❒ ကလေးငယ်တွေကို ကိုယ်ချင်းစာတရားရှိအောင် သင်ပေးပါ
(၁)
ကျေးဇူးတော်ရှင် အောက်စဖိုဒ့်ဆရာတော် ဒေါက်တာဓမ္မသာမိ
ဟောကြားတော်မူတဲ့တရားတော်တွေ တော်တော်များများမှာ ကလေးငယ်များကို ဘယ်လို
ပြုစုပျိုးထောင်ရမလဲဆိုတဲ့ မေးခွန်းအတွက် အကြံပေးချက်တွေ၊
ဆုံးမသွန်သင်ချက်တွေ ပါဝင်လေ့ရှိတာကို ရိုသေစွာကြားနာရလေ့ရှိပါတယ်။
၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က သာမညတောင်မှာ ဟောပြောခဲ့တဲ့ 'ဦးနှောက်ပညာ ရေးနှင့် စိတ်ခံစားမှုပညာရေး' ဆိုတဲ့တရားတော်ထဲမှာလည်း ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်သင့်တယ်၊ ဘာကိုအလေးအနက်ထား သင်ကြားပေးသင့် တယ်ဆိုတာတွေနဲ့ပတ်သက်ပြီး ထည့်သွင်းဟောပြောခဲ့တာကို နာကြားခဲ့ရပါတယ်။
မိဘကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာက
ကိုယ့်သားသမီးကို (၁) ဘယ်လို ရှင်သန်ကြီးပြင်းခွင့်ပေးမလဲ၊
(၂)ဘယ်လို အကူအညီအထောက်အပံ့တွေပေးမလဲ၊
(၃) ဘယ်လိုသွန်သင်ဆုံးမမှုတွေနဲ့ ပဲ့ပြင်လမ်းညွှန်မလဲဆိုတဲ့ အချက်တွေက
အရေးကြီးတယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ ဒီစာစုမှာတော့ ကျေးဇူးတော်ရှင်
အောက်စဖို့ဒ်ဆရာတော်ရဲ့ အဆုံးအမ၊ သွန်သင်ချက်နဲ့ လမ်းညွှန်မှုတွေထဲကနေတဆင့်
ကိုယ့်ရဲ့သားသမီးများကို ဘယ်လိုပြုစုပျိုးထောင် သင့်တယ်ဆိုတာကို
ဆွေးနွေးရေးသားချင်ပါတယ်။ အဲဒီ လိုရေးသားတဲ့နေရာမှာ
အမှားအယွင်းတစ်စုံတစ်ရာပါခဲ့ရင်တော့ ဆရာတော်နဲ့ သက်ဆိုင်ခြင်းမရှိဘဲ
ကျွန်တော့်ရဲ့ ပေါ့ဆညံ့ဖျင်းမှုသာဖြစ်ပါကြောင်းကိုလည်း ပြောကြားလိုပါတယ်။
(၂)
ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော်က 'ဦးနှောက်ပညာရေးနှင့်
စိတ်ခံစားမှုပညာရေး'တရားတော်ထဲမှာ ဒိန်းမတ်နိုင်ငံရဲ့ ပညာရေးဟာအထူး
ကောင်းမွန်ပြီး အတုယူသင့်ကြောင်း ဟောပြောတော်မူခဲ့ပါတယ်။
ဒိန်းမတ်နိုင်ငံဟာ ကုလသမဂ္ဂကထုတ်ပြန်တဲ့ ကမ္ဘာ့အပျော်ဆုံးနိုင်ငံများစာရင်းမှာ အဆင့် ၃ အောက်တစ်ကြိမ်မှ မရောက်ခဲ့ဘူးလို့ဆိုပါတယ်။ လူ ဦးရေ ၆ သန်းနီးပါးရှိတဲ့နိုင်ငံမှာ ဘီလျံနာ ၁ဝ ယောက်၊ မီလျံနာ ၂ သောင်းကျော်ထိ ရှိပါတယ်။ ဒိန်းမတ်နိုင်ငံသားတစ်ယောက်ချင်းစီတိုင်းရဲ့ တစ်နှစ်ပျမ်းမျှဝင်ငွေက ဒေါ်လာ ၆ဝ,ဝဝဝ ရှိပါတယ်။ (တစ်ဒေါ်လာ ၁၄ဝဝ ကျပ်နှုန်းနဲ့ တွက်ရင် တစ်လ မြန်မာကျပ်ငွေ သိန်း ၇ဝ မျှ။) ဒိန်းမတ်နိုင်ငံကူးလက်မှတ်ကိုင် ထားရင် ဗီဇာ(ပြည်ဝင်ခွင့်)မလိုတဲ့နိုင်ငံက များတယ်လို့ဆိုပါတယ်။
၂ဝ၁၉ ခုနှစ်မှာ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့တဲ့ 'ကမ္ဘာ့ပျော်ရွှင်မှုဆိုင်ရာ အစီရင်ခံစာ'မှာ ဒိန်းမတ်နိုင်ငံက ဒုတိယနေရာက ရပ်တည်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၅၆ နိုင်ငံမှာ အဲဒီနှစ်က မြန်မာနိုင်ငံက အဆင့် ၁၃၁ ပါ။ မြန်မာ နဲ့ အိမ်နီးချင်း ထိုင်းက အဆင့် ၅၂၊ ဘင်္ဂလားဒေ့ရှ်က အဆင့် ၁၂၅၊ အိန္ဒိယ က အဆင့် ၁၄ဝ၊ တရုတ်က အဆင့် ၉၂ ဖြစ်ပါတယ်။
ဘယ်နိုင်ငံက အပျော်ဆုံးလဲဆိုတဲ့ ပျော်ရွှင်မှုညွှန်းကိန်းကို နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကိုအခြေခံပြီး ပြည်တွင်းအသားတင်ထုတ်ကုန်နဲ့ ဝင်ငွေ၊ လူမှုဖူလုံရေး၊ လွတ်လပ်မှု၊ ကျန်းမာသန်စွမ်းမှု၊ အကျင့်ပျက်ခြစားမှုနဲ့ အလှူဒါနပြုလုပ်နိုင်မှုတွေကို ထည့်သွင်းတွက်ချက်တာဖြစ်ပါတယ်။
ဆိုတော့ ဒိန်းမတ်နိုင်ငံက ဘာကြောင့်များ ကမ္ဘာမှာအပျော်ရွှင်ဆုံးနိုင်ငံအဖြစ် နှစ်ပေါင်းများစွာ ရှိနေရတာလဲဆိုတဲ့ မေးခွန်းအတွက် ဒိန်းမတ်နိုင်ငံရဲ့ ပညာရေးစနစ်မှာ အဖြေတွေက အဆင်သင့်ရှိနေပါတယ်။ ၁၉၉၃ ခုနှစ်ကစလို့ အသက် ၆ နှစ်ကနေ ၁၆ နှစ်အတွင်းရှိတဲ့ကလေးတွေရဲ့ ပညာသင်ကြားမှုတွေမှာ 'ကိုယ်ချင်းစာတရား'ကို ထည့်သွင်းပြီး အလေးထားသင်ကြားပေးတာကြောင့် ပျော်ရွှင်ခြင်းနဲ့ပတ်သက်လာရင် ကမ္ဘာမှာ ထိပ်တန်းအဆင့်ရောက်ခဲ့တာဖြစ်တယ် လို့ ဆိုနိုင်ပါတယ်။
အဲဒီလို သင်ကြားနိုင်ဖို့အတွက် ၁၈၇ဝ(လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅ဝ)လောက် ကတည်းက ကြိုးစားခဲ့ကြတာဖြစ်ပြီး ၁၉၉၃ မှာမှ ဥဒေပြဋ္ဌာန်းနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အသက် ၄ဝ အရွယ် ဒိန်းမတ်နိုင်ငံသားတစ်ဦးဟာ ကိုယ်ချင်းစာတရားကို သီအိုရီအရ ကျေကျေညက်ညက်သင်ကြားခဲ့ပြီး ဖြစ်သလို လက်တွေ့ဘဝမှာလည်းပဲ ကိုယ်ချင်းစာတရားကို အသုံးချရင်းက ရှင်သန်နေ ထိုင်နိုင်ပြီဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး စာနာ၊ နားလည်၊ ဖေးမခြင်းရဲ့ အကျိုးရလာဒ်အနေနဲ့ကတော့ အားလုံး ပျော်ရွှင်ရတာပါပဲ။
'ပျော်ရွှင်နေတဲ့သူဟာ သူတစ်ပါးကိုအနိုင်မကျင့်တော့ဘူး။ မခိုးဘူး၊ မလိမ် ဘူး၊ ဒါကြောင့် ပျော်ရွှင်ခြင်းဟာအရေးကြီးတယ်'လို့ ဆရာတော်က ဆုံးမတော် မူပါတယ်။
(၃)
ဒိန်းမတ်နိုင်ငံမှာ ပညာရေးကနေတစ်ဆင့် 'ကိုယ်ချင်းစာတရား'ကို ဘယ်လို
သင်ကြားပေးသလဲဆိုရင် အဓိကအားဖြင့်တော့ စိတ်ခံစားမှုကို နားလည်အောင်
အဓိကထားသင်ကြားပေးတာမျိုးပါ။ တစ်ချို့စာသင်နှစ်တွေဆိုရင်
စာသင်နှစ်တစ်နှစ်ရဲ့ ၄၊ ၅ လကို စိတ်ခံစားမှုနဲ့ ပတ်သက်တာတွေပဲ
သင်ပေးတယ်လို့ သိရပါတယ်။ အိမ်စာမရှိ၊ တစ်၊ နှစ်၊ သုံးရယ်လို့
ခွဲခြားသတ်မှတ်တဲ့ အဆင့်ခွဲခြားသတ်မှတ်ချက်လည်းမရှိပါဘူး။ ပြဿနာကို
ဆွေးနွေးအဖြေရှာရေးလုပ်ငန်းစဉ်ကိုတော့ တစ်ပတ် တစ်ကြိမ်မျှ
လုပ်ရတယ်လို့ဆိုပါတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာလည်း 'အားလုံး ပါဝင်ရေးမူ'နဲ့
လူတစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်းရဲ့ ပြဿနာကို အားလုံးက ဝိုင်းပြီးတော့
အလေးထားအဖြေရှာကြရလေ့ရှိတယ်လို့ လည်းသိရပါတယ်။
ဘာသာရပ်ဆိုင်ရာ သင်ကြားချက်တွေမှာလည်း ကျောင်းသားအချင်းချင်း ဆွေးနွေးအဖြေရှာတဲ့ စနစ်ကို အလေးပေးတယ်လို့ဆိုပါတယ်။ သချာၤတော်ပြီး အင်္ဂလိပ်စာညံ့တဲ့ ကျောင်းသားနဲ့ အင်္ဂလိပ်စာတော်ပြီး သချာၤညံ့တဲ့ကျောင်း သား အချင်းချင်း အပြန်အလှန်ဖေးမ၊ ကူညီ၊ ရှင်းပြတဲ့ စနစ်မျိုးပါ။ ပူးပေါင်း ဆောင်ရွက်တတ်ဖို့နဲ့ အသင်းအဖွဲ့နဲ့အလုပ်လုပ်တတ်ဖို့အတွက် ရည်ရွယ်ပြီး အဲဒီစနစ်ကို ကျင့်သုံးတာလို့ ဆိုနိုင်ပါတယ်။
အတန်းထဲမှာ ကလေးနှစ်ယောက် ရန်ဖြစ်ရင် (ဝါ) ကလေးတစ်ယောက် ကို အခြားကျောင်းသားတစ်ယောက်က အနိုင်ကျင့်တာမျိုးလုပ်နေရင် စာသင် တာကို နောက်ထားလို့ အဲဒီကလေးနှစ်ယောက်ရဲ့ ပြဿနာကိုပဲ အလေးထား ဝိုင်းဝန်းဖြေရှင်းလေ့ရှိတယ်လို့ဆိုပါတယ်။ ဆရာ၊ ဆရာမတွေဟာ ပြဿနာကို ထောင့်ပေါင်းစုံမှချဉ်းကပ်ရင်းက နှစ်ယောက်လုံးရဲ့ ပြောစကားတွေကို သေသေ ချာချာနားထောင်ရင်းက အဖြေရှာတာမျိုးပါ။
အနိုင်ကျင့်တတ်တဲ့ကလေးကိုလည်း အနိုင်ကျင့်တာထပ်မလုပ်ဖို့ကို မခြိမ်း ခြောက်ဘဲ ပြောပါတယ်။ သူလုပ်တဲ့အပြုအမူဟာ သူ့အတွက်လည်းမကောင်း သလို အခြားသူအတွက်လည်း မကောင်းဘူးဆိုတာကို အဲဒီကလေး နားလည် လက်ခံတဲ့အထိ ဆရာများက အချိန်ယူပြီး ဆွေးနွေးရှင်းပြလေ့ရှိတယ်သိရပါ တယ်။ အဲဒါနဲ့ မလုံလောက်သေးဘူးလို့ယူဆရင် (ဝါ) အဲဒီနည်းနဲ့ ကလေး ရဲ့ အနိုင်ကျင့်တတ်တဲ့စရိုက် မပျောက်သေးဘူးဆိုရင် ဘာလို့အနိုင်ကျင့်တာ လဲဆိုတာကို အဖြေရှာကြပါတယ်၊ ကလေးက အိမ်မှာ ပြဿနာရှိလို့လား၊ မိဘတွေ မကြာခဏရန်ဖြစ်လေ့ရှိလို့လားဆိုတာထိ စုံစမ်းကြတယ်လို့ ဆိုပါ တယ်။ မေတ္တာတရားကိုအခြေခံထားတဲ့ ပညာရေးဖြစ်တာမို့ အလွန်ပဲ ကောင်းမွန်လှတယ်လို့ ဆရာတော်က မှတ်ချက်ပြုပါတယ်။
တစ်ယောက်နဲ့တစ်ယောက် ကိုယ်ချင်းစာတတ်လာရင် အနိုင်ကျင့်တာ နည်းသွားတတ်ပြီး သံသယဖြစ်တာလည်းပဲ နည်းသွားတတ်တာကြောင့် အဆင်မပြေမှုဖြစ်လာရင် ဝိုင်းဖြေရှင်းတဲ့ဓလေ့ကို ပျော်မွေ့အောင်သင်ကြားပေးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အသင်းအဖွဲ့နဲ့အလုပ်လုပ်တတ်တဲ့ အမူအကျင့်ကိုလည်းပဲ တစ်ပြိုင်နက်တည်းမှာ သင်ကြားပြီး ဖြစ်သွား ပါတယ်။
'ကိုယ်ချင်းစာတရား'ကို ဘာကြောင့် အလေးပေးသင်ကြားပေးသလဲလို့ မေးလာရင် ကိုယ်ချင်းစာစိတ်ဟာ ပျော်ရွှင်ခြင်း၊ အကျင့်စာရိတ္တစတဲ့ အချက် တွေရဲ့ အဓိကရေသောက်မြစ်ဖြစ်သလို အခြေခံလူ့ကျင့်ဝတ်တွေကို လေ့လာ သင်ကြားနိုင်ဖို့ မရှိမဖြစ်လိုအပ်ချက်လည်း ဖြစ်နေလို့ပါပဲ။
ဒိန်းမတ်နိုင်ငံဟာ ဘာကြောင့် ပျော်ရွှင်မှုညွှန်းကိန်းမြင့်ရသလဲဆိုခဲ့ရင် 'ကိုယ်ချင်းစာတရား'ကို သင်ကြားပေးခြင်းကြောင့်လို့ ဖြေဆိုလို့ရပါလိမ့်မယ်။ ဘာကြောင့် ကိုယ်ချင်းစာတရားကို သင်ကြားပေးရသလဲဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်အမှီသဟဲပြုရင်းက ကြီးပြင်းရှင်သန်ရတဲ့ဘဝကြီးမှာ ကိုယ်ချင်းစာတရားမရှိဘဲနဲ့ အဆင်ပြေပျော်ရွှင်ဖို့ဆိုတာဟာ ခက်တာကြောင့်လို့ ဖြေဆိုရမှာပါပဲ။ ကိုယ်ချင်းစာတရားခေါင်းပါးလာရင် စာရိတ္တပျက်ပြားလာ တတ်တာကိုလည်း မြင်အောင်ကြည့်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။
(၄)
ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ချင်းစာတရားကို သင်ကြားပေးတဲ့ ပညာရေးစနစ်ကို
ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဆီ ပုံတူကူးယူပြီး
ကျင့်သုံးဖို့ဆိုတာမျိုးကတော့ အတော်လေးကို ခက်လိမ့်ဦးမယ်ထင်ပါတယ်။ ဒါပေမယ့်
သူတို့ အလေးအနက်ထားပြီး သင်ကြားပေးနေတဲ့ ကိုယ်ချင်းစာတရားဆိုတာက
ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာတွေအတွက် သိပ်စိမ်းတဲ့အရာမျိုးမှ မဟုတ်တာ။ ကျွန်
တော်တို့ ကလေးငယ်များကို မိဘဆရာများက လမ်းညွှန်၊ သင်ကြားပေးနိုင်တဲ့
အရာမျိုးမဟုတ်လား။ ဒီအတွက် ကလေးရဲ့စိတ်ဓာတ် ရင့်ကျက်ခိုင်မာဖို့အတွက်
ကျောင်းပညာရေးနဲ့တင်မကဘဲ မိဘများကလည်း လိုအပ်တဲ့နေရာကနေ
သင်ကြားမှုတွေပြုလုပ်ပေးကြရမှာပါ။
ဆိုတော့ ကျွန်တော်တို့ရဲ့ သားသမီးတွေ ကိုယ်ချင်းစာတရား မြင့်မြင့်မားမား ရှိသူတွေအနေနဲ့ ကြီးပြင်းစေချင်တယ်ဆိုရင် ကျွန်တော်တို့က ဆုပေးဒဏ်ပေးတဲ့ စနစ်ကို တတ်နိုင်သမျှ မကျင့်သုံးမိကြဖို့ အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော်ကတော့ တစ်၊ နှစ်၊ သုံးလေးနဲ့ အဆင့်တွေခွဲတဲ့ စနစ်ဟာ နည်းနည်းလေးအောင်မြင်ပြီး အများကြီးကျရှုံး တဲ့စနစ်လို့ ဝေဖန်သုံးသပ်ပြပါတယ်။ ထိပ်ပိုင်းကကလေးတွေကတော့ ကောင်းပြီး တစ်၊နှစ်၊သုံးမဟုတ်တဲ့ အခြားကလေးတွေကို အားငယ်အောင်လုပ်ထားတဲ့စနစ် ဖြစ်တယ်လို့ ဆိုပါတယ်။
အချင်းချင်းပြိုင်ခိုင်းတဲ့ အလေ့အထကြီးရဲ့နေရာမှာ အတူပူးပေါင်းဆောင် ရွက်ခြင်းဓလေ့ထွန်းကားအောင် မိဘများက ကလေးတွေကို ငယ်ငယ်ကတည်းက စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုမြင့်မားအောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါလိမ့် မယ်။ ပညာရပ်တစ်ခုကိုလေ့သာသင်ကြားတဲ့နေရာမှာ ပြိုင်ဆိုင်တဲ့စိတ်နဲ့မဟုတ် ဘဲ အများအတွက်လို့တွေးတဲ့ ကရုဏာစိတ်နဲ့ လေ့လာသင်ကြားရင် လေ့လာ တဲ့ကလေးတွေအနေနဲ့ ပိုမှတ်မိ ပိုနားလည်သလို လူမှုပတ်ဝန်းကျင်လည်း ပိုပြီးကောင်းမွန်လာနိုင်မှာ အသေအချာပါပဲ။
'အပြိုင်အဆိုင်စိတ်၊ မခံချင်စိတ်ဆိုတာဟာ နျှ နိမ့်တဲ့သူတွေ လုပ်တဲ့ အလုပ်ဖြစ်ပါတယ်။ သိတဲ့သူနဲ့ ပြိုင်တယ်ဆိုတာ မိတ်ဆွေနဲ့ ရန်ဖြစ်တာပဲ' လို့ ဆရာတော်က ဆုံးမပါတယ်။
ဒီစာစုရဲ့အစမှာ ပြောခဲ့တဲ့မေးခွန်းများကို ပြန်ကောက်ရရင် မိဘတွေက ကိုယ့်ရဲ့သားသမီးတွေကို (၁) ဘယ်လို ရှင်သန်ကြီးပြင်းခွင့်ပေးမလဲ၊ (၂)ဘယ်လို အကူအညီအထောက်အပံ့တွေပေးမလဲ၊ (၃) ဘယ်လိုသွန်သင်ဆုံးမမှုတွေနဲ့ ပဲ့ပြင်လမ်းညွှန်မလဲဆိုတဲ့ မေးခွန်းတွေရဲ့ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး အဖြေကတော့ 'ကိုယ်ချင်းစာတရား ထွန်းကားအောင် သင်ကြားပေးခြင်း'ဆိုတာပဲ ဖြစ်ပါတယ်။ ဒီအတွက် အကောင်းဆုံးသက်သေက ဒိန်းမတ်နိုင်ငံရဲ့ ပညာ ရေးစနစ်ဖြစ်ပြီး ကိုယ့်ရဲ့သားသမီးငယ်များကို ပျော်ရွှင်ချမ်းမြေ့တဲ့၊ လူအသိုက် အဝန်းကို အကျိုးပြုတဲ့ သူတွေဖြစ်ချင်တယ်ဆိုရင်တော့ မိဘများကိုယ်တိုင်က ကိုယ်ချင်းစာတရားကို အလေးထားကျင့်သုံးကြဖို့ လိုအပ်သလို ကိုယ့်ရဲ့သားသမီး များကိုလည်း ကိုယ်ချင်းစာတရားကို ဂရုပြုသင်ကြားပေးဖို့ အထူးလိုအပ်ပါလိမ့်မယ်။
ဘယ်ပညာရေးက အကောင်းဆုံးလဲဆိုတာကို ဗုဒ္ဓဘာသာရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လူသားတွေအတွက် အကျိုးများတဲ့ ပညာရေးက အကောင်းဆုံးပဲလို့ အောက်စဖို့ဒ် ဆရာတော်ဒေါက်တာဓမ္မသာမိက ဆုံးမလမ်းညွှန်တော်မူခဲ့ပါတယ်။ ဆရာတော်ရဲ့ ဆုံးမလမ်းညွှန်မှုများကို လိုက်နာကျင့်သုံးရင်းကပဲ မိဘများက ကလေးငယ်များကို ကိုယ်ချင်းစာစိတ်၊ ကိုယ်ချင်းစာတရားဟာ ဘဝဖြတ်သန်းမှုမှာ မဖြစ်မနေအသုံးချရမယ့်အရာဖြစ်တယ်ဆိုတာကို သင်ကြား ပေးနိုင်ကြပါစေ။
#ငြိမ်းချမ်းသာ
၄-၄-၂ဝ၂ဝ
ရည်ညွှန်းကိုးကား/-
အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ ဟောကြားတော်မူသည့်
၁။ ဦးနှောက်ပညာရေးနှင့် စိတ်ခံစားမှုပညာရေး တရားတော်(၂၆-၁၁-၂ဝ၁၉)
၂။ တက္ကသိုလ်ကျောင်းသားကျောင်းသူများအတွက် စိတ်ဖိစီးမှုကိုင်တွယ်ရေး
တရားတော် (၂၂-၁-၂ဝ၂ဝ)

No comments:
Post a Comment