မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
တောထွက်များ ဈေးကောင်းမရလေသော စစ်ကိုင်းတောင်နေ့ရက်များ
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ မှော်ဘီမြို့၊ ဖူးကြီး သံသုမာရတောင်ကနေ စစ်ကိုင်းတောင်ကို ၁၃၄၈ ခုနှစ်မှာ ပြောင်းရွေ့သီတင်းသုံး တော်မူပါတယ်။ ၁၃၄၈ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ကနေ ၁၃၄၉ ခုနှစ် တန်ဆောင်မုန်းလဆန်း ၉ ရက်နေ့အထိ စစ်ကိုင်း အရှေ့ပရက္ကမချောင်မှာ သီတင်း သုံးတော်မူခဲ့တာပါ။
အရှေ့ပရက္ကမချောင်မှာ သီတင်းသုံးစဉ်အခါက မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ သက်တော်ဟာ (၄၅) နှစ်ဖြစ်ပြီး ဝါတော်ဟာ (၆) ဝါ ဖြစ်ပါတယ်။
အစကတည်းက ယဉ်သကိုးဆိုသလိုပဲ အရှေ့ပရက္ကမချောင်ရောက်စမှာပဲ
'တောထွက်ဆိုတာ သိမ်ကထွက်ကတည်းက ခေါင်းရင်းတက် တင်ပလ္လင်ခွေ ထိုင်ချင်တာမျိုး'
'အခုခေတ်ရဟန်းများက ရဟန်းအမည်ခံပြီး ရသေ့အလုပ်မျိုး လုပ်ကြတာချည်းပဲ' ...စသည့် နှုတ်ခွန်းဆက်ဆုံးမစကားများကို စကြားရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဝါးချက်က ဆွမ်းခံပြီးအပြန် သံဃာတော်(၁ဝ)ပါးမျှကို ဦးဆောင်တော်မူလာတဲ့ တောင်ပေါ်နေ ဆရာတော်ကြီးတစ်ဦးနှင့် ထိပ်တိုက်တွေ့မိရာမှာလည်း တောထွက်လား၊ ငယ်ဖြူလား နောက်ပါရဟန်းများကိုမေးရာ တောထွက် ကြီးဖြေသံကြောင့်
'အံမာ၊ တောထွက်ကများ ဣန္ဒြေဆည်လို့' ထိုသို့ မိန့်မြွက်ပြီး ငါတို့နှင့် ဝါးနှစ်ပြန်မျှရောက်လေသောအခါတွင်ကား ငါတို့အား စိမ်းစိမ်းဝါးဝါး ရှုကြည့်တော်မူကာ လက်တွင်းရှိ တောင်ဝှေးကြီးဖြင့် မြေကြီးသို့ တအား ဆောင့်ထိုးထိုး၍ လမ်းဖယ်ပေးရန် အရေးဆိုပါချေတော့၏'(ဘဝကန္တရသင်္ကေတကထာ-စာ ၃၁ဝ)
ဒါတွေက အရှေ့ပရက္ကမချောင်ရောက်ဦးစမှာ ကြုံရတဲ့ လောကဓံတွေပါ။ ဆရာတော်ကြီးက 'စစ်ကိုင်းတောင်ကား တောထွက်များ ကြေးမရသော တောင်ပေတကား'လို့ မှတ်ချက်ပြုပါတယ်။ ဒါပေမယ့် အရှေ့ပရက္ကမဂူကြီးမှာ တိတ်ဆိတ်မှု၊ လူတွေ့မခံမှု၊ လူဝင်မခံမှုများရဲ့ ကျေးဇူးပြုမှုနဲ့အတူ ရောက်စ ရက်များမှာ ဂူရဲ့တိတ်ဆိတ်မှုနဲ့ အမှတ်စိတ်ချိတ်တွဲမိနေတာကြောင့် ပျော်ရွှင်နေစွာ သီတင်းသုံးဖြစ်နေတယ်လို့ ဆိုပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ အရှေ့ပရက္ကမချောင်မှာ သီတင်းသုံးစဉ်မှာလည်း ခုလိုကျင့်ကြံတော်မူခဲ့ပါတယ်။
'နံနက် ၇ နာရီတိတိအချိန်သည် ဆွမ်းခံထွက်ချိန်၊ ဂူထွက်ချိန်။
ဆွမ်းခံအထွက် ဂူအထွက်ကား ဝါးချက်(၇)ရက်၊ ရွာထောင်ဘက်လည်း (၇) ရက်။
ဆွမ်းခံပြန်ရောက်သော် မိမိတစ်ပါးစာကိုချန်လှပ်၍ ရသမျှ ထိုချောင် သံဃာသို့သာ ဦးတိုက်လှူ၏။ ဝါတွင်းကာလကား ဝါးချက်ရွာ အလှည့်တွင် သပိတ်ပြည့်၊ အိတ်ပြည့်။ ဝါပကာလ၌ကား သပိတ်မစို၊ အိတ်မစို။ ရွာထောင် (ဒီဇယ်စက်ပြင်တို့နေရာတန်းလျား)ကား ဝါးတွင်း၊ ဝါပမရှိ။ အချိန်မရွေး အပြည့်။
ထို ရဆွမ်းနှင့်တကွ ယာဝ၊ ကာမ၊ ကာလိက အားလုံး လှူထားခဲ့ပြီးမှသာ ဂူသို့ ဝင်ခဲ့၏။ နောင်သော် ဝါပကာလ၏ ဝါးချက်အထာမသိသေးသည့်အလျောက် ဤဆွမ်းအုပ်အပြည့်လှူပြီးမှ ကျန်သမျှကို ငါသုံးအံ့ အဓိဋ္ဌာန်လျက်က သာရဏိယကျင့်ဝတ်ကို ဆောက်တည်ခဲ့၏။'(၎င်း၊ စာ-၃၁၂)
အဲဒီလိုကျင့်ကြံရင်းကပဲ အတူနေသီတင်းသုံးဖော်နှင့် ဝါသနာမတူခြင်း၊ ဂူ၏ဖိအားဒဏ်တွေနဲ့ အာဟာရမဲ့တိုက်ကွက်တို့ကြောင့် မချိမဆန့်ရှိလှတယ်လို့ ဘဝကန္တရသင်္ကေတကထာစာအုပ်ကြီးထဲမှာ ရေးသားတော်မူခဲ့ပါတယ်။
ဒီစာစုမှာတော့ ကျန်တဲ့အကြောင်းအရာတွေကို ချန်လှပ်ထားပြီး အာဟာရမဲ့ တိုက်ကွက်ဆိုတဲ့အကြောင်းကို ပြောချင်ပါတယ်။
'တစ်ဖန် အာဟာရကား တစ်ဆောင်းတစ်နွေလုံးလုံး ဝါးချက်အလှည့်တွင် (၁၅)ဦးမှ (၂ဝ)အတွင်းသာ ကျန်ရှိတော့ရကား သပိတ်တစ်ဝက်ပင် မရှိပြီ။ ထိုအားလုံး မိမိရှေ့ချပေးထားသော ဆွမ်းလှယ်အုပ်တစ်အုပ်ပြည့်သဖြင့် ပိုလျှံ မှသာ စားမည်အဓိဋ္ဌာန်ကြောင့် (၇) ရက်လုံးလုံး အစာကင်းပြတ်ခဲ့ရ၏။ ရံတစ်ခါ ဘယာကြောက်လေး နှစ်ခုသုံးခုမျှဖြင့်။ ရံတစ်ခါ ဘီစကွတ်လေး နှစ်ချပ် သုံးချပ်မျှဖြင့်။ အကယ်တိတိ (၁၅)ဦးပင် မပြည့်လာသော် ထို သစ်သီးဆွမ်း၊ မုန်ဆွမ်းပင် မသုံးဆောင်တော့ပြီ။ ဆွမ်းလှယ်ပြီးစီးပြီး၏နောက်ပိုင်း သရက်ပင် အောက် စောင့်ဆိုင်းကာ လောင်းသူရှိက စားခွင့်ရလာသေး၏။ ရံတစ်ခါသာ။
သို့ကြောင့် ငါ၏ဝမ်းဗိုက်တွင်းရှိ အစာအိမ်ဟောင်း,သစ်များ၊ အူကြီးအူငယ်များ မကောင်းကြတော့ပြီ။ သောက်သုံးရေကား ထုံးဓာတ်ရေ၊ အဟာရကား နတ္ထိ။ ငါ့ဝမ်း ကုစ္ဆိ နွမ်းရိရိတည်း။' (၎င်း၊ စာ-၃၁၇)
မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ အရှေ့ပရက္ကမချောင်မှာ သီတင်းသုံးစဉ် မှာ ဆွမ်းခံပြီး ရသမျှဆွမ်းကို တစ်ပါးစာကိုချန်လှပ်ပြီး ကျန်သည်များကို ထိုချောင် သံဃာသို့သာ ဦးတိုက်လှူဒါန်းခြင်းကိုပြုလုပ်ခဲ့ပါတယ်။ အဲဒီကမှတစ်ဆင့် ဆွမ်းအုပ်အပြည့်လှူပြီးမှ ကျန်သမျှကိုသာ သုံးမယ်ဆိုတဲ့ အဓိဋ္ဌာန်ကို ထပ်ဆင့် မြှင့်တင်ခဲ့ပါတယ်။ အဲဒီမှာ ဆွမ်းအုပ်မပြည့်တာကြောင့် (၇) ရက်တာကာလပတ်လုံး ရေဖြင့်ပြီးခဲ့ရသည်များ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ထုံးဓာတ်များတဲ့ရေကြောင့်ပဲ အစာအိပ်ပေါက်တယ်လို့ဆိုပါတယ်။ အဲဒီအကြောင်းကိုတော့ မြကျောက်ဆရာတော်ကြီးနဲ့ မဟာမြိုင်တောကြီးအတွင်း ဒုတိယ အကြိမ်တွေ့ဆုံရာမှာ နိုင်ငံခြားသာသနာပြုဖို့ လျှောက်ထားတဲ့ ဒကာမတစ်ဦးကို ကျန်းမာရေးအကြောင်း မိန့်ကြားရင်း ပြောပြခဲ့တာဖြစ်ပါတယ်။
'စစ်ကိုင်းတောင်အကြောင်း သိကြပါလိမ့်မယ်၊ ထုံးကျောက်တောင်ကြီးပါ။ ထုံးရေသောက်တော့ သမီးရေ .. မခံနိုင်တော့ဘူးကွဲ့။ နောက်ဆုံး အစာအိပ်တွေအကုန်လုံး ခြစ်ခြစ်တောက်ပူပြီး ဝမ်းယားမှောက်နေရတယ်။ ဝမ်းသွားရင် သွေးပါပြီ သမီးရဲ့။'
ဆရာတော်ကြီးဟာ အဲဒီရောဂါကြောင့်ပဲ ဟောရပြောရတာများရင် နားတွေ တဝီဝီဖြစ်ပြီး အစာအိပ်က ဖောက်ပြန်နေတာတွေကလည်း မျက်လုံးမှာ အကွက်လိုက် အကွက်လိုက် လာပေါ်နေတတ်တယ်လို့ ဆိုပါတယ်။ ဓာတ်မှန်ရိုက် စစ်ဆေးကြည့်တဲ့အခါမှာလည်း အစာအိပ်အားလုံးဟာ ထုံးလောင်ထားတဲ့ ဒဏ်ကြောင့် ရစရာမရှိအောင် ပေါက်ပြဲနေတယ်လို့လည်း မိန့်ကြားတော်မူပါတယ်။ ဒါ့အပြင် ဆရာတော်ကြီးဟာ ၄ ရက်လောက် ဆက်တိုက်တရားဟောရင်ကိုပဲ အစာအိပ်ကပူလာပြီး ညဘက်ဆို မျက်စိများ ကျိန်းလာတတ်တယ်လို့လည်း သိရပါတယ်။ နာခေါင်းမွှန်လာရင် ဘာမှလုပ်လို့ မရဘူးလို့လည်း ဆိုပါတယ်။
'ပြောရင်တော့ တို့မှာ ယဲ့ယဲ့ရှိတယ်သမီး။ စိတ်ဆောင်ထားတာ သမီးရ။ ခန္ဓာကိုယ်ကတော့ သိပ်မကောင်းဘူးကွဲ့။'လို့ ဆရာတော်ကြီးဟာ သူ့ရဲ့ကျန်းမာရေး အခြေအနေကို မိန့်ကြားတော်မူပါတယ်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ အကျင့်စခန်းကိုကြည့်မယ်ဆိုရင် ၂၄ နာရီပတ်လုံး အားထုတ်တော်မူခဲ့သည်များလည်းရှိခဲ့ပါတယ်။
(မဟာမြိုင်တောကြီးအတွင်း သီတင်းသုံးစဉ် ၁၃၆၆ ခုနှစ်၊ တော်သလင်း လပြည့်နေ့ကာလများ) အရှေ့ပရက္ကမချောင်မှာ သီတင်းသုံးစဉ်ကလည်း ၇ ရက်လုံးလုံး ဆွမ်းငတ်ခဲ့ပါလျက် အဓိဋ္ဌာန်ကိုမဖျက်ဘဲ ရောဂါကိုအန်တုရင်း တရားဓမ္မကို အကျင့်မြတ်ဖြင့်ဖွေရှာခဲ့သည်များကို ကြည်ညိုဖွယ် သိရှိရတယ်။ ဒါတွေဟာ ဆရာတော်ကြီးရဲ့မြတ်သောအကျင့်များကို ကြည်ညိုနိုင်စေရန် အတွက် မြင်သာရုံထုတ်နှုတ်ပြတဲ့ အကျင့်များမျှဖြစ်ပြီး မဟာဗောဓိမြိုင်ဆရာ တော်ကြီးရဲ့ အကျင့်စခန်းနဲ့ အဓိဋ္ဌာန်ပါရမီဖြည့်ကျင့်ပုံများကို လေးစားအားကျလျက် ဤစာစုဖြင့် ဆရာတော်ကြီးရဲ့ ခြေတော်စုံကို ဦးခိုက်ပူဇော်လိုက်ရပါတယ်။
ငြိမ်းချမ်းသာ
စာပြီးရက်စွဲ/- ၉-၁၁-၂ဝ၁၉
ရည်ညွှန်းကိုးကား/-
၁။ ဘဝကန္တရသင်္ကေတကထာ (၂ဝ၁၂)

No comments:
Post a Comment