Thursday, October 17, 2019

ယုံကြည်ကိုးကွယ်မှု မှန်ကန်ကြပါစေ

 

ယုံကြည်ကိုးကွယ်မှု မှန်ကန်ကြပါစေ

ကောင်းကင်ဘုံက တန်ခိုးရှင်ကြီးက ကမ္ဘာကြီးကို ဖန်ဆင်းတယ်၊ သတ္တဝါတွေကို ဖန်ဆင်းတယ်၊ အားလုံးကို ဖန်ဆင်းတယ်၊ တန်ခိုးရှင်ကြီး။ အဲဒီတန်ခိုးရှင်ကြီးကို ကိုယ်တိုင် တွေ့လို့ရလား? မရဘူး။ ဘယ်သူကပြောတာလဲ? တမန်တော်က ပြောတယ်။
လူ့ပြည်ကနတ်တွေ ဘာနတ် ညာနတ်နဲ့ မြန်မာပြည်မှာ (၃၇)မင်း၊ အဲဒီနတ်တွေကို ဘယ်သူမြင်ဘူးလဲ? မမြင်ဖူးဘူး။ နတ်ကတော်ပြောတာကို လက်ခံရတာ။ နတ်ကတော်က ဘာဆက်ရမယ်ဆို ဆက်တယ်လေ၊ လူတွေက ဆက်ကြတာ၊ Mediator ပဲ ကြားခံဆက်သွယ်ရေးနဲ့ သွားနေကြတာ။ အဲဒါ နတ်ကိုးကွယ်တယ်ဆိုတာ ခု ဒီအတိုင်းပဲ။
ဒါဖြင့် အဲဒီ နတ်ကိုးကွယ်သူတွေရဲ့ ယုံကြည်ချက်က ဘာလဲဆိုလို့ရှိရင် အနန္တတန်ခိုးကို ယုံကြည်တာပဲ။ ဘာလို့လဲ? ကြည့်လေ နတ်တင်ပြီးတော့ ဘာပြောလဲ? “မ,တော်မူပါ” “စ,တော်မူပါ”“မ,စတော်မူပါ ” အဲဒီလို ပြောတာမဟုတ်လား။ “အရှင်မင်းကြီး မ,စတော်မူပါ” ဆိုတာ တန်ခိုးကို ယုံကြည်တာပဲလေ။ အဲတော့ သူ့ဆီကနေပြီး Blessingပဲ တောင်းနေတာ။ ဘယ်ဘာသာဖြစ်ဖြစ် ဗုဒ္ဓဘာသာကလွဲရင် အဲဒီလို Blessing တောင်းတာ။ “အရှင်သခင်ကြီး မ,စတော်မူပါ၊ ကျေးဇူးသစ္စာစောင့်သိပါ့မယ်၊ ခွင့်လွှတ်တော်မူပါ၊” ဟော ဒီလိုဆိုတာ။
ဒါဖြင့် ဗုဒ္ဓဘာသာတို့ဆိုနေတဲ့ သြကာသနဲ့ကော တူသလားလို့ ဆိုရင် ဘယ်တူမှာတုန်း။ သြကာသဆိုတာ ကိုယ့်အမှားကို ကိုယ့်ဟာကို ဝန်ခံတာ၊ ဝန်ခံပြီးတဲ့အခါမှာ ကောင်းအောင် လုပ်ပါ့မယ်ဆိုတာ ရှိတယ်၊ သူတို့လည်း ဆင်ဆင်တွေတော့ ရှိတယ်။ Confession လို့ ခေါ်တယ်။ သို့သော် သူတို့နဲ့ မတူဘူး။ ဒီတော့ ဗုဒ္ဓဘာသာဝင်တွေက ကိုယ့်ဘာသာရဲ့ အတိမ်အနက် အဓိပ္ပာယ်ကို သေသေချာချာ သိဖို့ လိုတယ်ပေါ့။
ဗုဒ္ဓဘာသာက ယုံကြည်တာဟာ ဘုရားရဲ့ အနန္တတန်ခိုးကို ယုံတာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာဝင်တွေ ယုံရမှာက ဘုရားရဲ့ အနန္တတန်ခိုးကို ယုံရမှာ မဟုတ်ဘူး။ ဒါဖြင့် ဘုရားရှင်က တန်ခိုး မရှိဘူးလားဆိုတော့ သူ့ဟာသူ ရှိမှာပေါ့။ အဲဒီတန်ခိုးက ကိုယ့်ကို ဘာလုပ်ပေးနိုင်မှာလဲ။
ဆိုလိုတာက ဗုဒ္ဓဘာသာဝင်တွေ ယုံရမှာက မြတ်စွာဘုရား ကိုယ်တိုင် ဖွင့်ဆိုထားတဲ့ ပါဠိကိုကြည့် --- “ ကတမာ စ ဘိက္ခဝေ သဒ္ဓါ-ယုံကြည်မှုဆိုတာ ဘာလဲ” ။ မြတ်စွာဘုရားက “ ဣဓ ဘိက္ခဝေ အရိယသာဝကော သဒ္ဒဟတိ တထာဂတဿ ဗောဓိံ၊ ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရောပုရိသဒမ္မသာရထိ သတ္ထာဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါတိ” ပါဠိတော်တွေမှာ အဲဒီအတိုင်းပဲ ရှိတယ်နော်။
သဒ္ဓါ- ယုံကြည်တယ်ဆိုတာ ဘာကို ယုံကြည်တာတုန်းဆိုတော့ ကြည့် တထာဂတဿ-မြတ်စွာဘုရား၏၊ ဗောဓိံ-အသိဉာဏ်ကို၊ သဒ္ဒဟတိ-ယုံကြည်၏။ တန်ခိုးကို ယုံတယ်လို့ မပါဘူးနော် ဒီမှာ။ မြတ်စွာဘုရားရဲ့ တန်ခိုးကို ယုံကြည်တာလို့ ဒီလို ပြောတာ မဟုတ်ဘူး။ အသိဉာဏ်ကို ယုံကြည်တာ။ ဒါ ဗုဒ္ဓဘာသာနဲ့ အခြားဘာသာတွေ မတူတဲ့အချက်လို့ ဒီလို မှတ်ထား။
ကဲ ဒါဖြင့် ဘယ်လိုထူးခြားလဲ။ ကိုယ့်ဟာကို စဉ်းစားကြည့်နော်။ တန်ခိုးကို ယုံတဲ့လူနဲ့ အသိဉာဏ်ကို ယုံတဲ့လူ ဘာကွာလဲ။ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေ အတွေးတွေက အများကြီး ကွာခြားသွားတယ်။ အနန္တတန်ခိုးကို ယုံတဲ့ပုဂ္ဂိုလ်က တန်ခိုးရှင်ရဲ့ မ,စမှုကို မျှော်လင့်နေတယ်၊ ဒါ တစ်ချက်။ မျှော်လင့်နေသည့်အတွက်ကြောင့် သူ့ကိုယ်ပိုင်ဉာဏ်နဲ့ လုပ်သင့်တာနဲ့ မလုပ်သင့်တာ သိဖို့ဆိုတာ မရှိဘူး။ သူ့ရဲ့ ကိုယ်ပိုင်ဆန္ဒ ဆုံးဖြတ်ချက်မရှိဘူး။ သူ့ရဲ့ လုံ့လဝီရိယ သူ့ရဲ့ အသိပညာက တန်ဖိုးမရှိဘူး။ ဘာလို့လဲဆို တန်ခိုးရှင်ကြီးက မ,မှာပဲလေ။ အဲဒါ တန်ခိုးယုံကြည်တဲ့သူက ဒီအခြေအနေမျိုး ရောက်သွားတယ်။
အသိဉာဏ်ကို ယုံကြည်တဲ့ပုဂ္ဂိုလ်ကျတော့ ဘယ်လို အခြေအနေ ဖြစ်လဲ? အသိဉာဏ်ကို ယုံကြည်တဲ့အတွက်ကြောင့် ဒီလို အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်က ဟောထားတဲ့ ဆုံးမထားတဲ့ အဆုံးအမတွေဟာ ဘယ်တော့မှ မမှားဘူး။ ဒီလိုပုဂ္ဂိုလ်မျိုးက ရှောင်ရမယ်ဆိုတာကို တို့ရှောင်ရမယ်၊ ဆောင်ရမယ်ဆိုတာကိုလည်း တို့ဆောင်ရမယ်၊ မရှောင်ရင် အပြစ်ရှိတယ်လို့ ဟောထားတယ်။အေး သေချာတယ် အပြစ်ရမယ်။
လိုက်နာလို့ရှိရင် အကျိုးရှိတယ်လို့ ဟောထားတယ်၊ သေချာတယ် လိုက်နာရင် အကျိုးရှိမယ်။ ဟော ဉာဏ်ယုံသည့်အတွက်ကြောင့် နောက်ဆက်တွဲက ကိုယ်ကိုယ်တိုင် လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားသိလာတယ်။ ကိုယ့်ရဲ့ဆန္ဒ ကိုယ့်ရဲ့ဝီရိယ ကိုယ့်ရဲ့အသိဉာဏ်တွေဟာ တန်ဖိုးတက်လာတယ်လို့ ဒီလို ပြောတာပေါ့နော်။
#ဒေါက်တာနန္ဒမာလာဘိဝံသ
crd - အရှင်ခေမိန္ဒ

No comments:

Post a Comment