❒လိုချင်တပ်မက်မှုနဲ့ မနှစ်မြို့မှုတွေဟာ
ဘယ်သောအခါမှ ကောင်းတဲ့တရားတွေ မဖြစ်နိုင်ပါဘူး
ဆရာကြီး ဦးဂိုအင်ကာလို့ ပြောလိုက်ရင် ဝိပဿနာတရားပြဆရာကြီးဆိုတဲ့ ဂုဏ်ဒြပ်က
အားလုံးရဲ့ စိတ်နှလုံးထဲမှာ ထင်ဟပ်နေပြီးဖြစ်နေတတ်ပါတယ်။
ဆရာကြီးဦးဂိုအင်ကာဟာ မူလက ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်ပြီး
၁၉၅၅ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ ပဋိပတ္တိ လုပ်ငန်းဌာနမှာ တရားစခန်းဝင်ရောက်ပြီးချိန်မှာတော့ ရတနာသုံးပါးကို မမှိတ်မသုန် သက်ဝင်ယုံကြည်လာခဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဆရာကြီးဦးဂိုအင်ကာဟာ သူကိုယ်တိုင် ရတနာသုံးပါးကို သက်ဝင်ယုံကြည်လာခဲ့ပြီးနောက်မှာတော့ မိသားစုဝင်များအာလုံးကိုလည်း ဆရာကြီးဦးဘခင်ထံမှာ ကမ္မဋ္ဌာန်းတရားအားထုတ် စေခဲ့ပါတယ်။ ဦးဂိုအင်ကာရဲ့ မိသားစုဝင်အားလုံးလည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့ ကြပါတယ်။
ဆရာကြီးဦးဂိုအင်ကာဟာ ဟိန္ဒူဘာသာဝင်တွေအကြားမှာ ကျော်ကြားသူတစ်ဦးဖြစ်တဲ့အလျောက်ပဲ သူဗုဒ္ဓဘာသာဝင်ဖြစ်သွားတဲ့အခါမှာ
အဲဒီသတင်းဟာ မာရဝါရီလူမျိုးတွေအကြားမှာ အတော်လေး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် ရောဂါဆိုးကြီး ယူပစ်သလိုပျောက်သွားတယ်ဆိုတဲ့အကြောင်းကိုလည်းပဲ စိတ်ဝင်စားကြပါတယ်။ ဒါကြောင့် ဆရာကြီးဦးဂိုအင်ကာဆီကို သတင်းမေးစုံစမ်းကြသူတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ကြပါတယ်။
အဲဒီအချိန်တွေမှာ ဆရာကြီးဦးဂိုအင်ဟာ သူ့အကြောင်း မေးမြန်းလာသူတွေ အားလုံးကို ဦးခေါင်းခဲနာပျောက်တဲ့ကိစ္စထက် ဗုဒ္ဓဓမ္မရဲ့အမြိုက်အရသာတွေကိုပဲ ရှေ့တန်းတင်ပြောပြခဲ့ပါတယ်။
နောက် ဓမ္မရောင်ခြည်စေတီ၊ အပြည်ပြည်ဆိုင်ရာ ပဋိပတ္တိလုပ်ငန်းဌာနနဲ့ ဆရာကြီးဦးဘခင်အကြောင်းတွေလည်းပဲ အလေးထားပြော ဆိုခဲ့ပါတယ်။ တရားစခန်းဝင်ရောက်ချင်တဲ့ အိန္ဒိယလူမျိုးတွေကိုလည်း တရား စခန်းပို့ပေးရုံမျှမက အစားသောက်တွေပို့ပေးခဲ့ပြီး ဆရာကြီးဦးဘခင်ရဲ့ တရားသင် ပြမှုတွေမှာလည်း စကားပြန်လုပ်ပေးခဲ့ပါတယ်။
၁၉၆၂ ခုနှစ် မတ်လမှာတော့ တော်လှန်ရေးအစိုးရတက်လာခဲ့ပြီး စီးပွားရေး လုပ်ငန်းများကို ပြည်သူပိုင်သိမ်းခဲ့ပါတယ်။ ဆရာကြီးဦးဂိုအင်ကာရဲ့ လုပ်ငန်းတွေဖြစ်တဲ့ ဗန္ဓုလချည်စောင်၊ ပလပ်စတစ်စက်ရုံ၊ ပုသိပ်မြို့မှာ ဖွင့်လှစ်တည် ထောင်ထားတဲ့ စက်မှုလုပ်ငန်းကြီးများအားလုံးလည်း ပြည်သူပိုင်အသိမ်းခံရတဲ့ အထဲမှာ ပါဝင်သွားခဲ့ပါတယ်။ အဲဒီအချိန်ကာလမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် တွေအားလုံးကိုလည်း ဆရာကြီးဦးဂိုအင်ကာက တည်တည်ငြိမ်ငြိမ်ပဲ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဆရာကြီးဦးဂိုအင်ကာဟာ တရားတည်းဟူသော ထောက်တည်ရာကို အမှီပြုလျက်က လောကဓံကို မတုန်မလှုပ် ရင်ဆိုင်ခဲ့ပုံက သြချလောက်စရာပဲ လို့ ဆရာကြီးဦးကိုလေးက သူရေးသားထုတ်ဝေခဲ့တဲ့ 'ဂုရုကြီး ဦးဂိုအင်ကာ'စာအုပ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
ဆရာကြီးဦးဂိုအင်ကာဟာ ဗုဒ္ဓတရားတော်များကို စာတွေ့အားဖြင့်လည်း လေးလေးနက်နက် သဘောပေါက်နားလည်စေဖို့အတွက် ကြိုးစားခဲ့ပါတယ်။ အဘိဓမ္မာ၊ သင်္ဂြိုဟ်နဲ့ ဝိသုဒ္ဓိမဂ်အင်္ဂလိပ်ဘာသာပြန်မူတွေကို ဆရာကြီးဦးဘခင်ရဲ့ ညွှန်ပြမှု နဲ့ စနစ်တကျလေ့လာသင်ယူခဲ့ပါတယ်။
ဆရာကြီးဦးဂိုအင်ကာရဲ့ ဘဝဖြစ်စဉ်ကို လေ့လာရင်းတွေ့ရနိုင်တာကတော့ ဝိပဿနာဓမ္မလမ်းစဉ်ကို ဆရာစဉ်ဆက် လက်ဆင့်ကမ်းနိုင်ခဲ့ပုံတွေပါပဲ။
လယ်တီ ဆရာတော်ကြီးမှသည် အနာဂမ်ဆရာသက်ကြီးဆီသို့၊ အနာဂမ်ဆရာသက်ကြီးမှ ဆရာကြီးဦးဘခင်ဆီ၊ ဆရာကြီးဦးဘခင်မှသည် ဆရာကြီးဦးဂိုအင်ကာအထိ ဝိပဿနာတရားကို စဉ်ဆက်မပြတ်လက်ဆင့်ကမ်းခဲ့ကြပြီး တပည့်များအားလုံးကလည်း ဆရာကောင်းတပည့် ပီသခဲ့ကြပုံတွေဟာ လှိုက်လှိုက်လှဲလှဲ သာဓုခေါ် ချင်စရာတွေချည်းပါပဲ။
ဆရာကြီးဦးဂိုအင်ကာဟာ ဝိပဿနာတရားဓမ္မတွေကို ကမ္ဘာ့အနှံ့ သင်ကြား ပို့ချပေးရင်းက ၂၉ စက်တင်ဘာ၊ ၂ဝ၁၃ (အသက် ၈၉ အရွယ်)မှာ ငြိမ်းချမ်းစွာပဲ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။ ဆရာကြီးကွယ်လွန်သွားခဲ့ပြီဖြစ်ပေမယ့် သူထွန်းညှိခဲ့တဲ့ ဓမ္မအလင်းရောင်ကတော့ ကမ္ဘာအနှံ့မှာ ထွန်းလင်းနေခဲ့ပြီမဟုတ်ပါလား။
ဆရာကြီးဦးဂိုအင်ကာသင်ကြားပြသတဲ့ ဝိပဿနာဓမ္မလမ်းစဉ်ကို ဝီလျံဟတ် က The Art of Living: Vipassana အမည်နဲ့ စာအုပ်တစ်အုပ်ရေးသား ခဲ့ပါတယ်။ အဲဒီစာအုပ်ကိုပဲ ဦးတင်ဦး(မြောင်)က 'အနေတတ်ပါစေ'အမည်နဲ့ မြန်မာပြန်ဆိုခဲ့ပြီးဖြစ်ပါတယ်။
အဲဒီစာအုပ်ကို အခန်း(၁ဝ)ခန်းနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး အခန်းတိုင်းမှာ အမေးအဖြေတွေကိုလည်းပဲ ထည့်သွင်းဖော်ပြထားပါတယ်။ အဲဒီစာအုပ်ထဲမှာ ပါဝင်တဲ့ အမေးအဖြေတချို့ဖြစ်တဲ့
▪️လောကမှာ အရာခပ်သိမ်းဟာ ကြိုတင်ပြဋ္ဌာန်းထားပြီးသားလား၊
▪️ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတာဟာ ကံကောင်းတာလား၊
▪️ဘဝမှာ ပြည့်ပြည့်စုံစုံနေရဖို့ ရုပ်ဝတ္ထုတွေလိုချင်တာမှားလား .. စတဲ့ မေးခွန်းတွေကို ဆရာကြီးဦးဂိုအင်ကာက ဝိပဿနာရှုထောင့်ကနေ ပြန်လည် ဖြေဆိုထားတာတွေကို ဒီစာစုမှာ ပြန်လည်ဖော်ပြချင်ပါတယ်။ မေးခွန်းနဲ့အဖြေ တွေကို ကြည့် လိုက်ကြရအောင်ပါ။
◾ ကျွန်တော့်မှာ သူတစ်ဖက်သားကို အထင်သေးတတ်တဲ့ ဉာဉ်ကလေးရှိပါ တယ်။ အဲဒါကို ဘယ်လိုများပျောက်အောင်လုပ်နိုင်ပါမလဲ။
◽ ကမ္မဋ္ဌာန်းအလုပ်နဲ့ပဲ ဖျောက်ပါ။ အတ္တစွဲသန်တဲ့အခါမှာ 'ငါဆိုမှငါ'ဆိုတဲ့ သဘောနဲ့ တစ်ဖက်သားကိုအထင်သေးတတ်ပါတယ်။ အထင်သေးတဲ့ ကိုယ်နှုတ်အ မူအရာတွေပေါ်တတ်ပါတယ်။ ကမ္မဋ္ဌာန်းရှုမှတ်တဲ့အလုပ်လုပ်တော့ကာ အတ္တစွဲ ဟာ ပျောက်သွားပါတယ်။ အတ္တစွဲပျောက်ပြီဆိုရင် သူတစ်ဖက်သားကို နစ်နာစေ လိုမှုကို မလုပ်တော့ပါဘူး။ ကမ္မဋ္ဌာန်းအလုပ်သာ လုပ်ပါ။ ခင်ဗျား ပြဿနာ အလိုလို ပျောက်သွားပါလိမ့်မယ်။
◾ လောကမှာ အရာခပ်သိမ်းတို့ဟာ ကြိုတင်ပြဋ္ဌာန်းပြီးချည်းလို့ ဆိုမလား။
◽ အတိတ်ကံက ကောင်းကျိုးဆိုးကျိုးကို ဖြစ်စေတာတော့ မုချပါပဲ။ အတိတ်ကံ ပြဋ္ဌာန်းချက်အတိုင်း ကျွန်တော်တို့ ကျရောက်ရတဲ့ဘဝမျိုးနဲ့ ကျင်လည်ကြတဲ့ ယေဘု ယျအခြေအနေများ ဖြစ်ပေါ်ပါတယ်။ ဒါပေမယ့် ဘဝမှာ ကျွန်တော်တို့ ရင်ဆိုင် ကြရတဲ့ အခြင်းအရာတိုင်းဟာ အတိတ်က ဒီအတိုင်းသာဖြစ်ရမယ်၊ အခြားတစ်နည်း တစ်ဖုံဖြစ်ခွင့်မရှိစေရလို့ ကြိုတင်စီမံပြဋ္ဌာန်းထားတာ မဟုတ်ပါဘူး။
အတိတ်ကံကြောင့် ဒီဘဝလမ်းကြောင်းကို ချမ်းသာတဲ့အတွေ့အကြုံများ၊ မချမ်း သာတဲ့ အတွေ့အကြုံများခံစားစေဖို့ အကြမ်းအားဖြင့်လောက်သာ ဖြစ်ပေါ်တာပါ။ ပစ္စုပ္ပန်ကံကလည်း ပစ္စက္ခလုပ်ရပ်တွေပေါ်မှာ ကိုယ်ကြပ်မတ်နိုင်တဲ့ ပင်ကိုယ်စွမ်း ရည်ရှိကြသူတွေဖြစ်ပါတယ်။ ပစ္စုပ္ပန်ကို စိုးပိုင်တဲ့အတွက် အနာဂတ်ကို ကောင်း အောင်ပြုပြင်နိုင်စွမ်း ရှိကြပါတယ်။
◾ လူတိုင်းဟာ ကိုယ်ပြုသမျှ ကိုယ်ခံကြမယ်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုများ ကူညီကယ်မနိုင်ပါသလဲ။
◽ ကျွန်တော်တို့ရဲ့ မနောကံတွေဟာ တစ်ပါးသူတွေအပေါ်မှာ သြဇာသက်ရောက် မှု ရှိပါတယ်။ ကျွန်ုပ်တို့ရဲ့စိတ်က မကောင်းတဲ့စိတ်ထားတွေချည်းပဲ ပွားများနေ ရင် ကျွန်ုပ်တို့နဲ့ဆက်ဆံရတဲ့သူတွေပေါ်မှာ စိတ်ညံ့စိတ်ပုပ်တွေ ကူးစက်သွားပါ တယ်။ ကျွန်ုပ်တို့စိတ်ကို မွန်မြတ်တဲ့ စိတ်ထားတွေနဲ့ ပြည့်ဝနေမယ်ဆိုရင်၊ မေတ္တာ တရားတွေ ဖြန့်ဝေနေမယ်ဆိုရင် ပတ်ဝန်းကျင်ကို အေးချမ်းသာယာစေပါလိမ့်မယ်။ သူတစ်ပါးရဲ့ ကံကို ကောင်းအောင်လုပ်ဖို့တော့ မဖြစ်နိုင်သော်လည်း ပတ်ဝန်းကျင် က လူတွေပေါ်မှာ ကောင်းကျိုးတွေ သက်ရောက်စေရေးအတွက် မိမိကိုယ်ကို မိမိတော့ ပြုပြင်ထိန်းကျောင်းနိုင်ပါတယ်။
◾ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝတာဟာ ကံကောင်းတယ်လို့ ဘာကြောင့်ဆိုပါသလဲ။ ဒီလိုဆိုရင် အနောက်နိုင်ငံသားတွေဟာ များသောအားဖြင့် ကံကောင်းသူတွေလို့ ဆိုရမလား။ တတိယကမ္ဘာမှာ နေကြသူတွေဟာများသောအားဖြင့် ကံမကောင်း သူတွေလို့ ဆိုရမလား။
◽ ပစ္စည်းဥစ္စာ ချမ်းသာတာသက်သက်ကိုတော့ ကံကောင်းတယ်လို့ ပြောလို့မရပါဘူး။ ပစ္စည်းတော့ ချမ်းသာပါရဲ့ စိတ်ဆင်းရဲနေရမယ်ဆိုရင် ဘာအသုံးကျတော့မှာလဲ။ ပစ္စည်းချမ်းသာမယ်၊ စိတ်လည်းချမ်းသာမယ်ဆိုရင်တော့ ကံကောင်းတယ်လို့ ဆိုရမှာပေါ့။ ပစ္စည်းချမ်းသာတာက၊ မချမ်းသာတာထက် စိတ်ချမ်းသာမှုကသာ အဓိကကျပါတယ်။
◾ ကောင်းမြတ်တဲ့ လိုချင်တပ်မက်မှုများနဲ့ မနှစ်မြို့မှုများရယ်လို့ မရှိနိုင်ပေဘူး လား။ ဥပမာ - မတရားမှုကို ရွံမုန်းမှု စသည်ဖြင့်ပေါ့။
◽ လိုချင်တပ်မက်မှုနဲ့ မနှစ်မြို့မှုတွေဟာ ဘယ်သောအခါမှ ကောင်းတဲ့တရားတွေ မဖြစ်နိုင်ပါဘူး။ အဲဒီတရားတွေကြောင့် စိတ်ပူပန်မှု၊ စိတ်ဆင်းရဲမှုတွေသာ ဖြစ် ရတယ်။ ကောင်းမြတ်တဲ့ ရည်မှန်းချက်ထားပြီး လုပ်တယ်ပဲထား၊ တပ်မက်မှု ဖြစ်စေ၊ မနှစ်မြို့မှုဖြစ်စေ အရင်းခံပြီးတော့လုပ်ရင်း မသမာမှုကို သုံးပြီး ရည် မှန်းချက်ကို အရယူတာမျိုးဆိုတော့ မကောင်းနိုင်တော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင်လုပ်ဖို့ကလည်း ရှိပေသေးတာကိုး။ ကြောက်စိတ်တွေမွှန်ပြီးလုပ်တဲ့ အလုပ်မျိုးကျတော့လည်း ကြောက်စိတ်က စိတ်မှာစွဲနေရင် ရေရှည်မှာအန္တရာယ် ပါပဲ။
ရွံမုန်းမှုစိတ်ထားပြီးတော့ မတရားမှုကို တိုက်ဖျက်လို့အောင်မြင်ခဲ့တယ်ဆိုရင် လည်းပဲ ရွံမုန်းစိတ်ဟာ ရင်ထဲမှာ စွဲနေရစ်တတ်ပါတယ်။ မတရားမှုကိုတော့ တိုက်ဖျက်ရမှာပဲ၊ ကိုယ့်အန္တရာယ်လည်း ကိုယ်ကာကွယ်ရမှာပါပဲ၊ ဒါပေမယ့် စိတ်မှာ အကြိတ်အခဲမထားဘဲ တည်ငြိမ်တဲ့စိတ်နဲ့ သူတစ်ပါးအပေါ်မှာ မေတ္တာ ထားပြီး အကျိုးပြုနိုင်ပါတယ်။ တည်ငြိမ်တဲ့စိတ်ကလေးထားနိုင်ရင် အရာရာမှာ ချောမောစေပါတယ။် အကောင်းဆုံး အကျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။
◾ ဘဝမှာပြည့်ပြည့်စုံစုံနေရဖို့ ရုပ်ဝတ္ထုတွေကို လိုချင်တာဟာ မှားတယ်လို့ ဘာကြောင့် ဆိုလိုပါသလဲ။
◽ တကယ့်လိုအပ်ချက်တွေ ရချင်တာကို မှားတယ်မဆိုလိုပါဘူး။ အဲဒီ အရာ ဝတ္ထုတွေပေါ်မှာ စွဲလမ်းကပ်ငြိမှု မထားရင်ပေါ့လေ။ ဥပမာ - ရေငတ်နေလို့ ရေကိုလိုချင်တာဟာ အပြစ်မဟုတ်ပါဘူး။ ရေကိုလိုလို့ ရေရှာတော့ ရတယ်၊ ရတော့ သောက်လို့ အငတ်ပြေသွားတယ်။ ဒီနောက်မှာ ရေကိုရချင်ဇောကြီးက စိတ်ထဲက မထွက်တော့ဘူးဆိုရင်တော့ နေရာမကျပါဘူး။ လိုချင်တာကို တကယ်လို အပ်လို့ ရဖို့ကြိုးစားတယ်။ မရဘူးဆိုရင်လည်း အပြုံးမပျက်ဘဲ တခြားနည်းနဲ့ရ အောင်ကြိုးစားပါ။ ရလာတဲ့အခါ လိုအပ်တဲ့အတိုင်း သုံးဆောင်ပါ။ သို့သော်လည်း ပစ္စည်းကို မစွဲလမ်းပါနဲ့။
◾ တစ်ယောက်ယောက်က ကိုယ့်ကို မဟုတ်တာလုပ်ရင် ဘယ်လိုသဘောထား ရမလဲ။
◽ မဟုတ်တာကို ဘယ်သူမှ မလုပ်စေနဲ့။ မဟုတ်တာလုပ်တဲ့သူဟာ သူတစ်ပါး အပေါ် အန္တရာယ်ဖြစ်စေရုံမျှမက မိမိကိုယ်ကိုလည်း အန္တရာယ်ပြုသူဖြစ်ပါတယ်။ မဟုတ်တာလာလုပ်တဲ့သူကို လက်ပိုက်ကြည့်နေရင် မဟုတ်တာလုပ်ဖို့ အားပေးအား မြှောက်လုပ်ရာ ရောက်ပါလိမ့်မယ်။ မလုပ်နိုင်အောင် ခွန်အားရှိသလောက် အသုံး ပြုပြီး တားဆီးရပါမယ်။ စာနာစိတ်၊ သနားညှာတာစိတ်မရှိသူကို ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။ ကိုယ်က ဒေါသစိတ်၊ မုန်းတီးစိတ်နဲ့ တားဆီးရင်တော့ အခြေအနေ ပိုဆိုးသွားလိမ့်မယ်။ မတော်တာလုပ်နေတဲ့သူတစ်ယောက်အပေါ်မှာ မေတ္တာထား ပြီး ကြားဝင်ရဖို့ဆိုတဲ့ ကိစ္စမှာ ကြားဝင်သူရဲ့ စိတ်က တည်ငြိမ်အေးချမ်းနေမှသာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အတွင်းသန္တာန်မှာ တည်ငြိမ်အေးချမ်းနေအောင် အားထုတ်ပါ။ တည်ငြိမ်အေးချမ်းတဲ့စိတ်ရှိသူအဖို့ ပြဿနာကို ဖြေရှင်းနိုင်ပါလိမ့် မယ်။
◾ ရှေ့ရေးအတွက် စီမံတာကိုရော တဏှာလို့ခေါ်မလား။
◽ ဒီနေရာမှာ ကိုယ့်အစီအစဉ်ကြီးကို ကိုယ်က စွဲလမ်းမှုထားမထားပေါ် မူတည် ပြီး ပြောရပါမယ်။ လူတိုင်း ကိုယ့်ရှေ့ရေးကို ကိုယ်စဉ်းစားထားရမှာဖြစ်ပါတယ်။ ကိုယ်စီစဉ်သလိုဖြစ်မလာတဲ့အခါ ယူကျုံးမရဖြစ်ရင်တော့ ဒီအစီအစဉ်ကို စွဲလမ်း မှု ရှိခဲ့ပြီလို့ သိရပါမယ်။ စီစဉ်သလို ဖြစ်မလာသော်လည်း အပြုံးမပျက်ဘဲနဲ့ 'သြော် ငါလည်းတတ်နိုင်သရွေ့ ကြိုးစားခဲ့တာပဲ၊ နေရာမကျလည်း ဘယ်တတ် နိုင်ပါ့မလဲ။ ထပ်ကြိုးစားရဦးမှာပေါ့'ဆိုပြီး အစွဲအလမ်းမထားဘဲနေတတ်ရင် စိတ်ချမ်းသာတာပေါ့။
◾ တွယ်တာမှုမရှိရင် လောကကြီး ဘယ်မှာတည်တံ့နိုင်ပါ့မလဲ။ လူနဲ့လူချင်း အတွယ်အတာကင်းကြမယ်ဆိုရင် ကိုယ့်သားသမီးတောင်မှ ကိုယ် မတွယ်တာ ရတော့ဘူးလား။ ချစ်တာတို့၊ ခင်တွယ်မှု၊ ပတ်သက်မှုတွေဆိုတာ တွယ်တာမှုမပါ ဘဲ ဘယ်လိုဖြစ်နိုင်ပါမလဲ။
◽ မတွယ်တာရဘူးဆိုတာ စိမ်းကားရမယ်လို့ ဆိုလိုတာ မဟုတ်ပါ။ အတွယ်အ တာကင်းတာဟာ သူတော်ကောင်းတို့ရဲ့ ဥပေက္ခာတရားပါ။ နှောင်ဖွဲ့မှုကင်းတာ ဆိုလိုတာပါ။
သားသမီးကို မိဘမေတ္တာနဲ့ စောင့်ရှောက်ဖို့တာဝန်ကို မပစ်ပယ်ကောင်းပါ။ ချစ်သော်လည်း နှောင်ကြိုးတည်းခံရသလို ငြိတွယ်မှု မဖြစ်သင့်ပါ။ ဆိုကြပါစို့၊ ခင်ဗျားက လူမမာတစ်ယောက်ကို ပြုစုစောင့်ရှောက်ရင်း သူပြန်ကောင်းမလာတော့ ဘူးဆိုရင် ခင်ဗျား ငိုယိုနေလို့ ဘာအကျိုးထူးမှာလဲ။ ခင်ဗျားအဖို့မှာ စိတ်ကို တည်ငြိမ်အောင်ထားပြီးတော့ အဲဒီလူမမာပေးမှာ တစ်ဖက်တစ်လမ်းက စောင့် ရှောက်ကူညီဖို့လည်း စဉ်းစားသင့်တာပေါ့၊ ဒါဟာ ဥပေက္ခာထားတာပါ။ ဒီသဘော ထားဟာ တုံ့ပြန်မှုလည်းမဟုတ်၊ လက်ပိုက်ကြည့်နေတာလည်းမဟုတ်၊ စိတ်ခိုင် ခိုင်ထားပြီး အကျိုးပြုခြင်းပါ။
ဒီစာစုမှ ဖော်ပြလိုတဲ့ မေခွန်းနဲ့အဖြေတွေကတော့ ထိုမျှပါပဲ။
The Art of Living: Vipassana' စာအုပ်ကိုရေးသားခဲ့သူ ဝီလျံဟတ် ကတော့ ဝိပဿနာဟာ 'မိမိအတွင်းသန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာများကို ဖော်ထုတ်နိုင်ရုံမျှမက အသုံးချရစကောင်းမှန်းမသိသေးသည့် ပင်ကိုယ်အရည်အသွေးတို့ကို ဖွံ့ဖြိုးစေပြီးလျှင် မိမိအကျိုးနှင့် သူတစ်ပါးအကျိုးများကို ဖော်ဆောင်ပေး နိုင်စွမ်းများလည်းရှိလေသည်'လို့ ဆိုပါတယ်။
ဒါ့အပြင် 'ဝိပဿနာဟာ ရှင်းလင်း လွယ်ကူခြင်း၊ တရားသေဝါဒကင်းရှင်းခြင်းတို့အပြင် အဓိကအားဖြင့် လက်တွေ့ အကျိုးခံစားရခြင်းဟူသော ထူးခြားတဲ့လက္ခာရပ်တွေနဲ့ ပြည့်စုံနေတယ်'လို့ ရည် ညွန်းခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒီစာစုမှာ ဖော်ပြထားတဲ့ အမေးအဖြေတွေမှာ ဆရာကြီးဂိုအင်ကာဟာ အဖြေတွေ အားလုံးကို ဝိပဿနာရှုထောင့်ကနေ ဖြေဆိုထားတာကိုလည်း သတိ ထားမိကြပါလိမ့်မယ်။ အဲဒီ အမေးအဖြေတွေထဲမှာ တချို့သောမေးခွန်းဟာ ကျွန်တော်တို့ဉာဏ်မီသလောက် တွေးမိတတ်တဲ့ အကြောင်းအရာတွေပါ။ ဆရာကြီး ဦးဂိုအင်ကာရဲ့ အဖြေတွေကတဆင့် မသိမှုအမှောင်တိုက်ကို အလင်းရောင်ပေး နိုင်လိမ့်မယ်လို့ ယုံကြည်ပါကြောင်း ...။
#ငြိမ်းချမ်းသာ #သုဝဏ္ဏသျှမ်
၁၄-၅-၂ဝ၂ဝ
ရည်ညွှန်းကိုးကား/-
၁။ အနေတတ်ပါစေ၊ (ဦးတင်ဦး(မြောင်)၊ ၂ဝဝ၅ ခုနှစ်)
၂။ ကမ္ဘာအနှံ့ ဓမ္မအောင်လံစိုက်ထူနေသော
ဂုရုကြီး ဦးဂိုအင်ကာ(ဦးကိုလေး(မောင်ဇေယျာမောင်)၊ ၂ဝဝ၂ ခုနှစ်)