အမှောင်တွင်းမှ နိုးထကြ
ကမ္ဘာလောကရဲ့ မကောင်းမှု ဒုစရိုက်မှန်သမျှ လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာ အလို ဆိုးတို့က စေ့ဆော်ဖြစ်ပွားစေခဲ့တာပါ။ 'ရလေလိုလေ' ဆိုတဲ့ အတောမသတ်နိုင်တော့တဲ့ လောဘတစ်ခု ကြောင့် ဗျာပါဒ၊ သောက၊ ဒေါမနဿ စတဲ့ စိတ် ဆိုးစိတ်ပုပ် ယုတ်ညံ့တဲ့ အမှုအခင်းတွေ ဖြစ်ပွားစေ ခဲ့ပုံ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက ဗုဒ္ဓခေတ် ဇာတ်လမ်းတစ်ပုဒ်နဲ့ မှတ် တမ်းသရုပ်ထင်စေခဲ့ဖူးပါတယ်။
ဘုရားရှင့် ရွှေလက်ထက်တော်က ကုဋမ္ပိက တိဿသူကြွယ်ဆိုတာရှိတယ်။ သူ့မှာ မိဘအမွေ ကုဋေလေးဆယ် ချမ်းသာရုံမျှမက လက်ထက်ပွား ပစ္စည်းများနဲ့လည်း ပြည့်စုံတယ်။ ဒါပေမဲ့ ဒီစည်းစိမ် ချမ်းသာတွေဆိုတာ 'ချမ်းသာစစ်' မဟုတ်ဘူးဆိုတာ လည်း သူ နားလည်နေပြီ။ ချမ်းသာစစ်ဆိုတာ ဘုရား ရှင်ဟောကြားတဲ့ တရားတော်မှာပဲ ရှိတယ်ဆိုတာ လည်း သူ သဘောပေါက်နေပြီ။ ဒါကြောင့် သူ့ရှိသမျှ စည်းစိမ်တွေပယ်၊ ညီငယ်ကို လွှဲအပ်ပြီး တရားရှာ မှီးဖို့ ရဟန်းပြု တောထွက်သွားတော့တယ်။ ကာမ တောက လမ်းခွဲ တကယ့်တောထဲရောက်မှ ချမ်းသာ စစ်ရဲ့ လမ်းစ ဓမ္မအရသာကို သူ ချမ်းသာစစ်ရဲ့လမ်းစ ဓမ္မအရသာကို သူခံစားရတော့တယ်။
ဒါပေမဲ့ အမွေ ကုဋေလေးဆယ်မက ရခဲ့လေသူ ညီရဲ့ဇနီး ခယ်မတစ်ယောက်မှာဖြင့် ဒီလောက် ငွေ ကြေးစည်းစိမ်တွေ အလကား ရတာတောင် စိုးတ ထင့်ထင့်နဲ့တဲ့။ သူခိုးဓားပြရန်ကြောက်လို့ မဟုတ်ဘူး။ ရဟန်းဝတ် တောထွက်သွားလေသူ သာသနာမှာ မပျော်လို့ ပြန်လာမှဖြင့် ဒီစည်းစိမ်တွေ ပြန်တောင်းခဲ့ ရင်ဆိုတဲ့ အဘိဇ္ဈာက နှိပ်စက်နေတာ။ ဒီအမွေတွေ ငါ့ကို တကယ်အပိုင်ပေးခဲ့တာမှာ ဟုတ်ပါလေစ၊ ဟိုက လူပြန်ထွက်လာရင် ခက်ရချည့်ဆိုတဲ့ စိတ်မချ တဲ့ ဗျာပါဒကလည်း မွှေနေပြီလေ။
ဒီတော့ မကြံကောင်းမစည်ရာ ကြံစည်တော့ တယ်။ ခိုးသားငါးရာကို လူမိုက်ငှားပြီး ခဲအိုတော် တိဿရဟန်းကို သတ်ဖြတ်လုပ်ကြံစေတော့တယ်။ ခိုးသားတစ်ယောက်လျှင် အသပြာငါးရာစီပေးလို့ သတ်စေ-စေလိုက်တာပေါ့။ အမှုတော်ပြီးစီးအောင်မြင် လျှင် ထပ်ပြီး ချီးမြှင့်ပါဦးမယ်တဲ့။ ဒီလိုနဲ့ ခိုးသား ငါးရာဟာ ကုဋမ္ပိက တိဿရဟန်းကို တောနင်း ရှာဖွေကြတော့တယ်။ ဒီအချိန်မှာ တိဿရဟန်းကြီး ကတော့ဖြင့် ဘုရားဟောတရားကို မတွေ့တွေ့အောင် ရှာဖွေနေပြီ။ (ရှာဖွေပုံချင်း မတူကြဘူးနော်)
ခိုးသားငါးရာက တိဿရဟန်းကို သတ်ဖို့ အားထုတ်နေတယ်။
တိဿရဟန်းက ကိလေသာကိုသတ်ဖို့ အား ထုတ်နေတယ်။
ခိုးသားငါးရာက တိဿရဟန်းကို သတ်နိုင်ရင် ငွေကြေးများစွာရမယ်။
တိဿရဟန်းက ကိလေသာကို သတ်နိုင်ရင် ဝဋ် ေြ<ွကးကင်းပ တရားထူးရမယ်။
အဆိုးနဲ့အကောင်း အဲဒီလောက်ထိ ဝေးကွာနေပေ မယ့် တောအုပ်ကြီးရဲ့ တစ်နေရာမှာ ခိုးသားငါးရာနဲ့
တိဿရဟန်း အနီးကပ်ဆုံး ဆုံမိကြပြီ။ ရဟန်းတစ် ပါးကို ခိုးသားငါးရာက ဝိုင်းထားလိုက်ကြချေပြီ။ မှောင်ရီပျိုးစ ညအမှောင်လည်း မင်းမူစ၊ မောဟ အမှောင် မင်းမူပြီးဖြစ်တဲ့ ခိုးသားငါးရာကို တိဿ ရဟန်းက မေးလိုက်တယ်။
'ငါ့မှာ သပိတ်တစ်လုံးနဲ့ သင်္ကန်းသုံးထည်ပဲရှိ တယ်။ သင်တို့ လိုချင်တာ ယူသွားကြပါ'
ခိုးသားခေါင်းဆောင်က ဓားကြီးဝင့်လျက် သပိတ်မလို၊ သင်္ကန်းမလို၊ ရဟန်း၏အသက်ကိုသာ လိုသည်ဆိုကာ ခယ်မက မှာလိုက်ပုံ ဇာတ်စုံခင်းပြ လေရာ ရဟန်းတိဿခမျာ ရှက်ကြောက်ဝေဒနာ ခံစားလိုက်ရရှာပါတယ်။ မလိုချင်လို့ စွန့်ပစ်ခဲ့တဲ့ ပစ္စည်းတွေ၊ စည်းစိမ်တွေက နောက်ယောင်ခံလိုက်ပြီး ဒုက္ခပေးနေပါပေါ့လားဆိုတဲ့ အတွေးကြောင့် ရှက်ရ ခြင်း၊ ခိုးသားငါးရာသတ်လို့ သေရမှာ မကြောက်ဘဲ တရားမရဘဲ သေရမှာကြောက်မိခြင်း၊ ဒါကြောင့် နောက်ဆုံးအားထုတ်ခြင်းဖြင့် အားထုတ်လိုသည်ဖြစ် ရကား တိဿရဟန်းဟာ တစ်ညတာ အသက်ရှင် ခွင့်ပေးဖို့ တောင်းပန်ပါတယ်။
'သေမှာ ကြောက်သူချည်း၊ ညအချိန် သင်ထွက် ပြေးခဲ့သော် ငါတို့ရမယ့်မိုက်ကြေး မရနိုင်တော့ပြီ' လို့ဆိုကာ ခိုးသားခေါင်းဆောင်က သတ်မယ်တကဲ ကဲ။ တိဿရဟန်းက -
'ထွက်ပြေးမှာ မပါလေနဲ့၊ ငါ အာမခံချက်ပေး မည်။ စိတ်ချချ နေကြလေ' ဟု ပြောဆိုရင်း အနီးရှိ ကျောက်တုံးကိုကောက်ယူပြီး သူ့ဒူးဆစ်ကို ရိုက်ချိုး ထုပစ်လိုက်ပါတော့တယ်။ သေမှာကြောက်တဲ့ ခိုး သားငါးရာဟာ သေမှာမကြောက်တဲ့ ရဟန်းတော်ကို တအံ့တသြ ယုံကြည်သွားကြပြီ။ အမှောင်တွင်းမှာ စိတ်ချလက်ချ အိပ်စက်ကြပြီ။ သွေးအလိမ်းလိမ်းဖြင့် ကိုယ်ရောစိတ်ပါ နာကျင်လှပါသော တိဿရဟန်း ကား သူ့ကမ္မဋ္ဌာန်းသူ စီးဖြန်းလျက်။
ကိုယ့်အနာကို ရှုသည်၊ ရှုမရအောင် နာကျင် လျက်။
ဝေဒနာကို ရှုသည်၊ ရှုမရအောင် ခံခက်လျက်။
ဒီမှာ ရဟန်း ကမ္မဋ္ဌာန်းပြောင်းတော့တယ်။ ကာယကိုလည်း မရှု၊ ဝေဒနာကိုလည်း မမှတ်တော့ ဘဲ သူ့စိတ်ရဲ့စင်ကြယ်ပုံ၊ သူ့အကျင့်ရဲ့ အပြစ်ကင်းပုံ တို့ကိုသာ အာရုံပြုဆင်ခြင်လေရာ စိတ်ဟာ ကျေနပ် သွားတော့တယ်။ ကာယိကဒုက္ခနဲ့ ဝေဒနာကို စိတ် ဟာ ခံနိုင်ရည်ရှိလာပြီဖြစ်လို့ ကာယကို ရှုရင်းကပင် တဆတ်ဆတ် တုန်နေတဲ့အရာကို တွေ့ခဲ့ပေပြီ။ ဝေဒနာရှုရင်းကပင် အတက်အကျ သဘာဝကို သိခဲ့ ရပေပြီ။
ငါနှင့်ဒူးကြားမှာ ငါတခြား ဒူးတခြား၊ ငါနဲ့ ဝေဒနာကြား ငါတခြား အနာကတခြား လမ်းစပေါ်ခဲ့ ပေပြီ။ လမ်းစပေါ်လျှင် ချုပ်ငြိမ်းရာလမ်းဆုံးသို့ ရောက်ဖို့ကား မလွဲပြီ။ အမှောင်ညကုန်ဆုံး၍ အလင်း သို့လည်း ရောက်ခဲ့ချေပြီ။
'ဒကာတို့ ထကြတော့၊ လင်းပြီ။ ထကြတော့၊ လင်းပြီ'
ကုဋမ္ပိရဟန်းတော်က အာရုဏ်မတက်မီကပင် 'ရဟန္တာ'အဖြစ် ပွင့်ခဲ့လေပြီ။ မိမိအားသတ်မည့် အိပ် မောကျနေတဲ့ ခိုးသားငါးရာတို့ကို 'ထကြ...လင်းပြီ' ဟု နှိုးဆော်လျက်ကပင် အလိုလို ပရိနိဗ္ဗာန် ပြုသွား ခဲ့ပေပြီ။
တစ်ဖက်က လောဘ၊ ဒေါသ၊ မောဟတို့ဖြင့် ချောက်ချားပူလောင်နေပါသော်လည်း တစ်ဖက်က ထာဝရငြိမ်းအေးခြင်းသို့ ရောက်ခဲ့ပေပြီ။ လောဘ၊ ဒေါသ၊ မောဟတို့၏ ကိုယ်စားလှယ်များကား အင် အားက အဆငါးရာ၊ လက်နက်ဓားလှံများကလည်း တဝင့်ဝင့်၊ ဓမ္မဘက်တော်သား ရှင်ရဟန်းကား တစ်ပါးတည်း။ သူ့လက်နက်ကား 'သတိ' ဟူသော အပ္ပမာဒ။ အလွန်အားကြီးလှသော ကိလေသာရန်သူ တို့ကို သတိဖြင့် အနိုင်တိုက်လျက် 'အမှောင်တွင်းမှ နိုးထကြ' ဟု လမ်းပြနှိုးဆော်ခဲ့လေပြီတကား။
(အညွှန်း။ ။ ၆-၆-၉၇ နတ်တလူတောရမှာ ဟောပါတယ်။)
မောင်သွေးချွန်

No comments:
Post a Comment