မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
ဝတ်ကြောင်ကို လွတ်အောင်ရုန်းခဲ့ရပုံများ
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဘဝအကြောင်းကို ပြောဆိုတဲ့နေရာမှာ ဆရာတော်ကြီးရဲ့ ပါရမီဖြည့်ဘက်ဖြစ်တဲ့ 'မစိန်မေ'အကြောင်းကိုလည်း အနည်းနဲ့အများဆိုသလို ပြောမှ ပြည့်စုံလိမ့်မယ် ထင်ပါတယ်။မစိန်မေအကြောင်းကို ဆရာတော်ကြီးက အခုလိုရေးသားခဲ့တာတွေ့ရပါတယ်။
'ဇနီးသည်ကား အေးဆေးသူဖြစ်၏။ အရှက်အကြောက်ကြီး၏။ ရိုးဖြောင့်၏။ ကျွန်နှင့်တူသော မယားမျိုးလည်းဖြစ်၏။ အလိုရမ္မက်နည်းပါးလှ၏။ စိတ်ကောက်တတ်သည်မှတစ်ပါး အခြားသော အပြစ်တစ်စုံတစ်ရာ မရှိခဲ့။ အမြှောက် ကြိုက်တတ်သောငါနှင့် ကောက်သောသူ သဘောချင်းမတူဖြစ်သဖြင့်သာ အိမ်ထောင်ရေး ချမ်းသာသုခ မရခြင်းမျှသာရှိ၏။'
(ဘဝကန္တရသင်္ကေတကထာ၊ စာ-၁၅၇)
ဦးငြိမ်းမောင်(ဆရာတော်ကြီးလူ့ဘဝကနာမည်)နဲ့ မစိန်မေတို့ဟာ သဘောထားခြင်း မတိုက်ဆိုင်ခဲ့ကြပါဘူး။ ဒါကြောင့်လည်းပဲ ဦးငြိမ်းမောင်ဟာ ပုတီးသမားဘဝနဲ့ အဓိဋ္ဌာန်ခရီးများကို လျှောက်လှမ်းစဉ်မှာကတည်းက သံယောဇဉ်ကို တစ်ခန်းရပ်ခဲ့တာ တွေ့ရပါတယ်။
'ကဲ မင်းနဲ့ငါ လမ်းခွဲကြစို့ရဲ့၊ သည်အချိန်ကစပြီး မင်းလည်း မင်းသွားလို ရာသွား ပျံလိုရာပျံ၊ ငါလည်းပဲ သွားလိုရာသွား ပျံလိုရာ ပျံတော့မည်' ပြော၍ လွတ်ပေးလိုက်၏။ ထိုနှစ်ကောင်တို့လည်း သွက်လက်ပေါ့ပါးစွာ ကောင်းကင် သို့ ပျံတက်သွားတော့၏။
စာဝါလေးတစ်ကောင်ကား အင်္ဂါသူ ဇနီးသည်အတွက် ရည်စူးလျက်က၊ စာဝါလေး ကျန်တစ်ကောင်ကား အင်္ဂါသားဖြစ်သူ ငါ့အား ရည်စူးလျက်က။
(ဘဝကန္တရသင်္ကေတကထာ၊ စာ-၁၅၇)
အဲဒီကစလို့ ဦးငြိမ်းဟာ ဇနီးသည်နဲ့ လင်ခန်းမယားခန်း မပေါင်းသင်းတတ်တော့ဘဲ တစ်လမှာ ၂၇ ရက်က ကိုးပါးသီလနဲ့ နေထိုင်ခဲ့ပြီး ၂ ရက် ၃ ရက်မျှသာ လူလွတ်ဖြစ်ပြီး လင်စိတ်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုနဲ့ ၁၃၃၉ ခုနှစ် နယုန်လပြည့်ကျော် ၁၂ ရက်နေ့မှာ ဦးငြိမ်းမောင်ဟာ ဇင်းကျိုက် ကေလာသတောင်ကို ရသေ့ဘဝနဲ့ အဓိဋ္ဌာန်စခန်း သွားရောက်ကျင့် ကြံခဲ့ပါတယ်။ [ကေလာသတောင်နဲ့ပတ်သက်ပြီးကလည်း 'ကေလာသတောင် နေရာရအေင် ဒူးမရမ်းနဲ့မောင်၊ ထူးဆန်းသည့်တောင် စိတ်သာချ ဝိဇ္ဇာ မ,မည့် တောင်' ဆိုတဲ့ တဘောင် ရှိတယ်လို့ ဆိုပါတယ်။] ကေလာသမှာ ၄၅ ရက်ကြာမျှသာ ကျင့်ကြံအားထုတ်ခဲ့ရပြီး ဇနီးသည်ခေါ်ရာ ပြန်ပါခဲ့ရကြောင်း ဆရာတော်ကြီးက သူ့ရဲ့ ဘဝကန္တ ရသင်္ကေတကထာစာအုပ်မှာ ရေးသားထားပါတယ်။
မစိန်မေဟာ တောထွက်သွားတဲ့ရသေ့ကိုပြန်ခေါ်ဖို့ ဂိုဏ်းဆရာများကို ငွေပေးငှားရမ်းခဲ့ပေမယ့် ဂိုဏ်းဆရာများက အဓိဋ္ဌာန်အကျင့်စခန်းကို သွားရောက် ကျင့်ကြံသူမို့ တာဝန်မယူရဲခဲ့ကြပါဘူး။ သို့တိုင်အောင်လည်း အိမ်ဘုရားရှေ့မှာ ဝိဇ္ဇာပွဲပြင်၊ ပွဲအုန်းသီးကို ခေါင်းနဲ့တိုက်ပြီး ဝိဇ္ဇာများကိုတိုင်ကြား၊ ဦးငြိမ်းမောင်ကိုစောင့်ရှောက်တဲ့ ဝိဇ္ဇာကြီးများကို အိမ်ပြန်ပို့ပေးဖို့ ပူဆာရင် ရနိုင်ကောင်းတယ်လို့သာ အကြံပေးခဲ့ကြတယ်လို့ဆိုပါတယ်။ အဲဒီအကြံပေးမှုအတိုင်းလုပ်ခဲ့ပြီး ဇင်းကျိုက်ရသေ့လေး အိမ်ပြန်ရောက်ခဲ့ရရှာတာပါ။ မစိန်မေရဲ့ သံယောဇဉ်ကြိုးက ခိုင်မြဲအားကောင်းလှချည်ရဲ့။
ဘယ်လိုပဲ ခိုင်မာအားကောင်းပါစေ ပါရမီဖြည့်ဖို့ရောက်လာရသူအဖို့မှာ ပါရမီဖြည့်ခြင်းသည်သာ သူ့ရဲ့ ရွေးချယ်ရာမဟုတ်လား။ အဲဒီအကြောင်းကို ဆရာတော်ကြီးက အခုလိုရေးပါတယ်။
'သို့တစေလည်း ငါအနိုင်ကျင့်သမျှ သူခံရသည်သာ အမြဲဖြစ်ခဲ့၏။ စင်စစ် လူ့ဘဝ သူမလာရောက်ခဲ့ရခြင်းသည် ငါ့အား အကြွေးဆပ်ရန်လာခြင်းမျှသာ ဖြစ်တန်ရာ၏။ တွေးမိလေတိုင်း သနားလည်းသနား၏။ အမြင်လည်းကပ်၏။ ယောကျ်ားနှင့်မိန်းမ အသွင်ချင်းမတူရလေသည့်အထဲ ဉာဉ်ချင်းပါ မတူလာခြင်းကား လောကငရဲခံရခြင်း၏ ဝဋ်ခင်းသက်သက်မျှသာတည်း။'
(ဘဝကန္တရသင်္ကေတကထာ၊ စာ-၁၅၈)
ဒီလိုနဲ့ပဲ ဦးငြိမ်းဟာ 'ဝတ်ကြောင်ကို လွတ်အောင်ရုန်းမယ်ပ ထုံးနွယ်စ ဆံကိုပယ်'ဆိုတဲ့အတိုင်း နောက်ဆုံးမှာတော့ (၁၃၄၁ ခုနှစ်မှာ) ရဟန်းဘဝကို ပြန်တက်လှမ်းဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ ဆုံးဖြတ်ချက်ချပြီးသည့်တိုင်အောင်ပဲ ဇနီးသည်ကို အပြောခက်နေပုံကိုလည်း 'သံဝေဂလမ်း'မှာ အခုလို ရေးပြထားပါတယ်။
'ခြံရှင်အား ခြံပြင်ထွက်ခွင့်ပြုရန် ခွင့်မပန်ရက်။
ယင်းအခက်အခဲကို အတူနေ မိတ်ဆွေကောင်းလည်းဖြစ်သူ၊ ရဟန်းခံ ပေးရာ၌လည်း အမာခံပါဝင်သူလည်းဖြစ်သူက ကြားဝင်ပေးလိုက်ရာ
ပါရမီ လူတားလို့မရပါဘူးရှင်။ သူဝတ်ချင်တာ ဝတ်ပါစေ။
သည်စကား တစ်လုံးတည်းဖြင့်ပင် သံဝါသဘုံ ကံကျန်ကုန် ခြံခုန်ထွက်ခဲ့ပြီ။'
(သံဝေဂလမ်း၊ စာ - ၅၈)
ဦးငြိမ်းရဲ့ သူငယ်ခြင်းဖြစ်သူ ဦးမြင့်ဆွေက မစိန်မေထံမှာ ရဟန်းဝတ်ဖို့ ခွင့်တောင်ရုံသာမကဘဲ ရဟန်းခံဖို့အတွက်ပါ အလှူခံခဲ့တဲ့အခါ ငွေ(၅ဝ)ကျပ် လှူလိုက်တယ်လို့ ဆိုပါတယ်။ အဲဒီအကြောင်း သတင်းအစအနရကြရှာတဲ့ ပတ်ဝန်းကျင်က မစိန်မေကို ခွင့်မပြုသင့်ဘူး၊ ဖျက်သင့်တယ်လို့ ဝိုင်းပြီး အရေးဆိုကြပြန်ပါတယ်။
'ခဏဟုတ်မှာ မဟုတ်ဘူးတော့၊ တော်ကြာ ရှင်တစ်ယောက်ထဲ ဖြစ်နေလိမ့် မယ်' ဆိုသူကဆို၊
'ကိုငြိမ်း ရဟန်းဝတ်တာ ဝမ်းသာပါတယ်၊ မစိန်မေကိုတော့ မိန်မချင်း ကိုယ်ချင်းစာပါတယ်' ပြောသူကပြော ဖြစ်ကုန်ကြ၏။
မစိန်မေက နားမယောာင်လေ။
'ကျွန်မကလည်း တစ်သက်လုံး သူလုပ်သမျှ နောက်နေ စိတ်ကောက် နေတာကိုး၊ သည်တော့ သူလည်းပဲ စိတ်ဆင်းရဲမှာပေါ့'ဖြင့်သာ သူ့အပြစ်သူ ရှုကာသာ ခွင့်ပြုခဲ့၏။ (ဘဝကန္တရသင်္ကေတကထာ၊ စာ-၂၆၇) လို့ မစိန်မေ ရဲ့ ခိုင်ကြည်တဲ့စိတ်ထားနဲ့ ပါရမီဖြည့်ပုံကို ဆရာတော်ကြီးက ပြန်လည်ရေးပြထားပါတယ်။
'မဒီကန္နရီစံချိန်မမှီပေမယ့် ဟာနေတာကို မဟာရုံသူဖြည့်ပေး'ဆိုတဲ့ စိုင်း ခမ်းလိတ်ရဲ့အဖွဲ့ကို စိုင်းထီးဆိုင်ရဲ့အသံနဲ့ ကြားခဲ့ရဖူးပါတယ်။ 'ဟာနေတာကို မဟာရုံဖြည့်ပေး'ရခြင်းဟာ ဘယ်နည်းဘယ်ပုံ ခက်ခဲမယ်ဆိုတာဟာ မစိန်မေ ရဲ့ သံယောဇဉ်ထုထည်ကို ကြည့်ရင်မြင်ရနိုင်လိမ့်မယ်ထင်ပါတယ်။
ဦးငြိမ်းနဲ့ မစိန်မေတို့ရဲ့ ဘဝဇာတ်လမ်းကိုကြည့်ရင် သံယောဇဉ်ခန်းကို ဖြတ်ရခြင်းဟာ မလွယ်ကူလှဘူးဆိုတဲ့ အသိကိုရနိုင်ပါတယ်။ အဲဒီ မလွယ်ခြင်း အခက်အခဲကို ဖြတ်သန်းရင်း တောရပ်မှီတရားရှာတဲ့ သူတော်စင်ဘဝကို ရွေးခြယ်ခဲ့တဲ့ မဟာဗောဓိမြိုင် ဆရာတော်ကြီးရဲ့ ပါရမီထူးကိုလည်း မြင်နိုင်ဖို့ ဒီစာစုက ရည်ရွယ်ပါတယ်။ ဒါ့အပြင် သံယောဇဉ်ကိုမေတ္တာအဖြစ် ပြောင်းခဲ့ပြီး ပါရမီဖြည့်ဖက်အဖြစ်ရပ်တည်ခဲ့သူ မစိန်မေရဲ့ သတ္တိထူးကိုလည်း ခံစားနား လည်နိုင်ကြစေဖို့လည်း မျှော်လင့်ရင်းက ဒီစာစုကိုရေးပါတယ်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဘဝဖြတ်သန်းမှုဟာ ကြမ်းရှခက်ခဲကြောင်း ပြောခဲ့ပြီးဖြစ်ပါတယ်။ ကြမ်းရှခက်ခဲသော ဘဝဇာတ်ထုပ်ကြီးထဲဝယ် လွမ်းစရာအခန်းငယ် အနည်းေလးဆိုရုံမျှ ပါငြားအံ့။ ထိုအလွမ်းခန်းသည် မစိန်မေပင်ဖြစ်ပါလိမ့်မယ်။
ငြိမ်းချမ်းသာ
၁၁-၆-၂ဝ၁၉
ရည်ညွှန်းကိုးကား/-
၁။ ဘဝကန္တရသင်္ကေတကထာ (၂ဝ၁၂)
၂။ သံဝေဂ ပဋိသံယုတ္တကထာ(၂ဝဝ၄)

No comments:
Post a Comment