Sunday, October 20, 2019

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဘာကြောင့်စာရေးရသလဲ

 

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဘာကြောင့်စာရေးရသလဲ

    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးနဲ့ ပတ်သက်ပြီး ရေးစရာ ပြောစရာ အချက်အလက်တွေ များလှသလို တွေးစရာ၊ မေးစရာ၊ ဆင်ခြင်စရာတွေကလည်း များလှပါတယ်။ ပုထုဇဉ်လူသားတစ်ဦးရဲ့ ဉာဏ်အမြင်နဲ့ ဆရာတော်ကြီးရဲ့ လုပ်ပုံကိုင်ပုံတွေကို ကြည့်ငေးကြည်ညိုရင်း ဘာကြောင့်၊ ဘာလို့ ဆိုတဲ့ မေးခွန်းတွေကိုလည်း ခဏတိုင်းဆိုသလို တစ်ယောက်တည်း ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့အတူ မေးနေမိတတ်၊ မေးခွန်းထုတ်နေမိတတ်ပါတယ်။

    ဆရာတော်ကြီးက ဘာကြောင့် မဟာမြိုင်တောကြီးထဲကို ကြွရတာလဲ။ ဆရာတော်ကြီးက ဘာလို့ ဧည့်ပရိသတ်တွေရဲ့ ပူဇော်ခြင်းကို မခံရတာလဲ။ ဆရာတော်ကြီးက  ဘာလို့များ မဟာဗောဓိမြိုင်သာသနာကို မထူထောင်ရတာလဲ .. အစရှိသဖြင့် မေးခွန်းပေါင်းများစွာပါပဲ။ မေးခွန်းတွေဟာ ကျွန်တော်တို့ရဲ့ ဉာဏ်အမြင်နဲ့ သိမြင်နိုင်ဖို့ ဝေးလှတဲ့ မေးခွန်းတွေဖြစ်ပါတယ်။ အဲဒီလို မေးခွန်းတွေထဲမှာ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ဧကစာရီအကျင့်နဲ့ တောရပ်မှီနေထိုင်နေပါလျက်နဲ့ ဘာကြောင့်စာတွေ ရေးသားနေရသလဲဆိုတဲ့ မေးခွန်းလည်း ပါဝင်ပါတယ်။

    အဲဒီလိုမေးခွန်းတွေထဲက တချို့တွေကို မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ အနီးနေတပည့်ကြီးများ ဆီကနေ သိရကြားရတတ်ပြီး တချို့မေးခွန်းတွေရဲ့အဖြေတွေကိုတော့ ဆရာတော်ကြီးဟောကြားတော်မူသော တရားတော်များနဲ့ ဆရာတော်ကြီးရေးသားတော်မူသော စာအုပ်တွေထဲမှာ ဖတ်ရသိရတတ်ပါတယ်။ ခု ဒီစာစုမှာတော့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဘာကြောင့် စာရေးရသလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ၂၀၁၆ ခုနှစ်က ထုတ်ဝေတဲ့ မင်းဘိသိက်ခံဝတ်ရွတ်စဉ်မှာ မဟာမြိုင်စာပေက (ဦး)ရဲရင့်ဆွေ အမှာသဘောမျိုးရေးထားတဲ့စာမှာတွေ့ရပါတယ်။

    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ကျမ်းစာများရေးသားရခြင်းနဲ့ ပတ်သက်ပြီး အခုလို ရေးသားတော်မူခဲ့ပါတယ်။

❝ မင်သက်အက္ခရာတို့ဖြင့် တရားနှင့်လိုက်သော စာစုပေစုရေးရာမှုကို စိတ်တွေးလမ်းဖောက် မဖြစ်စလောက်ဖြင့် ကောက်ကာထောက်ရှု စုရင်းပြု၊ ပြုရင်းစု ပြုခဲ့မိ စုခဲ့မိပါချေပြီ။
•    စာစုပေစုကျမ်းအဖြစ် ပြုစိရင်သော ထိုငါသည် အကြင်ကျမ်းငယ်ကျမ်းစု စီရင်မှုအတတ်ဖြင့် ထင်ပေါ်ကျော်ကြား လူသိများလိုခြင်းလည်း မတောင်းတခဲ့ဘူးသည်မှာ အမှန်ပါ။
•    ဘုန်းလာဘ်စိုပြေလိုခြင်းကိုလည်း မမျှော်လင့်ရိုးအမှန်ပါ။
•    နောက်တစ်ချက်မှာ ထိုငါသည် စာပေရေးရာ ကျွမ်းနှီးလိမ္မာခြင်းကြောင့်လည်းမဟုတ်၊ ရေးသားမှုဘက် ၀ါသနာထက်လွန်း၍လည်း မဟုတ်။
ထိုသို့ပင် ဟုတ်ဘူး၊ ဟုတ်ဘူး ဗြောင်လိမ်ဘူး သုံးနေပါသော်လည်း အမှန်ဝန်ခံရပါမူ …
သိထိုက်သူ လူအပေါင်းတို့အား၊ အသိပေးထိုက်နေသူ လူအပေါင်းတို့ကို သစ္စာဉာဏ်ဖြင့် ကူထောက်ပို့ကြို ချီးမြှောက်လို၍လည်းကောင်း၊
အသိပေးထိုက်သူ လူအပေါင်းတို့၏ အသိဉာဏ်သည်လည်း ပွင့်စေလို၍လည်းကောင်း၊
စာမျက်နှာထက် မင် အကျအစက်တို့ဖြင့် ရေးသားမှုကို ကျင့်မိခဲ့ပါပြီ။
ထိုထိုကျမ်းစု ဤမည်သော ရေးသားမှုကြောင့် မှန်သည်ကိုကား ဝန်ခံ၊ မမှန်သည်ကို ငြင်းဆန်ရခြင်းကြောင့်၊ မှန်သောစကား အရှိအရှိအတိုင်း ပြောကြားရခြင်းကြောင့် ထိုငါသည် ရလိုသောဆု သစ္စာပြု၍ တောင်းပါ၏။
ထို ငါတောင်းလိုရာဆုသည်ကား … စာကိုလည်း ဖတ်၊ အမြတ်ကိုလည်းရှာ၊ ဘာသာကိုလည်း ယုံကြည်ကြပါကုန်သော အကြင်ဘုရားသားတော်သမီးတော်အပေါင်းတို့သည် စာကိုရှုကြည့်လျက်က စာက ပြောကြား သဘောတရားများကိုလည်း ကိုယ်ပိုင်ဉာဏ်သွင်း ရှင်းရှင်းလင်းဖြင့် ဘွင်းဘွင်းကြီးကြီးပေါက် ထိုးဖောက်သိ သိကြပါစေကုန် ဟူ၍။ ❞

ဘာကြောင့်စာရေးရတယ်ဆိုတာကို ဆရာတော်ဘုရားကြီးက  မာယာ၊ သာထေယျ ကင်းကင်းနဲ့ ရေးသားတော်မူခဲ့တဲ့ စာသားများဖြစ်ပါတယ်။ ကြည်ညိုဖွယ်ဖို့လည်း ကောင်းလှသလို အတုယူဖို့ ကောင်းလှတဲ့ သူတော်ကောင်းကြီးများရဲ့ မြင့်မြတ်စိတ်ထားများလည်း ဖြစ်ပါတယ်။

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဘာကြောင့် စာရေးသလဲဆိုတဲ့ မေးခွန်းကို မေးလာမယ်ဆိုရင် လူရှုပ်၊ လာဘ်ပေါ၊ ကျော်ဇော်၊ ချွေရံ ထိုလေးတန်အတွက်မဟုတ်ကြောင်း အထင်အရှားတွေ့ရမှာဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ သူရေးသားခဲ့သမျှ စာပေတို့ကို ဖတ်ကြားမိသူအားလုံး စာပေအက္ခရာများကို ဉာဏ်ဖြင့်ထိုးဖောက်၊ စာလုံးနောက်မှာ ရှိတဲ့ အယူအဆရေးရာ အဖြာဖြာတို့ကို သဘောပေါက်စေလိုသဖြင့်သာ စာရေးခဲ့ခြင်းဖြစ်တယ်ဆိုတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

ဆရာတော်ကြီးရဲ့ မွန်မြတ်သန့်စင်တဲ့ စေတနာထူးကို လေးမြတ်စွာကြည်ညိုပူဇော်ရင်း ဆရာတော်ကြီးရဲ့ အဆုံးအမသြဝါဒများအတိုင်း ကျင့်သိနိုင်ကြပါစေကြောင်း ဆုတောင်းအပ်ပါတယ်။

ငြိမ်းချမ်းသာ
20-10-2019


No comments:

Post a Comment