သာသနာတော်ပြန့်ပွားရေးအတွက် ဘာတွေက အရေးကြီးဆုံးလဲ
သာသနာတော်ပြန့်ပွားရေးအတွက် ဘာတွေဟာ အရေးအကြီးဆုံးဖြစ်ပါသလဲဘုရား။ ဆရာတော်များအပိုင်းက ဘယ်လိုကျင့်ကြံ ဆောင်ရွက်ဖို့လိုပြီး ဒကာ၊ ဒကာမတွေအပိုင်းက ဘာတွေ လုပ်ကိုင်ဆောင်ရွက်ဖို့လိုပါသလဲဘုရား။
သာသနာတော်ပြန့်ပွားအောင် ဆောင်ရွက်ဖို့ဆိုတဲ့အပိုင်းရောက်လာတဲ့အခါကျတော့ သံဃာတော်များဘက်က ဆောင်ရွက်စရာလိုသလို ဒကာ၊ ဒကာမတွေဘက်ကလည်း ဆောင်ရွက်စရာ ကိစ္စတွေ ရှိပါတယ်။
ပြန့်ပွားတယ်ဆိုတဲ့ စကားရပ်ထဲမှာ ဗုဒ္ဓဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေ ဗုဒ္ဓဘာသာတရားတော်ကို ယုံကြည်လက်ခံလာအောင် ဒါကလည်း တစ်ခု၊ ေနာက်အရေးကြီးတာက မိရိုးဖလာဗုဒ္ဓဘာသာဖြစ်နေလို့ ဗုဒ္ဓဘာသာကို လက်ခံထားသော်လည်း ဗုဒ္ဓဘာသာတရားဓမ္မတွေကို မသိသေးတဲ့ပုဂ္ဂိုလ်တွေကို ဓမ္မကို သိရှိလာအောင်၊ သူတို့ရဲ့ သန္တာန်မှာ တရားဓမ္မတွေ ရောက်ရှိပြီးတော့ ယုံကြည်မှုနဲ့ အသိပညာခိုင်မာလာအောင် ဒီလိုလုပ်ဖို့က ပိုပြီး အရေးကြီးတယ် ထင်ပါတယ်။
မိရိုးဖလာဗုဒ္ဓဘာသာဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘုရားတရားနဲ့ ပတ်သက်ပြီးတော့ များများ မသိကြပါဘူး။ ဒါကြောင့် သူတို့ရဲ့သဒ္ဓါတရား၊ သူတို့ရဲ့အခြေအနေတွေဟာ သိပ်မခိုင်မာပါဘူး။ တစ်ဖက်ကလာပြီး စည်းရုံးလိုက်တာနဲ့ တခြား ဘာသာဝင်ဖို့ အလွယ်တကူဖြစ်သွားတတ်ကြပါတယ်။ ဒီတော့ ဘုန်းကြီးတို့အနေနဲ့ သာသနာပြန့်ပွားဖို့ထက် ခိုင်မာဖို့ကို အရင်လုပ်ဖို့လိုပါတယ်။ ခိုင်မာဖို့ မိရိုးဖလာဗုဒ္ဓဘာသာဖြစ်နေတဲ့ မိမိတို့ မြန်မာလူမျိုးတွေကို အတွင်းမှာပဲ ဘာသာတရားနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနားလည်လာအောင်၊ အခိုင်အမာဖြစ်လာအောင်၊ ယုံကြည်မှုသဒ္ဓါတရား ရှိလာအောင် (သဒ္ဓါတရားဆိုလို့ရှိရင်လည်းပဲ ယုံကြည်မှုဆိုင်ရာမှာ အသိဉာဏ်ပါတဲ့ ယုံကြည်မှုရှိလာအောင်) သံဃာတော်များဘက်က အမှန်တရား၊ ဗုဒ္ဓရဲ့တရားတော်တွေကို ရှင်းရှင်းလေးနဲ့ နားလည်အောင် လက်တွေ့ကျင့်သုံး တတ်လာအောင် ရှင်းပြ ဟောပြဖို့ လိုပါလိမ့်မယ်။
ဒကာ၊ ဒကာမများအပိုင်းက များများ မလိုဘူးလို့ ထင်ပါတယ်။ ဒကာ၊ ဒကာမများအပိုင်းက မြန်မာပြည်မှာ တော်တော် တာဝန်ကျေကြပါတယ်။ သံဃာတော်များဘက်က တရားစစ် တရားမှန်ကို များများဟောကြားပေးဖို့က အဓိက ဖြစ်ပါတယ်။ ဒီလို ရှင်းရှင်းလင်းလင်း ဟောကြားပေးတဲ့အခါမှာ ဒကာ၊ ဒကာမများဘက်ကတော့ တချို့ကိစ္စလေးတွေ ပံ့ပိုးပေးဖို့လိုပါတယ်။
ဒီနေရာမှာ ဘုန်းကြီးပြောချင်တာက ဘာသာ၊ သာသနာ ပြန့်ပွားရေးအတွက် ဆောင်ရွက်တဲ့နေရမှာ စနတကျ ဆောင်ရွက်တတ်ဖို့ အရေးကြီးပါတယ်။ ဘယ်လို စနစ်တကျဆောင်ရွက်တာတုန်းဆိုတော့ များသောအားဖြင့် မြန်မာလူမျိုးတွေက ' ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်'ဆိုတဲ့ စိတ်မျိုးရှိတယ်။ မိမိကြည်ညိုရာ၊ မိမိမြတ်နိုးရာ၊ မိမိနဲ့ ခင်မင်ရာကို အားပေးတတတ်တဲ့ အစဉ်အလာက ပိုများပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့် သဘောထားပြီး၊ ဘာသာ သာသနာကို ဦးတည်ပြီး ထို ဘာသာ၊ သာသနာ ပြန့်ပွားအောင် ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်ဆိုရင် မည်သည့်ပုဂ္ဂိုလ်ကိုပဲဖြစ်ဖြစ် အားပေးတတ်ဖို့လိုလိမ့်မယ်လို့ ဘုန်းကြီးထင်ပါတယ်။
ဒီလိုနှစ်ဦးနှစ်ဝ ဘာသာ၊ သာသာန ပြည်တွင်းမှာ ခိုင်မာရေးနဲ့ ပြန့်ပွားရေးကို လက်တွဲဆောင်ရွက်မယ်ဆိုလို့ရှိရင် ဗုဒ္ဓဘာသာဖြစ်ပြီး ပုဂ္ဂိုလ်တွေ အသိဉာဏ်ပိုပြီး ခိုင်မာလာမယ်။ ဗုဒ္ဓဘာသာ မဖြစ်သေးတဲ့ သူတွေက ဗုဒ္ဓဘာသာ ဘက်ကို စိတ်ဝင်စားလာပြီး ဗုဒ္ဓဘာသာ ဖြစ်လာမယ်။ အဲဒီလို လုပ်သင့်တယ်လို့ ထင်ပါတယ်။
(BBC ဦးနေဝင်း၊ ဆရာတော်ကြီးများနှင့် တွေ့ဆုံမေးမြန်းလျှောက်ထားခြင်း စာအုပ်မှ အင်တာဗျူးကိုပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘဝခရီးနှင့် ဓမ္မဆီမီး၊ စာ ၄၉၁-၄၉၃ တွင် ပြန်လည်ဖော်ပြထားရာ ထိုမှ ကူးယူပူဇော်ခြင်းဖြစ်ပါသည်။)

No comments:
Post a Comment