ဗုဒ္ဓကို ပယ်ဖျောက်ထားခြင်း
(သိပ္ပံပညာရှင်တွေက သတိပဋ္ဌာန်ကို စီးပွားရေးဆန်ဆန်ချဉ်းကပ်နေကြသလား)
(၁)ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိရဲ့ တရားတော်တွေကို ကျွန်တော်အနေနဲ့ ၂ဝ၁၈ ခုနှစ်ထဲမှာ အလေးထားပြီး နာယူဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတရားတော်နဲ့ နေ့စဉ်ဘဝတွေကို ဆက်စပ်ပြတာ၊ အနောက်တိုင်းက ဗုဒ္ဓဘာသာအပေါ် သုတေသနပြု လေ့လာချက်တွေတွေကို ဟောပြောပြတာ၊ နောက်နိုင်ငံခြားသာသနာပြုအတွေ့အကြုံတွေကို ပြန်လည်သိခွင့်ရတာတွေကြောင့် ဆရာတော်ရဲ့ တရားတော်တွေကို တလေးတစားနာယူဖြစ်တာပါ။
၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့၊ ပုသိမ်မြို့မှာ ဟောပြောခဲ့တဲ့ 'တွေ့ကိုတွေ့ရမည့် စိတ်ခံစားမှုလှိုင်းလုံးကြီးများ'တရားတော်ထဲက စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်း အရာအချို့နဲ့ပတ်သက်ပြီး ဒီစာကို ရေးရတာဖြစ်ပါတယ်။
တွေ့ကိုတွေ့ရမယ့် စိတ်ခံစားမှု လှိုင်းလုံးကြီးများလို့ ခေါင်းစဉ်ပေးထားတဲ့အတိုင်း အဲဒီတရားတော်မှာ စိတ်ခံ စားမှုအကြောင်းကို အဓိကထား ဟောကြားတော်မူခဲ့တာကို နာကြားရခဲ့ပါတယ်။
အဲဒီ တရားတော်ထဲမှာ လူသားတိုင်းဟာ ငယ်စဉ်က
လေးဘဝမှ သေသည်အထိ စိတ်ခံစားမှုနဲ့ နေထိုင်ကြကြောင်း၊ စိတ်ခံစားမှုဟာ ကိုယ်နဲ့ အနီးဆုံးလည်းဖြစ်၊ အဝေးဆုံးလည်း ဖြစ်ကြောင်း၊ ကုသိုလ်နဲ့ အကုသိုလ်ဆိုတဲ့ စိတ်ခံစားမှုခရီးရဲ့ လမ်းဆုံလမ်းခွကို လူတိုင်း ခဏခဏရောက်တတ်ကြောင်း၊ အဲဒီအချိန်မှာ သတိနဲ့၊ (ကိုယ့်ကိုယ်ကိုယ်သိခြင်းနဲ့ သူများခံစား နေရတာကို သိခြင်းဆိုတဲ့သတိတရားနဲ့) ဖြစ်ပေါ်နေတာတွေ ကို ဂရုတစိုက်ကိုင်တွယ်ပြီး မေတ္တာ ကရုဏာနဲ့ယှဉ်သော စိတ်ကို မွေးမြူနိုင်ဖို့၊ အဲဒီစိတ်ကလေးနဲ့ ဘဝမှာ ရှင်သန်နေ ထိုင်ဖို့ အရေးကြီးကြောင်း အချက်အလက်ပေါင်းများစွာ၊ ဥပမာ ဥပမေယျတွေ ပြည့်ပြည့်စုံစုံနဲ့ ဟောကြားတော်မူ ထားတဲ့ တရားတစ်ပုဒ်ဖြစ်ပါတယ်။
ကျွန်တော်ပြောချင်တာက အဲဒီတရားထဲမှာ ဗုဒ္ဓဘာသာ နဲ့ ပတ်သက်ပြီး အနောက်တိုင်းက ပညာရှင်တွေရဲ့ လေ့လာ မှု၊ ကြိုးပမ်းအားထုတ်မှုတွေ အကြောင်းဖြစ်ပါတယ်။
(၂)
တွေ့ကိုတွေ့ရမယ့် စိတ်ခံစားမှုလှိုင်းလုံးကြီးများဆိုတဲ့ တရားတော်ထဲမှာ အောက်စ်ဖို့ဒ်ဆရာတော်ရဲ့ ဟောပြောမှု ကို အခုလိုနာကြားခဲ့ရပါတယ်။
'အနောက်တိုင်းက ဗုဒ္ဓဘာသာကို လေ့လာပြီးတော့ သူတို့ရဲ့သုတေသနထဲမှာ သတိပဋ္ဌာန်ကိုရော၊ ဗြဟ္မာစိုရ်တရား ကိုရော အသုံးပြုပြီးတော့ အဆိုးဘက်ကနေ အကောင်း ဘက်ကိုရောက်သွားအောင်၊ စိတ်ညစ်နေတာကနေ စိတ်ညစ် တာပျောက်အောင်၊ အားငယ်တာကနေ အားရှိလာအောင် သူတို့ သုတေသနလုပ်တယ်။ နောက်ဆုံးပေါ်စက်ကြီးတွေနဲ့ တရားထိုင်တဲ့ဆရာတော်တွေကို တရားထိုင်နေတဲ့အချိန်မှာ ဦးနှောက်ကို ဓာတ်ပုံရိုက် Imagine လုပ်တယ်။
၁၉၈၂ ခုနှစ်တုန်းက သုတေသနစာတမ်းတွေသူတို့ စရေးတာ နှစ်စောင်ပဲရှိတယ်။ သူတို့စတင်တာ ၁၉၇၆ ပေါ့။ MIT (Massachusetts Institute of Technology)ဆိုတာ အမေရိကမှာ တကယ့်ကို နာမည်ကြီးတဲ့ တက္ကသိုလ်။ လူနာ တွေ၊ ဝေဒနာခံစားရတယ်၊ အမြဲတမ်းတည်ရှိနေတဲ့ ဝေဒနာ။ ခါးနာတာ၊ ခေါင်းကိုက်တာ စတဲ့ နာတာရှည်ဝေဒနာ (chronic pain) ကို အနာပျောက်ဆေးပေးလို့ အများကြီးသောက်ရင် ကျောက်ကပ် ထိခိုက်တယ်။ အဲဒီအတွက် နည်းအသစ်ရှာမှ ဖြစ်မယ်လို့ စတွေးကြတယ်။
အဲဒီမှာ ပါမောက္ခကြီးတစ်ယောက် မဟာစည်ဆရာ တော်ကြီးရဲ့ နည်းနဲ့ တရားထိုင်ဖူးတယ်၊ ဇင်(Zen)ရဲ့ နည်း နဲ့လည်း တရားထိုင်ဖူးတယ်၊ နောက်ပိုင်းကျတော့ ဖား အောက်ဆရာတော်ကြီးရဲ့ နည်းနဲ့လည်း တရားထိုင်ဖူးတယ်၊ ပါမောက္ခ ဂျွန်ကဘတ်ဇင်း(Jon Kabat-Zinn)…တဲ့။ သမား တော်ကြီး။ သူက Mindfulness-based stress reduction (MBSR) ကို သုတေသနလုပ်တဲ့အခါမှာ သူ့ရဲ့အကျိုး ကျေးဇူးကို သိလာပြီး အခု ၂ဝ၁၈ ခုနှစ်ဆိုတဲ့ နှစ်ပေါင်း ၃၅ နှစ်အတွင်းမှာ စာအုပ်နဲ့ဆောင်းပါးပေါင်း တစ်သောင်း နီးပါး ဖြစ်နေပြီ။
အလုပ်အရမ်းရှုပ်တဲ့ သူတွေအတွက် (Mindfulness for busy People)၊ ဒကာမကြီးတွေအတွက် (Mindfulness for Women)၊ စိတ်ဓာတ်ကျတဲ့ သူတွေအတွက် (The Mindful way through Depression) ဒေါသ ခဏ ခဏထွက်တဲ့သူတွေအတွက် (anger management) စတဲ့ စာအုပ်တွေကို သုတေသနလုပ်ပြီး ရေးတယ်။' (၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၉ ရက် နေ့၊ ပုသိမ်မြို့တွင် အောက်စဖို့ဒ် ဆရာတော်ဟောပြောခဲ့သည့် 'တွေ့ကို တွေ့ရမည့် စိတ်ခံစားမှုလှိုင်းလုံးကြီးများ' တရားတော်မှ)
ဗုဒ္ဓတရားတော်ရဲ့ အကျိုးများပုံတွေ၊ ဗုဒ္ဓတရားတော်ကို အားစိုက်လေ့လာကြပုံတွေနဲ့၊ အားစိုက်လေ့လာမှုကို အကျိုး ရှိရှိ အခြားသောသူတွေ ပြန်လည်အသုံးချနိုင်ဖို့အတွက် စာအုပ်တွေ၊ စာတန်းတွေကို ထုတ်ဝေဖြန့်ချိကြပုံတွေဟာ တကယ့် ကို အားကျစရာပါ။ ကျွန်တော်တို့ဆီမှာတောင် နှစ်ပေါင်းသုံးဆယ်အတွင်း ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ စာအုပ် စာတမ်းတွေ သောင်းဂဏန်းမျှ ထွက်ခဲ့ရဲ့လားဆိုတဲ့ မေးခွန်း ကိုလည်း စိုးရိမ်တကြီး စဉ်းစားမိပါတယ်။
(၃)
ပါမောက္ခသမားတော်ကြီး ဂျွန်က ဘတ်ဇင်းနဲ့ သူ့ရဲ့ သုတေသနတွေအကြောင်း၊ ဒါ့အပြင် နိုင်ငံတကာက သတိ ပဋ္ဌာနသုတ်နဲ့ ဗြဟ္မာစိုရ်တရားလေးပါးကို လေ့လာသုတေ သနပြုကြပုံတွေ အကြောင်းကို ဒေါက်တာအရှင်ဓမ္မသာမိရဲ့ -ကရုဏာအသိနဲ့ စိတ်ခံစားမှုဖွံ့ဖြိုးရေး နည်းလမ်း- ဆိုတဲ့ စာအုပ်ရဲ့ အမှာစာထဲမှာလည်း ဖတ်မှတ်လေ့လာခွင့်ရခဲ့ပါ တယ်။
'ယခုအခါ အမေရိကန်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံတို့တွင် ရာခိုင်နှုန်းရှစ်ဆယ်မျှသော ဆေးတက္ကသိုလ်များက သတိ ပဋ္ဌာန်အခြေခံကုသနည်းတစ်ခုခုကို သုတေသနပြုမှု၊ သင် ကြားမှုများ စတင်နေပြီဖြစ်ကြောင်း ၂ဝ၁၅ ခုနှစ်၊ အောက် တိုဘာလထုတ် အမေရိကန်ဆေးပညာရှင်များအသင်းဂျာ နယ်(The Journal of the American Medical Association) အမှတ်(၃၁၄)၊ စာမျက်နှာ ၁၃၂၇-၁၃၂၉ တို့တွင် ဖော်ပြထားသည်။
ယင်း အောက်တိုဘာလ ၂ဝ၁၅ ခုနှစ်တွင်းပင်လျှင် ဗြိတိသျှပါလီမန်မှ ပါတီပေါင်းစုံ သတိပဋ္ဌာန်အဖွဲ့(The Mindfulness All-Party Parliamentary Group)ကလည်းMindful Nation UK အမည်ရှိ စာမျက်နှာ ၄၃ မျက်နှာခန့် ရှည်လျားသော အစီရင်ခံစာကို ထုတ်ဝေသည်။ တရားထိုင် သူ သိပ္ပံပညာရှင်များက အလွယ်တကူကျင့်သုံးနိုင်ရန် မွမ်းမံ ထားသော သတိပဋ္ဌာန်ကျင့်စဉ်(mindfulness)ကို ကျန်းမာ ရေး(health)၊ ပညာရေး(education)၊ အလုပ်ခွင်(work-places)နှင့် အကျဉ်းထောင်များ(criminal justice system)တို့တွင် မည်သို့အသုံးပြုသင့်၊ အသုံးပြုနိုင်သည်ကို လေ့လာဆွေးနွေးထားသည်၊ ယင်းအဖွဲ့မှ အစိုးရမူဝါဒဖြစ် မြောက်လာစေရန် အကြံပြုသည်' လို့ ရေးသားထားပါ တယ်။
အနောက်နိုင်ငံတွေအနေနဲ့ ဗုဒ္ဓတရားတော်တွေကို တလေးတစားအရေးထားလေ့လာနေပြီလို့ ပြောနိုင်စရာရှိ နေပါပြီ။ လာလှည့်၊ ကျင့်လှည့်၊ ဝေဖန်လှည့်လို့ အာမခံဖိတ်ခေါ် ထားတဲ့ တရားတွေဆီကို အနောက်တိုင်းစိတ္တဗေဒက ဦး လှည့်လာခဲ့ပြီ၊ ဦးလှည့်လာနေပြီး ပြောရမှာဖြစ်ပါတယ်။
(၄)
အဲဒီလို သုတေသနပြုမှု၊ လေ့လာမှုတွေဆီကနေတစ် ဆင့် ဗုဒ္ဓရဲ့တရားတော်တွေ တစ်ကမ္ဘာလုံးတစ်လောကလုံး ဆီ လွှမ်းခြုံနေမယ်ဆိုတရင်ဆိုတဲ့အတွေးက တွေးကြည့်ရုံနဲ့ တင် ပီတိဖြစ်စရာလည်း ကောင်း၊ သာဓုခေါ်စရာလည်း ကောင်းလှတဲ့ကိစ္စပါပဲ။
ဒါပေမယ့် အနောက်တိုင်းက လူယဉ်ကျေးများရဲ့ မာယာ၊ ဒါမှမဟုတ် ပညာတတ်Óာဉ်ရဲ့ အစွန်းရောက်မှုက ကြောက် စရာကောင်းတာကိုလည်း အခုလိုတွေ့ရပါတယ်။
'အနောက်နိုင်ငံ သိပ္ပံပညာရှင်များသည် သတိပဋ္ဌာန် ကျင့်စဉ်ကို ဘာသာရေးအတွေးအခေါ်အဆုံးအမ မပါဘဲ လောကီအမြင်ဖြင့်သာ လေ့လာကျင့်သုံးကြသည်။ လောကီ သတိပဋ္ဌာန်(secular mindfulness)ဟု ခေါ်ကြသည်။ ဗုဒ္ဓဘာသာ၏အမြင်ကိုပင် ဖော်ပြရန် တွန့်ဆုတ်နေကြ သည်' လို့ ဆရာတော်ဒေါက်တာအရှင်ဓမ္မသာမိရဲ့ -ကရုဏာအသိနဲ့ စိတ်ခံစားမှုဖွံ့ဖြိုးရေး နည်းလမ်း- ဆိုတဲ့ စာအုပ်ရဲ့အမှာ စာမှာ တွေ့ရပါတယ်။
သူတို့ရဲ့ အကြောင်းပြချက်တော့ ဗုဒ္ဓဘာသာကျင့်စဉ် လို့ဆိုလိုက်ရင် အခြားဘာသာဝင်တွေ၊ အထူးသဖြင့် ခရစ် ယာန်ဘာသာဝင်တွေနဲ့ ဘာသာမဲ့တွေက သတိပဋ္ဌာန်ကို စိတ်မဝင်စားဘဲ နေကြမှာ၊ လာရောက် မစမ်းသပ်ဘဲနေကြ မှာကို စိုးရိမ်လို့ဖြစ်တယ်လို့ ဆိုပါတယ်။
သူ့ကျေးဇူးကို သိတတ်ဆိုတဲ့ မင်္ဂလာ တရားတော်နဲ့ ဝေးပါဘိခြင်း။ သုတေသနရဲ့ ရလဒ်အဖြေတွေထက် ဗုဒ္ဓရဲ့ ကျေးဇူးကြီးပုံကို သူတို့ ဥပေက္ခာပြုနိုင်ကြလေခြင်းလို့ စိတ် ထဲမှာ မချိတင်ကဲ ဖြစ်ရပါတယ်။ တစ်ဖက်ကလည်းတွေးစရာ ရှိတာလာက သူတို့ရဲ့ စီးပွားရေးဆန်မှုဖြစ်ပြီး သတိပဋ္ဌာန်ကို ဈေးကွက်တင်ရောင်းချလိုမှုတွေရှိနေသလားဆိုတဲ့ မေးခွန်း တွေပါပဲ။
ဗုဒ္ဓဘုရားရှင်ရဲ့ ကျေးဇူးဂုဏ်ကို၊ ဗုဒ္ဓဘာသာနဲ့ သတိ ပဋ္ဌာန်ဆက်နွှယ်ပုံကို ပြောဆိုတင်ပြကြတဲ့သူတွေလည်းရှိ တယ်လို့ ဆရာတော်ဒေါက်တာဓမ္မသာမိက ဂုဏ်ပြုပြော ဆိုပါတယ်။ သူတို့ကတော့ အင်္ဂလန်နိုင်ငံ၊ ကင်းဘရစ်ချ် တက္ကသိုလ်က စိတ္တဗေဒပါရဂူ ဒေါက်တာဂျွန် ထီ့စဒေးလ် နဲ့ အမေရိကန်နိုင်ငံ၊ ယေးလ်တက္ကသိုလ်က ပညာရှင်တွေက ဗုဒ္ဓရဲ့ အမည်နာမတော်ကို ကျေးဇူးတင်စွာ ဖော်ပြရုံမက သစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါးတရားတော်တွေကိုလည်း စာ တမ်းတွေရေးကြ၊ လူနာကိုတွေကို ကုသရာမှာ အသုံးပြုကြ တယ်လို့ဆိုပါတယ်။
'သတိပဋ္ဌာန်ကို ဘာသာရေးနောက်ခံဖြင့် တင်ပြကြသူ သိပ္ပံပညာရှင်များသည် လူနည်းစုနှင့် ခြွင်းချက်မျှသာဖြစ် သည်'လို့လည်း ဆရာတော်ဒေါက်တာအရှင် ဓမ္မသာမိက မှတ်ချက်ပြုပါတယ်။
(၅)
ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိကတော့ အင်္ဂ လန်နဲ့ အနောက်တိုင်းတက္ကသိုလ်ပတ်ဝန်းကျင်မှာ အခြေ ပြုပြီး ၂၁ နှစ်မျှ သာသနာပြုခဲ့တဲ့ အတွေ့အကြုံတွေကို သုံးသပ်ပြီး အရှေ့တိုင်းရော အနောက်တိုင်းမှာပါ အကျိုး ရှိမယ့် နည်းလမ်းတွေကို အသုံးပြုပြီး သာသနာပြုတယ်၊ တရားဓမ္မတွေကို ဟောကြားသွန်သင်တယ်လို့ ဆိုပါတယ်။ သိပ္ပံပညာရှင်အများစုဟာ ပိဋကတ်စာပေကို လေးလေးနက် နက်လေ့လာခွင့်မရကြဘူးလို့လည်း ဆရာတော်က ဆိုပါ တယ်။ ဒီအတွက် သူက မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါး အခြေ ခံပြီး သတိပဋ္ဌာန်နဲ့ ဗြဟ္မစိုရ်တရားတွေကို သိပ္ပံပညာရှင်တွေ ရဲ့တွေ့ရှိချက်တွေနဲ့ ဆက်စပ်တင်ပြနေတယ်လို့ ဆိုပါတယ်။
ဗုဒ္ဓရဲ့အမည်နာမကို ထိန်ချန်မှုနဲ့ လောကီသတိပဋ္ဌာန်(secular mindfulness)ဆိုတဲ့ ကျင့်စဉ်တွေနဲ့ ပတ်သက်လို့ သိပ္ပံပညာရှင်တွေနဲ့ အနောက်တိုင်းက ဗုဒ္ဓသာသာတွေကြား မှာကိုပဲ သဘောထားကွဲလွဲစရာကြီးတွေ ရှိနေတယ်လို့ ဆရာတော်ကဆိုပါတယ်။
'ဗုဒ္ဓဘာသာကို ယုံကြည်လက်ခံကြသော အနောက် တိုင်းသားတို့သည် လောကီသတိပဋ္ဌာန်ကျင့်စဉ်ကို ဝေဖန် ကြသည်။ မဂ္ဂင်ရှစ်ပါး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော သတိ ပဋ္ဌာန်ကို မဂ္ဂင်ရှစ်ပါး၏ အခြားအစိတ်အပိုင်းများမပါဘဲ အသုံးပြုပါက ဗုဒ္ဓဟောကြားသော အလယ်အလတ်လမ်းစဉ် ကို မရရှိနိုင်ဟုဆို ကြသည်။ သိပ္ပံပညာရှင်များက သတိ ပဋ္ဌာန်ကို စီးပွားရေးဆန်ဆန်ချဉ်းကပ်နေသည်ဟူ၍လည်း အနောက်တိုင်းဗုဒ္ဓဘာသာဝင်အချို့က ညည်းတွားကြ သည်'ဂ၄ လို့ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။
ဒီစာစုက ဘာကိုပြောချင်သလဲဆိုရင် အနောက်တိုင်း မှာ သိပ္ပံပညာရှင်တွေက ဗုဒ္ဓဘာသာကို အထူးသဖြင့် သတိ ပဋ္ဌာန်တရားကို အင်နဲ့အားနဲ့ လေ့လာနေကြတယ်။ နှစ်ပေါင်း သုံးဆယ်အတွင်း စာအုပ်နဲ့စာတမ်းပေါင်း တစ်သောင်းကျော် ထွက်တယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းစွာပဲ ချွင်းချက် သဘောမျှသာရှိတဲ့ လူနည်းစုကလွဲလို့ သတိပဋ္ဌာန် တရားရဲ့ ပိုင်ရှင်ဖြစ်တော်မူတဲ့ ဗုဒ္ဓရဲ့အမည်နာမကိုတော့ ထုတ်ဖော် ပြောဆိုဖို့ ပျက်ကွက်နေတာ၊ မသိချင်ယောင်ဆောင်နေတာ တွေ ရှိတယ်ဆိုတဲ့ အကြောင်းပါ။
ဒါ့အပြင် တရားဂုဏ်တော်မှာ ပါဝင်တဲ့လာလှည့်၊ ကျင့် လှည့်၊ ဝေဖန်လှည့် ဆိုတဲ့ဂုဏ်တော်ကို သိပ္ပံပညာရှင်တွေ က ခေတ်မီစက်ကြီးများနဲ့ လေ့လာ၊ စူးစမ်းရင်း သုတေသန ပြုကြ၊ စာအုပ်စာတမ်းတွေရေးသားကြ စသည်ဖြင့် အဆက် မပြတ် ပြုလုပ်နေကြတာပါ။ ဗုဒ္ဓဘာသာဟာ ရောဂါဝေဒနာ တွေကို သက်သာ ပျောက်ကင်းစေတယ်၊ စိတ်ငြိမ်းချမ်းမှုကို ပေးနိုင်တဲ့ ဘာသာဖြစ်တယ်ဆိုတဲ့ ချီးမွမ်းမှုတွေ၊ လေးစားမှု တွေကိုလည်း အဲဒီသုတေသနတွေက သက်သေခံနေပါ တယ်။ သတိကြီးစွာထားပြီး မေးစရာရှိနေတာက သိပ္ပံပညာ ရှင်တွေက သတိပဋ္ဌာန်တရားကို စီးပွားရေးဆန်ဆန်ချဉ်း ကပ်နေသလားဆိုတဲ့မေးခွန်းပါပဲ။
ငြိမ်းချမ်းသာ
၇-၂-၂ဝ၁၈
၁။ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၉ ရက် နေ့၊ ပုသိမ်မြို့တွင် အောက်စဖို့ဒ် ဆရာတော်ဟောပြောခဲ့သည့် 'တွေ့ကို တွေ့ရမည့် စိတ်ခံစားမှုလှိုင်းလုံးကြီးများ' တရားတော်
၂။ အောက်စဖို့ဒ်ဆရာတော်၏ ကရုဏာအသိနှင့် စိတ်ခံစား မှု ဖွံ့ဖြိုးရေးနည်းလမ်းစာအုပ်

No comments:
Post a Comment