❒ ကလေးငယ်တွေကို ပြဿနာဖြေရှင်းတဲ့
အသိဉာဏ်ရအောင် သင်ပေးပါ
________________________
(၁)
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ဟောကြားတော်မူတဲ့ တရား တော်တွေထဲမှာ
'တရားထိုင်၍ ဦးနှောက်ခွဲစိတ်ပါရဂူဖြစ်လာတဲ့ ဆင်းရဲသားလေး'ဆိုတဲ့
တရားတစ်ပုဒ်ရှိပါတယ်။ အမေရိကန်နိုင်ငံက ဦးနှောက် ခွဲစိတ်ပါရဂူတစ်ဦးဖြစ်တဲ့
ပါမောက္ခ ဂျိမ်းစ်ဒိုတီရဲ့ဘဝဖြတ်သန်းမှုအကြောင်းကို ဟောပြောထားတာပါ။
တရားထိုင်ခြင်းကြောင့်ရရှိတဲ့ စိတ်ဓာတ်ခွန်အားများ နဲ့ ဆင်းရဲသားဘဝမှ
သန်းကြွယ်သူဌေးကြီးဘဝအထိ အောင်မြင်ခဲ့ပုံတွေကို
ဟောပြောထားတဲ့တရားတော်ဖြစ်ပါတယ်။ (ပါမောက္ခကြီးအကြောင်းကို
'မေတ္တာတရားရဲ့ခေါ်သံ'အမည်နဲ့ ကျွန်တော်ရေးခဲ့ပြီးဖြစ်ပါတယ်။)
အဲဒီတရားတော်ထဲမှာ ပါမောက္ခကြီးရဲ့ ဘဝဖြတ်သန်းမှုကို ဟောပြော နေရင်းက မိဘတွေအနေနဲ့ သတိထားဆင်ခြင်သင့်တဲ့အကြောင်းအရာ တစ်ချို့ကိုလည်း ဆရာတော်က ထည့်သွင်းဟောပြောခဲ့ပါတယ်။ အဲဒါကတော့ ကလေးငယ်တွေရှေ့မှာ မိဘတွေအနေနဲ့ ရန်မဖြစ်ကြဖို့ပဲ ဖြစ်ပါတယ်။
အောက်စဖို့ဒ်ဆရာတော်က 'ကလေးငယ်တွေဟာ ၂ နှစ် ၃ နှစ် အရွယ်က စလို့ ၆ နှစ် ၇ နှစ်အရွယ်အထိ မိဘတွေစကားများကြတယ်ဆိုရင် အဲဒီ စကားများကြတဲ့ကိစ္စအပေါ်မှာ သူတို့နားမလည်နိုင်ကြသေးပါဘူး။ ဒါပေမယ့် အခြေအနေဆိုးနေတာကိုတော့ သူတို့ကသိကြပါတယ်။
နောက်တော့
အားငယ်စိတ်ဝင်လာတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်မြင်တဲ့စိတ်လည်း
ဝင်လာတတ်တယ်။ မိဘမေတ္တာတစ်ခုတည်းအပေါ် မှီခိုရင်း ကြီးပြင်းနေရချိန်မှာ
မိဘတွေဟာ သူတို့ရဲ့ကမ္ဘာပါပဲ။
အဲဒီကမ္ဘာ မီးတောက်ရင် ကလေးငယ်အဖို့ ကမ္ဘာပျက်တာပါပဲ' လို့ ဆုံးမ ဟောကြားတော်မူခဲ့ပါတယ်။
မိဘတွေအနေနဲ့ ကလေးငယ်ရှေ့မှာ စကားများကြ ရန်ဖြစ်ကြတာများရင် ကလေးငယ်တွေရဲ့ စိတ်ထဲမှာ စိတ်ဒဏ်ရာ အကြီးအကျယ်ရတတ်ပါတယ်။ အဲဒီ စိတ်ဒဏ်ရာက သိမ်ငယ်စိတ်ကိုဖြစ်စေပြီး သိမ်ငယ်စိတ်ကြောင့်ပဲ အကြောင်း အရာတစ်ခု၊ အခြေအနေတစ်ခုခုအပေါ်ကို သုံးသပ်ရင် မဖြစ်နိုင်ပါဘူးဆိုတာက စတွေးပြီး အမြဲနောက်တတ်တဲ့အလေ့လည်း စွဲသွားတတ်တယ်လို့ ဆိုပါတယ်။ ကိုယ့်ဒေါသကို ထိန်းမရတာနဲ့ ပေါက်ကွဲကြတဲ့ မိဘနှစ်ယောက်ရဲ့ ရန်ပွဲက ကလေးဆီမှာ သွားပြီး မကောင်းတဲ့အကျိုးသက်ရောက်မှုဖြစ်တတ်တယ်ဆိုတာကို သတိထား ဆင်ခြင်ကြဖို့ပါပဲ။
'မိသားစုတစ်ခုအတွင်းမှာ တစ်ဦးချင်း စိတ်ခံစားမှု(Individual Emotion) က အရေးကြီးသလို မိသားတစ်စုလုံးကို စုပေါင်းခံစားတဲ့ Collective Emotion လည်း အရေးကြီးပါတယ်'လို့ ဆရာတော်က ၂ဝဝ၆ ခုနှစ်က ရေးခဲ့တဲ့ စိတ်ခံစားမှုကျန်းမာရေး စာအုပ်မှာရေးသားခဲ့ဖူးပါတယ်။
(၂)
ကလေးငယ်တွေရဲ့ စိတ်ခံစားမှုဟာ သိမ်ကိုနုနယ်ဖြူစင်လှတဲ့အတွက် မိဘ
အဖြစ်ကိုရောက်ပြီဆိုရင် ကျွန်တော်တို့ဟာ အစစအရာရာ သတိထားရပါတော့တယ်။
ကျွန်တော်တို့ရဲ့ဘဝထဲကို သူတို့လေးတွေ ဝင်ရောက်လာပြီဆိုကတည်းက
ပြင်ဆင်သင့်တာတွေ ပြင်ဆင်ရ၊ ပြုပြင်သင့်တာတွေ ပြုပြင်ရ၊ ပြောင်းလဲသင့်တာတွေ
ပြောင်းလဲခဲ့ရတာပါ။ ကျွန်တော်တို့ရဲ့ ဘဝထဲကို ကလေးတွေ ရောက်ရှိလာပြီးနောက်
ရရှိလာတာတွေ အများကြီးထဲကမှ အထူးအားဖြင့်တော့ 'မိဘမေတ္တာ'ကို အပြည့်အဝ
ဆင်ခြင်နားလည်မိခြင်းဖြစ်တယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။
အထက်မှာပြောခဲ့သလို ကလေးရှေ့မှာ ရန်မဖြစ်တာကအစ ကလေးကို အရုပ်ဝယ်ပေး ဝယ်ပေးတာအထိ အဆုံး ကျွန်တော်တို့မှာ သတိထားဆင်ခြင်စရာတွေ အများကြီးပါပဲ။ ဘာကြောင့်လဲဆိုတော့ personality လို့ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုက ဘယ်ကနေလာတုန်းဆိုတော့ habit ဆိုတဲ့ 'အလေ့အကျင့်'ကနေလာတာဖြစ်ပါတယ်။ အဲဒီ အလေ့အကျင့်က မိသားစုကနေ လာပါတယ်။ ဒါကြောင့် မိသားစုအတွင်း နေထိုင်ပြုမူပြောဆို ပုံတွေဟာ အရေးကြီးလှပါတယ်။
ကလေးငယ်အတွက် အရွယ်နဲ့မမျှတဲ့ စိတ်ဖိစီးမှုတွေကို လူကြီးတွေကိုယ် တိုင်က (ဝါ) မိဘတွေကိုယ်တိုင်က ဖန်တီးပေးတာမျိုးတွေလည်း တစ်ခါတစ်လေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ 'ပေါ့စေလို၍ ကြောင်ရုပ်ထိုး ဆေးကြောင့်လေး ရတယ်'ဆိုတဲ့အဖြစ်မျိုးတွေပါ။ ဥပမာ အရုပ်တွေအလွန်အကျွံဝယ်ပေးတာမျိုးပေါ့။
အဲဒီအကြောင်းကို အောက်စဖို့ဒ်ဆရာတော်က အခုလိုရှင်းပြထားပါတယ်။
'နုနယ်လှတဲ့ ကလေးတစ်ယောက်ကို အရုပ်နှစ်ခုပေးခဲ့ရင် ဒီကလေးရဲ့ ဦးနှောက်ကို
အချိန်မတိုင်မီ စောစောစီးစီး ဖိစီးရာ ရောက်တယ်။ Pressure ပေးတယ်ပေါ့။ ကလေးက
ဘယ်အရုပ်ကို ပိုကြိုက်တယ်ဆိုတာ ရွေးရတာကိုး။ အရုပ်သုံးခုဆိုရင်
ဖိစီးမှုဒဏ်ပိုများတာ ပြောစရာမရှိဘူး။
စိတ်ဖိစီးမှုများလာရင် ဒီကလေး သူ့အရုပ်တွေအားလုံးကို စိတ်ဝင်စားမှု နည်းသွားမယ်။ ငြီးငွေ့လွယ်မယ်။ ဒါက ကလေးရဲ့ စိတ်ခံစားမှု emotion စချို့ယွင်းလာတာပဲ။ ကြီးလာရင် စိတ်ခံစားမှုပိုင်းမှာ ဆောက်တည်ရာမရဘဲ ဖြစ်နိုင်တယ်' လို့ ဆိုပါတယ်။
အရုပ်တွေ အများကြီးရှိတဲ့ကလေးငယ်တွေမှာ စိတ်ဖိစီးမှုဝင်ရောက်နိုင် သလို အရုပ်မရှိတဲ့ကလေးငယ်တွေမှာလည်းပဲ စိတ်ခံစားမှုဖွံ့ဖြိုးရေး နှောင့်နှေးနိုင်တယ်လို့ ဆရာတော်က ဆက်ပြီး ရှင်းပြပါတယ်။
'ဘာအရုပ်မှ ကစားစရာမရှိတဲ့ကလေးလည်း စိတ်ခံစားမှု ဖွံ့ဖြိုးရေးဖြစ် လာစေဖို့ နှောင့်နှေးနိုင် (သို့မဟုတ်) ထိခိုက်နိုင်တာပဲ။ သူများတွေကိုပဲ တစ်ချိန်လုံး အားကျနေရရင် အားငယ်တဲ့စိတ် အမြဲကိန်းဝပ်တတ်တယ်။
အားငယ်တဲ့စိတ်ဆိုတာ ဒေါသပါပဲ။ ဒေါသဆိုတဲ့ ပါဠိစကားလုံးဟာ ဖျက်စီးတတ်တဲ့ စိတ်ခံစားမှု destructive emotion လို့ သဘောရပါတယ်။
အဲဒီတော့ ကစားစရာအရုပ်တွေဟာ ကလေးတွေအတွက် သူတို့ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲ ခြေစုံကူးခတ်ပျော်ရွှင်စေဖို့ အားထားရာအဖော်တစ်ခုနဲ့ မိမိကိုနွေးထွေးမှုပေးတဲ့ ပိုင်ဆိုင်မှုတစ်ုဖြစ်စေဖို့ ဖြစ်ပါတယ်။ စိတ်ခံစားမှုဖွံ့ ဖြိုးရေးအတွက်ပေါ့။
ဒါကြောင့် အလယ်အလတ်လမ်းစဉ်(မဇ္ဈီမပဋိပဒါ-Middle Path)ဟာ စိတ်ခံစားမှုကျန်းမာရေးအတွက် ကောင်းပါတယ်' ... လို့ ၂ဝဝ၆ ခုနှစ်က ရေးခဲ့တဲ့ စိတ်ခံစားမှုကျန်းမာရေး စာအုပ်မှာ ရေးသားဆုံးမတော်မူပါတယ်။
မိဘရယ်လို့ဖြစ်လာရင်၊ မိသားစုရယ်လို့ဖြစ်လာရင်၊ ကျွန်တော်တို့ဘဝထဲကို ကလေးငယ်လေးတွေ ရောက်လာတဲ့အချိန်မျိုးကြရင်တော့ ကျွန်တော်တို့ဟာ ဆင်ခြင်စရာတွေအများကြီးနဲ့ကို နေထိုင်ရှင်သန်ကြရတော့မှာပါ။ ကလေးနဲ့ ကိုယ့်ရဲ့ကြားမှာ မျှခြေတစ်ခုရှာပြီး ဟန်ချက်ညီအောင် နေထိုင်နိုင်ပါမှ ကလေးက လောကကို ကောင်းကျိုးပြုနိုင်တဲ့ကလေးတစ်ယောက်အဖြစ် လူလားမြောက်မှာ လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။
(၃)
ဆိုတော့ သိပ်ကိုပဲ
သိမ်မွေ့လွန်းလှတဲ့ ကလေးငယ်တွေကို ကျွန်တော်တို့
ဘယ်လိုပြုစုပျိုးထောင်ကြမလဲဆိုတဲ့ မေးခွန်းက ဒီနေရာမှာ ရှိလာပါပြီ။ အဲဒီ
မေးခွန်းနဲ့ပတ်သက်ပြီး 'မုဒိတာဦးနှောက်ဖြင့် မုဒိတာတိုင်းပြည်တည်ဆောက်
ခြင်း' ဆိုတဲ့ တရားတော်ထဲမှာ အောက်စဖို့ဒ်ဆရာတော် ဟောကြားတော်မူ ခဲ့တဲ့
ဆုံးမစကားများကို ပြန်လည်ဖော်ပြလိုပါတယ်။
'ကရုဏာဟာ A Tool for Happiness စိတ်ချမ်းသာမှုအတွက် အခြေခံ ပဲ။ ပြဿနာကို ကိုင်တွယ်တဲ့နေရာမှာ သနားတဲ့စိတ်နဲ့ ကိုင်တွယ်ရင် ကရုဏာ လို့ခေါ်တာ။ နောက် ကရုဏာက ပြဿနာကို ရင်းနှီးအောင်၊ ပြဿနာကို စိတ်ဝင်စားအောင် လေ့ကျင့်တာ။ လေ့ကျင့်ယူလို့ရတယ်။
အိမ်မှာဆိုရင်လည်းပဲ ကလေးတွေကို ငယ်ငယ်ကတည်းကစပြီးတော့
ပြဿနာနဲ့ ရင်းနှီးအောင် ဘဝရဲ့ပြဿနာ၊ ကျောင်းသွားမယ်ဆိုရင် ကျောင်းရဲ့
ပြဿနာ၊ လူ့အသိုင်းအဝိုင်းက ပြဿနာ၊ သူ့အရွယ်လေးနဲ့သူ ပြဿနာကို ရင်းနှီးအောင်
နည်းနည်းစီ၊ နည်းနည်းစီ သူတို့ကို မိတ်ဆက်ပေး။ introduce လုပ်ပေး။
နောက်ပြီးတော့ ပြဿနာဆိုတာ ဥပမာ လွယ်ကူတဲ့ ပြဿနာလေးဆိုပါ တော့။ ထမင်းစားတဲ့အချိန်မှာ ကလေးအနေနဲ့ သိတတ်တဲ့အချိန်လေးက ထမင်းစားတဲ့အချိန်မှာ အစားအစာတွေ စားပွဲပေါ်မှာ ဖိတ်တယ်ဆိုရင် ဒီဟာကို သင်ခန်းစာအနေနဲ့ အသုံးပြုနိုင်တယ်။ မိသားစုအနေနဲ့ ...။
အဲဒါကို ဒီအတိုင်းပဲ စိတ်ညစ်ညစ်နဲ့ သန့်ရှင်းရေးလုပ်လိုက်ရင်လည်း ပြီးတာတော့ ပြီးသွားတာပဲ။ ဒါပေမယ့် ဒီပြဿနာကို မိသားစုအနေနဲ့ လေ့ လာ၊ စာထဲမှာလည်း လေ့လာ၊ ဆွေးနွေးတာလည်း ဆွေးနွေး။ တကယ်လို့ ထမင်းလုံးတွေ၊ ဟင်းတွေ အဲဒီလို စားပွဲပေါ်မှာကျရင် ဘယ်လိုပြဿနာဖြစ် တတ်တုန်း။
တချို့ကတော့ ကလေးတွေကို သင်လိုက်တယ်။ အဲဒီလိုမလုပ်နဲ့၊ ယင် ကောင်တွေ ပေါတတ်တယ်။ ပိုးကောင်တွေ လာတတ်တယ်။ ကြွက်တွေ လာတတ်တယ်။ အဲဒါက ကလေးတွေကို information (သတင်းအချက်အ လက်)ပေးလိုက်တာ။ တကယ်လို့ သူကမှတ်မိတယ်ဆိုရင် စားပွဲကို သန့်ရှင်း အောင်လုပ်မှာ။ ဒါပေမယ့် learning process (သင်ယူမှုဖြစ်စဉ်)ထဲမှာ သူမပါဘူး။ ကိုယ်အသုံးပြုလိုက်တဲ့ဟာက teaching process(သင်ကြားမှုဖြစ် စဉ်)ကို ပြောတ။ teaching ဆိုတာက သူ့ကိုသင်လိုက်တာ။ ဒီလိုထိုင်၊ ထမင်း လုံးက ဒီလိုကျရင်ကြွက်တွေပေါတတ်တယ်။ ပုရွက်ဆိတ်တွေ ပေါတတ်တယ်။
ဒါ အရင်တုန်းကspoon-feeding (ကိုယ်ပိုင်အားမထုတ်ဘဲ သူတစ်ပါးကို မှီခိုအားထားသည့် နိုသက်ခံစေ၍ သင်ကြားပေးသည့်စနစ်)သင်တဲ့ပုံစံမျိုးနဲ့သင်တာ။ အဲဒီလိုမဟုတ်ဘဲနဲ့ student center(ကျောင်းသားဗဟိုပြုစနစ်) ပုံစံမျိုးနဲ့သင်မယ်၊ ပြဿနာကို နားလည်အောင် သင်မယ်ဆိုရင် ဒီဟာက ပြဿနာ ဖြစ်၊မဖြစ် မေးရမှာ။ ကလေးကတော့ မဖြစ်ဘူး ပြောရင်ပြောမှာပေါ့၊ ဖြစ်တယ်လို့ ပြောရင်ပြောမှာ။
အဲဒီဟာကို ဘယ်လိုလုပ်ရမှာတုန်း။ မိဘနဲ့ သားသမီးနဲ့ ဆွေးနွေးရမှာ။ တကယ်လို့ ထမင်းလုံးက ပြဿနာဖြစ်တယ်ဆိုရင် ဘာပြဿနာဖြစ်တတ်တုန်း။ ကလေးကို home work (အိမ်စာ)ပုံစံမျိုး၊ project(သုတေသန)ပုံစံမျိုးပေး။ ကလေးက အဲဒါဆိုရင် ပြဿနာကို ကိုင်ပြီးတော့ အဖြေမှန်လိုက်ရှာတတ်တဲ့ အကျင့်လေးရလာတယ်။
ဖိနပ်ချွတ်ထားတာ မညီလို့ အဲဒါ ဝင်ရင်ထွက်ရင် အဲဒီဖိနပ်ကို နင်းမိ တယ်ဆိုရင် အဲဒါကိုလည်းပဲ ကလေးကို သင်ပေးနိုင်တယ်။ အိမ်မှာ မိသားစု လိုက်သင်ပေးနိုင်တယ်။ ဒါကို ပြဿနာတစ်ခုအနေနဲ့ယူဆပြီးတော့ ဒီဟာကို ဘယ်လိုရှင်းမှာတုန်း။ ဒီပြဿနာက အိမ်ရဲ့ တခြားရှုထောင့်တွေကို၊ မိသားစု ရဲ့တခြားအမြင်တွေကို ဘယ်လို effect(အကျိုးသက်ရောက်မှု)ဖြစ်တုန်း။ အဲဒီ ဟာလေးကို ဆွေးနွေးကြပေါ့။
တစ်ကြိမ်တည်းနဲ့ ဆွေးနွေးတာ ပြေလည်ချင်မှ ပြေလည်မယ်။ နားလည် ချင်မှ နားလည်မယ်။ နှစ်ကြိမ်ဖြစ်ရင်ဖြစ်မယ်။ သုံးကြိမ်ဖြစ်ရင်ဖြစ်မယ်။ လေး ကြိမ်ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် ဆွေးနွေးလိုက်လို့ ကလေးက နားလည်သွား ရင် စည်းကမ်းတစ်ခုတည်းတင်ရတာမဟုတ်ဘူး။ ပြဿနာကို ဖြေရှင်းတဲ့ Conflict resolution အဲဒီအသိဉာဏ်ပါ သူ ရသွားတယ်။
ပြဿနာကို အဓိကထားပြီးပြောတယ်ဆိုတာ ဗုဒ္ဓတရားတော်ရဲ့ အခြေခံပဲ'
ပြဿနာကို ရင်ဆိုင်ဖြေရှင်းရဲတဲ့ စိတ်ဓာတ်ကို မိဘများက ကလေးငယ် များကို ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးဖို့ ဆရာတော်က ဆုံးမတာ လို့ ကျွန်တော်တို့ နားလည်ကြရမှာဖြစ်ပါတယ်။
(၄)
အထက်မှာ ကျွန်တော်ရေးပြခဲ့တာတွေကို အနှစ်ပြန်ချုပ်မယ်ဆိုရင် ...
(၁) မိဘတွေအနေနဲ့ ကလေးငယ်တွေရှေ့မှာ ရန်ဖြစ်တာမကောင်းဘူး။ ကလေးစိတ်ထဲ ကမ္ဘာပျက်သလိုခံစားရပြီး သိမ်ငယ်စိတ်ဝင်တတ်တယ်။
(၂) ကလေးကို အရုပ်တွေအများကြီးဝယ်ပေးတာလည်း မကောင်းဘူး၊ တစ်ခုမှ ဝယ်မပေးတာလည်းမကောင်းဘူး။ အလယ်အလတ်လမ်းစဉ်ကို ကျင့် သုံးသင့်တယ်။
(၃) ပြဿနာကို ရင်ဆိုင်ရဲ၊ ဖြေရှင်းရဲတဲ့ စိတ်ဓာတ်နဲ့ စိတ်ထားကိုလည်း
ငယ်စဉ်ဘဝက စလို့ သင်ကြားပေးသင့်တယ်ဆိုတဲ့ အချက်(၃)ချက်ရပါတယ်။
အဲဒီကသုံးချက်ကို မိဘများရဲ့ မေတ္တာတရားနဲ့၊ မိဘများနဲ့ ဉာဏ်ပညာနဲ့
ပေါင်းပြီးချဲ့ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ကလေးငယ်အတွက် ဘဝလမ်းပြမြေပုံ
တစ်ခုတောင် ရနိုင်ကောင်းပါတယ်။
မိဘတစ်ယောက်ဖြစ်လာတဲ့အခါ၊
မိသားစုတစ်ခုကို ပိုင်ဆိုင်လာတဲ့အခါ မျိုးမှာ ကိုယ့်ရဲ့ကလေးငယ်တွေကို၊
သားသမီးတွေကို 'ဘယ်ပုံဘယ်နည်း ရှင်သန်ကြီးပြင်းစေမလဲ'ဆိုတဲ့ကိစ္စဟာ
အများကြီးအရေးကြီးပါတယ်။ အဲဒီ အရေးကြီးတဲ့ ကိစ္စတွေမှာ မသိလို့
မှားမိတဲ့အမှားတွေကို မိဘတွေအနေနဲ့ ရှောင်ရှားနိုင်ဖို့ ဒီစာစုက
ရည်ရွယ်ပါတယ်။
အားလုံးပဲ ဉာဏ်ပညာနဲ့ ချစ်ခြင်းတရားရဲ့လမ်းပေါ်မှာ လျှောက်လှမ်းနိုင်ကြပါစေ။
#ငြိမ်းချမ်းသာ
၁၄-၄-၂ဝ၂ဝ
ရည်ညွှန်းကိုးကား/-
အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ ဟောကြားတော်မူသည့်
၁။ တရားထိုင်၍ ဦးနှောက်ခွဲစိပ်ပါရဂူဖြစ်လာတဲ့ ဆင်းရဲသားလေး
(၁၈-၂-၂ဝ၂ဝ)
၂။ မုဒိတာဦးနှောက်ဖြင့် မုဒိတာတိုင်းပြည်ကို တည်ဆောက်ကြစို့
(၄-၁-၂ဝ၂ဝ)
၃။ စိတ်ခံစားမှုကျန်းမာရေး(Emotional Health) စာအုပ်၊
စတုတ္ထအကြိမ်မူ (၂ဝ၁၆)

No comments:
Post a Comment