Thursday, October 17, 2019

ကြိုက်ရာလမ်းအတိုင်း ကြိုက်သလိုသွား

ကြိုက်ရာလမ်းအတိုင်း ကြိုက်သလိုသွား


လူသည် ဗြဟ္မာမှ ဆင်းသက်သည်ဟူ၍လည်းဆိုကြ၏၊ မျောက် မှဆင်းသက်သည်ဟူ၍လည်း ဆိုကြ၏၊ ထိုအဆိုများအရ ဗြဟ္မာမှ ဆင်း သက်လျှင် မြင့်မြတ်သော စိတ်ရှိသူဖြစ်၏၊ မျောက်မှဆင်းသက်လျှင် ယုတ်ညံ့ သောစိတ်ရှိသူဖြစ်၏။ သို့ရာတွင် လူ၌ မြင့်မြတ်သော နတ်ဗြဟ္မာသဘော ကိုလည်း တွေ့ရ၏။ ယုတ်ညံ့သော တိရစ္ဆာန်သဘောကိုလည်း တွေ့ရ၏။ ထို့ကြောင့် လူသည် ဗြဟ္မာတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းဟူ၍ ဆိုသော် ဆိုနိုင်ပါ သည်။ ဤသည်မှာ အရပ်သုံးဝေါဟာရဖြင့်ဆိုခြင်းဖြစ်ပါသည်။
 ဗုဒ္ဓအဘိဓမ္မာဝေါဟာရဖြင့် ဆိုရလျှင် လူသည် ကုသိုလ်နှင့် အကုသိုလ် တို့၏ စုပေါင်းရာဌာန ဖြစ်ပါသည်။ ကုသိုလ်စိတ်နှင့် အကုသိုလ်စိတ်တို့သည် လူတို့၏ သန္တာန်၌ သင့်သလိုဖြစ်ပေါ်နေကြပါသည်။ နှလုံးသွင်းကောင်းလျှင် ကုသိုလ်စိတ်ဖြစ်၍ မကောင်းလျှင် အကုသိုလ်စိတ်များ ဖြစ်ကြပါသည်။ ကုသိုလ်စိတ်ကို 'အဆန်တရား' ဟူ၍ခေါ်ပြီး အကုသိုလ်စိတ်ကို 'အစုန် တရား'ဟူ၍ ခေါ်ကြပါသည်။ အဆန်တရားသည် ခက်ခဲသော သဘောရှိ ပါသည်။ နိမ့်ရာမှ မြင့်ရာသို့ တက်သောသဘောရှိပါသည်။ အစုန်တရားသည် လွယ်ကူသော သဘောရှိပါသည်။ မြင့်ရာမှ နိမ့်ရာသို့သက်သောသဘောရှိ ပါသည်။ ထို့ကြောင့် လူသည် နိမ့်ရာ အောက်အဝီစိသို့လည်း ဆင်းနိုင်ပါ သည်။ မြင့်ရာ အထက်ဘဝဂ်သို့လည်း တက်နိုင်ပါသည်။
အနိမ့်နှင့်အမြင့်တို့မှ လွတ်ရာ နိဗ္ဗာန်သို့လည်း သွားနိုင်ပါသည်။ ကြိုက်ရာ လမ်းအတိုင်း ကြိုက်သလို သွားနိုင်ပါသည်။
#ဆရာကြီးဦးရွှေအောင်
၁၉၉၈-ဖေဖော်ဝါရီထုတ် အတ္တဝါဒမှ အနတ္တဝါဒသို့ ခရီးစဉ်-မှ

No comments:

Post a Comment