■ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏
စာပေ၌တွေ့ရသော အယူအဆထူးများ(၂)
❝ကျမ်းစာများရေးသားခြင်းသည် ငြင်းခုန်လိုသဖြင့် စိန်ခေါ်ခြင်းမဟုတ်❞
(၁)ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ စာပေသမားဘဝကို လွန်စွာ မြတ်နိုးတော်မူပြီး ကျမ်းစာအုပ်များစွာကို ရေးသားခဲ့၊ ရေးသားဆဲ ဖြစ်ပါတယ်။ ကျမ်းစာအုပ်များကိုရေးသားရာမှာလည်း အကြောင်းရာပေါင်းစုံကို ရေးသားတော်မူခဲ့ပြီး ကဗျာ၊ လင်္ကာအရာမှာလည်း တမူထူးခြားပြီး ကောင်းမွန် ပြည့်စုံလှတာကိုတွေ့ရပါတယ်။
ကျမ်းစာအုပ်များစွာရှိတဲ့အနက် 'ပဋိဘာနဉာဏဒဿနကထာ'နဲ့ 'နိဒါန်း သတိပဋ္ဌာန်' ဆိုတဲ့ ကျမ်းစာအုပ်ကြီးနှစ်အုပ်ဟာ ဝိပဿနာတရာအားထုတ်နည်းများကို အလေးပေးရေးသားထားတဲ့ ကျမ်းစာအုပ်ကြီးများဖြစ်ပါတယ်။ မဂ္ဂဇင်းဆိုဒ်နဲ့ စာမျက်နှာ ၈ဝဝ ကျော်ရှိတဲ့ 'ပဋိဘာနဉာဏဒဿနကထာ'ဆိုတဲ့ ကျမ်းစာအုပ်ကြီးကိုပင်လျှင် ရက်ပေါင်း ၆ဝ အတွင်းအပြီးရေးသားစီရင် ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ဘဝကန္တရသင်္ကေတကထာဆိုတဲ့ ဆရာတော်ကြီးရဲ့ ကိုယ်တိုင်ရေးအထ္တုပ္ပတ္တိစာအုပ်မှာ ဖော်ပြထားတဲ့ အကြောင်းအရာများအရ သိရပါတယ်။
နိဒါန်းပသတိဋ္ဌာန်ဆိုတဲ့ကျမ်းစာအုပ်ကလည်း စာမျက်နှာ ၄ဝဝ နီးပါးရှိ ပြီး အချိန်အနည်းငယ်အတွင်းအပြီးရေးသားခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်ကြီးရဲ့ အနီးနေတပည့်များရဲ့ ပြောကြားချက်များအရသိရပါတယ်။ မဟာမြိုင်တောကြီးအတွင်း သီတင်းသုံးစမှာ ကျောင်းဆောက်လုပ်ရေးလုပ်ငန်းများ ဆောင် ရွက်နေစဉ်အတွင်း ရေးသားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
(၂)
မြန်မာနိုင်ငံမှာ ထွက်ပေါ်ခဲ့တဲ့ စာပေရေးသားလေ့ရှိတဲ့ ကျမ်းပြုရဟန်း ပညာရှိများမှာ တူညီတဲ့ စိတ်ထားတစ်ခုရှိတာကို သတိထားမိပါတယ်။ အဲဒါကတော့ မိမိကိုယ်မိမိ အင်မတန် နှိမ့်ချကြခြင်းပါပဲ။ ဒါ့အပြင် သူတော်ကောင်း ပညာရှိဆရာတော်ကြီးများဟာ အစဉ်အလာအားဖြင့် ကျမ်းတစ်စောင်နဲ့တစ်စောင် ထူးခြားမှုမရှိပါက နောက်ထပ်တစ်ဖန် သီးခြားရေးသားထုတ်ဝေမှု ပြုလုပ်လေ့ မရှိလို့လည်း ဆိုကြပါတယ်။
သာလွန်မင်းတရားကြီးရဲ့ တိပိဋကလင်္ကာရဘွဲ့တော်ကို ဆပ်ကပ်ခံခဲ့ရတဲ့ တောင်ဖီလာဆရာတော်ကြီးဟာ စာပေနဲ့ ပတ်သက်ပြီး ပြောစမှတ်တွင်လောက်တဲ့ ကိစ္စတစ်ခုကို ပြုလုပ်တော်မူခဲ့ဖူးပါတယ်။ တောင်ဖီလာဆရာတော် ရွှေဥမင်ဆရာတော်နဲ့ဆုံခဲ့စဉ်က အကြောင်းကို ဒီလိုတွေ့ရပါတယ်။
'ပရိသတ် ခြွေရံနည်းပါးလှ၍ ကြောက်တော်မမူလောဟု မေးတော်မူလျှင် ရွှေဥမင်ဆရာတော်က ကြောက်၍ပင် ပရိသတ်အနည်းနှင့် နေပါသည်ဟု မိန့်တော်မူသည်။
ဤတွင် အရှင်တိပိဋကလင်္ကာရသည် ရွှေဥမင်ဆရာတော်အား သင်္ကန်း၊ ဒုကုဋ်စသော လှူဖွယ်အသီးသီးတို့ကို ကပ်လှူရာ လှူတိုင်းလှူတိုင်း ရွှေဥမင်ဆရာတော်က ရွှေစည်းခုံအားလှူပါ၏ဆို၍ ချထားလေသည်။ ရွှေဥမင် ဆရာတော်ကား ရဟန်းအဖြစ်ကိုရပါလျှက် မင်းဆရာပြုနေခြင်းသည် အကျိုးမရှိ ကြောင်း ပြလို၍ ဤသို့ဆိုသတည်း။
ထို့နောက် အရှင်တိပိဋကလင်္ကာရက ရွှေဥမင်ဆရာတော်အား မည်သည့်ကျမ်းများကို ပြုစုနေကြောင်း မေးမြန်းရာ ရွှေဥမင်ဆရာတော်က ဝိနည်းပါဠိတော်ငါးကျမ်း နိသျကို စီရင်ပြီးစီးကြောင်း မိန့်တော်မူသည်။ မင်းဆရာပုဂ္ဂိုလ်ကျော်လည်း ရွှေဥမင်ဆရာတော်နိသျ၏ ကျမ်းပြုသက္ကရာဇ်ကို ကြည့်၍ ရွှေဥမင်ဆရာတော်၏နိသျက သက္ကရာဇ်ဦး သောကြောင့် မိမိစီရင်ပြီးသား နိသျကိုဌာပနာသွင်း၍ စေတီတည်သည်ဟု အတ္ထုပ္ပတ္တိကထာ၌ ဆိုသည်။ အချို့စာတမ်းတို့၌ကား မင်းဆရာသည် ရွှေဥမင်ဆရာတော်၏နိသျက သက္ကရာဇ်ဦးသောကြောင့် မိမိစီရင်သောနိသျကို ယှဉ်ကြည့်၍ နိသျနှစ်စောင်ကြောင့် နှစ်နည်းရှိသဖြင့် ဘုရားနှစ်ဆူပြိုင်၍ ပွင့်သော် သူ့ဘုရားသာသည်၊ ငါ့ဘုရားသာသည်ဟု အငြင်းအခုံဖြစ်ကြ၍ အကျိုးမရှိလေ သကဲ့သို့ ဖြစ်တော့မည်ဟု ဆင်ခြင်၍ မိမိစီရင်အပ်သော နိသျကို စေတီရင်ပြင် မှာ မီးပူဇော်သည်ဟုဆိုသည်။'
(my.wikipedia.org/wiki/တောင်ဖီလာဆရာတော်)
ပညာရှိသူတော်ကောင်းကြီးများ၏ အံ့ဖွယ်စိတ်ထားနဲ့ စာပေအပေါ် မြတ်နိုး ရိုကျိုးစိတ်ဟာ အလွန်အင်မတန်မှ အတုယူတန်ဖိုးထားဖွယ်ကောင်းလှပါတယ်။
မြန်မာသက္ကရာဇ် ၉၇ဝ မှာ အနောက်ဘက်လွန်မင်းတရားကြီး ပြည်မြို့ကို လုပ်ကြံခဲ့စဉ်က 'ရှင်တစ်ဆူနဲ့ လူတစ်ယောက်သာ ရခဲ့တယ်'ဆိုတဲ့ မိန့်ဆို ချက်ဟာ ယနေ့တိုင် ထင်ရှားဆဲဖြစ်ပါတယ်။ 'သူ့ဆန်စား ရဲရတယ်'ဆိုတဲ့ ငထင်ငယ်ဟာ လူတစ်ယောက်ဖြစ်ပြီး ရှင်တစ်ဆူကတော့ တောင်ဖီလာဆရာ တော်ကြီးပဲ ဖြစ်ပါတယ်။
(၃)
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်တော်ကြီးအကြောင်း ကို ဆက်ရရင် ဆရာတော်ကြီးဟာ သူ့ကိုယ်သူ တဇွတ်ထိုးသမားဖြစ် ကြောင်း မကြာခဏ ဆိုသလိုပဲ ထည့်သွင်းရေးသား မိန့်ကြားတော်မူလေ့ရှိပါတယ်။ ဆရာတော်ကြီး ကိုယ်တော်တိုင်ရေးသားထားတဲ့ 'တဇွတ်ထိုးသမား'ဆိုတဲ့ ကဗျာမှာပင်လျှင် ဆရာတော်ကြီးရဲ့ စရိုက်ကို တွေ့မြင် နေရပါတယ်။
'တဇွတ်ထိုးသမား
ဟုတ်ချင်လျှင် ဟုတ်ပေါ့၊ မဟုတ်တော့ ပြင်ပေါင်၊
သူတကာ မှာစကား နားမှမယောင်
မစဉ်းစား တွေးမခေါင်
ခြေဆောင်ရာ လက်လှမ်း
ခရောင်းဆို ဆူးပေါက်လမ်း
ကြမ်းချင်လောက်ကြမ်း။'(ကဝိဗန္ဓနကထာ၊ စာ-၁ဝ၂)
ဆရာတော်ကြီးက ဘဝကိုဖြတ်သန်းရာမှာ တဇွတ်ထိုးဉာဉ်ကို တစ်ပြား သားမှမလျှော့ပေမယ့် စာပေရေးသားရာမှာတော့ သိမ်မွေ့လှတာကိုတွေ့ရပါ တယ်။ စာပေအယူအဆမှာ တဇွတ်ထိုးဉာဉ်ကို ပယ်ဖျောက်ကာ ရှေးပညာ ရှိသူတော်ကောင်းဆရာတော်ကြီးများနည်းတူ သိမ်မွေ့ရိုကျိုးစွာနဲ့ အခြားသော ပညာရှင်များကိုလည်း တန်ဖိုးထားလျက်က မိမိကိုယ်မိမိ အင်မတန်နှိမ့်ချတာ ကိုတွေ့ရပါတယ်။
၁၃၅၃ ခုနှစ်၊ ဝါဆိုလပြည့်နေမှာ ပြီးစီးခဲ့တဲ့ ပဋိဘာနဉာဏဒဿနကထာ ပလ္လင်ဖွင့်စကားမှာ မဟာဗောဓိမြိုင်ဆရာတော်ကြီးက အခုလို ရေးသားထားတာ ကို တွေ့ရပါတယ်။
'ငြင်းခုန်ရန် ရေးသားထားသော စာစဉ်မဟုတ်သဖြင့် ငြင်းခုန်မှုမှ ရှောင် ကြည် မည်ဖြစ်၏။ ဤနေရာ ဤအယူအဆ၌ စာပေပညာရှင်များအတွက် မကိုက်ညီဟု ဆုံးဖြတ်လျှင် ထိုဆုံးဖြတ်ချက်သည်အတည်ဖြစ်၍ ဤစာပါ အချက်အလက်များသည် ရုပ်သိမ်းပြီးသားပင်ဖြစ်ချေ၏။
ထိုနေရာကို နောင်လာသုတေသီတို့ ကျော်လွှားတတ်စေရန် မင်နီဖြင့် တားခဲ့ ရန်လည်း ပန်ကြားလိုချေ၏။ သရက်သီးမှည့်ကို စားသုံးရာ၌ ပုပ်သောအပိုင်းကို ဓားဖြင့်လှီးပယ်၍ စားသုံးဘိသို့၊ အမှိုက်ပုံကြားမှ ပံ့သကူစကောက်ရာ၌ ညစ်ပေ ဆွေးမြေ့နေရာကို ဖဝါးတစ်ဖက်ဖြင့်နင်းလျက် ကောင်းသောအပိုင်းအစကိုသာ ဖဝါးတစ်ဖက်၏ ခြေမကြား ညှပ်ယူကာ ကောက်သုံးဘိသို့ ဤ၌လည်း သူ တော်ကောင်းတို့ ကြိုက်ရာရာကိုသာ သုံး၍ မကြိုက်ရာရာကိုကား မိမိလည်း မသုံး၊ အများကိုလည်း မသုံးမိစေရန် တည်းဖြတ်သုတ်သင်နိုင်ပါကြောင်း ခွင့်ပြုထားပြီးဟု မှတ်ယူစေလိုပါ၏'(ပဋိဘာနဉာဏဒဿနကထာ၊ စာ-၉)
၁၃၆၅ ခုနှစ်၊ တပို့တွဲလပြည့်နေ့မှာ ပြီးစီးခဲ့တဲ့ နိဒါန်းသတိပဋ္ဌာန် အဖွင့် နိဒါန်းမှာလည်းပဲ မဟာဗောဓိမြိုင်ဆရာတော်ကြီးက သူ့ရဲ့ကျမ်းစာအုပ်နဲ့ပတ် သက်ပြီး ရိုကျိုးစွာနဲ့ ...
'အခြားပညာရှင်၊ အခြားကျမ်းများနှင့် မညီမညွတ်ဖြစ်နေခဲ့ပါသော် ဤ ကျမ်း၌ အဆိုအမိန့်များ ရုပ်သိမ်းပြီးသားအဖြစ် အသိအမှတ်ပြုကြပါကုန်။
ဤကျမ်းစာရေးသားခြင်းမှာ ...
ငြင်းခုန်လိုသဖြင့် စိန်ခေါ်ခြင်းမဟုတ်။
ထင်ပေါ်ကျော်ကြားလိုသဖြင့် အစွမ်းပြထားခြင်းလည်း မဟုတ်။
ကျမ်းစာရေးခရသဖြင့် ရေးခြင်း၊ အမြတ်အစွန်းရသဖြင့် ရေးခြင်းများလည်း မဟုတ်။
ထိုမဟုတ်တို့၏ပြောင်းပြန်အားဖြင့် ဆိုရပါမူ ...
ငါတို့နှင့် ပတ်သက်နေသော ဘုရားသားတော်၊ သမီးတော်၊ တရာရှာလို သူများအတွက် အထောက်အကူရရန်အတွက်သာ။
ငါတို့ သာသနာ့အရိပ် ခိုလှုံခွင့်ရနေသည်များကို ခိုကျေးဇူးဆပ်ရန်အတွက် သာ။' (နိဒါန်းသတိပဋ္ဌာန်၊ စာ-ဂ) လို့ ရေးသားတော်မူခဲ့တာကိုတွေ့ရပါတယ်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ စာပေတွေကို ဖတ်မှတ် ကြည်ညိုတဲ့အခါမှာ ထူးခြားဆန်းကြယ်မှုတွေနဲ့ သိမ်မွေ့နက်နဲမှုများစွာရှိတာကို တွေ့ရပါတယ်။ အခုဒီစာစုမှာဖော်ပြထားတဲ့ 'ကျမ်းစာရေးသားခြင်းဟာ ငြင်း ခုန်လိုသဖြင့် စိန်ခေါ်ခြင်းမဟုတ်'ဆိုတဲ့ အယူအဆ၊ အခြားပညာရှင်များအပေါ် လေးစားတန်ဖိုးထားမှုနဲ့ မိမိကိုယ်မိမိ နှိမ့်ချတတ်ခြင်းများဟာ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ စာပေများကို လေ့လာလျှင် တွေ့ရှိနိုင်သည့် အယူအဆထူးများဖြစ်ကြောင်းပါဗျာ။
ငြိမ်းချမ်းသာ
စာပြီးရက်စွဲ/- ၂၃-၁-၂ဝ၂ဝ
#NyeinChanTha,#Thuwannashan
ရည်ညွှန်းကိုးကား/-
၁။ ပဋိဘာနဉာဏဒဿနကထာ
၂။ ကဝိဗန္ဓနကထာ
၃။ နိဒါန်းသတိပဋ္ဌာန်
၄။ my.wikipedia.org/wiki/တောင်ဖီလာဆရာတော်

No comments:
Post a Comment