မဟာဗောဓိမြိုင်ဆရာတော်ကြီး
ဆယ့်တစ်မီးငြိမ်းရန် ရည်သန်အဓိဋ္ဌာန်၍ ပြုပြင်တည်ထားခဲ့သော
ရွှေကျောင်းကုန်းတောင်က လောကမုနိဘုရား
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ တောထွက်ခရီးအစပထမဟာ ရွှေကျောင်းကုန်းတောင်တော်ဖြစ်ပြီး အဲဒီ အဦးဆုံးသော တောထွက်နေ့ရက်များဟာ ခက်ခဲကြမ်းတမ်းလွန်းခဲ့ကြောင်းလည်း ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီစာစုမှာတော့ မဟာဗောဓိမြိုင်ဆရာတော်ကြီး ဆယ့်တစ်မီးငြိမ်းရန် ရည်သန်အဓိဋ္ဌာန်၍ ပြုပြင်တည်ထားခဲ့သော ရွှေကျောင်းကုန်းတောင်က လောကမုနိဘုရားအကြောင်းကို တင်ပြချင်ပါတယ်။
ရွှေကျောင်းကုန်းတောင်နဲ့ပတ်သက်ပြီး ဆရာတော်ကြီးက ...၊
'ထိုတောင်ကား ရွှေကျောင်းကုန်းတောင်ခေါ်တွင်၏။ ထိုတောင်၌ ပျူခေတ်က ပျူမင်းတို့ ကိုးကွယ်သော ရွှေကျောင်းကုန်းတောင်ဆရာတော် ဦးဝိမလ တက်ရောက်၍ တရားကျင့်ရာဌာနဖြစ်သဖြင့် ရွှေကျောင်းကုန်းတောင် အမည်တွင်သည်ဟု ဆိုရ၏။
ထိုပျူခေတ်၏ ဆရာတော်ဦးဝိမလလက်ထက် သာသနာတော်၏ အထိမ်းအမှတ်အဖြစ် ခြောက်တောင်မျှသော စေတီတစ်ဆူကို တောင်ထိပ်ဝယ်တည်ထားခဲ့၏။
တစ်ဖန် ပျူခေတ်အကျ၊ ရှမ်းအထတွင် ရက္ကန်းစင်တောင်ဆရာတော်သည် ရှမ်းမင်းသမီး မိဖုရားစောဥမ္မာ၏ အထောက်အပံ့တို့ဖြင့် တက်ရောက်၍ တရားအားထုတ်ခဲ့ဖူးသည်ဆို၏။ ၄င်းခေတ်တွင်ကား ရှစ်တောင်မျှအထိ စေတီတော်မြင့် လာ၏။
တစ်ဖန် ပုဂံခေတ်အားကောင်းလာသောအခါတွင်မူကား ရှင်မထီးဆရာတော်သည် သေလဉ်ကြောင်မင်း၏ အထောက်အပံ့ဖြင့်တက်ရောက်၍ ဖိုထိုးခဲ့ဖူးသည်ဆို၏။ ယခုတိုင် ဥစ္စာစောင့်တောင်ဟူ၍လည်းကောင်း၊ တောင်ပြောင်ကြီးဟူ၍လည်းကောင်း အမည်တွင်သော နေရာတွင် ပုဂံမင်းဆက်လည်းဖြစ်၊ ၎င်း၏ ဒကာရင်း၊ ဒကာမရင်းလည်းဖြစ်ခဲ့ဖူးသူများဆိုပါက အင်္ဂတေများကို လက်ဖြင့်လုံးဆုပ်ထားသောအရာတွေ့က ကောက်ယူခွဲကြည့် ရွှေတစ်ကျပ်သား ရသေးသည်ဟုဆို၏။ ထိုဆရာတော်၏ ပုဂံခေတ်စေတီတောသည် ကိုးတောင်မျှ မြင့်လျက်ရှိချေပြီ။ သေလဉ်ကြောင်ဘုရင်၏ ဝန်ကြီးတစ်ဦးဦးစီး၍ တည်ထားကိုး ကွယ်ခဲ့သည်ဆို၏' (ဥလ္လမ္ပတုဘိက္ခုဘာဝကထာ၊ စာ-၆၆၊၆၇)လို့ ရေးသားတော်မူခဲ့ပါတယ်။
အဲဒီရွှေကျောင်းကုန်းတောင်မှာ ဆရာတော်ကြီး သီတင်းသုံးပြီ မကြာခင်မှာပဲ ဖိုးသူကြီး ဦးအောင်မြင့်က ရွှေကျောင်းကုန်းတောင်ထိပ် ယခင်စေတီဟောင်း နေရာမှာ ၆ တောင်ခန့်ရှိတဲ့ စေတီငယ်တစ်ဆူတည်ထားလိုကြောင်း ပူဆာလျှောက်ထားပါတော့တယ်။
'ဤတောင်၌ သူ၏မယား ဥစ္စာစောင့်အဖြစ်ရှိနေကြာင်း အတပ်သိသည် ဆို၏။ တောင်ပေါ်မှ ဥယျာဉ်သို့ ဆင်းလာတိုင်း အမွှေးနံ့များ အထင်အရှား မွှေးသည်၊ တစ်ခါမက အခါခါကြံရသည်ဆို၏။ သို့ကြောင့် မယားအလွမ်းပြေ လွမ်းစေတီတည်လိုခြင်းပင်'(သံဝေဂလမ်း၊ စာ-၉၂)လို့ ဆရာတော်ကြီးက ရေးသားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဆရာတော်ကြီး 'ငါတို့ကား ရဟန်းဖြစ်သဖြင့် ဘုရားတည်ရန်ကိစ္စ၊ ငွေကြေးကိစ္စ ငါတို့နှင့်မဆိုင်ပြီ။ တည်မှုကိစ္စ၊ တည်ပုံအခြင်း အရာမျှကိုသာ တတ်နိုင်ပါ၏' ဆိုတဲ့မိန့်ကြားချက်နဲ့ပဲ စေတီတည်ဖို့ကိစ္စဖြစ်လာတယ်လို့ ဆိုပါတယ်။
အဲဒီမှာပဲ အဲဒီတောင်၊ အဲဒီစေတီရဲ့ ရာဇဝင်တွေဟာ အိပ်မက်ပေးလို့ တသီ တသန်းကြီးပေါ်လာတယ်လို့ဆိုပါတယ်။
ဇာတ်ပေါင်းလိုက်တော့ ...
ပျူခေတ်က ပျူမင်းတို့ ကိုးကွယ်သော ရွှေကျောင်းကုန်းတောင်ဆရာတော် ဦးဝိမလဟာ ယခုဘဝမှာ မဟာဗောဓိမြိုင်ဆရာတော်ကြီး ဒုတိယအကြိမ်ရဟန်း ခံစဉ် ဥပဇ္ဈာဉ်ဆရာတော်အဖြစ် တာဝန်ခံခဲ့တဲ့ ရန်ကုန်၊ သာသနာ့ဗိမာန်က ဆရာတော်ဦးဝိမလ(ဘသန့်ရှင်း)လို့ဆိုပါတယ်။ အဲဒီခေတ်အဲဒီအခါကလည်းပဲ သူတို့နှစ်ဦးဟာ ဆရာတပည့်တော်ခဲ့ကြတယ်လို့ သိရပါတယ်။
နောက် သေလဉ်ကြောင်မင်းလက်ထက်၊ ရှင်မထီးဆရာတော်ကြီးနဲ့တွဲဖက် တာဝန်ယူကြီးကြပ်ပြီး ကိုးတောင်မျှအထိတည်ခဲ့တဲ့သူက ဖိုးသူကြီးဦးအောင်မြင့် ဆိုပါတယ်။ ယခုအသစ်ပြန်ဆောက်ရာမှာလည်း ထိုဖိုးသူကြီးပါမှ အထမြောက်မယ်လို့ ဆိုပါတယ်။
တည်ထားမယ့် စေတီတော်ရဲ့ ပုံစံ၊ ဉာဏ်တော်တို့ကို ရက္ကန်းစင်တောင် ဆရာတော်က အိပ်မက်နဲ့ညွှန်ကြားတဲ့အတိုင်း တည်ဆောက်ရပြီး ဘွဲ့တော်ကို လည်းပဲ အိပ်မက်အရ 'လောကမုနိ'လို့ပဲ ဆက်ကပ်တော်မူခဲ့ပါတယ်။
(မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ အိပ်မက်တွေအပေါ် သဘောထားနဲ့ အိပ်မက်အကောက်အယူများကို ရှေ့က စာစုတွေမှာ သီးသန့်ရေးသားထားပြီး ဖြစ်ပါတယ်။)
ဆရာတော်ကြီးဟာ လောကမုနိဘုရားကို ဘုရားရှင်ရဲ့ ပါရမီတော်သုံးဆယ်ကို ကျေးဇူးဆပ်သောအားဖြင့် ရက်ပေါင်း ၃ဝ ဖြင့်ပင် အပြီးအစီးတည်မယ်လို့ အဓိဋ္ဌာန်ခဲ့ပြီး အဲဒီအတိုင်းပဲ တစ်လနဲ့ ပြီးစီးခဲ့ပါတယ်။
ဆရာတော်ကြီးဟာ လောကမုနိဘုရားတည်ထားစဉ်မှာ ၁၁ ဂဏန်းကို အတော်လေး အလေးပေးအားပြု သုံးခဲ့တာကိုလည်း တွေ့ရပါတယ်။ စေတီတော်ရဲ့ ဉာဏ်တော်ဟာ ၁၁ တောင်၊ ၁၁ လက်မ ရှိခဲ့ပါတယ်။
'ထိုဘုရားတည်စမှစ၍ ယနေ့တိုင် ဆွမ်းစားရာ၌ ဆယ့်တစ်လုပ်မျှသာ သုံး၏။ ငါသည်လည်း ဆယ့်တစ်မီးငြိမ်းစေသတည်း။ ငါ့ ဝေနေယျအားလုံး လည်း ဆယ့်တစ်မီးငြိမ်းစေသတည်း။ ဤစေတီ ဤတောင်တော်နှင့် ပတ်သက် စပ်ဆက်သမျှတို့လည်း ဆယ့်တစ်မီးငြိမ်းစေသတည်း။'(ဥလ္လမ္ပတုဘိက္ခုဘာဝ ကထာ၊ စာ-၇ဝ)
'ထိုစေတီ၏ အုတ်မြစ်ချမင်္ဂလာ၊ ဌာပနာပိတ်ပွဲတို့ကား ၁၃၄၁ ခုနှစ် တ ပို့တွဲလဆန်း ၁၁ ရက်နေ့၏ ၁၁ နာရီ၊ ၁၁ မိနစ်အချိန်တွင် သံဃာက ၁၁ ပါး၊ မင်းအာဏာတည်စေသော ပါတီကောင်စီတို့မှ ၁၁ ယောက်၊ ဂေါစရဂါမ်ရှိ ဂေါပကအဖွဲ့ဝင် ၁၁ ဦး၊ စုစုပေါင်း ၃၃ ဦးတို့ဖြင့် ကျင်းပ၏။' (ဘဝကန္တရ သင်္ကေတကထာ၊ စာ-၂၇၉)
အုတ်မြစ်ချပွဲပြီးလို့ ဌာပနာတိုက်ပိတ်တဲ့အခါမှာ ပိတ်တဲ့ ကျောက်ဖျာကြီး ပြိုကျကွဲထွက်သွားလို့ တပို့တွဲလပြည့်နေ့မှသာ ပထမလုပ်ခဲ့စဉ်က ဦးရေအတိုင်း၊ အချိန်အတိုင်း ကျင်းပခဲ့ရာ အောင်မြင်ခဲ့ပါတယ်။ နေမွန်းတည့်ဆဲပိတ်ရင် ပြိုမယ့်အကြောင်းကိုလည်း တပို့တွဲလဆန်း ၁ဝ ရက်နေ့ညမှာ အိပ်မက်ပေးခဲ့ပြီး ဖြစ်တယ်လို့ ဆရာတော်ကြီး ဘဝကန္တရသင်္ကေတကထာစာအုပ်ကြီးမှာ ရေးသားတော်မူခဲ့ပါတယ်။
ရွှေကျောင်းကုန်းတောင်တော်ပေါ်ရှိ လောကမုနိဘုရားကို တပေါင်းလပြည့်နေ့မှာ ထီးတော်တင်လှူခဲ့ပါတယ်။ ဆရာတော်ကြီးက 'အေး-ညိမ်း-လာ-အောင် ကျောင်းကုန်း တောင် ဘုန်းခေါင်တည်သည့်နှစ်'ရယ်လို့ နံတိုကောက် ခုနှစ်မှတ်တမ်းကို ရေးသားတော်မူခဲ့ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီး မဟာမြိုင်တောကြီးအတွင်း သီတင်းသုံးစဉ်က (မဟာမြိုင်တောကြီးထဲကို ၁၃၆၅ တန်ခူးလဆန်းမှာ ရောက်ရှိ သီတင်းသုံးတော်မူခဲ့)သဲဖြူဆရာတော်မှ လာရောက်ပြီး သြဝါဒ ခံယူခဲ့ဖူးပါတယ်။ အဲဒီအချိန်မှာ ဆရာတော်ကြီးက သဲဖြူဆရာတော်ကို သာသနာ့ကိစ္စများကို ပြုလုပ်ရာမှာ နေထွက်ဆဲ၊ နေမွန်းတည့်ဆဲ၊ နေဝင်ဆဲ(ဆဲသုံးဆဲ)အချိန်များကို ဖြစ်နိုင်လျှင် ရှောင်ရှားပြုလုပ်ရန် လာရောက်လျှောက်ထားခဲ့ဖူးကြောင်း၊ ယင်းအချိန်များက အစောင့်အရှောက်များ တာဝန်အချိန်းအပြောင်းလုပ်သည့် အချိန်များဖြစ်ကြောင်းကိုလည်း ဗဟုသုတအလို့ငှာ မိန့်ကြားတော်မူပါတယ်။
ကိုယ်တွေ့အဖြစ်အပျက်အနေနဲ့ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄ နှစ်နီးပါးက ရွှေကျောင်းကုန်းတောင် လောကမုနိဘုရား ဌာပနပိတ်ပွဲနဲ့ သက်သေထူပါတယ်။
'၁၂ နာရီဌာပနာလည်း ပိတ်မယ်လုပ်ရော ကျောက်ဖြာကြီးအကုန်လုံး ကွဲထွက်သွားတာ။ ကိုယ်ကတော့ စိတ်ကူးရှိရာလုပ်တာကိုးဘုရား။ ကိုယ်က သူတို့ လောက်မှ အားမရှိဘဲကိုး။ ထူးဆန်းတာ အရှင်ဘုရားရဲ့၊ ကျောက်ဖြာကြီး ဒီ လောက်ကွဲထွက်သွားတာ အထဲမှာရှိတဲ့ ဖန်ဘုရားတို့ဘာတို့ ဘာတစ်ခုမှ ဘာမှ မဖြစ်ဘူး။ ကွဲစရာပေါ့အရှင်ဘုရားရဲ့၊ ဒီကျောက်ဖျာကြီး ကွဲကျတာကိုး။ ဘာမှမဖြစ်ဘူး အရှင်ဘုရား' လို့ မဟာဗောဓိမြိုင်ဆရာတော်ကြီးက မိန့်ကြား တော်မူခဲ့ပါတယ်။
အော် .. ပါရမီရှင်တို့ရဲ့ ခရီးလမ်းဟာ ထူးပြီးရင်ထူး၊ ဆန်းပြီးရင်းဆန်း နေတော့တာပါတကား လို့ တအံ့တသြနဲ့ ရေရွတ်မိရင်းကပဲ ဆရာတော်ကြီးရဲ့ ပါရမီတော်ထူးကို ဦးခိုက်ပူဇော် ကြည်ညိုမဝဖြစ်ရကြောင်းပါဗျာ။
စာပြီးရက်စွဲ/- ၁၈-၁၁-၂ဝ၁၉
၁။ ဥလ္လမ္ပတုဘိက္ခုဘာဝကထာ (၂ဝ၁၅)၊ စတုတ္ထအကြိမ်
၂။ ဘဝကန္တရသင်္ကေတကထာ(၂ဝ၁၂)
၃။ သံဝေဂ ပဋိသံယုတ္တကထာ (၂ဝဝ၄)

No comments:
Post a Comment