Thursday, May 21, 2020

ဝိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ ကမ္မဋ္ဌာန်းအလုပ်ဟာ ကစားစရာမဟုတ်ပါ

ဝိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ
ကမ္မဋ္ဌာန်းအလုပ်ဟာ ကစားစရာမဟုတ်ပါ

ဆရာကြီးဦးဂိုအင်ကာလို့ ဆိုလိုက်ရင် ကြည်လင်သန့်စင်တဲ့အပြုံးနဲ့ ဓမ္မစကား တွေဆိုတတ်သူ၊ ဓမ္မတရားတွေကို ငြိမ်းချမ်းစွာ သင်ပြတတ်သူအဖြစ် မြင်မိတတ် ကြပါတယ်။ ဆရာကြီးရဲ့ ဘဝဓမ္မပုံရိပ်လွှာအပိုင်းအစလေးတွေကို ရှေ့ကစာစု တွေမှာ ကျွန်တော့်အနေနဲ့ မကျဉ်းမကျယ် ထုတ်နှုတ်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီစာစုမှာလည်းပဲ ဆရာကြီးရဲ့ ဘဝနဲ့ဓမ္မကို အနည်းငယ်ထပ်ပြီး တင်ပြချင်ပါတယ်။

၁၉၆၉ ခုနှစ်မှာတော့ ဆရာကြီးဦးဂိုအင်ကာဟာ မိဘများမကျန်းမာဖြစ်တာ ကြောင့် အိန္ဒိယပြည်ကို ပြန်သွားခဲ့ရပါတယ်။ ဆရာကြီးဦးဘခင်က 'မိခင်အား အတတ်နိုင်ဆုံး အကောင်းဆုံးဆေးဝါးမျာဖြင့် ကုသပေးပါလေ။ အမွန်မြတ်ဆုံး ကုသိုလ်ကောင်းမှုအဖြစ်ဖြင့်လည်း မိဘများအတွက် ဝိပဿနာကမ္မဋ္ဌာန်းတရားကို ကိုယ်တိုင်အားထုတ်၍ အမျှအတန်းပေးဝေပါလေ'လို့ ဦးဂိုအင်ကာကို သြဝါဒပေး လိုက်ပါတယ်။

ဆရာကြီးဦးဂိုအင်ကာရဲ့ မိဘများဟာ အိန္ဒိယသို့မပြန်မှီက ဆရာကြီးဦးဘခင် ထံမှာ ကမ္မဋ္ဌာန်းတရားအားထုတ်ခဲ့ကြပြီးဖြစ်ပါတယ်။ သို့တိုင်အောင်ပဲ အိန္ဒိယပြန် ရောက်တဲ့အခါမှာတော့ ဂိုဏ်းဂဏအယူဝါဒတွေနဲ့ လမ်းလွဲလိုက်နေတဲ့ သတင်း တွေကြောင့် ဆရာကြီးဦးဂိုအင်ကာ စိတ်မချမ်းမသာဖြစ်နေရပါတယ်။ အိုမင်းလှပြီ ဖြစ်တဲ့ မိဘများကို စစ်မှန်သောတရားရင်မှာပိုက်ပြီး ဘဝတစ်ပါး ပြောင်းသွားစေ ဖို့ကို ဆရာကြီးဦးဂိုအင်ကာက အင်မတန်လိုလားနေပါတယ်။

မိခင်ကြီးရဲ့ ရောဂါအခြေအနေဟာ သိပ်မကောင်းလှပါဘူး။ဆေးကောင်းဝါး ကောင်းတွေ သုံးသည့်တိုင်အောင်ပဲ သက်သာရာမရ ဖြစ်နေပါတယ်။ ဒီလိုအချိန် မျိုးမှာ လမ်းမှားလိုက်နေတဲ့မိဘနှစ်ပါးကို လမ်းမှန်ကိုပြန်ဦးတည်ဖို့ အတင်းအကျပ် တိုက်တွန်းဖို့ရာကလည်း မဖြစ်နိုင်ပါဘူး။ ဒီလိုနဲ့ပဲ ဦးဂိုအင်ကာဟာ သူတစ်ဦး တည်းပဲ ဝိပဿနာကမ္မဋ္ဌာန်းကို နေအိမ်မှာပဲ စတင်စီးဖြန်းပါတော့တယ်။ တရား ထိုင်တိုင်း မိဘနှစ်ပါးနဲ့ ၎င်းတို့ကိုးကွယ်သူ ဂုရုကြီး မေတ္တာလှိုင်းများပို့လွှတ် ပေးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အခြေအနေတွေပြောင်းလဲခဲ့ပြီး ဆရာကြီးဦး ဂိုအင်ကာရဲ့ မိဘနှစ်ပါးနဲ့ တူ၊ တူမ သုံးယောက်တို့ကလည်း နံနက်နဲ့ညနေပိုင်းတွေမှာ ဆရာ ကြီးနဲ့အတူ ဝင်ရောက်ပြီး တရားထိုင်လာကြပါတယ်။ တစ်ပတ်လောက်အကြာမှာ တော့ ဆရာကြီးဦးဂိုအင်ကာရဲ့မိခင်ကြီးဟာ ဆရာကြီးဦးဘခင်ထံမှာ တရားထိုင် စဉ်က သိမြင်ခဲ့တဲ့ အနိစ္စသဘောတရားများကို ရက်အနည်းငယ်အတွင်း ပြန် လည်သတိရခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုနည်းနဲ့ ဆရာကြီးဦးဂိုအင်ကာဟာ မိခင် ကြီးကို စစ်မှန်တဲ့ ဓမ္မလမ်းကြောင်းပေါ် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါတယ်။

ဆရာကြီးဦးဂိုအင်ကာဟာ မိဘများနာမကျန်းဖြစ်သည်ကို အကြောင်းပြုပြီး အိန္ဒိယကို ပြန်ရောက်ပြီး ၁၉၆၉ မှာ တရားစခန်းများကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ပထမဆုံးတရားပတ်ကို ဘုံဘေမှာ တရားသမားဦရေ ၁၅ ဦးနဲ့စတင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မဒရပ်မြို့မှာလည်း တရားပတ်တစ်ခုဖွင့်လှစ်နိုင်ခဲ့ပြီး နယူး ဒေလီ၊ ဆရနသ်၊ ကာလကတ္တား၊ ဗုဒ္ဓဂယာ စသည်ဖြင့် နေရာဒေသအသီးသီးမှာ တရားပတ်ပေါင်း ၂၇ ကြိမ်၊ ယောဂီဦးရေပေါင်း ၈၇၉ ထိ တရားပြသပေးနိုင် ခဲ့ပါတယ်။ ဒါတွေဟာ ဆရာကြီးဦးဂိုအင်ကာရဲ့ အိန္ဒိယအစဦးနေ့ရက်များမှာ ဖျတ်ခနဲမြင်တွေ့ရတဲ့ ဓမ္မခရီးမြင်ကွင်းများပဲဖြစ်ပါတယ်။ ဆရာကြီးဟာ သူ့ရဲ့ မိခင်ကြီးမှသည် အိန္ဒိယကလူပေါင်းများစွာကို ဝိပဿနာတည်းဟူသော ဓမ္မအလင်း ရောင်ကို ထွန်းညှိပေးနိုင်ခဲ့ပါတယ်။

ဆရာကြီးဦးဂိုအင်ကာဟာ ဝိပဿနာတရားဓမ္မတွေကို ကမ္ဘာ့အနှံ့ သင်ကြား ပို့ချပေးရင်းက ၂၉ စက်တင်ဘာ၊ ၂ဝ၁၃ (အသက် ၈၉ အရွယ်)မှာ ငြိမ်းချမ်းစွာပဲ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။ ဆရာကြီးကွယ်လွန်သွားခဲ့ပြီဖြစ်ပေမယ့် သူထွန်းညှိခဲ့တဲ့ ဓမ္မအလင်းရောင်ကတော့ ကမ္ဘာအနှံ့မှာ ထွန်းလင်းနေခဲ့ပြီဖြစ်ပါတယ်။

ဆရာကြီးဦးဂိုအင်ကာသင်ကြားပြသတဲ့ ဝိပဿနာဓမ္မလမ်းစဉ်ကို ဝီလျံဟတ် ကThe Art of Living: Vipassana အမည်နဲ့ စာအုပ်တစ်အုပ်ရေးသား ခဲ့ပါတယ်။ အဲဒီစာအုပ်ကိုပဲ ဦးတင်ဦး(မြောင်)က 'အနေတတ်ပါစေ'အမည်နဲ့ မြန်မာပြန်ဆိုခဲ့ပြီးဖြစ်ပါတယ်။ အဲဒီစာအုပ်ကို အခန်း(၁ဝ)ခန်းနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး အခန်းတိုင်းမှာ အမေးအဖြေတွေကိုလည်းပဲ ထည့်သွင်းဖော်ပြထားပါတယ်။

ဒီစာစုမှာတော့ ...
▪️ဗုဒ္ဓနည်းနဲ့ ကမ္မဋ္ဌာန်းထိုင်နည်းအားလုံးဟာ 'ယောဂ'နည်းအနေနဲ့ ရှိနေခဲ့ပြီး ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ကမ္မဋ္ဌာန်းနည်းက ဘာများတကယ်ထူးပါသလဲ။
▪️ဝိပဿနာကို ကမ္ဘာသားအားလုံးအတွက် ဘဝနေနည်းလို့ ဆိုထားတော့ ဒီနည်း ကို ကျင့်ကြတဲ့ ဘာသာခြားတွေအဖို့ ရှုပ်ထွေးစရာမဖြစ်ပေဘူးလား။
▪️ကလေးသူငယ်တွေကို ဓမ္မအကြောင်း သင်ပေးထိုက်ပါသလား
... စတဲ့ ထူးခြားပြီး စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတွေကို ပြန်လည်ဖော်ပြပေးလိုပါတယ်။
မေးခွန်းနဲ့အဖြေတွေကို ကြည့်ရအောင်ပါ။

❖ ကရုဏာဆိုတာ ဘာကို ခေါ်ပါသလဲ။
■ သတ္တဝါတွေဒုက္ခရောက်နေတာ တွေ့ရတဲ့အခါမှာ သူတို့ကို ဒုက္ခက လွတ် မြောက်စေလိုတဲ့ ဆန္ဒကို ကရုဏာခေါ်ပါတယ်။ တစ်ဖက်သားကို ဒုက္ခရောက်နေ တာတွေ့ရလို့ ကိုယ်က ငိုမယ်ဆိုရင် ကိုယ်ပဲ စိတ်မချမ်းမသာ ဖြစ်မှာပါ။ တရား သဘောနဲ့လည်း မညီပါဘူး။ ကရုဏာစိတ်ရှိရိုးမှန်ရင် တစ်ဖက်သားကို ဒုက္ခက လွတ်မြောက်စေဖို့ မေတ္တာအပြည့်အဝထားပြီးတော့ စွမ်းနိုင်သလောက်ကူညီပါ။ ကူညီမှုက ဘယ်လောက်ထိရောက်မယ်၊ မထိရောက်ဘူးဆိုတာကို တွက်မနေပါနဲ့။ မထိရောက်ခဲ့ရင် တခြားနည်းနဲ့ ကူညီဖို့သာ စိတ်ကူးပါ။ အဲဒီလို သဘောထား နိုင်တာဟာ တည်ငြိမ်တဲ့စိတ်က ပေါက်ပွားတဲ့ တကယ့်ကရုဏာစိတ်ပါပဲ။

❖ ငါးပါးသီလရဲ့ပဉ္စမမြောက်သီလက အရက်သေစာလုံးဝရှောင်ကြဉ်ရမှာလား။ အရက်မမူးရဘူးလို့ ဆိုလိုတာလား။ အရက်ကို မူးတဲ့အဖြစ်မရောက်ဘဲ အတိုင်း အတာနဲ့ သောက်တာဟာ ဘေးဥပဒ်မဖြစ်စေဘူးလို့ထင်ပါတယ်။ အရက်တစ်ခွက် သောက်တာနဲ့ ငါးပါးသီလပျက်တယ်လို့ ဆိုလိုသလား။
■ အရက်နည်းနည်းကလေးပဲဖြစ်ဖြစ် စွဲသောက်ရင် ကြာတော့ မသောက်ဘဲ မနေနိုင်တဲ့အဖြစ်ကို ရောက်ရပါတယ်။ အဲဒီလိုအရက်စွဲတဲ့အခါ ကိုယ့်မှာလည်း ဘေးဖြစ်၊ အများအတွက်လည်း ဘေးဖြစ်တော့တာပါပဲ။ အရက်စွဲသူတိုင်းဟာ နည်းနည်းကလေးစသောက်ရာကနေပြီး စွဲသွားကြတာချည်းပါပဲ။ ဒီတော့ ဒုက္ခ ရောက်ဖို့ရာ ပထမခြေလှမ်းကို ဘာကြောင့်လှမ်းတော့မှာလဲ။
ကမ္မဋ္ဌာန်းအလုပ်ကို တကယ်လုပ်တဲ့သူတစ်ယောက် တစ်ချိန်ချိန်မှာ အမှတ် တမဲ့ဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်းအသင်းများနဲ့ ဆုံမိလို့ပဲဖြစ်ဖြစ် အရက်တစ်ခွက် သောက်မိတယ်ဆိုရင် အဲဒီနေ့အဖို့ သူတရားမှတ်လို့ မကောင်းတော့ဘူး။ တရား အလုပ်နဲ့ အရက်သေစာဟာ ရောလို့မရပါဘူး။ တကယ်တရားရချင်ရင် အရက် သေစာကို ရှောင်ပါ။ မူးယစ်ဆေးမှန်သမျှ ကင်းပါစေ။ ဒါဟာ ယောဂီပုဂ္ဂိုလ် တိုင်းရဲ့ ကိုယ်တွေ့ပါ။
ကာမေသုမိစ္ဆာစာရဆိုတဲ့ ဖောက်ပြန်တဲ့ မေထုန်မှုနဲ့ မူးယစ်ဆေးဝါးမှီဝှဲမှု ဒီသိက္ခာပုဒ်နှစ်ပါးကို အနောက်နိုင်ငံသားများ အထူးသဘောပေါက်ကြဖို့ လိုပါ တယ်။

❖ လုပ်လို့အရသာရှိတယ်၊ ကောင်းတယ်ဆိုရင် အဲဒီအလုပ်ဟာ လုပ်လို့ကောင်း တဲ့အလုပ်ပေါ့။ အဲဒီလိုပဲ ဒီနိုင်ငံသားတွေ ပြောတတ်ကြပါတယ်။
■ အဲဒီလိုပြောတာဟာ အမှန်တရားကို မမြင်နိုင်ကြလို့ပါ။ ရွံရှာမုန်းတီးစိတ်နဲ့ တစ်ခုခုလုပ်မိတဲ့အခါ စိတ်ထဲမှာ အလိုလိုလှုပ်ရှားနေတာကို ကိုယ့်ဘာသာကိုယ် သိနေပါတယ်။ နောက်ပြီးတော့ တပ်မက်မှုနဲ့ လုပ်တဲ့အလုပ် လုပ်မိပြီဆိုရင်လည်း စိတ်ဟာ အပေါ်ယံသာယာမှုတော့ ရပါရဲ့၊ အတွင်းမှာတော့ လှုပ်ရှားချောက်ချား နေတာပါပဲ။ လုပ်လို့အရသာတွေ့တယ်ဆိုတာဟာ မသိမှုအဝိဇ္ဇာကြောင့်ပါ။ စိတ် အလိုလိုက်ပြီး လုပ်မိလိုက်ရင် ဒီအလုပ်ဟာ ဒုက္ခရောက်စေပါလားလို့ သိတဲ့အခါ ဆက်မလုပ်မိအောင် ထိန်းသိမ်းတတ်လာပါတယ်။

❖ ဗုဒ္ဓနည်းနဲ့ ကမ္မဋ္ဌာန်းထိုင်နည်းအားလုံးဟာ 'ယောဂ'နည်းအနေနဲ့ ရှိနေခဲ့ပြီး ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ကမ္မဋ္ဌာန်းနည်းက ဘာများတကယ်ထူးပါသလဲ။
■ ခုခေတ်မှာ ယောဂလို့ခေါ်တဲ့နည်းက နောက်မှပေါ်လာတာပါ။ ပတန်ချလီပေါ် ပေါက်ခဲ့တာဟာ ဗုဒ္ဓဘုရားရှင်ခေတ်ရဲ့ နှစ်ပေါင်း ၅ဝဝ ခန့်နောက်ကျမှ ပေါ်ခဲ့ တာဖြစ်ပါတယ်။ ဒါကြောင့်ပဲ အဲဒီဆရာကြီးရဲ့ 'ယောဂသုတ္တ'ထဲမှာ ဗုဒ္ဓရဲ့အာ ဘော်များကို တွေ့နိုင်ပါတယ်။ ယောဂကျင့်စဉ်တွေဟာ ဗုဒ္ဓမပွင့်မှီကတည်းက ရှိခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဘုရားလောင်း ကိုယ်တိုင်ပဲ အဲဒီကျင့်စဉ်တွေကို ကျင့်ခဲ့ဖူးပါတယ်။ အဲဒီအကျင့်တွေဟာ သီလနဲ့ သမာဓိတရားများကိုသာ ညွှန်ပြ ပါတယ်။ သမာဓိတိုင်းမှာ ဈာန်အဆင့် ရှစ်ဆင့်ထိ တက်လို့ရပါတယ်။ ဒီဈာန် အားလုံးဟာ လူရဲ့အာရုံသိမှု(လောကီကုသိုလ်)နယ်မှာပဲ ရှိပါသေးတယ်။ ဗုဒ္ဓ ဘုရားရှင်က နဝမမြောက် ဈာန်ကို သင်ပြတော်မူခဲ့ပါတယ်။ အဲဒီဈာန်ဟာ ဝိပ ဿနာဉာဏ်ပဲ ဖြစ်ပါတယ်။ ဝိပဿနာဉာဏ်ရမှသာ လူရဲ့အာရုံသိမှုအဆင့်ကိုကျော် လွန်ပြီး တရားတော်ရဲ့ အထွတ်အထိပ်(နိဗ္ဗာန်)ကို ရောက်နိုင်ပါတယ်။

❖ ယောဂီပုဂ္ဂိုလ်တို့အနေနဲ့ရော ကိုယ့်ကိုယ်ကိုယ် နိဗ္ဗာန်ရမရ ဘယ်လိုသိနိုင်ပါ မလဲ။
■ သူတို့ရဲ့ဘဝနေနည်းကို ထောက်ဆပြီး သိနိုင်ပါတယ်။ နိဗ္ဗာန်တကယ်ရဖူးသူတို့ ဟာ သူတော်ကောင်းစိတ်ရှိကြပြီး စိတ်နှလုံးသန့်ရှင်းကြပါတယ်။ ငါးပါးသီလ ကို လုံခြုံအောင် စောင့်ထိန်းကြပါတယ်။ မဟုတ်မမှန်တာကို လုပ်မိတဲ့အခါ ဖုံး ကွယ်လေ့မရှိဘဲ ဖွင့်ဟဝန်ခံတတ်ကြပါတယ်။ အမှားကို ထပ်မလုပ်မိဖို့ကိုလည်း ဂရုစိုက်တတ်ကြပါတယ်။ အခမ်းအနားအစီအရင်တွေဆိုတာ လက်တွေ့မှာ ဘာမှ အကျိုးမရှိကြောင်းသိတဲ့အတိုင်း အပြင်ပန်း ကိုင်းရှိုင်းရိုသေမှုတွေကို မလိုက်စား တော့ပါဘူး။

မဂ္ဂလမ်းစဉ်ကို မတုန်မလှုပ် သက်ဝင်ယုံကြည်ကြပါတယ်။ ဒီအကျင့်နဲ့ နိဗ္ဗာန် ရတာဖြစ်တဲ့အတွက် တခြားအကျင့်တွေကို မရှာကြတော့ပါဘူး။ နောက်ဆုံးအချက် အနေနဲ့ကတော့ သူတို့ဟာ အတ္တစွဲကင်းကြပါတယ်။ ငါဆိုတဲ့အစွဲကိုဖျောက်ပစ် ပြီးကြပါပြီ။

နိဗ္ဗာန်ရပြီးပြီဆိုတဲ့သူဟာ ခါတိုင်းလိုပဲ စိတ်မှာ အညစ်ကြေးတွေ ရှိမြဲရှိနေမယ်၊ ကာယကံ ဝစီကံမှုတွေမှာလည်း အပြစ်မကင်းဘဲ ဆက်ပြီးရှိနေမယ်ဆိုရင်ဖြင့် သူရတယ်ဆိုတဲ့ နိဗ္ဗာန်ဟာ မဟုတ်တော့ပါဘူး။ နိဗ္ဗာန်ရခဲ့သူမှန်ရင် အနေအထိုင် မှာကိုပဲ သူတော်ကောင်းစိတ် ရှိမရှိပေါ်လွင် ထင်ရှားနေပါမယ်။

ကမ္မဋ္ဌာန်းဆရာတစ်ယောက်အနေနဲ့တော့ သင်တန်းသားတို့ဟာ နိဗ္ဗာန်ရပြီး ကြောင်း ထောက်ခံချက် လက်မှတ်ထုတ်ပေးဖို့ နည်းလမ်းမကျပေဘူးပေါ့။ ဒီလို သာထုတ်ပေးရမယ်ဆိုရင် သင်တန်းဆရာအတွက်ရော၊ သင်တန်းသားတွေအတွက် ရော ဂုဏ်တုဂုဏ်ပြိုင်သဘောသက်ရောက်သွားဖွယ်ရာရှိပါတယ်။ သင်တန်းသား တွေကလည်း အဲဒီလက်မှတ်ရဖို့ပဲ ကြိုးစားကြပါလိမ့်မယ်။ သင်တန်းဆရာအတွက် ကလည်း လက်မှတ်ရ သင်တန်းသားဦးရေ များများထုတ်ပေးနိုငတဲ့အတွက် နာမည် ကြီးဖို့ ဖြစ်လာပါလိမ့်မယ်။ အဲဒီအခါကျတော့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုရေး က သာမန်ကိစ္စဖြစ်သွားပြီး လက်မှတ်ရရေးက အဓိကဖြစ်လာပါလိမ့်မယ်။ အဲဒီလို ဆိုတော့ အင်မတန် အမြီးအမောက်မတည့်တဲ့အနေမျိုး ဖြစ်ကုန်ပါလိမ့်မယ်။

တရားတော်စစ်စစ်က သတ္တဝါတွေ ကောင်းကျိုးချမ်းသာ ရရှိစေရေးအတွက် ဖြစ်ပါတယ်။ အကောင်းဆုံး ဆောင်ရွက်ပေးနိုင်တာကတော့ နိဗ္ဗာန်ချမ်းသာကို လက်ငင်းရရှိကြပြီးတော့ ဝဋ်ဒုက္ခမှ လွတ်မြောက်စေရန်သာဖြစ်ပါတယ်။ ကမ္မဋ္ဌာန်း ဆရာနဲ့ ကမ္မဋ္ဌာန်းသင်တန်းရဲ့ အဓိကရည်မှန်းချက်က လူအများအတွက် တကယ့် အကျိုးတရားကို ဆောင်ကြဉ်းဖို့သာ ဖြစ်ပါတယ်။ အတ္တကြီးထွားရေးအတွက် မဟုတ်ပါဘူး။ ကမ္မဋ္ဌာန်းအလုပ်ဟာ ကစားစရာမဟုတ်ပါ။

❖ ဝိပဿနာကို ကမ္ဘာသားအားလုံးအတွက် ဘဝနေနည်းလို့ ဆိုထားတော့ ဒီနည်း ကို ကျင့်ကြတဲ့ ဘာသာခြားတွေအဖို့ ရှုပ်ထွေးစရာမဖြစ်ပေဘူးလား။
■ ဝိပဿနာဆိုတာ ဘာသာခြားတွေနဲ့ ပြိုင်ဆိုင်ဖို့ ဘာသာတစ်ခုကို ဗန်းပြတာ မဟုတ်ပါ။ ယောဂီပုဂ္ဂိုလ်တွေဟာ အယူဝါဒတစ်ခုကို မျက်စိမှတ်ပြီး ယုံကြဖို့ မတိုက်တွန်းပါဘူး။ သူတို့ ကိုယ်တွေ့တရားကိုသာ အမှန်တရားလို့ လက်ခံကြပါ လို့ ဆိုထားတာပါ။ ဒီသဘောတရားက အရေးကြီးပါတယ်။ လက်တွေ့ကျင့်စဉ်က အရေးကြီးပါတယ်။ ကျင့်စဉ်ဆိုတာ သီလ၊ သမာဓိနဲ့ စိတ်ရဲ့သန့်စင်မှုကိုဖြစ်စေတဲ့ ဉာဏ်ကိုဆိုလိုတာပါ။ ဒီကျင့်စဉ်ကို ဘယ်ဘာသာကများ ကန့်ကွက်စရာရှိ ပါသလဲ။ ဘာကြောင့် ရှုပ်ထွေးဖို့ရှိပါသလဲ။ ကျင့်စဉ်ကို အလေးထားရင် ဒီလိုသံ သယတွေ ပျောက်သွားပါလိမ့်မယ်။

❖ ကလေးသူငယ်တွေကို ဓမ္မအကြောင်း သင်ပေးထိုက်ပါသလား။
■ ကလေးမမမွေးခင် မိခင်ရဲ့ဝမ်းတိုက်မှာ ရှိနေတဲ့အချိန်မှာ တရားတော်အကြောင်း သင်ပြပေးဖို့ အကောင်းဆုံးအချိန်ပါ။ ကိုယ်ဝန်ဆောင်မိခင်ဟာ ဝိပဿနာတရား အားထုတ်သင့်ပါတယ်။ ဒါမှ ကလေးဟာ တရားတော်နဲ့ ရင်းနှီးပြီးဖြစ်လာပါ လိမ့်မယ်။

ကလေးငယ်တွေ ရှိရင်လည်း သူတို့ကို တရားတော်ကို ဟောပြသင့် ပါတယ်။ ဥပမာ - သင်တန်းပြီးဆုံးခါနီးမှာ မေတ္တာဘာဝနာကို လေ့ကျင့်ကြရပါတယ်။ ယောဂီတို့ရဲ့စိတ်ထဲမှာ ခံစားကြတဲ့ ငြိမ်းချမ်းသာယာမှုကို လောကသးတွေနဲ့ မျှ ဝေခံစားတဲ့နည်းပေါ့။ ကလေးတွေ နုနယ်ကြသေးတဲ့အရွယ်ဆိုရင် ကမ္မဋ္ဌာန်းထိုင် ပြီးတိုင်း သူတို့ကို အထူးရည်စူးပြီး မေတ္တာပို့ပါ။ ကလေးတွေ အိပ်ယာဝင်ချိန် မှာလည်း မေတ္တာပို့ပါ။ ယောဂီပုဂ္ဂိုလ်ရဲ့ကုသိုလ်တွေ သူတို့ဆီ ပျံ့နှံ့ရောက်ရှိစေ တဲ့နည်းပါပဲ။ သူတို့လေးတွေ နားလည်နိုင်တဲ့အရွယ်ရောက်လာတဲ့အခါ တရားတော် အကြောင်းကို သူတို့နားလည်သဘောပေါက်နိုင်တဲ့ အတိုင်းအတာနဲ့ သင်ပြပေးပါ။

ပိုပြီးသဘောသက်ဝင်နိုင်မယ်ဆိုရင် အာနာပါနကို မိနည်းအနည်းငယ်လောက် အားထုတ်ခိုင်းပါ။ အတင်းအကျပ် မခိုင်းပါနဲ့။ ကိုယ်အားထုတ်ပုံကို လိုက်ကြည့် စေပြီး သူတို့အသက်ရှူပုံကို မိနစ်အနည်းငယ်လောက် စောင့်ကြည့်ပေးပါ။ ပြီးတော့ သွားကစားပါစေ။ ရှုမှတ်ရတာကို နှစ်ခြိုက်နေပါစေ။

အရေးကြီးတဲ့အချက်ကတော့ ကိုယ်တိုင်က သူတို့ရှေ့မှာ တရားနဲ့အညီ နေ ထိုင်ပြဖို့ပဲဖြစ်ပါတယ်။ ကလေးတွေအတွက် နမူနာကောင်းပြနိုင်ဖို့ လိုပါတယ်။ အိမ်ထောင်သာယာအေးချမ်းမှုရှိအောင် ဝါယမစိုက်ပါ။ အဲဒီ အိမ်ထောင်မှာ ကလေး တွေရဲ့ ဘဝကြီးပွားလာရေးဟာ သာယာဖြောင့်ဖြူးမှု ရှိပါလိမ့်မယ်။ ကလေးတွေ အတွက် တရားတော်ကို သင်ပြမှုဟာ တရားတော်နဲ့အညီ ကျင့်ကြံအားထုတ်မှုပဲ ဖြစ်ပါတယ်။

ဒီစာစုမှာ ဖော်ပြချင်တဲ့ မေးခွန်းနဲ့ အဖြေတွေကတော့ ဒီမျှပါပဲ။ ဆရာကြီးဦး ဂိုအင်ကာအကြောင်းကို ပြောကြတဲ့နေရာမှာ ဆရာကြီးဟာ မြန်မာပြည်မှာ မွေးပြီး မြန်မာပြည်မှာ ကြီးပြင်းခဲ့သည့်တိုင်အောင် ဟိန္ဒူစာပေတတ်ကျွမ်းတယ်၊ စကား ပြောပုံကျင်လည်တာကြောင့် အိန္ဒိယက အတော် အထက်တန်းကျတဲ့ ပညာရှိအ ပြောအဟောကောင်းပုဂ္ဂိုလ်စာရင်းမှာ ပါဝင်ထည့်သွင်းခြင်းခံရတယ်လို့ ဆိုကြ ပါတယ်။ ဒီစာစုမှာ ဖော်ပြထားတဲ့ ဆရာကြီးရဲ့ဖြေဆိုမှုတွေကိုကြည့်မယ်ဆိုရင် ဆရာကြီးဟာ အဟောပြောကောင်းသူဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းကြီး ထပ်ပြီး မြင်တွေ့ကြရမှာဖြစ်ပါတယ်။

ဒီစာစုက ဆရာကြီးရဲ့ ဉာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာကို ပဲ့တင်ထပ်တဲ့စာစု တစ်ခုဖြစ်ပြီးတော့ တရားဓမ္မရဲ့ သိမ်မွေ့ငြိမ်းချမ်းမှုအကြောင်း စူးစမ်းစ လူငယ် လူလတ်ပိုင်းများအတွက် အထောက်အကူတစ်စုံတစ်ရာပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဆရာကြီးဦးဂိုအင်ကာရဲ့အဆုံးအမဖြစ်တဲ့ 'ကမ္မဋ္ဌာန်းတရားအားထုတ်ခြင်းဟာ လူအများအတွက် တကယ့် အကျိုးတရားကို ဆောင်ကြဉ်းဖို့ဖြစ်တယ်'ဆိုတာကို အထူးနှလုံးသွင်းရင်းက အားလုံး လောကကောင်းကျိုးဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ငြိမ်းချမ်းသာ
၂ဝ-၅-၂ဝ၂ဝ

ရည်ညွှန်းကိုးကား/-
၁။ အနေတတ်ပါစေ၊ (ဦးတင်ဦး(မြောင်)၊ ၂ဝဝ၅ ခုနှစ်)
၂။ ကမ္ဘာအနှံ့ ဓမ္မအောင်လံစိုက်ထူနေသော
ဂုရုကြီး ဦးဂိုအင်ကာ(ဦးကိုလေး(မောင်ဇေယျာမောင်)၊ ၂ဝဝ၂ ခုနှစ်)

Friday, May 15, 2020

လိုချင်တပ်မက်မှုနဲ့ မနှစ်မြို့မှုတွေဟာ ဘယ်သောအခါမှ ကောင်းတဲ့တရားတွေ မဖြစ်နိုင်ပါဘူး

https://drive.google.com/uc?export=view&id=1KgVmJ9HY7jiWOqPLqHNU9LclilNZqk3s
လိုချင်တပ်မက်မှုနဲ့ မနှစ်မြို့မှုတွေဟာ 
ဘယ်သောအခါမှ ကောင်းတဲ့တရားတွေ မဖြစ်နိုင်ပါဘူး

ဆရာကြီး ဦးဂိုအင်ကာလို့ ပြောလိုက်ရင် ဝိပဿနာတရားပြဆရာကြီးဆိုတဲ့ ဂုဏ်ဒြပ်က 
အားလုံးရဲ့ စိတ်နှလုံးထဲမှာ ထင်ဟပ်နေပြီးဖြစ်နေတတ်ပါတယ်။ 
ဆရာကြီးဦးဂိုအင်ကာဟာ  မူလက ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်ပြီး 
၁၉၅၅ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ ပဋိပတ္တိ လုပ်ငန်းဌာနမှာ တရားစခန်းဝင်ရောက်ပြီးချိန်မှာတော့ ရတနာသုံးပါးကို မမှိတ်မသုန် သက်ဝင်ယုံကြည်လာခဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဆရာကြီးဦးဂိုအင်ကာဟာ သူကိုယ်တိုင် ရတနာသုံးပါးကို သက်ဝင်ယုံကြည်လာခဲ့ပြီးနောက်မှာတော့ မိသားစုဝင်များအာလုံးကိုလည်း ဆရာကြီးဦးဘခင်ထံမှာ ကမ္မဋ္ဌာန်းတရားအားထုတ် စေခဲ့ပါတယ်။ ဦးဂိုအင်ကာရဲ့ မိသားစုဝင်အားလုံးလည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့ ကြပါတယ်။
 
ဆရာကြီးဦးဂိုအင်ကာဟာ ဟိန္ဒူဘာသာဝင်တွေအကြားမှာ ကျော်ကြားသူတစ်ဦးဖြစ်တဲ့အလျောက်ပဲ သူဗုဒ္ဓဘာသာဝင်ဖြစ်သွားတဲ့အခါမှာ 
အဲဒီသတင်းဟာ မာရဝါရီလူမျိုးတွေအကြားမှာ အတော်လေး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ပါတယ်။  ဒါ့အပြင် ရောဂါဆိုးကြီး ယူပစ်သလိုပျောက်သွားတယ်ဆိုတဲ့အကြောင်းကိုလည်းပဲ စိတ်ဝင်စားကြပါတယ်။ ဒါကြောင့် ဆရာကြီးဦးဂိုအင်ကာဆီကို သတင်းမေးစုံစမ်းကြသူတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ကြပါတယ်။

အဲဒီအချိန်တွေမှာ ဆရာကြီးဦးဂိုအင်ဟာ သူ့အကြောင်း မေးမြန်းလာသူတွေ အားလုံးကို ဦးခေါင်းခဲနာပျောက်တဲ့ကိစ္စထက် ဗုဒ္ဓဓမ္မရဲ့အမြိုက်အရသာတွေကိုပဲ ရှေ့တန်းတင်ပြောပြခဲ့ပါတယ်။ 
နောက် ဓမ္မရောင်ခြည်စေတီ၊ အပြည်ပြည်ဆိုင်ရာ ပဋိပတ္တိလုပ်ငန်းဌာနနဲ့ ဆရာကြီးဦးဘခင်အကြောင်းတွေလည်းပဲ အလေးထားပြော ဆိုခဲ့ပါတယ်။ တရားစခန်းဝင်ရောက်ချင်တဲ့ အိန္ဒိယလူမျိုးတွေကိုလည်း တရား စခန်းပို့ပေးရုံမျှမက အစားသောက်တွေပို့ပေးခဲ့ပြီး ဆရာကြီးဦးဘခင်ရဲ့ တရားသင် ပြမှုတွေမှာလည်း စကားပြန်လုပ်ပေးခဲ့ပါတယ်။

၁၉၆၂ ခုနှစ် မတ်လမှာတော့ တော်လှန်ရေးအစိုးရတက်လာခဲ့ပြီး စီးပွားရေး လုပ်ငန်းများကို ပြည်သူပိုင်သိမ်းခဲ့ပါတယ်။ ဆရာကြီးဦးဂိုအင်ကာရဲ့ လုပ်ငန်းတွေဖြစ်တဲ့ ဗန္ဓုလချည်စောင်၊ ပလပ်စတစ်စက်ရုံ၊ ပုသိပ်မြို့မှာ ဖွင့်လှစ်တည် ထောင်ထားတဲ့ စက်မှုလုပ်ငန်းကြီးများအားလုံးလည်း ပြည်သူပိုင်အသိမ်းခံရတဲ့ အထဲမှာ ပါဝင်သွားခဲ့ပါတယ်။ အဲဒီအချိန်ကာလမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် တွေအားလုံးကိုလည်း ဆရာကြီးဦးဂိုအင်ကာက တည်တည်ငြိမ်ငြိမ်ပဲ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဆရာကြီးဦးဂိုအင်ကာဟာ တရားတည်းဟူသော ထောက်တည်ရာကို အမှီပြုလျက်က လောကဓံကို မတုန်မလှုပ် ရင်ဆိုင်ခဲ့ပုံက သြချလောက်စရာပဲ လို့ ဆရာကြီးဦးကိုလေးက သူရေးသားထုတ်ဝေခဲ့တဲ့ 'ဂုရုကြီး ဦးဂိုအင်ကာ'စာအုပ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
 
ဆရာကြီးဦးဂိုအင်ကာဟာ ဗုဒ္ဓတရားတော်များကို စာတွေ့အားဖြင့်လည်း လေးလေးနက်နက် သဘောပေါက်နားလည်စေဖို့အတွက် ကြိုးစားခဲ့ပါတယ်။ အဘိဓမ္မာ၊ သင်္ဂြိုဟ်နဲ့ ဝိသုဒ္ဓိမဂ်အင်္ဂလိပ်ဘာသာပြန်မူတွေကို ဆရာကြီးဦးဘခင်ရဲ့ ညွှန်ပြမှု နဲ့ စနစ်တကျလေ့လာသင်ယူခဲ့ပါတယ်။

 
ဆရာကြီးဦးဂိုအင်ကာရဲ့ ဘဝဖြစ်စဉ်ကို လေ့လာရင်းတွေ့ရနိုင်တာကတော့ ဝိပဿနာဓမ္မလမ်းစဉ်ကို ဆရာစဉ်ဆက် လက်ဆင့်ကမ်းနိုင်ခဲ့ပုံတွေပါပဲ။ 
လယ်တီ ဆရာတော်ကြီးမှသည် အနာဂမ်ဆရာသက်ကြီးဆီသို့၊ အနာဂမ်ဆရာသက်ကြီးမှ  ဆရာကြီးဦးဘခင်ဆီ၊ ဆရာကြီးဦးဘခင်မှသည် ဆရာကြီးဦးဂိုအင်ကာအထိ ဝိပဿနာတရားကို စဉ်ဆက်မပြတ်လက်ဆင့်ကမ်းခဲ့ကြပြီး တပည့်များအားလုံးကလည်း ဆရာကောင်းတပည့် ပီသခဲ့ကြပုံတွေဟာ လှိုက်လှိုက်လှဲလှဲ သာဓုခေါ် ချင်စရာတွေချည်းပါပဲ။  

ဆရာကြီးဦးဂိုအင်ကာဟာ ဝိပဿနာတရားဓမ္မတွေကို ကမ္ဘာ့အနှံ့ သင်ကြား ပို့ချပေးရင်းက ၂၉ စက်တင်ဘာ၊ ၂ဝ၁၃ (အသက် ၈၉ အရွယ်)မှာ  ငြိမ်းချမ်းစွာပဲ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။ ဆရာကြီးကွယ်လွန်သွားခဲ့ပြီဖြစ်ပေမယ့် သူထွန်းညှိခဲ့တဲ့ ဓမ္မအလင်းရောင်ကတော့ ကမ္ဘာအနှံ့မှာ ထွန်းလင်းနေခဲ့ပြီမဟုတ်ပါလား။
 
ဆရာကြီးဦးဂိုအင်ကာသင်ကြားပြသတဲ့ ဝိပဿနာဓမ္မလမ်းစဉ်ကို ဝီလျံဟတ် က The Art of Living: Vipassana အမည်နဲ့ စာအုပ်တစ်အုပ်ရေးသား ခဲ့ပါတယ်။ အဲဒီစာအုပ်ကိုပဲ ဦးတင်ဦး(မြောင်)က 'အနေတတ်ပါစေ'အမည်နဲ့ မြန်မာပြန်ဆိုခဲ့ပြီးဖြစ်ပါတယ်။  
အဲဒီစာအုပ်ကို အခန်း(၁ဝ)ခန်းနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး အခန်းတိုင်းမှာ အမေးအဖြေတွေကိုလည်းပဲ ထည့်သွင်းဖော်ပြထားပါတယ်။ အဲဒီစာအုပ်ထဲမှာ ပါဝင်တဲ့ အမေးအဖြေတချို့ဖြစ်တဲ့ 
▪️လောကမှာ အရာခပ်သိမ်းဟာ ကြိုတင်ပြဋ္ဌာန်းထားပြီးသားလား၊ 
▪️ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတာဟာ ကံကောင်းတာလား၊ 
▪️ဘဝမှာ ပြည့်ပြည့်စုံစုံနေရဖို့ ရုပ်ဝတ္ထုတွေလိုချင်တာမှားလား .. စတဲ့ မေးခွန်းတွေကို ဆရာကြီးဦးဂိုအင်ကာက ဝိပဿနာရှုထောင့်ကနေ ပြန်လည် ဖြေဆိုထားတာတွေကို ဒီစာစုမှာ ပြန်လည်ဖော်ပြချင်ပါတယ်။ မေးခွန်းနဲ့အဖြေ တွေကို ကြည့် လိုက်ကြရအောင်ပါ။

◾ ကျွန်တော့်မှာ သူတစ်ဖက်သားကို အထင်သေးတတ်တဲ့ ဉာဉ်ကလေးရှိပါ တယ်။ အဲဒါကို ဘယ်လိုများပျောက်အောင်လုပ်နိုင်ပါမလဲ။
◽ ကမ္မဋ္ဌာန်းအလုပ်နဲ့ပဲ ဖျောက်ပါ။ အတ္တစွဲသန်တဲ့အခါမှာ 'ငါဆိုမှငါ'ဆိုတဲ့ သဘောနဲ့ တစ်ဖက်သားကိုအထင်သေးတတ်ပါတယ်။ အထင်သေးတဲ့ ကိုယ်နှုတ်အ မူအရာတွေပေါ်တတ်ပါတယ်။ ကမ္မဋ္ဌာန်းရှုမှတ်တဲ့အလုပ်လုပ်တော့ကာ အတ္တစွဲ ဟာ ပျောက်သွားပါတယ်။ အတ္တစွဲပျောက်ပြီဆိုရင် သူတစ်ဖက်သားကို နစ်နာစေ လိုမှုကို မလုပ်တော့ပါဘူး။ ကမ္မဋ္ဌာန်းအလုပ်သာ လုပ်ပါ။ ခင်ဗျား ပြဿနာ အလိုလို ပျောက်သွားပါလိမ့်မယ်။

◾ လောကမှာ အရာခပ်သိမ်းတို့ဟာ ကြိုတင်ပြဋ္ဌာန်းပြီးချည်းလို့ ဆိုမလား။
◽ အတိတ်ကံက ကောင်းကျိုးဆိုးကျိုးကို ဖြစ်စေတာတော့ မုချပါပဲ။ အတိတ်ကံ ပြဋ္ဌာန်းချက်အတိုင်း ကျွန်တော်တို့ ကျရောက်ရတဲ့ဘဝမျိုးနဲ့ ကျင်လည်ကြတဲ့ ယေဘု ယျအခြေအနေများ ဖြစ်ပေါ်ပါတယ်။ ဒါပေမယ့် ဘဝမှာ ကျွန်တော်တို့ ရင်ဆိုင် ကြရတဲ့ အခြင်းအရာတိုင်းဟာ အတိတ်က ဒီအတိုင်းသာဖြစ်ရမယ်၊ အခြားတစ်နည်း တစ်ဖုံဖြစ်ခွင့်မရှိစေရလို့ ကြိုတင်စီမံပြဋ္ဌာန်းထားတာ မဟုတ်ပါဘူး။
 အတိတ်ကံကြောင့် ဒီဘဝလမ်းကြောင်းကို ချမ်းသာတဲ့အတွေ့အကြုံများ၊ မချမ်း သာတဲ့ အတွေ့အကြုံများခံစားစေဖို့ အကြမ်းအားဖြင့်လောက်သာ ဖြစ်ပေါ်တာပါ။ ပစ္စုပ္ပန်ကံကလည်း ပစ္စက္ခလုပ်ရပ်တွေပေါ်မှာ ကိုယ်ကြပ်မတ်နိုင်တဲ့ ပင်ကိုယ်စွမ်း ရည်ရှိကြသူတွေဖြစ်ပါတယ်။ ပစ္စုပ္ပန်ကို စိုးပိုင်တဲ့အတွက် အနာဂတ်ကို ကောင်း အောင်ပြုပြင်နိုင်စွမ်း ရှိကြပါတယ်။

◾ လူတိုင်းဟာ ကိုယ်ပြုသမျှ ကိုယ်ခံကြမယ်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုများ ကူညီကယ်မနိုင်ပါသလဲ။
◽ ကျွန်တော်တို့ရဲ့ မနောကံတွေဟာ တစ်ပါးသူတွေအပေါ်မှာ သြဇာသက်ရောက် မှု ရှိပါတယ်။ ကျွန်ုပ်တို့ရဲ့စိတ်က မကောင်းတဲ့စိတ်ထားတွေချည်းပဲ ပွားများနေ ရင် ကျွန်ုပ်တို့နဲ့ဆက်ဆံရတဲ့သူတွေပေါ်မှာ စိတ်ညံ့စိတ်ပုပ်တွေ ကူးစက်သွားပါ တယ်။ ကျွန်ုပ်တို့စိတ်ကို မွန်မြတ်တဲ့ စိတ်ထားတွေနဲ့ ပြည့်ဝနေမယ်ဆိုရင်၊ မေတ္တာ တရားတွေ ဖြန့်ဝေနေမယ်ဆိုရင် ပတ်ဝန်းကျင်ကို အေးချမ်းသာယာစေပါလိမ့်မယ်။  သူတစ်ပါးရဲ့ ကံကို ကောင်းအောင်လုပ်ဖို့တော့ မဖြစ်နိုင်သော်လည်း ပတ်ဝန်းကျင် က လူတွေပေါ်မှာ ကောင်းကျိုးတွေ သက်ရောက်စေရေးအတွက် မိမိကိုယ်ကို မိမိတော့ ပြုပြင်ထိန်းကျောင်းနိုင်ပါတယ်။

◾ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝတာဟာ ကံကောင်းတယ်လို့ ဘာကြောင့်ဆိုပါသလဲ။ ဒီလိုဆိုရင် အနောက်နိုင်ငံသားတွေဟာ များသောအားဖြင့် ကံကောင်းသူတွေလို့ ဆိုရမလား။ တတိယကမ္ဘာမှာ နေကြသူတွေဟာများသောအားဖြင့် ကံမကောင်း သူတွေလို့ ဆိုရမလား။
◽ ပစ္စည်းဥစ္စာ ချမ်းသာတာသက်သက်ကိုတော့ ကံကောင်းတယ်လို့ ပြောလို့မရပါဘူး။ ပစ္စည်းတော့ ချမ်းသာပါရဲ့ စိတ်ဆင်းရဲနေရမယ်ဆိုရင် ဘာအသုံးကျတော့မှာလဲ။ ပစ္စည်းချမ်းသာမယ်၊ စိတ်လည်းချမ်းသာမယ်ဆိုရင်တော့ ကံကောင်းတယ်လို့ ဆိုရမှာပေါ့။ ပစ္စည်းချမ်းသာတာက၊ မချမ်းသာတာထက် စိတ်ချမ်းသာမှုကသာ အဓိကကျပါတယ်။

◾ ကောင်းမြတ်တဲ့ လိုချင်တပ်မက်မှုများနဲ့ မနှစ်မြို့မှုများရယ်လို့ မရှိနိုင်ပေဘူး လား။ ဥပမာ - မတရားမှုကို ရွံမုန်းမှု စသည်ဖြင့်ပေါ့။
◽ လိုချင်တပ်မက်မှုနဲ့ မနှစ်မြို့မှုတွေဟာ ဘယ်သောအခါမှ ကောင်းတဲ့တရားတွေ မဖြစ်နိုင်ပါဘူး။ အဲဒီတရားတွေကြောင့် စိတ်ပူပန်မှု၊ စိတ်ဆင်းရဲမှုတွေသာ ဖြစ် ရတယ်။ ကောင်းမြတ်တဲ့ ရည်မှန်းချက်ထားပြီး လုပ်တယ်ပဲထား၊ တပ်မက်မှု ဖြစ်စေ၊ မနှစ်မြို့မှုဖြစ်စေ အရင်းခံပြီးတော့လုပ်ရင်း မသမာမှုကို သုံးပြီး ရည် မှန်းချက်ကို အရယူတာမျိုးဆိုတော့ မကောင်းနိုင်တော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင်လုပ်ဖို့ကလည်း ရှိပေသေးတာကိုး။ ကြောက်စိတ်တွေမွှန်ပြီးလုပ်တဲ့ အလုပ်မျိုးကျတော့လည်း ကြောက်စိတ်က စိတ်မှာစွဲနေရင် ရေရှည်မှာအန္တရာယ် ပါပဲ။ 
 ရွံမုန်းမှုစိတ်ထားပြီးတော့ မတရားမှုကို တိုက်ဖျက်လို့အောင်မြင်ခဲ့တယ်ဆိုရင် လည်းပဲ ရွံမုန်းစိတ်ဟာ ရင်ထဲမှာ စွဲနေရစ်တတ်ပါတယ်။ မတရားမှုကိုတော့ တိုက်ဖျက်ရမှာပဲ၊ ကိုယ့်အန္တရာယ်လည်း ကိုယ်ကာကွယ်ရမှာပါပဲ၊ ဒါပေမယ့် စိတ်မှာ အကြိတ်အခဲမထားဘဲ တည်ငြိမ်တဲ့စိတ်နဲ့ သူတစ်ပါးအပေါ်မှာ မေတ္တာ ထားပြီး အကျိုးပြုနိုင်ပါတယ်။ တည်ငြိမ်တဲ့စိတ်ကလေးထားနိုင်ရင် အရာရာမှာ ချောမောစေပါတယ။် အကောင်းဆုံး အကျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။

◾ ဘဝမှာပြည့်ပြည့်စုံစုံနေရဖို့ ရုပ်ဝတ္ထုတွေကို လိုချင်တာဟာ မှားတယ်လို့ ဘာကြောင့် ဆိုလိုပါသလဲ။
◽ တကယ့်လိုအပ်ချက်တွေ ရချင်တာကို မှားတယ်မဆိုလိုပါဘူး။ အဲဒီ အရာ ဝတ္ထုတွေပေါ်မှာ စွဲလမ်းကပ်ငြိမှု မထားရင်ပေါ့လေ။ ဥပမာ - ရေငတ်နေလို့ ရေကိုလိုချင်တာဟာ အပြစ်မဟုတ်ပါဘူး။  ရေကိုလိုလို့  ရေရှာတော့ ရတယ်၊ ရတော့ သောက်လို့ အငတ်ပြေသွားတယ်။ ဒီနောက်မှာ ရေကိုရချင်ဇောကြီးက စိတ်ထဲက မထွက်တော့ဘူးဆိုရင်တော့ နေရာမကျပါဘူး။ လိုချင်တာကို တကယ်လို အပ်လို့ ရဖို့ကြိုးစားတယ်။ မရဘူးဆိုရင်လည်း အပြုံးမပျက်ဘဲ တခြားနည်းနဲ့ရ အောင်ကြိုးစားပါ။ ရလာတဲ့အခါ လိုအပ်တဲ့အတိုင်း သုံးဆောင်ပါ။ သို့သော်လည်း ပစ္စည်းကို မစွဲလမ်းပါနဲ့။

◾ တစ်ယောက်ယောက်က ကိုယ့်ကို မဟုတ်တာလုပ်ရင် ဘယ်လိုသဘောထား ရမလဲ။
◽ မဟုတ်တာကို ဘယ်သူမှ မလုပ်စေနဲ့။ မဟုတ်တာလုပ်တဲ့သူဟာ သူတစ်ပါး အပေါ် အန္တရာယ်ဖြစ်စေရုံမျှမက မိမိကိုယ်ကိုလည်း အန္တရာယ်ပြုသူဖြစ်ပါတယ်။ မဟုတ်တာလာလုပ်တဲ့သူကို လက်ပိုက်ကြည့်နေရင် မဟုတ်တာလုပ်ဖို့ အားပေးအား မြှောက်လုပ်ရာ ရောက်ပါလိမ့်မယ်။ မလုပ်နိုင်အောင် ခွန်အားရှိသလောက် အသုံး ပြုပြီး တားဆီးရပါမယ်။ စာနာစိတ်၊ သနားညှာတာစိတ်မရှိသူကို ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။ ကိုယ်က ဒေါသစိတ်၊ မုန်းတီးစိတ်နဲ့ တားဆီးရင်တော့ အခြေအနေ ပိုဆိုးသွားလိမ့်မယ်။ မတော်တာလုပ်နေတဲ့သူတစ်ယောက်အပေါ်မှာ မေတ္တာထား ပြီး ကြားဝင်ရဖို့ဆိုတဲ့ ကိစ္စမှာ ကြားဝင်သူရဲ့ စိတ်က တည်ငြိမ်အေးချမ်းနေမှသာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အတွင်းသန္တာန်မှာ တည်ငြိမ်အေးချမ်းနေအောင် အားထုတ်ပါ။ တည်ငြိမ်အေးချမ်းတဲ့စိတ်ရှိသူအဖို့ ပြဿနာကို ဖြေရှင်းနိုင်ပါလိမ့် မယ်။

◾ ရှေ့ရေးအတွက် စီမံတာကိုရော တဏှာလို့ခေါ်မလား။
◽ ဒီနေရာမှာ ကိုယ့်အစီအစဉ်ကြီးကို ကိုယ်က စွဲလမ်းမှုထားမထားပေါ် မူတည် ပြီး ပြောရပါမယ်။ လူတိုင်း ကိုယ့်ရှေ့ရေးကို ကိုယ်စဉ်းစားထားရမှာဖြစ်ပါတယ်။ ကိုယ်စီစဉ်သလိုဖြစ်မလာတဲ့အခါ ယူကျုံးမရဖြစ်ရင်တော့ ဒီအစီအစဉ်ကို စွဲလမ်း မှု ရှိခဲ့ပြီလို့ သိရပါမယ်။ စီစဉ်သလို ဖြစ်မလာသော်လည်း အပြုံးမပျက်ဘဲနဲ့ 'သြော် ငါလည်းတတ်နိုင်သရွေ့ ကြိုးစားခဲ့တာပဲ၊ နေရာမကျလည်း ဘယ်တတ် နိုင်ပါ့မလဲ။ ထပ်ကြိုးစားရဦးမှာပေါ့'ဆိုပြီး အစွဲအလမ်းမထားဘဲနေတတ်ရင် စိတ်ချမ်းသာတာပေါ့။

◾ တွယ်တာမှုမရှိရင် လောကကြီး ဘယ်မှာတည်တံ့နိုင်ပါ့မလဲ။ လူနဲ့လူချင်း အတွယ်အတာကင်းကြမယ်ဆိုရင် ကိုယ့်သားသမီးတောင်မှ ကိုယ် မတွယ်တာ ရတော့ဘူးလား။ ချစ်တာတို့၊ ခင်တွယ်မှု၊ ပတ်သက်မှုတွေဆိုတာ တွယ်တာမှုမပါ ဘဲ ဘယ်လိုဖြစ်နိုင်ပါမလဲ။
◽ မတွယ်တာရဘူးဆိုတာ စိမ်းကားရမယ်လို့ ဆိုလိုတာ မဟုတ်ပါ။ အတွယ်အ တာကင်းတာဟာ သူတော်ကောင်းတို့ရဲ့ ဥပေက္ခာတရားပါ။ နှောင်ဖွဲ့မှုကင်းတာ ဆိုလိုတာပါ။
 သားသမီးကို မိဘမေတ္တာနဲ့ စောင့်ရှောက်ဖို့တာဝန်ကို မပစ်ပယ်ကောင်းပါ။ ချစ်သော်လည်း နှောင်ကြိုးတည်းခံရသလို ငြိတွယ်မှု မဖြစ်သင့်ပါ။ ဆိုကြပါစို့၊ ခင်ဗျားက လူမမာတစ်ယောက်ကို ပြုစုစောင့်ရှောက်ရင်း သူပြန်ကောင်းမလာတော့ ဘူးဆိုရင် ခင်ဗျား ငိုယိုနေလို့ ဘာအကျိုးထူးမှာလဲ။ ခင်ဗျားအဖို့မှာ စိတ်ကို တည်ငြိမ်အောင်ထားပြီးတော့ အဲဒီလူမမာပေးမှာ တစ်ဖက်တစ်လမ်းက စောင့် ရှောက်ကူညီဖို့လည်း စဉ်းစားသင့်တာပေါ့၊ ဒါဟာ ဥပေက္ခာထားတာပါ။ ဒီသဘော ထားဟာ တုံ့ပြန်မှုလည်းမဟုတ်၊ လက်ပိုက်ကြည့်နေတာလည်းမဟုတ်၊ စိတ်ခိုင် ခိုင်ထားပြီး အကျိုးပြုခြင်းပါ။

 ဒီစာစုမှ ဖော်ပြလိုတဲ့ မေခွန်းနဲ့အဖြေတွေကတော့ ထိုမျှပါပဲ။ 
The Art of Living: Vipassana' စာအုပ်ကိုရေးသားခဲ့သူ ဝီလျံဟတ် ကတော့ ဝိပဿနာဟာ 'မိမိအတွင်းသန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာများကို ဖော်ထုတ်နိုင်ရုံမျှမက အသုံးချရစကောင်းမှန်းမသိသေးသည့် ပင်ကိုယ်အရည်အသွေးတို့ကို ဖွံ့ဖြိုးစေပြီးလျှင် မိမိအကျိုးနှင့် သူတစ်ပါးအကျိုးများကို ဖော်ဆောင်ပေး နိုင်စွမ်းများလည်းရှိလေသည်'လို့ ဆိုပါတယ်။ 
ဒါ့အပြင် 'ဝိပဿနာဟာ ရှင်းလင်း လွယ်ကူခြင်း၊ တရားသေဝါဒကင်းရှင်းခြင်းတို့အပြင် အဓိကအားဖြင့် လက်တွေ့ အကျိုးခံစားရခြင်းဟူသော ထူးခြားတဲ့လက္ခာရပ်တွေနဲ့ ပြည့်စုံနေတယ်'လို့ ရည် ညွန်းခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒီစာစုမှာ ဖော်ပြထားတဲ့ အမေးအဖြေတွေမှာ ဆရာကြီးဂိုအင်ကာဟာ အဖြေတွေ အားလုံးကို ဝိပဿနာရှုထောင့်ကနေ ဖြေဆိုထားတာကိုလည်း သတိ ထားမိကြပါလိမ့်မယ်။ အဲဒီ အမေးအဖြေတွေထဲမှာ တချို့သောမေးခွန်းဟာ ကျွန်တော်တို့ဉာဏ်မီသလောက် တွေးမိတတ်တဲ့ အကြောင်းအရာတွေပါ။ ဆရာကြီး ဦးဂိုအင်ကာရဲ့ အဖြေတွေကတဆင့် မသိမှုအမှောင်တိုက်ကို အလင်းရောင်ပေး နိုင်လိမ့်မယ်လို့ ယုံကြည်ပါကြောင်း ...။
 
#ငြိမ်းချမ်းသာ #သုဝဏ္ဏသျှမ်
၁၄-၅-၂ဝ၂ဝ

ရည်ညွှန်းကိုးကား/-
၁။ အနေတတ်ပါစေ၊ (ဦးတင်ဦး(မြောင်)၊ ၂ဝဝ၅ ခုနှစ်)
၂။ ကမ္ဘာအနှံ့ ဓမ္မအောင်လံစိုက်ထူနေသော 
ဂုရုကြီး ဦးဂိုအင်ကာ(ဦးကိုလေး(မောင်ဇေယျာမောင်)၊ ၂ဝဝ၂ ခုနှစ်)

ချစ်ခင်ရမယ့် အချိန်ပါ

❒ ချစ်ခင်ရမယ့် အချိန်ပါ

ကျွန်ုပ်ငယ်ငယ်က ဗီယက်နမ်မှာ နေရတဲ့ပုံစံနဲ့
အခုခေတ်ပုံစံဟာ သိပ်ကွာသွားပါပြီ။
မွေးနေ့ပွဲ၊ ကဗျာရွတ်ပွဲ၊ နှစ်ပတ်လည်ပွဲတွေဟာ နာရီပိုင်းလောက်မဟုတ်ဘဲ ညလုံးပေါက်လုပ်ကြတာပါ။
အချိန်မရွေး သွားလို့ရ၊ ပြန်လို့ရ။
ကားတွေ၊ စက်ဘီးတွေလည်း မလို၊ လမ်းလျှောက်သွားရုံပါ့။

အဝေးကလာသူဆိုရင်တော့ တစ်ရက်လောက်ကြိုလာပြီး နီးစပ်ရာသူငယ်ချင်းအိမ်မှာ အိပ်။
ဘယ်အချိန်ရောက်ရောက် ကြိုဆိုဧည့်ခံကျွေးမွေးကြတယ်။ လူလေးယောက်ရှိပြီဟေ့ဆိုရင်
တစ်စားပွဲပြင်ပေးတယ်။
ငါးယောက်မြောက်ရောက်လာသူက
နောက်ထပ်သုံးယောက်ကို ထပ်စောင့်။
အဲဒီလို ပျော်စရာပါ့။

အားလပ်ချိန်ဆိုတဲ့စကားကို
တရုတ်ဘာသာမှာ တံခါး၊ ပြတင်းပေါက်
ဆိုတဲ့အက္ခရာနဲ့ရေးတယ်။
ဒီအက္ခရာထဲမှာ လမင်းဆိုတဲ့အက္ခရာလည်းပါတယ်။
ဆိုလိုတာက တကယ်အားလပ်ချိန်ရှိရင်
လမင်းကို ကြည့်ရှုခံစားနိုင်တယ်။

ဒီနေ့ခေတ်လူအများစုကတော့ အဲဒီလိုဇိမ်မရှိကြပေါင်။
ပိုက်ဆံနဲ့ အသုံးအဆောင်တွေပိုရှိလာကြပေမယ့်
ပိုပြီး ပျော်မလာကြရှာဘူး။
ဘာကြောင့်ဆို အပေါင်းအသင်းတွေနဲ့
အချိန်မပေးနိုင်ကြတော့လို့ပါ။

ပုံမှန်ဘဝကနေ ပျော်ရွှင်တဲ့ဘဝကို
ပြောင်းလဲပေးနိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ်။
ရိုးရိုးလေးဆိုပေမယ့် သတိနဲ့လဖက်ရည်အတူသောက်ခြင်းစတာတွေကလည်း ဘဝတန်ဖိုးတိုးစေတဲ့
စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ရစေတယ်။

လက်ဖက်ရည်တစ်ခွက်နဲ့ အချိန်နှစ်နာရီလောက် ဘာကြောင့်သုံးနေကြသလဲ ...တဲ့။
စီးပွားရေးအမြင်နဲ့ဆိုရင်တော့ ဒါဟာ အချိန်ဖြုန်းတာပါ့။
ဒါပေမယ့် အချိန်ဆိုတာဟာ ပိုက်ဆံမဟုတ်၊
အချိန်ဟာ ပိုက်ဆံထက် ပိုအဖိုးတန်တယ်။
အချိန်ဆိုတာ အသက်ဓာတ်ပဲပါ့။
အသက်နဲ့ယှဉ်ရင်ပိုက်ဆံဆိုတာ ဘာများဟုတ်ဦးမှာလဲ။

အချိန်နှစ်နာရီလောက် လက်ဖက်ရည်အတူသောက်လို့
ပိုက်ဆံမရပေမယ့်
အသက်ရှင်သန်ခြင်းကိုတော့ တကယ်ရပါတယ်။

#သစ်ညတ်ဟန် (Thich Nhat Hanh) #သုဝဏ္ဏသျှမ်
(ဗီယက်နမ် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး)
မောင်စံလေး(သထုံ) ဘာသာပြန်ဆိုသည့် ကမ္ဘာ့အိမ်စာအုပ်မှ

အပြစ်ဆိုသည်မှာ


❒ အပြစ်ဆိုသည်မှာ

အပြစ်ဆိုသည်မှာ မကောင်းတဲ့အကျိုးကို သယ်ဆောင်လာတတ်တဲ့သဘောကိုပြောတာ။

လောဘရှိလို့ ကိုယ့်ပစ္စည်းကိုနှမြောတာ၊
ကိုယ့်ပစ္စည်းကို တွယ်တာတာ၊
ကိုယ့်မိသားစုအပေါ် တွယ်တာတာ အပြစ်မရှိဘူးလို့ထင်သလား၊
အပြစ်ရှိတယ်။ ဘယ်လိုအပြစ်ရှိတုန်းဆိုရင်
အဲဒီတွယ်တာမှုက သောကဆိုတဲ့ ဆိုးကျိုးကို ယူလာတတ်တယ်။
ဘယ်သူက ယူလာတာလဲဆိုတော့ လောဘက ယူလာတာ။
ဒါ အနည်းဆုံးအပြစ်ပဲ၊ တွယ်တာတဲ့နေရာမှန်သမျှ
သောကဆိုတာ လာတာပဲ။
သောကဆိုတာ ကောင်းသလားဆိုတော့ မကောင်းဘူး၊ စိတ်ပူစေတယ်။

အသက်အရွယ်ကြီးတဲ့သူတွေဆို ပိုဆိုးတယ်။
မိဘတွေဟာ သားသမီးတွေ
နဲ့ ပတ်သက်လာရင် အချိန်တန်လို့ အိမ်ပြန်ရောက်ရင်ရောက်၊ အိမ်ပြန်မရောက်ဘူးဆိုရင် တမျှော်မျှော်နဲ့ အိပ်မပျော်ဖြစ်လာတယ်။ အမျိုးမျိုးတွေးတယ်လေ၊
အပြင်ထွက်သွားပြီဆိုရင် ဟို-ဘာများဖြစ်လာမတုန်းတဲ့။

ကားရှိတဲ့ပုဂ္ဂိုလ်ကလည်း ကားမောင်းသမားနဲ့ အပြင်လွှတ်လိုက်ရပြီဆိုရင်
ကား အိမ်ပြန်မရောက်မချင်း ဟဲ့-တိုက်များလာမလား၊ မှောက်များလာမလားနဲ့
သောကဖြစ်လာရတယ်၊ မဖြစ်ဘူးလား။

ပစ္စည်းရှိတဲ့သူကလည်း ပစ္စည်းအတွက်ကြောင့်ကြ၊
သားသမီးရှိတဲ့သူကသားသမီးအတွက်ကြောင့်ကြ။
အဲဒါ လောဘကပေးတဲ့ problem တွေပဲ။
လောဘမရှိဘူးဆိုရင် ဒါတွေငြိမ်းနေမှာသေချာတယ်။

မြတ်စွာဘုရားကဟောထားတယ်။
ပီယတော ဇယတေ သောကော-တဲ့။
ဟော-ရှင်းရှင်းလေးပဲ။
ချစ်ခင်တွယ်တာမှုသည် သောကကို မွေးဖွားပေးတတ်သည်တဲ့။
လူတွေကတော့ သောကကင်းဝေးနေထိုင်ရေးဆိုတာကို
ကြိုးစားကြတယ်။ သို့သော် ချစ်ခင်တွယ်တာမှုကိုတော့ မလျှော့ဘူး။ ချစ်ခင်တွယ်တာမှုကိုမလျှော့ဘဲနဲ့ သောကကို ဘယ်လျှော့လို့ရမှာတုန်း။ အကြောင်းနဲ့အကျိုးက ဆက်နေတာကိုး။

ကဲ၊ ဒီတော့ ကိုယ့်လောဘ ကိုယ် control လုပ်ရင်လုပ်၊
မလုပ်ရင် ဘာဖြစ်လာမတုန်းဆိုတော့
ကိုယ့်ပစ္စည်းကိုလိုချင်တဲ့ လောဘတင်မကဘူး၊
သူများပစ္စည်းကို လိုချင်တဲ့လောဘ ဖြစ်လာပြီဆိုရင်တော့ ပြဿနာတွေဖြစ်လာမှာပဲ။
ခိုးမှုတွေ၊ဓားပြတိုက်မှုတွေ၊ ရာဇဝတ်မှု ကျူးလွန်မှုတွေဟာ အဲဒီလောဘကြောင့်ဖြစ်ရတာ။
အဲဒီတော့ လောဘရဲ့အပြစ်က ဘယ်လောက်ထင်ရှားလဲ။ အဲဒါကြောင့်မို့လို့ ပညာရှိတွေက လောဘကို မကောင်းဘူးလို့ပြောကြတာ။ ဒါ လက်တွေ့ပဲလေ။

မကောင်းတဲ့လောဘကို မထိန်းနိုင်ဘူးဆိုရင်
ထိုပုဂ္ဂိုလ်သည် သာမန်လူကောင်းတစ်ယောက်ကနေ
သူခိုးလို့ သမုတ်ခံရမယ်။ သူခိုးဘဝ ရောက်သွားပြီ၊
ဓားပြဘဝ ရောက်သွားပြီ။
ဘယ်သူကပေးလိုက်တဲ့နာမည်လဲဆိုတော့ လောဘက
ပေးတဲ့ နာမည်ပဲ။
အကယ်၍သာ သူများပစ္စည်းလိုချင်တဲ့လောဘမျိုး မရှိဘူးဆိုရင်
သူသည် သူခိုး၊ ဓားပြအဖြစ် ဘယ်နည်းနဲ့မှ မရောက်နိုင်ဘူး။

ထို့အတူပဲ မောဟဆိုတဲ့ သဘာဝတရားရှိတယ်။
သူက ယဉ်ယဉ်ကလေးရယ်။ မောဟဆိုတာ အေး-တွေဝေနေတာ၊ ဘာပြဿနာမှမရှိဘူးလို့ ထင်ရတယ်။
မောဟကမှ ပိုပြဿနာကြီးတာ။ သူက လုပ်သင့်တာရယ်၊ မလုပ်သင့်တာရယ် မသိဘူး။
မသိတော့ ဘာတွေဖြစ်လဲဆိုတော့ မလုပ်သင့်တာတွေလုပ်တယ်၊
လုပ်သင့်တာတွေ မလုပ်ဘူး။
အဲဒီတော့ မလုပ်သင့်တာကိုလုပ်လို့ရှိရင် အပြစ်ဖြစ်သလို
လုပ်သင့်တာကို မလုပ်လို့ရှိရင်လည်း အပြစ်ဖြစ်တယ်။
အဲဒီနှစ်ခုဟာ အတူတူပဲ။

#ပါမောက္ခချုပ်ဆရာတော်ကြီး#သုဝဏ္ဏသျှမ်
၁၃၆၉ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၁ ရက်နေ့၊
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဓမ္မစေတီလမ်း၊ ယုဇနစီးပွားရေးတာဝါ
အခန်း ၇၀၅(က)တွင် ဟောကြားတော်မူခဲ့သော
-ဘဝခရီးဝယ်ရွေးချယ်ရမည့်လမ်း တရားတော်မှ ကောက်နုတ်ဖော်ပြပါသည်။

ကလေးငယ်တွေကို ကိုယ်ချင်းစာတရားရှိအောင် သင်ပေးပါ

❒ ကလေးငယ်တွေကို ကိုယ်ချင်းစာတရားရှိအောင် သင်ပေးပါ


(၁)
ကျေးဇူးတော်ရှင် အောက်စဖိုဒ့်ဆရာတော် ဒေါက်တာဓမ္မသာမိ ဟောကြားတော်မူတဲ့တရားတော်တွေ တော်တော်များများမှာ ကလေးငယ်များကို ဘယ်လို ပြုစုပျိုးထောင်ရမလဲဆိုတဲ့ မေးခွန်းအတွက် အကြံပေးချက်တွေ၊ ဆုံးမသွန်သင်ချက်တွေ ပါဝင်လေ့ရှိတာကို ရိုသေစွာကြားနာရလေ့ရှိပါတယ်။

၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က သာမညတောင်မှာ ဟောပြောခဲ့တဲ့ 'ဦးနှောက်ပညာ ရေးနှင့် စိတ်ခံစားမှုပညာရေး' ဆိုတဲ့တရားတော်ထဲမှာလည်း ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်သင့်တယ်၊ ဘာကိုအလေးအနက်ထား သင်ကြားပေးသင့် တယ်ဆိုတာတွေနဲ့ပတ်သက်ပြီး ထည့်သွင်းဟောပြောခဲ့တာကို နာကြားခဲ့ရပါတယ်။

မိဘကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာက
ကိုယ့်သားသမီးကို (၁) ဘယ်လို ရှင်သန်ကြီးပြင်းခွင့်ပေးမလဲ၊
(၂)ဘယ်လို အကူအညီအထောက်အပံ့တွေပေးမလဲ၊
(၃) ဘယ်လိုသွန်သင်ဆုံးမမှုတွေနဲ့ ပဲ့ပြင်လမ်းညွှန်မလဲဆိုတဲ့ အချက်တွေက အရေးကြီးတယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ ဒီစာစုမှာတော့ ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော်ရဲ့ အဆုံးအမ၊ သွန်သင်ချက်နဲ့ လမ်းညွှန်မှုတွေထဲကနေတဆင့် ကိုယ့်ရဲ့သားသမီးများကို ဘယ်လိုပြုစုပျိုးထောင် သင့်တယ်ဆိုတာကို ဆွေးနွေးရေးသားချင်ပါတယ်။ အဲဒီ လိုရေးသားတဲ့နေရာမှာ အမှားအယွင်းတစ်စုံတစ်ရာပါခဲ့ရင်တော့ ဆရာတော်နဲ့ သက်ဆိုင်ခြင်းမရှိဘဲ ကျွန်တော့်ရဲ့ ပေါ့ဆညံ့ဖျင်းမှုသာဖြစ်ပါကြောင်းကိုလည်း ပြောကြားလိုပါတယ်။

(၂)
ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော်က 'ဦးနှောက်ပညာရေးနှင့် စိတ်ခံစားမှုပညာရေး'တရားတော်ထဲမှာ ဒိန်းမတ်နိုင်ငံရဲ့ ပညာရေးဟာအထူး ကောင်းမွန်ပြီး အတုယူသင့်ကြောင်း ဟောပြောတော်မူခဲ့ပါတယ်။

ဒိန်းမတ်နိုင်ငံဟာ ကုလသမဂ္ဂကထုတ်ပြန်တဲ့ ကမ္ဘာ့အပျော်ဆုံးနိုင်ငံများစာရင်းမှာ အဆင့် ၃ အောက်တစ်ကြိမ်မှ မရောက်ခဲ့ဘူးလို့ဆိုပါတယ်။ လူ ဦးရေ ၆ သန်းနီးပါးရှိတဲ့နိုင်ငံမှာ ဘီလျံနာ ၁ဝ ယောက်၊ မီလျံနာ ၂ သောင်းကျော်ထိ ရှိပါတယ်။ ဒိန်းမတ်နိုင်ငံသားတစ်ယောက်ချင်းစီတိုင်းရဲ့ တစ်နှစ်ပျမ်းမျှဝင်ငွေက ဒေါ်လာ ၆ဝ,ဝဝဝ ရှိပါတယ်။ (တစ်ဒေါ်လာ ၁၄ဝဝ ကျပ်နှုန်းနဲ့ တွက်ရင် တစ်လ မြန်မာကျပ်ငွေ သိန်း ၇ဝ မျှ။) ဒိန်းမတ်နိုင်ငံကူးလက်မှတ်ကိုင် ထားရင် ဗီဇာ(ပြည်ဝင်ခွင့်)မလိုတဲ့နိုင်ငံက များတယ်လို့ဆိုပါတယ်။

၂ဝ၁၉ ခုနှစ်မှာ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့တဲ့ 'ကမ္ဘာ့ပျော်ရွှင်မှုဆိုင်ရာ အစီရင်ခံစာ'မှာ ဒိန်းမတ်နိုင်ငံက ဒုတိယနေရာက ရပ်တည်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၅၆ နိုင်ငံမှာ အဲဒီနှစ်က မြန်မာနိုင်ငံက အဆင့် ၁၃၁ ပါ။ မြန်မာ နဲ့ အိမ်နီးချင်း ထိုင်းက အဆင့် ၅၂၊ ဘင်္ဂလားဒေ့ရှ်က အဆင့် ၁၂၅၊ အိန္ဒိယ က အဆင့် ၁၄ဝ၊ တရုတ်က အဆင့် ၉၂ ဖြစ်ပါတယ်။

ဘယ်နိုင်ငံက အပျော်ဆုံးလဲဆိုတဲ့ ပျော်ရွှင်မှုညွှန်းကိန်းကို နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကိုအခြေခံပြီး ပြည်တွင်းအသားတင်ထုတ်ကုန်နဲ့ ဝင်ငွေ၊ လူမှုဖူလုံရေး၊ လွတ်လပ်မှု၊ ကျန်းမာသန်စွမ်းမှု၊ အကျင့်ပျက်ခြစားမှုနဲ့ အလှူဒါနပြုလုပ်နိုင်မှုတွေကို ထည့်သွင်းတွက်ချက်တာဖြစ်ပါတယ်။

ဆိုတော့ ဒိန်းမတ်နိုင်ငံက ဘာကြောင့်များ ကမ္ဘာမှာအပျော်ရွှင်ဆုံးနိုင်ငံအဖြစ် နှစ်ပေါင်းများစွာ ရှိနေရတာလဲဆိုတဲ့ မေးခွန်းအတွက် ဒိန်းမတ်နိုင်ငံရဲ့ ပညာရေးစနစ်မှာ အဖြေတွေက အဆင်သင့်ရှိနေပါတယ်။ ၁၉၉၃ ခုနှစ်ကစလို့ အသက် ၆ နှစ်ကနေ ၁၆ နှစ်အတွင်းရှိတဲ့ကလေးတွေရဲ့ ပညာသင်ကြားမှုတွေမှာ 'ကိုယ်ချင်းစာတရား'ကို ထည့်သွင်းပြီး အလေးထားသင်ကြားပေးတာကြောင့် ပျော်ရွှင်ခြင်းနဲ့ပတ်သက်လာရင် ကမ္ဘာမှာ ထိပ်တန်းအဆင့်ရောက်ခဲ့တာဖြစ်တယ် လို့ ဆိုနိုင်ပါတယ်။

အဲဒီလို သင်ကြားနိုင်ဖို့အတွက် ၁၈၇ဝ(လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅ဝ)လောက် ကတည်းက ကြိုးစားခဲ့ကြတာဖြစ်ပြီး ၁၉၉၃ မှာမှ ဥဒေပြဋ္ဌာန်းနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အသက် ၄ဝ အရွယ် ဒိန်းမတ်နိုင်ငံသားတစ်ဦးဟာ ကိုယ်ချင်းစာတရားကို သီအိုရီအရ ကျေကျေညက်ညက်သင်ကြားခဲ့ပြီး ဖြစ်သလို လက်တွေ့ဘဝမှာလည်းပဲ ကိုယ်ချင်းစာတရားကို အသုံးချရင်းက ရှင်သန်နေ ထိုင်နိုင်ပြီဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး စာနာ၊ နားလည်၊ ဖေးမခြင်းရဲ့ အကျိုးရလာဒ်အနေနဲ့ကတော့ အားလုံး ပျော်ရွှင်ရတာပါပဲ။

'ပျော်ရွှင်နေတဲ့သူဟာ သူတစ်ပါးကိုအနိုင်မကျင့်တော့ဘူး။ မခိုးဘူး၊ မလိမ် ဘူး၊ ဒါကြောင့် ပျော်ရွှင်ခြင်းဟာအရေးကြီးတယ်'လို့ ဆရာတော်က ဆုံးမတော် မူပါတယ်။

(၃)
ဒိန်းမတ်နိုင်ငံမှာ ပညာရေးကနေတစ်ဆင့် 'ကိုယ်ချင်းစာတရား'ကို ဘယ်လို သင်ကြားပေးသလဲဆိုရင် အဓိကအားဖြင့်တော့ စိတ်ခံစားမှုကို နားလည်အောင် အဓိကထားသင်ကြားပေးတာမျိုးပါ။ တစ်ချို့စာသင်နှစ်တွေဆိုရင်
စာသင်နှစ်တစ်နှစ်ရဲ့ ၄၊ ၅ လကို စိတ်ခံစားမှုနဲ့ ပတ်သက်တာတွေပဲ သင်ပေးတယ်လို့ သိရပါတယ်။ အိမ်စာမရှိ၊ တစ်၊ နှစ်၊ သုံးရယ်လို့ ခွဲခြားသတ်မှတ်တဲ့ အဆင့်ခွဲခြားသတ်မှတ်ချက်လည်းမရှိပါဘူး။ ပြဿနာကို ဆွေးနွေးအဖြေရှာရေးလုပ်ငန်းစဉ်ကိုတော့ တစ်ပတ် တစ်ကြိမ်မျှ လုပ်ရတယ်လို့ဆိုပါတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာလည်း 'အားလုံး ပါဝင်ရေးမူ'နဲ့ လူတစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်းရဲ့ ပြဿနာကို အားလုံးက ဝိုင်းပြီးတော့ အလေးထားအဖြေရှာကြရလေ့ရှိတယ်လို့ လည်းသိရပါတယ်။

ဘာသာရပ်ဆိုင်ရာ သင်ကြားချက်တွေမှာလည်း ကျောင်းသားအချင်းချင်း ဆွေးနွေးအဖြေရှာတဲ့ စနစ်ကို အလေးပေးတယ်လို့ဆိုပါတယ်။ သချာၤတော်ပြီး အင်္ဂလိပ်စာညံ့တဲ့ ကျောင်းသားနဲ့ အင်္ဂလိပ်စာတော်ပြီး သချာၤညံ့တဲ့ကျောင်း သား အချင်းချင်း အပြန်အလှန်ဖေးမ၊ ကူညီ၊ ရှင်းပြတဲ့ စနစ်မျိုးပါ။ ပူးပေါင်း ဆောင်ရွက်တတ်ဖို့နဲ့ အသင်းအဖွဲ့နဲ့အလုပ်လုပ်တတ်ဖို့အတွက် ရည်ရွယ်ပြီး အဲဒီစနစ်ကို ကျင့်သုံးတာလို့ ဆိုနိုင်ပါတယ်။

အတန်းထဲမှာ ကလေးနှစ်ယောက် ရန်ဖြစ်ရင် (ဝါ) ကလေးတစ်ယောက် ကို အခြားကျောင်းသားတစ်ယောက်က အနိုင်ကျင့်တာမျိုးလုပ်နေရင် စာသင် တာကို နောက်ထားလို့ အဲဒီကလေးနှစ်ယောက်ရဲ့ ပြဿနာကိုပဲ အလေးထား ဝိုင်းဝန်းဖြေရှင်းလေ့ရှိတယ်လို့ဆိုပါတယ်။ ဆရာ၊ ဆရာမတွေဟာ ပြဿနာကို ထောင့်ပေါင်းစုံမှချဉ်းကပ်ရင်းက နှစ်ယောက်လုံးရဲ့ ပြောစကားတွေကို သေသေ ချာချာနားထောင်ရင်းက အဖြေရှာတာမျိုးပါ။

အနိုင်ကျင့်တတ်တဲ့ကလေးကိုလည်း အနိုင်ကျင့်တာထပ်မလုပ်ဖို့ကို မခြိမ်း ခြောက်ဘဲ ပြောပါတယ်။ သူလုပ်တဲ့အပြုအမူဟာ သူ့အတွက်လည်းမကောင်း သလို အခြားသူအတွက်လည်း မကောင်းဘူးဆိုတာကို အဲဒီကလေး နားလည် လက်ခံတဲ့အထိ ဆရာများက အချိန်ယူပြီး ဆွေးနွေးရှင်းပြလေ့ရှိတယ်သိရပါ တယ်။ အဲဒါနဲ့ မလုံလောက်သေးဘူးလို့ယူဆရင် (ဝါ) အဲဒီနည်းနဲ့ ကလေး ရဲ့ အနိုင်ကျင့်တတ်တဲ့စရိုက် မပျောက်သေးဘူးဆိုရင် ဘာလို့အနိုင်ကျင့်တာ လဲဆိုတာကို အဖြေရှာကြပါတယ်၊ ကလေးက အိမ်မှာ ပြဿနာရှိလို့လား၊ မိဘတွေ မကြာခဏရန်ဖြစ်လေ့ရှိလို့လားဆိုတာထိ စုံစမ်းကြတယ်လို့ ဆိုပါ တယ်။ မေတ္တာတရားကိုအခြေခံထားတဲ့ ပညာရေးဖြစ်တာမို့ အလွန်ပဲ ကောင်းမွန်လှတယ်လို့ ဆရာတော်က မှတ်ချက်ပြုပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ကိုယ်ချင်းစာတတ်လာရင် အနိုင်ကျင့်တာ နည်းသွားတတ်ပြီး သံသယဖြစ်တာလည်းပဲ နည်းသွားတတ်တာကြောင့် အဆင်မပြေမှုဖြစ်လာရင် ဝိုင်းဖြေရှင်းတဲ့ဓလေ့ကို ပျော်မွေ့အောင်သင်ကြားပေးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အသင်းအဖွဲ့နဲ့အလုပ်လုပ်တတ်တဲ့ အမူအကျင့်ကိုလည်းပဲ တစ်ပြိုင်နက်တည်းမှာ သင်ကြားပြီး ဖြစ်သွား ပါတယ်။

'ကိုယ်ချင်းစာတရား'ကို ဘာကြောင့် အလေးပေးသင်ကြားပေးသလဲလို့ မေးလာရင် ကိုယ်ချင်းစာစိတ်ဟာ ပျော်ရွှင်ခြင်း၊ အကျင့်စာရိတ္တစတဲ့ အချက် တွေရဲ့ အဓိကရေသောက်မြစ်ဖြစ်သလို အခြေခံလူ့ကျင့်ဝတ်တွေကို လေ့လာ သင်ကြားနိုင်ဖို့ မရှိမဖြစ်လိုအပ်ချက်လည်း ဖြစ်နေလို့ပါပဲ။

ဒိန်းမတ်နိုင်ငံဟာ ဘာကြောင့် ပျော်ရွှင်မှုညွှန်းကိန်းမြင့်ရသလဲဆိုခဲ့ရင် 'ကိုယ်ချင်းစာတရား'ကို သင်ကြားပေးခြင်းကြောင့်လို့ ဖြေဆိုလို့ရပါလိမ့်မယ်။ ဘာကြောင့် ကိုယ်ချင်းစာတရားကို သင်ကြားပေးရသလဲဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်အမှီသဟဲပြုရင်းက ကြီးပြင်းရှင်သန်ရတဲ့ဘဝကြီးမှာ ကိုယ်ချင်းစာတရားမရှိဘဲနဲ့ အဆင်ပြေပျော်ရွှင်ဖို့ဆိုတာဟာ ခက်တာကြောင့်လို့ ဖြေဆိုရမှာပါပဲ။ ကိုယ်ချင်းစာတရားခေါင်းပါးလာရင် စာရိတ္တပျက်ပြားလာ တတ်တာကိုလည်း မြင်အောင်ကြည့်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။

(၄)
ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ချင်းစာတရားကို သင်ကြားပေးတဲ့ ပညာရေးစနစ်ကို ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဆီ ပုံတူကူးယူပြီး ကျင့်သုံးဖို့ဆိုတာမျိုးကတော့ အတော်လေးကို ခက်လိမ့်ဦးမယ်ထင်ပါတယ်။ ဒါပေမယ့် သူတို့ အလေးအနက်ထားပြီး သင်ကြားပေးနေတဲ့ ကိုယ်ချင်းစာတရားဆိုတာက ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာတွေအတွက် သိပ်စိမ်းတဲ့အရာမျိုးမှ မဟုတ်တာ။ ကျွန် တော်တို့ ကလေးငယ်များကို မိဘဆရာများက လမ်းညွှန်၊ သင်ကြားပေးနိုင်တဲ့ အရာမျိုးမဟုတ်လား။ ဒီအတွက် ကလေးရဲ့စိတ်ဓာတ် ရင့်ကျက်ခိုင်မာဖို့အတွက် ကျောင်းပညာရေးနဲ့တင်မကဘဲ မိဘများကလည်း လိုအပ်တဲ့နေရာကနေ သင်ကြားမှုတွေပြုလုပ်ပေးကြရမှာပါ။

ဆိုတော့ ကျွန်တော်တို့ရဲ့ သားသမီးတွေ ကိုယ်ချင်းစာတရား မြင့်မြင့်မားမား ရှိသူတွေအနေနဲ့ ကြီးပြင်းစေချင်တယ်ဆိုရင် ကျွန်တော်တို့က ဆုပေးဒဏ်ပေးတဲ့ စနစ်ကို တတ်နိုင်သမျှ မကျင့်သုံးမိကြဖို့ အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော်ကတော့ တစ်၊ နှစ်၊ သုံးလေးနဲ့ အဆင့်တွေခွဲတဲ့ စနစ်ဟာ နည်းနည်းလေးအောင်မြင်ပြီး အများကြီးကျရှုံး တဲ့စနစ်လို့ ဝေဖန်သုံးသပ်ပြပါတယ်။ ထိပ်ပိုင်းကကလေးတွေကတော့ ကောင်းပြီး တစ်၊နှစ်၊သုံးမဟုတ်တဲ့ အခြားကလေးတွေကို အားငယ်အောင်လုပ်ထားတဲ့စနစ် ဖြစ်တယ်လို့ ဆိုပါတယ်။

အချင်းချင်းပြိုင်ခိုင်းတဲ့ အလေ့အထကြီးရဲ့နေရာမှာ အတူပူးပေါင်းဆောင် ရွက်ခြင်းဓလေ့ထွန်းကားအောင် မိဘများက ကလေးတွေကို ငယ်ငယ်ကတည်းက စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုမြင့်မားအောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါလိမ့် မယ်။ ပညာရပ်တစ်ခုကိုလေ့သာသင်ကြားတဲ့နေရာမှာ ပြိုင်ဆိုင်တဲ့စိတ်နဲ့မဟုတ် ဘဲ အများအတွက်လို့တွေးတဲ့ ကရုဏာစိတ်နဲ့ လေ့လာသင်ကြားရင် လေ့လာ တဲ့ကလေးတွေအနေနဲ့ ပိုမှတ်မိ ပိုနားလည်သလို လူမှုပတ်ဝန်းကျင်လည်း ပိုပြီးကောင်းမွန်လာနိုင်မှာ အသေအချာပါပဲ။

'အပြိုင်အဆိုင်စိတ်၊ မခံချင်စိတ်ဆိုတာဟာ နျှ နိမ့်တဲ့သူတွေ လုပ်တဲ့ အလုပ်ဖြစ်ပါတယ်။ သိတဲ့သူနဲ့ ပြိုင်တယ်ဆိုတာ မိတ်ဆွေနဲ့ ရန်ဖြစ်တာပဲ' လို့ ဆရာတော်က ဆုံးမပါတယ်။

ဒီစာစုရဲ့အစမှာ ပြောခဲ့တဲ့မေးခွန်းများကို ပြန်ကောက်ရရင် မိဘတွေက ကိုယ့်ရဲ့သားသမီးတွေကို (၁) ဘယ်လို ရှင်သန်ကြီးပြင်းခွင့်ပေးမလဲ၊ (၂)ဘယ်လို အကူအညီအထောက်အပံ့တွေပေးမလဲ၊ (၃) ဘယ်လိုသွန်သင်ဆုံးမမှုတွေနဲ့ ပဲ့ပြင်လမ်းညွှန်မလဲဆိုတဲ့ မေးခွန်းတွေရဲ့ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး အဖြေကတော့ 'ကိုယ်ချင်းစာတရား ထွန်းကားအောင် သင်ကြားပေးခြင်း'ဆိုတာပဲ ဖြစ်ပါတယ်။ ဒီအတွက် အကောင်းဆုံးသက်သေက ဒိန်းမတ်နိုင်ငံရဲ့ ပညာ ရေးစနစ်ဖြစ်ပြီး ကိုယ့်ရဲ့သားသမီးငယ်များကို ပျော်ရွှင်ချမ်းမြေ့တဲ့၊ လူအသိုက် အဝန်းကို အကျိုးပြုတဲ့ သူတွေဖြစ်ချင်တယ်ဆိုရင်တော့ မိဘများကိုယ်တိုင်က ကိုယ်ချင်းစာတရားကို အလေးထားကျင့်သုံးကြဖို့ လိုအပ်သလို ကိုယ့်ရဲ့သားသမီး များကိုလည်း ကိုယ်ချင်းစာတရားကို ဂရုပြုသင်ကြားပေးဖို့ အထူးလိုအပ်ပါလိမ့်မယ်။

ဘယ်ပညာရေးက အကောင်းဆုံးလဲဆိုတာကို ဗုဒ္ဓဘာသာရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လူသားတွေအတွက် အကျိုးများတဲ့ ပညာရေးက အကောင်းဆုံးပဲလို့ အောက်စဖို့ဒ် ဆရာတော်ဒေါက်တာဓမ္မသာမိက ဆုံးမလမ်းညွှန်တော်မူခဲ့ပါတယ်။ ဆရာတော်ရဲ့ ဆုံးမလမ်းညွှန်မှုများကို လိုက်နာကျင့်သုံးရင်းကပဲ မိဘများက ကလေးငယ်များကို ကိုယ်ချင်းစာစိတ်၊ ကိုယ်ချင်းစာတရားဟာ ဘဝဖြတ်သန်းမှုမှာ မဖြစ်မနေအသုံးချရမယ့်အရာဖြစ်တယ်ဆိုတာကို သင်ကြား ပေးနိုင်ကြပါစေ။

#ငြိမ်းချမ်းသာ
၄-၄-၂ဝ၂ဝ

ရည်ညွှန်းကိုးကား/-
အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ ဟောကြားတော်မူသည့်
၁။ ဦးနှောက်ပညာရေးနှင့် စိတ်ခံစားမှုပညာရေး တရားတော်(၂၆-၁၁-၂ဝ၁၉)
၂။ တက္ကသိုလ်ကျောင်းသားကျောင်းသူများအတွက် စိတ်ဖိစီးမှုကိုင်တွယ်ရေး
တရားတော် (၂၂-၁-၂ဝ၂ဝ)

ပြိုင်ဆိုင်တာ ကောင်းလို့လား


 ပြိုင်ဆိုင်တာ ကောင်းလို့လား

တစ်ယောက်နဲ့တစ်ယောက် ပြိုင်ကြဆိုင်ကြတာဟာ ကောင်းတယ်လို့ ယုံကြည်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ကြဖူးပါသလား။ တိုးတက်ဖို့အတွက် ပြိုင်ဆိုင်မှုဟာ ကြီးစွာသောအထောက်အပံ့ဖြစ်တယ်လို့ ယုံကြည်ကြတဲ့
အသိုင်းအသိုင်းတစ်ခုမှာရော ဘာမသိညာမသိနဲ့ ကြိုးစားခဲ့ဖူးပါသလား။ သူများထက် သာအောင်ကြိုးစား၊ သူများထက်သာအောင်လုပ်၊ သူများထက်ကောင်းအောင်နေ ...အစရှိသဖြင့် တစ်ယောက်ယောက်နဲ့ခိုင်းနှိုင်းပြီးတော့ရော စာတွေကျက်ခဲ့ရဖူး၊ အလုပ်တွေလုပ်ခဲ့ရဖူးပါသလား။ အဲဒီလိုမျိုး ကြုံဆုံရှင်သန်ခဲ့ရပြီး မိဘတစ်ယောက်ဖြစ်တဲ့အချိန်မှာလည်းပဲ အဲဒီစနစ်နဲ့ပဲ ကိုယ့်သားသမီးတွေကို ဆက်လက်ပြုစုပျိုးထောင်ပေးနေသူတွေလား။ အဲဒီလိုဆိုရင်တော့ ပြိုင်ဆိုင်ခြင်း နဲ့ တိုးတက်တက်အောင် မောင်းနှင်ခြင်းဟာ တကယ်ပဲ မှန်ရဲ့လားဆိုတာ စဉ်းစားသင့်ကြောင်း ပြောပါရစေ။

ဟုတ်ကဲ့ ...။ အဲဒီနည်းဟာ ကမ္ဘာပေါ်က လူအများစု ကျင့်သုံးနေကြတဲ့နည်းဖြစ်ပြီး အဲဒီနည်းနဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေးမှာ အောင်မြင်ခဲ့ကြသူတွေလည်း အများသားပေါ့လေ။ အဲဒီနည်းဟာ 'ရေတိုအောင်မြင်မှု'အတွက် ဘာမှ စံလွဲမနေပါဘူး။ သို့တိုင်အောင်ပဲ အဲဒီနည်းဟာ ရေရှည်အတွက်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ရှိနေနိုင်ပါတယ်။

ပြိုင်ဆိုင်ခြင်းအားဖြင့် တိုးတက်မှုကိုဖြစ်စေနိုင်တယ်ဆိုတာ ငြင်းလို့မရတဲ့ အချက်ဖြစ်သည့်တိုင်အောင် စိတ်ပိုင်း၊ရုပ်ပိုင်းရယ်လို့ နှစ်ပိုင်းခွဲပြောမယ်ဆိုရင်တော့ မေးခွန်းထုတ်စရာတွေ ရှိလာပါတယ်။ ပြိုင်ဆိုင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာကို တိုးတက်စေပေမယ့် စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လာရင် ဘေးထွက်ဆိုးကျိုးတွေ ရှိနေတာအသေအချာပါပဲ။

ဒါပေမယ့် အုပ်ထိန်းသူအခန်းကဏ္ဍမှာရှိနေတဲ့သူတွေကတော့ 'ပြိုင်ဆိုင် ခြင်း'ကို အကြောင်းနှစ်ချက်နဲ့ ခုံမင်နှစ်သက်လေ့ရှိပါတယ်။ နံပါတ်တစ်ကတော့ အဲဒီပြိုင်ဆိုင်ခြင်းဓလေ့မှာ သူတို့ကိုယ်တိုင်ဖြတ်သန်းခဲ့ရလို့ပါ။ နောက်တစ်ခုကတော့ 'ပြိုင်ဆိုင်မှုရှိရမယ်၊ မခံချင်စိတ်ရှိရမယ်'စတဲ့အချက်တွေနဲ့ ကလေးတွေကို ထိန်းကျောင်းရင် ပိုပြီးလွယ်ကူသက်သာကြလို့ပါပဲ။ အုပ်ထိန်းသူလူတန်းစားတွေ(မိဘ၊ဆရာများ) စဉ်းစားအဖြေရှာဖို့ တွန့်ဆုတ်နေကြတာကတော့ 'အမှတ်များတဲ့သူတွေကို ချီးမြှောက်ပြီး အမှတ်နည်းတဲ့သူတွေကို နှိမ့်ချတာဟာ မှန်ရောမှန်ရဲ့လား'ဆိုတဲ့ မေးခွန်းပါပဲ။

ကမ္ဘာအင်အားကြီးနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်နိုင်ငံကိုပဲ ကြည့်ပါ။ အမေရိကန်ဟာ တစ်ကမ္ဘာလုံးရဲ့သယံဇာတ ၂၅ ရာခိုင်နှုန်းကို အသုံးပြုနေတဲ့ နိုင်ငံပါ။ ပြိုင်ဆိုင်မှုနဲ့ လူတိုင်းကို မောင်နှင်ထားတဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် နိုင်ငံကြီးပေါ့။ အဲဒီနိုင်ငံကြီးမှာ ဆယ်ကျော်သက်ကျောင်းသားကျောင်းသူ ၄ ယောက်မှာ ၁ ယောက်နှုန်းနဲ့ စိတ်ကျရောဂါခံစားနေရတယ်။ အလုပ်လုပ်တဲ့ လူကြီး ၂ဝ ရာခိုင်နှုန်း(၄ ယောက်မှာ ၁ ယောက်က) စိတ်ကျရောဂါ ကာကွယ်ဆေးသောက်နေရတယ်။ စိတ်ညစ်လို့ အရက်သောက်တဲ့သူတွေကိုပါ ထည့်သွင်းတွက်ချက်မယ်ဆိုရင် အလုပ်လုပ်တဲ့သူတွေ ၅ဝ ရာခိုင်နှုန်းနီးပါးက စိတ်ကျရောဂါအတွက် ကာကွယ်ဆေးသောက်နေရတယ်၊ ကုသမှုခံယူနေရပါတယ်။

၂ဝ၁၉ ခုနှစ်အတွင်း ရှေ့တန်းစစ်မျက်နှာပြင်မှာ ကျဆုံးသွားတဲ့ အမေရိကန်စစ်သားအရေအတွက်ထက် ကျောင်းသားတစ်ဦးဦးက ကျူးလွန်တဲ့ ကျောင်းတွင်းပစ်ခတ်မှုမှာသေသွားတဲ့ အမေရိကန် ကျောင်းသားကျောင်းသူတွေက ပိုများတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ ပြိုင်ဆိုင်တတ်တဲ့အလေ့အကျင့်ဟာ ကိုယ့်ရဲ့ပြိုင်ဘက်ကိုကြည့်ပြီး စိတ်ညစ်နေရ၊ စိတ်မလုံခြုံဖြစ်နေရတတ်ပါတယ်။ ပြိုင်ဆိုင်မှုမှာ အမြဲတမ်းရှုံးနေရတဲ့သူတွေဟာ အကြမ်းဖက်တဲ့နည်းနဲ့ အနိုင်ယူတတ်တာကြောင့် ကျောင်းတွင်းပစ်ခတ်မှုဖြစ်ပေါ်လာရတာပါ။ ဆိုတော့ ပြိုင်ဆိုင်တတ်ခြင်းဓလေ့ကို အလေးပေးမွေးမြူတာဟာ၊ ကလေးတွေကို ပြိုင် တတ်ဆိုင်တတ်အောင် သင်ပေးတာမျိုးရဲ့ အကျိုးဆက်ဟာ အကောင်းတွေချည်းပဲ ဖြစ်လာတာမျိုးတော့ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ နားလည်ကြရ မှာဖြစ်ပါတယ်။

(၂)
'ကောင်းတာတွေတော့ ပြိုင်ဆိုင်သင့်တယ်'အယူအဆမျိုး၊ 'ကျောင်းမှာ စာပြိုင်တာ ဘာမှမဖြစ်ပါဘူး'ဆိုတဲ့ စိတ်ကူးမျိုးဟာ ရာနှုန်းပြည့်မှန်ရဲ့လား ဆိုတာကိုလည်း ကျွန်တော်တို့ ပြန်ဆန်းစစ်သင့်ပါတယ်။ ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော်ကတော့'ကျောင်းမှာ စာပြိုင် တယ်ဆိုရင်လည်းပဲ ကိုယ်နဲ့ ပြိုင်ဖက်တစ်ယောက်ကို သူငယ်ချင်းလို့ မမြင်နိုင်တော့ဘူး။ ရန်သူလို့မြင်တာ။ အဲဒီကျောင်းသားနှစ်ယောက် ဝန်ကြီးဖြစ်သွားရင် သူတို့နှစ်ယောက်က ပူးပေါင်း ဆောင်ရွက်မှု မရှိဘူး။ သူ့ဝန်ကြီးဌာနနဲ့ ကိုယ့်ဝန်ကြီးဌာန ဆက်ပြိုင်နေမှာ။ side effects (ဘေးထွက်ဆိုးကျိုး)များသွားတယ်'လို့ ဆုံးမတော်မူပါတယ်။

ပြိုင်ဆိုင်ခြင်းရဲ့ နောက်ထပ်ဘေးထွက်ဆိုးကျိုးတစ်ခုကို ပြောရမယ်ဆိုရင် ခင်ဗျားဟာ ပြိုင်ဆိုင်ခြင်းဓလေ့ကို မွေ့လျော်သူမိဘတစ်ဦးပဲ ဆိုပါတော့။ အလုပ်မှာ အပြိုင်အဆိုင်ကြိုးစားတတ်သူတစ်ဦးပဲ ဆိုပါတော့။ ပြိုင်ဆိုင်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဖိအားနဲ့ မွန်းကျပ်မှုတွေကို အလုပ်မှာမထားခဲ့နိုင်ဘဲ မိသားစုရှိရာ အိမ်အထိ သယ်ဆောင်သွားမိတယ်ဆိုပါတော့။

အလုပ်ကပါလာတဲ့ (ဝါ) ပြိုင်ဆိုင်ခြင်းဓလေ့ကြောင့်ဖြစ်တည်နေတဲ့ ဖိအားကြောင့် ကိုယ့်သားသမီးရဲ့ မျက်နှာပေါ်က ခံစားချက်ကိုတောင် မဖတ်တတ်တဲ့ အခြေအနေကို ရောက်သွားတတ်ပါတယ်။ တစ်ရက်က တစ်လ၊ တစ်ခါကနှစ်ခါ ကိုယ့်ရဲ့ကလေး ဘာဖြစ်နေတယ်၊ ဘာခံစားနေရတယ်ဆိုတာကို မသိလိုက်တဲ့အခါ ကိုယ့်ရဲ့သားမီးတွေက မိဘတွေဟာ သူတို့ရဲ့ခံစားချက်ကို နားမလည်ဘူးလို့ ထင်သွားတတ်ပါတယ်။ အဲဒီလိုထင်သွားရင် အားငယ်စိတ်က ကလေးတွေရဲ့စိတ်ထဲ ကြီးစိုးနေရာယူသွားတော့တာပါပဲ။

အားငယ်တတ်တဲ့ကလေးဟာ ကျောင်းရောက်ပြန်တော့လည်း အားငယ် စိတ်နဲ့ လူရာမဝင်၊ လူဝင်မဆံ ဖြစ်တတ်ပါတယ်။ မပြောရဲမဆိုရဲ ဘဝမှာ တစ်ယောက်တည်း အထီးကျန်နေတတ်ပါတယ်။ သူငယ်ချင်းတစ်ယောက် ယောက်က အကြောင်းတစ်စုံတစ်ရာကြောင့် နှုတ်မဆက်ဖြစ်ရင်တောင် သူ့ အားငယ်စိတ်က သူ့ကို စိတ်ထိခိုက်ခံစားရအောင် လုပ်တော့တာပါပဲ။ ပြိုင်ဆိုင်ခြင်းအလေ့ကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲတွေက အဲဒီလောက်ထိ အကျိုးသက်ရောက်မှုကြီးပါတယ်။

ကျောင်းသားကျောင်းသူတွေမှာလည်းပဲ ပြိုင်ဆိုင်ခြင်းအလေ့ကို လွန်လွန်ကဲကဲအလေးပေးကြမယ်ဆိုရင် ပြိုင်ဘက်အကြောင်းတွေးနေတာနဲ့ပဲ စာရဲ့အရသာကို မခံစားနိုင်ကြတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ စာရဲ့အရသာဆိုတာက ပညာရေးကနေတစ်ဆင့်ပေးတဲ့ ဘဝအသိပါ။ တကယ်လို့များ ပညာရေးက ဘဝအသိမပေးနိုင်ရင် ဦးနှောက်မဖွံ့ဖြိုးပါဘူး။ ဦးနှောက်ဖွံ့ဖြိုးမှုမရှိရင်တော့ IQလည်းနိမ့်၊ EQ လည်းနိမ့်တဲ့သူ ဖြစ်လာနိုင်ပါတယ်။ ဒါထက်မက ပြိုင်ဆိုင်ချင်တဲ့ဉာဉ်အားကောင်းသွားရင်တော့ မောင်နှမချင်းလည်း ပြိုင်၊ လင်မယားချင်းလည်းပြိုင်တဲ့အဆင့်ထိကို ရောက်သွားတတ်ပါတယ်။ အထူးအားဖြင့်တော့ ပြိုင်ဆိုင်ချင်စိတ်ကြီးသွားတဲ့သူဟာ ကိုယ်ချင်းစာစိတ်နည်းသွားတတ်တာပါပဲ။

(၃)
လူတွေဟာ ဘာလို့များ ပြိုင်ကြဆိုင်ကြလဲဆိုရင် သူများရဲ့ အသိအမှတ် ပြုမှုကို လိုချင်လို့ ပြိုင်ကြတာပါ။ လူဟာ တစ်ယောက်တည်းမနေတတ်တဲ့ သတ္တဝါပါ။ အသိုင်းအဝိုင်း တစ်ခုခုမှာ ပါဝင်ချင်တဲ့ စိတ်ပိုင်းဆိုင်ရာ
လိုအပ်ချက်က လူတိုင်းမှာ ရှိပါတယ်။ အဲဒီလိုအပ်ချက် မရရင် အားငယ်တာမျိုးဖြစ်ပြီး စိတ်ထဲမလုံခြုံမှုတွေကိုလည်း ခံစားနေရတတ်ပါတယ်။ အဲဒီခံစားမှုက
လွတ်မြောက်အောင် ပြိုင်ကြဆိုင်ကြရင်းနဲ့ပဲ မလိုအပ်တဲ့စိတ်ဖိစီးမှုတွေ၊ ဒုက္ခတွေကို ဘဝထဲ အဝင်ခံလိုက်ကြတာပါ။

ဥရောပသမဂ္ဂနိုင်ငံများမှာတော့ အဆင့်သတ်မှတ်ချက်တွေခွဲထားတဲ့ ကျောင်းသားကျောင်းသူချင်း ပြိုင်ဆိုင်ခိုင်းတဲ့ ပညာရေးမျိုး မရှိတော့ပါဘူး။ အဲဒီ ပညာရေးစနစ်ဟာ ကလေးတွေကို စိတ်ဖိစီးမှုများစေတယ်၊ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးအဆင်မပြေမှုတွေဖြစ်စေတယ်၊ စိတ်ကျရောဂါကို ခံစားရစေနိုင်တယ်၊ ပျော်ရွှင်မှုကိုလည်း လျော့ကျစေတယ် ...စတဲ့ အချက် တွေကြောင့် ပြိုင်ဆိုင်တဲ့ပညာရေးထက် ကိုယ်ချင်းစာတရားကို အလေးပေး သင်ကြားပေးတဲ့ ပညာရေးကို ပြောင်းလဲ သင်ကြားပေးတာကြတာပါ။

ကျောင်းသားကျောင်းသူတွေအနေနဲ့ကလည်း စာကျက်မယ်ဆိုရင်၊ စာတစ်ပုဒ်ကိုလေ့လာမယ်ဆိုရင် ပြိုင်ဆိုင်ချင်စိတ် အစား အနားက ပြဿနာကို ဆင်ခြင်ပြီး စာကျက်တာပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။ ဥပမာ အနားက စာမတတ်တဲ့သူတွေ၊ ပညာသင်ဖို့အခွင့်အလမ်း မရှိကြသူတွေကို ကူညီနိုင်ဖို့အတွက် လေ့လာတာမျိုးပါ။ အဲဒီလို ပြိုင်ဆိုင်ချင် စိတ်မဟုတ်တဲ့ အများအတွက်ဆိုတဲ့ ကရုဏာစိတ်နဲ့ လေ့လာရင် ကျက်ရင် စာကို ပိုနားလယ်လွယ်၊ ပိုမှတ်မိလွယ်တယ်လို့ ဆိုပါတယ်။

ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော်က ပြိုင်ဆိုင်ချင်စိတ်နဲ့ ကြိုးစား အားထုတ်ခဲ့ကြတဲ့ ဘာသာစုံဂုဏ်ထူးရှင်တွေနဲ့ စကားပြောကြည့်တဲ့အခါ အဲဒီ ကျောင်းသား၊ကျောင်းသူတွေက စာကို မမှတ်မိကြတာတွေ၊ ကျောင်းအကြောင်း ပြန်ပြောတဲ့အခါမှာလည်း ပျော်ရွှင်စရာသတိရမှု(ံHappy Memories) အများကြီးမရှိတာကို တွေ့ရတယ်လို့ဆိုပါတယ်။ အဲဒီတွေ့ရှိမှုကနေ အလေးအနက်ထားစဉ်းစားသင့်တာကတော့ ဒီစာစုရဲ့အစပိုင်းမှာ ဖော်ပြခဲ့တဲ့ 'အမှတ်များတဲ့သူတွေကို ချီးမြှောက်ပြီး အမှတ်နည်းတဲ့သူတွေကို နှိမ့်ချတာဟာ မှန်ရော
မှန်ရဲ့လား' ဆိုတဲ့ အချက်ပါပဲ။ ပြိုင်ဆိုင်ချင်စိတ်ကြောင့် မလိုအပ်တဲ့စိတ်ဆင်းရဲမှုတွေ ဘဝထဲကို ဝင်ရောက်လာတတ်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး အထူး သတိထားဆင်ခြင်ဖို့ လိုအပ်ပါတယ်။

အန္တရာယ်၊ ကြောက်ရွံ့မှုကို အာရုံပြုပြီး ကြိုးစားတဲ့ စိတ်ထက် အများရဲ့ဒုက္ခ ကို ဖြေရှင်းပေးချင်တဲ့ မေတ္တာ၊ ကရုဏာစိတ်ကသာလျှင် ပိုမိုကောင်းမွန်ကြောင်း မြတ်ဗုဒ္ဓက သင်ကြားပေးတော်မူခဲ့ပါတယ်။ မြတ်ဗုဒ္ဓ အလောင်းတော်ဘဝက သတ္တဝါတွေရဲ့ ဒုက္ခကိုရှုမြင်ခဲ့ပုံ၊ လွတ်မြောက်အောင်ကူညီဖို့ စဉ်းစားရင်း ကြိုးစားခဲ့ပုံမျိုးကို အတုယူဖို့ အထူးလိုအပ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင်တော့ ပြိုင်ဆိုင်ချင်စိတ် သိပ်များလာတဲ့အခါ ကရုဏာစိတ် ခေါင်းပါးသွားတတ်ပါတယ်။ အများကိုကိုယ်ချင်းစာတဲ့ ကရုဏာစိတ် အားနည်းသွားတဲ့အခါ အကောင်းမြတ်တတ်တဲ့စိတ်လည်းပဲ ပါးလျသွားတတ်ပါတယ်။ အဲဒီလိုအခြေအနေမှာ ကြောက်စိတ်(ဒေါသ)က အားကောင်းလာတတ်ပြီး အဲဒီကြောက်စိတ်က အသိအမှတ်ပြုခံချင်၊ နေရာလိုချင်လာတတ်ပါတယ်။ အသိအမှတ်ပြုခံရဖို့အတွက် တစ်ပါးသူထက်ပိုကောင်းအောင်၊ ပိုတော်အောင် ကြိုးစားရမယ်ဆိုတဲ့ ပြိုင်ဆိုင်ချင်စိတ်ဟာ လေးလံလှတဲ့ ဝန်ထုပ်ဝန်ပိုး မျှသာဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်အောင် ကျွန်တော်တို့ ကြိုးစားအားထုတ်ကြရမှာပါ။

ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော်က 'ပြိုင်တယ်ဆိုတာ ကိုယ့် ပျော်ရွှင်မှု သူ့ဆီရောက်နေလို့ဖြစ်ကြောင်း' အလေးအနက်ထား ဆုံးမတော် မူပါတယ်။ ပြိုင်ဆိုင်ခြင်းကြောင့် အလင်းကနေ အမှောင်ကို
ရောက်သွားတတ်ကြောင်းကိုလည်း လမ်းညွှန်ပြသတော်မူပါတယ်။ ပြိုင်ဆိုင်ခြင်းဟာ ကိုယ့်ပန်းတိုင်ဆီ ခရီးပြင်းနှင်တဲ့အခါ အလွယ်တကူလမ်းချော်နိုင်ပြီး အရှိတရားကို ပုံဖျက်တဲ့စက်ကွင်းမျှသာဖြစ်ပါတယ်။

ဆိုတော့ ... ပြိုင်ဆိုင်တာ တကယ်ပဲ ကောင်းလို့လား။

#ငြိမ်းချမ်းသာ #သုဝဏ္ဏသျှမ်
စာပြီးရက်စွဲ-၁၁-၄-၂ဝ၂ဝ
ရည်ညွှန်းကိုးကား/-
အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ ဟောကြားတော်မူသည့်
၁။ ဦးနှောက်ပညာရေးနှင့် စိတ်ခံစားမှုပညာရေး တရားတော်(၂၆-၁၁-၂ဝ၁၉)
၂။ ပြိုင်လို့ ဒုက္ခများတယ် တရားတော် (၂-၁၂-၂ဝ၁၉)
၃။ မုဒိတာဦးနှောက်ဖြင့် မုဒိတာတိုင်းပြည်တည်ဆောက်ခြင်း တရားတော် (၄-၁-၂ဝ၂ဝ)

ကလေးငယ်တွေကို ပြဿနာဖြေရှင်းတဲ့ အသိဉာဏ်ရအောင် သင်ပေးပါ


❒ ကလေးငယ်တွေကို ပြဿနာဖြေရှင်းတဲ့
အသိဉာဏ်ရအောင် သင်ပေးပါ

________________________

(၁)
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ဟောကြားတော်မူတဲ့ တရား တော်တွေထဲမှာ 'တရားထိုင်၍ ဦးနှောက်ခွဲစိတ်ပါရဂူဖြစ်လာတဲ့ ဆင်းရဲသားလေး'ဆိုတဲ့ တရားတစ်ပုဒ်ရှိပါတယ်။ အမေရိကန်နိုင်ငံက ဦးနှောက် ခွဲစိတ်ပါရဂူတစ်ဦးဖြစ်တဲ့ ပါမောက္ခ ဂျိမ်းစ်ဒိုတီရဲ့ဘဝဖြတ်သန်းမှုအကြောင်းကို ဟောပြောထားတာပါ။ တရားထိုင်ခြင်းကြောင့်ရရှိတဲ့ စိတ်ဓာတ်ခွန်အားများ နဲ့ ဆင်းရဲသားဘဝမှ သန်းကြွယ်သူဌေးကြီးဘဝအထိ အောင်မြင်ခဲ့ပုံတွေကို ဟောပြောထားတဲ့တရားတော်ဖြစ်ပါတယ်။ (ပါမောက္ခကြီးအကြောင်းကို 'မေတ္တာတရားရဲ့ခေါ်သံ'အမည်နဲ့ ကျွန်တော်ရေးခဲ့ပြီးဖြစ်ပါတယ်။)

အဲဒီတရားတော်ထဲမှာ ပါမောက္ခကြီးရဲ့ ဘဝဖြတ်သန်းမှုကို ဟောပြော နေရင်းက မိဘတွေအနေနဲ့ သတိထားဆင်ခြင်သင့်တဲ့အကြောင်းအရာ တစ်ချို့ကိုလည်း ဆရာတော်က ထည့်သွင်းဟောပြောခဲ့ပါတယ်။ အဲဒါကတော့ ကလေးငယ်တွေရှေ့မှာ မိဘတွေအနေနဲ့ ရန်မဖြစ်ကြဖို့ပဲ ဖြစ်ပါတယ်။

အောက်စဖို့ဒ်ဆရာတော်က 'ကလေးငယ်တွေဟာ ၂ နှစ် ၃ နှစ် အရွယ်က စလို့ ၆ နှစ် ၇ နှစ်အရွယ်အထိ မိဘတွေစကားများကြတယ်ဆိုရင် အဲဒီ စကားများကြတဲ့ကိစ္စအပေါ်မှာ သူတို့နားမလည်နိုင်ကြသေးပါဘူး။ ဒါပေမယ့် အခြေအနေဆိုးနေတာကိုတော့ သူတို့ကသိကြပါတယ်။

နောက်တော့ အားငယ်စိတ်ဝင်လာတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်မြင်တဲ့စိတ်လည်း ဝင်လာတတ်တယ်။ မိဘမေတ္တာတစ်ခုတည်းအပေါ် မှီခိုရင်း ကြီးပြင်းနေရချိန်မှာ မိဘတွေဟာ သူတို့ရဲ့ကမ္ဘာပါပဲ။
အဲဒီကမ္ဘာ မီးတောက်ရင် ကလေးငယ်အဖို့ ကမ္ဘာပျက်တာပါပဲ' လို့ ဆုံးမ ဟောကြားတော်မူခဲ့ပါတယ်။

မိဘတွေအနေနဲ့ ကလေးငယ်ရှေ့မှာ စကားများကြ ရန်ဖြစ်ကြတာများရင် ကလေးငယ်တွေရဲ့ စိတ်ထဲမှာ စိတ်ဒဏ်ရာ အကြီးအကျယ်ရတတ်ပါတယ်။ အဲဒီ စိတ်ဒဏ်ရာက သိမ်ငယ်စိတ်ကိုဖြစ်စေပြီး သိမ်ငယ်စိတ်ကြောင့်ပဲ အကြောင်း အရာတစ်ခု၊ အခြေအနေတစ်ခုခုအပေါ်ကို သုံးသပ်ရင် မဖြစ်နိုင်ပါဘူးဆိုတာက စတွေးပြီး အမြဲနောက်တတ်တဲ့အလေ့လည်း စွဲသွားတတ်တယ်လို့ ဆိုပါတယ်။ ကိုယ့်ဒေါသကို ထိန်းမရတာနဲ့ ပေါက်ကွဲကြတဲ့ မိဘနှစ်ယောက်ရဲ့ ရန်ပွဲက ကလေးဆီမှာ သွားပြီး မကောင်းတဲ့အကျိုးသက်ရောက်မှုဖြစ်တတ်တယ်ဆိုတာကို သတိထား ဆင်ခြင်ကြဖို့ပါပဲ။

'မိသားစုတစ်ခုအတွင်းမှာ တစ်ဦးချင်း စိတ်ခံစားမှု(Individual Emotion) က အရေးကြီးသလို မိသားတစ်စုလုံးကို စုပေါင်းခံစားတဲ့ Collective Emotion လည်း အရေးကြီးပါတယ်'လို့ ဆရာတော်က ၂ဝဝ၆ ခုနှစ်က ရေးခဲ့တဲ့ စိတ်ခံစားမှုကျန်းမာရေး စာအုပ်မှာရေးသားခဲ့ဖူးပါတယ်။

(၂)
ကလေးငယ်တွေရဲ့ စိတ်ခံစားမှုဟာ သိမ်ကိုနုနယ်ဖြူစင်လှတဲ့အတွက် မိဘ အဖြစ်ကိုရောက်ပြီဆိုရင် ကျွန်တော်တို့ဟာ အစစအရာရာ သတိထားရပါတော့တယ်။ ကျွန်တော်တို့ရဲ့ဘဝထဲကို သူတို့လေးတွေ ဝင်ရောက်လာပြီဆိုကတည်းက ပြင်ဆင်သင့်တာတွေ ပြင်ဆင်ရ၊ ပြုပြင်သင့်တာတွေ ပြုပြင်ရ၊ ပြောင်းလဲသင့်တာတွေ ပြောင်းလဲခဲ့ရတာပါ။ ကျွန်တော်တို့ရဲ့ ဘဝထဲကို ကလေးတွေ ရောက်ရှိလာပြီးနောက် ရရှိလာတာတွေ အများကြီးထဲကမှ အထူးအားဖြင့်တော့ 'မိဘမေတ္တာ'ကို အပြည့်အဝ ဆင်ခြင်နားလည်မိခြင်းဖြစ်တယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။

အထက်မှာပြောခဲ့သလို ကလေးရှေ့မှာ ရန်မဖြစ်တာကအစ ကလေးကို အရုပ်ဝယ်ပေး ဝယ်ပေးတာအထိ အဆုံး ကျွန်တော်တို့မှာ သတိထားဆင်ခြင်စရာတွေ အများကြီးပါပဲ။ ဘာကြောင့်လဲဆိုတော့ personality လို့ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုက ဘယ်ကနေလာတုန်းဆိုတော့ habit ဆိုတဲ့ 'အလေ့အကျင့်'ကနေလာတာဖြစ်ပါတယ်။ အဲဒီ အလေ့အကျင့်က မိသားစုကနေ လာပါတယ်။ ဒါကြောင့် မိသားစုအတွင်း နေထိုင်ပြုမူပြောဆို ပုံတွေဟာ အရေးကြီးလှပါတယ်။

ကလေးငယ်အတွက် အရွယ်နဲ့မမျှတဲ့ စိတ်ဖိစီးမှုတွေကို လူကြီးတွေကိုယ် တိုင်က (ဝါ) မိဘတွေကိုယ်တိုင်က ဖန်တီးပေးတာမျိုးတွေလည်း တစ်ခါတစ်လေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ 'ပေါ့စေလို၍ ကြောင်ရုပ်ထိုး ဆေးကြောင့်လေး ရတယ်'ဆိုတဲ့အဖြစ်မျိုးတွေပါ။ ဥပမာ အရုပ်တွေအလွန်အကျွံဝယ်ပေးတာမျိုးပေါ့။

အဲဒီအကြောင်းကို အောက်စဖို့ဒ်ဆရာတော်က အခုလိုရှင်းပြထားပါတယ်။
'နုနယ်လှတဲ့ ကလေးတစ်ယောက်ကို အရုပ်နှစ်ခုပေးခဲ့ရင် ဒီကလေးရဲ့ ဦးနှောက်ကို အချိန်မတိုင်မီ စောစောစီးစီး ဖိစီးရာ ရောက်တယ်။ Pressure ပေးတယ်ပေါ့။ ကလေးက ဘယ်အရုပ်ကို ပိုကြိုက်တယ်ဆိုတာ ရွေးရတာကိုး။ အရုပ်သုံးခုဆိုရင် ဖိစီးမှုဒဏ်ပိုများတာ ပြောစရာမရှိဘူး။

စိတ်ဖိစီးမှုများလာရင် ဒီကလေး သူ့အရုပ်တွေအားလုံးကို စိတ်ဝင်စားမှု နည်းသွားမယ်။ ငြီးငွေ့လွယ်မယ်။ ဒါက ကလေးရဲ့ စိတ်ခံစားမှု emotion စချို့ယွင်းလာတာပဲ။ ကြီးလာရင် စိတ်ခံစားမှုပိုင်းမှာ ဆောက်တည်ရာမရဘဲ ဖြစ်နိုင်တယ်' လို့ ဆိုပါတယ်။

အရုပ်တွေ အများကြီးရှိတဲ့ကလေးငယ်တွေမှာ စိတ်ဖိစီးမှုဝင်ရောက်နိုင် သလို အရုပ်မရှိတဲ့ကလေးငယ်တွေမှာလည်းပဲ စိတ်ခံစားမှုဖွံ့ဖြိုးရေး နှောင့်နှေးနိုင်တယ်လို့ ဆရာတော်က ဆက်ပြီး ရှင်းပြပါတယ်။

'ဘာအရုပ်မှ ကစားစရာမရှိတဲ့ကလေးလည်း စိတ်ခံစားမှု ဖွံ့ဖြိုးရေးဖြစ် လာစေဖို့ နှောင့်နှေးနိုင် (သို့မဟုတ်) ထိခိုက်နိုင်တာပဲ။ သူများတွေကိုပဲ တစ်ချိန်လုံး အားကျနေရရင် အားငယ်တဲ့စိတ် အမြဲကိန်းဝပ်တတ်တယ်။

အားငယ်တဲ့စိတ်ဆိုတာ ဒေါသပါပဲ။ ဒေါသဆိုတဲ့ ပါဠိစကားလုံးဟာ ဖျက်စီးတတ်တဲ့ စိတ်ခံစားမှု destructive emotion လို့ သဘောရပါတယ်။

အဲဒီတော့ ကစားစရာအရုပ်တွေဟာ ကလေးတွေအတွက် သူတို့ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲ ခြေစုံကူးခတ်ပျော်ရွှင်စေဖို့ အားထားရာအဖော်တစ်ခုနဲ့ မိမိကိုနွေးထွေးမှုပေးတဲ့ ပိုင်ဆိုင်မှုတစ်ုဖြစ်စေဖို့ ဖြစ်ပါတယ်။ စိတ်ခံစားမှုဖွံ့ ဖြိုးရေးအတွက်ပေါ့။

ဒါကြောင့် အလယ်အလတ်လမ်းစဉ်(မဇ္ဈီမပဋိပဒါ-Middle Path)ဟာ စိတ်ခံစားမှုကျန်းမာရေးအတွက် ကောင်းပါတယ်' ... လို့ ၂ဝဝ၆ ခုနှစ်က ရေးခဲ့တဲ့ စိတ်ခံစားမှုကျန်းမာရေး စာအုပ်မှာ ရေးသားဆုံးမတော်မူပါတယ်။

မိဘရယ်လို့ဖြစ်လာရင်၊ မိသားစုရယ်လို့ဖြစ်လာရင်၊ ကျွန်တော်တို့ဘဝထဲကို ကလေးငယ်လေးတွေ ရောက်လာတဲ့အချိန်မျိုးကြရင်တော့ ကျွန်တော်တို့ဟာ ဆင်ခြင်စရာတွေအများကြီးနဲ့ကို နေထိုင်ရှင်သန်ကြရတော့မှာပါ။ ကလေးနဲ့ ကိုယ့်ရဲ့ကြားမှာ မျှခြေတစ်ခုရှာပြီး ဟန်ချက်ညီအောင် နေထိုင်နိုင်ပါမှ ကလေးက လောကကို ကောင်းကျိုးပြုနိုင်တဲ့ကလေးတစ်ယောက်အဖြစ် လူလားမြောက်မှာ လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။

(၃)
ဆိုတော့ သိပ်ကိုပဲ သိမ်မွေ့လွန်းလှတဲ့ ကလေးငယ်တွေကို ကျွန်တော်တို့ ဘယ်လိုပြုစုပျိုးထောင်ကြမလဲဆိုတဲ့ မေးခွန်းက ဒီနေရာမှာ ရှိလာပါပြီ။ အဲဒီ မေးခွန်းနဲ့ပတ်သက်ပြီး 'မုဒိတာဦးနှောက်ဖြင့် မုဒိတာတိုင်းပြည်တည်ဆောက် ခြင်း' ဆိုတဲ့ တရားတော်ထဲမှာ အောက်စဖို့ဒ်ဆရာတော် ဟောကြားတော်မူ ခဲ့တဲ့ ဆုံးမစကားများကို ပြန်လည်ဖော်ပြလိုပါတယ်။

'ကရုဏာဟာ A Tool for Happiness စိတ်ချမ်းသာမှုအတွက် အခြေခံ ပဲ။ ပြဿနာကို ကိုင်တွယ်တဲ့နေရာမှာ သနားတဲ့စိတ်နဲ့ ကိုင်တွယ်ရင် ကရုဏာ လို့ခေါ်တာ။ နောက် ကရုဏာက ပြဿနာကို ရင်းနှီးအောင်၊ ပြဿနာကို စိတ်ဝင်စားအောင် လေ့ကျင့်တာ။ လေ့ကျင့်ယူလို့ရတယ်။

အိမ်မှာဆိုရင်လည်းပဲ ကလေးတွေကို ငယ်ငယ်ကတည်းကစပြီးတော့
ပြဿနာနဲ့ ရင်းနှီးအောင် ဘဝရဲ့ပြဿနာ၊ ကျောင်းသွားမယ်ဆိုရင် ကျောင်းရဲ့ ပြဿနာ၊ လူ့အသိုင်းအဝိုင်းက ပြဿနာ၊ သူ့အရွယ်လေးနဲ့သူ ပြဿနာကို ရင်းနှီးအောင် နည်းနည်းစီ၊ နည်းနည်းစီ သူတို့ကို မိတ်ဆက်ပေး။ introduce လုပ်ပေး။

နောက်ပြီးတော့ ပြဿနာဆိုတာ ဥပမာ လွယ်ကူတဲ့ ပြဿနာလေးဆိုပါ တော့။ ထမင်းစားတဲ့အချိန်မှာ ကလေးအနေနဲ့ သိတတ်တဲ့အချိန်လေးက ထမင်းစားတဲ့အချိန်မှာ အစားအစာတွေ စားပွဲပေါ်မှာ ဖိတ်တယ်ဆိုရင် ဒီဟာကို သင်ခန်းစာအနေနဲ့ အသုံးပြုနိုင်တယ်။ မိသားစုအနေနဲ့ ...။

အဲဒါကို ဒီအတိုင်းပဲ စိတ်ညစ်ညစ်နဲ့ သန့်ရှင်းရေးလုပ်လိုက်ရင်လည်း ပြီးတာတော့ ပြီးသွားတာပဲ။ ဒါပေမယ့် ဒီပြဿနာကို မိသားစုအနေနဲ့ လေ့ လာ၊ စာထဲမှာလည်း လေ့လာ၊ ဆွေးနွေးတာလည်း ဆွေးနွေး။ တကယ်လို့ ထမင်းလုံးတွေ၊ ဟင်းတွေ အဲဒီလို စားပွဲပေါ်မှာကျရင် ဘယ်လိုပြဿနာဖြစ် တတ်တုန်း။

တချို့ကတော့ ကလေးတွေကို သင်လိုက်တယ်။ အဲဒီလိုမလုပ်နဲ့၊ ယင် ကောင်တွေ ပေါတတ်တယ်။ ပိုးကောင်တွေ လာတတ်တယ်။ ကြွက်တွေ လာတတ်တယ်။ အဲဒါက ကလေးတွေကို information (သတင်းအချက်အ လက်)ပေးလိုက်တာ။ တကယ်လို့ သူကမှတ်မိတယ်ဆိုရင် စားပွဲကို သန့်ရှင်း အောင်လုပ်မှာ။ ဒါပေမယ့် learning process (သင်ယူမှုဖြစ်စဉ်)ထဲမှာ သူမပါဘူး။ ကိုယ်အသုံးပြုလိုက်တဲ့ဟာက teaching process(သင်ကြားမှုဖြစ် စဉ်)ကို ပြောတ။ teaching ဆိုတာက သူ့ကိုသင်လိုက်တာ။ ဒီလိုထိုင်၊ ထမင်း လုံးက ဒီလိုကျရင်ကြွက်တွေပေါတတ်တယ်။ ပုရွက်ဆိတ်တွေ ပေါတတ်တယ်။

ဒါ အရင်တုန်းကspoon-feeding (ကိုယ်ပိုင်အားမထုတ်ဘဲ သူတစ်ပါးကို မှီခိုအားထားသည့် နိုသက်ခံစေ၍ သင်ကြားပေးသည့်စနစ်)သင်တဲ့ပုံစံမျိုးနဲ့သင်တာ။ အဲဒီလိုမဟုတ်ဘဲနဲ့ student center(ကျောင်းသားဗဟိုပြုစနစ်) ပုံစံမျိုးနဲ့သင်မယ်၊ ပြဿနာကို နားလည်အောင် သင်မယ်ဆိုရင် ဒီဟာက ပြဿနာ ဖြစ်၊မဖြစ် မေးရမှာ။ ကလေးကတော့ မဖြစ်ဘူး ပြောရင်ပြောမှာပေါ့၊ ဖြစ်တယ်လို့ ပြောရင်ပြောမှာ။

အဲဒီဟာကို ဘယ်လိုလုပ်ရမှာတုန်း။ မိဘနဲ့ သားသမီးနဲ့ ဆွေးနွေးရမှာ။ တကယ်လို့ ထမင်းလုံးက ပြဿနာဖြစ်တယ်ဆိုရင် ဘာပြဿနာဖြစ်တတ်တုန်း။ ကလေးကို home work (အိမ်စာ)ပုံစံမျိုး၊ project(သုတေသန)ပုံစံမျိုးပေး။ ကလေးက အဲဒါဆိုရင် ပြဿနာကို ကိုင်ပြီးတော့ အဖြေမှန်လိုက်ရှာတတ်တဲ့ အကျင့်လေးရလာတယ်။

ဖိနပ်ချွတ်ထားတာ မညီလို့ အဲဒါ ဝင်ရင်ထွက်ရင် အဲဒီဖိနပ်ကို နင်းမိ တယ်ဆိုရင် အဲဒါကိုလည်းပဲ ကလေးကို သင်ပေးနိုင်တယ်။ အိမ်မှာ မိသားစု လိုက်သင်ပေးနိုင်တယ်။ ဒါကို ပြဿနာတစ်ခုအနေနဲ့ယူဆပြီးတော့ ဒီဟာကို ဘယ်လိုရှင်းမှာတုန်း။ ဒီပြဿနာက အိမ်ရဲ့ တခြားရှုထောင့်တွေကို၊ မိသားစု ရဲ့တခြားအမြင်တွေကို ဘယ်လို effect(အကျိုးသက်ရောက်မှု)ဖြစ်တုန်း။ အဲဒီ ဟာလေးကို ဆွေးနွေးကြပေါ့။

တစ်ကြိမ်တည်းနဲ့ ဆွေးနွေးတာ ပြေလည်ချင်မှ ပြေလည်မယ်။ နားလည် ချင်မှ နားလည်မယ်။ နှစ်ကြိမ်ဖြစ်ရင်ဖြစ်မယ်။ သုံးကြိမ်ဖြစ်ရင်ဖြစ်မယ်။ လေး ကြိမ်ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် ဆွေးနွေးလိုက်လို့ ကလေးက နားလည်သွား ရင် စည်းကမ်းတစ်ခုတည်းတင်ရတာမဟုတ်ဘူး။ ပြဿနာကို ဖြေရှင်းတဲ့ Conflict resolution အဲဒီအသိဉာဏ်ပါ သူ ရသွားတယ်။

ပြဿနာကို အဓိကထားပြီးပြောတယ်ဆိုတာ ဗုဒ္ဓတရားတော်ရဲ့ အခြေခံပဲ'

ပြဿနာကို ရင်ဆိုင်ဖြေရှင်းရဲတဲ့ စိတ်ဓာတ်ကို မိဘများက ကလေးငယ် များကို ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးဖို့ ဆရာတော်က ဆုံးမတာ လို့ ကျွန်တော်တို့ နားလည်ကြရမှာဖြစ်ပါတယ်။

(၄)
အထက်မှာ ကျွန်တော်ရေးပြခဲ့တာတွေကို အနှစ်ပြန်ချုပ်မယ်ဆိုရင် ...
(၁) မိဘတွေအနေနဲ့ ကလေးငယ်တွေရှေ့မှာ ရန်ဖြစ်တာမကောင်းဘူး။ ကလေးစိတ်ထဲ ကမ္ဘာပျက်သလိုခံစားရပြီး သိမ်ငယ်စိတ်ဝင်တတ်တယ်။
(၂) ကလေးကို အရုပ်တွေအများကြီးဝယ်ပေးတာလည်း မကောင်းဘူး၊ တစ်ခုမှ ဝယ်မပေးတာလည်းမကောင်းဘူး။ အလယ်အလတ်လမ်းစဉ်ကို ကျင့် သုံးသင့်တယ်။
(၃) ပြဿနာကို ရင်ဆိုင်ရဲ၊ ဖြေရှင်းရဲတဲ့ စိတ်ဓာတ်နဲ့ စိတ်ထားကိုလည်း ငယ်စဉ်ဘဝက စလို့ သင်ကြားပေးသင့်တယ်ဆိုတဲ့ အချက်(၃)ချက်ရပါတယ်။ အဲဒီကသုံးချက်ကို မိဘများရဲ့ မေတ္တာတရားနဲ့၊ မိဘများနဲ့ ဉာဏ်ပညာနဲ့ ပေါင်းပြီးချဲ့ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ကလေးငယ်အတွက် ဘဝလမ်းပြမြေပုံ တစ်ခုတောင် ရနိုင်ကောင်းပါတယ်။

မိဘတစ်ယောက်ဖြစ်လာတဲ့အခါ၊ မိသားစုတစ်ခုကို ပိုင်ဆိုင်လာတဲ့အခါ မျိုးမှာ ကိုယ့်ရဲ့ကလေးငယ်တွေကို၊ သားသမီးတွေကို 'ဘယ်ပုံဘယ်နည်း ရှင်သန်ကြီးပြင်းစေမလဲ'ဆိုတဲ့ကိစ္စဟာ အများကြီးအရေးကြီးပါတယ်။ အဲဒီ အရေးကြီးတဲ့ ကိစ္စတွေမှာ မသိလို့ မှားမိတဲ့အမှားတွေကို မိဘတွေအနေနဲ့ ရှောင်ရှားနိုင်ဖို့ ဒီစာစုက ရည်ရွယ်ပါတယ်။
အားလုံးပဲ ဉာဏ်ပညာနဲ့ ချစ်ခြင်းတရားရဲ့လမ်းပေါ်မှာ လျှောက်လှမ်းနိုင်ကြပါစေ။

#ငြိမ်းချမ်းသာ
၁၄-၄-၂ဝ၂ဝ

ရည်ညွှန်းကိုးကား/-
အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ ဟောကြားတော်မူသည့်
၁။ တရားထိုင်၍ ဦးနှောက်ခွဲစိပ်ပါရဂူဖြစ်လာတဲ့ ဆင်းရဲသားလေး
(၁၈-၂-၂ဝ၂ဝ)
၂။ မုဒိတာဦးနှောက်ဖြင့် မုဒိတာတိုင်းပြည်ကို တည်ဆောက်ကြစို့
(၄-၁-၂ဝ၂ဝ)
၃။ စိတ်ခံစားမှုကျန်းမာရေး(Emotional Health) စာအုပ်၊
စတုတ္ထအကြိမ်မူ (၂ဝ၁၆)