘုန်းတန်ခိုးတွေ တိုးတက်ကြတော့ အဲဒီ နတ်တွေကလည်း သူ့ကို စောင့်ရှောက်ကြတာပေါ့။ ကိုယ်မမြင်ရလို့ မယုံဘူးမပြောနဲ့။ မြတ်စွာဘုရားကိုယ်တိုင်က ဘယ်လိုပြောထားတုန်းဆိုတော့ ယသို့ ပဒေသေ ကပ္ပတိ၊ ဝါသံ ပဏ္ဍိတဇာတိယော စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာ အရပ်တစ်ခုခုမှာ နေတယ်ဆိုရင် ကုသိုလ်ကောင်းမှုလုပ်ပြီး အဲဒီ ကုသိုလ်ကောင်းမှုရဲ့ အဖို့ဘာဂကို ပတ်ဝန်းကျင်မှာ ရှိတဲ့ နတ်တွေကို အမျှဝေပါတဲ့။
အမျှဝေလိုက်လို့ ရှိရင် နတ်တွေက ကိုယ့်ကို စောင့်ရှောက်လိမ့်မယ်။
ကိုယ်က အမျှအတန်းပေးဝေတော့ သူတို့မှာဘုန်းတန်ခိုးတွေ တက်တယ်။ ဘုန်းတန်ခိုး တက်
တော့ ကိုယ့်ပေါ်မှာ အကြင်နာတရားတွေ ထားလာတယ်။

ဒေဝတာနုကမ္ပိတော ပေါသော၊ သဒါ ဘဒြာနိ ပဿတိ နတ်တွေရဲ့ အစောင့်အရှောက်ရ တဲ့ပုဂ္ဂိုလ်ဟာ အကောင်းချည်းပဲ တွေ့တယ်။ တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီးကြုံလာတယ်။ ဘာလုပ်လုပ် အဆင်ပြေလာတယ်၊ အန္တ ရာယ်တွေ ကင်းလာတယ်။ မာတာပုတ္တံဝ ဩရသံ မိခင်က သားသမီးအပေါ်မှာ စောင့်ရှောက်သလို နတ်တွေက ကိုယ့်အပေါ်မှာ အကြင်နာတွေ မေတ္တာ
တွေပိုပြီးတော့ ကိုယ့်ကိုယ် စောင့်ရှောက်လာတယ်။ ဒါကြောင့်မို့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်မမြင်ရ တဲ့နတ်တွေကို ကုသိုလ်ကောင်းမှုလုပ်တိုင်း အမျှဝေရ မယ်။ ဘုရားဆွမ်းတော်တင်, ဆီမီး, ပန်း, ရေချမ်း
လှူဒါန်းပြီးရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်စောင့် နတ်တို့ ဘာတို့ကို ဖိတ်ခေါ်ပြီး အမျှအတန်း ပေးဝေ ရမယ်။ အဲဒီလို သူတော်ကောင်းပုဂ္ဂိုလ်တွေဟာ
ကောင်းတဲ့အလုပ်တွေကို လုပ်ပြီးတိုင်း အမျှအတန်း ပေးဝေကြတယ်။ အဲဒီအမျှအတန်း ပေးဝေမှုကြောင့် နတ်တွေကိုလည်း အကျိုးပြုရာ ရောက်တယ်ပေါ့
နော်။ ဒါကြောင့် သူတော်ကောင်းပုဂ္ဂိုလ်သည် အားလုံးအတွက် ဖြစ်တယ်။

အေး နောက်ဆုံးတစ်ခု နံပါတ်(၈)ကျတော့ သမဏဗြာဟ္မဏာနံ အတ္ထာယ ဟိတာယ သုခါယသမဏ ဗြာဟ္မဏဆိုတာ ရဟန္တာပုဂ္ဂိုလ်တွေ သို့မဟုတ် ဘာသာရေးကိစ္စ ဆောင်ရွက်နေကြတဲ့ သူတော်စင် သူတော်မြတ်တွေကိုလည်း အကျိုးပြုတယ်။ သူတော်ကောင်းပုဂ္ဂိုလ်က ဒီလိုတွေ အကျိုး ပြုတယ်။ အားလုံးကို အကျိုးပြုတယ်။ ဒါကြောင့်မို့အားလုံးအတွက်ဖြစ်သည် သူတော်ကောင်းသည် အားလုံးအတွက် ဖြစ်သည်။ သူ့ကို အမှီပြုပြီးတော့ အားလုံးဟာ ချမ်းသာသုခ ရကြတာ ဖြစ်တယ်။ ဒါဟာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကိုယ်တော်တိုင် ဟောခဲ့တဲ့ သမ္ဗုရိသ သုတ္တန်အရ ရှင်းလင်းပြောပြခြင်းပဲ ဖြစ်တယ်ပေါ့။
တရားချစ်ခင်သူတော်စင် ပရိသတ်အပေါင်း တို့၊ သူတော်ကောင်းရဲ့ အရည်အချင်းတွေပြည့်မှ သူတော်ကောင်းဖြစ်မှာမို့ မိမိတို့ကိုယ်တိုင် သူတော်
ကောင်းဖြစ်အောင် ကြိုးစားခြင်း၊ ထိုသူတော်ကောင်း တစ်ယောက်ကို အကြောင်းပြုလို့ ရှိရင် အားလုံးဟာ ချမ်းသာသုခ ရကြတယ်။ မိုးကို အကြောင်းပြုပြီး တော့ ကောက်ပဲသီးနှံတွေ ဖြစ်ထွန်းလာတဲ့အခါ ကောက်ပဲသီးနှံ ကို အမှီပြုနေကြရတဲ့လူတွေ
ကောင်းစားသလို သူတော်ကောင်း တစ်ယောက်ကို အကြောင်းပြုပြီးတော့ အားလုံး ကောင်းစားကြတယ်
ဆိုတာကို မှတ်သားနာယူပြီး မိမိတို့ကိုယ်တိုင် သူတော်ကောင်းဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။







Wednesday, June 17, 2020

❒ ဗုဒ္ဓဘာသာဝင်တွေ အဓိဋ္ဌာန်ဝင်ပြီး ဆုတောင်းတာ အဓိပ္ပါယ်ရှိသလား

https://drive.google.com/uc?export=view&id=1bJ9_4A2fbbQ4l-RQXU5mh-8DIP0UkajX

လူငယ်တွေ ဘာသာရေးနဲ့ပတ်သက်ပြီး မေးမြန်းကြတဲ့ မေးခွန်းတွေကို အောက်စဖို့ဒ်ဆရာတော် ပါမောက္ခဒေါက်တာဓမ္မသာမိရဲ့ တက္ကသိုလ်တွေမှာ ပြုလုပ်တဲ့ တရားသင်တန်းတွေ၊ တရားပွဲတွေမှာ ထင်ထင်ရှားရှားတွေ့ရလေ့ ရှိပါတယ်။ လူငယ်တွေရဲ့အသံ (ဝါ) တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ ရဲ့မေးခွန်းတွေကို အားစိုက်နားထိုက်တဲ့အခါမှာ သိချင်လို့မေးတဲ့ မေးခွန်းတွေ တွေ့ရသလို ဝိရောဓိဖြစ်နေတာကြောင့် မေးတဲ့မေးခွန်းတွေကိုလည်းပဲ တွေ့ ရပါတယ်။ ဒါ့အပြင် ယုံကိုမယုံဘူးဆိုတဲ့ သံသယစိတ်ကြီးကြီးနဲ့ 
မေးတဲ့မေးခွန်းတွေကိုလည်းပဲ တွေ့ရလေ့ရှိပါတယ်။ 

ဘယ်လိုပဲဖြစ်ပါစေ မေးခွန်းတွေ  များလာခြင်းဟာ ကောင်းတဲ့ဓလေ့ဖြစ် တယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ လူငယ်တွရဲ့ စူးစမ်းရှာဖွေမှု အတွက် ထိုက်တန်တဲ့အဖြေတွေပေးနိုင်မှသာလျှင် အဲဒီဓလေ့ကောင်းက ထွန်းကားရှင်သန်လာမှာဖြစ်ပြီး လူငယ်တွေရဲ့ ရင်ထဲမှာလည်း ဘာသာတရားနဲ့ပတ် သက်ပြီး လေးစားတန်ဖိုးထားတဲ့စိတ်တွေ ပိုပြီး အားကောင်းလာမှာဖြစ်ပါတယ်။

၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ 'မုဒိတာဦး နှောက်ဖြင့် မုဒိတာတိုင်းပြည်တည်ဆောက်ခြင်း' 
ဆိုတဲ့ အောက်စဖို့ဒ်ဆရာတော်ရဲ့ တရားသင်တန်း အမေးအဖြေကဏ္ဍမှာ လူငယ် စိတ်အပြည့်နဲ့မေးထားတဲ့ မေးခွန်းတစ်ခုကို အခုလိုတွေ့ရပါတယ်။

'ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။ တပည့်တော်တို့ ဗုဒ္ဓဘာသာ ဝင်တွေမှာ အဓိဋ္ဌာန်ဝင်၍ လိုရာဆုတောင်းခြင်း၊ ပဋ္ဌာန်းရွတ်၍ လိုရာဆုတောင်း ခြင်း၊ မည်သည့်ဘုရား မည်သည့်ပုတီး မည်မျှစိပ်၍ လိုရာဆုတောင်းခြင်း စတာတွေက အဓိပ္ပါယ်ရှိပါသလားဘုရား။ မိမိအတွက် တကယ်ကောင်းကျိုး ပေးသည်ဖြစ်စေ သို့မဟုတ် အကုသိုလ်မဖြစ်သည်နှင့် ဗုဒ္ဓဘာသာစစ်တစ် ယောက်အနေနဲ့ အထက်ဖော်ပြပါအရာများ လွှဲမှားနေသည်ဆိုလျှင် လုပ်သင့်ပါ သလားဘုရား' ... တဲ့။

အဓိဋ္ဌာန်ဝင်ပြီး လိုရာဆုတောင်းတာ အဓိပ္ပါယ်ရှိရဲ့လားတဲ့၊ ပဋ္ဌာန်းရွတ်၊ ပုတီးစိပ်ပြီး လိုရာဆုတောင်းတာ အဓိပ္ပါယ်ရှိရဲ့လား .. တဲ့။ 
လူငယ်စိတ်မှာ ကပ်ပြီးပေါက်နေတဲ့ သံသယညောင်ပင်ငယ်လေးက အန္တရာယ်တွေအပြည့်နဲ့။ အဲဒီ သံသယတွေကို အောက်စဖို့ဒ်ဆရာတော်က ကရုဏာစိတ်ကြီးကြီးနဲ့ အဖြေပေးပုံကလည်း ပညာတွေအပြည့်နဲ့။

'အဓိဋ္ဌာန်ဝင်ပြီးတော့ လိုရာဆုတောင်းတယ်ဆိုတာ အခန်းကဏ္ဍတစ်ဏ္ဍစီ။ တစ်ခုက အဓိဋ္ဌာန်ဝင်တာ၊ တစ်ခုက လိုရာဆုတောင်းတာ။ လိုရာဆုတောင်း တာက သူ့ရဲ့ incentive(မက်မောလောက်တဲ့အခွင့်အလမ်း)ဖြစ်ပြီး အဓိဋ္ဌာန် ဝင်တာကတော့ ကောင်းတဲ့အလုပ်' လို့ ဆရာတော်က 'အဓိဋ္ဌာန်ဝင်ဆုတောင်း ခြင်း'မှာ မတူညီတဲ့ အခြေအနေနှစ်ရပ်ရှိကြောင်းကို ဦးစွာရှင်းပြပါတယ်။

(က)#အဓိဋ္ဌာန်ဝင်ခြင်းနဲ့ (ခ)#ဆုတောင်းခြင်းဆိုတဲ့ အခြေအနေနှစ်ရပ်ကို ဘယ်လိုစိတ်ထားမျိုးနဲ့ ပြုလုပ်နေသလဲဆိုတာကို သိမှသာလျှင် 'အဓိဋ္ဌာန်ဝင်ပြီး လိုရာဆုတောင်းတာ အဓိပ္ပါယ်ရှိရဲ့လား'ဆိုတဲ့ မေးခွန်းရဲ့ အဖြေကိုရနိုင်မှာ ဖြစ်ကြောင်း ဆရာတော်က ဆက်ပြီးရှင်းပြပါတယ်။

ဗုဒ္ဓတရားတော်မှာ ရှိပြီးဖြစ်တဲ့ အကြောင်းအရာများကို Clinical Psychology (လက်တွေ့စိတ်ပညာ)က ပုံစံတစ်ခုအနေနဲ့ သုံးပြီး ရှင်းပြထားတာ ရှိကြောင်းနဲ့ စိတ်က အာရုံပြုတဲ့အပေါ်မူတည်ပြီး ခွဲခြားထားတာဖြစ်ကြောင်း ဆရာတော်က ဆိုပါတယ်။ ဆရာတော် ဟောပြောရှင်းပြခဲ့တဲ့ စိတ်အခြေအနေတွေကို ပိုပြီးလွယ်လွယ်ကူကူမြင်သာအောင် တင်ပြပုံတစ်မျိုးနဲ့ ပြန်လည်ဖော် ပြလိုပါတယ်။ အဲဒီလိုဖော်ပြတဲ့နေရာမှာ အမှားအယွင်းတစ်စုံတစ်ရာရှိခဲ့ရင်တော့  အောက်စဖို့ဒ်ဆရာတော်နဲ့သက်ဆိုင်ခြင်းမရှိဘဲ ကျွန်တော်ရဲ့ တာဝန်ရှိကြောင်း ကိုလည်း ပြောလိုပါတယ်။ ဆရာတော်က စိတ်ရဲ့အခြေအနေတွေကို အခုလို  ရှင်းလင်းပြထားပါတယ်။

(က)Threat-Focused Mind (အကြောက်တရားကမောင်းနှင်တဲ့စိတ်)
ပထမဆုံးတစ်ခုကတော့Threat-Focused လို့ခေါ်ပါတယ်။ 
ကြောက်စိတ်ကိုအာရုံပြုပြီး တစ်ခုခုလုပ်တာပါ။ ဥပမာ ကြောက်လို့ စာကျက်တာမျိုးပါ။ သူများအထင်သေးမှာစိုးလို့ စာကျက်တာမျိုးပါ။ အဲဒီမှာ စာကျက်တာက ကောင်းပြီး ကြောက်တာက ဆိုးပါတယ်။ အကြောက်တရားက မောင်းနှင်တဲ့ စိတ်နဲ့ အလုပ်လုပ်မယ်ဆိုရင် အကောင်းအဆိုးရောနေတာကြောင့် ရာနှုန်းပြည့် ကောင်းတယ်လို့ ဆိုလို့မရနိုင်ပါဘူး။

ဒါကိုသိပ္ပံနည်းကျရှင်းမယ်ဆိုရင် အကြောက်တရားကမောင်းနှင်တဲ့စိတ် နဲ့ တစ်ခုခုကိုအာရုံပြုအလုပ်လုပ်တယ်ဆိုရင် ခန္ဓာကိုယ်က #ကောတီဆောဟိုမုန်း (cortisol hormone)တွေ ထုတ်ပါတယ်။ ကောတီဆောဟိုမုန်းဆိုတာက အာရုံကြောဆိုင်ရာ ဓာတုပစ္စည်းတစ်မျိုးပါ။ သူက စိတ်ဖိစီးမှုကို တုံ့ပြန်နေတဲ့ အချိန်အတွင်းမှာ ထွက်တတ်ပြီး ကျောက်ကပ်အထက်နားမှာရှိတဲ့ #အဒရီနယ်အကျိတ်(adrenal glands)က ထုတ်ပေးတာဖြစ်ပါတယ်။ အဲဒီဟိုမုန်းရဲ့ လုပ်ဆောင်ချက်ကတော့ ဦးနှောက်မှာရှိတဲ့ #အမိတ်ဒလာ(Amygdala)ကိုနှိုးပြီး  #ဟစ်ပိုကမ်းပတ်စ်(ံHippocampus)ကို ဟန့်တားတာပါပဲ။

ဒီနေရာမှာ ထပ်ပြီးရှင်းရမှာက #အမိတ်ဒလာနဲ့ #ဟစ်ပိုကမ်းပတ်စ်ပါ။ #ဟစ်ပိုကမ်းပစ်က လေ့လာမှုနဲ့ မှတ်သားမှုပိုင်းကို အဓိကတာဝန်ယူလုပ်ဆောင်တာ ဖြစ်ပြီး #အမိတ်ဒလာကတော့ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း ..စတဲ့ စိတ်ပိုင်း ဆိုင်ရာ တုံ့ပြန်မှုတွေကို အဓိကပြုလုပ်တာပါ။ #အမိတ်ဒလာဟာ မကောင်းတော့ဘူးဆိုတဲ့ စိတ်ခံစားမှုရဲ့ အချက်ပေးခေါင်းလောင်းသံဖြစ်ပြီး တိုက်ခိုက်ဖို့ ဒါမှမဟုတ် ထွက်ပြေးဖို့ အလုပ်လုပ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ဟစ်ပိုကမ်းပတ်စ်ကတော့ မှတ်ဉာဏ်အသစ်တွေဖွဲ့စည်းပြီး ခြိမ်းခြောက်မှုအသစ်တွေ ကိုရှာဖွေတဲ့ ဦးနှောက်ရဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ ပိုပြီးရှင်းအောင်ပြော ရမယ်ဆိုရင်တော့ #အမိတ်ဒလာက ခံစားချက်နဲ့အလုပ်လုပ်ပြီး #ဟေပိုကမ်းပတ်စ်က အချက်အလက်နဲ့ အလုပ်လုပ်တာပါ။

ဆိုတော့Threat-Focus လို့ခေါ်တဲ့ အကြောက်တရားကမောင်းနှင်တဲ့စိတ် နဲ့ (ဝါ) အကြောက်တရားကို အခြေခံတဲ့စိတ်အခြေအနေနဲ့ ကိစ္စရပ်တစ်ခုခုကို ပြုလုပ်မယ်ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်မှာ ပျော့ကွက်တွေ၊ အားနည်းချက်တွေ ရှိ နေဦးမှာပဲလို့ ဆရာတော်က မိန့်ကြားတော်မူပါတယ်။ ပျော့ကွက်၊ အားနည်း ချက်တွေရှိတဲ့အတွက် သူများဝေဖန်တာကို မခံနိုင်ဘူးလို့လည်း ဆိုပါတယ်။ ဒါက စိတ်အခြေအနေတစ်ရပါ။

(ခ) Incentive-focused Mind (မက်လုံးကမောင်းနှင်တဲ့စိတ်)
ဒုတိယတစ်ခုကတော့ Incentive-focused Mind လို့ခေါ်ပါတယ်။ မြန်မာလို မက်လုံးကမောင်နှင်တဲ့စိတ်လို့ပဲ ဆိုကြပါစို့။ သူက ဆုလာဒ်တွေကိုတွေးပြီးတော့ ကြိုးစားတာမျိုးပါ။ 'စာမေးပွဲအောင်ရင် လိုချင်တာဝယ်ပေးမယ်'ဆိုတဲ့ မိဘရဲ့ ကတိကို ရည်စူးပြီး စာမေးပွဲအောင်အောင် ကြိုးစားတာမျိုးပေါ့။

ဆန်လိုချင်လို့ ဆီပေးတာမျိုးနဲ့လည်းဆင်ပါတယ်။ လူတစ်ယောက်က ကံကောင်းချင်လို့ ငါးပါးသီလဆောက်တည်တယ်ပဲ ဆိုပါတော့။ ငါးပါးသီလ ဆောက်တည်တာ တခြားလူတွေအတွက်လည်းကောင်းတယ်၊ သူ့အတွက်လည်း ကောင်းတယ်။ ဆိုးတာက လောကကိုအခြေခံနေတဲ့ စိတ်နေစိတ်ထားပါ။

အဲဒီလိုမက်လုံးက မောင်းနှင်တဲ့စိတ်နဲ့တစ်ခုခုကို လုပ်နေမယ်ဆိုရင် 
#ဒိုပါမင်း (Dopamine) ဆိုတာကို ထုတ်ပါတယ်။ ဒိုပါမင်းဆိုတာက နျူရိုမော် ဂျူလေတာပါ။ ဒိုပါမင်းက ဆုလာဘ်တွေ၊ အာရုံစိုက်မှုတွေပတ်သက်ပြီး ချဉ်းကပ်သောအပြုအမှုတွေကို မြှင့်တင်ပေးတယ်လို့ ဆိုပါတယ်။

(ဂ) Affiliative-focused Mind(အများအကျိုးလိုလားတဲ့စိတ်)
အများအကျိုးလိုလားတဲ့စိတ်ကတော့ ရှေ့ကဖော်ပြခဲ့ပြီဖြစ်တဲ့ စိတ်အခြေ အနေနှစ်ရပ်နဲ့ကွာခြားပါတယ်။ 

ကျောင်းသားတစ်ယောက်ကိုပဲ ဥပမာအနေနဲ့ကြည့်ရအောင်ပါ။ 
သူက အများအကျိုးလိုလားတဲ့စိတ်နဲ့ ကျောင်းသားဆိုပါတော့။ သူစာကျက်တဲ့အခါမှာ 
(၁)Threat-Focused(အကြောက်တရားကမောင်းနှင်တဲ့စိတ်)နဲ့ကလေး  တစ်ယောက်စာကျက်နေသလိုမျိုး သူများအထင်သေးမှာကြောက်လို့ စာကျက် တာမဟုတ်ဘူး၊ စာမေးပွဲကျမှာ ကြောက်လို့စာကျက်တာမဟုတ်ဘူး၊ 
(၂)Incentive-focused(မက်လုံးကမောင်းနှင်တဲ့စိတ်)နဲ့ ကျောင်းသား စာကျက်နေသလိုမျိုး စာမေးပွဲအောင်ရင် လိုချင်တာဝယ်ပေးမယ်ဆိုတဲ့ ကတိ ကဝတ်သူ့ရဲ့မိဘတွေဆီက ရလို့စာကျက်တာလည်း မဟုတ်ဘူး။ သူစာကျက်တာဟာ 'ဆင်းရဲပြီး ကျန်းမာရေးချို့တဲ့ အောက်ခြေလူတန်းစားတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ဖို့'ဆိုတဲ့Affiliative-focused (အများအကျိုး လိုလားတဲ့စိတ်)စာကျက်တာသာ ဖြစ်တယ်။

စိတ်နေစိတ်ထားကိုAffiliative-focused (အများအကျိုးလိုလားတဲ့စိတ်) ထားတဲ့အချိန်မျိုးဆိုရင် #အောက်ဆီတော်ဆင်oxytocin ထုတ်ပေးပါတယ်။ အောက်စီတော်ဆင်ဆိုတာ နျူရိုပက်ပတိုက်ဖြစ်ပါတယ်။ အောက်စီတော်ဆင်က ကလေးငယ်များအတွက် အမူအကျင့်တွေကို ပြုစုပျိုး ထောင်မှုနဲ့ ဖိုမစုံတွဲတွေရဲ့ သံယောဇဉ်ချည်နှောင်မှုကိုမြှင့်တင်ပေးပါတယ်။ ပျော်ရွှင်မှု၊ ချစ်ခြင်းမေတ္တာတွေနဲ့ ဆက်စပ်နေပြီး အမျိုးသမီးတွေမှာရှိတဲ့ အောက် ဆီတော်ဆင်က အမျိုးသားတွေထက် ပိုများတယ်လို့လည်း ဆိုပါတယ်။ မိခင်က ကလေးကို နို့ချိုတိုက်တဲ့အခါ၊ ကလေးကိုစောင့်ရှောက်တဲ့အခါဖြစ်တဲ့ ဟော်မုန်း က အောက်ဆီတော်ဆင်ထုတ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီစိတ်နေသဘောထားသုံးရပ်ကို ထပ်ပြီးအနှစ်ချုပ်မယ်ဆိုရင် Threat-focused (အကြောက်တရားကမောင်းနှင်တဲ့စိတ်)က ဒေါသ၊ Incentive-focused(မက်လုံးကမောင်းနှင်တဲ့စိတ်)က လောဘဖြစ်ပြီးAffiliative - focused (အများအကျိုးလိုလားတဲ့စိတ်)က ကရုဏာဖြစ်ပါတယ်။

အောက်စဖို့ဒ်ဆရာတော် ပါမောက္ခဒေါက်တာဓမ္မသာမိက ... 'ကရုဏာကို မြတ်စွာဘုရားက သောဘနစေတသိက်တဲ့။ သောဘနစေတသိက်ဆိုတာ ပါဠိလိုပေါ့။ အင်္ဂလိပ်လိုBeatiful Heart  တဲ့။ လှပတဲ့ နှလုံးသား တဲ့။ အများအတွက်တွေးပြီးတော့မှ စာကျက်တာ၊ အများအတွက် တွေးပြီးတော့မှ အဓိဋ္ဌာန်လုပ်တာဆိုရင် သိပ်ကောင်းတယ်' လို့ ရှင်းပြတော်မူပါတယ်။

ဆိုတော့ ဒီစာစုရဲ့အစမှာ ဖော်ပြထားတဲ့ 'အဓိဋ္ဌာန်ဝင်ပြီး လိုရာဆုတောင်း တာ အဓိပ္ပါယ်ရှိရဲ့လား'ဆိုတဲ့ မေးခွန်းကို ပြန်ကောက်ရရင်  မေးခွန်းက မပြည့်စုံဘူးလို့ ပြောရမှာဖြစ်ပါတယ်။
အဓိဋ္ဌာန်ဝင်ပြီးလိုရာဆုတောင်းတာ အဓိပ္ပါယ်ရှိ၊ မရှိဆိုတာကို ဖြေကြားဖို့ အတွက် ဘယ်လိုစိတ်နေသဘောထားမျိုးနဲ့ အဓိဋ္ဌာန်ဝင်ပြီး ဘယ်လိုဆုမျိုးကို တောင်းနေသလဲဆိုတာကို ကျွန်တော်တို့တတွေ ပြန်ကြည့်ကြရဦးမှာပါ။

'အဓိဋ္ဌာန်လုပ်တဲ့နေရာမှာ ဘာလိုချင်၊ ညာလိုချင်တယ်။ အဲဒီလိုဆိုရင်  incentive-focused မှာပါသွားတယ်။ ဘာကို ကြောက်လို့လုပ်တယ်ဆိုရင်လည်း threat-focused ထဲမှာပါသွားပြီ' လို့ ဆရာတော်က ရှင်းပြတော်မူပါတယ်။ ဒါ့အပြင် 'ဘာလိုချင်လို့ အဓိဋ္ဌာန်လုပ်တယ်ဆိုတာ လုံးလုံးလျားလျား မကောင်းတာတော့ မဟုတ်ပါဘူး။ ပြင်စရာလိုတာက စိတ်ထားထားပါ။ ဘာကြောင့်လုပ်တယ်ဆိုတဲ့ စိတ်ထားကလေးကို ပြင်ရမှာ'လို့ ဆုံးမတော် မူပါတယ်။

ကျွန်တော်တို့ ရင်ဆိုင်ဖြတ်သန်းရတဲ့ခေတ်ကြီးမှာ 
စားဝတ်နေရေးအတွက်   ရုန်းကန်ရခြင်းဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးက ကြီးလှပါတယ်။ အဲဒီဝန်ကို ထမ်းရင်းကပဲ မိဘတွေက သားသမီးတွေကို ဘာသာရေးအမွေ မပေးနိုင်တော့တာမျိုး (ဝါ) ပေးဖို့အားနည်းလာတာမျိုးတွေ ကြုံနေရပါတယ်။ 
လူငယ်တွေခမျာလည်း ဘာမှန်းမသိအောင်မြန်လှတဲ့ ခေတ်ကြီးကို ငေးကြည့်ရင်းက စိတ်အချဉ်ပေါက်တာမျိုးတွေ ရှိနေနိုင်တာပါပဲ။ အဲဒီစိတ်အချဉ်ပေါက်မှုထဲမှာ ယုံကြည်ကိုးကွယ်မှုတွေတောင် ပါကောင်းပါနေနိုင်ပါတယ်။ ယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်ပြီး သူတို့ရင်ထဲက သံသယတွေ၊ သူတို့မေးလာတဲ့မေးခွန်းတွေကို ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ရင် ဘာကိုမှမယုံကြည်တော့တဲ့ ဘာသာမဲ့တွေတောင် ဖြစ်သွားနိုင်ပါတယ်။ ဒီအတွက် လူငယ်တွေရင်ထဲမှာရှိနေနိုင်တဲ့အသံကို ကိုယ်စားပြုနိုင်မယ့် မေးခွန်းတွေကို အောက်စဖို့ဒ်ဆရာတော်ရဲ့အဖြေတွေနဲ့ ယှဉ်တွဲပြီး စာစုငယ်လေးများအဖြစ် ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်။ 

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်က 'ပျော်ရွှင်တယ်ဆိုပြီး သူတို့ ကိုယ်သူတို့ မြင်တဲ့ပုဂ္ဂိုလ်တွေဟာ အများအကျိုးဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်တွေ။ အများအကျိုးအတွက် များများတွေးပါ'လို့ ဆုံးမတော်မူခဲ့ဖူးပါတယ်။ ဆရာတော်ရဲ့ အဆုံးအမကို လိုက်နာကျင့်သုံးရင်းက ငြိမ်းချမ်းပြီး သိုက်ဝန်းတဲ့လူ့အဖွဲ့ အစည်းဖြစ်လာဖို့အတွက်  ကျွန်တော်တို့တတွေအားလုံး ဝိုင်းဝန်းပြီး ကြိုးစားကြရ မှာဖြစ်ပါကြောင်း။

#ငြိမ်းချမ်းသာ
စာပြီးရက်စွဲ/- ၁၇-၆-၂ဝ၂ဝ

ရည်ညွှန်းကိုးကား
၁။ အောက်စဖို့ဒ်ဆရာတော်ဟောကြားတော်မူသည့်
'မုဒိတာဦးနှောက်ဖြင့် မုဒိတာတိုင်းပြည်တည်ဆောက်ခြင်း'တရားတော်
၂။ ဗုဒ္ဓဦးနှောက်(ဇော်ဝင်းကြူ(ပျဉ်းမနား)၊ မြန်မာပြန်)