Friday, November 22, 2019

မဟာဗောဓိမြိုင်ဆရာတော်ကြီး ပုတီးသမားဘဝ ထောက်လှမ်းရေးနဲ့ ကြုံခဲ့ဆုံခဲ့ရပုံများ



မဟာဗောဓိမြိုင်ဆရာတော်ကြီး ပုတီးသမားဘဝ ထောက်လှမ်းရေးနဲ့ ကြုံခဲ့ဆုံခဲ့ရပုံများ


    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ပုတီးသမားဦးညိမ်းဘဝနဲ့ ၁၃၃၉ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်နေ့ကစလို့ ဘိုးဝိဇ္ဇာပေးတဲ့ 'ခုနှစ်နေ့ ခုနှစ်နံ နေ့အလိုက် ဂြိုဟ်သက်အလိုက် အဓိဋ္ဌာန်ဝင်တဲ့ ကျင့်စဉ်'ကို ကျင့်ကြံ အားထုတ်ခဲ့ပါတယ်။
    ဦးညိမ်းဟာ တတိယမြောက်ဘုရားအဖြစ် ဆူးလေဘုရားမှာ အင်္ဂါနေ့အတွက် အဓိဋ္ဌာန်ဝင်ခဲ့ပါတယ်။ ပထမတော့ ဘုရားမှာအိပ်ခွင့်ရခဲ့ပေမယ့် ဂေါပကအပြောင်းအလဲမှာတော့ အိပ်ခွင့်မရတော့တာကြောင့် ဘူတာကြီးမှာ ညအိပ်ကြတဲ့ ခရီးသည်များနဲ့အတူ သွားပြီးအိပ်ရင်းက အဓိဋ္ဌာန်ခရီးကိုဆက်ခဲ့ရပါတယ်။ အဲဒီမှာလည်း ဘူတာကြီးထဲ မအိပ်ရဘူးဆိုတဲ့ အမိန့်ထုတ်ပြန်ခဲ့တာကြောင့် ဘူတာရှေ့မြက်ခင်းပြင်မှာ အိပ်ခဲ့ရပြန်ပါတယ်။ ဘူတာကြီးရှေ့ မြက်ခင်းပေါ်ကက ညများမှာ ဦးညိမ်းရဲ့ သီလ၊ သမာဓိကို မိန်းမနဲ့ စမ်းသပ်တာတွေ ကြုံရပါတော့တယ်။
    'ညဦး၌ ပြည့်တန်ဆာမတို့ တစ်အုပ်ကြီးလာရောက် မြူဆွယ်နေကြသည်ကို တွေ့ရ၏။ စိတ်မထကြွ၊ အားမကျမိ။ ခရီးသည်ယောကျ်ားများနဲ့ ၎င်းတို့ကိုကြည့် သနားမိ၏' (ဘဝကန္တရသင်္ကေတကထာ၊ စာ-၁၉)
    စမ်းသပ်မှုတွေဟာ အဲဒီမှာတင် ရပ်မနေဘဲ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက် မြင့်လာကာ ခံနိုင်ရည်အားကို ယိုင်နဲ့အောင် လုပ်ကြပါတယ်။ သို့တိုင်အောင်ပဲ ဦးညိမ်းကတော့ နောက်မဆုတ်စတမ်းဆိုတဲ့လမ်းကပဲ မျှော်မှန်းရာ ပန်းတိုင်ကို ဆက်လျှောက်ခဲ့ပါတယ်။ မယားနဲ့ စမ်းခဲ့ပုံကို ဆရာတော်ကြီးက ဒီလိုရေးထားပါတယ်။
    'သည့်အတူ မယားစမ်းလည်း ခံခဲ့ရသေး၏။
    'သည်လိုသာလုပ်နေ ကိုယ့်မယား သူများမယားဖြစ်သွားမှာပေါ့' ဟူ၍ပင်။
    ပြောပါစေ၊ ငါမှားသည်။ သူ့ဘက်က မှန်နေသည်။ ပေါင်းသင်းဖို့ လက်ခံလာကြတုန်းက မဟုတ်ရာလုပ်ကြစို့ ဆိုပြီးကာမှ ယခု ငါ ဟုတ်ရာဘက် ပြောင်းလဲလာခဲ့တာ။ ငါကား သစ္စာဖောက်သူ။ ငါက သစ္စာလည်းဖောက်သေး၊ ငါကပဲ ရန်မူဦးမည်ဆို ငါထပ်မှားဦးတော့မည်ဆိုကာ ကျေကျေနပ်နပ် သည်းခံ ခဲ့ရချေသတည်း။'(ဘဝကန္တရသင်္ကေတကထာ-စာ၊၁၇၁)
    အဲဒီလိုစမ်းသပ်မှုတွေကြားကပဲ အဓိဋ္ဌာန်စခန်းကို မပျက်တမ်းဆက်လက် အားထုတ်နေခဲ့ပါတယ်။ တစ်ည၊ ဘူတာကြီးရှေ့ မြက်ခင်းဘေးက ကွပ်ခေါ် အုတ်ခုံလေးဘောင်ပေါ်မှာ ဘူတာကြီးမျက်နှာစာဘက်က အိပ်ခဲ့ရာ ဦးညိမ်းနဲ့ ခေါင်းချင်းဆိုင်ကာ လူတစ်ဦးလာရောက် အိပ်ခဲ့ပါတယ်။ ဦးညိမ်း အိပ်မောကျ နေတုန်း ငွေတစ်ကျန်ချန်ရစ်ခဲ့ကာ အိတ်နှိုက်ခံရပါတော့တယ်။ အဲဒီကစလို့ ဦးညိမ်း အိမ်ပြန်အိပ်ခဲ့ပါတယ်။
    'ပါသွားလေသော အိတ်ကား - ဝေဘူဆရာတော်ကြီး၏ သြဝါဒအချုပ်ကို ပုံနှိပ်ထားသော စာတစ်ရွက်၊ ဆရာတော်ကြီး၏ ဓာတ်ပုံတစ်ပုံ၊ ရွှေတိဂုံစေတီတော်ကြီး၏ အထက်ပစ္စယံပေါ် တက်ရောက်အားထုတ်ခွင့်လက်မှတ်(ကဒ်ပြား) မျှသာတည်း။'(၎င်း၊ စာ-၁၇၁)
    ဆူးလေအဓိဋ္ဌာန်ခရီး တတိယမြောက်နေ့မှာတော့ အသက် ၃၅ နှစ်လောက် လူတစ်ယောက် လာပြီး တရားဆွေးနွေးပါတော့တယ်။
    'ငါတို့ကား ကျင့်စဉ်တရားမျှသာ ပြောဟောတတ်ခဲ့၏။ ၎င်းကား ဂိုဏ်းစကားများများပြော၏။ လက်ထဲမှာလည်း အင်းပုံစံများချထားသော အင်းလက်ကိုင်ပဝါတစ်ထည်လည်း အဆောင်အဖြစ်  ဆောင်ထားသည်ကိုလည်း တွေ့ရ၏။ ၎င်းပြောစကားအရ တြိသီဟောအင်းဆို၏။ ရှင်သူငယ်ဂိုဏ်းက ဂိုဏ်းဝင်ဖြစ်ပြီး ဦးမောင်လေး၏ တပည့်တစ်ဦးပါဆိုလာ၏။ ငါတို့ကား မကျွမ်းနှီးသောအရာဖြစ်သဖြင့် ကောင်းပါတယ်ဖြင့်သာ ဖြည့်ရ၏။ အဓိဋ္ဌာန်ရက် ပြီးခါနီးတစ်ရက်အလို၌ကား ငါတို့ကို ဖိတ်ကြားလျက်က ဆူးလေအနောက်ဘက်မုခ်အထွက်ရှိ အအေးဆိုင်တစ်ဆိုင်တွင် ခေါ်သွားကာ ဒါနပြု၏။
    'ကျွန်တော်ထောက်လှမ်းရေးကပါ၊ ကျွန်တော့်နာမည် ကျော်ဟိန်းပါ၊ ဘူတာကြီးမှာ တာဝန်ကျပါသည်၊ နောင်အခါ ဘူတာကြီးမှာ အကူအညီလိုပါက  ကျွန်တော့်နာမည်မေးပြီး ကျွန်တော့်ဆီလာပြီး အကူအညီတောင်းပါ ကျွန်တော်ကူ ညီပေးပါမည်'မိတ်ဆက်၏။ ထိုအခါမှ အံ့သြရတော့၏။ ထောက်လှမ်းရေးများကလည်း ဘက်စုံပညာများနှင့်ပေကိုးဟူ၍။'
    (ဘဝကန္တရသင်္ကေတကထာ၊၁၇၁)
    များမကြာမှီမှာတော့ ဘူတာကြီးမှာ ပျောက်ဆုံးသွားတဲ့ အိတ်ကလေးဟာ စာတိုက်ကတဆင့် မပျောက်မပျက် ပြန်ရောက်လာတယ်လို့ သိရပါတယ်။ သြော် ... ဆရာတော်ကြီးရဲ့ ပုတီသမားဘဝစာမျက်နှာထဲမှာတောင် ထောက်လှမ်းရေးက ဝင်ရောက်နိုင်ခဲ့သေးသကိုးလို့ အံ့သြရပါတယ်။
     ဦးညိမ်းဟာ  'ခုနှစ်နေ့ ခုနှစ်နံနေ့အလိုက် ဂြိုဟ်သက်အလိုက် အဓိဋ္ဌာန်ဝင်ကျင့်စဉ်'ကို အထူးအဆန်းတွေ၊ အခက်အခဲတွေ၊ အစမ်းအသပ်တွေ ကြားက အောင်မြင်အောင် ကျင့်ကြံအားထုတ်နိုင်ခဲ့ပါတယ်။  ၁၃၉၉ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်နေ့မှာတော့ ရွှေတိဂုံစေတီတော် နောင်တော်ကြီးစေတီမှာ အဓိဋ္ဌာန်ပြီးဆုံးအောင်မြင်ခဲ့ပြီး (၅၆)ရက်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။ အဲဒီ အဓိဋ္ဌာန်ခရီးအပြီးမှာတော့ ဇင်းကျိုက်ရသေ့လေးဘဝနဲ့ကေလာသတောင်မှာ ကျင့်ကြံအားထုတ်၊ ဇင်းကျိုက်ကအပြန်ခရီးမှာ ဆရာတော်ဦးဝိမလနဲ့ဆုံ၊ အဲဒီကမှ တစ်ဆင့် အဘဝိမလရဲ့ညွှန်ကြားမှုနဲ့အတူ မဟာစည်ရိပ်သာရောက်၊ နောက်တော့ ဒုတိယအကြိမ် ရဟန်းဘဝကိုပြန်တက်လှမ်းရင်းက တောထွက်ခရီးကို အသက် ၃၉ နှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။
    မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ သက်တော် ၆ဝ၊ တောဝင်ကာလ ၂၁ နှစ်မှာ 'သံဝေဂလမ်း'ဆိုတဲ့ စာအုပ်ကို ၁၃၆၂ ခုနှစ်၊ တပို့တွဲလမှာ ပဋိပတ်တောစခန်း၊ ပုလဲမှာ ရေးသားခဲ့ပါတယ်။ တောထွက်သက်တမ်း ၂၁ နှစ်စာရှင်းတမ်းလို့ ဆရာတော်ကြီးကဆိုပါတယ်။ အဲဒီစာအုပ်ထဲမှာ -
    'ငါသည် အမှားကို မကြောက်။
    မှားမှန်းမသိမည်ကိုသာ ကြောက်၏။
    ရန်သူမှန်သမျှကိုလည်း ငါမကြောက်။
    ငါကြောက်သည်မှာ ရန်သူမှန်း မသိခြင်းကိုပင် ကြောက်၏။
    တစ်ဖန် ထိုမသိခြင်းနှစ်ပါးတို့ကိုပင် ငါမကြောက်၊
    ငါ ကြောက်သည်မှာ
    ငါသည် ရဟန်းဖြစ်လျက်နှင့် ငါ့လက်ရှိသတိမရှိမှာပင်တည်း'
လို့ ရေးသားတော်မူခဲ့ပါတယ်။
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဘဝစာမျက်နှာတွေကို လေ့လာကြည့်ရင် အချိုးအကွေ့တွေ များလှတာကို တွေ့ရပါတယ်။ အချိုးအကွေ့ တွေများသလောက်လည်း ကြမ်းတမ်းခက်ခဲခဲ့ပါတယ်။ သို့တိုင်အောင်ပဲ ထိုထိုသော အခက်အခဲများ၊ အဟန့်အတားများ၊ အနှောင့်အယှက်များထက် ရဟန်းဖြစ်လျက် ကိုယ့်လက်ထဲ သတိမရှိတာသာကိုလျှင် ကြောက်လှကြောင်း ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးက  မိန့်ဆိုရေးသား ဆုံးမတော်မူရင်းက လက်တွေ့လည်း ကျင့်ကြံပြလျက်ရှိကြောင်းပါဗျာ။

ငြိမ်းချမ်းသာ
စာပြီးရက်စွဲ/-၂၂-၁၁-၂ဝ၁၉


ရည်ညွှန်းကိုးကား/-
၁။ ဘဝကန္တရသင်္ကေတကထာ(၂ဝ၁၂)
၂။ သံဝေဂ ပဋိသံယုတ္တကထာ (၂ဝဝ၄)



No comments:

Post a Comment