ဝိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ
ကမ္မဋ္ဌာန်းအလုပ်ဟာ ကစားစရာမဟုတ်ပါ
ဆရာကြီးဦးဂိုအင်ကာလို့ ဆိုလိုက်ရင် ကြည်လင်သန့်စင်တဲ့အပြုံးနဲ့ ဓမ္မစကား တွေဆိုတတ်သူ၊ ဓမ္မတရားတွေကို ငြိမ်းချမ်းစွာ သင်ပြတတ်သူအဖြစ် မြင်မိတတ် ကြပါတယ်။ ဆရာကြီးရဲ့ ဘဝဓမ္မပုံရိပ်လွှာအပိုင်းအစလေးတွေကို ရှေ့ကစာစု တွေမှာ ကျွန်တော့်အနေနဲ့ မကျဉ်းမကျယ် ထုတ်နှုတ်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီစာစုမှာလည်းပဲ ဆရာကြီးရဲ့ ဘဝနဲ့ဓမ္မကို အနည်းငယ်ထပ်ပြီး တင်ပြချင်ပါတယ်။
၁၉၆၉ ခုနှစ်မှာတော့ ဆရာကြီးဦးဂိုအင်ကာဟာ မိဘများမကျန်းမာဖြစ်တာ ကြောင့် အိန္ဒိယပြည်ကို ပြန်သွားခဲ့ရပါတယ်။ ဆရာကြီးဦးဘခင်က 'မိခင်အား အတတ်နိုင်ဆုံး အကောင်းဆုံးဆေးဝါးမျာဖြင့် ကုသပေးပါလေ။ အမွန်မြတ်ဆုံး ကုသိုလ်ကောင်းမှုအဖြစ်ဖြင့်လည်း မိဘများအတွက် ဝိပဿနာကမ္မဋ္ဌာန်းတရားကို ကိုယ်တိုင်အားထုတ်၍ အမျှအတန်းပေးဝေပါလေ'လို့ ဦးဂိုအင်ကာကို သြဝါဒပေး လိုက်ပါတယ်။
ဆရာကြီးဦးဂိုအင်ကာရဲ့ မိဘများဟာ အိန္ဒိယသို့မပြန်မှီက ဆရာကြီးဦးဘခင် ထံမှာ ကမ္မဋ္ဌာန်းတရားအားထုတ်ခဲ့ကြပြီးဖြစ်ပါတယ်။ သို့တိုင်အောင်ပဲ အိန္ဒိယပြန် ရောက်တဲ့အခါမှာတော့ ဂိုဏ်းဂဏအယူဝါဒတွေနဲ့ လမ်းလွဲလိုက်နေတဲ့ သတင်း တွေကြောင့် ဆရာကြီးဦးဂိုအင်ကာ စိတ်မချမ်းမသာဖြစ်နေရပါတယ်။ အိုမင်းလှပြီ ဖြစ်တဲ့ မိဘများကို စစ်မှန်သောတရားရင်မှာပိုက်ပြီး ဘဝတစ်ပါး ပြောင်းသွားစေ ဖို့ကို ဆရာကြီးဦးဂိုအင်ကာက အင်မတန်လိုလားနေပါတယ်။
မိခင်ကြီးရဲ့ ရောဂါအခြေအနေဟာ သိပ်မကောင်းလှပါဘူး။ဆေးကောင်းဝါး ကောင်းတွေ သုံးသည့်တိုင်အောင်ပဲ သက်သာရာမရ ဖြစ်နေပါတယ်။ ဒီလိုအချိန် မျိုးမှာ လမ်းမှားလိုက်နေတဲ့မိဘနှစ်ပါးကို လမ်းမှန်ကိုပြန်ဦးတည်ဖို့ အတင်းအကျပ် တိုက်တွန်းဖို့ရာကလည်း မဖြစ်နိုင်ပါဘူး။ ဒီလိုနဲ့ပဲ ဦးဂိုအင်ကာဟာ သူတစ်ဦး တည်းပဲ ဝိပဿနာကမ္မဋ္ဌာန်းကို နေအိမ်မှာပဲ စတင်စီးဖြန်းပါတော့တယ်။ တရား ထိုင်တိုင်း မိဘနှစ်ပါးနဲ့ ၎င်းတို့ကိုးကွယ်သူ ဂုရုကြီး မေတ္တာလှိုင်းများပို့လွှတ် ပေးခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အခြေအနေတွေပြောင်းလဲခဲ့ပြီး ဆရာကြီးဦး ဂိုအင်ကာရဲ့ မိဘနှစ်ပါးနဲ့ တူ၊ တူမ သုံးယောက်တို့ကလည်း နံနက်နဲ့ညနေပိုင်းတွေမှာ ဆရာ ကြီးနဲ့အတူ ဝင်ရောက်ပြီး တရားထိုင်လာကြပါတယ်။ တစ်ပတ်လောက်အကြာမှာ တော့ ဆရာကြီးဦးဂိုအင်ကာရဲ့မိခင်ကြီးဟာ ဆရာကြီးဦးဘခင်ထံမှာ တရားထိုင် စဉ်က သိမြင်ခဲ့တဲ့ အနိစ္စသဘောတရားများကို ရက်အနည်းငယ်အတွင်း ပြန် လည်သတိရခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုနည်းနဲ့ ဆရာကြီးဦးဂိုအင်ကာဟာ မိခင် ကြီးကို စစ်မှန်တဲ့ ဓမ္မလမ်းကြောင်းပေါ် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါတယ်။
ဆရာကြီးဦးဂိုအင်ကာဟာ မိဘများနာမကျန်းဖြစ်သည်ကို အကြောင်းပြုပြီး အိန္ဒိယကို ပြန်ရောက်ပြီး ၁၉၆၉ မှာ တရားစခန်းများကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ပထမဆုံးတရားပတ်ကို ဘုံဘေမှာ တရားသမားဦရေ ၁၅ ဦးနဲ့စတင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မဒရပ်မြို့မှာလည်း တရားပတ်တစ်ခုဖွင့်လှစ်နိုင်ခဲ့ပြီး နယူး ဒေလီ၊ ဆရနသ်၊ ကာလကတ္တား၊ ဗုဒ္ဓဂယာ စသည်ဖြင့် နေရာဒေသအသီးသီးမှာ တရားပတ်ပေါင်း ၂၇ ကြိမ်၊ ယောဂီဦးရေပေါင်း ၈၇၉ ထိ တရားပြသပေးနိုင် ခဲ့ပါတယ်။ ဒါတွေဟာ ဆရာကြီးဦးဂိုအင်ကာရဲ့ အိန္ဒိယအစဦးနေ့ရက်များမှာ ဖျတ်ခနဲမြင်တွေ့ရတဲ့ ဓမ္မခရီးမြင်ကွင်းများပဲဖြစ်ပါတယ်။ ဆရာကြီးဟာ သူ့ရဲ့ မိခင်ကြီးမှသည် အိန္ဒိယကလူပေါင်းများစွာကို ဝိပဿနာတည်းဟူသော ဓမ္မအလင်း ရောင်ကို ထွန်းညှိပေးနိုင်ခဲ့ပါတယ်။
ဆရာကြီးဦးဂိုအင်ကာဟာ ဝိပဿနာတရားဓမ္မတွေကို ကမ္ဘာ့အနှံ့ သင်ကြား ပို့ချပေးရင်းက ၂၉ စက်တင်ဘာ၊ ၂ဝ၁၃ (အသက် ၈၉ အရွယ်)မှာ ငြိမ်းချမ်းစွာပဲ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။ ဆရာကြီးကွယ်လွန်သွားခဲ့ပြီဖြစ်ပေမယ့် သူထွန်းညှိခဲ့တဲ့ ဓမ္မအလင်းရောင်ကတော့ ကမ္ဘာအနှံ့မှာ ထွန်းလင်းနေခဲ့ပြီဖြစ်ပါတယ်။
ဆရာကြီးဦးဂိုအင်ကာသင်ကြားပြသတဲ့ ဝိပဿနာဓမ္မလမ်းစဉ်ကို ဝီလျံဟတ် ကThe Art of Living: Vipassana အမည်နဲ့ စာအုပ်တစ်အုပ်ရေးသား ခဲ့ပါတယ်။ အဲဒီစာအုပ်ကိုပဲ ဦးတင်ဦး(မြောင်)က 'အနေတတ်ပါစေ'အမည်နဲ့ မြန်မာပြန်ဆိုခဲ့ပြီးဖြစ်ပါတယ်။ အဲဒီစာအုပ်ကို အခန်း(၁ဝ)ခန်းနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး အခန်းတိုင်းမှာ အမေးအဖြေတွေကိုလည်းပဲ ထည့်သွင်းဖော်ပြထားပါတယ်။
ဒီစာစုမှာတော့ ...
▪️ဗုဒ္ဓနည်းနဲ့
ကမ္မဋ္ဌာန်းထိုင်နည်းအားလုံးဟာ 'ယောဂ'နည်းအနေနဲ့ ရှိနေခဲ့ပြီး ဖြစ်ပါတယ်။
ဗုဒ္ဓရဲ့ ကမ္မဋ္ဌာန်းနည်းက ဘာများတကယ်ထူးပါသလဲ။
▪️ဝိပဿနာကို ကမ္ဘာသားအားလုံးအတွက် ဘဝနေနည်းလို့ ဆိုထားတော့ ဒီနည်း ကို ကျင့်ကြတဲ့ ဘာသာခြားတွေအဖို့ ရှုပ်ထွေးစရာမဖြစ်ပေဘူးလား။
▪️ကလေးသူငယ်တွေကို ဓမ္မအကြောင်း သင်ပေးထိုက်ပါသလား
... စတဲ့ ထူးခြားပြီး စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတွေကို ပြန်လည်ဖော်ပြပေးလိုပါတယ်။
မေးခွန်းနဲ့အဖြေတွေကို ကြည့်ရအောင်ပါ။
❖ ကရုဏာဆိုတာ ဘာကို ခေါ်ပါသလဲ။
■ သတ္တဝါတွေဒုက္ခရောက်နေတာ တွေ့ရတဲ့အခါမှာ သူတို့ကို ဒုက္ခက လွတ်
မြောက်စေလိုတဲ့ ဆန္ဒကို ကရုဏာခေါ်ပါတယ်။ တစ်ဖက်သားကို ဒုက္ခရောက်နေ
တာတွေ့ရလို့ ကိုယ်က ငိုမယ်ဆိုရင် ကိုယ်ပဲ စိတ်မချမ်းမသာ ဖြစ်မှာပါ။ တရား
သဘောနဲ့လည်း မညီပါဘူး။ ကရုဏာစိတ်ရှိရိုးမှန်ရင် တစ်ဖက်သားကို ဒုက္ခက
လွတ်မြောက်စေဖို့ မေတ္တာအပြည့်အဝထားပြီးတော့ စွမ်းနိုင်သလောက်ကူညီပါ။
ကူညီမှုက ဘယ်လောက်ထိရောက်မယ်၊ မထိရောက်ဘူးဆိုတာကို တွက်မနေပါနဲ့။
မထိရောက်ခဲ့ရင် တခြားနည်းနဲ့ ကူညီဖို့သာ စိတ်ကူးပါ။ အဲဒီလို သဘောထား
နိုင်တာဟာ တည်ငြိမ်တဲ့စိတ်က ပေါက်ပွားတဲ့ တကယ့်ကရုဏာစိတ်ပါပဲ။
❖
ငါးပါးသီလရဲ့ပဉ္စမမြောက်သီလက အရက်သေစာလုံးဝရှောင်ကြဉ်ရမှာလား။
အရက်မမူးရဘူးလို့ ဆိုလိုတာလား။ အရက်ကို မူးတဲ့အဖြစ်မရောက်ဘဲ အတိုင်း အတာနဲ့
သောက်တာဟာ ဘေးဥပဒ်မဖြစ်စေဘူးလို့ထင်ပါတယ်။ အရက်တစ်ခွက် သောက်တာနဲ့
ငါးပါးသီလပျက်တယ်လို့ ဆိုလိုသလား။
■ အရက်နည်းနည်းကလေးပဲဖြစ်ဖြစ်
စွဲသောက်ရင် ကြာတော့ မသောက်ဘဲ မနေနိုင်တဲ့အဖြစ်ကို ရောက်ရပါတယ်။
အဲဒီလိုအရက်စွဲတဲ့အခါ ကိုယ့်မှာလည်း ဘေးဖြစ်၊ အများအတွက်လည်း
ဘေးဖြစ်တော့တာပါပဲ။ အရက်စွဲသူတိုင်းဟာ နည်းနည်းကလေးစသောက်ရာကနေပြီး
စွဲသွားကြတာချည်းပါပဲ။ ဒီတော့ ဒုက္ခ ရောက်ဖို့ရာ ပထမခြေလှမ်းကို
ဘာကြောင့်လှမ်းတော့မှာလဲ။
ကမ္မဋ္ဌာန်းအလုပ်ကို
တကယ်လုပ်တဲ့သူတစ်ယောက် တစ်ချိန်ချိန်မှာ အမှတ် တမဲ့ဖြစ်ဖြစ်၊
မိတ်ဆွေအပေါင်းအသင်းများနဲ့ ဆုံမိလို့ပဲဖြစ်ဖြစ် အရက်တစ်ခွက်
သောက်မိတယ်ဆိုရင် အဲဒီနေ့အဖို့ သူတရားမှတ်လို့ မကောင်းတော့ဘူး။ တရား
အလုပ်နဲ့ အရက်သေစာဟာ ရောလို့မရပါဘူး။ တကယ်တရားရချင်ရင် အရက် သေစာကို
ရှောင်ပါ။ မူးယစ်ဆေးမှန်သမျှ ကင်းပါစေ။ ဒါဟာ ယောဂီပုဂ္ဂိုလ် တိုင်းရဲ့
ကိုယ်တွေ့ပါ။
ကာမေသုမိစ္ဆာစာရဆိုတဲ့ ဖောက်ပြန်တဲ့ မေထုန်မှုနဲ့
မူးယစ်ဆေးဝါးမှီဝှဲမှု ဒီသိက္ခာပုဒ်နှစ်ပါးကို အနောက်နိုင်ငံသားများ
အထူးသဘောပေါက်ကြဖို့ လိုပါ တယ်။
❖ လုပ်လို့အရသာရှိတယ်၊ ကောင်းတယ်ဆိုရင် အဲဒီအလုပ်ဟာ လုပ်လို့ကောင်း တဲ့အလုပ်ပေါ့။ အဲဒီလိုပဲ ဒီနိုင်ငံသားတွေ ပြောတတ်ကြပါတယ်။
■ အဲဒီလိုပြောတာဟာ အမှန်တရားကို မမြင်နိုင်ကြလို့ပါ။
ရွံရှာမုန်းတီးစိတ်နဲ့ တစ်ခုခုလုပ်မိတဲ့အခါ စိတ်ထဲမှာ
အလိုလိုလှုပ်ရှားနေတာကို ကိုယ့်ဘာသာကိုယ် သိနေပါတယ်။ နောက်ပြီးတော့
တပ်မက်မှုနဲ့ လုပ်တဲ့အလုပ် လုပ်မိပြီဆိုရင်လည်း စိတ်ဟာ အပေါ်ယံသာယာမှုတော့
ရပါရဲ့၊ အတွင်းမှာတော့ လှုပ်ရှားချောက်ချား နေတာပါပဲ။
လုပ်လို့အရသာတွေ့တယ်ဆိုတာဟာ မသိမှုအဝိဇ္ဇာကြောင့်ပါ။ စိတ် အလိုလိုက်ပြီး
လုပ်မိလိုက်ရင် ဒီအလုပ်ဟာ ဒုက္ခရောက်စေပါလားလို့ သိတဲ့အခါ ဆက်မလုပ်မိအောင်
ထိန်းသိမ်းတတ်လာပါတယ်။
❖ ဗုဒ္ဓနည်းနဲ့
ကမ္မဋ္ဌာန်းထိုင်နည်းအားလုံးဟာ 'ယောဂ'နည်းအနေနဲ့ ရှိနေခဲ့ပြီး ဖြစ်ပါတယ်။
ဗုဒ္ဓရဲ့ ကမ္မဋ္ဌာန်းနည်းက ဘာများတကယ်ထူးပါသလဲ။
■ ခုခေတ်မှာ
ယောဂလို့ခေါ်တဲ့နည်းက နောက်မှပေါ်လာတာပါ။ ပတန်ချလီပေါ် ပေါက်ခဲ့တာဟာ
ဗုဒ္ဓဘုရားရှင်ခေတ်ရဲ့ နှစ်ပေါင်း ၅ဝဝ ခန့်နောက်ကျမှ ပေါ်ခဲ့ တာဖြစ်ပါတယ်။
ဒါကြောင့်ပဲ အဲဒီဆရာကြီးရဲ့ 'ယောဂသုတ္တ'ထဲမှာ ဗုဒ္ဓရဲ့အာ ဘော်များကို
တွေ့နိုင်ပါတယ်။ ယောဂကျင့်စဉ်တွေဟာ ဗုဒ္ဓမပွင့်မှီကတည်းက ရှိခဲ့တယ်ဆိုတာ
မှန်ပါတယ်။ ဘုရားလောင်း ကိုယ်တိုင်ပဲ အဲဒီကျင့်စဉ်တွေကို ကျင့်ခဲ့ဖူးပါတယ်။
အဲဒီအကျင့်တွေဟာ သီလနဲ့ သမာဓိတရားများကိုသာ ညွှန်ပြ ပါတယ်။ သမာဓိတိုင်းမှာ
ဈာန်အဆင့် ရှစ်ဆင့်ထိ တက်လို့ရပါတယ်။ ဒီဈာန် အားလုံးဟာ
လူရဲ့အာရုံသိမှု(လောကီကုသိုလ်)နယ်မှာပဲ ရှိပါသေးတယ်။ ဗုဒ္ဓ ဘုရားရှင်က
နဝမမြောက် ဈာန်ကို သင်ပြတော်မူခဲ့ပါတယ်။ အဲဒီဈာန်ဟာ ဝိပ ဿနာဉာဏ်ပဲ
ဖြစ်ပါတယ်။ ဝိပဿနာဉာဏ်ရမှသာ လူရဲ့အာရုံသိမှုအဆင့်ကိုကျော် လွန်ပြီး
တရားတော်ရဲ့ အထွတ်အထိပ်(နိဗ္ဗာန်)ကို ရောက်နိုင်ပါတယ်။
❖ ယောဂီပုဂ္ဂိုလ်တို့အနေနဲ့ရော ကိုယ့်ကိုယ်ကိုယ် နိဗ္ဗာန်ရမရ ဘယ်လိုသိနိုင်ပါ မလဲ။
■ သူတို့ရဲ့ဘဝနေနည်းကို ထောက်ဆပြီး သိနိုင်ပါတယ်။ နိဗ္ဗာန်တကယ်ရဖူးသူတို့
ဟာ သူတော်ကောင်းစိတ်ရှိကြပြီး စိတ်နှလုံးသန့်ရှင်းကြပါတယ်။ ငါးပါးသီလ ကို
လုံခြုံအောင် စောင့်ထိန်းကြပါတယ်။ မဟုတ်မမှန်တာကို လုပ်မိတဲ့အခါ ဖုံး
ကွယ်လေ့မရှိဘဲ ဖွင့်ဟဝန်ခံတတ်ကြပါတယ်။ အမှားကို ထပ်မလုပ်မိဖို့ကိုလည်း
ဂရုစိုက်တတ်ကြပါတယ်။ အခမ်းအနားအစီအရင်တွေဆိုတာ လက်တွေ့မှာ ဘာမှ
အကျိုးမရှိကြောင်းသိတဲ့အတိုင်း အပြင်ပန်း ကိုင်းရှိုင်းရိုသေမှုတွေကို
မလိုက်စား တော့ပါဘူး။
မဂ္ဂလမ်းစဉ်ကို မတုန်မလှုပ် သက်ဝင်ယုံကြည်ကြပါတယ်။ ဒီအကျင့်နဲ့ နိဗ္ဗာန် ရတာဖြစ်တဲ့အတွက် တခြားအကျင့်တွေကို မရှာကြတော့ပါဘူး။ နောက်ဆုံးအချက် အနေနဲ့ကတော့ သူတို့ဟာ အတ္တစွဲကင်းကြပါတယ်။ ငါဆိုတဲ့အစွဲကိုဖျောက်ပစ် ပြီးကြပါပြီ။
နိဗ္ဗာန်ရပြီးပြီဆိုတဲ့သူဟာ ခါတိုင်းလိုပဲ စိတ်မှာ အညစ်ကြေးတွေ ရှိမြဲရှိနေမယ်၊ ကာယကံ ဝစီကံမှုတွေမှာလည်း အပြစ်မကင်းဘဲ ဆက်ပြီးရှိနေမယ်ဆိုရင်ဖြင့် သူရတယ်ဆိုတဲ့ နိဗ္ဗာန်ဟာ မဟုတ်တော့ပါဘူး။ နိဗ္ဗာန်ရခဲ့သူမှန်ရင် အနေအထိုင် မှာကိုပဲ သူတော်ကောင်းစိတ် ရှိမရှိပေါ်လွင် ထင်ရှားနေပါမယ်။
ကမ္မဋ္ဌာန်းဆရာတစ်ယောက်အနေနဲ့တော့ သင်တန်းသားတို့ဟာ နိဗ္ဗာန်ရပြီး ကြောင်း ထောက်ခံချက် လက်မှတ်ထုတ်ပေးဖို့ နည်းလမ်းမကျပေဘူးပေါ့။ ဒီလို သာထုတ်ပေးရမယ်ဆိုရင် သင်တန်းဆရာအတွက်ရော၊ သင်တန်းသားတွေအတွက် ရော ဂုဏ်တုဂုဏ်ပြိုင်သဘောသက်ရောက်သွားဖွယ်ရာရှိပါတယ်။ သင်တန်းသား တွေကလည်း အဲဒီလက်မှတ်ရဖို့ပဲ ကြိုးစားကြပါလိမ့်မယ်။ သင်တန်းဆရာအတွက် ကလည်း လက်မှတ်ရ သင်တန်းသားဦးရေ များများထုတ်ပေးနိုငတဲ့အတွက် နာမည် ကြီးဖို့ ဖြစ်လာပါလိမ့်မယ်။ အဲဒီအခါကျတော့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုရေး က သာမန်ကိစ္စဖြစ်သွားပြီး လက်မှတ်ရရေးက အဓိကဖြစ်လာပါလိမ့်မယ်။ အဲဒီလို ဆိုတော့ အင်မတန် အမြီးအမောက်မတည့်တဲ့အနေမျိုး ဖြစ်ကုန်ပါလိမ့်မယ်။
တရားတော်စစ်စစ်က သတ္တဝါတွေ ကောင်းကျိုးချမ်းသာ ရရှိစေရေးအတွက် ဖြစ်ပါတယ်။ အကောင်းဆုံး ဆောင်ရွက်ပေးနိုင်တာကတော့ နိဗ္ဗာန်ချမ်းသာကို လက်ငင်းရရှိကြပြီးတော့ ဝဋ်ဒုက္ခမှ လွတ်မြောက်စေရန်သာဖြစ်ပါတယ်။ ကမ္မဋ္ဌာန်း ဆရာနဲ့ ကမ္မဋ္ဌာန်းသင်တန်းရဲ့ အဓိကရည်မှန်းချက်က လူအများအတွက် တကယ့် အကျိုးတရားကို ဆောင်ကြဉ်းဖို့သာ ဖြစ်ပါတယ်။ အတ္တကြီးထွားရေးအတွက် မဟုတ်ပါဘူး။ ကမ္မဋ္ဌာန်းအလုပ်ဟာ ကစားစရာမဟုတ်ပါ။
❖ ဝိပဿနာကို ကမ္ဘာသားအားလုံးအတွက် ဘဝနေနည်းလို့ ဆိုထားတော့ ဒီနည်း ကို ကျင့်ကြတဲ့ ဘာသာခြားတွေအဖို့ ရှုပ်ထွေးစရာမဖြစ်ပေဘူးလား။
■ ဝိပဿနာဆိုတာ ဘာသာခြားတွေနဲ့ ပြိုင်ဆိုင်ဖို့ ဘာသာတစ်ခုကို ဗန်းပြတာ
မဟုတ်ပါ။ ယောဂီပုဂ္ဂိုလ်တွေဟာ အယူဝါဒတစ်ခုကို မျက်စိမှတ်ပြီး ယုံကြဖို့
မတိုက်တွန်းပါဘူး။ သူတို့ ကိုယ်တွေ့တရားကိုသာ အမှန်တရားလို့ လက်ခံကြပါ လို့
ဆိုထားတာပါ။ ဒီသဘောတရားက အရေးကြီးပါတယ်။ လက်တွေ့ကျင့်စဉ်က အရေးကြီးပါတယ်။
ကျင့်စဉ်ဆိုတာ သီလ၊ သမာဓိနဲ့ စိတ်ရဲ့သန့်စင်မှုကိုဖြစ်စေတဲ့
ဉာဏ်ကိုဆိုလိုတာပါ။ ဒီကျင့်စဉ်ကို ဘယ်ဘာသာကများ ကန့်ကွက်စရာရှိ ပါသလဲ။
ဘာကြောင့် ရှုပ်ထွေးဖို့ရှိပါသလဲ။ ကျင့်စဉ်ကို အလေးထားရင် ဒီလိုသံ သယတွေ
ပျောက်သွားပါလိမ့်မယ်။
❖ ကလေးသူငယ်တွေကို ဓမ္မအကြောင်း သင်ပေးထိုက်ပါသလား။
■ ကလေးမမမွေးခင် မိခင်ရဲ့ဝမ်းတိုက်မှာ ရှိနေတဲ့အချိန်မှာ တရားတော်အကြောင်း
သင်ပြပေးဖို့ အကောင်းဆုံးအချိန်ပါ။ ကိုယ်ဝန်ဆောင်မိခင်ဟာ ဝိပဿနာတရား
အားထုတ်သင့်ပါတယ်။ ဒါမှ ကလေးဟာ တရားတော်နဲ့ ရင်းနှီးပြီးဖြစ်လာပါ လိမ့်မယ်။
ကလေးငယ်တွေ ရှိရင်လည်း သူတို့ကို တရားတော်ကို ဟောပြသင့် ပါတယ်။ ဥပမာ - သင်တန်းပြီးဆုံးခါနီးမှာ မေတ္တာဘာဝနာကို လေ့ကျင့်ကြရပါတယ်။ ယောဂီတို့ရဲ့စိတ်ထဲမှာ ခံစားကြတဲ့ ငြိမ်းချမ်းသာယာမှုကို လောကသးတွေနဲ့ မျှ ဝေခံစားတဲ့နည်းပေါ့။ ကလေးတွေ နုနယ်ကြသေးတဲ့အရွယ်ဆိုရင် ကမ္မဋ္ဌာန်းထိုင် ပြီးတိုင်း သူတို့ကို အထူးရည်စူးပြီး မေတ္တာပို့ပါ။ ကလေးတွေ အိပ်ယာဝင်ချိန် မှာလည်း မေတ္တာပို့ပါ။ ယောဂီပုဂ္ဂိုလ်ရဲ့ကုသိုလ်တွေ သူတို့ဆီ ပျံ့နှံ့ရောက်ရှိစေ တဲ့နည်းပါပဲ။ သူတို့လေးတွေ နားလည်နိုင်တဲ့အရွယ်ရောက်လာတဲ့အခါ တရားတော် အကြောင်းကို သူတို့နားလည်သဘောပေါက်နိုင်တဲ့ အတိုင်းအတာနဲ့ သင်ပြပေးပါ။
ပိုပြီးသဘောသက်ဝင်နိုင်မယ်ဆိုရင် အာနာပါနကို မိနည်းအနည်းငယ်လောက် အားထုတ်ခိုင်းပါ။ အတင်းအကျပ် မခိုင်းပါနဲ့။ ကိုယ်အားထုတ်ပုံကို လိုက်ကြည့် စေပြီး သူတို့အသက်ရှူပုံကို မိနစ်အနည်းငယ်လောက် စောင့်ကြည့်ပေးပါ။ ပြီးတော့ သွားကစားပါစေ။ ရှုမှတ်ရတာကို နှစ်ခြိုက်နေပါစေ။
အရေးကြီးတဲ့အချက်ကတော့ ကိုယ်တိုင်က သူတို့ရှေ့မှာ တရားနဲ့အညီ နေ ထိုင်ပြဖို့ပဲဖြစ်ပါတယ်။ ကလေးတွေအတွက် နမူနာကောင်းပြနိုင်ဖို့ လိုပါတယ်။ အိမ်ထောင်သာယာအေးချမ်းမှုရှိအောင် ဝါယမစိုက်ပါ။ အဲဒီ အိမ်ထောင်မှာ ကလေး တွေရဲ့ ဘဝကြီးပွားလာရေးဟာ သာယာဖြောင့်ဖြူးမှု ရှိပါလိမ့်မယ်။ ကလေးတွေ အတွက် တရားတော်ကို သင်ပြမှုဟာ တရားတော်နဲ့အညီ ကျင့်ကြံအားထုတ်မှုပဲ ဖြစ်ပါတယ်။
ဒီစာစုမှာ ဖော်ပြချင်တဲ့ မေးခွန်းနဲ့ အဖြေတွေကတော့ ဒီမျှပါပဲ။ ဆရာကြီးဦး ဂိုအင်ကာအကြောင်းကို ပြောကြတဲ့နေရာမှာ ဆရာကြီးဟာ မြန်မာပြည်မှာ မွေးပြီး မြန်မာပြည်မှာ ကြီးပြင်းခဲ့သည့်တိုင်အောင် ဟိန္ဒူစာပေတတ်ကျွမ်းတယ်၊ စကား ပြောပုံကျင်လည်တာကြောင့် အိန္ဒိယက အတော် အထက်တန်းကျတဲ့ ပညာရှိအ ပြောအဟောကောင်းပုဂ္ဂိုလ်စာရင်းမှာ ပါဝင်ထည့်သွင်းခြင်းခံရတယ်လို့ ဆိုကြ ပါတယ်။ ဒီစာစုမှာ ဖော်ပြထားတဲ့ ဆရာကြီးရဲ့ဖြေဆိုမှုတွေကိုကြည့်မယ်ဆိုရင် ဆရာကြီးဟာ အဟောပြောကောင်းသူဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းကြီး ထပ်ပြီး မြင်တွေ့ကြရမှာဖြစ်ပါတယ်။
ဒီစာစုက ဆရာကြီးရဲ့ ဉာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာကို ပဲ့တင်ထပ်တဲ့စာစု တစ်ခုဖြစ်ပြီးတော့ တရားဓမ္မရဲ့ သိမ်မွေ့ငြိမ်းချမ်းမှုအကြောင်း စူးစမ်းစ လူငယ် လူလတ်ပိုင်းများအတွက် အထောက်အကူတစ်စုံတစ်ရာပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဆရာကြီးဦးဂိုအင်ကာရဲ့အဆုံးအမဖြစ်တဲ့ 'ကမ္မဋ္ဌာန်းတရားအားထုတ်ခြင်းဟာ လူအများအတွက် တကယ့် အကျိုးတရားကို ဆောင်ကြဉ်းဖို့ဖြစ်တယ်'ဆိုတာကို အထူးနှလုံးသွင်းရင်းက အားလုံး လောကကောင်းကျိုးဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ငြိမ်းချမ်းသာ
၂ဝ-၅-၂ဝ၂ဝ
ရည်ညွှန်းကိုးကား/-
၁။ အနေတတ်ပါစေ၊ (ဦးတင်ဦး(မြောင်)၊ ၂ဝဝ၅ ခုနှစ်)
၂။ ကမ္ဘာအနှံ့ ဓမ္မအောင်လံစိုက်ထူနေသော
ဂုရုကြီး ဦးဂိုအင်ကာ(ဦးကိုလေး(မောင်ဇေယျာမောင်)၊ ၂ဝဝ၂ ခုနှစ်)



