Monday, November 18, 2019

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ အဦးဆုံးတောထွက်နေ့ရက်များ

 

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏
အဦးဆုံးတောထွက်နေ့ရက်များ


    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ၁၃၄၁ ခုနှစ် သီတင်း ကျွတ်လပြည့်ကျော် ၄ ရက်နေ့မှာ တောထွက်ခရီးကို စတင်ခဲ့ပါတယ်။  ဆရာတော်ကြီး ပထမဆုံး ရွေးချယ်ခဲ့တဲ့နေရာကတော့ သာစည်၊ ရွှေကျောင်းကုန်းတောင်ပါ။ အဲဒီအကြောင်းကို ..
    'ငါအနှစ်သက်ဆုံး တောင်တန်းမှာ သာစည်မှ လမ်းမျှော်ကြည့်သော် ဂငယ်ပုံစံ ရှေ့မှပြသပြီး အထက်၌ ချွန်မောက်နေသော နေရာဖြစ်၏။ မြို့၏ တနင်္ဂနွေထောင့်နှင့် ထိပ်တိုက်ဖြစ်၏' (ဥလ္လမ္ပတုဘိက္ခုဘာဝကထာ၊ စာ-၆၂) လို့ ဆိုပါတယ်။
    တောင်တော်ဆီဦးတည်လို့ အဝေးပြေးလမ်းမကြီးကတစ်ဆင့် အရှေ့အတိုင်း ခရီးဆက်ခဲ့ရာ ရွာမွန်သာရွာ၊ ထိုမှတစ်ဆင့် မြိုင်သာရွာ၊ အဲဒီကမှ  အဲဒီနားက ရွာများကိုအုပ်ချုပ်တဲ့ သူကြီးဦးအောင်မြင့်ရဲ့ သရက်ဥယျာဉ်၊ အဲဒီကမှ အင်တိုင်းသာ  ရွာဆီကိုရောက်ခဲ့ရပါတယ်။ ဆရာတော်ကြီးဟာ ဦးအောင်မြင့်ရဲ့ လျှောက်ထားချက်အတိုင်း အင်တိုင်းသာရွာဘုန်းကြီးဆီ သီတင်းသုံး နေထိုင်ခွင့်တောင်းပါတယ်။ အင်တိုင်းသာရွာမြောက်ဘက်မှာရှိတဲ့ ဘုရားတိုက်ခေါ် ရှေးပုဂံခေတ် ဘုရားဟောင်းစေတီအများအပြားတည်ထားရာ တောထဲမှာ သီတင်းသုံးဖို့ ဒေသခံ ဘုန်းတော်ကြီးတို့က အခွင့်ပေးခဲ့ပါတယ်။
    ဆရာတော်ကြီးသီတင်းသုံးတဲ့ အင်တိုင်းသာ ဘုရားတိုက်က အစောင့်ကြမ်းလှပြီး နေ့အခါမှာပင် လူသူမသွားရဲတဲ့နေရာလို့ ဆိုပါတယ်။ ခွေးနက်ကြီးတစ်ကောင်ထွက်လာပြီး ကိုက်တတ်တယ်လို့လည်းသိရပါတယ်။ ဆရာတော်ကြီးကတော့ 'သုံးရက်၊ သုံးညမျှကြာသော်မှ ထိုခွေးနက်ကြီးကား မကိုက်ခဲခဲ့ချေ'လို့  ဘဝကန္တာရသင်္ကေတကထာစာအုပ်မှ ရေးသားခဲ့ပါတယ်။
    မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ အင်တိုင်းသာဘုရားတိုက်မှာနေခဲ့စဉ်မှာလည်း အင်တိုင်းသာရွာမှ ဆွမ်းခံပြီး ရသောဆွမ်းကို တစ်ပါးစာမျှ ချန်လှန်ပြီး ရွာကျောင်းကိုဝင်ရောက်လှူဒါန်းတဲ့အလေ့ကို ပြုကျင့်ခဲ့ပါတယ်။ ဒါပေမယ့်  မကြာမတင်မှာပဲ အင်တိုင်းသာရွာဘုန်းကြီးက ဆရာတော်ကြီးကို ရွာမှာဆက်နေစေချင်တဲ့ဆန္ဒမရှိ ကြောင်းပြောရာ တစ်ပတ်မျှသာဆက်နေခွင့်ပေးပါရန် ခွင့်ပန်ခဲ့ရပါတယ်။ 
    'ရွာဘုန်းကြီးက တောရနေကိုယ်တော်လေးကိုနှင်ပြီ'ဆိုတဲ့ သတင်းက တစ်နယ်လုံးပျံ့သွားပြီးနောက် ပထမဆုံး သရက်တောဥယျာဉ်က ဦးအောင်မြင့်က လာရောက်ပင့်ဆောင်ပါတော့တယ်။ အဲဒီအကြောင်းကို ဆရာတော်ကြီးက အခုလိုရေးသားခဲ့ပါတယ်။
    'ဤဒေသမှာဆက်နေလိုက တာဝန်ယူပါမည်၊ အခြားဒေသသွားလိုကလည်း ရထား လက်မှတ်၊ကားလက်မှတ် တာဝန်ယူပါမည်၊ ဤနေရာမှ ရွှေ့သောနေ့  ၄င်း၏ ဥယျာဉ်သို့ကား ကြွဖြစ်အောင်ကြွပါရန် ကတိတောင်း၏။ ပေး၏' (ဘဝကန္တရသင်္ကေတကထာ၊ စာ-၂၇၆)
    အင်တိုင်းသာရွာရောက်ပြီး ၅ ရက်မြောက်ခန့်ညနေမှာလည်း  ဆရာတော်ကြီးဟာ ထူးခြားမှုတစ်ခုနဲ့ ကြုံခဲ့ရပါသေးတယ်။
    'နေမဝင်မီအချိန် ဘုရားများ၏ တောင်ဘက်ချောင်းဘေးတစ်လျှောက်အတိုင်း လှည်းတန်းကြီးမောင်းနှင်သွားသံများကြားနေရပြီ။
    ဦးပဥ္စင်း တပည့်တော်တို့သွားပြီဘုရား။ အမျိုးသမီးအသံတစ်သံ၊ ဤသို့ ထူးခြားစွာကြားလိုက်ရ၏' (သံဝေဂလမ်း၊ စာ-၈၃)
    ဆရာတော်ကြီးက မေတ္တာပေးပို့ရင်းကသာ ကျန်ရစ်ခဲ့ပြီး ဘယ်သူတွေ၊ ဘယ်က ဘယ်ကိုသွားသည်ဆိုတာ မသိလို့ ဆိုပါတယ်။   
    သီတင်းကျွတ်လကွယ်နေ့မှာတော့ အင်တိုင်းသာက ထွက်ခဲ့ပြီး ကတိအတိုင်း ဦးအောင်မြင့်ရဲ့ဥယျာဉ်ကို ထွက်ခဲ့ပါတော့တယ်။
    အဲဒီအရောက်မှာတော့ ဦးအောင်မြင့်က 'ကိုယ်တော် ပျော်ပိုက်သပဆိုရင် ခေါင်းရင်းက သရက်ပင်ကြီးနှစ်ပင်နှင့် မြေကွက်ကို လှူဒါန်းပါတယ်။ ပျော်ပိုက်သလောက် သီတင်းသုံးပါ။ သည်မှာ မပျော်ပိုက်ဘူးဆိုရင်လည်း ပျော်ပိုက်မည့် တောင်ခြေတစ်နေရာမှာ ကျောင်းဆောက်လှူဒါန်းပါမည်' လို့ လျှောက်ထားပါတော့တယ်။
    အဲဒီသရက်ပင်ကြီးအောင်မှာ ၅ ရက်မျှသီတင်းသုံးပြီး ဦးအောင်မြင့်ရဲ့ ဆော်သြမှုနဲ့အတူ  အုတ်တွင်း၊ နန်းတော်ကုန်း၊ အင်တိုင်းသာ ဒကာများက နေ့ချင်းပြီး တဲကလေးကို ရွှေကျောင်းကုန်းတောင်ခြေမှာ ဆောက်လုပ်လှူဒါန်း ကြခဲ့ပါတယ်။ အဲဒီကမှတစ်ဆင့် မဟာဗောဓိမြိုင် ဆရာတော်ကြီးဟာ ရွှေကျောင်းကုန်းတောင်ပေါ်ကို ရောက်ခဲ့ပါတော့တယ်။
    အဲဒီအတောအတွင်းမှာလည်း  ဆရာတော်ကြီးဟာ သရဏဂုံရှင်းတမ်း၊ သီလရှင်းတမ်း၊ ဒါန ရှင်းတမ်းများကို အခြေခံကစ ရှင်းပြပေးရုံမျှမက သြကာသ ပါမကျန် စေတနာထားပုံ၊ အာရုံယူပုံ၊ ရိုသေစွာဆိုရပုံများကိုလည်း ရှင်းပြပေးတော်မူခဲ့ပါတယ်။ အဲဒီမှာ မှန်သဟေ့၊ ကောင်းသဟေ့သတင်းက တစ်ရွာမှ တစ်ရွာ ဆက်လက်ပျံ့နှံ့သွားခဲ့ပြီး ဆွမ်းခံပင့်တဲ့ရွာများ များလာတာကြောင့် ပုံမှန်သွားလာနိုင်တဲ့ ရွာ ၇ ရွာနဲ့ တစ်ခါတစ်ရံသွားတဲ့ ရွာပေါင်းက ၉ ရွာထိ ရှိခဲ့တယ်လို့သိရပါတယ်။
    'ထိုသို့ တစ်ရွာဝင် တစ်ရွာထွက် ဟောပြောခြင်း မပျက် ဆွမ်းခံထွက်နေ စဉ်ကာလအတောအတွင်း ပထမ ဖိုးသူကြီးရွာမှ ရွာကျောင်းဘုန်းကြီးက ဦးခြံ ပျက်ကြီးကိုကား နှင်မထုတ်။ ဦးခြံပျက်ကြီးဆီလာရောက်ကြ၊ ဝေယျာဝစ္စပြု လုပ်ကြသော သူ့ရွာနေလူများကို သာရေးနာရေးအပင့်အဖိတ် မလိုက်ဟူသော အမိန့်နှင့်အတူ သပိတ်မှောက်တော့၏။
    သည်မျှမကသေး၊ ထိုရွာရောက်စဉ် မိမိဆွမ်းခံရာမှရသော ဆွမ်းခဲဘွယ်များ သွားပို့စေရာတွင်လည်း လက်မခံဘဲ ပို့သူများကိုသာ စားစေခဲ့၏။
    ထိုနောက်တစ်ရွာမှလည်း ဆွမ်းခံပင့်ဖိတ်ရန် သွားရောက် လျှောက်ထားသော သူများအား ရိုက်မည်ပုတ်မည် လုပ်ပြန်လေ၏။'
        ဦးဆုံးတောထွက်ရာ၏ ဦးဆုံးသော အတွေ့အကြုံက ခက်ခဲကြမ်းတမ်း လွန်းလှစွာ၏။ အရိပ်မှ ထွက်ခွာလာခဲ့သူ၏ နေပူတိုးခံရခြင်းများပင် ဖြစ်ကြ၏။ နောက်သော် အားလုံးကြည်ဖြူသွားကြ၏။ သူတို့မကျင့်နိုင်သော အကျင့်မျိုး ကျင့်သူအဖြစ် အသိအမှတ်ပြုကြပြီး သူတို့ကပင် ဦးဆောင်ကာ တောင်၏ ကိစ္စအဝဝ၊ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်တော်မူလာကြ၏'
(သံဝေဂလမ်း၊ စာ-၈၉)
    အဲဒီလိုအခက်အခဲများကိုပဲ ဘဝကန္တရသင်္ကေတကထာစာအုပ်မှာတော့...
'ဒကာ၊ ဒကာမတို့ အုတ်အော်သောင်းနင်းဖြစ်လာတာနဲ့အမျှ ဧကစာရီတောမှီ သည့်ရဟန်းတို့ ကြုံတွေ့ရလေ့ရှိသော လောကဓံမုန်တိုင်းကလည်း ထန်ခဲ့ရသည်'လို့ ဆရာတော်ကြီးက မှတ်ချက်ပြုရေးသားတော်မူခဲ့ပါတယ်။
    အခု ကျွန်တော်ရေးသားဖော်ပြထားတာတွေကတော့  ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး့ ရွှေကျောင်းကုန်းတောင်ဝင်စဦးက ကြုံရဆုံရတဲ့ ဘဝလမ်းကြမ်းထဲက အနည်းငယ်မျှသော အကြောင်းအရာများသာဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ ဘယ်လိုပဲ အခက်အခဲအဆီးအတားများနဲ့ ရင်ဆိုင်ရပါစေ၊ နောက်မဆုတ်စတမ်းဆိုတဲ့ စိတ်သတ္တိထူးနဲ့ တရားဓမ္မကိုဖွေရှာတော်မူခဲ့သည်များကို ကြည်ညိုလျက် ဤစာစုဖြင့် ဦးခိုက်ပူဇော်လိုက်ရပါတယ်။


ငြိမ်းချမ်းသာ
စာပြီးရက်စွဲ/- ၁၈-၁၁-၂ဝ၁၉
၁။ ဥလ္လမ္ပတုဘိက္ခုဘာဝကထာ (၂ဝ၁၅)၊ စတုတ္ထအကြိမ်
၂။ ဘဝကန္တရသင်္ကေတကထာ(၂ဝ၁၂)
၃။ သံဝေဂ ပဋိသံယုတ္တကထာ (၂ဝဝ၄)

No comments:

Post a Comment