မဟာဗောဓိမြိုင်ဆရာတော်ကြီး ရသေ့ဘဝက ပြည်လုံးချမ်းသာဖောင်တော်ဦးဘုရားပြုပြင်တည်ထားတော်မူစဉ်
မေတ္တာဖြင့်အနိုင်ယူခဲ့သော အနှောက်အတားအတိုက်အခိုက်များ
မဟာဗောဓိမြိုင်ဆရာတော်ကြီး ရသေ့ဘဝ သာသနာပြုခရီးအစမှာ ပြည်လုံး ချမ်းသာ ဖောင်တော်ဦးဘုရားကို ပြုပြင်တည်ထားခဲ့စဉ်မှာ ဒေသခံများက ငြိုငြင် အထင်လွဲကြ၊ ပန်းရံဆရာများက ကန့်လန့်တိုက်ကြ အစရှိသဖြင့် အဖျက်အမှောက်အဟန့်အတားများကို ရင်ဆိုင်ခဲ့ရပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးက ဘုရားတည်ခြင်းနဲ့ပတ်သက်ပြီး ရဟန်းသူတော်ကောင်း၊ လူသူတော်ကောင်းကြီးများရဲ့ ဘုရားတည်ရခြင်းဟာ (၁)သီလသိက္ခာအစွမ်း အကဲစမ်းလိုလို့ဖြစ်တယ်၊ (၂)မိမိသီလအရိပ်အားလုံးခိုဝင်အိပ်စေဖို့ ဖြစ်တယ်၊ (၃)အတွင်းနေများက အားကိုးတကြီး တောင်းခံလာကြလို့ ဖြစ်တယ် ဆိုတဲ့အချက်များကြောင့်ဖြစ်ကြောင်း မိန့်ဆိုပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးက သူ ဘုရားတည်ထားခြင်းဟာ ကြွေးချေ သက်သက်မျှဖြစ်ပြီး တောင်ပုလု၊ ဝေဘူ စတဲ့ဆရာတော်ကြီးများ ဘုရားတည်ရခြင်းကိုတော့ အခုလိုရေးပြပါတယ်။
'တောင်ပုလုဆရာတော်ဘုရားကြီး၏ ကြီးမားသော မြမဉ္ဇူစေတီတော်ကြီး (မိတ္ထီလာနယ် ၎င်းမွေးရပ်မြေဇာတိ တဲစုရွာမှာရှိသည်)တည်ထားစေခြင်းကား ၎င်း၏ သီလစွမ်းပကားတော်များကို စမ်းသပ်တော်မူခြင်းမျှသာတည်း။ နတ်လူ တို့၏ အပံ့အကူကို လက်ခံတော်မူခြင်းမျှသာတည်း'(ဘဝကန္တ ရသင်္ကေတ ကထာ စာ၊၂၁၈)
'ဝေဘူဆရာတော်ကြီး၏ ဇာတိမြေ အင်ကြင်းပင်ဝယ် ကြီးမားသော တိလောကသဗ္ဗညုတစေတီတော်ကြီး တည်ဖန်ခြင်းကား အများခိုလှုံရန်မျှသာတည်း။
တစ်ဖန် ကျောက်ဆည်တောင်တန်း၌ တည်ထားတော်မူသော စေတီအများ အပြားတို့မှာမူကား ထိုတောင်ကြောရှိ အတွင်းနေ သိုက်သူသိုက်သားများက တောင်းပန်စကားမျှကြောင့်တည်း။'(ဘဝကန္တ ရသင်္ကေတကထာ စာ၊၂၁၉)
ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ဝေဘူဆရာတော်ဘုရား ကြီးချီးမြှင့်တော်မူတဲ့ တစ်လုံးထိ တစ်လုံးသိ၊ တစ်ထိတည်းထိ တစ်သိတည်း သိနေတာ ဝိဇ္ဇာ ဆိုတဲ့နည်းအတိုင်း ပုတီးသမားဘဝမှာ ကျင့်ကြံနေထိုင်ခဲ့ပါတယ်။ အဲဒီကမှတစ်ဆင့် အဘဝိမလနဲ့ ဆုံခဲ့ရပြီး 'စားကျက်မငြိမ်တဲ့နွားသာ ခလောက် ဆွဲရတာ စားကျက်ငြိမ်ရင် ခလောက်ဆွဲဖို့မလို'ဆိုတဲ့ အဘဝိမလရဲ့ သွန်သင်မှု နဲ့ အာနာပါနပြောင်းရှုခဲ့ပါတယ်။ မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ အဘဝိမလ နဲ့ စတင်တွေ့ဆုံခဲ့စဉ်မှာကတည်းက 'သံသရာတစ်ဖက်ကမ်း ကူးချင်လို့ပါ' လို့ လျှောက်ထားခဲ့သူလည်း ဖြစ်ပါတယ်။ ဆိုလိုတာကတော့ သမထခရီးလမ်း မှာလျှောက်လှမ်းရင်း ဘုရားတည်သာသနာပြုသည့်တိုင်အောင် သိဒ္ဓိမဟိဒ္ဓိ ကို တော့ ဆရာတော်ကြီးက မျှော်ကိုးခဲ့ခြင်း အလျဉ်းမရှိခဲ့ပါဘူး။
'ဘုရားတည်လျှင် သိဒ္ဓိမဟိဒ္ဓိရစေသည်ဟု ပြောစမှတ်ပြုကြလေ၏။ ငါတို့ က မယုံကြည်လေ။ အကယ်တိတိ ဘုရားတည်တိုင်းသာ သိဒ္ဓိမဟိဒ္ဓိရကြစတမ်း ဆိုလျှင် ဘုရားကို ကိုယ်တိုင်တည်နေကြသော ပန်းရံများကား ထိုသိဒ္ဓိမဟိဒ္ဓိများ ထားစရာနေရာပင် ရှိအံ့မထင်ပြီ' (ဘဝကန္တရသင်္ကေတကထာ၊ စာ-၂၁၇)လို့ ရေးသားတော်မူခဲ့ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးက ရသေ့ဘဝ ဘုရားပြုပြင်တည်ထားတဲ့ သာသနာပြု အတွေ့အကြုံကိုလည်း ...'ဘုရားတည်ခြင်းကိစ္စသည်လည်း မြေပေါ်လျှင်တစ်မျိုး၊ မြေအောက်တွင် တစ်ဖုံ လူအမျိုးမျိုး နတ်အဖုံဖုံတို့၏ အနှောက်အတားစုံ၊ အတိုက်စုံများကို ကျော်လွှားလွန်မြောက်ပြီးမှသာ ကိစ္စပြီး ရချေ၏။ ထိုအားလုံး ငါတို့ကား မေတ္တာဖြင့်အနိုင်ယူခဲ့ပါချေ၏' လို့ ဘဝကန္တ ရသင်္ကေတကာထာစာအုပ်ကြီးမှာ ရေးသားတော်မူခဲ့ပါတယ်။
အနှောက်အတား၊ အတိုက်အခိုက်တွေကို ဘယ်လောက်ပဲကြမ်းတမ်းပါစေ၊ သူတော်ကောင်းကြီးများက အဓိဋ္ဌာန်အလုပ်၊ အမျှမေတ္တာပွားများခြင်းအလုပ်များ နဲ့ ယင်းတို့ကို ဖြတ်ကျော်လေ့ရှိကြပါတယ်။ မဟာဗောဓိမြိုင်ဆရာတော်ကြီးက လည်းပဲ ပြည်လုံးချမ်းသာဖောင်တော်ဦးစေတီတည်ထားစဉ်မှာ ကြုံဆုံရတဲ့ အနှောက်အတားတွေကို မီးလွတ်သစ်သီးဆွမ်းနဲ့ အဓိဋ္ဌာန်ဝင်ရင်းက ကျော်ဖြတ် ခဲ့ပါတယ်။
'ပထမနေ့ ရခိုင်ငှက်ပျောမှည့် ကိုးလုံးကို တစ်ရက်တာဆွမ်းအဖြစ် သုံး၍ ကျင့်၏။ ထို့နောက်ရက် တစ်လုံးလျှော့ ရှစ်လုံးဖြင့်လည်းကောင်း၊ နောက်တစ် ရက် တစ်လုံးလျှော့ ခုနှစ်လုံးဖြင့်။ ဤသို့လျှင် တစ်ရက်ပြီးစီးသော် တစ်လုံး လျှော့၍ နောက်ဆုံးကိုးရက်မြောက်နေ့တွင်ကား ထို ရခိုင်ငှက်ပျောမှည့်တစ်လုံး တည်းဖြင့်သာ တစ်ရက်တာ ဆွမ်းအဖြစ် သုံးလျက်က ကျင့်၏' (ဘဝကန္တရ သင်္ကေတကထာ၊ စာ-၂၁၅)
ရွာခံလူတွေက၊ နယ်ရှိရဟန်းတွေက ရသေ့ရဲ့အကျင့်ကို အလေးဂရုပြုလာကြ ပါတယ်။ စုတ်စုတ်ပြတ်ပြတ်အကျင့်ကြောင့် အဓိဋ္ဌာန်နောက်ဆုံးရက် ငှက်ပျော သီးတစ်လုံးနဲ့ ဘယ်လိုမှနေလို့မရ လဲအကျပဲလို့ လူတွေက တွက်ဆကြပြီး ဘုရားကုန်းမှာ ညအထိ မပြန်ဘဲစောင့်ကြည့်ကြတယ်လို့ ဆိုပါတယ်။ ရသေ့ ကတော့ သူ့ရဲ့ အဓိဋ္ဌာန်အကျင့်မှာ လက်ခမောင်းခတ်လို့ နေပါတော့တယ်။
'နှစ်ဖာလုံမျှဝေးကွာသော ကမ်းထိပ်မှ အုတ်ချပ်များကို တစ်ခေါက်လျှင် ငါးလုံးကျဖြင့် ဘုရားကုန်းတော်သို့ အများနည်းတူ သယ်၏။ မေတ္တာစိတ်ကြောင့် လည်း ဖြစ်မည်ထင်၏။ အဓိဋ္ဌာန်အောင်ရက် အားတက်နေသဖြင့်လည်း ဖြစ် တန်ရာ၏။ မောခြင်း၊ တုန်ခြင်း အလျဉ်းမရှိ။ ညကျလေသော် ဘုရားဝတ်တက် သည်ကိုပင် အော်ဟစ်ဆို၏။ ပရိတ်မေတ္တာဘာဝနာကမ္မဋ္ဌာန်း အော်ဟစ်၍ပင် စီးဖြန်းသေး၏။
နံနက်ရောက်သော် အားလုံးကပင် အောချကြကုန်၏။ ထို့နောက်တွင်ကား အစစ အဆင်ပြေသွားတော့၏။ အနည်းငယ်မျှသော အဖုအထစ်မှတစ်ပါး ကြီး မားသော အဟန့်အတား မတွေ့ရပြီ' လို့ ဆရာတော်ကြီးက အနှောင့်အတား တွေကို အဓိဋ္ဌာန်အလုပ် အမျှမေတ္တာပွားခြင်းအလုပ်နဲ့ ဖြတ်ကျော်ခဲ့ပုံတွေကို မှတ်တမ်းတင်ရေးသားခဲ့ပါတယ်။
ဘုရားတည်ဆဲအတွင်းမှာလည်း ထူးထူးခြားခြားအနေနဲ့ ရှင်ဥပ္ပဂုတ္တဖောင် တော် ဘုရားတည်ရာ ဆိပ်ကမ်းမှာ ဆိုက်ကပ်ရပ်နားခဲ့တာလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးက ပြည်လုံးချမ်းသာစေတီပြုပြင်ပြီးစီးသည့် အချိန်နေ့ရက်များကိုလည်း 'ပြာသိုလပြည့်တွင် ပန္နက်တင်မင်္ဂလာပြုလုပ်၍ တပေါင်းလတွင် ပြီးစီး၏။ ဉာဏ်တော်ကား စေတီသက် သက် ၂၄ တောင်၊ ထီးတော်ဖြင့် ၂၇ တောင်တိုင် မြင့်၏။ အစစပြင်ဆင်ရသဖြင့် တန်ခူးလပြည့် တွင်မှ ထီးတော်တင်လှူနိုင်၏။' လို့ ရေးသားတော်မူခဲ့ပါတယ်။ ထီးတော်တင် လှူပွဲကို အဘဝိမလ ကိုယ်တော်တိုင် ကြွရောက်ခဲ့ပြီး 'ဣစ္ဆာသယဘိုးတော်ကြီး အဘဝိမလကိုယ်တော်တိုင်ကြွရောက်၍ ထီးတော် တင်လှူသည်' လို့ ဌာပနာ တိုက်ခန်းမှာ ကြေးပြားနဲ့ ကမ္ဗည်းထိုးခဲ့တယ်လို့ သိရပါတယ်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ၁၃၆၁ ခုနှစ် ကဆုန် လပြည့်နေမှစလို့ တရားဟောတရားပြခြင်း၊ ဘုရားတည်ကျောင်းဆောက်ခြင်း များကို မပြုလုပ်တော့ပါဘူး။ ယခုအချိန်မှာ ဗန်းမောက်မြို့နယ်၊ ရွှေနှစ်တောရ အတွင်းမှာ တစ်ပါးတည်းသီတင်းသုံးလျက်က တရားနှင့်မွေ့လျော်ရင်း သူတော် ကောင်းကြီးများ၏ လမ်းစဉ်အတိုင်း နေထိုင်ကျင့်ကြံလျက်ရှိကြောင်းပါဗျာ။
ငြိမ်းချမ်းသာ
စာပြီးရက်စွဲ - ၂၁-၁၂-၂ဝ၁၉
ရည်ညွှန်းကိုးကား/-
၁။ ဘဝကန္တရသင်္ကေတကထာ(၂ဝ၁၂)

No comments:
Post a Comment