မျက်နှာချို မသွေးကြနဲ့
စာစကား မဟုတ်ဘဲ အလွတ်စကားတွေ ပြောမနေကြနဲ့၊ ဘုန်းကြီးက ဆွေရယ် မျိုးရယ်လို့ ဒကာ ဒကာမတွေကို မျက်နှာလိုက်ခြင်း မရှိပါဘူး၊ နိုင်ငံတစ်ခုလုံးကို ထိန်းတာပါ၊ ဗုဒ္ဓလမ်းစဉ်အတိုင်း လုပ်တာပါ၊ ဗုဒ္ဓက မဂ် ဖိုလ် နိဗ္ဗာန်ကို သူ့ဆွေမျိုးတွေချည်းပဲ သယ်မသွားပါဘူး၊ အားလုံးသတ္တဝါတွေကို ကြည့်တာပါ၊ ကိုယ်တော်တို့ တရားသဘော, လောကသဘောတွေကို သိထားကြပါ၊ လာဘ်လာဘကို မငဲ့ကြပါနဲ့၊ မျက်နှာချို မသွေး ကြပါနဲ့။
ဟိုတုန်းက လူတစ်ယောက် ကျောင်းနားနီးနီးမှာ လယ်ထွန် နေတယ်၊ နွားက မသွားတော့ ရိုက်ထင်ပါရဲ့၊ ဒီတော့ ဘုန်းကြီး က မရိုက်ရန် ပြောတယ်၊ ဒကာက “ရိုက်ပေးမှ ကိုယ်တော်, ရိုက်ပေးမှ၊ နောက်ဘဝက ဘုန်းကြီးဝတ်ပြီး ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သူများပစ္စည်းတွေ သုံးစွဲခဲ့တာ ကိုယ်တော်”လို့ ပြောသတဲ့၊ ဘုန်းကြီးကတော့ ဟောလိုက်ရတာ၊ ကိုယ်တော် တို့ကတော့ ဆားတန်း ဆင်နင်းကိုးကွယ့်၊ ကိုယ်တော်တို့ လောကီအာရုံနဲ့ တရားကတော့ ကျောချင်းတောင် ကပ်မရဘူး၊ သူများပစ္စည်းတွေ သုံးစွဲပြီး ပေါ့ပေါ့နေလို့တော့ မကောင်းဘူး၊ ကိုယ့်နည်းနဲ့ကိုယ် ကောင်းတာဘက်ကို ကြိုးစားကြပါ။
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ
နံနက်ခင်းဩဝါဒများ

No comments:
Post a Comment