Friday, December 20, 2019

မဟာဗောဓိမြိုင်ဆရာတော်ကြီး ရသေ့ဘဝက ပြည်လုံးချမ်းသာဖောင်တော်ဦးဘုရားပြုပြင်တည်ထားတော်မူစဉ် မေတ္တာဖြင့်အနိုင်ယူခဲ့သော အနှောက်အတားအတိုက်အခိုက်များ

 

မဟာဗောဓိမြိုင်ဆရာတော်ကြီး ရသေ့ဘဝက ပြည်လုံးချမ်းသာဖောင်တော်ဦးဘုရားပြုပြင်တည်ထားတော်မူစဉ်

မေတ္တာဖြင့်အနိုင်ယူခဲ့သော အနှောက်အတားအတိုက်အခိုက်များ



    မဟာဗောဓိမြိုင်ဆရာတော်ကြီး ရသေ့ဘဝ သာသနာပြုခရီးအစမှာ ပြည်လုံး ချမ်းသာ ဖောင်တော်ဦးဘုရားကို ပြုပြင်တည်ထားခဲ့စဉ်မှာ ဒေသခံများက ငြိုငြင် အထင်လွဲကြ၊ ပန်းရံဆရာများက ကန့်လန့်တိုက်ကြ အစရှိသဖြင့် အဖျက်အမှောက်အဟန့်အတားများကို ရင်ဆိုင်ခဲ့ရပါတယ်။
    မဟာဗောဓိမြိုင်ဆရာတော်ကြီးက ဘုရားတည်ခြင်းနဲ့ပတ်သက်ပြီး ရဟန်းသူတော်ကောင်း၊ လူသူတော်ကောင်းကြီးများရဲ့ ဘုရားတည်ရခြင်းဟာ (၁)သီလသိက္ခာအစွမ်း အကဲစမ်းလိုလို့ဖြစ်တယ်၊ (၂)မိမိသီလအရိပ်အားလုံးခိုဝင်အိပ်စေဖို့ ဖြစ်တယ်၊ (၃)အတွင်းနေများက အားကိုးတကြီး တောင်းခံလာကြလို့ ဖြစ်တယ် ဆိုတဲ့အချက်များကြောင့်ဖြစ်ကြောင်း မိန့်ဆိုပါတယ်။
    မဟာဗောဓိမြိုင်ဆရာတော်ကြီးက သူ ဘုရားတည်ထားခြင်းဟာ ကြွေးချေ သက်သက်မျှဖြစ်ပြီး တောင်ပုလု၊ ဝေဘူ စတဲ့ဆရာတော်ကြီးများ ဘုရားတည်ရခြင်းကိုတော့ အခုလိုရေးပြပါတယ်။
    'တောင်ပုလုဆရာတော်ဘုရားကြီး၏ ကြီးမားသော မြမဉ္ဇူစေတီတော်ကြီး (မိတ္ထီလာနယ် ၎င်းမွေးရပ်မြေဇာတိ တဲစုရွာမှာရှိသည်)တည်ထားစေခြင်းကား ၎င်း၏ သီလစွမ်းပကားတော်များကို စမ်းသပ်တော်မူခြင်းမျှသာတည်း။ နတ်လူ တို့၏ အပံ့အကူကို လက်ခံတော်မူခြင်းမျှသာတည်း'(ဘဝကန္တ ရသင်္ကေတ ကထာ စာ၊၂၁၈)
    'ဝေဘူဆရာတော်ကြီး၏ ဇာတိမြေ အင်ကြင်းပင်ဝယ် ကြီးမားသော တိလောကသဗ္ဗညုတစေတီတော်ကြီး တည်ဖန်ခြင်းကား အများခိုလှုံရန်မျှသာတည်း။
    တစ်ဖန် ကျောက်ဆည်တောင်တန်း၌ တည်ထားတော်မူသော စေတီအများ အပြားတို့မှာမူကား ထိုတောင်ကြောရှိ အတွင်းနေ သိုက်သူသိုက်သားများက တောင်းပန်စကားမျှကြောင့်တည်း။'(ဘဝကန္တ ရသင်္ကေတကထာ စာ၊၂၁၉)
    ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ဝေဘူဆရာတော်ဘုရား ကြီးချီးမြှင့်တော်မူတဲ့ တစ်လုံးထိ တစ်လုံးသိ၊ တစ်ထိတည်းထိ တစ်သိတည်း သိနေတာ ဝိဇ္ဇာ ဆိုတဲ့နည်းအတိုင်း ပုတီးသမားဘဝမှာ ကျင့်ကြံနေထိုင်ခဲ့ပါတယ်။ အဲဒီကမှတစ်ဆင့် အဘဝိမလနဲ့ ဆုံခဲ့ရပြီး 'စားကျက်မငြိမ်တဲ့နွားသာ ခလောက် ဆွဲရတာ စားကျက်ငြိမ်ရင် ခလောက်ဆွဲဖို့မလို'ဆိုတဲ့ အဘဝိမလရဲ့ သွန်သင်မှု နဲ့ အာနာပါနပြောင်းရှုခဲ့ပါတယ်။  မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ အဘဝိမလ နဲ့ စတင်တွေ့ဆုံခဲ့စဉ်မှာကတည်းက 'သံသရာတစ်ဖက်ကမ်း ကူးချင်လို့ပါ' လို့ လျှောက်ထားခဲ့သူလည်း ဖြစ်ပါတယ်။ ဆိုလိုတာကတော့ သမထခရီးလမ်း မှာလျှောက်လှမ်းရင်း ဘုရားတည်သာသနာပြုသည့်တိုင်အောင် သိဒ္ဓိမဟိဒ္ဓိ ကို တော့ ဆရာတော်ကြီးက မျှော်ကိုးခဲ့ခြင်း အလျဉ်းမရှိခဲ့ပါဘူး။
    'ဘုရားတည်လျှင် သိဒ္ဓိမဟိဒ္ဓိရစေသည်ဟု ပြောစမှတ်ပြုကြလေ၏။ ငါတို့ က မယုံကြည်လေ။ အကယ်တိတိ ဘုရားတည်တိုင်းသာ သိဒ္ဓိမဟိဒ္ဓိရကြစတမ်း ဆိုလျှင် ဘုရားကို ကိုယ်တိုင်တည်နေကြသော ပန်းရံများကား ထိုသိဒ္ဓိမဟိဒ္ဓိများ ထားစရာနေရာပင် ရှိအံ့မထင်ပြီ' (ဘဝကန္တရသင်္ကေတကထာ၊ စာ-၂၁၇)လို့  ရေးသားတော်မူခဲ့ပါတယ်။
    မဟာဗောဓိမြိုင်ဆရာတော်ကြီးက ရသေ့ဘဝ ဘုရားပြုပြင်တည်ထားတဲ့ သာသနာပြု အတွေ့အကြုံကိုလည်း ...'ဘုရားတည်ခြင်းကိစ္စသည်လည်း မြေပေါ်လျှင်တစ်မျိုး၊ မြေအောက်တွင် တစ်ဖုံ လူအမျိုးမျိုး နတ်အဖုံဖုံတို့၏ အနှောက်အတားစုံ၊ အတိုက်စုံများကို ကျော်လွှားလွန်မြောက်ပြီးမှသာ ကိစ္စပြီး ရချေ၏။ ထိုအားလုံး ငါတို့ကား မေတ္တာဖြင့်အနိုင်ယူခဲ့ပါချေ၏' လို့ ဘဝကန္တ ရသင်္ကေတကာထာစာအုပ်ကြီးမှာ ရေးသားတော်မူခဲ့ပါတယ်။
    အနှောက်အတား၊ အတိုက်အခိုက်တွေကို ဘယ်လောက်ပဲကြမ်းတမ်းပါစေ၊ သူတော်ကောင်းကြီးများက အဓိဋ္ဌာန်အလုပ်၊ အမျှမေတ္တာပွားများခြင်းအလုပ်များ နဲ့ ယင်းတို့ကို ဖြတ်ကျော်လေ့ရှိကြပါတယ်။ မဟာဗောဓိမြိုင်ဆရာတော်ကြီးက လည်းပဲ ပြည်လုံးချမ်းသာဖောင်တော်ဦးစေတီတည်ထားစဉ်မှာ ကြုံဆုံရတဲ့ အနှောက်အတားတွေကို မီးလွတ်သစ်သီးဆွမ်းနဲ့ အဓိဋ္ဌာန်ဝင်ရင်းက ကျော်ဖြတ် ခဲ့ပါတယ်။
    'ပထမနေ့ ရခိုင်ငှက်ပျောမှည့် ကိုးလုံးကို တစ်ရက်တာဆွမ်းအဖြစ် သုံး၍ ကျင့်၏။ ထို့နောက်ရက် တစ်လုံးလျှော့ ရှစ်လုံးဖြင့်လည်းကောင်း၊ နောက်တစ် ရက် တစ်လုံးလျှော့ ခုနှစ်လုံးဖြင့်။ ဤသို့လျှင် တစ်ရက်ပြီးစီးသော် တစ်လုံး လျှော့၍ နောက်ဆုံးကိုးရက်မြောက်နေ့တွင်ကား ထို ရခိုင်ငှက်ပျောမှည့်တစ်လုံး တည်းဖြင့်သာ တစ်ရက်တာ ဆွမ်းအဖြစ် သုံးလျက်က ကျင့်၏' (ဘဝကန္တရ သင်္ကေတကထာ၊ စာ-၂၁၅)
    ရွာခံလူတွေက၊ နယ်ရှိရဟန်းတွေက ရသေ့ရဲ့အကျင့်ကို အလေးဂရုပြုလာကြ ပါတယ်။ စုတ်စုတ်ပြတ်ပြတ်အကျင့်ကြောင့် အဓိဋ္ဌာန်နောက်ဆုံးရက် ငှက်ပျော သီးတစ်လုံးနဲ့ ဘယ်လိုမှနေလို့မရ လဲအကျပဲလို့ လူတွေက တွက်ဆကြပြီး ဘုရားကုန်းမှာ ညအထိ မပြန်ဘဲစောင့်ကြည့်ကြတယ်လို့ ဆိုပါတယ်။ ရသေ့ ကတော့ သူ့ရဲ့ အဓိဋ္ဌာန်အကျင့်မှာ လက်ခမောင်းခတ်လို့ နေပါတော့တယ်။
    'နှစ်ဖာလုံမျှဝေးကွာသော ကမ်းထိပ်မှ အုတ်ချပ်များကို တစ်ခေါက်လျှင် ငါးလုံးကျဖြင့် ဘုရားကုန်းတော်သို့ အများနည်းတူ သယ်၏။ မေတ္တာစိတ်ကြောင့် လည်း ဖြစ်မည်ထင်၏။ အဓိဋ္ဌာန်အောင်ရက် အားတက်နေသဖြင့်လည်း ဖြစ် တန်ရာ၏။ မောခြင်း၊ တုန်ခြင်း အလျဉ်းမရှိ။ ညကျလေသော် ဘုရားဝတ်တက် သည်ကိုပင် အော်ဟစ်ဆို၏။ ပရိတ်မေတ္တာဘာဝနာကမ္မဋ္ဌာန်း အော်ဟစ်၍ပင် စီးဖြန်းသေး၏။
    နံနက်ရောက်သော် အားလုံးကပင် အောချကြကုန်၏။ ထို့နောက်တွင်ကား အစစ အဆင်ပြေသွားတော့၏။ အနည်းငယ်မျှသော အဖုအထစ်မှတစ်ပါး ကြီး မားသော အဟန့်အတား မတွေ့ရပြီ' လို့ ဆရာတော်ကြီးက အနှောင့်အတား တွေကို အဓိဋ္ဌာန်အလုပ် အမျှမေတ္တာပွားခြင်းအလုပ်နဲ့ ဖြတ်ကျော်ခဲ့ပုံတွေကို မှတ်တမ်းတင်ရေးသားခဲ့ပါတယ်။
    ဘုရားတည်ဆဲအတွင်းမှာလည်း ထူးထူးခြားခြားအနေနဲ့ ရှင်ဥပ္ပဂုတ္တဖောင် တော် ဘုရားတည်ရာ ဆိပ်ကမ်းမှာ ဆိုက်ကပ်ရပ်နားခဲ့တာလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
    မဟာဗောဓိမြိုင်ဆရာတော်ကြီးက ပြည်လုံးချမ်းသာစေတီပြုပြင်ပြီးစီးသည့် အချိန်နေ့ရက်များကိုလည်း 'ပြာသိုလပြည့်တွင် ပန္နက်တင်မင်္ဂလာပြုလုပ်၍ တပေါင်းလတွင် ပြီးစီး၏။ ဉာဏ်တော်ကား စေတီသက် သက် ၂၄ တောင်၊ ထီးတော်ဖြင့် ၂၇ တောင်တိုင် မြင့်၏။ အစစပြင်ဆင်ရသဖြင့် တန်ခူးလပြည့် တွင်မှ ထီးတော်တင်လှူနိုင်၏။' လို့ ရေးသားတော်မူခဲ့ပါတယ်။ ထီးတော်တင် လှူပွဲကို အဘဝိမလ ကိုယ်တော်တိုင် ကြွရောက်ခဲ့ပြီး 'ဣစ္ဆာသယဘိုးတော်ကြီး အဘဝိမလကိုယ်တော်တိုင်ကြွရောက်၍ ထီးတော် တင်လှူသည်' လို့ ဌာပနာ တိုက်ခန်းမှာ ကြေးပြားနဲ့ ကမ္ဗည်းထိုးခဲ့တယ်လို့ သိရပါတယ်။
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ၁၃၆၁ ခုနှစ် ကဆုန် လပြည့်နေမှစလို့ တရားဟောတရားပြခြင်း၊ ဘုရားတည်ကျောင်းဆောက်ခြင်း များကို မပြုလုပ်တော့ပါဘူး။ ယခုအချိန်မှာ ဗန်းမောက်မြို့နယ်၊ ရွှေနှစ်တောရ အတွင်းမှာ တစ်ပါးတည်းသီတင်းသုံးလျက်က တရားနှင့်မွေ့လျော်ရင်း သူတော် ကောင်းကြီးများ၏ လမ်းစဉ်အတိုင်း နေထိုင်ကျင့်ကြံလျက်ရှိကြောင်းပါဗျာ။

ငြိမ်းချမ်းသာ
စာပြီးရက်စွဲ - ၂၁-၁၂-၂ဝ၁၉
ရည်ညွှန်းကိုးကား/-
၁။ ဘဝကန္တရသင်္ကေတကထာ(၂ဝ၁၂)
   

Thursday, December 19, 2019

မဟာဗောဓိမြိုင်ဆရာတော်ကြီး ရသေ့ဘဝက ပြည်လုံးချမ်းသာဖောင်တော်ဦးဘုရားပြုပြင်တည်ထားတော်မူစဉ် ကြုံဆုံခဲ့ရသော အနှောက်အတားများ

 မဟာဗောဓိမြိုင်ဆရာတော်ကြီး ရသေ့ဘဝက
ပြည်လုံးချမ်းသာဖောင်တော်ဦးဘုရားပြုပြင်တည်ထားတော်မူစဉ်
ကြုံဆုံခဲ့ရသော အနှောက်အတားများ


    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ သာသာပြုခရီးလမ်း  ပေါ်စတင်လျှောက်လှမ်းစဉ်မှ ယနေ့အထိ ဘုရားသုံးဆူ ပြုပြင်တည်ထားတော် မူခဲ့ပါတယ်။ ပထမဦးဆုံး ပြုပြင်တည်ထားတော်မူခဲ့တဲ့ဘုရားကတော့ 'ကျိုက် လတ်မြို့နယ်၊ အရှေ့ဆင်ကူးကြီးချောင်းရွာအနီးက ပြည်လုံးချမ်းသာ ဖောင်တော် ဦးဘုရား' ဖြစ်ပါတယ်။
    ပြည်လုံးချမ်းသာဖောင်တော်ဦးဘုရားနဲ့ပတ်သက်ပြီး ဆရာတော်ကြီးက ...
    'အကယ်တိတိ ထိုဘုရားစေတီတည်ထားသော မူလဒါယကာသည်ကား ဘုရင်လည်းဖြစ်ဦးမည်၊ သစ္စာဆို၍တည်သည်လည်းဖြစ်ဦးမည်၊ ဓာတ်ရိုက်ဓာတ် ဆင်နည်းများဖြစ်ကြလေသော ရာဇဝင်ချေဖျက်ခြင်းမျိုး၊ ရာဇဝင်သစ်ဖော်ဆောင် ခြင်းမျိုးလည်းဖြစ်ဦးမည်ဆိုသော် အလွန်လျှင် ရှုပ်ထွေးလှချေ၏။ အဝင်ရလည်း ခက်လှ၏။ အနှောက်အတားလည်းများတတ်သေး၏။ ယခု ငါတို့ဝင်ရမည့် စေတီကား ဤသို့ဤနှယ်သော စေတီမျိုးတည်း' လို့ (ဘဝကန္တရသင်္ကေတက ထာ-စာ၂၁၂)မှာ ရေးသားတော်မူခဲ့ပါတယ်။
    ပြည်လုံးချမ်းသာ ဖောင်တော်ဦးစေတီဟာ မဟာဗောဓိမြိုင်ဆရာတော်ကြီး ရသေ့ဘဝနဲ့ အဘဝိမလရဲ့အရိပ်အောက်မှာနေစဉ် ပြုပြင်တည်ထားတော်မူခဲ့တဲ့ ဘုရားဖြစ်ပါတယ်။ သာသနာပြုလုပ်ငန်းအစုံမှာ ဘုရားတည်လူစု၍ သာသနာပြု ရတဲ့ လုပ်ငန်းဟာ အခက်ဆုံးဖြစ်တယ်ဆိုတဲ့အတိုင်းပဲ ဖောင်တော်ဦးစေတီတည် ရာမှာ ဆရာတော်ကြီးဟာ အခက်အခဲပေါင်းများစွာကိုရင်ဆိုင်ခဲ့ရပါတယ်။
    ဘုရားတည်ရှိရာ အရပ်ဒေသဟာ ပစ္စည်းခေါင်းပါး၊ သဒ္ဓါပါးတဲ့အရပ်မို့ ဘုရားအုတ်ချပ်စီရာမှာ ထုံးနဲ့သဲကို  ထုံးတစ်ချိုး သဲခုနှစ်ချိုးနဲ့ စီစေခဲ့ပါတယ်။ ထုံးမရတဲ့အခါမျိုးတွေမှာ မြေသရိုးနဲ့ အတွင်းကစီပြီး အချောကိုင်မှ ထုံး၊ သဲ၊ ဘိလပ်မြေသုံးဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒီအချက်တွေကြောင့် ရသေ့ဟာ ဘုရားအပေါ်စေတနာမရှိ၊ တော်ရိလျော်ရိ လုပ်တယ်လို့ စွပ်စွဲပြီး  အလှူငွေထည့် မယ့်ဒကာက မထည့်ကြရုံမျှမက ဘုရား ကုန်းတော်ပေါ်မှ ရောက်မလာကြတော့ ပါဘူး။ ဘုရားဟာ ပလ္လင်ခုံမျှသာပြီးစီးပြီး ရှေ့ဆက်မရဖြစ်နေခဲ့ပါတယ်။
    အုတ်နှစ်သောင်းမျှကုန်မှ ပြီးစီးမယ့်ဘုရားဟာ ပလ္လင်ခုံဖြင့် အုတ်တစ်သောင်း ကုန်သွားပြီး ပန်းရံအလုပ်သမားများကလည်း အုတ်ကုန်လျှင်ပြန်မယ်လို့ အရေး ဆိုကြပါတော့တယ်။ အဲဒီမှာ ပန်းရံတွေကို ၁ဝ ရက်မျှ ဆိုင်းဖို့ပြောပီး ရသေ့လေး ဟာ ရန်ကုန်ကိုပြန်ပြီး အလှူငွေရှာရပါတော့တယ်။ မိတ်ဆွေဦးမြင့်ဆွေထံမှ ငွေတစ်ထောင်ချေးပြီး အုတ်ဝယ်ပို့၊ ဦးမြင့်ဆွေရဲ့တာဝန်ခံမှုနဲ့ ထုံးကုန်သည်ထံမှ အကြွေးယူပြီး ဘုရားပြီးမြောက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ရပါတယ်။ ဒါကိုတောင် မှ ချေးငွေတစ်ထောင်ကိစ္စကို အများအလှူ ချေးငွေလုပ်တယ်ဆိုတဲ့ စွပ်စွဲချက် တွေကို ရင်ဆိုင်ခဲ့ရပါသေးတယ်။
    ရန်ကုန်ကို ငွေကြေးကိစ္စ၊ ပစ္စည်းပစ္စယကိစ္စများ စီစဉ်ဖို့ထွက်စဉ်မှာကတည်း ကပင် စွဲချက်တွေထုတ်ကာ ပန်းရံကစလို့ သပိတ်မှောက်ဖို့ စီစဉ်ထားကြပါတော့ တယ်။ သူတို့တင်ကြတဲ့ စွဲချက်တွေကတော့ ...
    'သည်ရသေ့ကား သူ့အဓိဋ္ဌာန်အောင်ရန်ကိုသာ အလေးမူ၏။ ဘုရားကောင်း မွန်ရေး ရှေးမရှု။
    သည်ရသေ့ကား သူ့အောင်ချက်ရရန်ကိုသာ အလေးပေး၏။ ဘုရား၏ ရှေ့ရေး နည်းနည်းလေးမျှ မတွေး။
    သည်ရသေ့ကား သာသနာ၌ စေတနာမပါ။ သူ့တွက်ကိုသာ မဲတင်းလုပ် ဆောင်နေ၏' (စာ-၂၁၄) ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
    ဒါကိုမရိပ်မိတဲ့ ရသေ့လေးဟာ ရန်ကုန်က အပြန်မှာ ပန်းရံတွေအလုပ်လုပ် နေတဲ့နေရာကိုသွားပြီး ...၊
    'ပြီးစီးအောင်ကြိုးစားကြဗျား။ လိုတဲ့ပစ္စည်းပစ္စယများလည်း ပါလာပါပြီ ဗျား။ ဒါမှ မလောက်ငှ ရွှံ့နဲ့တည်တန်တည်ရပေလိမ့်မယ်ဗျား'လို့ ပြောမိရာ
    'ကျုပ်တို့က ရွံ့နဲ့တည်တဲ့ ပန်းရံစားမဟုတ်ဘူးဗျာ့။ ရသေ့ခိုင်းတိုင်း လူလိုက် မလုပ်နိုင်ဘူး' ဟူ၍ ခုခံပါချေတော့၏။ ငါတို့ကား ဟုတ်လားဖြင့်ပင် အလျှော့ ပေးလိုက်ရ၏' (၎င်း၊ စာ-၂၁၄) လို့ ဆရာတော်ကြီးက ရေးသားတော်မူခဲ့ပါ တယ်။
    မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ မဟာမြိုင်တောကြီးအတွင်းနေထိုင်စဉ် သဲဖြူဆရာတော်လာရောက် တွေ့ဆုံသြဝါဒခံယူစဉ်က ကျိုက်လတ်မှာ ဘုရား တည်ခဲ့တဲ့အတွေ့ အကြုံများကို ပြန်လည်ပြောပြခဲ့တာကို ရုပ်သံမှတ်တမ်းများအရ နာကြားခွင့်ရခဲ့ပါတယ်။
    မဟာဗောဓိမြိုင်ဆရာတော်ကြီး ...'ဘုရားတပည့်တော်တို့ ကျိုက်လတ် တည်ခဲ့တုန်းကလည်း ဆူညံနေတဲ့ တုတ်ပွဲ၊ ဓားပွဲထဲက ကျင့်ကြံအားထုတ်ခဲ့ရတာ။ အောက်က သူတို့ချင်းမတည့်တဲ့ သူတွေ ရှိနေရင် အထက်မှာပွက်တော့တာပဲ။ အောက်မှာ အခြမ်းကွဲသလောက် အထက်မှာ အခြမ်းကွဲတယ်။ ဟိုမှာကတော့ မွန်အုပ်စုနဲ့ ရှမ်းအုပ်စုကိုး။ ကျိုက်လတ်တုန်းကတော့။
    မွန်အုပ်စုနဲ့ရှမ်းအုပ်စု အောက်ကမတည့်သလောက် အပေါ်ကလူတွေလည်း မတည့်ဘူး။ ဘုရားတပည့်တော်ကို လာပင့်တဲ့ဒကာက ပြန်ပြီးတိုက်တာ။ တိုက် တာမှ လာပင့်သူကတိုက်တာ။ သူတို့ကရှမ်း၊ ဒီကိုယ်တော်ကြီးက မွန်ကြီး။ အဲဒီလိုစွပ်စွဲပြီးတော့ကို အတိုက်ခံရတာဗျ။
    သူ့ဘက်က သူကြီးတွေကော ဘာတွေကို၊ ဘုရားတပည့်တော်ဘက်က တစ်ယောက်တည်း။ ကောင်စီအတွင်းရေးမှူးတစ်ယောက်တည်း။ အဲဒါနဲ့လုပ်ရ တာ။ မေတ္တာနာနာကိုင်ရတာပဲ။
    ဥပဇ္ဈာယ်က ပြောထားတာကိုး။ ငါ့တုန်းကတော့ ခေါင်းပေါ်တုတ်မကျရုံဘဲ ကွာတဲ့'လို့ မိန့်ကြားတော်မူခဲ့တာပါ။
    မဟာဗောဓိမြိုင်ဆရာတော်ကြီးက ဘုရားတည်ခြင်းနဲ့ပတ်သက်ပြီးလည်း  
    'စင်စစ် ဘုရားတည်ရခြင်းသည် ရာဇဝင်ဘုရားမှန်သရွေ့ (၁) မိမိ၏ရှေး ဘဝက ပါဝင်ခဲ့ဖူးသောကြောင့်လည်းကောင်း၊ (၂) သစ္စာဆိုခဲ့ဖူးသောကြောင့် လည်းကောင်း၊ (၃)အစွဲကြီးလွန်းလှသဖြင့် အစွဲပေါ်ရာအထဲပါ ဖြစ်ခဲ့ရသော ကြောင့်လည်းကောင်း တစ်ကျော့ပြန်၍ ရာဇဝင်ကြွေးချေရခြင်းမျိုးသာ ဖြစ်ချေ၏'
    'အုတ်ဘုရားသည် အရုပ်ဘုရားသာဖြစ်သဖြင့် အဟုတ်ဘုရားသို့ ကိစ္စမဆုံး စေတတ်။
    အပြင်ဘုရားသည် အပြောဘုရားသာဖြစ်သဖြင့် မနောကြားရှိ သဘောဘုရား သို့ အရာမတွင်စေတတ်။
    အရေးကြီးသည်မှာ မိမိ၏ မနောဓာတ်အတွင်းဝယ် နာမ်ဘုရားကိန်းဖို့သာ မိမိအတွက်အရေးပါဆုံး ဖြစ်ချေ၏။ ဘုရားရှင်၏ သစ္စာလေးတန်ကို အမှန်ထိုး ထွင်းသိနိုင်စွမ်းရှိသော ဉာဏ်တော်နှင့် မိမိ၏အသိစိတ်ဓာတ် တစ်ထပ်တည်း တစ်သားတည်းကျရန်သာ အဓိက ရှိချေ၏။
    ထို ပြင်ပဘုရား၊ ရုပ်ပြဘုရားတို့က အထက်ဆိုခဲ့ပြီးသော အချက်သုံးချက် ကြောင့် အများအတွက် အများဘက်မျက်နှာလှည့်၍ တည်ရသော ကိစ္စရပ်သာ ဖြစ်ချေ၏။ မိမိကိစ္စပြီးစီးရန်နှင့်ကား လုံးဝမသက်ဆိုင်ပြီ။ သိဒ္ဓိမဟိဒ္ဓိ အုတ်ပုံ ကြား၌ မရှိ။ မိမိမနောကြားမှာသာရှိ၏' လိ့ု မိန့်မှာတော်မူပါတယ်။ (ဘဝကန္တ ရသင်္ကေတကာထာ၊ စာ-၂၁၇၊၂၁၈)
    မဟာဗောဓိမြိုင်ဆရာတော်ကြီး ရသေ့ဘဝ သာသနာပြုခရီးအစမှာ ပြည်လုံး ချမ်းသာ ဖောင်တော်ဦးဘုရားကို ပြုပြင်တည်ထားခဲ့ပြီး  အနှောက်အတားများ နဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ဘုရား ပြီးမြောက်အောင် အဓိဋ္ဌာန်အလုပ်၊ အမျှမေတ္တာပွားများခြင်းအလုပ်များနဲ့ ဆောင်ရွက်ခဲ့ရပုံများကို ဆက်ရေးပါဦးမယ်။

ငြိမ်းချမ်းသာ
စာပြီးရက်စွဲ-၁၈-၁၂-၂ဝ၁၉ရည်ညွှန်းကိုးကား/-
၁။ ဘဝကန္တရသင်္ကေတကထာ(၂ဝ၁၂)
   

Tuesday, December 17, 2019

ဗုဒ္ဓကို ပယ်ဖျောက်ထားခြင်း (သိပ္ပံပညာရှင်တွေက သတိပဋ္ဌာန်ကို စီးပွားရေးဆန်ဆန်ချဉ်းကပ်နေကြသလား)

 ဗုဒ္ဓကို ပယ်ဖျောက်ထားခြင်း
(သိပ္ပံပညာရှင်တွေက သတိပဋ္ဌာန်ကို စီးပွားရေးဆန်ဆန်ချဉ်းကပ်နေကြသလား)

    (၁)
    ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိရဲ့ တရားတော်တွေကို ကျွန်တော်အနေနဲ့ ၂ဝ၁၈ ခုနှစ်ထဲမှာ အလေးထားပြီး နာယူဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတရားတော်နဲ့ နေ့စဉ်ဘဝတွေကို ဆက်စပ်ပြတာ၊ အနောက်တိုင်းက ဗုဒ္ဓဘာသာအပေါ် သုတေသနပြု လေ့လာချက်တွေတွေကို ဟောပြောပြတာ၊ နောက်နိုင်ငံခြားသာသနာပြုအတွေ့အကြုံတွေကို ပြန်လည်သိခွင့်ရတာတွေကြောင့် ဆရာတော်ရဲ့ တရားတော်တွေကို တလေးတစားနာယူဖြစ်တာပါ။
    ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့၊ ပုသိမ်မြို့မှာ ဟောပြောခဲ့တဲ့ 'တွေ့ကိုတွေ့ရမည့် စိတ်ခံစားမှုလှိုင်းလုံးကြီးများ'တရားတော်ထဲက စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်း အရာအချို့နဲ့ပတ်သက်ပြီး ဒီစာကို ရေးရတာဖြစ်ပါတယ်။
    တွေ့ကိုတွေ့ရမယ့် စိတ်ခံစားမှု လှိုင်းလုံးကြီးများလို့ ခေါင်းစဉ်ပေးထားတဲ့အတိုင်း အဲဒီတရားတော်မှာ စိတ်ခံ စားမှုအကြောင်းကို အဓိကထား ဟောကြားတော်မူခဲ့တာကို နာကြားရခဲ့ပါတယ်။
    အဲဒီ တရားတော်ထဲမှာ လူသားတိုင်းဟာ ငယ်စဉ်က
လေးဘဝမှ သေသည်အထိ စိတ်ခံစားမှုနဲ့ နေထိုင်ကြကြောင်း၊ စိတ်ခံစားမှုဟာ ကိုယ်နဲ့ အနီးဆုံးလည်းဖြစ်၊ အဝေးဆုံးလည်း ဖြစ်ကြောင်း၊ ကုသိုလ်နဲ့ အကုသိုလ်ဆိုတဲ့ စိတ်ခံစားမှုခရီးရဲ့ လမ်းဆုံလမ်းခွကို လူတိုင်း ခဏခဏရောက်တတ်ကြောင်း၊ အဲဒီအချိန်မှာ သတိနဲ့၊ (ကိုယ့်ကိုယ်ကိုယ်သိခြင်းနဲ့ သူများခံစား နေရတာကို သိခြင်းဆိုတဲ့သတိတရားနဲ့) ဖြစ်ပေါ်နေတာတွေ ကို ဂရုတစိုက်ကိုင်တွယ်ပြီး မေတ္တာ ကရုဏာနဲ့ယှဉ်သော စိတ်ကို မွေးမြူနိုင်ဖို့၊ အဲဒီစိတ်ကလေးနဲ့ ဘဝမှာ ရှင်သန်နေ ထိုင်ဖို့ အရေးကြီးကြောင်း အချက်အလက်ပေါင်းများစွာ၊ ဥပမာ ဥပမေယျတွေ ပြည့်ပြည့်စုံစုံနဲ့ ဟောကြားတော်မူ ထားတဲ့ တရားတစ်ပုဒ်ဖြစ်ပါတယ်။
    ကျွန်တော်ပြောချင်တာက အဲဒီတရားထဲမှာ ဗုဒ္ဓဘာသာ နဲ့ ပတ်သက်ပြီး အနောက်တိုင်းက ပညာရှင်တွေရဲ့ လေ့လာ မှု၊ ကြိုးပမ်းအားထုတ်မှုတွေ အကြောင်းဖြစ်ပါတယ်။

    (၂)
    တွေ့ကိုတွေ့ရမယ့် စိတ်ခံစားမှုလှိုင်းလုံးကြီးများဆိုတဲ့ တရားတော်ထဲမှာ အောက်စ်ဖို့ဒ်ဆရာတော်ရဲ့ ဟောပြောမှု ကို အခုလိုနာကြားခဲ့ရပါတယ်။
    'အနောက်တိုင်းက ဗုဒ္ဓဘာသာကို လေ့လာပြီးတော့ သူတို့ရဲ့သုတေသနထဲမှာ သတိပဋ္ဌာန်ကိုရော၊ ဗြဟ္မာစိုရ်တရား ကိုရော အသုံးပြုပြီးတော့ အဆိုးဘက်ကနေ အကောင်း ဘက်ကိုရောက်သွားအောင်၊ စိတ်ညစ်နေတာကနေ စိတ်ညစ် တာပျောက်အောင်၊ အားငယ်တာကနေ အားရှိလာအောင် သူတို့ သုတေသနလုပ်တယ်။ နောက်ဆုံးပေါ်စက်ကြီးတွေနဲ့ တရားထိုင်တဲ့ဆရာတော်တွေကို တရားထိုင်နေတဲ့အချိန်မှာ ဦးနှောက်ကို ဓာတ်ပုံရိုက် Imagine လုပ်တယ်။
    ၁၉၈၂ ခုနှစ်တုန်းက သုတေသနစာတမ်းတွေသူတို့ စရေးတာ နှစ်စောင်ပဲရှိတယ်။ သူတို့စတင်တာ ၁၉၇၆ ပေါ့။ MIT (Massachusetts Institute of Technology)ဆိုတာ အမေရိကမှာ တကယ့်ကို နာမည်ကြီးတဲ့ တက္ကသိုလ်။  လူနာ တွေ၊ ဝေဒနာခံစားရတယ်၊ အမြဲတမ်းတည်ရှိနေတဲ့ ဝေဒနာ။ ခါးနာတာ၊ ခေါင်းကိုက်တာ စတဲ့ နာတာရှည်ဝေဒနာ (chronic pain) ကို အနာပျောက်ဆေးပေးလို့ အများကြီးသောက်ရင် ကျောက်ကပ် ထိခိုက်တယ်။ အဲဒီအတွက် နည်းအသစ်ရှာမှ ဖြစ်မယ်လို့ စတွေးကြတယ်။
    အဲဒီမှာ ပါမောက္ခကြီးတစ်ယောက် မဟာစည်ဆရာ တော်ကြီးရဲ့ နည်းနဲ့ တရားထိုင်ဖူးတယ်၊ ဇင်(Zen)ရဲ့ နည်း နဲ့လည်း တရားထိုင်ဖူးတယ်၊ နောက်ပိုင်းကျတော့ ဖား အောက်ဆရာတော်ကြီးရဲ့ နည်းနဲ့လည်း တရားထိုင်ဖူးတယ်၊ ပါမောက္ခ ဂျွန်ကဘတ်ဇင်း(Jon Kabat-Zinn)…တဲ့။ သမား တော်ကြီး။ သူက Mindfulness-based stress reduction (MBSR) ကို သုတေသနလုပ်တဲ့အခါမှာ သူ့ရဲ့အကျိုး ကျေးဇူးကို သိလာပြီး အခု ၂ဝ၁၈ ခုနှစ်ဆိုတဲ့ နှစ်ပေါင်း ၃၅ နှစ်အတွင်းမှာ စာအုပ်နဲ့ဆောင်းပါးပေါင်း တစ်သောင်း နီးပါး ဖြစ်နေပြီ။
    အလုပ်အရမ်းရှုပ်တဲ့ သူတွေအတွက် (Mindfulness for busy People)၊ ဒကာမကြီးတွေအတွက် (Mindfulness for Women)၊ စိတ်ဓာတ်ကျတဲ့ သူတွေအတွက် (The Mindful way through Depression) ဒေါသ ခဏ ခဏထွက်တဲ့သူတွေအတွက် (anger management)  စတဲ့ စာအုပ်တွေကို သုတေသနလုပ်ပြီး ရေးတယ်။' (၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၉ ရက် နေ့၊ ပုသိမ်မြို့တွင် အောက်စဖို့ဒ် ဆရာတော်ဟောပြောခဲ့သည့် 'တွေ့ကို တွေ့ရမည့် စိတ်ခံစားမှုလှိုင်းလုံးကြီးများ' တရားတော်မှ)

    ဗုဒ္ဓတရားတော်ရဲ့ အကျိုးများပုံတွေ၊ ဗုဒ္ဓတရားတော်ကို အားစိုက်လေ့လာကြပုံတွေနဲ့၊ အားစိုက်လေ့လာမှုကို အကျိုး ရှိရှိ အခြားသောသူတွေ ပြန်လည်အသုံးချနိုင်ဖို့အတွက် စာအုပ်တွေ၊ စာတန်းတွေကို ထုတ်ဝေဖြန့်ချိကြပုံတွေဟာ တကယ့် ကို အားကျစရာပါ။ ကျွန်တော်တို့ဆီမှာတောင် နှစ်ပေါင်းသုံးဆယ်အတွင်း ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ စာအုပ် စာတမ်းတွေ သောင်းဂဏန်းမျှ ထွက်ခဲ့ရဲ့လားဆိုတဲ့ မေးခွန်း ကိုလည်း စိုးရိမ်တကြီး စဉ်းစားမိပါတယ်။

    (၃)
    ပါမောက္ခသမားတော်ကြီး ဂျွန်က ဘတ်ဇင်းနဲ့ သူ့ရဲ့ သုတေသနတွေအကြောင်း၊ ဒါ့အပြင် နိုင်ငံတကာက သတိ ပဋ္ဌာနသုတ်နဲ့ ဗြဟ္မာစိုရ်တရားလေးပါးကို လေ့လာသုတေ သနပြုကြပုံတွေ အကြောင်းကို ဒေါက်တာအရှင်ဓမ္မသာမိရဲ့ -ကရုဏာအသိနဲ့ စိတ်ခံစားမှုဖွံ့ဖြိုးရေး နည်းလမ်း- ဆိုတဲ့ စာအုပ်ရဲ့ အမှာစာထဲမှာလည်း ဖတ်မှတ်လေ့လာခွင့်ရခဲ့ပါ တယ်။
    'ယခုအခါ အမေရိကန်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံတို့တွင် ရာခိုင်နှုန်းရှစ်ဆယ်မျှသော ဆေးတက္ကသိုလ်များက သတိ ပဋ္ဌာန်အခြေခံကုသနည်းတစ်ခုခုကို သုတေသနပြုမှု၊ သင် ကြားမှုများ စတင်နေပြီဖြစ်ကြောင်း ၂ဝ၁၅ ခုနှစ်၊ အောက် တိုဘာလထုတ် အမေရိကန်ဆေးပညာရှင်များအသင်းဂျာ နယ်(The Journal of the American Medical Association)  အမှတ်(၃၁၄)၊ စာမျက်နှာ ၁၃၂၇-၁၃၂၉ တို့တွင် ဖော်ပြထားသည်။
    ယင်း အောက်တိုဘာလ ၂ဝ၁၅ ခုနှစ်တွင်းပင်လျှင် ဗြိတိသျှပါလီမန်မှ ပါတီပေါင်းစုံ သတိပဋ္ဌာန်အဖွဲ့(The Mindfulness All-Party Parliamentary Group)ကလည်းMindful Nation UK အမည်ရှိ စာမျက်နှာ ၄၃ မျက်နှာခန့် ရှည်လျားသော အစီရင်ခံစာကို ထုတ်ဝေသည်။ တရားထိုင် သူ သိပ္ပံပညာရှင်များက အလွယ်တကူကျင့်သုံးနိုင်ရန် မွမ်းမံ ထားသော သတိပဋ္ဌာန်ကျင့်စဉ်(mindfulness)ကို ကျန်းမာ ရေး(health)၊ ပညာရေး(education)၊ အလုပ်ခွင်(work-places)နှင့် အကျဉ်းထောင်များ(criminal justice system)တို့တွင် မည်သို့အသုံးပြုသင့်၊ အသုံးပြုနိုင်သည်ကို လေ့လာဆွေးနွေးထားသည်၊ ယင်းအဖွဲ့မှ အစိုးရမူဝါဒဖြစ် မြောက်လာစေရန် အကြံပြုသည်'  လို့ ရေးသားထားပါ တယ်။
    အနောက်နိုင်ငံတွေအနေနဲ့ ဗုဒ္ဓတရားတော်တွေကို တလေးတစားအရေးထားလေ့လာနေပြီလို့ ပြောနိုင်စရာရှိ နေပါပြီ။ လာလှည့်၊ ကျင့်လှည့်၊ ဝေဖန်လှည့်လို့ အာမခံဖိတ်ခေါ် ထားတဲ့ တရားတွေဆီကို အနောက်တိုင်းစိတ္တဗေဒက ဦး လှည့်လာခဲ့ပြီ၊ ဦးလှည့်လာနေပြီး ပြောရမှာဖြစ်ပါတယ်။

    (၄)
    အဲဒီလို သုတေသနပြုမှု၊ လေ့လာမှုတွေဆီကနေတစ် ဆင့် ဗုဒ္ဓရဲ့တရားတော်တွေ တစ်ကမ္ဘာလုံးတစ်လောကလုံး ဆီ လွှမ်းခြုံနေမယ်ဆိုတရင်ဆိုတဲ့အတွေးက တွေးကြည့်ရုံနဲ့ တင် ပီတိဖြစ်စရာလည်း ကောင်း၊ သာဓုခေါ်စရာလည်း ကောင်းလှတဲ့ကိစ္စပါပဲ။
    ဒါပေမယ့် အနောက်တိုင်းက လူယဉ်ကျေးများရဲ့ မာယာ၊ ဒါမှမဟုတ် ပညာတတ်Óာဉ်ရဲ့ အစွန်းရောက်မှုက ကြောက် စရာကောင်းတာကိုလည်း အခုလိုတွေ့ရပါတယ်။
    'အနောက်နိုင်ငံ သိပ္ပံပညာရှင်များသည် သတိပဋ္ဌာန် ကျင့်စဉ်ကို ဘာသာရေးအတွေးအခေါ်အဆုံးအမ မပါဘဲ လောကီအမြင်ဖြင့်သာ လေ့လာကျင့်သုံးကြသည်။ လောကီ သတိပဋ္ဌာန်(secular mindfulness)ဟု ခေါ်ကြသည်။ ဗုဒ္ဓဘာသာ၏အမြင်ကိုပင် ဖော်ပြရန် တွန့်ဆုတ်နေကြ သည်' လို့ ဆရာတော်ဒေါက်တာအရှင်ဓမ္မသာမိရဲ့ -ကရုဏာအသိနဲ့ စိတ်ခံစားမှုဖွံ့ဖြိုးရေး နည်းလမ်း- ဆိုတဲ့ စာအုပ်ရဲ့အမှာ စာမှာ တွေ့ရပါတယ်။
    သူတို့ရဲ့ အကြောင်းပြချက်တော့ ဗုဒ္ဓဘာသာကျင့်စဉ် လို့ဆိုလိုက်ရင် အခြားဘာသာဝင်တွေ၊ အထူးသဖြင့် ခရစ် ယာန်ဘာသာဝင်တွေနဲ့ ဘာသာမဲ့တွေက သတိပဋ္ဌာန်ကို စိတ်မဝင်စားဘဲ နေကြမှာ၊ လာရောက် မစမ်းသပ်ဘဲနေကြ မှာကို စိုးရိမ်လို့ဖြစ်တယ်လို့ ဆိုပါတယ်။
    သူ့ကျေးဇူးကို သိတတ်ဆိုတဲ့ မင်္ဂလာ တရားတော်နဲ့ ဝေးပါဘိခြင်း။ သုတေသနရဲ့ ရလဒ်အဖြေတွေထက် ဗုဒ္ဓရဲ့ ကျေးဇူးကြီးပုံကို သူတို့ ဥပေက္ခာပြုနိုင်ကြလေခြင်းလို့ စိတ် ထဲမှာ မချိတင်ကဲ ဖြစ်ရပါတယ်။ တစ်ဖက်ကလည်းတွေးစရာ ရှိတာလာက သူတို့ရဲ့ စီးပွားရေးဆန်မှုဖြစ်ပြီး သတိပဋ္ဌာန်ကို ဈေးကွက်တင်ရောင်းချလိုမှုတွေရှိနေသလားဆိုတဲ့ မေးခွန်း တွေပါပဲ။
    ဗုဒ္ဓဘုရားရှင်ရဲ့ ကျေးဇူးဂုဏ်ကို၊ ဗုဒ္ဓဘာသာနဲ့ သတိ ပဋ္ဌာန်ဆက်နွှယ်ပုံကို ပြောဆိုတင်ပြကြတဲ့သူတွေလည်းရှိ တယ်လို့ ဆရာတော်ဒေါက်တာဓမ္မသာမိက ဂုဏ်ပြုပြော ဆိုပါတယ်။ သူတို့ကတော့ အင်္ဂလန်နိုင်ငံ၊ ကင်းဘရစ်ချ် တက္ကသိုလ်က စိတ္တဗေဒပါရဂူ ဒေါက်တာဂျွန် ထီ့စဒေးလ် နဲ့ အမေရိကန်နိုင်ငံ၊ ယေးလ်တက္ကသိုလ်က ပညာရှင်တွေက ဗုဒ္ဓရဲ့ အမည်နာမတော်ကို ကျေးဇူးတင်စွာ ဖော်ပြရုံမက သစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါးတရားတော်တွေကိုလည်း စာ တမ်းတွေရေးကြ၊ လူနာကိုတွေကို ကုသရာမှာ အသုံးပြုကြ တယ်လို့ဆိုပါတယ်။
    'သတိပဋ္ဌာန်ကို ဘာသာရေးနောက်ခံဖြင့် တင်ပြကြသူ သိပ္ပံပညာရှင်များသည် လူနည်းစုနှင့် ခြွင်းချက်မျှသာဖြစ် သည်'လို့လည်း ဆရာတော်ဒေါက်တာအရှင် ဓမ္မသာမိက မှတ်ချက်ပြုပါတယ်။

    (၅)
    ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိကတော့ အင်္ဂ လန်နဲ့ အနောက်တိုင်းတက္ကသိုလ်ပတ်ဝန်းကျင်မှာ အခြေ ပြုပြီး ၂၁ နှစ်မျှ သာသနာပြုခဲ့တဲ့ အတွေ့အကြုံတွေကို သုံးသပ်ပြီး အရှေ့တိုင်းရော အနောက်တိုင်းမှာပါ အကျိုး ရှိမယ့် နည်းလမ်းတွေကို အသုံးပြုပြီး သာသနာပြုတယ်၊ တရားဓမ္မတွေကို ဟောကြားသွန်သင်တယ်လို့ ဆိုပါတယ်။ သိပ္ပံပညာရှင်အများစုဟာ ပိဋကတ်စာပေကို လေးလေးနက် နက်လေ့လာခွင့်မရကြဘူးလို့လည်း ဆရာတော်က ဆိုပါ တယ်။ ဒီအတွက် သူက မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါး အခြေ ခံပြီး သတိပဋ္ဌာန်နဲ့ ဗြဟ္မစိုရ်တရားတွေကို သိပ္ပံပညာရှင်တွေ ရဲ့တွေ့ရှိချက်တွေနဲ့ ဆက်စပ်တင်ပြနေတယ်လို့ ဆိုပါတယ်။
    ဗုဒ္ဓရဲ့အမည်နာမကို ထိန်ချန်မှုနဲ့ လောကီသတိပဋ္ဌာန်(secular mindfulness)ဆိုတဲ့ ကျင့်စဉ်တွေနဲ့ ပတ်သက်လို့ သိပ္ပံပညာရှင်တွေနဲ့  အနောက်တိုင်းက ဗုဒ္ဓသာသာတွေကြား မှာကိုပဲ သဘောထားကွဲလွဲစရာကြီးတွေ ရှိနေတယ်လို့ ဆရာတော်ကဆိုပါတယ်။
    'ဗုဒ္ဓဘာသာကို ယုံကြည်လက်ခံကြသော အနောက် တိုင်းသားတို့သည် လောကီသတိပဋ္ဌာန်ကျင့်စဉ်ကို ဝေဖန် ကြသည်။ မဂ္ဂင်ရှစ်ပါး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော သတိ ပဋ္ဌာန်ကို မဂ္ဂင်ရှစ်ပါး၏ အခြားအစိတ်အပိုင်းများမပါဘဲ အသုံးပြုပါက ဗုဒ္ဓဟောကြားသော အလယ်အလတ်လမ်းစဉ် ကို မရရှိနိုင်ဟုဆို ကြသည်။ သိပ္ပံပညာရှင်များက သတိ ပဋ္ဌာန်ကို စီးပွားရေးဆန်ဆန်ချဉ်းကပ်နေသည်ဟူ၍လည်း အနောက်တိုင်းဗုဒ္ဓဘာသာဝင်အချို့က ညည်းတွားကြ သည်'ဂ၄ လို့ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။
    ဒီစာစုက ဘာကိုပြောချင်သလဲဆိုရင် အနောက်တိုင်း မှာ သိပ္ပံပညာရှင်တွေက ဗုဒ္ဓဘာသာကို အထူးသဖြင့် သတိ ပဋ္ဌာန်တရားကို အင်နဲ့အားနဲ့ လေ့လာနေကြတယ်။ နှစ်ပေါင်း သုံးဆယ်အတွင်း စာအုပ်နဲ့စာတမ်းပေါင်း တစ်သောင်းကျော် ထွက်တယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းစွာပဲ ချွင်းချက် သဘောမျှသာရှိတဲ့ လူနည်းစုကလွဲလို့ သတိပဋ္ဌာန် တရားရဲ့ ပိုင်ရှင်ဖြစ်တော်မူတဲ့ ဗုဒ္ဓရဲ့အမည်နာမကိုတော့ ထုတ်ဖော် ပြောဆိုဖို့ ပျက်ကွက်နေတာ၊ မသိချင်ယောင်ဆောင်နေတာ တွေ ရှိတယ်ဆိုတဲ့ အကြောင်းပါ။
    ဒါ့အပြင် တရားဂုဏ်တော်မှာ ပါဝင်တဲ့လာလှည့်၊ ကျင့် လှည့်၊ ဝေဖန်လှည့် ဆိုတဲ့ဂုဏ်တော်ကို သိပ္ပံပညာရှင်တွေ က ခေတ်မီစက်ကြီးများနဲ့ လေ့လာ၊ စူးစမ်းရင်း သုတေသန ပြုကြ၊ စာအုပ်စာတမ်းတွေရေးသားကြ စသည်ဖြင့် အဆက် မပြတ် ပြုလုပ်နေကြတာပါ။ ဗုဒ္ဓဘာသာဟာ ရောဂါဝေဒနာ တွေကို သက်သာ ပျောက်ကင်းစေတယ်၊ စိတ်ငြိမ်းချမ်းမှုကို ပေးနိုင်တဲ့ ဘာသာဖြစ်တယ်ဆိုတဲ့ ချီးမွမ်းမှုတွေ၊ လေးစားမှု တွေကိုလည်း အဲဒီသုတေသနတွေက သက်သေခံနေပါ တယ်။ သတိကြီးစွာထားပြီး မေးစရာရှိနေတာက သိပ္ပံပညာ ရှင်တွေက သတိပဋ္ဌာန်တရားကို စီးပွားရေးဆန်ဆန်ချဉ်း ကပ်နေသလားဆိုတဲ့မေးခွန်းပါပဲ။

ငြိမ်းချမ်းသာ
၇-၂-၂ဝ၁၈

၁။    ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၉ ရက် နေ့၊ ပုသိမ်မြို့တွင် အောက်စဖို့ဒ် ဆရာတော်ဟောပြောခဲ့သည့် 'တွေ့ကို တွေ့ရမည့် စိတ်ခံစားမှုလှိုင်းလုံးကြီးများ' တရားတော်
၂။    အောက်စဖို့ဒ်ဆရာတော်၏ ကရုဏာအသိနှင့် စိတ်ခံစား မှု ဖွံ့ဖြိုးရေးနည်းလမ်းစာအုပ်

Tuesday, December 10, 2019

မဟာဗောဓိမြိုင်ဆရာတော်ကြီး သေနယ်ရွာအဝင်ဝမှာ သေမင်းနဲ့ ဆုံခဲ့ရခြင်းများ(၂)

 

မဟာဗောဓိမြိုင်ဆရာတော်ကြီး
သေနယ်ရွာအဝင်ဝမှာ သေမင်းနဲ့ ဆုံခဲ့ရခြင်းများ(၂)


    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ တောရပ်မှီ တရား ရှာမှီးတဲ့ရဟန်းဘဝနဲ့ နေထိုင်ရင်းကပဲ အနာရောဂါများရဲ့ နှိပ်စက်မှုကြောင့် သေလုသေခင်အခြေအနေအထိ သုံးကြိမ်သုံးခါရောက်ခဲ့ရပါတယ်။ ဒီအကြောင်း များကို 'သေမင်းချိန်းသောနေ့ရက်များ(ပကိဏ္ဏက လေခက္ခန္ဓာ့ကထာ)စာစု မှာ ဆရာတော်ကြီးကိုယ်တော်တိုင်ရေးသားထားပါတယ်။ သေခြင်းနဲ့ နီးနီးကပ်ကပ် ဖြစ်ခဲ့ရတဲ့ ပြင်ပဖြစ်တဲ့အန္တရာယ်များအကြောင်းကိုတော့ ရှေ့စာစု(သေနယ်ရွာအဝင် ဝမှာ သေမင်းနဲ့ ဆုံခဲ့ရခြင်းများ(၁))မှာ  ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
    အခု ဒီစာစုမှာတော့ ဆရာတော်ကြီး ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ 'အတွင်းထ ရောဂါအန္တရာယ်များ'အကြောင်းကို ပြောချင်ပါတယ်။
    ဆရာတော်ကြီးဟာ ၁၃၄၄ ခုနှစ် မင်းတစ်ရာ့တစ်ပါးမှာ သီတင်းသုံးစဉ် အတွင်းမှာတော့ တစ်ညလုံးမီးဖိုနေရတဲ့ အေးမြလှတဲ့ ကျောက်ဂူကြီးမှာ သီတင်း သုံးရတဲ့ အကျိုးဆက်အဖြစ် ဦးဆက်တစ်လျှောက် အနာ ၁၅ လုံးပေါက်ပါ တော့တယ်။ အနာပဆုပ်(အရပ်ခေါ် ဆင်ငိုလည်ပြတ်နာ)ရဲ့ ဒဏ်ကို မချိမဆံ ခံခဲ့ရတယ်လို့ ဆရာတော်ကြီးက ရေးသားတော်မူပါတယ်။
    နောက်ထပ်ဖြစ်တဲ့ အနာကတော့ ကျော၊ ခြေထောက်တို့မှာ ပေါက်တဲ့ ကျွဲအသားမာနာပါ။ အသားကို အစိမ်းခွဲထွက်တဲ့ အနာမျိုးဖြစ်တယ်လို့ သိရပါ တယ်။
    'ပုပ်ရိခြင်း၊ ပြည်ထွက်ခြင်း အလျှင်းမရှိ အစိမ်းသက်သက်က ခွဲထွက်လာ သောအနာဖြစ်ခြင်းကြောင့် မချိမဆံ့ဆိုသော စကားထက် တိုးသုံးနိုင်သော စကား လုံးရှိက တိုးသုံးချင်သော ဝေဒနာမျိုးခံနေရရာ ဘုရားတောင် မ,တအားသော အခြေသို့ ဆိုက်နေ၏'လို့ သေမင်းချိန်းသောနေ့ရက်များ(ပကိဏ္ဏက လေခက္ခန္ဓာ့ ကထာ)စာစုမှာ ဆရာတော်ကြီးက ရေးသားတော်မူခဲ့ပါတယ်။
    ဆရာတော်ကြီးဟာ နာခြင်းကိုအံ့တုရင်းက မြတ်သောတရားကိုဖွေရှာရင်း ကပဲ သူ့ရဲ့အသက်ဓာတ်ကို ဆက်လက်ထွန်းလင်းနိုင်စေခဲ့ပါတယ်။ မွန်ဒေသက သေခြင်းရဲ့တောင်တန်းများကို ဆရာတော်ကြီးဟာ ဖြတ်ကျော်လို့လာနိုင်ခဲ့ပါတယ်။
    အဲဒီနောက်တော့ ၁၃၅၅ ခုနှစ်မှာ ဆရာတော်ကြီးဟာ သံလွင်မြစ်ရဲ့အရှေ့ခြမ်း တာကော်ရွာ၊ ဟွေဟင်ရွာတို့အနီးက သုဝဏ္ဏသျှံတောင်(တောင်ကြီးနဲ့ ကျိုင်းတုံ အကြားရှိ)ကိုလည်း တရားရှာဖို့ ရောက်ရှိခဲ့ပြန်ပါတယ်။ အဲဒီဒေသမှာလည်း  ဆရာတော်ကြီးဟာ အနာရောဂါများရဲ့ နှိပ်စက်ခြင်းကို ခံခဲ့ရပြီး ၁၃၅၆ ခုနှစ်မှာ ငှက်ဖျား၊ ၁၃၅၇ ခုနှစ်မှာ သွေးကျောပိတ်ရောဂါ၊ အရောင်အဖောရောဂါနှင့် ၁၃၅၈ ခုနှစ်များမှာ အသွေးအဆိပ်သင့်ရောဂါများ ဖြစ်ပွားခဲ့ပါတယ်။
    မဟာဗောဓိမြိုင်ဆရာတော်ကြီး မဟာမြိုင်တောကြီးအတွင်း သီတင်းသုံးစဉ် က မြကျောက်ဆရာတော်နဲ့ ဒကာ၊ ဒကာမများ နှစ်ကြိမ်တိုင် လာရောက်ဖူးမြင်ခဲ့ ကြပါတယ်။ ဒုတိယအကြိမ်လာရောက်စဉ်မှာတော့ မြကျောက်ဆရာတော်နဲ့ လိုက်ပါတဲ့ ဒကာမတစ်ဦးက မဟာဗောဓိမြိုင်ဆရာတော်ကြီးကို နိုင်ငံခြား သာသနာပြုခရီးစဉ် ြ<ွကဖို့လျှောက်ထားစဉ်မှာ ဆရာတော်ကြီးဟာ သူ့ရဲ့ ကျန်းမာ ရေးနဲ့ပတ်သက်ပြီး မိန့်ကြားရာမှာ သုဝဏ္ဏသျှံမှာဖြစ်ပျက်ခဲ့တဲ့ ရောဂါများအ ကြောင်းကို အခုလိုကြားသိခဲ့ရပါတယ်။
    'ညာဘက်ခြေထောက်က ခု ဒီအောက်ကိုဆင်းတာတောင် ဘောလုံးကို အောက်မှာထားဆင်းရသလို လေပေါ်နင်းရသလို သမီးရဲ့၊ ဖဝါးကောင်း မဟုတ်တော့ဘူး။
    ရှမ်းတောင်တုန်းကဖြစ်ခဲ့တာ။ ပထမ သွေးကြောပိတ်။ သူ့ရှမ်းတောင်က ဖိနပ်မစီးဘဲသွားလို့မှ မရတာ။ အအေးကိုကွဲ့။ မိုးထဲရေထဲ၊ မြေကလည်း အေးတယ်ကွဲ့၊ ရှမ်းကလည်း အေးတယ်ကွဲ့။ မိုးရွာရင် အဲဒီဒေသ ဘယ်သူမှ  မထွက်ဘူးကွဲ့။ တို့ ဆွမ်းခံဝတ်က ဒီအချိန်ထွက်မယ်ဆိုရင် ထွက်ရတာ။အဲတော့ တို့ကသွားရတာပေါ့ကွယ်။ မိုးမိခံ။ အဲဒီကနေ ယောင်တာဖောတာ၊ သွေးကြော ပိတ်တယ်သမီးရာ၊ နောက်တော့ သွေးအဆိပ်ဖြစ်တယ် သမီးရာ။
    အဲဒီရဲ့ ဒီဘက်မှာ ဒီဘက်ခြေထောက်မကောင်းဘူး သမီးရယ်။ ထုံထုံကြီး။ ဘယ်ဘက်တစ်ဖက်နဲ့ ထိန်းသွားနေရတာ။ တို့အခြေအနေပြောတာနော်။
    ကြမ်းကြမ်းတမ်းတမ်းမလုပ်ရဘူး၊ မသွားရဘူး အဲလို ဆရာဝန်တွေကတော့ ညွန်ကြားတာပဲလေ။ တောနေရဟန်းကတော့ တစ်ပါးတည်း မကြမ်းလို့မရဘူး။ တောဘုန်းကြီးက ကြမ်းမှဖြစ်တာကိုး။' လို့ မိန့်ကြားတော်မူခဲ့ပါတယ်။
    ၁၃၆၅ ခုနှစ်မှာတော့ မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ မဟာမြိုင်တောကြီး ဆီ ြ<ွကရောက်သီတင်းသုံးလို့နေပါပြီ။ ၁၃၆၅ ခုနှစ် တန်ခူးလဆန်း ၈ ရက်နေ့ မှာ မဟာမြိုင်တောကြီးဆီရောက်ခဲ့ပြီး နယုန်လပြည့်ကျော် ၁ ရက်အရောက်မှာ တော့ 'ဆင်ရေယုန်'ပေါက်ပါတော့တယ်။
    'ထိုနေ့မတိုင်မီ ၂ ရက်၊ ၃ ရက်လောက်တို့မှ စတင်ကာ အစာမဲ့သော ညကာလများ၌ အစာအိမ်က ခြစ်ခြစ်တောက် ပူကျက်နေ၏။ ဝဲဘက်နားအုံသို့ တစူးထိုးအထိုးခံနေရ၏။ သွားလမ်းကြောင်းတစ်လျှောက်လုံး အပူစီးကြောင်းကြီး ထင်ကျန်နေ၏။ နားတွင်းနှင့်အပြည့်လည်း ပွက်ပွက်ညံအသံများ ဆူဝေနေ၏။ သို့ဖြင့် နယုန်လပြည့်နေ့ ဆံပယ်၍ရသေး၏။ နောက်တစ်ရက်အရောက်တွင်ကား နားရွက်အထက်နားပန်းမှ ဆံစအထိ အဖုအပိမ့်များ ပေါက်လာကြပြီ။ တစ်ဖန် နားရွက်အောက်သို့လည်း ရင်ဘတ်၏နို့အုံအထိ ဆင်းသွားနေကြပြီ။ အရသာက စပ်ဖျဉ်းဖျဉ်း၊ အရေပြားက ခပ်တင်းတင်း။ ယင်းကို နယုန်လစေ့နေ့အထိ ခံပေးနေ ရ၏' လို့ ဆရာတော်ကြီးက ရေးသားတော်မူခဲ့ပါတယ်။ နယုန်လစေ့နေ့မှာတော့ ဆံပယ်၊ ရေချိုးခြင်းများပြုလုပ်ရာ အနာများ အလိုလိုကွာကျသွားတယ်လို့ ဆိုပါတယ်။
    'နာမင်းကြီးက အသက်အပ်နှံသည်ကို သေမင်းကြီးက လက်ခံကြည့်ရှု စစ်ဆေးပေးကာ 'လိုသေးသည်'မှတ်ချက်ဖြင့် ငါ့အား ပြန်လွှတ်ပေးလိုက်၏ပမာ၊ ငါသည် သည်တစ်ချီလည်း သေရွာပြန်စာရင်းအသွင်းခံရပြီ'လို့ ဆရာတော်ကြီး က ဆိုပါတယ်။
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ အတွင်းထအနာများ အဖြစ် ၁၃၄၄ ခုနှစ်(ဇင်းကျိုက်တောင်ဒေသမှာ) အနာပဆုပ် (ဝါ) ဆင်ငိုလည် ပြတ်နာ၊ ကျွဲအသားမာနာများပေါက်ရောက်ခဲ့ပြီး သေနယ်ရွာအဝင်ဝထိအောင်ပင် ခရီးပေါက်ခဲ့ရပါတယ်။ ၁၃၅၆ ခုနှစ် မှ ၁၃၅၈ ခုနှစ်များအတွင်း(သုဝဏ္ဏသျှံ တောင်) မှာတော့  ငှက်ဖျားရောဂါ၊ သွေးကြောပိတ်ရောဂါ၊ အဖောအရောင် ရောဂါနှင့် သွေးအဆိပ် သင့်ရောဂါများရဲ့ဒဏ်နဲ့ သေလုလုဖြစ်ခဲ့ရပါတယ်။ ၁၃၆၅ ခုနှစ်(မဟာမြိုင်)မှာတော့ ဆင်ရေယုန်ရဲ့ ဒဏ်ကို အသေအလဲခံခဲ့ရတာ ဖြစ်ပါတယ်။
    သေလောက်တဲ့ ဝေဒနာ၊ သေလောက်တဲ့ရောဂါတွေ ဘာကြောင့်ရခဲ့သလဲ ဆိုတဲ့ မေးခွန်းနဲ့ အဲဒီဝေဒနာတွေကိုဘာကြောင့် ကျော်ဖြတ်နိုင်ခဲ့သလဲဆိုတဲ့ မေးခွန်းတွေဟာ ဆရာတော်ကြီးရဲ့ အထက်ပါဖြစ်ရပ်များကို မြင်ရရင် မေးဖို့ ရှိလာနိုင်တဲ့ မေးခွန်းတွေပဲဖြစ်ပါတယ်။
    အဲဒီ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာ တော်ကြီးက ' ငါ၌လည်း ပန်ထားသည့် ဆုအရလည်းကောင်း၊ (ငါပန်ထားသော ဆုက အဂ္ဂမဟာတန်းဝင်ဆုထူးဟူ၏။) တစ်ဖန် ငါ့အားမှီခို၍ငါနှင့်အတူ အောင်ပွဲဝင်ရန် ပစ္စယတို့ဖြင့် ထောက်ပံ့လိုက်ပါနေကြသည့် ဝေနေယျတို့၏ ထောက်ပို့အားအရလည်းကောင်း၊ ငါက ပညာခွင် ဓမ္မ၊ သူတို့ က သဒ္ဓါခွင် ပစ္စယ တာဝန်ခွဲဝေယူကြရာတွင် ပညာခွင်ဓမ္မကား ပြင်းလျှင် ပြင်းသလောက် ပွင့်,သီး,ရင့်,မှည့် ဖြစ်ခွင့်ရသော်မှလည်း သဒ္ဓါရှင် ပစ္စယဘက်မှာမူကား သဘာဝ ကပင် ပုံမှန်ဖြစ်နေသောကြောင့်ဖြတ်လမ်းဖြင့် မြေကြောရှုံ၍ မရကြောင့် ..'
'ပကိဏ္ဏက လေခက္ခန္ဓာ့ကထာ(သေမင်းချိန်းသောနေ့ရက်များ)'မှာ မှတ်ချက်ပြု ရေးသားတော်မူခဲ့ပါတယ်။
    အဲဒီအကြောင်းကို ရည်ရွယ်ပြီး လူ့ဘဝရသေ့ဝတ်ဖြင့် တောထွက်စဉ် ဇနီးသည်ဖြစ်သူ လိုက်ခေါ်လို့ ရန်ကုန်ပြန်ရောက်ခဲ့စဉ်တုန်းက အဘဝိမလက  အဘရာကျော်ပေးတဲ့ ကဗျာတစ်ပုဒ်နဲ့  မဟာဗောဓိမြိုင်ဆရာတော်ကြီးကို ဆုံးမ တော်မူခဲ့ဖူးပါတယ်။
    'ဝဋ်ကြွေးငယ်တင်
    လွတ်သေးမယ် မောင်မထင်နဲ့
    နောင် ဆင်ခြင်ထား ...။
    မချိသူ သတိမူပေတော့
    ဝိဋဋူသာကီသတ်စဉ်က
    ထွဋ်ဘုန်းရှင် အလွတ်ရုန်းရတယ်
    ထုံးရှိပေးသား ...။    ။'
    ဆိုလိုတာကတော့ 'ပန်ဆုနဲ့ ပွင့်ချိန် လိုနေသေးသမျှ ေြ<ွကးချေပြီး နေလိုက် ဦး' ဆိုတဲ့အဓိပ္ပါယ်ပဲလို့ ဆရာတော်ကြီးက ဖွင့်ဆိုပါတယ်။
    'သို့တစေလည်း ခေါင်းမာသောငါသည် ခေါင်းမာရမှ နေသာသောကြောင့် လည်းကောင်း၊ ဆုပန်နှင့် အကျင့် နှစ်ဆင့်ရှိရာတွင် အကျင့်သည် အဓိကဆိုထား  ခြင်းကြောင့်လည်းကောင်း ငါသည် ဆရာစကား နားမထောင်ဘဲ တောဘက် ဆက်၍ ထွက်မြဲ ထွက်ခဲ့ပါ၏။ အန္တရာယ်နှင့် ဘေးများကလည်း အပြေးအလွှား လိုက်၍ တားမြဲတားနေပါ၏။ ယင်းကို ဤဆိုခဲ့ပြီးသော ဖြစ်ရပ်များနှင့် ငါတို့ သက်သေထူပါ၏'လို့ 'သေမင်းချိန်းသော နေ့ရက်များ'မှာ ရေးသားတော်မူခဲ့ ပါတယ်။
    သေမင်းချိန်းသောနေ့ရက်များဆောင်းပါးဟာ  မဂ္ဂဇင်းစာမျက်နှာ ၉ မျက် နှာမျှရှိပြီး ၂ဝ၁၇ ခုနှစ်၊ မေလထုတ် သူရဇ္ဇမဂ္ဂဇင်း၊ အတွဲ(၁၇)၊ အမှတ်(၅) မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ စာပြီးရက်စွဲအဖြစ် ၁၃၇၃ ခုနှစ်၊ တပေါင်းလပြည့် နေ့ ဗုဒ္ဓဟူးနေ့လို့တွေ့ရပါတယ်။ အကျွတ်အလွတ်ဓမ္မဝိဟာရ မဟာမြိုင်မှာ ရေးသားပြီးစီးပြီး 'ခရီးသွားလုပ်ငန်းစတင်ဝင်သောနေ့(ကြယ်ကမ္ဘာ)' လို့ မှတ်တမ်းတင်ထား တာကလည်း ထူးခြားတယ်လို့ဆိုရမှာဖြစ်ပါတယ်။
    အခု ကျွန်တော်ရေးသားတင်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ ' သေမင်း ချိန်းသောနေ့ရက်များ'ဆောင်းပါးထဲက အကြောင်းအရာများကို အနှစ်ချုပ်တင်ပြ ထားတာဖြစ်ပါတယ်။ အမှားအယွင်းတစ်စုံတစ်ရာပါခဲ့ရင်လည်း မူရင်းစာရေးသူ ဆရာတော်ကြီးနဲ့ မသက်ဆိုင်ဘဲ ကျွန်တော်ရဲ့ ပေါ့ဆညံ့ဖျင်းမှုသာဖြစ်ကြောင်း ကိုလည်း ပြောလိုပါတယ်။ ဒီစာစုဟာ ဆရာတော်ကြီးရဲ့ အကျင့်လမ်းပေါ်က အခက်အခဲ အတားအဆီးများကို မြင်သာရုံတင်ပြခြင်းသာဖြစ်ပြီး ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ တောရပ်မှီ တရားရှာတဲ့ ဓမ္မခရီးလမ်းမှာ အသက်ကို ငဲ့ကွက်တော်မမူဘဲ နောက်မဆုတ်စတမ်း ကြိုးပမ်းအားထုတ်ခဲ့ပုံ တွေကို ကြည်ညိုရင်းက  ဒီစာစုနဲ့ ခြေတော်အစုံ ဦးခိုက်ကန်တော့လိုက်ပါတယ်။

#Thuwannashan #မဟာဗောဓိမြိုင်ဆရာတော်
#ငြိမ်းချမ်းသာ



စာပြီးရက်စွဲ-၁၁-၁၂-၂ဝ၁၉
ရည်ညွှန်းကိုးကား/-
၁။ ပကိဏ္ဏက လေခက္ခန္ဓာ့ကထာ(သေမင်းချိန်းသောနေ့ရက်များ)
၂ဝ၁၇ ခုနှစ်၊ မေလထုတ် သူရဇ္ဇမဂ္ဂဇင်း၊ အတွဲ(၁၇)၊ အမှတ်(၅)
   
       

မဟာဗောဓိမြိုင်ဆရာတော်ကြီး သေနယ်ရွာအဝင်ဝမှာ သေခြင်းနဲ့ ဆုံခဲ့ရခြင်းများ

 

 မဟာဗောဓိမြိုင်ဆရာတော်ကြီး
သေနယ်ရွာအဝင်ဝမှာ သေခြင်းနဲ့ ဆုံခဲ့ရခြင်းများ


    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး တောရဆောက်တည်နေ ထိုင်တော်မူခဲ့တာဟာ အခုဆိုရင် နှစ်ပေါင်း ၄ဝ နီးပါးမျှ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီ တောရဆောက်တည်သော နှစ်များအတွင်းမှာ ဆရာတော်ကြီး ရင်ဆိုင်ခဲ့ရတဲ့ အဖျက်အမှောင့်တွေ၊ အနှောက်အယှက်တွေဟာ လက်ချိုးရေလို့မရအောင် များ ပြားလှတာကိုလည်း တွေ့ရပါတယ်။ သေမင်းနဲ့ပင်ပင်းတွေ့လို့ သေခြင်းကိုရင် ဆိုင်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။
    အဲဒီအကြောင်းတွေကို ဆရာတော်ကြီးက  'သေမင်းချိန်းသော နေ့ရက်များ '  (ပကိဏ္ဏက လေခက္ခန္ဓာ့ထာ)မှာ .. .
    'ပြင်ပမှဖြစ်သော ဘေးအန္တရာယ်များက သုံးကြိမ်(ကျွဲအုပ်စသည်များ)၊ အတွင်းထရောဂါအန္တရာယ်များက သုံးကြိမ်(အနာပဆုပ် စသည်များ)။ သည်သို့ သေမင်းကြီးရှေ့ ပက်ပင်းတွေ့ပေးသော အန္တရာယ်များဖြင့် ကြုံခဲ့ရ၏။
    သေမင်း မြင်သာလောက်သည်အထိ သွားပေးခဲ့ရသည်များလည်း အကြိမ် ကြိမ်။
    သေမင်း နယ်ပယ်အတွင်းထိ အပို့ခံရသည်များလည်း အကြိမ်ကြိမ်ပင်။' လို့ မှတ်တမ်းတင်ရေးသားခဲ့ပါတယ်။
    အဲဒီထဲကမှ ဒီစာစုမှာတော့ ပြင်ပမှဖြစ်သော ဘေးအန္တရာယ်များအကြောင်း ကို ရေးသားဖော်ပြချင်ပါတယ်။ ဆရာတော်ကြီးဟာ ပြင်ပအန္တရာယ်တွေအဖြစ် ကျွဲအုပ်၊ မြွေကြီးနဲ့ အမွှေးညိုညိုအကောင်ကြီးတစ်ကောင် စတဲ့ အန္တရာယ်သုံး ခုနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။
    ပထမဆုံးရင်ဆိုင်ကြုံတွေ့ခဲ့ရတာတော့ ကျွဲအုပ်ကြီးဖြစ်ပါတယ်။
    မဟာဗောဓိမြိုင်ဆရာတော်ကြီး ရွှေကျောင်းကုန်းတောင်မှ သီတင်းသုံးစဉ်က ရွှေကျောင်းကုန်းတောင်မှ သာယာကုန်းရွာသို့ ဆွမ်းခံအသွားမှာ ကျွဲအုပ်ကြီး တစ်အုပ်နဲ့ ပင်ပင်းတိုးခဲ့ရပါတယ်။ အချိန်ကလည်း ဆောင်းကနွေအကူးကာလမို့ ကျွဲ၊ နွားတွေဟာ အထိန်းမပါဘဲ လွှတ်ထားတဲ့အချိန်၊ ကြုံရတာကလည်း ဝင်းကနဲ ဝါခနဲဆို မျက်စိနောက်ပြီး လန့်တတ်တဲ့ ကျွဲအုပ်ကြီး ..။ အဲဒီမှာ ဆရာတော်ကြီးက ...
    'ကဲ သင်တို့သွားလိုရာသွား အန္တရာယ်ဖယ်ထားခဲ့ကြပါ။ ငါသညလည်း ငါ သွားလိုရာသွား အန္တရာယ်အားလုံးဖယ်ထားခဲ့ပါအံ့' လို့ စိတ်ထဲက ပြောရင်း က ခြေစုံရပ်လျက် မျက်နှာကိုရပ်ဖြင့်ကာရင်းက ခန္ဓာကိုယ်တွင်းကောဌာသများ ကို ရေတွက်လျက်ကသာ နေပါတော့တယ်။
    အဲဒီမှာ ကျွဲအုပ်ကြီးဟာ အသံမျှပင်မထွက် ငြိမ်လျက်က သူတို့သွားလိုတဲ့ လမ်းကို ဆရာတော်ကြီးရဲ့ ဝဲယာဘေးကနေ ထွက်သွားကြပါတော့တယ်။ အဲဒီ ကျွဲအုပ်ဟာ အကောင်ရေ ၅ဝ ထက်မနည်းရှိတယ်လို့လည်း ဆိုပါတယ်။
    ရဟန်းမြင်ရင် ခတ်တတ်တဲ့ကျွဲ ဘာကြောင့် မခတ်သလဲဆိုတဲ့ အဖြေကို တော့ ဆရာတော်ကြီးက
    'ရွှေကျောင်းကုန်းတောင်သည် ယခင် ပျူခေတ်ထွန်းကားစဉ်က မင်းကိုး ကွယ်ခံ အဘဝိမလဆရာတော်ဘုရားကြီး နောက်ပါတပည့်အဖြစ်ဖြင့် နေခဲ့ဖူး သည်က တစ်ကြောင်း၊ တောထွက်စ၏ သဒ္ဓါ၊ ဆန္ဒ၊ ဝီရိယအထမ်း အတွဲညီ နေသည်က တစ်ကြောင်း၊ ငါတို့၏ တောထွက်သန္ဓေတည်မွေးဖွားရာနေရာဖြစ် သည်ကတစ်ကြောင်း၊ ဤအကြောင်းပေါင်းစုံကာ အကာအကွယ်ပေးလိုက်ခြင်း များလား' ဟု တွေးကြည့်မိတယ်လို့ ရေးသားခဲ့ပါတယ်။
    ကျွဲအုပ်ကြီးနဲ့ ရင်ဆိုင်ကြုံတွေ့စဉ်က စိတ်ကိုလည်း 'ကျွဲအုပ်ကြီးနှင့် ရင် ဆိုင်နေရစဉ်အတွင်း  ငါ့၌ကြောက်လန့်စိတ်ကင်းနေ၏။ ရှုမှတ်စိတ်(ကောဌာသ အာရုံယူစိတ်)မှတစ်ပါး အခြားစိတ်များ ဝင်မလာခဲ့။ တစ်ဖန် ကျွဲအုပ်ကြီးများ ရှောင်ကွင်း သွားပြီနောက်တွင်လည်း ဝမ်းသာစိတ်မဖြစ်မိ။ ရင်တုန်ပန်းတုန်လည်း မဖြစ်မိ။ မတိုးမီက စိတ်နှင့် တိုးပြီးနောက်စိတ်တို့သည်လည်း အတူတူပင် ဖြစ်နေကြ၏' လို့ ဆိုပါတယ်။
    မဟာဗောဓိမြိုင်ဆရာတော်ကြီး ဒုတိယပြင်ပအန္တရာယ်ဖြစ်တဲ့ မြွေကြီးနဲ့ တွေ့ခဲ့တာဟာလည်း ရွှေကျောင်းကုန်းတောင်မှာ သီတင်းသုံးစဉ်ကပဲဖြစ်ပါတယ်။  ရေတွင်းကြီးရွာမှ မျက်လွှာချလျက် ဆွမ်းခံအပြန် အင်တိုင်းသာနှင့် နန်းတော်ကုန်း ရွာအကူးမှာ လှည်းလမ်းမတစ်ခုစာမျှမကရှည်သော၊ ပေါင်လုံးပမာဏမျှတုတ် သော၊ ငန်း ပုပ်မြွေမျှမည်းနက်သောမြွေကြီးကို တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။
    'မြွေကြီးနှင့် ငါတို့ ဝါးတစ်ပြန်လောက် နီးနီးကပ်ကပ်ဖြစ်လာချိန် မြွေကြီး သည်(မလွတ်မှန်းသိသဖြင့်)ရုတ်တရက် နောက်ပြန်လှန်ချ၍ ရှောခနဲ နောက် ကြောင်းသို့ပြန်လှည့်ပြေးသွားတော့သည်။
    မြွေကြီး နောက်ပစ်လှန်ချလိုက်ရာမှဖြစ်သော ဗုန်းခနဲအသံကြီးကြားလေမှ ငါတို့က မျက်ခွံလှန် အဝေးသို့လှမ်းကြည့်လိုက်ရာ ဆိုခဲ့ပြီးအတိုင်း ရှည်လည်း ရှည်၊ တုတ်လည်းတုတ်၊ မည်းလည်းမည်းသော မြွေကြီးတစ်ကောင်ကို မြင်တွေ့ ခွင့်ရ၏' လို့ ရေးသားခဲ့ပါတယ်။
    ဆရာတော်ကြီးက မြွေကြီးနဲ့ ရင်ဆိုင်ကြုံတွေ့စဉ် ဖြစ်ပေါ်နေတဲ့စိတ်ကိုလည်း 'သတိကြောင့်  လန့်စိတ်လည်း ဝင်ခွင့်မရခဲ့။ အတွေးမဝင်၍ ကြောက်စိတ်လည်း မပေါ်ခဲ့၊ ငါ့ အစွမ်းကြောင့်မဟုတ်။ သတိအလုပ်လုပ်နေခြင်း ကြောင့်သာ' လို့ ဆိုပါတယ်။
    ရွှေကျောင်းကုန်းတောင်မှ ဇင်းကျိုက်တောင်ဒေသကို ပြောင်းရွှေ့သီတင်း သုံးစဉ်မှာတော့ တတိယမြောက်အကြိမ်အဖြစ် သေမင်းရဲ့ချိန်းဆိုခြင်း ခံရပြန်ပါ တယ်။ ဇင်းကျိုက်တောင်ဒေသ၊ ကတွန်နယ်၊ ကျောက်ခမောက်တောင်မှာ သီတင်း သုံးစဉ်က ဖြစ်ပါတယ်။
    'တနေ့၊ ကျောက်ခမောက်မှ ကတွန်သို့ ဆွမ်းခံရန်ထွက်အလာ လူသူကင်း ဆိတ်သောတောကြားဝယ် နွားထက်လည်းကြီး၏၊ ကျွဲလောက်လည်း မရှိ၊ နဖား ကြိုးလည်းမပါသော အမွှေးညိုညို အကောင်ကြီးတစ်ကောင် ငါတို့သွားလမ်း ပေါ်ပိတ်၍ အစာစားနေ၏။ ငါတို့ကို ကျောပေးထား၏။ ထိုစဉ် ငါတို့က
    'ဟကောင်ကြီး လမ်းဖယ်ပေးဦး' လှမ်းအပြော၊ ထိုအကောင်ကြီး ရှေ့ဆီ သို့ ဝါးတစ်ပြန်စာမျှပြေး၏။ တစ်ဖန် ပြန်လည့်ကြည့်၏။ သည့်နောက် ပြန်ပြေး လာပြီး ငါအား အတင်းဝှေ့ရာ ငါသည် သူ့ချိုကို ငါ့တံတောင်ဖြင့် ခုခံရင်း ဖင်ထိုင်လျက်သား လဲကျသွား၏။ သည်သို့ လဲကျလက်ကပင်
    'ဟကောင်ကြီး ငါပါဟ' ပါးစပ်မှ ပြောမိ၏။
    သို့ အသံပေးလိုက်သည်နှင့် ထိုကောင်ကြီး တောကြားဝင်ပြေးတော့သည်' လို့ ဆရာတော်ကြီးက ရေးသားခဲ့ပါတယ်။
    မဟာဗောဓိမြိုင်ဆရာတော်ကြီးက အမွှေးညိုအကောင်ကြီးနဲ့ တွေ့စဉ်က စိတ်အခြေအနေကိုလည်း 'သိသူများအတွက်တော့ အပန်းကြီးမည်မထင်၊ ငါတို့ အတွက်တော့ ခေါင်းနားပန်းကြီးသွားတော့သည်။ သို့တိုင်လည်း ထိုစဉ်က တော စိတ်ဖြင့် ချွေးသိမ်မြဲဖြစ်ခြင်းကြောင့် လူတို့အတွင်း ခြေသွင်းထားသလောက်
အကြော်က မရှိသေး။ ကြောက်သည်ဖြစ်စေ မကြောက်သည်ဖြစ်စေ ဘေးကား ဘေးပင်။ လန့်သည်ဖြစ်စေ မလန့်သည်ဖြစ်စေ အန္တရာယ်က အန္တရာယ်ပင်။' လို့  ရေးသားခဲ့ပါတယ်။
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးလျှောက်လှမ်းတဲ့ ဘဝခရီး လမ်းဟာ ခက်ခဲကြမ်းတမ်းလှကြောင်း ကျွန်တော် အကြိမ်ကြိမ်ဆိုခဲ့ပြီးဖြစ်ပါတယ်။    အခု ဒီစာစုမှာတော့ ဆရာတော်ကြီး ရင်ဆိုင်ဖြတ်ကျော်ခဲ့ရတဲ့ သေမင်းချိန်းတဲ့ နေ့ရက်တွေထဲက ပြင်ပမှဖြစ်သော ဘေးအန္တရာယ်များအကြောင်းကို အကျဉ်း အားဖြင့် ရေးသားခဲ့တာဖြစ်ပါတယ်။ ရောဂါအန္တရာယ်များကို ကြုံတွေ့ ခံစားရ ရင်းက မဟာဗောဓိမြိုင်ဆရာတော်ကြီး သေမင်းနဲ့ ကြုံဆုံခဲ့ရခြင်းများကို ဆက်ရေး ပါဦးမယ်။

စာပြီးရက်စွဲ-၆-၁၂-၂ဝ၁၉
ရည်ညွှန်းကိုးကား/-
၁။ ပကိဏ္ဏက လေခက္ခန္ဓာ့ကထာ(သေမင်းချိန်းသောနေ့ရက်များ)

မဟာဗောဓိမြိုင်ဆရာတော်ကြီးနှင့် ဇင်းကျိုက်တောင်မှ လောကဓံကြမ်းများ

မဟာဗောဓိမြိုင်ဆရာတော်ကြီးနှင့်

ဇင်းကျိုက်တောင်မှ လောကဓံကြမ်းများ



    မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ၁၃၄၃ ခုနှစ် ကဆုန်လပြည့်ကျော် ၆ ရက်နေ့မှာတော့ ဇင်းကျိုက်ဒေသကိုရောက်ခဲ့ပြီး ၁၃၄၆ ခုနှစ် ကဆုန်လဆန်း ၁၄ ရက်နေ့မှာတော့ ဇင်းကျိုက်နယ်မြေကို အပြီးစွန့်ခဲ့ပါတယ်။
    ဆရာတော်ကြီးက ဇင်းကျိုက်တောင်မှာနေခဲ့တဲ့ သုံးနှစ်ဟာ အကြွေးဆပ်ရန်သက်သက်သွား ခြင်းဖြစ်တယ်လို့  ဥလ္လမ္ပတုဘိက္ခုဘာဝကထာမှာ ရေးသားခဲ့တဲ့အတိုင်းပဲ ဇင်းကျိုက်တောင်မှာနေထိုင်သီတင်းသုံးရင်း တရားရှာမှီးတဲ့ကာလဟာ ခက်ခဲကြမ်းတမ်းလွန်းခဲ့ပါတယ်။
   မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဇင်းကျိုက်တောင်နေ့ရက်များကို ဒီလိုတွေ့ရပါတယ်။
  • ဇင်းကျိုက်တောင်ကို ရောက်စမှာ သိမ်တော်ကြီးထဲမှ နေပြီးအားထုတ်ခဲ့ပါတယ်။ နွေကာလအရောက်မှာတော့  တောင်ပေါ်မှာ အရင်ရောက်နေတဲ့ ဆရာတော်က ရေမခပ်စေချင်တာလည်းရှိ၊ နောက် သိမ်ထဲလည်းမနေစေလိုတာကြောင့် ရသေ့မဂူကို ပြောင်းရွေ့ခဲ့ရ ပါတယ်။
  •     အဲဒီမှာလည်း တစ်လကျော်ကလေးသာ ကြာခဲ့ပြီး  ဂူကိုလှူခဲ့တဲ့ရသေ့က ဂူကိုပြန်တောင်းတာကြောင့် မင်းတစ်ရာ့တစ်ပါးတောင်ဆီရောက်ခဲ့ရပြန်ပါတယ်။
  •     မင်းတစ်ရာ့တစ်ပါးမှာလည်း တစ်ဝါဆိုပြီးတာနဲ့ ဘုရားပြင်မယ့် ရဟန်း တစ်ပါး ကြွလာလေရာ နေရာထပ်ဖယ်ခဲ့ရပြန်ပါတယ်။
    အဲဒီလို အခက်အခဲတွေအပြင် ဖရုံညှာစခန်းမှာ ၉ ပေ၊ ၆ ပေ ဓနိတဲငယ် ကလေးနဲ့ နေပြန်တော့လည်း တရားတဘောင်တွေ ရင်ဆိုင်ခဲ့ရပြန်ပါသေးတယ်။ အဲဒီတရားတဘောင်တွေ၊ စွပ်စွဲချက်တွေအထဲက ကယ်တင်ခဲ့တာကတော့ ဆရာတော်ကြီးရဲ့ ပရိယတ်လေ့လာလိုက်စားခဲ့ဖူးခြင်းဆိုတဲ့ အရာပဲဖြစ်ပါတယ်။
    '၁၃၄၅ ခုနှစ် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ညနေ နေအဝင်မှာ ဖရုံညှာစခန်းဟူ၍ခေါ်သော ဒေသဝယ် ဦးကျော်ငြိမ်း၊ ဦးရိုင်မိသားစုတို့က ဓနိတဲငယ် ကလေးတစ်လုံး (၉ ပေ-  ၆ ပေ) ဆောက်လုပ်လှူဒါန်း၏။ မြေပြင်ဝယ် ကွပ်ပျစ် ငယ်လေးချလျှက်က နေရ၏။
    ထိုတဲလေးကို ငါတို့ဆွမ်းခံသွားနေဆဲ ဘုန်းကြီးတစ်ပါးက တက်ရောက် တိုင်းထွာစေသည်ဆို၏။ ဝိနည်း ကုဋိကာရသိက္ခာပုဒ်ဖြင့် စွပ်စွဲရန်တည်း။'
    အဲဒီနောက်မှာတော့ သံဃာရုံးတော်ကို ဆင့်ခေါ်ခံခဲ့ရပါတယ်။ ကျေးဇူး တော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ  လသားအရွယ်မှာ ကတည်းက နို့စို့ရင်းထောင်ကျ၊ ထောင်ကျရင်းနို့စို့ခဲ့ရသူ ဖြစ်ပါတယ်။ နယ်ချဲ့များက တော်လှန် ရေးသမားဖခင်ကို ဖမ်းမရတာကြောင့် သားသည်မိခင်ကိုဖမ်းစီးခဲ့ရာ ထောင်ကျရ ခြင်း ဖြစ်ပါတယ်။ အိမ်ထောင်သည်လူမှုစီးပွားရေးရှာကြံဆဲ ဘဝမှာလည်းပဲ နှစ်ကြိမ်တရားရင်ဆိုင်ခဲ့ရပါတယ်။
    'ယခုတစ်ကြိမ်မှာမူကား ထိုအမှုတို့ကို ကြောက်လန့်လှပါသဖြင့် လွတ် ကြောင်းကျင့်ရာမှ ရလာသော အမှုမျိုးဖြစ်သဖြင့် ရှက်လွန်းလှဘိခြင်း။'(ဘဝကန္တရသင်္ကေတကထာ၊ စာ-၂၉၁) လို့ ဆရာတော်ကြီးက ဆိုပါတယ်။
    ဆရာတော်ကြီး တင်ထားတဲ့ စွဲချက်တွေကတော့ ...
    ၁။ နိဿယမုစ္စက မလွတ်ကင်းသေးဘဲလျက်က တောထွက်ကျင့်သောရဟန်း
    ၂။ သံဃာထံမပန်ကြားဘဲလျက်က ကျောင်းသစ်ဆောက်သောရဟန်း
    ၃။ ဆိုင်ရာသံဃာ့အဖွဲ့၏ ခွင့်ပြုချက်မရဘဲလျက်က နယ်မြေတွင်း တိတ် တဆိတ်ဝင်ရောက်နေသောရဟန်း။
    ၄။ ဆိုင်ရာ ရဟန်းများနှင့် သမာနာသံဝါသမှု၃ မပြုလေသောရဟန်း
    အထက်ပါ စွဲချက်လေးမျိုးတို့ဖြင့် ရုံးသို့လာရောက်ဖြေရှင်းရန် ဆင့်ခေါ်ခံ ရ၏။ ငါတို့လည်း ဘာကိုမျှ ပြန်လှန်မချေပဟူ၍ ဆုံးဖြတ်ကာ ရုံးတော်သို့ သွားရ၏' (ဘဝကန္တရ သင်္ကေတကထာ၊ စာ-၂၉၁)
    အဲဒီသတင်းကြားတဲ့အခါမှာတော့ မြို့နယ်ဥက္ကဋ္ဌက သူ့ရဲ့အခြေခံရုံးတာဝန်ခံ များ အခုလိုမိန့်ပါတယ်။
    'ဒါငါ့တပည့်ကွ ငါ့အကြောင်းကြားပြီးနေတာ။ ဟ .. ငါးဝါမပြည့်မီ သေသွား ဘယ်လိုလုပ်မတုန်း၊ တောနေ ဧကစာရီရဟန်း ဘုရားချီးမွမ်းပြီးသားပဲ။ ၁၂ ထွာ၊ ၇ ထွာအတွင်း ဘယ်လိုဆောက်ဆောက် မင်းတို့ ပြောနေ ဖို့မလို'         အကြောင်းကြားပြီးနေတာဆိုတဲ့အတွက် စွဲချက်(၁) နဲ့ (၃) ပျက်ပါတယ်။ ငါးဝါမပြည့်မီ သေဘယ်လိုလုပ်မတုန်းဆိုတာကတော့ အမှတ်စဉ်(၁)အတွက် မိန့်ကြားချက်ဖြစ်ပြီး တောနေရဟန်းဘုရားချီးမွမ်းတယ်ဆိုတဲ့အတွက် စွဲချက်အ မှတ်(၄)ကလည်း လွတ်ကင်းခွင့်ရပြန်ပါတယ်။ နောက်ဆုံးမိန့်ကြားချက် ကြောင့်လည်း နံပါတ်စဉ်နှစ်လည်းပဲ ကင်းလွတ်ခွင့်ရခဲ့ပါတယ်။
    အဲဒီမှာ ဆရာတော်ကြီး အမွန်အဦးပြုခဲ့တာကတော့ ပရိယတ်သာသနာတော် ရဲ့ ကျေးဇူးကိုပဲဖြစ်ပါတယ်။
    'ငါတို့ကို ကယ်တင်သွားသည်မှာကား မြို့နယ်ဥက္ကဋ္ဌထံ စာရင်းရေး သွင်းစဉ်က ပထမကြီးတန်းအောင်ပြီး ဓမ္မာစရိယတန်းအထိ တက်ရောက် သင် ကြားခဲ့ဖူးပါသည်ဆိုသော ပရိယတ်စကားကပင်တည်း'လို့ ဆရာတော်ကြီးက သူ့ရဲ့ အတ္ထုပ္ပတ္တိမှာ ရေးသားခဲ့ပါတယ်။
    'ရုံးတော်က ငါ့အား အနိုင်ပေး၏။ သို့သော် ကာယကံရှင်ကျေနပ်မှသာ အမှုပြီးပြေတော့မည်ဖြစ်၍ ဝါတွင်း-ဝါခေါင်လပြည့်နေမှာပင် ကျောက်ခမောက် တောင်သို့ ပြောင်းရွေ့ပေးခဲ့ရ၏'(ဥလ္လမ္ပတုဘိက္ခုဘာဝကထာ၊ စာ-၇၆) လို့ ဆရာတော်ကြီးက ရေးသားခဲ့ကြပါတယ်။
    လောကဓံဟာ ထိုမျှနဲ့တင် ရပ်တန့်မနေပါဘူး။ စိတ်ကိုနာအောင် ညှင်းမရ တဲ့အခါမှာ ရုပ်ကိုနာအောင်လုပ်တဲ့ဘက်က လှည့်ဝင်ပါတယ်။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ကျိုက်လတ်တောင်မှာ နေစဉ်အတောအတွင်း ၁၃ လတိတိ  ဆေးရုံအခေါ် အနာပန်းဆုပ်၊ အရပ်ဓလေ့ အခေါ် ဆင်ငိုလည်ပြတ်နာ များပေါက်ခဲ့သေးပြန်ပါတယ်။
    'ဦးခေါင်းပိုင်းမှာ ၁၅ လုံး၊ တစ်ကိုယ်လုံးအနှံ့ ၁၂ လုံး၊ ပေါင်း ၂၇ လုံး တိတိ သွေးမဆင်း၊ ပြည်မထွက်သော အနာပဆုတ်ကြီးများဒဏ်ခံခဲ့ရ၏။ နောက် ထပ်လည်း အနာမျိုးစုံ ပေါက်ရောက်ခံခဲ့ရ၏။ မလုံလဲသော ကျောင်း၌နေရခြင်း၊ ရာသီဥတု မိုးပြင်းထန်ခြင်း၊ စမ်းရေကိုသာ သောက်ချိုးသုံးဆောင်ရခြင်းများက ထိုရောဂါများကို သယ်ဆောင်ထည့်သွင်းပေးခဲ့ကြ၏။ သို့သော် စိတ်ဓာတ်မကျ။ လန်းဆန်းတက်ကြွဆဲသာရှိသဖြင့် တရားအားထုတ်မှုကား မပျက်စေခဲ့။'လို့  ဆရာတော်ကြီးက ဆိုပါတယ်။
    ဒါတွေကတော့ ဇင်းကျိုက်တောင်ဒေသမှာ ကျေးဇူးတော်ရှင် မဟာဗောဓိ မြိုင်ဆရာတော်ကြီး ရင်ဆိုင်ကျော်လွှားခဲ့ရတဲ့ လောကဓံကြမ်းတွေပဲ ဖြစ်ပါတယ်။
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဘဝဟာ ကန္တရလို သွေ့ခြောက်ခက်ခဲလှပါတယ်။ ကြုံဆုံခဲ့ရတဲ့ လောကဓံရေဆန်လမ်းဟာလည်း ကြမ်းရှခက်ထန်လှပါတယ်။ အနုအကြမ်း၊ အချော့အခြောက်တွေနဲ့ နည်းစုံအောင် နှောက်ယှက်ဟန့်တားခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ အဲဒီလမ်းဟာ ပါရမီနည်းသူတို့ နောက် ပြန်လှည့်မယ့်လမ်း၊ ဝီရီယနည်းသူတို့ အညံ့ခံမယ့်လမ်း၊ ဉာဏ်ပညာနည်းသူတို့ အရှုံးပေးမယ့်လမ်းပါ။ ဒါပေမယ့် ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးကတော့  ကြမ်းရှခက်ထန်လှတဲ့ လောကဓံလမ်းပေါ်ကနေ ဘုရားရှိရာအရပ် မျက်နှာမူလို့ ခရီးပြင်းနှင်တော်မူခဲ့ကြောင်းပါဗျာ။


စာပြီးရက်စွဲ-၂၅-၁၁-၂ဝ၁၉
ရည်ညွှန်းကိုးကား/-
၁။ ဘဝကန္တရသင်္ကေတကထာ(၂ဝ၁၂)
၂။ သံဝေဂ ပဋိသံယုတ္တကထာ (၂ဝဝ၄)
၃။ ဥလ္လမ္ပတုဘိက္ခုဘာဝကထာ (၂ဝ၁၅)