Monday, March 9, 2020

မေတ္တာတရားရဲ့လမ်း၊ အကြောက်တရားရဲ့လမ်း

 

❒ မေတ္တာတရားရဲ့လမ်း၊ အကြောက်တရားရဲ့လမ်း

(၁)
ကျေးဇူးတော်ရှင် အောက်စဖိုဒ့်ဆရာတော် ဒေါက်တာဓမ္မသာမိ ဟောကြား တဲ့ တရားတော်တွေထဲမှာ ကလေးတွေအကြောင်း၊ ကလေးတွေရဲ့ စိတ်ခံစား ချက်တွေအကြောင်းနဲ့ မိဘများက သားသမီးတွေအပေါ် ဘယ်လိုကိုင်တွယ်သင့်တဲ့ အကြောင်းတွေ အခါအားလျော်စွာ ထည့်သွင်းဟောကြားလေ့ရှိတာကို ရိုသေစွာ နာကြားရဖူးပါတယ်။ ဆရာတော်လမ်းညွှန်ပြသတဲ့ မိန့်မှာချက်တွေဟာ လက်တွေ့ဘဝနဲ့ ကိုက်ညီမှုရှိလှပြီး မိဘကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုနေထိုင်ပြုမူသင့်တယ်ဆိုတဲ့ မူဝါဒလမ်းစဉ်များကိုလည်း ဆရာတော်ရဲ့ တရားတော်တွေထဲမှာ ထင်ထင်ရှားရှား မြင်ရနိုင်ပါတယ်။ ဆရာတော် ဟောကြားတဲ့ တရားတော်တွေထဲက တချို့ကို ထုတ်နုတ်ပြီး ကလေးတွေကိုဘယ်လိုပြုစုပျိုးထောင်သင့်တယ်ဆိုတဲ့အကြောင်းအရာအချို့ကို ဆွေးနွေးချင်ပါတယ်။
မိဘတစ်ယောက် ဖြစ်လာချိန်မှာ 'သားသမီးတွေကို ဘယ်လိုပြုစုပျိုးထောင်မလဲ' ဆိုတဲ့ကိစ္စဟာ အရေးကြီးပါတယ်။ အထူးသဖြင့် ကလေးရဲ့စိတ်ခံစားချက်ကိုထည့်မတွက်ဘဲ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ပုံသွင်းကြတဲ့ဓလေ့ကို ကောင်းတယ်လို့မြင်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းရသူတွေ မိဘနေရာကိုရောက်တဲ့အချိန်မှာ 'သားသမီးတွေကို ဘယ်လိုပြုစုပျိုးထောင်မလဲ'ဆိုတဲ့ မေးခွန်းဟာ အတော်လေးကို အရေးကြီးလှပါတယ်။
ပုံစံခွက်ထဲကအနာဂတ်လမ်းဟာ မေတ္တာတရားနဲ့ဖန်တီး ထားတာဖြစ်တယ်လို့ ယုံကြည်ကြသူတွေက ကိုယ့်ရဲ့ရင်သွေးလေးတွေကို အကြောက်တရားနဲ့ အုပ်ချုပ်တတ်ကြပါတယ်။ အများအားဖြင့်တော့ လူအတော်များများဟာ ကိုယ်တိုင်မိဘနေရာကို ရောက်လာချိန်မှာ ကိုယ်ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်က သင်ကြားပေးတဲ့အတိုင်းပဲ အမိန့်အာဏာနဲ့ အုပ်ချုပ်တတ်တဲ့မိဘတွေအဖြစ် များများစားစား စဉ်းစားမနေတော့ဘဲ လွယ်လွယ်ကလေး နေထိုင်ပစ်လိုက် ကြတာကို တွေ့ရပါတယ်။
ကလေးတွေကို အကြောက်တရားနဲ့ အုပ်ချုပ်မယ်ဆိုရင်တော့ ဒီအချက်သုံး ချက်ကို သတိရသင့်ပါတယ်။
(၁) အကြောက်တရားဟာ ဆင်ခြင်တုံတရားကို ပျက်စီးစေတယ်
(၂) အကြောက်တရားမရှိတဲ့ ကလေးက တီထွင်ဖန်တီးနိုင်စွမ်း ပိုကောင်းတယ်
(၃) ကလေးက လုံလောက်တဲ့ ဦးနှောက်ဖွံ့ဖြိုးမှုမရှိသေးခင်မှာ စိတ်ခံ စားမှုနဲ့ပဲ ဆုံးဖြတ်တယ် ... ဆိုတဲ့ အချက်သုံးချက်ပါပဲ။
မိဘတစ်ယောက်ဖြစ်လာချိန်မှာ အရင်ဆုံးစဉ်းစားသင့်တာက ကိုယ့်ရဲ့သား သမီးကို ခင်ဗျားတို့စိတ်ကြိုက် ပုံသွင်းထားတဲ့ အနာဂတ်တစ်ခုပေးမလား၊ ဒါမှမဟုတ် ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာကိုယုံကြည်တဲ့ဘဝတစ်ခုပေးမလား ဆိုတာပါပဲ။ ဒါကို ဆုံးဖြတ်ပြီးမှသာ ကိုယ်ဘယ်လိုမိဘလဲ၊ ကိုယ့်ရဲ့သားသမီးကို ဘယ်လိုပြုစုပျိုးထောင်မလဲဆိုတာ စဉ်းစားသင့်ပါတယ်။
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၅ ကြိမ်ရထားတဲ့ ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး 'ရော်နယ်ဒိုဟာ ကြိုးစားအားထုတ်မှုရဲ့ ထုတ်ကုန်ပဲ'လို့ မွေးရာပါ ပါရမီနဲ့ဗီဇကောင်းရှိသူတွေ၊ ကိုယ်စွမ်းကိုယ်စအပြည့်ရှိတဲ့သူတွေက ခနဲ့ကြတယ်။ ရော်နယ်ဒိုကိုကြည့်ပြီး မေးစရာရှိတာက ကြိုးစားအားထုတ်မှုကရတဲ့ အောင်မြင်မှုဟာ တကယ်ပဲ ပျော်စရာကောင်းရဲ့လားဆိုတဲ့ မေးခွန်းပါပဲ။ ရထားတဲ့ နေရာက ဖယ်မပေးရဖို့အတွက် မပြတ်ကြိုးစားအားထုတ်နေရတဲ့ ပင်ပန်းမှုကို မြင်အောင်ကြည့်မယ်ဆိုရင် ပျော်စရာမကောင်းဘူးဆိုတဲ့ အဖြေကိုရနိုင်လိမ့် မယ်ထင်ပါတယ်။ အသေအလဲရုန်းကန်ကြိုးစားရခြင်းရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ကလေးကို သူ့ပါရမီအရှိအတိုင်း ဖွံ့ဖြိုးဖို့ဆိုရင်တော့ ဉာဏ်ပညာနဲ့ ချစ်ခြင်း မေတ္တာက အရေးကြီးလာပါတယ်။
ဉာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ဘဝတစ်ခုမှာ ကလေးတစ် ယောက်အနေနဲ့ ဖြတ်သန်းကြီးပြင်းဖို့ဆိုရင် မေတ္တာတရားရဲ့လမ်းက သွားစေ မှပဲ ရနိုင်ပါလိမ့်မယ်။ အကြောက်တရားနဲ့ ကာဆီး၊ ဟန့်တား၊ ပိတ်ဆို့ထားရင် ကလေးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးနိုင်တာကြောင့် သူ့မွေးရာ ပါဗီဇနဲ့ ရှင်သန်ဖို့ဆိုတာဟာ ဖြစ်နိုင်ဖွယ်မရှိပါဘူး။
(၂)
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ပတ်သက်ပြီး အောက်စဖိုဒ့်ဆရာတော် ဒေါက် တာဓမ္မသာမိက အခုလိုရှင်းပြထားပါတယ်။
'လူ့လောကမှာself-confidence ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိအောင် မနည်းလုပ်ယူရတာ။
ငယ်ငယ်ကတည်းကစပြီး မိဘတွေက ကိုယ့်ရဲ့သားသမီးတွေကို self-confidence ကိုယ့်ဟာကိုယ်ယုံကြည်မှုရှိအောင်၊ နောက် အင်္ဂလိပ်စာလုံး တစ်လုံးကself-esteem ဆိုတာက ကိုယ့်ဟာကိုယ် အထင်ကြီးအောင် ကိုယ့်ဟာကိုယ်ယုံကြည်အောင် လုပ်ကြတာ'
ကလေးက တစ်ခုခုလုပ်တတ်ပြီဆိုရင် မိဘကချီးမွမ်းပေးရတယ်လို့ ဆိုပါတယ်။ လူကြီးမိဘများရဲ့ချီးမွမ်းခြင်းဟာ ကလေးတစ်ယောက်က ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုရှိဖို့၊ ကိုယ့်ကိုယ်ကိုယ်အထင်ကြီး လေးစားတတ်ဖို့၊ ကိုယ့်ကိုယ် ကိုယ်တန်ဖိုးထားတတ်ဖို့အတွက် မဖြစ်မနေ အရေးပါလှတယ်လို့ ဆရာတော်က ဆုံးမလမ်းညွှန်ထားပါတယ်။
'အဲဒီလို မချီးမွမ်းဘဲနဲ့ ဒါလေးတောင်မလုပ်တတ်ဘူးလား၊ မိဘက အဲ ဒီလိုသွားပြောရင် အဲဒီကလေးက တစ်သက်လုံး သူ့ကိုယ်သူ ယုံကြည်မှု မရှိတော့ဘူး။ သူ့ကိုယ်သူ ယုံကြည်မှုမရှိတဲ့ကလေးက သူ့ဦးနှောက်လည်း မဖွံ့ဖြိုးတော့ဘူး။ သူဘာပဲ လုပ်တတ်လုပ်တတ် သူမလုပ်ရဲဘူး။ သူက self-esteem နည်းနေတာကိုး။ တခြားလူတွေကို ကြည့်တဲ့နေရာမှာ သူက ကြောက် စရာကြီးအနေနဲ့ပဲ သူကြည့်တယ်။ သူ့ကိုယ်သူ မယုံကြည်တော့ဘူး။ inferiority complex (သိမ်ငယ်စိတ်ထား)လို့ခေါ်တယ်။ psychology (စိတ်ပညာ)မှာ။'
မိဘတွေအနေနဲ့ ကိုယ့်ရဲ့သားသမီးများကို ဆက်ဆံတဲ့အခါမှာ (၁) ကောင်း တာကိုကြည့်ပြီး ချီးမွမ်းမလား (၂) အပြစ်ကိုကြည့်ပြီး ဆဲဆိုဆူငေါက်မလား ဆိုတဲ့ ရွေးချယ်စရာနှစ်ခုရှိပါတယ်။ အကြောက်တရားရဲ့လမ်းနဲ့ မေတ္တာတရား ရဲ့လမ်းလို့ပဲ ဆိုကြပါစို့။ အကြောက်တရားရဲ့လမ်းက သွားရတဲ့ အမိန့်နာခံတတ်တဲ့ ကလေးတစ်ယောက်အဖြစ်နဲ့ ကိုယ့်ရဲ့သားသမီးက ကြီးပြင်းလာမယ် ဆိုရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဆရာတော်က ဒီလိုပြော ထားပါတယ်။
'အိမ်မှာ ခဏခဏ အငေါက်ခံရတဲ့ကလေးဆိုရင် အိမ်က မိဘတွေနဲ့ ကြီးလာတဲ့အခါ သိပ်အစီးမကပ်ဘူး။
လူ့အသိုင်းအဝိုင်းမှာလည်း တခြားလူတွေနဲ့ ဆက်ဆံပြောဆိုတဲ့အခါမှာ relationship ဆိုတာ ဆက်ဆံရေး၊ သူငယ်ချင်းဆက်ဆံရေး၊ သူ့ရဲ့ အိမ်ထောင် ဆက်ဆံရေး အဲဒီဟာတွေကို မြဲမြံအောင်ထိန်းထားနိုင်တဲ့ စိတ်ခံစားမှုစွမ်းရည် EQ စွမ်းရည်မမြင့်ဘူး'
'EQ စွမ်းရည်မမြင့်ဘူး'ဆိုတဲ့ ပြဿနာ သေးသေးကလေးမဟုတ်ပါဘူး။ စိတ်ခံစားမှုညွှန်းကိန်းနိမ့်ပါးခြင်းကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာ တွေက အတော်လေးများပါတယ်။ ကိုယ့်ကိုယ်ကိုပျောက်ဆုံးသွားတာကစလို့ တပါးသူတွေရဲ့ စိတ်ခံစားချက်တွေကို ထည့်မတွက်တော့ကအလယ် နောက်ဆုံး လောကကြီးနဲ့အဆင်မပြေတာအထိ ဖြစ်လာနိုင်ချေတွေရှိပါတယ်။
EQ ရဲ့အပြည့်အစုံက Emotional Quotient ပါ။ စိတ်ခံစားမှုညွှန်းကိန်း ဆိုတဲ့ EQ ကို ကိုယ့်ကိုယ်သိခြင်း၊ ထိန်းချုပ်စောင့်စည်းနိုင်ခြင်း၊ သူတစ် ပါးရဲ့ ခံစားချက်ကိုသိခြင်း၊ ဆက်ဆံရေးကို စီမံခန့်ခွဲနိုင်ခြင်းဆိုတဲ့ ဆိုတဲ့အချက် တွေနဲ့ အကဲဖြတ်သတ်မှတ်ပါတယ်။ စိတ်ခံစားမှုညွှန်းကိန်းနိမ့်သူတွေဟာ အထက်က ပြောတဲ့ အချက်လေးချက် ချို့တဲ့လေတော့ လောကကြီးနဲ့ အဆင် မပြေတတ်တာကိုလည်း သတိချပ်သင့်ပါတယ်။
ကလေးကိုအမြဲတမ်း မာန်မဲ၊ ရိုက်နှက်၊ ဆူငေါက်၊ အပြစ်ပြောနေရင်တော့ ကိုယ့်ရဲ့လေးဟာ EQ နှိမ့်သူအဖြစ် ကြီးပြင်းရပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်းတွေ၊ သိမ်ငယ်စိတ်တွေနဲ့ ကြီးပြင်းရတဲ့ ကလေးတစ်ယောက် ရဲ့ အနာဂတ်လမ်းဟာ အကောင်းထက် အဆိုးက ပိုနိုင်တယ်ဆိုတာကို ကျွန် တော်တို့ လွယ်လွယ်လေးပဲ ခန့်မှန်းလို့ရနိုင်ပါတယ်။
(၃)
ကျွန်တော်တို့ဟာ မိဘဖြစ်လာတဲ့အချိန်မှာ ဘယ်လိုမိဘအဖြစ်ရှင်သန်မလဲ၊ ကိုယ့်ရဲ့သားသမီးကို ဘယ်လမ်းကနေ သွားခိုင်းမလဲ/သွားစေမလဲ ဆိုတာကို ရွေးချယ်ကြရပါတယ်။ စား၊ ဝတ်၊ နေရေးကြောင့် ပြင်းပြင်းထန်ထန် ရုန်းကန်ကြရသူများတောင်မှ ကိုယ့်ရဲ့သားသမီးကို အကောင်းဆုံးဆိုတာချည်း ဖြစ်စေချင်ကြတာပါပဲ။ ဒီအတွက်လည်း 'ဘယ်လိုမိဘနဲ့ ဘယ်လမ်း'ဆိုတာကို တစ်နည်းနည်းနဲ့ ရွေးချယ်ခဲ့ကြတယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။
ဆိုတော့ ဘယ်လိုမိဘအဖြစ်ရှင်သန်မလဲဆိုတာကို ကိုယ့်ဘက်က တိတိပပ ရွေးယူနိုင်ခဲ့ပြီဆိုရင် ဘယ်လမ်းကနေ ကိုယ့်ရဲ့သားသမီးကို သွားစေမလဲဆိုတာ ကို သေသေချာချာစဉ်းစားကြရတော့မှာပါ။ အတိုချုံးပြီး အလွယ်ပြောရရင် တော့ ကျွန်တော်တို့မှာ ရွေးချယ်ဖို့ရှိလာတာက အကြောက်တရားရဲ့လမ်းနဲ့ မေတ္တာတရားရဲ့ လမ်းပေါ့။ အောက်စဖိုဒ့်ဆရာတော်ရဲ့ ဟောပြောပို့ချချက်တွေအရ တော့ အကြောက်တရားနဲ့ အုပ်ချုပ်ရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုး ကျိုးတွေဟာ မကောင်းလှဘူးဆိုတာကို ကျွန်တော်တို့သိကြရပါပြီ။
ဒီတော့ ကျွန်တော်တို့တွေဟာ ကိုယ့်ရဲ့သားသမီးတွေကို လောကကြီးနဲ့ အဆင်ပြေပြီး ကိုယ်ဘာလဲဆိုတာလည်းသိ၊ ကိုယ့်ကိုယ်ကိုယ်လည်း ထိန်းချုပ် စောင့်စည်းနိုင်၊ တစ်ပါးသူကိုလည်း စာနာနားလည်တတ်၊ ကရုဏာထားတတ် ပြီး သံယောဇဉ်နဲ့ဖွဲ့နှောင်ထားတတ်တဲ့ ခိုင်မြဲတဲ့ဆက်ဆံရေးတွေကို တည် ဆောက်နိုင်သူတစ်ယောက်အဖြစ် ကြီးပြင်းရှင်သန်စေချင်တယ်ဆိုရင်တော့ မေတ္တာတရားရဲ့လမ်းကသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဉာဏ်ပညာနဲ့ ချစ် ခြင်းမေတ္တာကို ယုံကြည်တဲ့ မေတ္တာတရားရဲ့လမ်းပေါ်မှာ အားလုံးပဲ လျှောက် လှမ်းနိုင်ကြပါစေ။
ငြိမ်းချမ်းသာ
၆-၃-၂ဝ၂ဝ
ရည်ညွှန်းကိုးကား/-
အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ
ဟောကြားသောတရားတော်များ ဖြစ်သည့်
၁။ အချင်းချင်းတည်မှီရတဲ့လူ့လောကအတွက်
ရှိကိုရှိရမည့် သတိအခြေခံကရုဏာတရားတော် (၁၄-၆-၂ဝ၁၈)
၂။ ပြဿနာနှင့်ပညာဆက်နွယ်ပုံတရားတော် (၃ဝ-၆-၂ဝ၁၉)
၃။ ပျော်နိုင်ပါရက်နဲ့ ပျော်ဖို့မေ့နေသူများ
၄။ အထင်သေးတဲ့စိတ်ကို ဆုံးမပါ(၂၆-၁-၂ဝ၂ဝ)

မိဘများက ကလေးငယ်များကို အချိန်ပေးပါ

 

❒ မိဘများက ကလေးငယ်များကို အချိန်ပေးပါ

ကျေးဇူးတော်ရှင် အောက်စဖိုဒ့်ဆရာတော် ဒေါက်တာဓမ္မသာမိ ဟောကြားတဲ့ တရားတော်တွေထဲက မိဘနဲ့ သားသမီးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာများကို ကောက်နုတ်ပြီး 'မေတ္တာတရားရဲ့လမ်း၊ အကြောက်တရားရဲ့လမ်း'ဆိုတဲ့ စာစုလေးကို ကျွန်တော် ရေးခဲ့ပြီးဖြစ်ပါတယ်။ အခုဒီစာစုမှာလည်းပဲ ကလေးငယ်များကို မိဘများက နွေးထွေးကြင်နာစွာ ဂရုစိုက်သင့်ကြောင်းကို ဆရာ တော်ဟောပြောတဲ့ တရားတော်တွေထဲက ထုတ်နုတ်တင်ပြချင်ပါတယ်။ အဲဒီလို ထုတ်နုတ်တင်ပြတဲ့နေရာမှာ အမှားအယွင်းပါခဲ့ရင် မူရင်းတရားတော်များကို ဟောပြောတဲ့ ဆရာတော်နဲ့မသက်ဆိုင်ဘဲ ကျွန်တော့်ရဲ့ပေါ့ဆညံ့ဖျင်းမှုသာ ဖြစ်ကြောင်းကိုလည်း ပြောကြားလိုပါတယ်။
အောက်စဖိုဒ့်ဆရာတော်ဟောကြားတဲ့ 'ပျော်နိုင်ပါရက်နဲ့ ပျော်ဖို့မေ့နေသူ များတရားတော်'ထဲမှာ ကလေးတွေက လုံလောက်တဲ့ ဦးနှောက်ဖွံ့ဖြိုးမှု မရှိသေးခင်မှာ စိတ်ခံစားမှုနဲ့ ဆုံးဖြတ်တယ်ဆိုပြီး ဟောကြားတော်မူခဲ့တာကို ရိုသေစွာ မှတ်သားခဲ့ရဖူးပါတယ်။
ကလေးတွေ လူ့လောကကတည်းကို စရောက်ကတည်းက မေတ္တာတရားရဲ့ လုံခြုံနွေးထွေးမှုကို လိုချင်ရှာကြတာပါ။ ကလေးငယ်လေးတွေဟာ သူတို့ရဲ့ ကမ္ဘာလေးကို စိတ်ခံစားမှုနဲ့တည်ဆောက်၊ စိတ်ခံစားမှုနဲ့ပဲလုံခြုံမှုရှာကြရတာပါ။
သူတို့ရဲ့ စိတ်ကူးမှတ်ဉာဏ်အပိုင်းအစတွေထဲမှာ ပျော်ရွှင်စရာတွေ၊ လုံခြုံနွေးထွေးမှုတွေရှိနေရင် ဦးနှောက်ဖွံ့ဖြိုးမှုကလည်း အားကောင်းလာပြီး ဦးနှောက် ဖွံ့ဖြိုးမှုအားကောင်းလာတာနဲ့အမျှ သင်ယူနိုင်စွမ်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်းလည်း မြင့်မားလာတယ်လို့ ဆိုရပါလိမ့်မယ်။
ကလေးတစ်ယောက်ရဲ့ စိတ်ခံစားမှုဟာ သူ လူ့လောကကြီးကို စတင်ဝင် ရောက်စဉ်မှာကတည်းက အရေးကြီးတဲ့နေရာက ပါဝင်လာတယ်လို့ ပြောရမှာပါပဲ။
အဲဒါနဲ့ပတ်သက်ပြီး အောက်စဖိုဒ့်ဆရာတော်က ...၊
'သူမွေးမွေးချင်း အမေ့ရဲ့လက်ထဲကို ရောက်သွားတဲ့ကလေးနဲ့ အမေ့ရဲ့လက်ထဲကို ချက်ခြင်းမရောက်သေးဘဲနဲ့ အကြောင်းတစ်ခုခုကြောင့် ဆရာ၊ ဆရာမ တွေလက်ထဲမှာဖြစ်ဖြစ်၊ စက် incubator (လမစေ့ဘဲ မွေးသော ကလးငယ် များအတွက် အနွေးဓာတ်ပေးသောစက်)ထဲဝင်သွားတဲ့ကလေးတွေက Emotional Development (စိတ်ခံစားမှုဖွံ့ဖြိုးတိုးတက်ခြင်း)မှာ ကွာတယ်တဲ့။
ကလေးက သူ အဲဒီအချိန်မှာ ဦးနှောက်ဖွံ့ဖြိုးမှု မရှိသေးဘူး။ ဘာမှ မတွေးတတ်သေးဘူး။ ဒါပေမယ့် အမေရဲ့အသားနဲ့ သူ့ရဲ့အသား ထိထားတာ အဲဒါက သူ့ရဲ့Development (ဖွံ့ဖြိုးတိုးတက်မှု၊ ကြီးထွားရင့်သန်မှု)မှာ အရေးပါတယ်'လို့ ရှင်းလင်းဟောပြောပေးထားပါတယ်။
မေတ္တာတရားရဲ့လမ်းကို ဘဝရဲ့မူလအစဦးနေ့ရက်များမှာ ကတည်းက ငံ့လင့် ကြပုံဟာ ထူးဆန်းလှချည်ရဲ့။ ကလေးငယ်လေးများက မိဘမေတ္တာတရား (ဝါ)မိဘတွေရဲ့ ဂရုစိုက်ကြင်နာမှုကို ဘယ်လိုပင်တောင့်တစေဦးတော့ ကျွန် တော်တို့ဖြတ်သန်းရှင်သန်ကြီးပြင်းရတဲ့ခေတ်ကြီးဟာ ရှုပ်ထွေးပွေလီလှတဲ့ ခေတ်ကြီးမဟုတ်လား။ ကျွန်တော်တို့ဟာ မြို့ပြလူနေမှုစနစ်ကြီးထဲမှာလည်း ရှင်သန် ရဦးမယ်၊ စာဝတ်နေရေးအတွက် ရုန်းကန်ရတဲ့ဘဝတစ်ခုထဲမှာလည်း ကျင်လည် နေရဦးမယ်ဆိုရင်တော့ မိဘများဟာ ကလေးထက် အလုပ်ကို ဦးစားပေးရလေ့ ရှိကြပါတယ်။
အဲဒီလို ဦးစားပေးလိုက်ရတဲ့အတွက် ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ဆရာတော်က အခုလိုရှင်းပြထားပါတယ်။
'ကလေးက နှစ်လသုံးလပဲရှိသေးတယ်၊ တချို့ဆိုရင် တစ်လနှစ်လပဲ ရှိသေးတယ်၊ အမေက ကလေးထိန်းလက်ထဲအပ်ပြီး အလုပ်သွားတယ်ဆိုရင် မိခင်နဲ့ connection (အဆက်အသွယ်)နည်းသွားတယ်။ subconscious mind မသိစိတ်ကနေ မိခင်နဲ့ နှလုံးသားခြင်းဆက်သွယ်မှု နည်းသွားပြီ။
အဲဒီလိုနည်းသွားရင် ကလေးက သူက connection ရှာနေတာ။ အဲဒီ connection က ဂိမ်းဖြစ်ချင်ဖြစ်မယ်၊ သူ့ရဲ့သူငယ်ချင်းဖြစ်ချင်ဖြစ်မယ်။ သူ့ကို အချိန်ပေးတဲ့သူပေါ့။ ဒါကြောင့် ကလေးငယ်သေးတဲ့အချိန်မှာ ကလေးကို အချိန်ပေးဖို့ဟာ သိပ်အရေးကြီးပါတယ်။'
ကလေးက သူ့အတွက် တစ်ခုခုကိုရှာရင်းကနေ နောက်ဆက်တွဲဖြစ်လာနိုင်ချေရှိတာက ဂိမ်းကိုစွဲလမ်းတာ၊ တီဗီအရမ်းကြည့်တာ၊ တယ်လီဖုန်း၊တက်ဘလက်တွေနဲ့ပဲ အချိန်ကုန်တော့တာ ဆိုတဲ့ အာရုံကို တစ်ခုခုမှာအမျှင်မပြတ်အောင် ထားတတ်တဲ့ အလေ့အထကြီးရသွားနိုင်တာပါပဲ။ ဒီဘက်ခေတ် ကလေးအတော် များများမှာ ဒီအလေ့အကျင့်ကြီးက ဘဝဟန်ပန်တစ်ခုလိုကိုဖြစ်နေတာကိုလည်း စိတ်မကောင်းစရာ တွေ့မြင်ရပါတယ်။ ဖျော်ဖြေရေးအာရုံတွေနဲ့ ရှင်သန်ရင်းကပဲ တကယ့်ဘဝထဲက ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပျက်ပြီး လူသားဆန်မှု ပျောက်ဆုံးသွားမှာက သိပ်ကို စိုးရိမ်စရာကောင်းလှပါတယ်။
လူသားတွေ မဆိုထားနဲ့ဦး၊ တိရစ္ဆာန်တွေတောင်မှပဲ မိခင်ရဲ့ဂရုစိုက်ကြင်နာမှုကိုရတဲ့သူနဲ့ မရတဲ့သူကြားမှာ စိတ်ခွန်အားခြင်းက ကွာခြားလှတာကို တွေ့ရကြောင်းကို ဆရာတော်က အနောက်တိုင်းက သုတေသနပြုချက်များကို ကိုးကားမိန့်ကြားပါတယ်။
'သိပ္ပံပညာရှင်တွေက ခွေးပေါက်စလေးနှစ်အုပ်စုကို လေ့လာကြတယ်။ တစ်အုပ်စုက အမေကအရမ်းကြင်နာတယ်၊ ဂရုစိုက်တယ်။ အခြားတစ်အုပ်စု ကတော့ အမေက လျစ်လျူရှုထားတယ်။
လျစ်လျူရှုထားတဲ့ ခွေးလေးတွေက သူတို့ကြီးလာတဲ့အခါမှာ စိတ်ဖိစီး စရာ နည်းနည်းကလေးတွေ့ရင်ကိုပဲ၊Stress (ဖိစီးမှု၊ ကြောင့်ကြစိတ်၊ သောက)နဲ့တွေ့ရင် စိတ်ဖိစီးမှုဒီဂရီက ချက်ချင်းတက်လာတယ်။Sensitive (စိတ်ထိခိုက်လွယ်) ဖြစ်တယ်။ အမေရဲ့ဂရုစိုက်ခြင်းကိုခံရတဲ့ ခွေးလေးတွေက တော့ တော်ရုံတန်ရုံ Stress ဆိုရင် သူတို့က ဘာမှမဖြစ်ဘူး။'
ဒီလောက်ဆိုရင် မိဘရဲ့မေတ္တာတရားက (ဝါ) ဂရုစိုက်မှုက ကလေးတွေရဲ့ စိတ်ဖွံ့ဖြိုးတိုးတက်မှုမှာ၊ အဲဒီထက်နည်းနည်းလေးပိုပြောရရင် ဖွံဖြိုးတိုးတက်ခြင်းမှာ ဘယ်လောက်အထိအရေးပါတယ်ဆိုတာကို သိနိုင်လောက်ပြီထင်ပါတယ်။ ကျွန်တော်တို့ဟာ ကလေးတွေကို သူတို့ယုံကြည်ရာရာကို လုပ်နိုင်ဖို့အတွက် မေတ္တာတရားရဲ့လမ်းပေါ်ကသာ သွားခိုင်းရမှာပါပဲ။ မေတ္တာတရားရဲ့လမ်းဆိုတာက ကလေးတွေကို အကြောက်တရားနဲ့ အုပ်ချုပ် တာမျိုးမဟုတ်ဘဲ မွေးရာပါဗီဇကိုပဲ တိုးတက်ကောင်းမွန်အောင် ပြုစုပျိုးထောင် ပေးတာမျိုးပါ။ အကြောက်တရားနဲ့ မအုပ်ချုပ်ဘူးဆိုပြီး ဘာလုပ်လုပ် လွှတ်ထားတာမျိုးလည်း မဟုတ်ပြန်ပါဘူး။ မေတ္တာတရားရဲ့လမ်းဆိုတာက သူတို့ ဘယ်လိုရှင်သန်ကြီးပြင်းနေသလဲဆိုတာကို အရိပ်တကြည့်ကြည့် ကြည့်ရင်းကပဲ သူတို့နှလုံးသားနဲ့ မပြတ်ဆက်သွယ်ရင်း မကောင်းတာကို တားမြစ်၊ ကောင်းတာ ကို လမ်းညွှန်နေတာမျိုးပါ။
ဒီစာစုဟာ မေတ္တာတရားရဲ့လမ်းပေါ်ကို ကိုယ့်ရဲ့သားသမီးများ လျှောက်လှမ်းစေနိုင်ဖို့ ဆိုတာဟာ မိဘကများက ကိုယ့်ရဲ့သားသမီးများကို အချိန်လည်းပေး ဂရုလည်းစိုက်ပါမှ ဖြစ်လာနိုင်မယ်လို့ ယုံကြည်ကြောင်းပြောတဲ့ စာပါ။ ဒါ့အပြင် ရှုပ်ထွေးပွေလီလှတဲ့ ခေတ်ကြီးရဲ့တောင်းဆိုမှုကြောင့်ပဲဖြစ်ဖြစ်၊ စာဝတ်နေရေး အတွက်ရုန်းကန်နေရခြင်းကြောင့်ပဲဖြစ်ဖြစ်၊ မြို့ပြလူနေမှုစနစ်ကြောင့်ပဲဖြစ်ဖြစ် ... တစ်စုံတစ်ခုသောအကြောင်းကြောင့် ကိုယ့်ရဲ့ရင်သွေးငယ်လေးများကို ဂရု မစိုက်မိတာ၊ အချိန်မပေးနိုင်တာမျိုး ဖြစ်နေတဲ့ မိဘများအနေနဲ့ ကိုယ့်ရဲ့သား သမီးငယ်လေးများကို အချိန်ပေး ဂရုစိုက်ကြင်နာကြဖို့ တိုက်တွန်းတဲ့စာလည်းပဲ ဖြစ်ပါကြောင်း ...။
#ငြိမ်းချမ်းသာ
၉-၃-၂ဝ၂ဝ
ရည်ညွှန်းကိုးကား/-
အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ
ဟောကြားသောတရားတော်များ ဖြစ်သည့်
၁။ ကထိန်သင်္ကန်း၊ စိတ်ပျော်ရွှင်မှုနှင့် စုပေါင်းစိတ်ဓာတ်(၂-၁၁-၂ဝ၁၉)
၂။ သင်နှင့်ကျွန်ုပ်တို့အတွက် ဗုဒ္ဓ၏အတွေးအခေါ်များ(၁-၁၂-၂ဝ၁၈)