မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ထူးဆန်းသောအိပ်မက်များနှင့် အိပ်မက်အကောက်အယူများ
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ကြီးဖြစ်တဲ့ 'ခရီးလမ်းကြမ်း စခန်းဖွေရှာ တစ်သက်တာ'စာအုပ်ထဲမှာ ဆရာတော်ကြီးရဲ့ဘဝဖြတ်သန်းမှုဖြစ်စဉ်များနဲ့အတူ ထူးထူးခြားခြားတွေ့ရ တာကတော့ 'အိပ်မက်များ'ပဲ ဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ သူ့ရဲ့ကိုယ်ရေး အတ္ထုပတ္တိစာအုပ်ကြီးထဲမှာ အိပ်မက်များကို အလေးအနက်ထား ထည့်သွင်းရေးသားထားသလို ဆရာတော်ကြီး မြင်မက်တော်မူခဲ့တဲ့ အိပ်မက်တွေကလည်းပဲ ထူးခြားမှုတွေနဲ့ ပြည့်နှက်လို့နေပါတယ်။
အိပ်မက်တွေထဲကမှ အနည်းငယ်ကို ထုတ်နှုတ်ပြရရင် -
- မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ၁၃၅၃ ခုနှစ် ကဆုန်လဆန်း ၁ဝ ရက်နေ့မှာ သာစည်ရွှေကျောင်းကုန်းတောင်ကနေ ပျဉ်းမနားလက်လုပ်တောင်ကို ကြွပါတယ်။ အဲဒီကို မကြွခင်မှာပဲ 'ပျဉ်းမနားရောက်ရင် သေမယ်' ဆိုတဲ့ အိပ်မက်ကို မြင်မက်ခဲ့ပြီး အဲဒီအိပ်မက်ကြောင့်ပဲ စာမျက်နှာ ၈၆၇ မျက်နှာရှိတဲ့ 'ပဋိဘာန ဉာဏဒဿနကထာ'ဆိုတဲ့ ကျမ်းစာအုပ်ကြီးကို ရေးသားဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။
- ၁၃၅၅ တော်သလင်းလပြည့်ကျော် ၁ဝ ရက်နေ့မှာလည်း ပျဉ်းမနားလက် လုပ်တောင်ကနေ ထွက်ခွာခဲ့ပြီး ဘယ်ဆီဘယ်ဝယ် ကြွချီတော်မူမည်မဆုံးဖြတ် ရသေးခင်မှာလည်း သုဝဏ္ဏသျှမ်တောင်ကို ရွေးချယ်ခဲ့တာဟာ သာသနာပြုလှည့် ပါဘုရားဆိုတဲ့ အိပ်မက်လျှောက်ထားချက်ကြောင့်ပဲဖြစ်ပါတယ်။
- ၁၃၆၁ ခုနှစ် ကဆန်လထဲမှာလည်း မွေးရပ်မြေ နတ်တလူတောရမှ တောပြောင်းခဲ့ရခြင်းဟာ အဲဒီမှာဆက်နေမယ်ဆိုရင် လက်လုပ်တောင်ထက် လူရှုပ်မယ်၊ နိုင်ငံရေးအရှုပ်တွေကြား ညှပ်ပါသွားနိုင်တယ်ဆိုတဲ့ အိပ်မက်အရပဲ ဖြစ်ပြန်ပါတယ်။
- ၁၃၆၂ ခုနှစ် ပဋိပတ်တောစခန်းမှာ ဆောင်းခိုစဉ်ကလာများမှာလည်းပဲ အိပ်မက်တွေဟာ အရေးပါခဲ့ပြန်ပါသေးတယ်။ အဲဒီမှာတောစခန်းမှာ ဆောင်းခိုရင်းကပဲ အလောင်းတော်ကဿပကို စိတ်ညွတ်ဂါရဝပြု၊ အစောင့်အရှောက်များကိုလည်း မေတ္တာဂုဏ်နဲ့ လှုပ်နှိုးရင်းက ဂူတွင်းအခြေအနေများကို သိလိုတယ်လို့ စိတ်ရည်တော်မူပါတယ်။ အဲဒီမှာပဲ အိပ်မက်မှတစ်ဆင့် ဂူတွင်းအခြေ အနေလည်းသိခွင့်ရ၊ အရှင်မြတ်သာမက အလောင်းတော်အားလုံး ဖူးခွင့်ပေးတယ်လို့ ဆရာတော်ကြီးက ဘဝကန္တရသင်္ကေတကထာမှာ ရေးသားတော်မူခဲ့ပါတယ်။
- အဲဒီအကြောင်းကိုပဲ 'အိပ်မက်က ပြောသော အလောင်းတော်ကဿပ (မဟာသုပိနဗျာဒကထာ)'လို့ စာတမ်းတစ်စောင်ပြုစုပြီးဖြစ်တယ်လို့ ဆရာတော် ကြီးက ဆိုပါတယ်။ (အဲဒီစာတမ်းကို မဟာမြိုင်စာပေပြန့်ပွားရေးက အိပ်မက် ဖြင့် ဖွင့်ပြောသောစကားများ (သုပိနာယဗျာချကထာ)အမည်ဖြင့် ၂ဝ၁၄ ခုနှစ် က ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။
- မဟာမြိုင်တောကြီးထဲ သီတင်းသုံးစဉ်ကာလများထဲမှ ၁၃၆၆ ခုနှစ် တော်သလင်းလပြည့်နေ့ကစပြီး မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ၂၄ နာရီ လုံးလုံး တစ်နာရီအထိုင် တစ်နာရီစင်္ကြန်ဖြင့် အဓိဋ္ဌာန်တင်အားထုတ်တော်မူ ခဲ့ပါတယ်။ အဲဒီမှာ အဖျားဒဏ်ကြောင့် ထိုင်ချိန်ပျက်ကွက်မှုများရှိစဉ်မှာလည်း နားလိုက နားဆိုပြီး အိပ်မက်ပေးနှိုးဆော်သည်များရှိခဲ့ပြီး အဲဒီအိပ်မက်များဟာ 'ကျေးဇူးကြီးတယ်'လို့ ဆရာတော်ကြီးက ရေးသားတော်မူခဲ့ပါတယ်။
ဆရာတော်ကြီးဟာ အိပ်မက်နဲ့ပတ်သက်ပြီး အခုလိုဖွင့်ဆိုရှင်းပြတော်မူ ခဲ့ပါတယ်။
'အိပ်မက်ဟူသည် စိတ်စွဲလန်းလွန်းလှ၍၊ သွေးလေတို့ မညီမျှ၍၊ နတ်တို့ က သတိပေးလို၍ ဤသုံးမျိုးပင် ရှိချေရာ နိုးလာသည်နှင့် ဆင်ခြင်ကြည့်။ စွဲလန်းရာမှ ဖြစ်ပေါ်လာသောအိပ်မက်မျိုးသည် ယမန်နေ့က မိမိခံစားခဲ့ရဖူးသော အာရုံ၊ ထိုအာရုံ၏ တိုက်ခိုက်ရာအလိုက် ကြိုက်စွဲ၊ မကြိုက်စွဲ၊ ၄င်းတို့နှင့် တစ်ထပ်တည်းကို တွေ့ရှိရမည်ဖြစ်၏။
သွေးလေမညီမျှသော ဆောင်းညအခါ၏ အိပ်မက်၊ ဆီးဝမ်းသွားလိုလျက်က အိပ်ပျော်နေရာမှ ထမက်သောအိပ်မက် ၄င်းတို့က အမြီးအမောက်မတည့် တတ်။ တည့်သော်မှ မှုန်ဝါးဝါးသာ။
နတ်တို့က သိစေလိုသော အိပ်မက်မျိုးကား စင်းလွန်း ရှင်းလွန်းလှချေ၏။ ရံတစ်ခါ ပြီးခဲ့သော ဖြစ်ရပ်ဟောင်းများကို ထောက်ပြခြင်း၊ သတိပေးခြင်းများ ဖြစ်ပေါ်နေတတ်ပြီး ရံတစ်ခါ နောင်ဖြစ်ပေါ်လာမည့် အနာဂတ်ကိစ္စရပ်များတို့ကို သတိပေးခြင်း၊ နှိုးဆော်ခြင်းများ ဖြစ်နေတတ်၏။'
(ဘဝကန္တရသင်္ကေတကထာ-စာ ၁၅၁)
မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ နံနက်ခင်းမှာ ရှင်းစရာ (ပုဗ္ဗဏှဘာဏ က ကထာ) အမည်ရတဲ့ စာအုပ်မှာလည်း အိပ်မက်အကြောင်းကို
'ဤ၌ အိပ်မက်အမျိုးအစား ကိုယ်တိုင်ခွဲခြားတတ်ရန် တင်ပြလိုပါသည်။
အိပ်မက်မက်ပြီ ...ရံတစ်ခါ ချက်ချင်းနိုး၏။ ရံတစ်ခါ အချိန်စေ့မှ နိုး၏။ နိုးကာလတွင် ဆင်ခြင်ကြည့်လိုက်ပါ။
ယမန်နေ့က ငါ ဘာတွေ စိတ်ကူးထည့်မိခဲ့သနည်း။
ယမန်နေ့က ငါ ဘာတွေ ပြောခဲ့ဘူးသနည်း။
ယမန်နေ့က ငါ ဘာတွေ စိတ်လိုက်မာန်ပါ လုပ်ခဲ့ဘူးသနည်း။
ထိုစဉ် အစွဲအလမ်းမှဖြစ်သော အိပ်မက်ဆိုပါက တန်းကနဲ တရားခံပေါ် ပါသည်။ သြော် ... ဘာ ဘယ်လို ဘယ်လိုကြောင့်ကိုး ဟူ၍။
အကယ်တိတိ ... ဘာကို ဘာနှင့်မျှ တိုက်ဆိုင်ကြည့်၍မှ မတည့်ဖြစ် နေခဲ့ပါသော်ကား သတိထား၍သာ နေပေရော့။ ဆင်ခြင်တိုင်းထွာ၍သာ အလုပ်လုပ်ပေတော့။
ဘာကြောင့် မေးပါသော်၊ ထိုအိပ်မက် ယမန်နေ့က အကြောင်းမဟုတ်ခဲ့လျှင် နက်ဖြန်သဘက်တို့၏ အကြောင်းများ ဖြစ်နေသောကြောင့်ပင်။
ဤအိပ်မက်နှစ်မျိုးကား
နိုးလာချိန် စဉ်းစားကြည့်၊ ထင်းထင်းစင်းစင်းကြီး ပေါ်နေတတ်၏။ ဆက်စပ် ကြည့်တတ်ဖို့၊ တွေးခေါ်မျှော်မြင်ထားတတ်ဖို့သာလို၏။ တွေးကြည့်နိုင်လွန်းမှ ပေါ်သောအရာမျိုးမဟုတ်။
နောက်တစ်မျိုးကား နိုးလာချိန် စဉ်းစားကြည့်၊ ရိတ်တိတ်ပြေးမျှတင် ရှိ ၏။ ထင်းထင်းရှိသော်မှ ဆက်စပ်၍ မရတတ်။ တောင်းတွင်း အိပ်မက်ပမာ ဖြစ်နေတတ်၏။ သို့ကြောင့် စိတ်အတွေးအလေးခံစရာ မလို။ သူ့အမှု ခုခံစရာလည်းမလို။
ထိုသုံးမျိုး အမျိုးအစားခွဲထုတ်ရပါသော်
၁။ ထင်းပြီး တွေး၍ ရလာသော် စွဲလမ်းရာမှ ထဖြစ်သော အိပ်မက်မျှသာ။
၂။ ထင်းပြီး တွေးမရပါက နတ်တို့နှိုးဆော်သော ရှေ့ပြေး နိမိတ်မျိုး။
၃။ မှုန်မွှေး ဖဲ့ကပ် ဆက်စပ်မရပါမူကား ဓမ္မတာမမှန်သောကြောင့်သာ။
ဤကား ကိုယ်တိုင်ဆင်ခြင်နိုငသော အိပ်မက်များအကြောင်းပင်' (စာ ၃ဝ-၃၂) လို့ ဖွင့်ဆိုတော်မူပါတယ်။
အထက်မှာ ဆိုခဲ့တဲ့ အိပ်မက်နဲ့ပတ်သက်တဲ့ အချက်အလက်တွေဟာ မဟာဗောဓိမြိုင်ဆရာတော်ကြီး ကိုယ်တော်တိုင် ဖွင့်ဆိုရှင်းပြတဲ့ အကြောင်း အရာများပဲဖြစ်ပါတယ်။ ဆရာတော်ကြီး ဖွင့်ဆိုရှင်းပြတဲ့ အချက်အလက်များမှ ဆောင်သင့်တာဆောင် ရှောင်သင့်တာရှောင်ပြီး ဘဝရဲ့လမ်းမှန်မှာ ဓမ္မကို အဖော်ပြု လျှောက်လှမ်းနိုင်ကြစေဖို့ ရည်ရွယ်ပါကြောင်း ...။
ငြိမ်းချမ်းသာ
28-10-2019
ရည်ညွှန်းကိုးကား/-
၁။ ဥလ္လမ္ပတုဘိက္ခုဘာဝကထာ (၂ဝ၁၅)၊ စတုတ္ထအကြိမ်
၂။ ဘဝကန္တရသင်္ကေတကထာ (၂ဝ၁၂)
၃။ ပုဗ္ဗဏှဘာဏက ကထာ(၂ဝ၁၂)

No comments:
Post a Comment