မြတ်စွာဘုရားက သမ္ဗုရိသ သုတ္တန် မှာ ဘယ်လိုဟောထားတုန်းဆိုတော့
❝သပ္ပရိသောဘိက္ခဝေ ကုလေ ဇာယမာနော ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဟောတိ ❞တဲ့။
မြတ်စွာဘုရား ဟောတာက မိမိတို့အမျိုးထဲမှာ ဥပမာမယ် မြန်မာဆိုရင် မြန်မာလူမျိုးတွေထဲမှာ
သူတော်ကောင်းတစ်ယောက် ပေါ်ထွန်းလာပြီဆိုရင် အများအတွက် ကောင်းကျိုးချမ်းသာတွေရဖို့ ဖြစ်လာတယ်။
ဟိတ ဆိုတဲ့ အခြေအနေကောင်းတွေ ဖြစ်ပေါ်စေတယ်။ အဲဒီ အခြေအနေကောင်းကို အကြောင်းပြုပြီး
တော့ သုခ ဆိုတဲ့ ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှုတွေ ရနိုင်တယ်လို့ မြတ်စွာဘုရားက ဟောတာ။
သူတော်ကောင်းတစ်ယောက် လူ့လောကမှာ မွေးဖွားလာပြီဆိုရင် အများကောင်းကျိုးချမ်းသာ ရဖို့အတွက်သာ ဖြစ်တယ်။ အများဆင်းရဲဖို့ အများကို ဒုက္ခပေးဖို့ မဖြစ်ဘူးတဲ့။ အများကောင်းစားဖို့အတွက် ဖြစ်လာတယ်။
ကောင်းကင်ယံက နေမင်းကြီး ထွက်လာတယ်ဆိုတာ အများအလင်းရောင် ရဖို့ဖြစ်တယ်။
တစ်ဦးတစ်ယောက်ထဲ အလင်းရောင်ရဖို့ မဟုတ်ဘူး။
မြတ်စွာဘုရားက အများအတွက် အကျိုးပြုတယ်ဆိုတာကို နားလည်အောင် ဘာပြောတုန်း ဆိုရင် “သူတော်ကောင်းတစ်ဦး ပေါ်ထွန်းလာခြင်းဟာ
မာတာပိတူနံ အတ္ထာယ ဟိတာယ သုခါယ မိဘနှစ်ပါးအတွက် ကောင်းစားဖို့ ဖြစ်လာတယ်။
သားသမီးက သူတော်ကောင်းဆိုရင် မိဘ ဘယ်လောက် စိတ်ချမ်းသာလိမ့်မတုန်းနော်။ ။
သားလိမ္မာ သမီးလိမ္မာဆိုတဲ့ သူတော်ကောင်းကို အကြောင်းပြုပြီးတော့ မိဘတွေဟာ
နှလုံးစိတ်ဝမ်း အေးချမ်းပြီး မကြောင့်မကြ မတောင့်မတ နေရတယ်။
အေး- သားဆိုးသမီးဆိုး ရထားပြီဆိုရင်တော့ မိဘတွေ ဒုက္ခရောက်ပြီပဲ။
ဒါကြောင့်မို့ သူတော်ကောင်းတစ်ယောက် ပေါ်ပေါက်လာပြီဆိုရင် နံပါတ်(၁) မိဘနှစ်ပါးအတွက် အကျိုးရှိတာပဲ။
ဘာနဲ့ ဥပမာတူတုန်းဆိုရင် အားလုံးအတွက် အကျိုး ဖြစ်ထွန်းတဲ့ ရာသီအခါကာလမှာ လိုအပ်နေတဲ့ အချိန်မှာ ကောင်းကင်ယံက ရွာချလိုက်တဲ့မိုးကြီးကို အကြောင်းပြုပြီး စိုက်ပျိုးရေးလုပ်ကြတဲ့ ဒေသအနှံ့အပြားမှာ စိုက်ပျိုးလို့ အဆင်ပြေလာတယ်။ ကောက်ပဲသီးနှံတွေ ဖြစ်ထွန်းလာတယ်။
သီးနှံဖွံ့ဖြိုးတိုးတက်စေတဲ့ မိုးကြီးဟာ ကောင်းကင်ယံက ရွာချလိုက်ပြီဆိုရင် အများအတွက် အကျိုး ဖြစ်စေသလို လူ့လောက လူမျိုးတစ်မျိုးမှာ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ သူတော်ကောင်းပုဂ္ဂိုလ်, ကောင်းမြတ်တဲ့ အရည်အချင်းနဲ့ ပြည့်စုံသူ တစ်ဦးတစ်ယောက် ပေါ်လာပြီဆိုရင် အများအတွက် အကျိုးဖြစ်တယ်။ အများအတွက်ဆိုသည်မှာ မိဘ နှစ်ပါးအတွက်လည်း ကောင်းစားဖို့ ဖြစ်လိမ့်မယ်။နံပါတ်(၂)က အိမ်ထောင်ရှိလို့ သားသမီးတွေ ရှိရင်လည်း ပုတ္တဒါရဿ အတ္ထာယ ဟိတာယ သုခါယ သူ့မိသားစုလည်း သူ့ကိုအမှီပြုပြီးတော့ ချမ်းသာသုခတွေ ရမယ်။
နောက်တစ်ခု နံပါတ်(၃)က ဒါသကမ္မကရ ပေါရိသဿ သူ့ကို အမှီပြုနေကြရတဲ့ အလုပ်သမားတွေ အမှုထမ်းအရာထမ်းတွေ အတွက်လည်း အကျိုးဖြစ်ထွန်းတယ်။
နောက် နံပါတ်(၄)အနေနဲ့ မိတ္တာမစ္စာနံ မိတ်ဆွေတွေ အပေါင်းအသင်းတွေ အတွက်လည်း ကောင်းကျိုးချမ်းသာတွေ ရကြတယ်။
နံပါတ်(၅)ကျတော့ ပုဗ္ဗပေတာနံ တမလွန်ဘဝ ပြောင်းသွားကြတဲ့ ဆွေဟောင်းမျိုးဟောင်း မိတ် ဟောင်းဆွေဟောင်းတွေ ကံမကောင်း အကြောင်း မလှလို့ ပြိတ္တာဘုံရောက်သွားလို့ စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဖြစ်နေတဲ့ တမလွန်လောကမှာရှိတဲ့ ဆွေတွေမျိုးတွေ အတွက်လည်း သူက အကျွတ်အလွတ်ပွဲတွေ လုပ်ပြီး အမျှအတန်း ပေးဝေသည့်အတွက်ကြောင့် သူ့ကို အကြောင်းပြုပြီး ချမ်းသာသုခ ရကြတယ်။ အမျှဝေတဲ့အခါ သာဓုခေါ်လိုက်ရင် လွတ်မြောက် သွားကြပြီး ကောင်းကျိုးချမ်းသာတွေ ရကြတယ်။
နံပါတ်(၆)ကျတော့ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းစိုးရာဇာတွေအတွက်လည်း သူက ကျေးဇူးပြုတယ်။ သူတစ်ယောက်ကို အမှီပြုပြီးတော့ တိုင်းပြည် တစ်ခုလုံးဟာ သာယာဝပြောမှု ရှိလာတယ်။ လူတော်လူကောင်းကို အကြောင်းပြုပြီး တိုင်းပြည်မှာ စီးပွားတိုးတက်လာတယ်။ ကြီးပွားတိုးတက်လာ တယ်။ အသိပညာတွေ တိုးတက်လာတယ်။ အဲဒီလို တိုးတက်မှုတွေကို ဖြစ်ပေါ်စေတယ်။
နောက် နံပါတ်(၇)ကျတော့ ဒေဝတာနံ ကိုယ်မမြင်ရ ပေမယ့်လို့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အိမ်စောင့်နတ်တို့ တောစောင့်နတ်တို့ တောင်စောင့်နတ်တို့ဆိုတာ ရှိတယ်။ စောင့်ဆိုတဲ့ အဓိပ္ပါက duty ချထားလို့
စောင့်တာတော့ မဟုတ်ဘူး။ ကိုယ့်အိမ်ကို အမှီပြုပြီး ဖြစ်နေတဲ့နတ်ကို အိမ်စောင့်နတ်လို့ ခေါ်တာနော်။အေး အိမ်ကို စောင့်ရမယ်လို့ တာဝန်ပေးထားတာ လို့တော့ မအောက်မေ့လေနဲ့။ ကိုယ်စောင့်နတ်ဆိုတာလည်း ကိုယ့်ခန္ဓာကိုယ်နဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်နေတဲ့ သတ္တဝါတစ်မျိုးပဲ။ စဉ်းစားကြည့်လေ ကိုယ့်မှာ အိမ်လေး ဆောက်ထားပြီဆိုလို့ရှိရင် အိမ်မြှောင်တို့ ပိုးဟက်တို့ အကောင်ပလောင်တွေဟာ ရောက်လာတာပဲလေ။ အဲဒီလိုပဲ ကိုယ်မမြင်ရတဲ့ နတ်တွေ ဘာတွေဆိုတာလည်း ကိုယ့်အိမ်နဲ့ ဆက်စပ်ပြီး သူတို့ ဘုံဗိမာန်တွေ ဖြစ်နေတာ။ အဲဒါကိုပဲ အိမ်စောင့်နတ် လို့ ခေါ်တာ။
သစ်ပင်ကို အမှီပြုပြီး ဘုံဗိမာန်တွေဖြစ်လာ တဲ့အခါ ရုက္ခစိုးလို့ ခေါ်တယ်။ မြေကြီးပေါ်မှာ ဘုံဗိမာန်ပေါ်လာရင် ဘုမ္မစိုးလို့ခေါ်တယ်။ အဲဒါ တွေက ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတတ်တယ်။ အဲဒီလို ရှိနေတာကို “သူလည်း သူ့ဟာသူနေ၊ ကိုယ်လည်း ကိုယ့်ဟာကိုယ်နေ” ဆိုတာမျိုး မဟုတ်ဘဲနဲ့ မိမိကိုယ်တိုင်က အသိအမှတ် ပြုပြီးတော့ ကုသိုလ်ကောင်းမှုလုပ်တိုင်း မိမိအနီးပါးမှာရှိတဲ့ နတ်တွေကို ချမ်းသာကြပါစေ၊ ကုသိုလ်ကောင်းမှု အမျှဝေပါတယ်၊ အမျှယူကြပါလို့ အမျှဝေလို့ အမျှရတဲ့အခါကျရင် ဘုန်းတန်ခိုးတွေ တိုးတက်သွားတယ်။ နတ်ဆိုတာ လုပ်ကိုင်စားသောက်ရတဲ့ အမျိုးအစား မဟုတ်ဘူး၊ သာဓုခေါ်လိုက်လို့ ကုသိုလ်ကောင်းမှု တိုးသွားရင် အစွမ်းတန်ခိုးတွေ တိုးသွားတယ်၊ စီးပွားတိုးသွားတယ်လို့ ခေါ်တယ်။တွေကျတော့ အလုပ်အကိုင်လုပ်မှ စီးပွားတိုးတက်တယ်။
လူတွေက ဥဌာန ဖလူပဇီဝီ- လုပ်ကိုင် စားသောက်မှ စီးပွားဥစ္စာဖြစ်တယ်၊ ဒီအတိုင်းထိုင်နေ လို့ ဘာမှဖြစ်မလာဘူး။ နတ်တွေကျတော့ အဲလို မဟုတ်ဘူး၊ ကုသိုလ်ကောင်းမှု ပြုလိုက်လို့ သာဓု ခေါ်လိုက်ရရင် ဘုန်းတန်ခိုးတိုးသွားတယ်။ အရည်အချင်းတွေ တက်သွားတယ်။ အဝတ်အစားတွေ ပိုကောင်းလာတယ်။ ဘုံဗိမာန်တွေ ပိုကောင်းလာတယ်။ စားစရာ သောက်စရာတွေ ပိုပြည့်စုံလာတယ်။ အရှိန်အဝါတွေ ပိုတက်လာတယ်။ ကိုယ်က မပြတ်မေတ္တာပို့ပေးတယ် အမျှဝေပေးတယ်ဆိုရင် အဲဒီအမျှကို သာဓုခေါ် ရတဲ့ နတ်တွေဟာ တန်ခိုးတိုး တက်သွားတယ်။
ဒါကြောင့်မို့လို့ သူတော်ကောင်းဆိုတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်ဘာလုပ်လုပ် နတ်တွေကို အမျှဝေဖို့ မမေ့ဘူး။ သူအမျှဝေတာကို အကြောင်းပြုပြီး သူ့ပတ်ဝန်းကျင်က နတ်တွေဟာ ကုသိုလ်ရဲ့ အဖို့ ဘာဂတွေရပြီး ဘုန်းတန်ခိုးတွေ တိုးတက်ကြတော့ အဲဒီ နတ်တွေကလည်း သူ့ကို စောင့်ရှောက်ကြတာပေါ့။ ကိုယ်မမြင်ရလို့ မယုံဘူးမပြောနဲ့။ မြတ်စွာဘုရားကိုယ်တိုင်က ဘယ်လိုပြောထားတုန်းဆိုတော့ ယသို့ ပဒေသေ ကပ္ပတိ၊ ဝါသံ ပဏ္ဍိတဇာတိယော စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာ အရပ်တစ်ခုခုမှာ နေတယ်ဆိုရင် ကုသိုလ်ကောင်းမှုလုပ်ပြီး အဲဒီ ကုသိုလ်ကောင်းမှုရဲ့ အဖို့ဘာဂကို ပတ်ဝန်းကျင်မှာ ရှိတဲ့ နတ်တွေကို အမျှဝေပါတဲ့။
အမျှဝေလိုက်လို့ ရှိရင် နတ်တွေက ကိုယ့်ကို စောင့်ရှောက်လိမ့်မယ်။
ကိုယ်က အမျှအတန်းပေးဝေတော့ သူတို့မှာဘုန်းတန်ခိုးတွေ တက်တယ်။ ဘုန်းတန်ခိုး တက်
တော့ ကိုယ့်ပေါ်မှာ အကြင်နာတရားတွေ ထားလာတယ်။
တွေပိုပြီးတော့ ကိုယ့်ကိုယ် စောင့်ရှောက်လာတယ်။ ဒါကြောင့်မို့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်မမြင်ရ တဲ့နတ်တွေကို ကုသိုလ်ကောင်းမှုလုပ်တိုင်း အမျှဝေရ မယ်။ ဘုရားဆွမ်းတော်တင်, ဆီမီး, ပန်း, ရေချမ်း
လှူဒါန်းပြီးရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်စောင့် နတ်တို့ ဘာတို့ကို ဖိတ်ခေါ်ပြီး အမျှအတန်း ပေးဝေ ရမယ်။ အဲဒီလို သူတော်ကောင်းပုဂ္ဂိုလ်တွေဟာ
ကောင်းတဲ့အလုပ်တွေကို လုပ်ပြီးတိုင်း အမျှအတန်း ပေးဝေကြတယ်။ အဲဒီအမျှအတန်း ပေးဝေမှုကြောင့် နတ်တွေကိုလည်း အကျိုးပြုရာ ရောက်တယ်ပေါ့
နော်။ ဒါကြောင့် သူတော်ကောင်းပုဂ္ဂိုလ်သည် အားလုံးအတွက် ဖြစ်တယ်။
တရားချစ်ခင်သူတော်စင် ပရိသတ်အပေါင်း တို့၊ သူတော်ကောင်းရဲ့ အရည်အချင်းတွေပြည့်မှ သူတော်ကောင်းဖြစ်မှာမို့ မိမိတို့ကိုယ်တိုင် သူတော်
ကောင်းဖြစ်အောင် ကြိုးစားခြင်း၊ ထိုသူတော်ကောင်း တစ်ယောက်ကို အကြောင်းပြုလို့ ရှိရင် အားလုံးဟာ ချမ်းသာသုခ ရကြတယ်။ မိုးကို အကြောင်းပြုပြီး တော့ ကောက်ပဲသီးနှံတွေ ဖြစ်ထွန်းလာတဲ့အခါ ကောက်ပဲသီးနှံ ကို အမှီပြုနေကြရတဲ့လူတွေ
ကောင်းစားသလို သူတော်ကောင်း တစ်ယောက်ကို အကြောင်းပြုပြီးတော့ အားလုံး ကောင်းစားကြတယ်
ဆိုတာကို မှတ်သားနာယူပြီး မိမိတို့ကိုယ်တိုင် သူတော်ကောင်းဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။
No comments:
Post a Comment