မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ပဋိသန္ဓေနေစက အိပ်မက်
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ဘဝဓမ္မဖြတ်သန်းမှုတွေဟာ ထူးဆန်းမှုတွေ၊ထူးခြားမှုတွေနဲ့ အံ့သြလို့မကုန် ကြည်ညိုလို့ မဝနိုင်အောင်ပဲ ပြည့်နှက်လို့နေပါတယ်။
ဆရာတော်ကြီးရဲ့ ဘဝကို လှမ်းမျှော်ကြည့်ရင် တောရပ်မှီ တရားရှားမှီးတဲ့ ရဟန်းဘဝအပြင် ကျမ်းစာအုပ်များကိုရေးသားပြုစုတဲ့ စာဆိုရဟန်းဘဝကိုလည်းပဲ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆရာတော်ဘုရားကြီးရဲ့ ဝေနေယျပရိသတ်များကိုကြည့်ရင် တချို့သော တပည့်ဒကာများက ဆရာတော်ကြီးရဲ့ အကျင့်နဲ့အသိကို ကြည်ညိုကြတာတွေ ရှိကြပြီး တချို့သော ပရိသတ်များကတော့ ဆရာတော်ကြီး ရေးသားတဲ့ စာပေများကိုကြည်ညိုကြတာမျိုး၊ ကျမ်းစာအုပ်များကတဆင့် ကြည်ညိုမဝတာမျိုးတွေလည်း ရှိတတ်ကြပါတယ်။
မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးဟာ ကျမ်းစာအုပ်ပေါင်း ၆ဝ နီးပါး ရေးသားထုတ်ဝေပြီးဖြစ်ပါတယ်။ ကျမ်းစာအုပ်များရေးသားတော်မူရာမှာလည်း ဆရာတော်ကြီးရဲ့ အရေးအသားက အများနဲ့မတူ သီးခြားခွဲထွက်လျက်ရှိပါတယ်။ ဒါကြောင့်ပဲ ဆရာတော်ကြီးရဲ့ ကျမ်းစာအုပ်များကို ဖတ်မှတ်ရာမှာ ဓမ္မသုတတင်မကဘဲ ထူးခြားတဲ့စာပေရေးဟန်တစ်ခုကိုလည်း အရသာခံ ဖတ်မှတ်ကြည်ညိုကြရမှာ ဖြစ်ပါတယ်။
ဆရာတော်ကြီးဟာ ကျမ်းစာအုပ်များစွာရေးသားခဲ့တဲ့အပြင် သူဖြတ်သန်းခဲ့ရတဲ့ ဘဝကိုလည်း အတ္ထုပ္ပတ္တိစာအုပ်တစ်အုပ်အဖြစ်နဲ့ ရေးသားတော်မူခဲ့ပါတယ်။ ဆရာ တော်ကြီးရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်တဲ့ စာအုပ်ရဲ့ခေါင်းစဉ်ဟာ 'ဘဝလမ်း ကြမ်း စခန်းဖွေရှာ တသက်တာ (ဘဝကန္တရသင်္ကေတကထာ)' ဖြစ်ပါတယ်။ အဲဒီ စာအုပ်ရဲ့ ခေါင်းစဉ်မျှကို ကြည့်ရင်ပဲ ဆရာတော်ကြီး ခက်ခဲစွာဖြတ်သန်းခဲ့ ရတဲ့ဘဝကို အကဲခတ် ဆဝါးနိုင်မယ်ထင်ပါတယ်။ အဲဒီစာအုပ်ထဲမှာ ဆရာတော်ကြီးရဲ့ ထူးခြားတဲ့ဘဝအစိတ်အပိုင်းများစွာကို ဖတ်မှတ်နိုင်ပါတယ်။ ဒီစာစုမှာတော့ ဆရာတော်ကြီးရဲ့ ဘ၀အစနဲ့ ပဋိသန္ဓေနေစက အိပ်မက်အကြောင်းကို ဖော်ပြချင်ပါတယ်။
ဆရာတော်ကြီးရဲ့ ဘဝအစကိုကြည့်ရင် ဒီလိုတွေ့နို်င်ပါတယ်။
ဆရာတော်ကြီးကို ၁၃ဝ၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့၏ ညဉ့်တစ်ချက်တီး အင်္ဂါနေ့မှာ အမိ ဒေါ်မေ၊ အဖ ဦးဘစံတို့မှ မွေးဖွားတော်မူခဲ့ခြင်းဖြစ်ပါတယ်။
မွေးရပ်ဇာတိမြေကတော့ ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်အပိုင် သောက္ကံကျေး ရွာအုပ်စုမှ မင်းကုန်းရွာဖြစ်တယ်လို့ ဆိုပါတယ်။
ဆရာတော်ကြီးက သူ မွေးဖွားခဲ့ရာ မွေးနေ့၊ မွေးရက်၊ မွေးနေ့၊ မွေးချိန်များအရ သူ့ကိုယ်သူ 'အစွန်းထွက်သမား'လို့ နိမိတ်ဖတ်တော်မူပါတယ်။ ဘာလုပ်လုပ် တဇွတ်ထိုးစိတ်ဖြင့် အစွန်းထွက်အောင် လုပ်ဆောင်မည့်သူ၊ ဘယ်သူဘာပြောပြော ငါသဘောမကျ တစ်ပြားသားမျှ မလိုက်လျောတတ် မည့်သူလို့ သူ့ကိုယ်သူ ဖွင့်ဆိုတော်မူပါတယ်။
ဆရာတော်ကြီးဟာ ယခင်ဘဝကလည်း ရဟန်းဖြစ်ခဲ့ပြီး ရဟန်းတစ်ဝါမှာ ကျောက်ရောဂါနဲ့ကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။ ယခင်ဘဝက သူ့ရဲ့တတိယ မြောက်အစ်ကိုဖြစ်တဲ့ ဦးဘစံထံ ယခုဘဝမှာ 'ညိမ်းမောင်'အဖြစ် ပြန်လည် ဝင်စားခဲ့တယ်လို့ ဆိုပါတယ်။
ဆရာတော်ကြီးက သူ့ရဲ့ဖခင်အကြောင်းကို ရေးသားရာမှာ
'ငါတို့ဖခင်ကား အင်္ဂလိပ်တော် လှန်ရေးသမားအဖြစ် အမည်ခံလျက်က လက်နက်ကိုင်စွဲခြင်း၊ မြို့နေသူဌေးတို့အပေါ် ဓားပြတိုက်အနုကြမ်းစီး၍ တောနေလူတန်းစား ဆင်းရဲသားတို့အား ဝေငှခြင်း စသည့်အမှုတို့ကို အုပ်စုဖွဲ့ ကာ ထကြွမှုကြောင့် ...'(စာ-၁ဝ၊ ဘဝကန္တရသင်္ကေတကထာ) လို့ရေးသား တော်မူခဲ့ပါတယ်။
ဘဝကန္တရသင်္ကေတကထာဆိုတဲ့ ဆရာတော်ကြီးရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ လူဝင်စား၊ တော်လှန်ရေးသမားရဲ့သား၊ သူ့ကိုယ်သူ အစွန်းထွက်သမားလို့ ဝန်ခံခဲ့သူအဖြစ် တွေ့ရမှာဖြစ်ပါတယ်။
ဒါ့အပြင် ဆရာတော်ကြီးက သူအားပဋိသန္ဓေရသောညက သူ့ရဲ့မိခင်ကြီးရဲ့ အိပ်မက်ကိုလည်း ဘဝကန္တရသင်္ကေတကထာ စာအုပ်မှာ အခုလို ရေးပြထားပါတယ်။
'ငါတို့ပဋိသန္ဓေရသောညက မိခင်ကြီးမက်သော အိပ်မက်ကား ပိတ်ဖြူစင်ကြယ်နှင့် လူကြီးတစ်ယောက် လာတဲ့ပြီး အရိုးအိုး(ဘုန်းကြီးပျံပွဲများ၌ မီးသင်္ဂြိုဟ်ပြီး အရိုးလက်ကျန်များ ထည့်သိမ်းထားရာအိုး)တစ်လုံး လာရောက် ပေးအပ်သည်ဆို၏။ မိခင်ကြီးကလည်း ဘုမသိ၊ ဘမသိရာမှပင် 'ဟုတ်ကဲ့' ပြောကာ လက်ခံထားလျက်က လန့်နိုးလာခဲ့သည်ဆို၏။
ဤကား ငါတို့ ပဋိသန္ဓေနေစ၏ အိပ်မက်တည်း။'
မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဓမ္မနဲ့ နေထိုင်ပြမှုဟာ လေးနက်သန့်စင်သလိုပဲ ဆရာတော်ကြီးရဲ့ ဘဝဖြတ်သန်းမှုတွေဟာလည်း ထူးခြားဆန်းပြားမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ကျန်တဲ့ ထူးခြားဆန်းပြားအဖြစ် အပျက်တွေကို ခဏထားဦး၊ ရဟန်းဘဝကလာခဲ့တဲ့ လူဝင်စား၊ ဒီဘဝကျ ပြန်တော့လည်း ရဟန်းဘဝနဲ့ပဲ ဓမ္မလမ်းကြောင်းကို လျှောက်လှမ်းတော်မူခဲ့သူ၊ လျှောက်လှမ်းရင်းကပဲ လက်တွေ့ကျင့်ရင် လက်တွေ့ရတယ်ဆိုတဲ့ သန္ဒိဌိကော ဂုဏ်တော်ကို ဖွင့်ဆိုရှင်းပြတော်မူသူ စတဲ့ အခြေအနေတစ်ခုတည်းကိုပဲ ကျွန်တော်တို့မှာ လေးစားကြည်ညိုမဝဖြစ်ရကြောင်းပါဗျာ။
ငြိမ်းချမ်းသာ
စာပြီးရက်စွဲ/၂၁-၁ဝ-၂ဝ၁၉

No comments:
Post a Comment