မဟာဗောဓိမြိုင်ဆရာတော်ကြီး ရသေ့ဘဝက
ပြည်လုံးချမ်းသာဖောင်တော်ဦးဘုရားပြုပြင်တည်ထားတော်မူစဉ်
ကြုံဆုံခဲ့ရသော အနှောက်အတားများ
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ သာသာပြုခရီးလမ်း ပေါ်စတင်လျှောက်လှမ်းစဉ်မှ ယနေ့အထိ ဘုရားသုံးဆူ ပြုပြင်တည်ထားတော် မူခဲ့ပါတယ်။ ပထမဦးဆုံး ပြုပြင်တည်ထားတော်မူခဲ့တဲ့ဘုရားကတော့ 'ကျိုက် လတ်မြို့နယ်၊ အရှေ့ဆင်ကူးကြီးချောင်းရွာအနီးက ပြည်လုံးချမ်းသာ ဖောင်တော် ဦးဘုရား' ဖြစ်ပါတယ်။
ပြည်လုံးချမ်းသာဖောင်တော်ဦးဘုရားနဲ့ပတ်သက်ပြီး ဆရာတော်ကြီးက ...
'အကယ်တိတိ ထိုဘုရားစေတီတည်ထားသော မူလဒါယကာသည်ကား ဘုရင်လည်းဖြစ်ဦးမည်၊ သစ္စာဆို၍တည်သည်လည်းဖြစ်ဦးမည်၊ ဓာတ်ရိုက်ဓာတ် ဆင်နည်းများဖြစ်ကြလေသော ရာဇဝင်ချေဖျက်ခြင်းမျိုး၊ ရာဇဝင်သစ်ဖော်ဆောင် ခြင်းမျိုးလည်းဖြစ်ဦးမည်ဆိုသော် အလွန်လျှင် ရှုပ်ထွေးလှချေ၏။ အဝင်ရလည်း ခက်လှ၏။ အနှောက်အတားလည်းများတတ်သေး၏။ ယခု ငါတို့ဝင်ရမည့် စေတီကား ဤသို့ဤနှယ်သော စေတီမျိုးတည်း' လို့ (ဘဝကန္တရသင်္ကေတက ထာ-စာ၂၁၂)မှာ ရေးသားတော်မူခဲ့ပါတယ်။
ပြည်လုံးချမ်းသာ ဖောင်တော်ဦးစေတီဟာ မဟာဗောဓိမြိုင်ဆရာတော်ကြီး ရသေ့ဘဝနဲ့ အဘဝိမလရဲ့အရိပ်အောက်မှာနေစဉ် ပြုပြင်တည်ထားတော်မူခဲ့တဲ့ ဘုရားဖြစ်ပါတယ်။ သာသနာပြုလုပ်ငန်းအစုံမှာ ဘုရားတည်လူစု၍ သာသနာပြု ရတဲ့ လုပ်ငန်းဟာ အခက်ဆုံးဖြစ်တယ်ဆိုတဲ့အတိုင်းပဲ ဖောင်တော်ဦးစေတီတည် ရာမှာ ဆရာတော်ကြီးဟာ အခက်အခဲပေါင်းများစွာကိုရင်ဆိုင်ခဲ့ရပါတယ်။
ဘုရားတည်ရှိရာ အရပ်ဒေသဟာ ပစ္စည်းခေါင်းပါး၊ သဒ္ဓါပါးတဲ့အရပ်မို့ ဘုရားအုတ်ချပ်စီရာမှာ ထုံးနဲ့သဲကို ထုံးတစ်ချိုး သဲခုနှစ်ချိုးနဲ့ စီစေခဲ့ပါတယ်။ ထုံးမရတဲ့အခါမျိုးတွေမှာ မြေသရိုးနဲ့ အတွင်းကစီပြီး အချောကိုင်မှ ထုံး၊ သဲ၊ ဘိလပ်မြေသုံးဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒီအချက်တွေကြောင့် ရသေ့ဟာ ဘုရားအပေါ်စေတနာမရှိ၊ တော်ရိလျော်ရိ လုပ်တယ်လို့ စွပ်စွဲပြီး အလှူငွေထည့် မယ့်ဒကာက မထည့်ကြရုံမျှမက ဘုရား ကုန်းတော်ပေါ်မှ ရောက်မလာကြတော့ ပါဘူး။ ဘုရားဟာ ပလ္လင်ခုံမျှသာပြီးစီးပြီး ရှေ့ဆက်မရဖြစ်နေခဲ့ပါတယ်။
အုတ်နှစ်သောင်းမျှကုန်မှ ပြီးစီးမယ့်ဘုရားဟာ ပလ္လင်ခုံဖြင့် အုတ်တစ်သောင်း ကုန်သွားပြီး ပန်းရံအလုပ်သမားများကလည်း အုတ်ကုန်လျှင်ပြန်မယ်လို့ အရေး ဆိုကြပါတော့တယ်။ အဲဒီမှာ ပန်းရံတွေကို ၁ဝ ရက်မျှ ဆိုင်းဖို့ပြောပီး ရသေ့လေး ဟာ ရန်ကုန်ကိုပြန်ပြီး အလှူငွေရှာရပါတော့တယ်။ မိတ်ဆွေဦးမြင့်ဆွေထံမှ ငွေတစ်ထောင်ချေးပြီး အုတ်ဝယ်ပို့၊ ဦးမြင့်ဆွေရဲ့တာဝန်ခံမှုနဲ့ ထုံးကုန်သည်ထံမှ အကြွေးယူပြီး ဘုရားပြီးမြောက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ရပါတယ်။ ဒါကိုတောင် မှ ချေးငွေတစ်ထောင်ကိစ္စကို အများအလှူ ချေးငွေလုပ်တယ်ဆိုတဲ့ စွပ်စွဲချက် တွေကို ရင်ဆိုင်ခဲ့ရပါသေးတယ်။
ရန်ကုန်ကို ငွေကြေးကိစ္စ၊ ပစ္စည်းပစ္စယကိစ္စများ စီစဉ်ဖို့ထွက်စဉ်မှာကတည်း ကပင် စွဲချက်တွေထုတ်ကာ ပန်းရံကစလို့ သပိတ်မှောက်ဖို့ စီစဉ်ထားကြပါတော့ တယ်။ သူတို့တင်ကြတဲ့ စွဲချက်တွေကတော့ ...
'သည်ရသေ့ကား သူ့အဓိဋ္ဌာန်အောင်ရန်ကိုသာ အလေးမူ၏။ ဘုရားကောင်း မွန်ရေး ရှေးမရှု။
သည်ရသေ့ကား သူ့အောင်ချက်ရရန်ကိုသာ အလေးပေး၏။ ဘုရား၏ ရှေ့ရေး နည်းနည်းလေးမျှ မတွေး။
သည်ရသေ့ကား သာသနာ၌ စေတနာမပါ။ သူ့တွက်ကိုသာ မဲတင်းလုပ် ဆောင်နေ၏' (စာ-၂၁၄) ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ဒါကိုမရိပ်မိတဲ့ ရသေ့လေးဟာ ရန်ကုန်က အပြန်မှာ ပန်းရံတွေအလုပ်လုပ် နေတဲ့နေရာကိုသွားပြီး ...၊
'ပြီးစီးအောင်ကြိုးစားကြဗျား။ လိုတဲ့ပစ္စည်းပစ္စယများလည်း ပါလာပါပြီ ဗျား။ ဒါမှ မလောက်ငှ ရွှံ့နဲ့တည်တန်တည်ရပေလိမ့်မယ်ဗျား'လို့ ပြောမိရာ
'ကျုပ်တို့က ရွံ့နဲ့တည်တဲ့ ပန်းရံစားမဟုတ်ဘူးဗျာ့။ ရသေ့ခိုင်းတိုင်း လူလိုက် မလုပ်နိုင်ဘူး' ဟူ၍ ခုခံပါချေတော့၏။ ငါတို့ကား ဟုတ်လားဖြင့်ပင် အလျှော့ ပေးလိုက်ရ၏' (၎င်း၊ စာ-၂၁၄) လို့ ဆရာတော်ကြီးက ရေးသားတော်မူခဲ့ပါ တယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ မဟာမြိုင်တောကြီးအတွင်းနေထိုင်စဉ် သဲဖြူဆရာတော်လာရောက် တွေ့ဆုံသြဝါဒခံယူစဉ်က ကျိုက်လတ်မှာ ဘုရား တည်ခဲ့တဲ့အတွေ့ အကြုံများကို ပြန်လည်ပြောပြခဲ့တာကို ရုပ်သံမှတ်တမ်းများအရ နာကြားခွင့်ရခဲ့ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီး ...'ဘုရားတပည့်တော်တို့ ကျိုက်လတ် တည်ခဲ့တုန်းကလည်း ဆူညံနေတဲ့ တုတ်ပွဲ၊ ဓားပွဲထဲက ကျင့်ကြံအားထုတ်ခဲ့ရတာ။ အောက်က သူတို့ချင်းမတည့်တဲ့ သူတွေ ရှိနေရင် အထက်မှာပွက်တော့တာပဲ။ အောက်မှာ အခြမ်းကွဲသလောက် အထက်မှာ အခြမ်းကွဲတယ်။ ဟိုမှာကတော့ မွန်အုပ်စုနဲ့ ရှမ်းအုပ်စုကိုး။ ကျိုက်လတ်တုန်းကတော့။
မွန်အုပ်စုနဲ့ရှမ်းအုပ်စု အောက်ကမတည့်သလောက် အပေါ်ကလူတွေလည်း မတည့်ဘူး။ ဘုရားတပည့်တော်ကို လာပင့်တဲ့ဒကာက ပြန်ပြီးတိုက်တာ။ တိုက် တာမှ လာပင့်သူကတိုက်တာ။ သူတို့ကရှမ်း၊ ဒီကိုယ်တော်ကြီးက မွန်ကြီး။ အဲဒီလိုစွပ်စွဲပြီးတော့ကို အတိုက်ခံရတာဗျ။
သူ့ဘက်က သူကြီးတွေကော ဘာတွေကို၊ ဘုရားတပည့်တော်ဘက်က တစ်ယောက်တည်း။ ကောင်စီအတွင်းရေးမှူးတစ်ယောက်တည်း။ အဲဒါနဲ့လုပ်ရ တာ။ မေတ္တာနာနာကိုင်ရတာပဲ။
ဥပဇ္ဈာယ်က ပြောထားတာကိုး။ ငါ့တုန်းကတော့ ခေါင်းပေါ်တုတ်မကျရုံဘဲ ကွာတဲ့'လို့ မိန့်ကြားတော်မူခဲ့တာပါ။
မဟာဗောဓိမြိုင်ဆရာတော်ကြီးက ဘုရားတည်ခြင်းနဲ့ပတ်သက်ပြီးလည်း
'စင်စစ် ဘုရားတည်ရခြင်းသည် ရာဇဝင်ဘုရားမှန်သရွေ့ (၁) မိမိ၏ရှေး ဘဝက ပါဝင်ခဲ့ဖူးသောကြောင့်လည်းကောင်း၊ (၂) သစ္စာဆိုခဲ့ဖူးသောကြောင့် လည်းကောင်း၊ (၃)အစွဲကြီးလွန်းလှသဖြင့် အစွဲပေါ်ရာအထဲပါ ဖြစ်ခဲ့ရသော ကြောင့်လည်းကောင်း တစ်ကျော့ပြန်၍ ရာဇဝင်ကြွေးချေရခြင်းမျိုးသာ ဖြစ်ချေ၏'
'အုတ်ဘုရားသည် အရုပ်ဘုရားသာဖြစ်သဖြင့် အဟုတ်ဘုရားသို့ ကိစ္စမဆုံး စေတတ်။
အပြင်ဘုရားသည် အပြောဘုရားသာဖြစ်သဖြင့် မနောကြားရှိ သဘောဘုရား သို့ အရာမတွင်စေတတ်။
အရေးကြီးသည်မှာ မိမိ၏ မနောဓာတ်အတွင်းဝယ် နာမ်ဘုရားကိန်းဖို့သာ မိမိအတွက်အရေးပါဆုံး ဖြစ်ချေ၏။ ဘုရားရှင်၏ သစ္စာလေးတန်ကို အမှန်ထိုး ထွင်းသိနိုင်စွမ်းရှိသော ဉာဏ်တော်နှင့် မိမိ၏အသိစိတ်ဓာတ် တစ်ထပ်တည်း တစ်သားတည်းကျရန်သာ အဓိက ရှိချေ၏။
ထို ပြင်ပဘုရား၊ ရုပ်ပြဘုရားတို့က အထက်ဆိုခဲ့ပြီးသော အချက်သုံးချက် ကြောင့် အများအတွက် အများဘက်မျက်နှာလှည့်၍ တည်ရသော ကိစ္စရပ်သာ ဖြစ်ချေ၏။ မိမိကိစ္စပြီးစီးရန်နှင့်ကား လုံးဝမသက်ဆိုင်ပြီ။ သိဒ္ဓိမဟိဒ္ဓိ အုတ်ပုံ ကြား၌ မရှိ။ မိမိမနောကြားမှာသာရှိ၏' လိ့ု မိန့်မှာတော်မူပါတယ်။ (ဘဝကန္တ ရသင်္ကေတကာထာ၊ စာ-၂၁၇၊၂၁၈)
မဟာဗောဓိမြိုင်ဆရာတော်ကြီး ရသေ့ဘဝ သာသနာပြုခရီးအစမှာ ပြည်လုံး ချမ်းသာ ဖောင်တော်ဦးဘုရားကို ပြုပြင်တည်ထားခဲ့ပြီး အနှောက်အတားများ နဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ဘုရား ပြီးမြောက်အောင် အဓိဋ္ဌာန်အလုပ်၊ အမျှမေတ္တာပွားများခြင်းအလုပ်များနဲ့ ဆောင်ရွက်ခဲ့ရပုံများကို ဆက်ရေးပါဦးမယ်။
ငြိမ်းချမ်းသာ
စာပြီးရက်စွဲ-၁၈-၁၂-၂ဝ၁၉ရည်ညွှန်းကိုးကား/-
၁။ ဘဝကန္တရသင်္ကေတကထာ(၂ဝ၁၂)

No comments:
Post a Comment