မဟာဗောဓိမြိုင်ဆရာတော်ကြီး
လောကဓံမှန်သမျှ မေတ္တာဖြင့်သာ ခုခံကျော်လွှားမည်
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး မဟာမြိုင်တောကြီးမှာ သီတင်းသုံးစဉ်အခါက သဲဖြူဆရာတော် ဆရာတော်ကြီးထံတော်ပါး သွားရောက် ပြီး သြဝါဒခံယူခဲ့တဲ့ ဗီဒီယိုဖိုင် ကလေးကို ဖူးမြော်ကြည်ညိုခဲ့ရဖူးပါတယ်။ အဲဒီရုပ်သံဖိုင်မှာ မဟာဗောဓိမြိုင် ဆရာတော်ကြီးက သာသနာပြုရာမှာ ခန္တီနဲ့ မေတ္တာအရေးကြီးကြောင်းကို မိန့်မှာတော်မူတာကို နာကြားခဲ့ရပါတယ်။
ဆရာတော်ကြီးက - ''သစ္စာကတော့ လိုအပ်မှဆိုတာ ကောင်းပါတယ်ဘုရား၊
တပည့်တော်တို့ကတော့ ဆိုခဲ့ဘူး။ ဆိုလေ့ဆိုထမရှိဘူး။ သစ္စာက အနိုင်ကျင့်တာကိုးဘုရား။ ကိုယ်လုပ်ချင်တာကို ရှေ့က အဆီးအတားရှိနေရင် သစ္စာနဲ့ ဖြတ်သန်းရတာကိုး။ ဖြတ်ကျော်ရတာကိုး။ ဘုရားတပည့်တော်က လုပ်လေ့လုပ်ထ မရှိဘူး။ တပည့်တော်က ငုံ့ခံတဲ့အမျိုး။ လာချင်တာလာ ငုံ့ခံတာ။
ခန္တီနဲ့ မေတ္တာအရေးကြီးဆုံးပါဘုရား။ ခန္တီမေတ္တာ တာဝန်ယူတာ သီလပါ ဘုရား။ သီလအားကောင်းလေ ခန္တီမေတ္တာတက်လေပဲ အရှင်ဘုရားရဲ့။ သူ့တာ ဝန်က သီလနော်။ သီလဆိုရင် သမာဓိ၊ပညာ ပါပြီးသားပါ'' လို့ မိန့်မှာတော်မူပါတယ်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ 'သူ့ကိုယ်သူ ဘာလုပ် လုပ် တဇွတ်ထိုးစိတ်ဖြင့် အစွန်းထွက်အောင် လုပ်ဆောင်မည့်သူ၊ ဘယ်သူဘာ ပြောပြော ငါသဘောမကျ တစ်ပြားသားမျှ မလိုက်လျောတတ်မည့်သူ'လို့ ဖွင့်ဆိုတော်မူကြောင်း ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလိုတစ်ဇွတ်ထိုးစိတ် ရှိသူတစ်ဦးရဲ့ ပုတီးသမားခရီးအစမှာ အတိုက်အခိုက်အဟန့်အတားကို သစ္စာနဲ့ ဖြတ်ကျော်ခဲ့ဖူးရာက တစ်စုံတစ်ခုသောအကြောင်းကြောင့် မေတ္တာနဲ့ ခန္တီကို ကူးပြောင်းခဲ့တာဖြစ်တယ်လို့ ဆရာတော်ကြီးကိုယ်တိုင်ရေးသားတဲ့ ဘဝကန္တရ သင်္ကေတကထာမှာ ရေးသားဖော်ပြထားပါတယ်။
၁၃၃၈ ခုနှစ် ဝါခေါင်လ၏ဥပုသ်တစ်နေ့မှာ ရန်ကုန်မြို့၊မိုးကောင်းစေတီ၂ တွင် အဓိဋ္ဌာန်ဝင်ခဲ့စဉ်က ဖြစ်ပါတယ်။ မိုးကောင်းစေတီ စနေထောင့်မှာ အရဟံ သိဒ္ဓိဂုဏ်တော် ၂၇ ပတ် စိတ်ဖို့ အဓိဋ္ဌာန်တင်ပါတယ်။ အဲဒီမှာ ပုတီးစိတ်လို့ မရအောင် အနှောင့်အယှက်များက ဟန့်တားကြုံရပုံကို အခုလိုရေးထားပါတယ်။
'အနောက်ဘက်မျက်နှာမှ စေတီတော်နှင့်ကပ်လျက်တည်ရှိသော အာရုံခံတန်ဆောင်တွင်း၏ စေတီတော်စနေထောင့်နှင့် နီးရာဘက်မှ ဝင်ရောက်က အဓိဋ္ဌာန်ပုတီးစိပ်၏။ မရလေ။ တစ်ပတ်မပြည့်မီ စိတ်လွတ်လျက်ကသာ ရှိ၏။ ပိုကြိုးစား၏။ ပိုမရ။ တိုးကြိုးစားပြန်၏။ ပိုဆိုး။ ကြာသော် ဒေါသဖြစ်လာ၏။ ဒါ အနှောက်ဖြစ်ရမည်။ တစ်ဖက် စွဲချက်တင်မိ၏။
ငါသည် ယခုအဓိဋ္ဌာန် ဖျက်သိမ်းလိုက်ပြီ။ ငါသည် သည့်ထက်အားကောင်း အောင် ကြိုးစားမည်။ ငါ အားကောင်းလာသော ထိုတစ်နေ့ သည်နေရာ သည်ဂုဏ်တော် သည်ပုတီးပတ်ရေအတိုင်း ဆက်ဆက်လာရောက် အားထုတ် မည်။ ယခုသွားပြီ'
ဤသို့စိတ်ဖြင့် ကြုံးဝါးပြီး အိမ်ပြန်လာခဲ့၏။ မကျေမချမ်းစိတ်က လမ်း တစ်လျှောက်မှ အိမ်အထိ လွှမ်းမိုးလာ၏။'
(ဘဝကန္တရသင်္ကေတအထာ၊ စာ-၁၅ဝ)
ဆရာတော်ကြီးဟာ အဲဒီညမှာပဲ ထူးဆန်းတဲ့ အိပ်မက်ကို မြင်မက်ခဲ့ကြောင်း ရေးသားခဲ့ပါတယ်။ အိပ်မက်ကတော့ 'မိုးကောင်းဘုရားဝန်းမှာ ဒေါ်စံပမယ်ဆိုတဲ့ ယောဂီဝတ်စုံပြည့်နဲ့ မိန်းမကြီးတစ်ဦးက 'မီးလောင်နေပြီ ထီးယူခဲ့ကြပါ'လို့ ဆိုကြောင်း၊ ဘုရားတစ်ဝန်းလုံးလည်း မီးလောင်နေတာကို အထင်သားတွေ့ရ ကြောင်း၊ ဇနီးဖြစ်သူက မိန်းမဆောင်းထီးပို့ ဖို့ပြောရာမှာ မပို့နဲ့လို့ ဦးငြိမ်း (ဆရာတော်ကြီး)က နေ့လည်က မကျေနပ်စိတ်နဲ့ဆိုကြောင်း၊ အဲဒီအချိန်မှာပဲ 'မီးလောင်နေတုန်း ဝေဒနာပရိတ်မရွတ်ဖတ်ရဘူး။ စနေထီးရိုး မီးညွန့်ကျိုးအောင် သဲမိုးကြီးရွာချတော်မူပါဘုရားလို့ ဆိုရတယ်' လို့ အကြံပေးသံ ကြားခဲ့ရကြောင်း၊ နောက်တော့ ရွှေတိဂုံ နောင်တော်ကြီးက ယောကျ်ားဆောင်း ဖဲထီးကလေးတစ်လက်ပွင့်လျက်က မိုးကောင်းစေတီသို့ ကောင်းကင်မှ ပျံတက်လာပြီး မီးခဏချင်း ငြိမ်းအေးခဲ့တယ်' ဆိုပြီးဖြစ်ပါတယ်။
'အိပ်မက်ကား ယမန်နေ့ကိစ္စက မိုးကောင်းဘုရားတွင်းမှာ ဖြစ်ပေါ်ခဲ့သော ကိစ္စကို သတိပေးခြင်းဖြစ်၏။ ငါမှားတာလည်းပါ၏။ သူတို့ခံရတာလည်းပါ၏။ စိတ်မကောင်းမိ။ နောက်ရက် ဆက်၍သွားရောက်ဖြေသိမ့်ရန် ဆုံးဖြတ်လိုက်၏။ နောင်အခါ ဤကဲ့သို့ စိတ်လိုက်မာန်ပါ မဆင်မခြင် မပြုကျင့်မိစေ ရန်လည်း သတိပြုမိ၏။ မည်သည့်ကိစ္စမဟူ တိုးဝင်လာသော လောကဓံမှန်သမျှ မေတ္တာဖြင့်သာ ခုခံလျက်က ကျော်လွှားမည်ဟူ၍ စိတ်မှလည်း ကြံ၏။ နှုတ်အားဖြင့်လည်း အဓိဋ္ဌာန်၏။
နောက်ရက်တွင်ကား ထိုနောင်တော်ကြီးမှတစ်ဆင့်သာ မိုးကောင်းသို့ သွားခဲ့၏။ မီးဆို ဖယောင်းတိုင်ပင် မပါတော့။ သပြေပန်းစီး လက်ကကိုင်လျက်က စေတီတော်ကြီး၏ စနေထောင့်ကနေ အဓိဋ္ဌာန်ဝင်၏။ ပုတီးအပတ် ၂၇၊ အရဟံ ဂုဏ်တော်ဖြင့်။
လားလား ... ငါ့ရှေ့၌ မှောက်လျက်သား လုံးကြီးပေါက်လှကလေးမ၊ သူ့ကျောပြင်မှာ အရှိုးအဖုဒဏ်ရာတွေနှင့်။ တစ်ကိုယ်လုံးစပ် ထပ်နေပါရောလား။ ငါတို့ စိတ်မကောင်းတော့ပြီ။ မဆင်မခြင် ငါပုတ်ခတ်ဒဏ်သည် တစ်ဖက်၌ မရှုမလှ ခံနေရရှာချေပြီ။
သစ္စာလက်နက်သည် နေကဲ့သို့ ပူပြင်း၍ ဓားတစ်စင်းကဲ့သို့ ရှတတ်သော သဘောကို ငါတို့ နားလည်၍လာ၏။ သို့ကြောင့် သာသနာ့ကိစ္စ အခက်ကြုံလျက်က အကျဉ်းအကျပ်တွေ့သော်မှလည်း မေတ္တာဖြင့်သာ ကျော်လွှားတော့၏။ ငါ့အခက်အခဲကြောင့် တစ်ဖက်စိတ်မဆင်းရဲပါစေနှင့်။ ငါ၏ မပြေသေးသောကြွေး မေတ္တာဖြင့်သာ ပေးဆပ်ချေတော့၏။ စင်စစ် တစ်ကိုယ်ကောင်းဆန်ဆန် ကိုယ့်ကိစ္စနှင့် ကိုယ်ကောင်းဖို့ရာသာ ကြံခြင်းသည် သူတော်ကောင်းတို့၏ သဘောထားမှန် မဟုတ်ပြီ'
(ဘဝကန္တရသင်္ကေတကထာ၊ စာ-၁၅၁)
ဒါကတော့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး သစ္စာကို လက်ကိုင်ထားရာမှ မေတ္တာနဲ့ ခန္တီကိုသာ လက်ကိုင်ထားကျင့်သုံးတဲ့ဘဝကို ကူးပြောင်းခဲ့တဲ့ အဖြစ်အပျက်ပဲဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ မဟာမြိုင်တောကြီးထဲကို ၁၃၆၅ တန်ခူးလဆန်းမှာ ရောက်ရှိခဲ့ပါတယ်။ အဲဒီနှစ်များ သဲဖြူဆရာတော်က သွားရောက်ဖူးမြော်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီမှာ မဟာဗောဓိမြိုင် ဆရာတော်ကြီးပေးတဲ့သြဝါဒက 'သစ္စာကိုလိုအပ်မှသုံးဖို့၊ မေတ္တာနဲ့ ခန္တီကို နာနာသုံးဖို့'ဖြစ်ပါ တယ်။ အဲဒီအချိန်ဟာ မိုးကောင်းဘုရားမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်နဲ့ နှစ်ပေါင်း ၃ဝ နီးပါးကြာခဲ့ချိန်လည်းဖြစ်ပါတယ်။ သြော် နှစ်ပေါင်း ၃ဝ နီးပါကြာချိန်တောင် အဓိဋ္ဌာန်က တည်မြဲတည်လျက်။ ကြည်ညိုဖွယ်ကောင်းလှပေရဲ့။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ မပြေသေးသောကြွေးမှန်သမျှ မေတ္တာဖြင့်သာ ပေးဆပ်မည်ဆိုတဲ့ စိတ်ထားနှင့် မိမိရည်စူးထားတဲ့ အဓိဋ္ဌာန်ပါရမီကို အလေးအမြတ်ထား စောင့်ထိန်းကျင့်ကြံတော်မူခဲ့ပုံများဟာ ကြားသိမြင်တွေ့ရသူတို့အဖို့ အံ့သြမကုန်၊ ကြည်ညိုမဝ ဖြစ်ရပ်များဆိုလျှင် မှားမည်မထင်ဟု ဆိုချင်ကြောင်းပါဗျာ။
ငြိမ်းချမ်းသာ
၈-၁၁-၂ဝ၁၉
ရည်ညွှန်းကိုးကား/-
၁။ ဘဝကန္တရသင်္ကေတကထာ (၂ဝ၁၂)

No comments:
Post a Comment