မဟာဗောဓိမြိုင်ဆရာတော်ကြီး
အမွှေဓာတ်ကို ခွာသတ်,သတ်ခဲ့ရခြင်း
(ရွှေကျောင်းကုန်းတောင်မှ ဇင်းကျိုက်တောင်သို့)
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ သာစည်မြို့ ရွှေ ကျောင်းကုန်းတောင်မှာ လောကမုနိဘုရားကို ပြုပြည်တည်ထားတော်မူပြီး ၁၃၄၁ ခုနှစ် တပို့တွဲလပြည့်နေမှာ ထီးတော်တင်လှူပူဇော်နိုင်ခဲ့ပါတယ်။ အဲဒီနောက် များမှာတော့ 'ရွှေကျောင်းကုန်းတောင် ဆရာတော်'ဆိုပြီး ထင်ရှားလာပါတော့ တယ်။ 'လူရှုပ်၊ လာဘ်ပေါ၊ ကျော်ဇော်၊ ခြွေရံ ဤလေးတန်'ကို အလိုမရှိ၊ တရားရဲ့ ငြိမ်းအေးမှုကိုသာ အလိုရှိတဲ့ဆရာတော်ကြီးကတော့ ၁၃၄၃ ခုနှစ် ကဆုန်လပြည့်ကျော် ၄ ရက်နေ့မှာ ဇင်းကျိုက်ဒေသကို ပြောင်းရွေ့ခဲ့ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီး ရွှေကျောင်းကုန်းတောင်က ဘာကြောင့် ခွာရသလဲလို့မေးလာရင်တော့ သာသနာ့သန့်စင်ရေးကိစ္စနဲ့ မ,ကိစ္စ တို့ကြောင့်ဖြစ် တယ်လို့ကြမ်းဖျင်းအားဖြင့် ပြောလို့ရနိုင်ကောင်းမယ်ထင်ပါတယ်။ 'အမွှေဓာတ်ကို ခွာသတ် သတ်ရန်' လို့ ဆရာတော်ကြီးက ရေးသားတော်မူပါတယ်။
ရွှေကျောင်းကုန်းတောင်မှ ဇင်းကျိုက်ဒေသကို ပြောင်းရွှေ့သီတင်းသုံးရတဲ့ အကြောင်းများကို ဆရာတော်ကြီးက အခုလိုရေးသားခဲ့ပါတယ်။
'ထိုနှင့်အတူ လူအုံခြင်း၊ လာဘ်များဖြင်း၊ မေးပြောပြသရခြင်းများလည်း ကွင်းဆက်လိုက်လာချေတော့ရာ တောထွက်ခြင်း၏ အရေးကား မှေး၍ မှေး၍ လာချေပြီ။ တစ်ပါးတည်း အားထုတ်ချိန်ကား မှိန်၍ မှိန်၍ လာချေပြီ။' လို့ (သံဝေဂလမ်း၊ စာ-၉၄)ဆရာတော်ကြီးက ဆိုပါတယ်။
အဲဒီလို အချက်တွေနဲ့အတူ တခြားတစ်ဖက်မှာလည်းပဲ သာသနာသန့်ရှင်းရေး ဆိုတဲ့စကားကို (၁၃၄၂ ခုနှစ်များမှာ) ကျယ်ကျယ်လောင်လောင်ကြား လာရတယ် လို့ ဆရာတော်ကြီးက ရေးသားပါတယ်။
'ဘုန်းကြီး ဘုန်းကြီးချင်း အုပ်ချုပ်ရန်၊ ဘုန်းကြီးထိန်းသိမ်းရေးကော်မတီ များ ရပ်ကျေးမှ ဗဟိုအထိ အဆင့်ဆင့် ဖွဲ့စည်းခြင်းများ ပေါ်ပေါက်လာချေပြီ။ (၄၂ ခုနှစ်က။) ထိုစဉ် အားလုံးဖွဲ့စည်းပြီးသည်နှင့် ရပ်ကျေးနှင့် မြို့နယ်မှ သံ ဃာ့အဖွဲ့အစည်းများက သည်ခြံပျက်ကြီးများ ဦးစွာခေါ်ယူမေးကြမည်။ ဤသ တင်း အတွင်းအနေများက အိပ်မက်ပေးကြရာ ဟုတ်သည်ဖြစ်စေ၊ မှန်သည် ဖြစ်စေ ခေါ်ယူ အစစ်မေးခံရပြီဆိုကတည်းက မကောင်းတော့ပြီ' (သံဝေဂလမ်း၊ စာ-၉၄)
'ဝိနိစ္ဆယ - တရားဝိနည်းအဆုံးအဖြတ်ပေးရန် တစ်ပေးခံရလေသူ၊ သံဃာ များက သံဃာ့အဖွဲ့ကြီးဖွဲ့စည်းပြီးသည်နှင့် ငါတို့အား ခုံရုံးတင် စစ်အံ့ဟူသော အသံများကလည်း ငါတို့နား အကြားဖြင့် ဝင်ဆောင့်လာ၏။ ဆရာမကြောက် သံသရာမကြောက်ကြီးကား သံဃာအားကြောက်လှချေပြီ' (ဘဝကန္တရသင်္ကေ တကထာ၊စာ-၂၈၂) လို့ ဆရာတော်ကြီးက ဆိုပါတယ်။
ဒီနေရာမှာ ကျွန်တော်နားလည်မိတာကတော့ တရားတဘောင်တွေ ရင် ဆိုင်ကြရတဲ့အခါ အရှုံး အနိုင်တွေ ရှိလာမယ်၊ နောက် ချစ်ခြင်းမုန်းခြင်း တွေ၊ နောက် သူ့အစွဲ ကိုယ့်အစွဲ့နဲ့ ကွဲကြပြဲကြမယ့် နောက်ဆက်တွဲတွေကို ဆရာတော်ကြီးက နှစ်လိုဟန် မတူပါဘူး။ ဒါကြောင့်ပဲ ရွှေကျောင်းကုန်းတောင် တော်က ထွက်ခွာခဲ့တာဖြစ်မယ်လို့ ကောက်ချက်ချမိပါတယ်။ နယ်ခံသံဃာ တော်တွေနဲ့ တောထွက်ရဟန်းကြီးကြားမှာ ဗျာများကြရမယ့် ပရိသတ်ကို ဆရာတော်ကြီးက ငဲ့ညှာတော်မူဟန်တူပါတယ်။
နောက်ထပ် ရွှေကျောင်းကုန်းတောင်က ထွက်ဖို့အကြောင်းဖန်လာတဲ့ကိစ္စ တစ်ခုကတော့ အထက်မှာ ပြောခဲ့သလို 'မ' အနှောက်ပါပဲဖြစ်ပါတယ်။
'ထိုနှစ်အတွင်း ငါ့၌ အမွှေဓာတ်တစ်ခုကလည်း ရှိချေသေး၏။ မအနှောက် တည်း။ ထိုသမီးငယ်ကား အရွယ်အားဖြင့် ၁၇ နှစ်မျှ မှန်း၍ရ၏။ ငါတို့ကား ၃၉ နှစ်ရှိနေချေပြီကော။
ထိုမယားပစ် သက်ကြားအိုကြီးကိုလျှင် ငြိတွယ်နေရှာ၏။ တစ်ယောက်ထဲ လူသူကင်းစဲ တောအုပ်ကြားထဲမှာ လာရောက်ကြိုဆို၏။ သူ့မိသူ့ဖများကလည်း ကြည်ဖြူစွာ ခွင့်လွှတ်ထား၏။ ဆွမ်းခံသွားရင်းက ငှက်သင့်တော့မည့်အရေး တဖြည်းဖြည်းနီးကပ်လာ၏။
........ ... .............. ....
.................. .... ........
ငါတို့ကား ထိုသမီးငယ်ထံ၌ သူစိတ်နှင့် အတုစိတ် ခွဲခြားသိမြင်နေ၏။ သို့ကြောင့် ထိုသမီးငယ်ကား တရားခံအစစ်မဟုတ်၊ တရားခံအစစ်ကား သူမ နောက်ကွယ် မမြင်ကွယ်ရာမှသာ၊ သူမကား တည်ကြက်မျှသာတည်း။
ထိုအခင်းကား ငါတို့သာသိ၊ သူမ မသိ။ ငါတို့သာမြင်၊ သူမကား မဆင် ခြင်နိုင်ရှာပြီ။ အမှောင်ကြားမှ ခရီးသွားနှင့် အလင်းကြားမှ ခရီးသွား ပက်ပင်း ကြီးသား ခရီးရင်ဆိုင်တို့အကြားဝယ် တွေ့ရသော် အမှောင်သမားကား မမြင်သူ ပီပီ ဝင်တိုက်မှာ သေချာ၏။ အလင်းသမားကသာ တားနိုင်လျှင်တား၊ မတား နိုင်လျှင် ရှားရုံသာရှိချေသည်' လို့ (ဘဝကန္တရသင်္ကေတကထာ၊စာ-၂၈၂) ဆရာတော်ကြီးက ရေးသားခဲ့ပါတယ်။
အဲဒီလိုနဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ရွှေကျောင်းကုန်းတောင်ကနေ ခွာဖို့၊ ခြင်္သေ့ညီနောင်ဆေးပေါ့လိပ်ရုံကိုသွား ဆိုတဲ့ အိပ်မက်ကို ရပါတော့တယ်။ ခြင်္သေ့ညီနောင်ဆေးပေါ့လိပ်ရုံဆိုတဲ့ဝှက်စာကို ဆရာတော်ကြီးက အခုလို ဖော်ခဲ့ရပါတယ်။ ခြင်္သေ့ညီနောင်ဆေးပေါ့လိပ်ရုံဟာ ဇင်းကျိုက်တောင်ဖြစ်ရမယ်၊ ရသေ့ညီနောင်နှစ်ဦးအနက် ညီငယ် သီဟရသေ့၏ ဘယ်ညာဖဝါးနှစ်ဖက်မှာ ခြင်္သေ့ရုပ်တစ်ဖက်စီပါတယ် ... စသည်ဖြင့် အိပ်မက်ရဲ့ဆိုလိုချက်ကို ထုတ်ဖော် ကာ ရွှေကျောင်းကုန်းတောင်မှ ဇင်းကျိုက်တောင်သို့ ၄၃ ခုနှစ် ကဆုန်လပြည့် ကျော် ၆ ရက်နေ့အရောက်ကြွချီတော်မူခဲ့ပါတယ်။
တစ်ရွာမပြောင်းသူကကောင်းမဖြစ်ဆိုတဲ့စိတ်နဲ့ ပြောင်းရွေ့ခဲ့ပေမယ့် အခြေ အနေတွေက ဆရာတော်ကြီး မျှော်မှန်းထားသလိုတော့ ဖြစ်မလာခဲ့ပါဘူး။
ဇင်းကျိုက်နယ်မြေနဲ့ပတ်သက်ပြီး ဆရာတော်ကြီးက ...
'စင်စစ် ထိုဇင်းကျိုက်၏ သုံးနှစ်သော အကျင့်စခန်းသည် ေကြွပေး ဆပ်ရန် သွားရောက်ရခြင်းတည်း'(ဥလ္လမ္ပတုဘိက္ခုဘာဝကထာ၊ စာ-၇၇) မှာ ဆရာတော်ကြီးက မှတ်ချက်ပြုရေးသားခဲ့တာကိုတွေ့ရပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီး ရွှေကျောင်းကုန်းတောင်မှ ဇင်းကျိုက်တောင် ကို ကြွချီတဲ့ခရီးမှာ ရက္ကန်းစင်တောင်၊ ရှင်မထီး စတဲ့ဝိဇ္ဇာလောကက ဆရာတော် ကြီးများရဲ့ အမည်နာမများကို တွေ့ရပါတယ်။ ဇင်းကျိုက်တောင်ရဲ့ အထိန်းအသိမ်း အစောင့်အရှောက်ဟာ ဘားမဲ့ဆရာတော်ကြီးဖြစ်ကြောင်းလည်း ဆရာတော်ကြီးက ရေးသားထားပါတယ်။ (နောင်အလျဉ်းသင့်ရင် အသေးစိတ်ရေးပါ့မယ်။) ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဘဝဖြစ်စဉ်ကိုကြည့်ရင် ထူးဆန်းတာတွေ၊ မယုံနိုင်စရာကောင်းတာတွေကို မြင်ရလေ့ရှိပါတယ်။ ထို့အတူ ပဲ အခက်အခဲ၊ အတားအဆီး၊ အဖျက်အမှောင့်တွေကလည်း မတွေ့ချင်မှအဆုံး ဆိုသလိုကို ကြုံရလေ့ရှိတာကိုလည်း ဆရာတော်ကြီးရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ကို လေ့လာတဲ့အခါမှာတွေ့မြင်ရပါတယ်။
အဖျက်အမှောင့်များက အကြမ်းနည်းနဲ့မရ အနုနည်းနဲ့ချကြပုံတွေ ရွှေ ကျောင်းကုန်းတောင်မှာ သာသနာပြုစဉ်မှာ တွေ့ရပြီး အနုနည်းမရ အကြမ်း နည်းသုံးကြပုံတွေကိုလည်း ဇင်းကျိုက်တောင်မှာ ကျင့်ကြံအားထုတ်တဲ့ နှစ်များမှာ တွေ့ရပြန်ပါတယ်။ ဇင်းကျိုက်တောင်မှာ မဟာဗောဓိမြိုင်ဆရာတော်ကြီး ရင်ဆိုင်ကြုံတွေ့ရတဲ့ အဆိုးလောကဓံများကို နောက်စာစုတွေမှာ ဆက်လက် ဖော်ပြပါ့မယ်။
စာပြီးရက်စွဲ-၂၅-၁၁-၂ဝ၁၉
ရည်ညွှန်းကိုးကား/-
၁။ ဘဝကန္တရသင်္ကေတကထာ(၂ဝ၁၂)
၂။ သံဝေဂ ပဋိသံယုတ္တကထာ (၂ဝဝ၄)
၃။ ဥလ္လမ္ပတုဘိက္ခုဘာဝကထာ (၂ဝ၁၅)

No comments:
Post a Comment