■ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏
စာပေ၌တွေ့ရသော အယူအဆထူးများ(၁)
❝လောကဝယ် ကမ္ဘာတည်သရွေ့ မပျောက်ပျက်သော အရာလေးမျိုး❞
(၁)
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ စာပေမှာ အထူး မွေ့လျော်တော်မူပါတယ်။ ဆရာတော်ကြီးဟာ သူဖြတ်သန်းခဲ့ရတဲ့ဘဝကို စာပေနဲ့ ကိုယ်တော်တိုင်းရှင်းပြလေ့ရှိပြီး ဓမ္မကိုလည်း စာပေနဲ့ အမွေပေးတော်မူလေ့ ရှိပါတယ်။ ဆရာတော်ကြီးရဲ့ ကျမ်းစာအုပ်များဟာ ဆရာတော်ကြီးရဲ့ ဘဝနဲ့ဓမ္မကို သိရှိလိုသူတိုင်းအတွက် လမ်းပြမြေပုံများပဲဖြစ်ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ တပည့်မမွေး၊ ရိပ်သာမထောင်၊ တရားမဟောဖြစ်သည့်အတွက် စာပေရေးသားခြင်းကို ၎င်း၏ဝေနေယျများအား ဓမ္မအမွေပေးရန်အလို့ငှာ ပြုလုပ်တော်မူခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆရာတော်ကြီးက ...
'ငါသေလျှင် ဝေနေယျအတွက် ဘာအမွေထားခဲ့ရပါမတုန်း။ ထိုနှင့်အတူ
ငါသည် ဧကစာရီ အကျင့်သမားဖြစ်သဖြင့် ပြင်ပသာသနာ ပြုစုစောင့်ရှောက်ရန် နောက်အားမရှိ။
ငါသည် စိတ်မြန်စိတ်ထန်နှင့်အတူ မြုံထားရာမှနေ မခံနိုင် တစ်ချက်လွှတ် သုံးကျင့်ရှိနေပြန်သဖြင့် တပည့်မွေးလည်း သက်ဆိုးမရှည်။ ငါသည် ဆိတ်ငြိမ် အေးချမ်းခြင်းကိုသာ အလေးပေးသူဖြစ်သဖြင့် မွေးတပည့်အား စနစ်တကျ အမွေမပေးတတ်။
သို့ကြောင့် ထိုငါသည် ရိပ်သာမထောင်။ လူလည်ခေါင် လိုက်လံတရား မဟောပြော။ သည်လိုဆို ကိုယ့်ဝေနေယျတွေအတွက် မခက်ပေဘူးလား။
ထိုအတွေးက နောက်မှနေ ဝင်အုပ်လိုက်ချေရာ
ကိုင်း ... ငါ့အစား စာပေများက သွားဟောကြစေ၊ ပြောကြစေ။
ကိုင်း ... ငါ့ဖူးမည့်အစား ငါ့ဉာဏ်ထား ဖူးကြစေ၊ မျှော်ကြစေ။
သို့ဖြင့်ပင် စာပေအရေးအသားဘက် မဂ္ဂင်စက်ကြီး လှည့်ထွက်သွားရချေပြီ'
(သံဝေဂလမ်း၊ စာ-၁၃၇) လို့ ရေးသားတော်မူခဲ့ပါတယ်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ကျမ်းစာအုပ်ပေါင်း ၇ဝ နီးပါး ရေးသားပြုစုတော်မူခဲ့ပြီး ယနေ့ထိလည်း စာပေရေးသားခြင်းကို ပြုလုပ်တော်မူဆဲဖြစ်ပါတယ်။ ဆရာတော်ကြီးရေးသားတဲ့ ကျမ်းစာအုပ်များကို ဖတ်ရှုလေ့လာကြည့်မယ်ဆိုရင် ထူးခြားတဲ့ အယူအဆတွေပါဝင်နေတာကို တွေ့ ရှိရနိုင်ပါတယ်။
ဥပမာအနေနဲ့ ထုတ်နှုတ်တင်ပြရရင် ဆရာတော်ကြီးဟာ ဝိပဿနာကျင့်စဉ် များနဲ့ စပ်လျဉ်းပြီး 'ပဋိဘာနဉာဏဒဿနကထာ'အမည်နဲ့ စာမျက်နှာ ၈ဝဝ ကျော်ရှိတဲ့ ကျမ်းစာအုပ်ကြီးကို ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်ကြီးဟာ ဝိပဿ နာတရားအားထုတ်လိုသူများအတွက် အထူးရည်ရွယ်ရေးသားတာဖြစ်သည့်တိုင် အဲဒီစာအုပ်ထဲမှာ သိုက်အကြောင်း၊ သိုက်ဆက်များအကြောင်းကိုလည်း ထည့် သွင်းရေးသားထားတာကိုတွေ့ရပါတယ်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး ရေးသားတော်မူတဲ့ 'လောကအလင်း'ဆိုတဲ့ စာစုထဲမှာလည်း 'ဘုရားတည်၍ သာသနာပြုနေသော ရာကျော်၊ရက္ကန်းစင်တောင်ဆရာတော်၊ အောင်မင်းခေါင်၊ ဘိုးဘိုးအောင် ထိုလေးဦး တို့သည် ဘုရားဆုပန်များဟု ကြားရဖူး၏'လို့ ဝိဇ္ဇာများနဲ့ ပတ်သက်ပြီး ရေး သားတော်မူခဲ့တာကို တွေ့ရပါတယ်။
ဆိုလိုချင်တာကတော့ ဆရာတော်ကြီးရဲ့ ကိုယ်စားတော်အဖြစ် ဟောပြော နေကြတဲ့ ကျမ်းစာတွေဟာ လောကုတ္တရာအကြောင်းချည်းသက်သက်မဟုတ် ဘဲ လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကြောင်းအရာတွေပါဝင်နေတယ် ဆိုတာပါပဲ။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး ရေးသားစီရင်တော်မူတဲ့ 'သော့(သလာဘိကနာနုဂ္ဂဟကထာ)'ဆိုတဲ့ ကျမ်းစာမှာလည်း ထူးခြားတဲ့ အယူအဆတွေပါဝင်ပါတယ်။ 'သော့'စာအုပ်ဟာ မြတ်စွာဘုရားရှင်တော်ရဲ့ ပါရမီ တော်ဆယ်ပါးကို ပိဋကတ်တော်လာ ဇာတ်တော်များနဲ့ ဖွင့်ဆိုရှင်းတော်မူ တဲ့စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်ရဲ့ သီလဖြင့် ပါရမီတော်ဖြည့်ကျင့်ရခြင်း ခေါင်းစဉ်အောက်မှာ ဘုရားလောင်းယုန်မင်းဘဝက ပါရမီတော်ဖြည့်ကျင့်ခြင်း နဲ့ပတ်သက်ပြီး ဆရာတော်ကြီးက ဖွင့်ဆိုရှင်းပြရေးသားတော်မူခဲ့ပါတယ်။
(၂)
ဇာတ်တော်ကို အနှစ်ချုပ်အားဖြင့် တင်ပြပါရစေ။
ဘုရားအလောင်း ယုန်းမင်းဘဝမှာ မျောက်၊ မြေခွေး၊ ဖျံ ဆိုပြီး မိတ်ဆွေ သုံးဦးရှိခဲ့တယ်။ ယုန်မင်းဟာ အလှူကိုလဲ ပေးလှူတတ်သလို သီလစောင့်ထိမ်းပြီး ဥပုသ်ဆောက်တည်တာတွေ ပြုလုပ်လေ့ရှိတယ်။ မိတ်ဆွေသုံးဦးကိုလဲ အခါ အားလျော်စွာ ဟောပြောဆုံးမလေ့ရှိတယ်။
တစ်နေ့မှာတော့ ဘုရားအလောင်းယုန်မင်းက မနက်ဖြန်ဆိုရင် ဥပုသ်နေလို့ ဥပုသ်စောင့်ကြဖို့နဲ့ အလှူခံလာရင်လဲ ကိုယ်ရထားတဲ့ အစာကို ခွဲဝေလှူပြီး ကျန်တာကို စားသုံးကြဖို့ မိတ်ဆွေများကို သြဝါဒစကားပြောကြားတယ်။ မိတ်ဆွေသုံးဦးကလဲ ကောင်းပါပြီ ဆိုပြီး ဝန်ခံကတိထားခဲ့ကြတယ်။
နောက်တစ်နေ့ရောက်တဲ့အခါ မိတ်ဆွေဖြစ်တဲ့ ဖျံဟာ အစာရှာထွက်လာ ပါတယ်။ တစ်နေရာရောက်တော့ ငါးကြင်း ခုနှစ်ကောင်ကို ကြိုးနဲ့သီပြီး သဲပြင်အောက်မှာ ဖုံးအုပ်ထားပါတယ်။ ဖျံက ပိုင်ရှင်ရှိ/မရှိဆိုတာကို စုံစမ်းတဲ့အနေနဲ့ အသံသုံးကြိမ်ပြုလိုက်တယ်။ ဒါပေမယ့် ပိုင်ရှင် မပေါ်လာတဲ့အတွက် ငါးခုနှစ်ကောင်ကို ယူပြီး ချုံတစ်ခုထဲမှာ ထားကာ နေမွန်းမတည့်မီ အချိန်မှာ စားတော့မယ်ဆိုကာ မိမိရဲ့သီလကို ဆင်ခြင်နေပါတယ်။
မြေခွေးကလဲ အစာရှာထွက်လာရာ လယ်တဲတစ်ခုအတွင်း အမဲစို့နှစ်ခု၊ ဖွတ်ကင်တစ်ခု၊ နို့ဓမ်းတစ်အိုးကို မြင်တာနဲ့ ပိုင်ရှင်ရှိမရှိဆိုတာ သိရအောင် သုံးကြိမ်တိတိ အသံပြုပြီးနေပါတယ်။ ပိုင်ရှင်မရှိမှန်း သိတဲ့အခါ အမဲစို့နှစ်ခု၊ ဖွတ်ကင်တစ်ကောင်နဲ့အတူ နို့ဓမ်းအိုးကိုပါ မိမိနေရာ လုံခြုံတဲ့နေရာမှာ ထားလိုက်ပြီး သီလကို ဆင်ခြင်နေပါတယ်။
မျောက်ကလဲ တောအုပ်ကိုဝင်ကာ သရက်ခိုင်ကို ခူးယူပြီး မိမိနေရာ ချုံထဲမှာ သိမ်းထားလိုက်ပါတယ်။ နေမွန်းမတည့်မီ စားမယ်လို့ဆိုကာ ကိုယ့် သီလကိုကိုယ် ဆင်ခြင်နေပါတယ်။
ဘုရားအလောင်းတော် ယုန်မင်းဟာ အချိန်ရောက်မှ နေရာကထွက်လာပြီး 'နေဇာမြက်ကို စားတော့မယ်' လို့ဆိုကာ မိမိသီလကို ဆင်ခြင်နေပါတယ်။
ယုန်မင်းက 'ငါ့ထံရောက်လာတဲ့ အလှူခံတွေကို ငါစားတဲ့ မြက်ပင်များကို လှူရင် ကောင်းမှာမဟုတ်ဘူး။ နှမ်း ဆန်စတဲ့ပစ္စည်းတွေလဲ ငါ့မှာ မရှိ၊ တကယ်လို့ အလှူခံလာမယ်ဆိုရင် ငါ့ အသားကို လှူဒါန်းမယ်' လို့ ရဲဝံ့စွာ ဆုံးဖြတ်လိုက်တယ်။ ယုန်မင်းရဲ့သီလကြောင့် သိကြားမင်းရဲ့ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာကြီးလဲ ပူလာပါတော့တယ်။
သိကြာမင်းက အကျိုးအကြောင်းဆင်ခြင်ပြီး သိတဲ့အခါ ယုန်မင်းကို စုံစမ်း ဖို့အတွက် လူ့ပြည်ကို ပုဏ္ဏားအသွင်နဲ့ ရောက်လာပါတယ်။
ရှေးဦးစွာ ဖျံရဲ့နေရာကိုသွားတယ်။ ဖျံက 'ဘာအတွက်လာတာလဲ'မေးတော့ သကြားမင်းက 'အဟာရတစ်ခုခုကို ရလို့ရှိရင် ဥပုသ်စောင့်ပြီး နေချင်တယ်' လို့ပြောတယ်။ ဖျံက 'ကောင်းပါပြီ၊ ငါ အာဟာရ တစ်ခုခုကို ပေးပါ့မယ်' လို့ပြောတော့ သကြားမင်းက 'ခဏနေပါဦး ၊ စောသေးတယ်၊ နောက်မှပဲ စားကြတာပေါ'လို့ ဆိုပါတယ်။
တစ်ခါ မြေခွေးရဲ့နေရာ ကိုသွားပြန်တယ်။ ရှေးနည်းအတိုင်းပဲ မြေခွေးဆီမှာ အလှူခံတယ်။ မြေခွေးက သူ့မှာရထားတဲ့ ငါးကြင်းကင်နဲ့နို့ဓမ်းကိုပေးလှူပါတယ်။ သိကြားမင်းက 'ခဏနေပါဦး၊ စောသေးတယ်၊ နောက်မှစားမယ်' လို့ပြောပြီး မျောက်ရှိတဲ့နေရာကို တစ်ခါသွားပြန်တယ်။
ရှေးနည်းအတိုင်း သိကြားမင်းက အလှူခံတဲ့အခါ မျောက်က သူ့မှာ ရှိတဲ့ သရက်ခိုင်ကို လှူတယ်။ သကြားမင်းက 'ခဏနေပါဦး စောပါသေးတယ်၊ နောက်မှလာစားမယ်'လို့ဆိုကာ ဘုရားအလောင်းတော် ယုန်မင်းထံကို သွား ပြန်တယ်။
သိကြားမင်းက ယုန်မင်းဆီမှာ အာဟာရတစ်ခုခု လိုချင်တယ်၊ပြီးရင် ဥပုသ်စောင့်နေချင်တယ်လို့ ပြောတော့ ယုန်မင်းက 'သင်ဟာ သီလရှိတဲ့သူပဲ၊ ဒီနေ့ ငါမလှူဖူးတဲ့ အလှူကို လှူမယ်၊ ဒါကြောင့် အသင်ပုဏ္ဏားမီးပုံကြီးတစ်ပုံကို မီးမွှေးပေးပါ၊ ပြီးရင် ငါ့ရဲ့ခန္ဓာကိုယ်ကို မီးထဲခုန်ချလိုက်လို့ ကျက်ရင် ငါ့ရဲ့ အသားကို စားပြီးတရားကို ကျင့်ပါ' လို့ဆိုတယ်။
သိကြားမင်းက မိမိတန်ခိုးနဲ့ မီးတစ်ပုံ ချက်ခြင်းဆိုသလို မွှေးပေးပါတယ်။ ယုန်မင်းဟာ သူ့ခန္ဓာကိုယ်ရဲ့ အမွှေးတွေထဲမှာ ဝင်ခိုနေကြတဲ့ ပိုးမွှားလေးတွေ သေကုန်မှာစိုးလို့ ကိုယ်ကို သုံးလေးကြိမ် ခုန်လိုက်ပြီးမှ မီးပုံထဲကို စိတ်လက်ပျော်ရွှင်စွာနဲ့ ခုန်ချလိုက်ပါတယ်။ အဲဒီအခါမှာ မီးလျံတွေ ယုန်မင်းရဲ့ ခန္ဓာကိုယ်နဲ့ထိတွေတဲ့အခါ နှင်းတွေနဲ့ ထိရသလို အေးမြနေတယ်။ ယုန်မင်းက 'သင်မွှေးတဲ့မီးက မပူဘဲ အေးနေတာပဲ ဘာကြောင့်ဒီလိုဖြစ်တာလဲမသိ' လို့ သိကားမင်းကိုပြောတော့ 'ငါဟာ ပုဏ္ဏားမဟုတ်၊ သိကြားမင်းပါ၊ သင့်ကို စုံစမ်းချင်လို့ လာတာဖြစ်တယ်' လို့ သကြားမင်းပြောပါတယ်။
သိကြားမင်းက 'ယုန်ပညာရှိသင်ရဲ့ ဂုဏ်ကျေးဇူးတွေ တစ်ကမ္ဘာပတ်လုံး ထင်ရှားပြီး တည်နေစေရမယ်'လို့ဆိုကာ တောင်ကိုညှစ်ပြီး တောင်ဆီကိုယူကာ လမှာ ယုန်အရုပ်ကို ရေးပါတယ်။ အဲဒီအချိန်ကစလို့ လမှာ ယုန်အရုပ်ဟာ ခုချိန်ထိတည်ရှိနေတဲ့အပြင် တစ်ကမ္ဘာပတ်လုံး တည်သွားမယ့်အရာဖြစ်လည်း ရှိနေတော့တာဖြစ်ပါတယ်။
(၃)
အဲဒီဇာတ်တော်နဲ့ပတ်သက်ပြီး မဟာဗောဓိမြိုင်ဆရာတော်ကြီးက 'ထိုစကား မယုံကြည်သူ လူတို့နား ပေါက်ကြားသွားခဲ့သော် တင်စားထားခြင်းမျှသာပ ဆိုတန်ရာ၏။ မယုံသူကို ယုံအောင်ပြောပြရသည်မှာ ယုန်ရုပ်ရေးပြသည်ကို ဒါယုန်ပါပြောသဖြင့် 'ဟုတ်လို့လား၊ ယုန်က ဒါမျိုးပဲလား' အမေးခံရသည်ထက် ပိုခက်ချိမ့်မည်။
ထိုရှေးပဝေသဏီကို မဆိုထားဘိ။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာကျော်က ပေါ်ပေါက်ခဲ့သော ကုန်းဘောင်ခေတ် တည် ဦးအောင်ဇေယျ၏ ညာလက်ရုံးက မီးဟုန်းဟုန်းတောက်သည့်စကား ယနေ့ ဘုန်းရှား ကံရှား သမ္ဘာရှားပါးလျက်ရှိသော လူသားတို့နား တာ,မသွားပြီ။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင့်နှစ်ရာကျော် ပုဂံခေတ်က မိဖုရားစောလုံ ၏ မီးပုံပေါ်ထက် တက်စေ၍ မီးမြှိုက်ရှို့သတ်သော်မှလည်း ၎င်းထံ၌ မီးမကူး စက်သည့်ပြင် အေး၍ပင်နေသည့်စကား ယနေ့ ကိုယ်ကျင့်သီလခေါင်းပါးလျက် ရှိသော လူသားတို့နား ပြောကြားမိပါက ယုံတမ်းမျှဖြင့်သာ ပွဲသိမ်းရပေလိမ့် မည်။
လောကဝယ် မပျောက်ပျက်သောအရာ လေးမျိုးရှိ၏။ ၎င်းတို့မှာ
၁။ လ၏ အောက်ခံမျက်နှာပြင်ရှိ ယုန်ရုပ်
၂။ ဃဋိကာရပုဏ္ဏားဟူသော အိုးထိန်းသည်ဘဝကနေအိမ်
၃။ ငုံးမင်းဘဝက မီးလောင်ရာ သစ္စာဆိုစဉ်က မီးမကူးခဲ့သောနေရာ
၄။ မျောက်မင်းဘဝက ကန်စောင့်ဘီလူးကြောင့် ကန်ဦးမှနေ ရေစုပ်သောက် သော ကျူရိုး
ထိုလေးမျိုးစလုံး ယနေ့တိုင် ထင်ရှားဆဲဆို၏။
ထိုတွင် ယုန်ရုပ်တစ်ခုသာ ဤလူ့ပြည်နှင့် အလှမ်းကွာ၏။ အလောင်း တော်၏ ကျန်သုံးမျိုးစလုံးသည် ဤလူပြည့်၏ အိန္ဒိယနယ်ပယ်ထဲ၌ ရှိနေသေး သည်သာ ဖြစ်၏။ အိမ်ကား နေရာမျှသာ၊ မီးလွတ်ကင်းလည်း နေရာမျှသာ၊ အဆစ်မပါသော ကျူရိုးကား ယခုချိုးကြည့် ယခုသိရသည်။'(သော့၊စာ-၃၉၊၄ဝ) လို့ ရေးသားတော်မူခဲ့ပါတယ်။
[၁။ လမင်းမှာယုန်ရုပ် ၂။ ငုံးမင်းနေရာတောအရပ် ၃။ ဃဋိကာရပုဏ္ဏား၏ အိမ်နေရာ မိုးမစွတ်မိုးမရွာ ၄။ ဘုရားလောင်းမျောက်မင်း အဓိဋ္ဌာန်ကာ ရေ သောက်ပြွန်ပြုလုပ်ရာကျူတောမှာ အမြဲခေါင်းပေါက်လျှက်ရှိခြင်း ထိုလေးမျိုး သည် တစ်ကမ္ဘာပတ်လုံးတည်ရှိနေသည်။ ဇာတက၊ အဋ္ဌကထာ၊ ၁။ ၁၁၈။]
ကမ္ဘာပတ်လုံးတည်ရှိနေမယ့် တန်ခိုးပြဋိဟာတွေအကြောင်းကို ရေးသားဖော် ပြရာမှာ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ဦးအောင်ဇေယျ၊ မိဖုရားစောလုံ စတဲ့သမိုင်းဆိုင်ရာအချက်အလက်များကို အကိုးအကားပြုသက် သေပြခဲ့တာကို ထူးထူးခြားခြားပဲ မြင်တွေ့ခဲ့ရပါတယ်။ သက်သေအဖြစ် အသုံးပြု သည့်အတွက်ကြောင့်လည်း အဲဒီသမိုင်းဆိုင်ရာ အချက်အလက်တွေကို ဆရာတော်ကြီးက လက်ခံယုံကြည်တော်မူတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ စာပေတွေကို ဖတ်မှတ် ကြည်ညိုတဲ့အခါမှာ ထူးခြားဆန်းကြယ်မှုတွေနဲ့ သိမ်မွေ့နက်နဲမှုများစွာရှိတာကို တွေ့ရပါတယ်။ ကျွန်တော်အနေနဲ့ကတော့ အခု ဒီစာစုမှာပါဝင်တဲ့ သမိုင်းဆိုင်ရာ အချက်အလက်များအပေါ် ဆရာတော်ကြီးရဲ့ ယုံကြည်လက်ခံချက်ဟာ များစွာသော အယူအဆထူးများမှ အယူအဆထူးတစ်ခုအဖြစ် မှတ်ယူ ယုံကြည်ပါကြောင်း။
ငြိမ်းချမ်းသာ
စာပြီးရက်စွဲ/-၂၂-၁-၂ဝ၂ဝ
- https://www.facebook.com/thuwannashan/
ရည်ညွှန်းကိုးကား/-
၁။ သံဝဂေလမျး(သံဝဂေပဋိသံယုတ်တကထာ)
၂။ ပဋိဘာနဉာဏဒဿနကထာ
၃။ လောကအလင်း(လေခက္ခန္ဓာ့ကထာ)
၄။ သော့(သလာဘိကနာနုဂ္ဂဟကထာ)

No comments:
Post a Comment