❒ အပြစ်ဆိုသည်မှာ
အပြစ်ဆိုသည်မှာ မကောင်းတဲ့အကျိုးကို သယ်ဆောင်လာတတ်တဲ့သဘောကိုပြောတာ။
လောဘရှိလို့ ကိုယ့်ပစ္စည်းကိုနှမြောတာ၊
ကိုယ့်ပစ္စည်းကို တွယ်တာတာ၊
ကိုယ့်မိသားစုအပေါ် တွယ်တာတာ အပြစ်မရှိဘူးလို့ထင်သလား၊
အပြစ်ရှိတယ်။ ဘယ်လိုအပြစ်ရှိတုန်းဆိုရင်
အဲဒီတွယ်တာမှုက သောကဆိုတဲ့ ဆိုးကျိုးကို ယူလာတတ်တယ်။
ဘယ်သူက ယူလာတာလဲဆိုတော့ လောဘက ယူလာတာ။
ဒါ အနည်းဆုံးအပြစ်ပဲ၊ တွယ်တာတဲ့နေရာမှန်သမျှ
သောကဆိုတာ လာတာပဲ။
သောကဆိုတာ ကောင်းသလားဆိုတော့ မကောင်းဘူး၊ စိတ်ပူစေတယ်။
အသက်အရွယ်ကြီးတဲ့သူတွေဆို ပိုဆိုးတယ်။
မိဘတွေဟာ သားသမီးတွေ
နဲ့ ပတ်သက်လာရင် အချိန်တန်လို့ အိမ်ပြန်ရောက်ရင်ရောက်၊
အိမ်ပြန်မရောက်ဘူးဆိုရင် တမျှော်မျှော်နဲ့ အိပ်မပျော်ဖြစ်လာတယ်။
အမျိုးမျိုးတွေးတယ်လေ၊
အပြင်ထွက်သွားပြီဆိုရင် ဟို-ဘာများဖြစ်လာမတုန်းတဲ့။
ကားရှိတဲ့ပုဂ္ဂိုလ်ကလည်း ကားမောင်းသမားနဲ့ အပြင်လွှတ်လိုက်ရပြီဆိုရင်
ကား အိမ်ပြန်မရောက်မချင်း ဟဲ့-တိုက်များလာမလား၊ မှောက်များလာမလားနဲ့
သောကဖြစ်လာရတယ်၊ မဖြစ်ဘူးလား။
ပစ္စည်းရှိတဲ့သူကလည်း ပစ္စည်းအတွက်ကြောင့်ကြ၊
သားသမီးရှိတဲ့သူကသားသမီးအတွက်ကြောင့်ကြ။
အဲဒါ လောဘကပေးတဲ့ problem တွေပဲ။
လောဘမရှိဘူးဆိုရင် ဒါတွေငြိမ်းနေမှာသေချာတယ်။
မြတ်စွာဘုရားကဟောထားတယ်။
ပီယတော ဇယတေ သောကော-တဲ့။
ဟော-ရှင်းရှင်းလေးပဲ။
ချစ်ခင်တွယ်တာမှုသည် သောကကို မွေးဖွားပေးတတ်သည်တဲ့။
လူတွေကတော့ သောကကင်းဝေးနေထိုင်ရေးဆိုတာကို
ကြိုးစားကြတယ်။ သို့သော် ချစ်ခင်တွယ်တာမှုကိုတော့ မလျှော့ဘူး။
ချစ်ခင်တွယ်တာမှုကိုမလျှော့ဘဲနဲ့ သောကကို ဘယ်လျှော့လို့ရမှာတုန်း။
အကြောင်းနဲ့အကျိုးက ဆက်နေတာကိုး။
ကဲ၊ ဒီတော့ ကိုယ့်လောဘ ကိုယ် control လုပ်ရင်လုပ်၊
မလုပ်ရင် ဘာဖြစ်လာမတုန်းဆိုတော့
ကိုယ့်ပစ္စည်းကိုလိုချင်တဲ့ လောဘတင်မကဘူး၊
သူများပစ္စည်းကို လိုချင်တဲ့လောဘ ဖြစ်လာပြီဆိုရင်တော့ ပြဿနာတွေဖြစ်လာမှာပဲ။
ခိုးမှုတွေ၊ဓားပြတိုက်မှုတွေ၊ ရာဇဝတ်မှု ကျူးလွန်မှုတွေဟာ အဲဒီလောဘကြောင့်ဖြစ်ရတာ။
အဲဒီတော့ လောဘရဲ့အပြစ်က ဘယ်လောက်ထင်ရှားလဲ။ အဲဒါကြောင့်မို့လို့ ပညာရှိတွေက လောဘကို မကောင်းဘူးလို့ပြောကြတာ။ ဒါ လက်တွေ့ပဲလေ။
မကောင်းတဲ့လောဘကို မထိန်းနိုင်ဘူးဆိုရင်
ထိုပုဂ္ဂိုလ်သည် သာမန်လူကောင်းတစ်ယောက်ကနေ
သူခိုးလို့ သမုတ်ခံရမယ်။ သူခိုးဘဝ ရောက်သွားပြီ၊
ဓားပြဘဝ ရောက်သွားပြီ။
ဘယ်သူကပေးလိုက်တဲ့နာမည်လဲဆိုတော့ လောဘက
ပေးတဲ့ နာမည်ပဲ။
အကယ်၍သာ သူများပစ္စည်းလိုချင်တဲ့လောဘမျိုး မရှိဘူးဆိုရင်
သူသည် သူခိုး၊ ဓားပြအဖြစ် ဘယ်နည်းနဲ့မှ မရောက်နိုင်ဘူး။
ထို့အတူပဲ မောဟဆိုတဲ့ သဘာဝတရားရှိတယ်။
သူက ယဉ်ယဉ်ကလေးရယ်။ မောဟဆိုတာ အေး-တွေဝေနေတာ၊ ဘာပြဿနာမှမရှိဘူးလို့ ထင်ရတယ်။
မောဟကမှ ပိုပြဿနာကြီးတာ။ သူက လုပ်သင့်တာရယ်၊ မလုပ်သင့်တာရယ် မသိဘူး။
မသိတော့ ဘာတွေဖြစ်လဲဆိုတော့ မလုပ်သင့်တာတွေလုပ်တယ်၊
လုပ်သင့်တာတွေ မလုပ်ဘူး။
အဲဒီတော့ မလုပ်သင့်တာကိုလုပ်လို့ရှိရင် အပြစ်ဖြစ်သလို
လုပ်သင့်တာကို မလုပ်လို့ရှိရင်လည်း အပြစ်ဖြစ်တယ်။
အဲဒီနှစ်ခုဟာ အတူတူပဲ။
#ပါမောက္ခချုပ်ဆရာတော်ကြီး#သုဝဏ္ဏသျှမ်
၁၃၆၉ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၁ ရက်နေ့၊
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဓမ္မစေတီလမ်း၊ ယုဇနစီးပွားရေးတာဝါ
အခန်း ၇၀၅(က)တွင် ဟောကြားတော်မူခဲ့သော
-ဘဝခရီးဝယ်ရွေးချယ်ရမည့်လမ်း တရားတော်မှ ကောက်နုတ်ဖော်ပြပါသည်။

No comments:
Post a Comment