Saturday, October 19, 2019

မကျန်းမာသူများအတွက် အထူးနှလုံးသွင်းတရား

 

မကျန်းမာသူများအတွက် အထူးနှလုံးသွင်းတရား


(၁)
သေခြင်းကို ကိုယ်တိုင်ကြုံတွေ့နေရချိန်မှာ ဂုဏ်တော်ကိုးပါးကိုတောင် မှန်အောင်မရွတ်နိုင်တဲ့အထိ အကြောက်တရားက ခြောက်လှန့်နေလိမ့်မယ်
ဆိုတဲ့ သူငယ်ချင်းအရင်းကြီးတစ်ယောက်ရဲ့ စကားဟာ ခြောက်ခြားဖွယ်ကောင်းလှပါတယ်။
နာမကျန်းခြင်းမှာ ခက်ခဲစွာရုန်းကန်နေကြတဲ့ သူငယ်ချင်းတွေ၊ အမျိုးတွေနဲ့ အခြားသော ကျန်းမာရေးချို့တဲ့ကြရှာသူတွေကို မြင်ရချိန်မှာတော့
❝ကျန်းမာခြင်းဟာ လာဘ်တစ်ပါး❞ ဆိုတဲ့တရားကို ကျွန်တော့်ဘက်က ပေါ့ပေါ့ကလေး တွေးထင်ခဲ့တာတွေဟာ ပြုတ်ကျကုန်ပါတယ်။ 

ပြီးခဲ့သော ၂၀၁၈ ခုနှစ်အတွင်းမှာပဲ အထက်က စကားကိုပြောခဲ့တဲ့ ကျွန်တော့်ရဲ့ ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်က သူ့ရဲ့ကျောက်ကပ်ပျက်စီးမှုကို
ကြိုးစားပမ်းစား ခုခံကုသနေရတာ၊သေခြင်းက လွတ်မြောက်အောင် အားကုန်ရုန်းရတာတွေ မြင်ရ၊ ကြားရ၊ တွေ့ရ၊ ကြုံရ။ သူ့အသက်က ရှိလှမှ ၃၃-၃၄ နှစ်အရွယ်။
နောက် ကျွန်တော့်အဒေါ်တစ်ယောက်က ဆိုက်ကယ်တိုက်ခံရ၊ အသက် ၅၀ ကျော်မှာ အရိုးကျိုးတဲ့ဒဏ်နဲ့၊ ကျိုးနေတဲ့ ခြေထောက်နဲ့
စိတ်သွားတိုင်းကိုယ်မပါဖြစ်ရခြင်းနဲ့၊ နောက် ခြေထောက်ကလေးသက်သာမယ်မှမကြံသေး မျက်စိတိမ်စွဲတာကို ထပ်ပြီး ခွဲရတယ်ဆိုတဲ့ မကျန်းမာခြင်းတွေကို ဆက်တိုက်ဆိုသလို မြင်နေရပြန်သေးတယ်။ ဒါ့အပြင် ခုခံအားကျဆင်းမှုရောဂါကြောင့် ဆေးနဲ့အသက်ဆက်နေရတဲ့ အသိအကျွမ်းအချို့၊ သုံးလေးလတစ်ခါဆိုသလို သွေးလှူရင်းရောက်ဖြစ်တဲ့ ဟယ်လ်ပင်ကလေးဆေးရုံရဲ့ ကင်ဆာဆောင်က ဝေဒနာသည် ကလေးငယ်လေးတွေ ...
ဒါတွေကိုကြည့်ပြီး ကျန်းမာခြင်းဟာ အရေးပါလှကြောင်းတွေးမိ၊ သတိထားမိပါတယ်။

အဲဒီလို သတိထားမိချိန်မှာပဲ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ ❝မကျန်းမာသူများအတွက် အထူးနှလုံးသွင်းတရား❞ ဆိုတဲ့
တရားကို မှတ်သားနာယူဖြစ်ပါတယ်။ ဒီစာက အဲဒီတရားတော်ကို ကျွန်တော်တတ်အားသမျှ အကျဉ်းချုပ်အနှစ်ထုတ်ထားတဲ့ စာတမ်းငယ်ကလေးမျှသာ
ဖြစ်ပါတယ်။ ဒီအထဲမှာ အမှားအယွင်းတစ်စုံတစ်ရာပါခဲ့ရင် ကျွန်တော်ရဲ့ ညံ့ဖျင်းမှုမျှသာဖြစ်ကြောင်းကိုလည်း တစ်ခါတည်း ဝန်ခံပြောကြားလိုပါတယ်။
ဒီစာက ကျန်းမာရေးချို့ငဲ့ကြရှာတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းများနဲ့ မိသားစုဝင် ဆွေမျိုးများအတွက် အထူးရည်ရွယ်ရေးသားတာပါ။
ကျန်းမာခြင်းချို့ငဲ့ပြီးနောက် မကျန်းမာတဲ့ဘဝမှာ နှလုံးသွင်းစရာ တရားဓမ္မနဲ့ လောကဓံဆိုးကို ရင်ဆိုင်နိုင်ကြစေဖို့ဆိုတဲ့ စေတနာကိုလည်း
အရင်းခံထားပါတယ်။
(၂)
မြတ်စွာဘုရားက ❝ချစ်သားရဟန်းတို့၊ (ဒီလို) မကျန်းမမာဖြစ်ပြီး အလွန့်ကို အားနည်းနေတဲ့ ဂိလာနရဟန်းမျိုးကို
ဒီနှလုံးသွင်းတရား(၅)မျိုးက စွန့်ခွာမသွားဘူးဆိုရင် မကြာမီ အာသဝကင်းကွာ ရဟန္တာဖြစ်ဖို့ မျှော်လင့်နိုင်တယ်❞လို့
ဂိလာနသုတ္တန်မှာ ဟောကြားတော်မူခဲ့တယ်။
အဲဒီ ငါးမျိုးက ဘာတွေလဲဆိုရင် -
(၁) ကိုယ့်ခန္ဓာကိုယ်ကြီး မတင့်မတယ် ရွံ့စဖွယ်ကောင်းတယ်ဆိုတာကို မပြတ်ဆင်ခြင်ပေးနေတာ၊
(၂) ကိုယ်စားတဲ့ အစာအာဟာရတွေရဲ့ စက်ဆုပ်ဖွယ်ရာ အခြေအနေတွေကို မပြတ်စဉ်းစားပေးနေတာ၊
(၃) လောကကြီးရဲ့ ပျော်ရွှင်ဖွယ်ရာကင်းမဲ့နေပုံကို ဆင်ခြင်စဉ်းစားပေးတာ
(၄) သင်္ခါရတရားမှန်သမျှ ဘယ်အရာမှ မမြဲဘူးဆိုတဲ့ အနိစ္စသညာကို ဆင်ခြင်တာနဲ့
(၅) သေခြင်းတဲ့ ပတ်သက်တဲ့ အမှတ်သညာတစ်ခုမှာ သေဆုံးခြင်းနဲ့ပတ်သက်ပြီး သတိ၊ သံဝေဂ၊ အသိဉာဏ်
ဖြစ်အောင် အမြဲတမ်းဆင်ခြင်စဉ်းစားပေးနေတာ ... ဆိုတဲ့ တရားငါးမျိုးဖြစ်ပါတယ်။
ဒီတရားငါးမျိုးဟာ ရဟန္တာဖြစ်ဖို့တောင် မျှော်လင့်နိုင်တယ်ဆိုရင် နာမကျန်းမှုကြောင့်ဖြစ်ရတဲ့ စိတ်ဆင်းရဲရခြင်း၊
စိတ်ဓာတ်ကျရခြင်း၊ ဆောက်တည်ရာမဲ့ရခြင်းများကိုလည်း ကုစားနိုင်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီတရား ၅ ပါးထဲက
တစ်ချက်ခြင်းဆီကို ကျွန်တော်တို့ အသေးစိတ် ထပ်ကြည့်ကြရအောင်ပါ။

✿ အပုပ်ကောင် ရုပ်ဆောင်တဲ့သည်တရား

* (က) အသုဘာနုပဿီ ကာယေ ဝိဟရတိ = ကိုယ့်ကာယအပေါ်မှာ အသုဘလို့ ရှုမြင်လျက်နေရမယ်။
ငါ့ ခန္ဓာကိုယ်ဟာ အလွန်စက်ဆုပ်စရာကောင်းတယ်လို့ အဖန်ဖန်နှလုံးသွင်းမှုရှိရမယ်။
ကိုယ့်ခန္ဓာကိုယ်ကြီး မတင့်မတယ် ရွံ့စဖွယ်ကောင်းတယ်ဆိုတာကို မပြတ်ဆင်ခြင်ရမယ်ဆိုတာဟာ ရုတ်တရက်ကြည့်လိုက်ရင်တော့
စိတ်ဓာတ်ကျဖို့လို့ ထင်ချင်စရာပါ။ ဒါပေမယ့် ဒါဟာ စိတ်ဓာတ်ကျစေဖို့မဟုတ်ဘူး၊ အဲဒီလိုတွေးခြင်းအားဖြင့် (၁) ခန္ဓာကိုယ်ပေါ်မှာ တွယ်တာမှု၊
(၂) ကိုယ့်ကိုယ်ကိုယ် တွယ်တာခြင်း၊ (၃) သူတစ်ပါးကို တွယ်တာခြင်းဆိုတဲ့ တွယ်တာမှုတွေကို လျှော့ချဖို့ ဖြစ်ပါတယ်။
ကိုယ့်ခန္ဓာကိုယ်ကြီး မတင့်မတယ် ရွံ့စဖွယ်ကောင်းတယ်ဆိုတာကို မပြတ်ဆင်ခြင်ခြင်းအားဖြင့် စက်ဆုပ်စရာ ခန္ဓာကိုယ်ကြီးရဲ့ သဘာဝကို သိရှိနားလည်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။
အဲဒီကြိုးစားမှုကတစ်ဆင့် အမှန်ကိုသိခြင်းဆိုတဲ့ သိမှုလေးတစ်ခုကို ရလိုက်ပြီ ဆိုပါစို့။ အမှန်ကိုသိလိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်ပေါ်မှာ တွယ်တာတဲ့ လောဘကို လျှော့ချနိုင်တယ်။
လောဘကို လျှော့ချလိုက်တာနဲ့ မုန်းတီးမှုဆိုတာလည်း လျော့ကျသွားတယ်။ အမှန်မသိမှုဆိုတဲ့ မောဟဟာလည်း
လျော့ကျသွားတယ်။ ဒါကြောင့် ကိုယ့်ကာယကို မတင့်တယ်ဘူးလို့ရှုမြင်နှလုံးသွင်းခြင်းအားဖြင့် လောဘ၊ ဒေါသ၊ မောဟတွေကို လျှော့ချနိုင်ပါလိမ့်မယ်။
အဲဒီတရားကို နှလုံးသွင်းနိုင်ရင် တွယ်တာမှုကို အကြောင်းပြုပြီးဖြစ်ပေါ်လာတဲ့
(၁) သောက(စိုးရိမ်ခြင်း၊ ကြောင့်ကြခြင်း) မရှိတော့ဘူး။
(၂) ပရိဒေဝ(ငိုကြွေးခြင်း၊ငိုကြွေးမြည်တမ်းခြင်း)မရှိတော့ဘူး။
(၃) ဒုက္ခ (ဆင်းရဲခြင်း၊ ပင်ပန်းနာကျင်ခြင်း)၊ (၄) ဒေါမနဿ(စိတ်မချမ်းသာခြင်း၊ နှလုံးမသာယာခြင်း)၊
(၅) ဥပါယာသ(ပြင်းစွာပင်ပန်းခြင်း၊ လွန်စွာပူပန်ခြင်း) ဆိုတာ မရှိတော့ဘူး။
စိတ်နှလုံးတွေ အေးချမ်းသွားလိမ့်မယ်လို့ ဆိုပါတယ်။

✿ ဤသည့်စားဖွယ် အမယ်မယ်ကို

* (ခ) အာဟာရေ ပဋိကူလသညာ = ကိုယ်စားတဲ့ အစားအစာနဲ့ပတ်သက်လာတဲ့အခါ ဘယ်တော့မှ
မက်မက်မောမော စိတ်ဓာတ်မျိုးမဖြစ်စေရဘူး။ အဲဒီလို မဖြစ်စေဖို့အတွက် ဆင်ခြင်တုံတရားနဲ့စားရမယ်။
နောက်တစ်ခုကတော့ အစားအသောက်နဲ့ ပတ်သက်တာပါ။ အစားအသောက်ကို ဆင်ခြင်တုံတရားနဲ့
စားနိုင်ဖို့အတွက် နှလုံးသွင်း၊ ကြိုးစားအားထုတ်ပြီး လိုက်နာကျင့်သုံးဖို့ နာမကျန်းဖြစ်နေချိန်မှာ အထူးပဲ
လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မကျန်းမာချိန်မှာ ကိုယ်နဲ့မတည့်တဲ့ အစားအစာတွေက
များလာတဲ့အတွက် အစားအသောက်ကိုလည်းပဲ အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်။ မကျန်းမာလေလေ၊ ကိုယ်နဲ့ မတည့်တဲ့
အစာအဟာရက များလေလေဆိုတာမျိုး ဖြစ်တတ်တဲ့အတွက် အစားအသောက်နဲ့ပတ်သက်တဲ့ အချက်ကိုလည်းပဲ
အထူးသတိထား ဆင်ခြင်ရမှာပါ။
ဘယ်လိုဆင်ခြင်ရမလဲဆိုတော့
(၁) ငါစားတာဟာ ခန္ဓာကိုယ် မပင်မပန်းအသက်ရှင်ဖို့၊ အလုပ်လုပ်နိုင်ဖို့ဆိုတဲ့ အတွေးမျိုး တွေးတတ်ရမယ်။
(၂) ပျော်ပါးဖို့စားတာမဟုတ်၊ ၀ဖို့လှဖို့စားတာမဟုတ်ဆိုတာကိုလည်းပဲ ဆင်ခြင်နိုင်ရမယ်။
(၃) ငါစားတဲ့အစားစာဟာ ပါးစပ်ထဲ မရောက်ခင်လေးသာ တင့်တောင့်တင့်တယ်ရှိသော်လည်းပဲ
ပါးစပ်ထဲ ထည့်လိုက်တဲ့အချိန်ကနေစပြီးတော့ ဒီအစာရဲ့ တန်ဖိုးဟာ လျော့ကျသွားပြီလို့ တွေးရ၊ ဆင်ခြင်ရလိမ့်မယ်။
(၄) စားခြင်းကြောင့် ရောဂါဝေဒနာတွေမဖြစ်စေရဘူး။ မစားခြင်းကြောင့်လည်း ရောဂါဝေဒနာတွေ မဖြစ်စေရဘူး။
ကိုယ်စားသမျှအစာတွေကြောင့် အပြစ်မဖြစ်စေရဘူး။ ကြိုက်လို့စားတာမဟုတ်ဘဲနဲ့ စားသင့်လို့ စားတာမျိုး၊
ဆေးဝါးအဖြစ် မှီဝဲပြီး စားတာမျိုး ဖြစ်ရမယ်။
အာဟာရမှာ ရွံစဖွယ်ဆိုတဲ့ အမှတ်သညာထားပြီးတော့ စားမယ် (ဝါ) အထက်က ဖော်ပြတဲ့ အချက်လေးချက်ကို သတိထားပြီးကျင့်သုံးနေထိုင်မယ်ဆိုရင်
တဖြည်းဖြည်း အာဟာရအပေါ်မှာ တွယ်တာတဲ့ တဏှာကို လျှော့ချနိုင်မယ်။ အဲဒီအပေါ်မှာ လျော့ကျသွားမယ်ဆိုရင်
ကျန်တာတွေမှာလည်း တဖြည်းဖြည်း လျှော့ချလို့ ရသွားမှာပဲ ဖြစ်ပါတယ်။

✿ ပျော်စရာအစစ် မရှိ

* (ဂ) သဗ္ဗလောကေ အနဘိရတသညာ = လောကကြီးတစ်ခုလုံးမှာ ပျော်စရာဆိုတာ ဘာမှမရှိဘူးဆိုတဲ့အတွေးကိုလည်း တွေးတတ်ရမယ်။
လောကကြီးတစ်ခုလုံးမှာ ပျော်စရာဆိုလို့ ဘာမှမရှိဘူး။ လူတွေကသာ ပျော်စရာလို့ ထင်ပြီး ပျော်နေကြတာဆိုတဲ့ အမြင်နဲ့ လောကကို ကြည့်တတ်ရမယ်။
လူတွေက ပျော်စရာလို့ ထင်ပြီးပျော်နေတယ်လို့ ဘာကြောင့် ပြောရသလဲဆိုရင် လူတွေဟာ တဖြည်းဖြည်းအိုလာတယ်။ နာလာတယ်။ နောက်ဆုံး အသက်စွန့်ပြီး သွားကြရတယ်။
ဘယ်မှာ ပျော်ဖို့ ကောင်းလို့တုန်း။ ပျော်စရာဆိုတာက ဘယ်နားမှာတုန်း၊ ဒီမေးခွန်းကို အိုရခြင်း၊ နာရခြင်း၊ သေရခြင်းဆိုတဲ့ အကြောင်းတရားသုံးပါးနဲ့ ချိန်ညှိပြီး ပြန်မေးရလိမ့်မယ်။
မခွဲချင်ဘဲ ခွဲသွားကြရတယ်ဆိုတဲ့ အဖြစ်မျိုးတွေ လောကကြီးမှာ ကြုံတွေ့နေကြရတာဖြစ်လို့ တကယ့်အစစ်အမှန်ပျော်စရာဆိုတာ
ဘာတစ်ခုမှ မရှိဘူးဆိုတာလည်း သေချာစေတယ်။ သေသေချာချာပြန်ကြည့်ရင် လောကကြီးတစ်ခုလုံးမှာ ပျော်စရာဆိုတာ ဘာမှမရှိဘူးဆိုတာကို
တွေ့ရ၊ မြင်ရလိမ့်မယ်။

✿ အစဉ်နှလုံးသွင်းရမည့် မမြဲခြင်းတရား

* (ဃ) သဗ္ဗသင်္ခါရေသု အနိစ္စသညာ = သင်္ခါရတရားအားလုံးအပေါ်မှာ မမြဲဘူးဆိုတဲ့ အမှတ်သညာကို ထားရမယ်။
သင်္ခါရတရားကို နှလုံးသွင်းရမယ်၊ မမြဲခြင်းတရားကို နှလုံးသွင်းရမယ်ဆိုတာဟာ ပျက်စီးခြင်းရဲ့ အကြောင်းတရားတွေအကြောင်းကို ပြောနေတာပါပဲ။
သင်္ခါရဆိုတာ ဘာတွေတုန်း။ ကိုယ် ကိုယ်တိုင်က သင်္ခါရ၊ ကိုယ့်သန္တာန်မှာ ရှိသမျှအားလုံးက သင်္ခါရ၊ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းတွေအားလုံးက သင်္ခါရ၊
အားလုံး ပျက်စီးခြင်းမှာပဲ အဆုံးသတ်သွားတယ်။
နုပျိုခြင်းက အိုမင်းခြင်းမှာ အဆုံးသတ်တယ်။ ကျန်းမာခြင်းက ရောဂါရခြင်းမှာ အဆုံးသတ်တယ်။ အသက်ရှင်ခြင်းက သေခြင်းမှာ အဆုံးသတ်တယ်။
အားလုံးမှာ အဆုံးသတ်ရှိတယ်။ အဆုံးသတ်ရှိတဲ့အတွက် ဘယ်အရာမှ မမြဲဘူးဆိုတဲ့တရားကို မကြာခဏ ဆင်ခြင်စဉ်းစားရလိမ့်မယ်။ နှလုံးသွင်းရလိမ့်မယ်။
အဲဒီလိုဆိုရင် ဘယ်အရာကိုမှ မတွယ်တာတော့ဘူး။ တစ်ခုခုကို တွယ်တာဖို့ ခက်ခဲလာလိမ့်မယ်။
မမြဲတဲ့သဘောကို ဆင်ခြင်ပြီး သုံးသင့်တာသုံးမယ်၊ စားသင့်တာစားမယ်၊ လှူသင့်တာလှူမယ်၊ ကုသိုလ်ကောင်းမှုရအောင်လုပ်မယ်ဆိုတဲ့
စိတ်ဓာတ်မျိုး ကိုယ့်နှလုံးသားမှာ ကိန်းနိုင်ဖို့အတွက်၊ သင်္ခါရဟူသမျှ ဘယ်အရာမှ မမြဲဘူးဆိုတာ ဆင်ခြင်သုံးသပ်ထားဖို့ အထူးလိုအပ်တာဖြစ်ပါတယ်။

✿ နေကွယ်တာအခါများရင်ဖြင့် သေနယ်ရွာတစ်ခါသွားရမယ်

* (ဃ) မရဏသညာ ခေါပနဿ အဇ္ဈတ္တံ သူပဋ္ဌိတာ ဟောတိ = ဘယ်သူပဲဖြစ်ဖြစ် တစ်နေ့ကျရင် သေဆုံးခြင်းနဲ့ အဆုံးသတ်ရမှာဖြစ်တယ်။
အဲဒီ သေဆုံးခြင်းနဲ့ အဆုံးသတ်ရမယ်ဆိုတာကို ဘယ်တော့မှ မေ့မထားနဲ့။
သေခြင်းနဲ့ထိပ်တိုက်တိုးတဲ့အခါမျိုးဟာ အကြောက်တရားကပဲ ကိုယ့်ကိုယ်အနိုင်ယူသွားတာမျိုးမဖြစ်ဖို့အတွက်
(သေခြင်းတရားနဲ့ ရင်ဆိုင်တွေ့တဲ့အခါ ခြေမကိုင်မိ လက်မကိုင်မိ မဖြစ်ရလေအောင်)
❝ဇီဝိန်ထင်လင်း၊ သက်ရှင်ခြင်းကား၊ သေခြင်းနောက်ဆုံး၊ ရှိချေသည်တကား❞ဆိုတာကို အမြဲနှလုံးသွင်း ဆင်ခြင်နေနိုင်ရမယ်။
ကိုယ့်ရှေ့မှာ အများကြီး သွားနှင့်ပြီ၊ သေနှင့်ပြီ၊ သေသွားကြရရှာပြီ။ အဲဒီတော့ ကိုယ်လည်း သေနိုင်တယ်ဆိုတာ အမြဲသတိထားဖို့လိုတယ်။
သေမယ်လို့တွေးတာဟာ စိတ်ဓာတ်ကျဖို့ မဟုတ်ဘူး။ ဖြစ်လာနိုင်တဲ့ အနေအထားတစ်ခုကို ကြိုတင်ပြင်ဆင်ပြီး သိနေသင့်တာကို ပြောတာ။
သိထားရမှာကို ပြောတာပဲ ဖြစ်ပါတယ်။။
အဲဒီလို ကြိုတင်ပြင်ဆင်ထားတဲ့အတွက် ကိုယ့်မှာ လုပ်စရာရှိတာတွေ လုပ်ပြီးသားဖြစ်နေတတ်တယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင် လူက
ရောဂါရလာပြီ၊ မသေချင်သေးဘူး၊ အလုပ်တွေရှိနေသေးတယ်လို့ ဖြစ်လာတယ်။ အဲဒီအခါမှာ ယူကျုံးမရဖြစ်လာနိုင်တယ်။
သေခြင်းတရားကို စဉ်းစားလို့ ဘယ်လိုများ အကျိုးရှိမှာတုန်း မေးလို့ရှိရင် သေခြင်းတရားဆိုတာ လူတိုင်းရင်ဆိုင်ရမှာဖြစ်လို့
မရဏသညာကို ကြိုတင်စဉ်းစားထားတဲ့ပုဂ္ဂိုလ်ဟာ သေတဲ့အခါမှာ ရဲရဲဝံ့ဝံ့ အသက်စွန့်နိုင်တဲ့ အနေအထားမျိုးရှိတယ်။
စိတ်နှလုံးခြောက်ခြားခြင်းမရှိဘဲနဲ့ ရဲဝံ့စွာ ဘဝကို ကူးသွားနိုင်တဲ့ အကျိုးရှိတယ်။
အဲဒီလိုမဟုတ်ဘူးဆိုရင် လူတွေဟာ စိတ်နှလုံးခြောက်ခြားသွားတတ်တယ်။ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ဒုက္ခတွေ ပိုများသွားတတ်တယ်။
သေခြင်းတရားကို နှလုံးသွင်းတဲ့နေရာမှာ အစွန်းလေးဘက်ကို ရှောင်လွှဲဖို့လည်း လိုအပ်သေးတယ်။
(၁) ကိုယ်ချစ်တဲ့လူတစ်ယောက် သေဆုံးမှုကို တွေးမိရင် သောကဖြစ်သွားတတ်တယ်။
မရဏဿတိ ကမ္မဋ္ဌာန်းကို မရှုနိုင်ဘဲ သောကဖြစ်သွားလို့ အကုသိုလ်ဖြစ်တယ်။ ဒီအစွန်းကို
သတိထား ရှောင်ရှားနိုင်ရမယ်။
(၂) ကိုယ်မုန်းတဲ့လူတစ်ယောက် သေဆုံးခြင်းကို သတိရမိ၊ တွေးမိရင်လည်း
ဒီကောင်သေ အေးတာပဲလို့ ဝမ်းသာတတ်ပြန်တယ်။ အဲဒီအစွန်းကိုလည်းပဲ လွတ်အောင် ရှောင်ရပါလိမ့်မယ်။
(၃) ကိုယ်နဲ့ သိကျွမ်းခင်မင်မှုမရှိတဲ့သူရဲ့ သေဆုံးခြင်းကို ရှုပြန်ရင်လည်း သူသေတာငါနဲ့ဘာဆိုင်တုန်းဆိုတဲ့
စိတ်ကခံနေလို့ သံဝေဂမဟယူနိုင် ဖြစ်တတ်ပြန်တယ်။ အဲဒီအစွန်းတရားကိုလည်း ရှောင်နိုင်ရှားနိုင်ဖို့ လိုအပ်ပါတယ်။
(၄) ကိုယ့်သေဆုံးခြင်းကိုယ်ကြည့်တဲ့အခါကျ ကြောက်သွားတတ်ပြန်တယ်။ ကြောက်သွားရင် ကမ္မဋ္ဌာန်းမဟုတ်တော့ဘဲ
လမ်းချော်သွားခြင်းဖြစ်လို့ ဒီအစွန်းတရားကိုလည်း ရှောင်နိုင်ရပါလိမ့်ဦးမယ်။
ဒီအစွန်းတရားလေးဘက်ကို ရှောင်ရှားခိုင်းခြင်းကို အဓိကကြည့်ရင် သေခြင်းနဲ့ပတ်သက်လာရင် သံဝေဂဖြစ်ရမယ်။
အသိဉာဏ်ဖြစ်ရမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

(၃)  ✿ စိတ်နှလုံးအေးချမ်းစွာ ဘဝခရီးကို ဖြတ်သန်းနိုင်စေဖို့

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက မကျန်းမာတဲ့သူတွေဟာ တရားငါးမျိုးကို နှလုံးသွင်းဖို့ ဟောကြားတော်မူခဲ့ပါတယ်။
(၁) ကိုယခန္ဓာကိုယ်ကြီး မတင့်မတယ် ရွံ့စဖွယ်ကောင်းတယ်ဆိုတာကို မပြတ်ဆင်ခြင်ပေးပါ။
(၂) ကိုယ်စားတဲ့ အစာအာဟာရတွေရဲ့ စက်ဆုပ်ဖွယ်ရာ အခြေအနေတွေကို မပြတ်စဉ်းစားပေးပါ။
(၃) လောကကြီးရဲ့ ပျော်ရွှင်ဖွယ်ရာကင်းမဲ့နေပုံကို ဆင်ခြင်စဉ်းစားပေးပါ။
(၄) သင်္ခါရတရားမှန်သမျှ ဘယ်အရာမှ မမြဲဘူးဆိုတဲ့ အနိစ္စသညာကို ဆင်ခြင်ပေးပါ။
(၅) သေခြင်းတဲ့ ပတ်သက်တဲ့ အမှတ်သညာတစ်ခု၊ ကိုယ့်ရဲ့သေဆုံးခြင်းပဲဖြစ်စေ၊
ကိုယ်နဲ့ပတ်သက်တဲ့ သူတွေရဲ့ သေဆုံးခြင်းပဲဖြစ်စေ၊ သေဆုံးခြင်းနဲ့ပတ်သက်ပြီး သတိ၊ သံဝေဂ၊ အသိဉာဏ်
ဖြစ်အောင် အမြဲတမ်းဆင်ခြင်စဉ်းစားပေးပါ ... ဆိုတဲ့ တရားငါးမျိုးဖြစ်ပါတယ်။
ကျန်းမာတဲ့အချိန်အခါမှာပဲဖြစ်ဖြစ်၊ မကျန်းမာတဲ့ အချိန်အခါမှာပဲဖြစ်ဖြစ် ဒီတရားငါးမျိုးကို
မှတ်သားနာယူပြီး ဆင်ခြင်စဉ်းစားပေးနိုင်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်တွယ်တာမှုဆိုတဲ့ လောဘ၊
အလိုမကျမှုဆိုတဲ့ ဒေါသ၊ အမှန်မသိမှုဆိုတဲ့ မောဟတွေ ကင်းကွာပြီးမှာ ဖြစ်ပါတယ်။
မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း လိုက်နာကျင့်သုံးနိုင်ကြပါစေ။

#ငြိမ်းချမ်းသာ
28-2-2019
(ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသရဲ့
မကျန်းမာသူများအတွက် အထူးနှလုံးသွင်းတရား စာအုပ်ကိုဖတ်ပြီး ရေးပါတယ်။ စာကို တည်းဖြတ်အမှန်ပြင်ပေးသူက #အရှင်ခေမိန္ဒ ပါ။)

No comments:

Post a Comment