•ဆင်းရဲခြင်းလွတ်ကင်းအောင်
လူတွေဟာ ကာမရာဂကို မပယ်နိုင်ကြသေးတဲ့အတွက် သက်ရှိ သက်မဲ့ ကာမဂုဏ်အာရုံတွေနဲ့စပ်ပြီး ဆင်းရဲဒုက္ခအမျိုးမျိုးကို တွေ့ကြုံ ခံစားနေကြ ရတယ်။ မြင်ဖူးကြားဖူးတဲ့ အာရုံဝတ္ထုကောင်းတွေကို ရအောင်၊ တွေ့ဖူးခံစား ဖူးတဲ့ အာရုံဝတ္ထုကောင်းတွေကိုရအောင် အမြဲမပြတ် ကြောင့်ကြစိုက် နေကြရ တယ်။ ရပြီးတွေကိုလည်း မပျောက်ပျက်အောင် စောင့်ရှောက်နေကြရတယ်။ စားဝတ်နေရေး အိမ်ထောင်ရေး ရပ်ရွာရေး စသည်အတွက်လည်း ကြောင့်ကြ စိုက်နေကြရတယ်။ ဒီလို ကြောင့်ကြစိုက်ကြရာမှာ နှိပ်စက်သတ်ဖြတ်ခြင်း လိမ်ခြင်း ခိုးခြင်း စတဲ့ မကောင်းမှုကံတွေ ပြုမိသူတွေလည်း ရှိကြတယ်။
တစ်ဦးနဲ့တစ်ဦး၊ တစ်စုနဲ့တစ်စု၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အငြင်းပွား ကြတာတွေ၊ ရန်ဖြစ်ကြတာတွေ စစ်ဖြစ်ကြတာတွေလည်း ရှိတာပဲ။ ကာမဂုဏ် အတွက် သတ်ခြင်း ခိုးခြင်း လုယက်ခြင်း စသော အကုသိုလ်ကံတွေကို ကျူးလွန်မိတဲ့သူဟာ ငရဲဘုံရောက်၊ ပြိတ္တာဖြစ်၊ တိရစ္ဆာန်ဖြစ်ပြီးတော့ ဆင်းရဲ ရတယ်။ သတ္တဝါတွေ ဒုက္ခရောက်နေကြတာဟာ ကာမရာဂကြောင့်ချည်းပါပဲ။
ဒါပေမဲ့ အများစု လူတွေကတော့ ကာမဂုဏ်အာရုံတွေကို ရနိုင်သမျှ ရှာကြံပြီး များသည်ထက်များအောင် ပြည့်စုံသည်ထက်ပြည့်စုံအောင် ကြိုးစား အားထုတ်နေကြတယ်။ ဒါကိုပင် ပျော်စရာလို့ ထင်မှတ်နေကြတယ်။ ဒီလို ပြုလုပ်နေကြတာတွေဟာ ကောင်းစားချမ်းသာရတာက ဘာမှ မပြောပ လောက်ဘဲ အကြီးအကျယ် ဆင်းရဲဒုက္ခရောက် နေကြရတာတွေပါပဲ။ ဒါ့ကြောင့် အဲဒီ ဆင်းရဲဒုက္ခတွေမှ လွတ်မြောက်ရအောင် လူ့ပြည်၊ နတ်ပြည်က ကာမဂုဏ် တွေမှာ တပ်မက်တဲ့ရာဂကို ပယ်ရမယ်၊ 'လူ့ပြည်ကာမ နတ်ကာမ ရာဂတပ်မက် ပယ်ရမည်' လို့ ဆောင်ပုဒ်စီထားတယ်။ ။
#ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး

No comments:
Post a Comment