ငါကဲ့သို့သူ ဘာမျှမပူ
အခါတစ်ပါးသော် ဆွမ်းခံပြန်အလာတွင် ဘုန်းရှင်ကံရှင်ဖြစ်သော မိတ်ဆွေတစ်ပါးက သပိတ်ကိုဖွင့်ကြည့်ကာ စားဖြစ်လောက်အောင်မရသော ဆွမ်းဟင်းကို မြင်၍ “မင်းလိုသာဆင်းရဲလျင် ငါတော့ စာမသင်ဘူး”ဟု အားပေးရှာသေး၏။ ရသမျှ ဘုံလောင်းဆွမ်းဟင်း ၄/၅-ခွက်သည် နံနက်စာမျှ မလောက်ပါ။
(ဆွမ်းဟင်းတစ်ခွက်သည် ထမင်းစားဇွန်း တစ်ဇွန်းသာသာလောက်မျှသာ ရှိသည်)
ညနေကျလျင် ဆာမည်စိုး၍ ဆွမ်းသန့်သန့်ကို နေ့စာချန်ကာ တစ်ရံတစ်ခါ သူများပေးသော ဟင်းကလေးနှင့် စားရ၏။ တစ်ရံတစ်ခါ ထန်းလျက်နှင့် စားရ၏။ တစ်ရံတစ်ခါသော် ရေနှင့်ရော၍ အလိုက်သင့် မျှောချခဲ့ရပါသည်။
ထိုမျှဆင်းရဲပါသော်လည်း စိတ်ကား မညှိုးငယ်ပါ။ “ငါသည် ရှေးရှေးဘဝက ပညာဘက်၌ အားတက်သရော ကောင်းမှုကို ပြုခဲ့သော်လည်း ဒါနဘက်၌မူ အမှတ်တမဲ့ နေမိခဲ့ဟန်တူသည်။ ထို့ကြောင့် ယခုဘဝ၌ ပညာက အကျိုးပေး၍ ဒါနအကျိုးမှာ ချို့ချို့ငဲ့ငဲ့ ရှိရပေသည်။ ဒါနချို့တဲ့မှုကြောင့် ပညာသင်ရာမှာပင် ဆွမ်း မပြည့်စုံ၍ အားအင်နည်းစွာဖြင့် သင်ကြားနေရပေသည်။ နောင်သံသရာ ပညာအကျိုးပေးရာဝယ် ဒါနကျိုးလည်း မညှိုးရအောင် ယခုဘဝက သတိကြီးစွာ ကြိုးစားရပေလိမ့်မည်”ဟု တရားကိုသာ သတိရခဲ့ပါသည်။
ထိုအချိန်မှာ စစ်ကိုင်းနှင့် မန္တလေးကို မျှော်ကြည့်လျင် မိဘလည်း ပစ္စည်းမပြည့်စုံ၊ ဆရာရင်းလည်း (ထိုစဉ်က) ဘုန်းကံ မရှိရှာ၊ မိမိစိတ်အလိုအားဖြင့် မည်သည့်ပစ္စည်းရှင်ကိုမျှ လောကွတ်ပျူငှါ သွားလာဝင်ထွက်၍ (ပစ္စည်းရမှုအတွက်) မဆက်ဆံနိုင်။ ယခုခေတ် ဖြစ်ပုံမှာလည်း မိုးထိအောင် ပညာတတ်စေကာမူ သူတို့နှင့် အလွမ်းမသင့်သမျှ အရေးစိုက်ကြတော့မည် မဟုတ်။ ဤသို့သာ ထင်မြင်လာပါတော့သည်။
ထို့ကြောင့် “ပညာသင်ရင်း သေလျင်လည်း သေပါစေ၊ မသေလျင်လည်း အပြည့်အစုံ တတ်ပစေ၊ ပညာပြည့်စုံမှ သင့်တော်သလို စီစဉ်ရတော့မည်”ဟု ကြံစည်ကာ ဤကဲ့သို့ ဆွမ်းဒုက္ခရောက်ရခြင်းသည် ပါရမီနုသော ငါ့အတွက် မထူးဆန်းချေ။ ဗုဒ္ဓရှင်တော်သည်ပင် တောထွက်တော်မူစက ဆန်ကြမ်းထမင်းများကို မြင်ရ၍ ပဏ္ဍဝတောင်ခြေမှာ ခေတ္တခဏမျှ စဉ်းစားခဲ့ဖူးသေး၏။
ဗုဒ္ဓဖြစ်ပြီးသောအခါ ဝေရဉ္ဖာပြည်မှာ ဝါတွင်း ၃-လပတ်လုံး မုယောဆန်ကို (နောက်ပါ သံဃာတော်ငါးရာနှင့် အတူ) ဘုဉ်းပေးတော်မူရသေး၏။
ဗုဒ္ဓရှင်တော်မြတ်သော်မှ ၃-လ ဆင်းရဲတော်မူရလျင် ငါလိုလူကား ၃-နှစ်၊ ၃-လ ဘဝဆင်းရဲသော်လည်း မထူးဆန်းလှ”ဟု တရားဖြင့် ကာကွယ်ကာ အောက်ပါတေးထပ်ကိုပင် ရေးမိခဲ့ပါသည်…
* ရွှေနန်းရှင် သဗ္ဗညုသို့၊
ကပ်ဝင်လုခါတွင်။
နတ်တွင်လူ့ ပဝရာသခင်တောင်၊
တစ်ခါစဉ်စီက။
ဆွမ်းအတွက် ပဏ္ဍဝါပေါ်မှာ၊
ကြံရှာတော်မူခဲ့သဖျ။
ရှေးဝဋ်ကြောင့် နေစံရှာ၊
ဝေရဉ္ဇာပြည်မ။
ခြွေရံပါ မကြည်မြအောင်ပ၊
ထွီစရာ့ ဘောဇဉ်။
မုယောဆန် သုံးဆောင်မွေ့ခဲ့ရ၊
ဘုန်းရောင်ငွေ့ တောက်တဲ့အရှင်။
သုံးဆောင်၍ နှောက်မဲ့ယှဉ်သော်၊
ကြောက်ဖွယ်အင် ဘာမရှိပါဘူး။
ပါကဋိ-မဟုတ်ကြလူမှာ၊
နုပ်စွ သူ ငါ။
အစာအတွက်ကြောင့် လျှာမထွက်ပါတယ်၊
ဘာအတွက်တာ ပူရပါချိမ့်လေး…။ ။
(မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး)
အနာဂတ်သာသနာရေး၊ စာ ၁၃၅-မှ။

No comments:
Post a Comment