မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသို့
အဘဝိမလရဲ့ သြဝါဒ
'သေတဲ့အခါ ဘွဲ့နှင့် မသာလိုက်ဖက်ပါအောင်လည်း ကြိုးစားပါ'
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ပုတီးသမားဘဝနဲ့ ကျင့်ကြံအားထုတ်ရင်းကပဲ ဆရာဖြစ်တဲ့ အဘဝိမလရဲ့ တိုက်တွန်းမှုကြောင့်ပဲ ၁၃၄၁ ခုနှစ် တော်သလင်းလဆန်း ၁၃ ရက်နေ့မှာ ဒုတိယအကြိမ် ရဟန်းဘဝကို ခံယူခဲ့ပြန်ပါတယ်။ရဟန်းဘဝခံယူတာနဲ့ပတ်သက်ပြီး မဟာဗောဓိမြိုင်ဆရာတော်ကြီးက -
'အဘကား သာသနာ့တာဝန်ခွဲ လက်လွှဲရန် ရည်သန်၏။
ဒကာတို့ကား ငါတို့၏ သီလဘုန်း ခိုလှုံရန် ရည်သန်၏။
ငါတို့ကား တောထွက်ရန် ရည်သန်၏။' လို့ ရေးခဲ့ပါတယ်။
(ဘဝကန္တာရသင်္ကေတကထာ၊စာ-၂၆၈)
ဆိုတဲ့အတိုင်းပဲ တောရပ်မှီ တရားရှာမှီးတဲ့ဘဝနဲ့ နေထိုင်အားထုတ်ချင်လှတဲ့ အတွက် မဟာဗောဓိမြိုင် ဆရာတော်ကြီးဟာ ၁၃၄၁ ခုနှစ်၊ သီတင်းကျွတ် လပြည့်ကျော် ၄ ရက်နေ့မှာ တောထွက်ဘဝကို စတင်ခဲ့ပါတော့တယ်။
'ထိုအချိန်၌ ထူးခြားသော ဖြစ်စဉ်များမှာ တောထွက်ရန်၏ တစ်ခဏအလို လူကြီးအိမ်၌ ဆွမ်းစားအပြီး ကားအလာစောင့်ဆိုင်းနေဆဲ အချိန်ပိုင်းလေး အတွင်းမှာပင်။
ပထမ မိုးကြီးသည်းထန်စွာ ရွာသွန်း၏။ ထို့နောက် ငါတို့ဦးခေါင်းပေါ်၌ မိုးကြိုးသုံးကြိမ် ထစ်၏။ ဦးခေါင်းပေါ်၌ ကောင်းကင်ပြင်တစ်ခုလုံး လျှပ်စီးများ လက်နေ၏။
ထိုသည့်မြင်ကွင်း၏ ထိုတစ်ခဏချင်း အတောအတွင်းမှာပင် တစ်မြို့လုံး ရှိ ကတ္တရာလမ်းမကြီးများ ရေလွှမ်းသွားတော့၏။ အချို့လမ်းမကြီးများကား ကားသွားမရလောက်အောင် ရေများဖုံးလွှမ်းနေ၏။
သို့ဖြင့်ပင် တောဘက်အာရုံယူ၍ ထွက်ခဲ့ရာ နံနက် ၁၁း၃ဝ နာရီရထားဖြင့် အညာသို့ဆန် တောထွက်ရန် ဟန်ပြင်လိုက်ချေပြီ။ ရထားထွက်ပြီ၊ လိုက်ပို့သူများ မျှော်ကျန်နေရစ်ကြပြီ။ ထိုစဉ် လက်မှတ်နံပါတ် ခုံနံပါတ်များ ကလည်း ၁၁၊ အတွဲက ၇ ဖြစ်နေချေပြန်ရာ ...
ဆယ့်တစ်မီးတဲ့၊ အပြီးခွဲပြီဟေ့။
ဤကြွေးကြော်သံများ စိတ်ထဲမှပင် တိုးတိုးရွက်လျက် ထွက်ခဲ့ပြီ။'
(သံဝေဂ ပဋိသံယုတ္တကထာ၊စာ ၇၉၊ ၈ဝ)
ဆရာတော်ကြီးက သူ့ရဲ့ တောထွက်ခရီးအစကို အဲဒီလို မှတ်တမ်းတင်တော်မူခဲ့ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဘဝအချိုးအကွေ့များကို အကြမ်းအားဖြင့် ပြောရင် ပဋိပတ္တိစာပေသင်ကြားတဲ့ စာသင်သားရဟန်းဘဝ၊ စာသင်သားဘဝမှ ရဟန်းလူထွက်ဘဝ၊ ရဟန်းလူထွက်ဘဝမှ ပုတီးသမားဘဝ၊ ပုတီးသမားဘဝမှ ရဟန်းဘဝ၊ ရဟန်းဘဝမှ တောထွက်ဘဝ အဲဒီလိုမျိုး တွေ့ရနိုင်မှာဖြစ်ပါတယ်။ ဆရာတော်ကြီးရဲ့ဘဝဒုတိယပိုင်းကို ရဟန်းလူထွက်ဘဝကစ၊ နောက် ပုတီးသမားဘဝ .. အဲဒီလိုပိုင်းခြားကြည့်မယ်ဆိုရင် အဲဒီဘဝအပိုင်းအခြားများမှာ အဘဝိမလဟာ ဆရာတော်ကြီးရဲ့ အရေးကြီးလှတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီစာစုမှာ အဓိကပြောချင်တာက မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဆရာဖြစ်တဲ့ အဘဝိမလရဲ့ ဆုံးမသြဝါဒတစ်ခုပါ။ အဘဝိမလကို မဟာဗောဓိမြိုင်ဆရာတော်ကြီးက 'ငါ၏ ဥပဇ္ဈာယ သြဝါဒစရိယ ဆရာတစ်ဆူ'လို့ ရိုကျိုးတန်ဖိုးထားစွာ ရေးသားတော်မူပါတယ်။ အဘဝိမလ (ဝါ) ဘသန့်ရှင်းအကြောင်းကို ဘဝကန္တာရသင်္ကေတကထာစာအုပ်ထဲရဲ့ အခန်းအတော်များများမှာ ဖတ်ခဲ့ရပြီး မဟာဗောဓိမြိုင်ဆရာတော်ကြီးကိုယ်တော်တိုင်ပဲ သီခြားစာအုပ်အဖြစ် ရေးသားထားကြောင်းလည်း သိရပါတယ်။ အခါအခွင့်သင့်တဲ့ အချိန်မျိုးမှာ အဲဒီစာအုပ်ကို ဖတ်မှတ်ရနိုင်ဖို့လည်း မျှော်လင့်ရပါတယ်။
အဘဝိမလက မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဒုတိယအကြိမ် ရဟန်းမဝတ်မှီ အခုလိုသြဝါဒပေးတော်မူတယ်လို့ ဆိုပါတယ်။
![]() |
| အဘဝိမလ (ဝါ) ဘသန့်ရှင်း |
'သင်္ကန်းကွာ၊ ဘယ်ဆိုင်သွားဝယ်ဝယ် ပေါပါတယ်။ အဲဒီ သင်္ကန်းမင်း ပတ်ထားမှမဟုတ်၊ ဟောဟို ပိန္နဲပင်ကြီး ပတ်ထားလဲ ရတာပဲ' ဟူ၍ သာသနာ့ ဗိမာန်ကျောင်းရှေ့ရှိ ပိန္နဲပင်ကြီးကို လက်ညှိုးတော်ညွှန်လျက်က သွန်သင်တော်မူခဲ့၏။ ဆက်လက်၍လည်း 'သင်္ကန်းပတ်ပေးတိုင်း ရဟန်းမဖြစ်ကွာ့၊ ရဟန်းတရားအားထုတ်မှသာ ရဟန်းဖြစ်တာပါ' ဟူ၍လည်း ထပ်ဆင့်သွန်သင် သေး၏။
ထို့နောက် ဆက်လက်၍လည်း 'အသက်ရှင်တုန်း ဘုရားဟောသိက္ခာပုဒ် မသိကျိုးကျွံလုပ်ကာ လုပ်ချင်ရာ လျှောက်လုပ်နေပြီး သေတဲ့အခါမှရတဲ့ သံသာ ရဘိဇက သိက္ခာကာမ ဝိနယပါရဂူတစ်ဆူဖြစ်တော်မူသောဆိုတဲ့ဘွဲ့ မင်း မခံချင်စမ်းပါနဲ့ကွာ''ဟူ၍လည်း ထပ်ဆင့်၍ သတိပေးသေး၏။
တစ်ဖန်ဆက်၍လည်း 'ဘဝနတ်ထံ ပျံလွန်တေ်ာမူခြင်းဆိုတဲ့စကား ရဟန်းလှေး၊ ရဟန်းပျက်များအတွက် ထားခဲ့တဲ့စကား မဟုတ်ကြဘူး။ ရဟန်းကောင်း ရဟန်းမြတ်များအတွက် ထားခဲ့တဲ့စကား'ဟူ၍လည်း ထပ်မံ၍ သတိပေးသေး၏။ နောက်ဆုံး
'မင်း ၊ ရဟန်းအဖြစ်အမည်ခံပြီးရင် ရဟန်းလိုကျင့်ပါ။ သေတဲ့အခါ ဘွဲ့နှင့်မသာ လိုက်ဖက်ပါအောင်လည်း ကြိုးစားပါ'
ဤသို့လျှင် တစ်တစ်ခွခွ လှစ်ဟထားသော စကားများ ငါ့နားထဲဝင် ရောက်လာတော့၏'
(ဥလ္လမ္ပတုဘိက္ခုဘာဝကထာ၊စာ-၅၅)
မဟာဗောဓိမြိုင် ဆရာတော်ကြီးဟာ ဆရာဆိုတာနဲ့ပတ်သက်ပြီး အခုလို ရေးသားဆုံးမတော်မူခဲ့ဖူးပါတယ်။
'ဆရာမှားလျှင် တစ်ကမ္ဘာ၊ တပည့်မှားသော် တစ်ဘဝတဲ့။ ဆရာအရွေးမှားလျှင် သားတို့ဘဝ လူဖြစ်ရကြိုးနပ်မှာမဟုတ်တော့ဘူး။ လေ့လာလိုက တွေ့သမျှ ဆရာလေ့လာပါ။ တပည့်ခံတော့မည်ဆို ဆရာကောင်းကို ရွေးချယ်ပါ။ ဆရာကောင်းမှာ နည်းကောင်း ရှိလို့ ကောင်းလာတာ၊ သူ့နည်းကောင်းရမှ ကိုယ်ကောင်းဖြစ်မှာ။ နည်းကောင်းရှိဆရာမှာလည်း နည်းကောင်းပြီး ဉာဏ်ကောင်းရှိဦးမှ။ နည်းကောင်းနောက် ဉာဏ် ကောင်းမထောက်ပြန်လျှင်လည်း ကောင်းတစ်ဝက်ဆိုးတစ်ခြမ်းပါလာတတ်တယ်။' (၁၉၉၄ ပထမအကြိမ်ထုတ်၊ မင်္ဂလာဓရဏကထာ၊ စာ ၁၃၁)
အဲဒီသြဝါဒဟာ ဘဝထဲရင်းပြီး ရထားတဲ့အသိနဲ့၊ ပညာအပြည့်နဲ့နှလုံးသားက မေတ္တာရည်လျက် လမ်းညွှန်တော်မူခဲ့ခြင်းဖြစ်ကြောင်းကို မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဘဝထိုထိုကို လေ့လာသိမြင်ခွင့်ရရှိတဲ့အချိန်မှာ သေသေချာချာ သိလာရပါတယ်။
ပညာရှိသူတော်ကောင်းကြီးများရဲ့ အဆုံးအမဟာ တန်ဖိုးထားဖွယ်တွေ ချည်းဆိုတဲ့အသိကိုလည်း မဟာဗောဓိမြိုင်ဆရာတော်ကြီးနဲ့ အဘဝိမလတို့ရဲ့ ဆက်နွှယ်မှုကနေတစ်ဆင့် ရရှိပါတယ်။ ဒါ့အပြင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ သြဝါဒတစ်ခုဖြစ်တဲ့ 'သူတော်ကောင်းတို့ ပြောသောစကား ကောင်းပါပေသည် သဘောကျပြီး ထိုပြောစကားအတိုင်း မလိုက်နာချေလျှင် သူတစ်ပါး ပါးစပ်ဖျား အနားယူနေသူ ခရီးသည်သာတည်း။ သူ့အိမ်သွားအနားယူနေသူသည် ကိုယ့် အိမ်မဟုတ်လေရကား ခရီးမဆုံးသေးကြောင်း ကောင်းကောင်းကြီး သဘောပေါက်ပါလေ။'ဟူသော အဆုံးအမကိုလည်း အထူးအလေးအနက်ထား ဆင်ခြင်မိပြီး ဆရာတော်ကြီးရဲ့ အကျင့်နဲ့အသိကို မှန်းမျှော်ရင်း ကြည်ညို ဦးခိုက်မိပါကြောင်း။ ။
ငြိမ်းချမ်းသာ
၂၅-၁ဝ-၂ဝ၁၉
ရည်ညွှန်းကိုးကား/-
၁။ ဘဝကန္တာရသင်္ကေတကထာ
၂။ သံဝေဂ ပဋိသံယုတ္တကထာ
၃။ ဥလ္လမ္ပတုဘိက္ခုဘာဝကထာ
၄။ မင်္ဂလာဓရဏကထာ


No comments:
Post a Comment