Saturday, October 19, 2019

စိတ်ကောင်းရှိဖို့က ပထမ

 

❝စိတ်ကောင်းရှိဖို့က ပထမ❞ 


မြန်မာနိုင်ငံမှာ ကျမ်းပေါင်းများစွာပြုစုပြီး သာသနာကို ကျေးဇူးပြုသွားတဲ့ အမရပူရ မဟာန္ဓာရုံဆရာတော် အရှင်ဇနကဘိဝံသကသူ့ရဲ့စာသင်တိုက်မှာ နေထိုင်ပညာသင်ယူကြမယ့် တပည့်သံဃာတွေလိုက်နာဖို့ အချက်(၁၀)ချက်ကို ရေးဆွဲသတ်မှတ်ထားပါတယ်။
အဲဒီအချက်တွေကတော့ စိတ်ကောင်းရှိဖို့က ပထမ၊ ဝိနည်းလေးစားဖို့က ဒုတိယ၊ ကျန်းမာဖို့က တတိယ၊ သန့်ရှင်းဖို့က စတုတ္ထ၊ အဝတ်အစားဝတ်တတ်ဖို့က ပဥ္စမ၊အနေအထိုင်တတ်ဖို့က ဆဋ္ဌမ၊ အပြောအဆိုတတ်ဖို့က သတ္တမ၊ အသွားအလာတတ်ဖို့က အဋ္ဌမ၊
စည်းကမ်းလိုက်နာဖို့က နဝမနဲ့ စာတတ်ဖို့က ဒသမ ဆိုပြီးဖြစ်ပါတယ်။ (မဟာန္ဓာရုံဆရာတော်ဆရာတော်ကြီးရဲ့အကြောင်းကို ပါမောက္ခဒေါက်တာသန်းထွန်းက ❝မြန်မာနိုင်ငံက နှစ်ဆယ်ရာစု အထူးခြားဆုံး ပုဂ္ဂိုလ်❞အမည်နဲ့ စာအုပ်ရေးဖူးပါတယ်။
ဆရာတော်ကြီးကိုယ်တိုင်ရေးတဲ့ တစ်ဘဝသံသရာ ကိုယ်တိုင်ရေးအထ္တုပ္ပတ္တိကို ဒေါက်တာသန်းထွန်းက အကျဉ်း ပြန်ရေး ထားတာဖြစ်ပါတယ်။)

မဟာန္ဓာရုံဆရာတော်ကြီးရဲ့ ❝စိတ်ကောင်းရှိဖို့က ပထမ❞ဆိုတဲ့ အယူအဆဟာ ထူခြားအံ့သြဖို့ကောင်းပြီး ဘဝမှာ လက်တွေ့ကျင့်သုံးဖို့လည်းပဲ အင်မတန်မှ အရေးကြီးပါတယ်။
မဟာန္ဓာရုံဆရာတော်ကြီးဟာ သူတည်ထောင်တဲ့ စာသင်တိုက်မှာ လာရောက်ပညာသင်ကြမယ့် တပည့်သံဃာများအတွက် စည်းကမ်းများသတ်မှတ်ရာမှာ စိတ်ကောင်းရှိဖို့ကို အဓိက ဦးစားပေး ပထမအနေနဲ့ သတ်မှတ်ခဲ့ပြီး
ပညာတတ်ဖို့ကို နောက်ဆုံးမှာထားပြီး ဆုံးမထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
ဒီစာစုမှာတော့ ❝စိတ်ကောင်းရှိဖို့က ပထမ❞ဆိုတာနဲ့ပတ်သက်ပြီး ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ဟောပြောထားတဲ့ ❝စိတ်ကောင်းရှိဖို့က ပထမ❞ဆိုတဲ့
တရားတော်ကို အခြေခံပြီး ရေးချင်ပါတယ်။ အဲဒီလိုရေးသားတဲ့နေရာမှာ မှားယွင်းလွဲချော်မှုတွေ ပါဝင်ခဲ့ရင်လည်း မူရင်းတရားတော်ကို ဟောပြောတဲ့ ဆရာတော်ကြီးနဲ့ မသက်ဆိုင်ပဲ
ကျွန်တော့်ရဲ့ ပေါ့ဆညံ့ဖျင်းမှုသာ ဖြစ်ကြောင်းကိုလည်းပဲ တစ်ပါတည်း ဝန်ခံလိုပါတယ်။

✿ စိတ်ကောင်းဆိုတာဘာလဲ
စိတ်ကောင်းဆိုတာဟာ မကောင်းတဲ့ဟာတွေမပါတဲ့ဟာကို ခေါ်တာဖြစ်ပါတယ်။ ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ကြီး စိတ်ကောင်းနဲ့ပတ်သက်ပြီး အခုလိုရှင်းပြပါတယ်။
စိတ်ကောင်းဆိုတာ အခြေခံအားဖြင့်တော့ (၁) သူများအပေါ်မှာ ယုတ်မာတဲ့စိတ်မရှိဘူး။ (၂) ရိုးသားတယ်၊ ဖြောင့်မတ်တယ်။ (၃) သူများအကျိုးကို လိုလားတဲ့စိတ်၊ မေတ္တာထားတယ်၊ ကရုဏာထားတယ်၊ မုဒိတာပွားတယ် ...
ဒီစိတ်ကလေးတွေကို စိတ်ကောင်းလို့ ပြောရမယ်လို့ ဆိုပါတယ်။
စိတ်ကောင်းဆိုတာဟာ မေတ္တာ(ချစ်တတ်သော သဘောတရား၊ ချစ်တတ်- အကျိုးစီးပွားကို အလိုရှိတတ်-သော ခန္ဓပဗန္ဓ၌ ဖြစ်တတ်သောသဘောတရား)၊
ကရုဏာ(သနားကြင်နာခြင်း)၊ မုဒိတာ(ဝမ်းမြောက်ခြင်း)နဲ့ ယှဉ်သောစိတ်၊ ကုသိုလ်ကောင်းမှုဘက် ညွတ်သောစိတ်၊ မကောင်းမှုလုပ်ရမှာကို ရှက်ခြင်းနဲ့ မကောင်းမှုလုပ်ရမှာကို
ကြောက်သောစိတ်တွေဟာ စိတ်ကောင်းဖြစ်ပါတယ်။ စိတ်ကောင်းဆိုတာဟာ သဒ္ဓါ(ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်း)နဲ့ ယှဉ်တွဲလာတဲ့စိတ်၊ သတိနဲ့ ပညာနဲ့ ယှဉ်တွေလာတဲ့စိတ်တွေဟာလည်းပဲ စိတ်ကောင်းဖြစ်ပါတယ်။

စိတ်ကောင်းဆိုတာဟာ
(၁) သူများအပေါ် အနိုင်ကျင့်တာမျိုး မရှိဘူး၊
(၂) သူများဥစ္စာမတရားလိုချင်တာ မရှိဘူး။
(၃) သူတစ္ပါးသားမယား ျပစ္မွားခ်င္တာမရွိဘူး။
(၄) ကိုယ်မကြိုက်တဲ့အလုပ်ကို သူများကို သွားလုပ်ချင်စိတ်မရှိဘူး
(ကိုယ်ချင်းစာစိတ်ရှိတယ်)ဆိုတဲ့ အခြေခံအချက်အလက်တွေ ပြည့်စုံနေတဲ့စိတ်ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ပြောရမယ်ဆိုရင်တော့ ကိုယ်ချင်းစာစိတ် မရှိတဲ့စိတ်ထားမျိုး၊ အရှက်မဲ့တဲ့စိတ်ထားမျိုး၊ သဒ္ဓါတရားကင်းမဲ့တဲ့ စိတ်ထားမျိုး၊
ပြောချင်ရာပြော လုပ်ချင်ရာလုပ်တဲ့စိတ်ထားမျိုးကိုတော့ စိတ်ယုတ်မာလို့ ပြောရမှာဖြစ်ကြောင်း ပါချုပ်ဆရာတော်ကြီးက ဖွင့်ဆိုရှင်းပြပါတယ်။ ဒါထက်ပိုပြီး အနှစ်ချုပ်ပြောရရင်တော့ စိတ်ကောင်းဆိုတာ ကောင်းတဲ့အရာတွေနဲ့ တွဲဖက်ထားမှ
စိတ်ကောင်းဖြစ်ပြီး၊ မကောင်းတဲ့အရာတွေနဲ့ တွဲဖက်ထားရင်တော့ စိတ်ယုတ်မာဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

စိတ်နဲ့ပတ်သက်ပြီး မြတ်စွာဘုရားက ဟောကြားထားတဲ့ အဆုံးအမလည်းပဲ ရှိပြီးဖြစ်ပါတယ်။ ဘုရားရှင်က❝စိတ်ကလေး ညစ်နွမ်းနေရင် အခြေအနေဆိုးလိမ့်မယ် (ဝါ) အခြေအနေဆိုးကိုပဲ မျှော်လင့်လို့ရနိုင်မယ်၊
စိတ်ကလေး ဖြူစင်နေလို့ရှိရင်တော့ အကောင်းကို မျှော်လင့်လို့ရနိုင်မှာဖြစ်တယ်❞ လို့ ဟောကြားတော်မူထားပါတယ်။
အဲဒီအဆုံးအမနဲ့ပတ်သက်ပြီး ပါမောက္ခချုပ်ဆရာတော်ကြီးက ... မကောင်းတာတွေနဲ့ ပေါင်းတဲ့စိတ်ဟာ အဆိုးဘက်ကို သွားလိမ့်မယ်၊ ကောင်းတာတွေနဲ့ ပေါင်းတဲ့စိတ်ဟာ အကောင်းဘက်ကို သွားလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ မကောင်းတဲ့ စိတ်ကလေး ဝင်လာလိုက်တာနဲ့တစ်ပြိုင်နက် မကောင်းတဲ့အတွေးက ဝင်လာမှာပဲ။ အကောင်းတဲ့အတွေး တွေးထားတဲ့ ပုဂ္ဂိုလ်က မကောင်းတာပဲပြောမယ်။
မကောင်းတာပြောတဲ့သူက မကောင်းတာပဲ လုပ်လိမ့်မယ်။ အဲဒီအတွက် မကောင်းတဲ့ ဘက်အခြမ်းကို ရောက်သွားမှာ ဖြစ်တယ် ... ဆုံးမ လမ်းညွန်တော်မူပါတယ်။
အပြန်အလှန်အားဖြင်တော့ စိတ်ကလေးက ကောင်းတယ်ဆိုရင် ကောင်းတဲ့အတွေးတွေ တွေးလာတယ်။ ကောင်းတဲ့အတွေး တွေးလာသည့်အတွက်ကြောင့် ကောင်းတဲ့အပြော ပြောမှာ၊ ကောင်းတဲ့ အလုပ်လုပ်မှာ သေချာတယ်လို့ .. ဆုံးမပါတယ်။

ကောင်းတဲ့ဘက်အခြမ်းနဲ့ ဆိုးတဲ့ဘက်အခြမ်းဆိုတဲ့ အခြေအနေနှစ်ခုမှာ ကိုယ်က ဘယ်ဘက်မှာနေမလဲဆိုတာကို (ဝါ) ကိုယ်က ဘယ်ဘက်အခြမ်းကိုရောက်နေသလဲဆိုတာကို
ကိုယ့်ရဲ့စိတ်ဟာ အကောင်းတွေးနေသလား၊ အဆိုးတွေးနေသလား ဆိုတာကို ပြန်လည် သုံးသပ်ရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်ဟာ စိတ်ကောင်းလား၊ စိတ်ဆိုးစိတ်ယုတ်မာလားဆိုတာ
ဆင်ခြင်သုံးသပ်နေရမယ်လို့လည်း ဆရာတော်ကြီးက ဟောကြားတော်မူပါတယ်။ အဲဒီလို ပြန်လည်စဉ်းစားသုံးသပ်ပြီး အဆိုးဘက်မသွားအောင် အကောင်းဘက်ကို လှည့်ပေးနေခြင်းအားဖြင့် စိတ်ကောင်းကလေးကို မွေးမြူနိုင်မှာပဲ ဖြစ်ပါတယ်။
စိတ်ကောင်းမွေးမြူဖို့ ဘာကြောင့် အရေးတကြီးလိုအပ်သလဲဆိုရင် သဘာဝတရားတွေကို စိတ်ကသာ ဦးဆောင်နေလို့ပဲ ဖြစ်ပါတယ်။ 

ဒီအကြောင်းတရားနဲ့ပတ်သက်ပြီး
မြတ်စွာဘုရားရှင်က ❝သဘာဝတရားတွေကို စိတ်က ရှေ့ဆောင်နေတယ်။ ပျက်စီးနေတဲ့စိတ်နဲ့ ပြောလိုက်တယ်၊ လုပ်လိုက်တယ်ဆိုရင် ဆင်းရဲဒုက္ခတွေက နောက်ကလိုက်လာမှာပဲ၊စိတ်ကလေးက ကြည်လင်သန့်ရှင်းပြီး ကောင်းတဲ့အနေအထားနဲ့ ယှဉ်တွဲနေပြီဆိုရင် (ဝါ) ကောင်းတဲ့ သဘာဝတရားတွေနဲ့ တွဲဖက်ထားတဲ့ စိတ်ကလေးနဲ့
လုပ်မယ်၊ ပြောမယ်ဆိုရင် ချမ်းသာတွေက နောက်ကလိုက်လာမှာပဲ❞ လို့ ဟောကြားတော်မူခဲ့ပါတယ်။ ဒါကြောင့် ကျေးဇူးရှင် မဟာန္ဓာရုံဆရာတော် အရှင်ဇနကဘိဝံသရဲ့ ❝စိတ်ကောင်းရှိဖို့က ပထမ❞ ဆိုတဲ့ အဆုံးအမဟာ မြတ်စွာဘုရားရဲ့တရားတော်နဲ့လည်း ညီတယ် လို့ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးက ဆိုပါတယ်။

✿ စိတ်ရဲ့အညစ်အကြေးများ
စိတ်ကောင်းဆိုတာဟာ အညစ်အကြေးကင်းစိတ်တဲ့ ဖြူစင်သန့်စင်တဲ့ စိတ်ကလေးဖြစ်ပြီး အဲဒီစိတ်ကလေးကို အညစ်အကြေးတွေ ဖုံးလွှမ်းလာရင်တော့ စိတ်ယုတ်မာဖြစ်သွားတဲ့ သဘောပါပဲ။
စိတ်ရဲ့ အညစ်အကြေးတွေနဲ့ ပတ်သက်ပြီး ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ဓမ္မဒါယာဒသုတ္တန်မှာ ထုတ်ဖော်ဟောကြားထားတာရှိသလို မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်လည်း ၀သလသုတ္တန်မှာ ဟောကြားတော်မူထားတာလည်း ရှိပါတယ်။
အဲဒါတွေကတော့ (၁) ကောဓ၊ (၂) ဥပနာဟ၊ (၃)မက္ခ၊ (၄)ပဠာသ၊ (၅)ဣသာ၊ (၆)မစ္ဆရိယ၊ (၇)မာယာ၊ (၈)သာဌေယျ၊ (၉)ထမ္ဘ၊ (၁၀)သာရမ္ဘ၊ (၁၁)မာန၊ (၁၂)မဒ၊ (၁၃)ပမာဒ ဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။

၁။ ကောဓ
ကောဓ ရဲ့ အလုပ်လုပ်ပုံကတော့ ထစ်ခနဲရှိ စိတ်တိုတယ်၊ စိတ်ဆိုးတယ်၊ အလိုမကျဖြစ်တယ်ဆိုတဲ့ စိတ်နေစိတ်ထားတွေပဲဖြစ်ပါတယ်။
ထစ်ခနဲရှိ အလိုမကျဖြစ်ပြီး တစ်ဖက်သားကို ရန်လုပ်တဲ့ စိတ်ထားဟာ ကောဓ ဖြစ်ပြီး ကောဓ မှာ အမျက်ထွက်ခြင်း လက္ခဏာလည်းရှိတယ်၊
စိတ်တိုတတ်တဲ့ လက္ခဏာလည်းရှိတယ်၊ ကြမ်းတမ်းတဲ့ လက္ခဏာလည်း ရှိတယ်။ ရန်ငြိုးဖွဲ့ခြင်းကိစ္စလည်း ရှိတယ်။ စိတ်ထဲမှာ တေးမှတ်ထားပြီး
အမုန်းဖွဲ့တတ်တဲ့ သဘာဝလည်းရှိတယ်။ ကောဓ ဟာ ဖျက်စီးတတ်တဲ့ သဘာဝအနေနဲ့ပေါ်လွင်ပြီး ဖျက်စီးတတ်တဲ့ သဘာဝလည်းပဲ ရှိနေတတ်ပြန်ပါသေးတယ်။
ဒါတွေဟာ စိတ်ယုတ်မာတွေဖြစ်ပါတယ်။ အဲဒီလို စိတ်ထားရှိသူဟာ သူများကို မဖျက်စီးရခင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပြီး ဖြစ်နေတတ်တယ်လို့ ဆရာတော်ကြီးက ဆုံးမပါတယ်။
အဲဒီစိတ်ထားရှိသူတွေဟာ❝မစင်ကိုင်ပြီး သူများကို ပေါက်တဲ့သူလိုပဲ❞လို့ ဆရာတော်ကြီးက ဥပမာပေးဆုံးမတော်မူပါတယ်။

၂။ ဥပနာဟ
ဥပနာဟ ဆိုတဲ့ စိတ်ရဲ့အခြေအနေကတော့ အငြိုးအတေးထားတယ်၊ စိတ်ထဲမှာ ချည်နှောင်ထားတယ်၊ လူတစ်ယောက်ကို မုန်းပြီဆိုရင်
အဲဒီအမုန်းကို ရင်ထဲမှာ သိမ်းထားပြီး ချည်နှောင်ထားတယ်။ အမုန်းတရားနဲ့ သတိတရနေတယ်။ မေ့မပစ်ဘူး။ ခွင့်မလွတ်ဘူး။ ဂလဲ့စားချေဖို့
အမြဲတေးမှတ်ထားတယ်။ ရန်ငြိုးနဲ့ စိတ်ကို အမြဲတမ်းချည်နှောင်ထားတဲ့ သဘာဝတရားကို ဥပနာဟ လို့ ခေါ်ဆိုတယ်လို့ ဆိုပါတယ်။
အငြိုးအတေးထားတာနဲ့ပတ်သက်ပြီး ပါမောက္ခချုပ်ဆရာတော်ကြီးက ❝အငြိုးအတေးထားတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး၊
လောကကြီး ပျက်စီးမယ့် လက္ခဏာ❞လို့ ဆုံးမတော်မူပြီး စိတ်ယုတ်မာဖြစ်ကြောင်းကိုလည်း သတိပေးဆုံးမပါတယ်။

၃။ မက္ခ
မက္ခ ဟာ ချေဖျက်တယ်၊ သုတ်ပစ်တယ်၊ ဖျက်ပစ်တယ် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဘာတွေကို ဖျက်ပစ်တာတုန်းဆိုရင်
သူတစ်ပါးရဲ့ ကျေးဇူးတရားကို ဖယ်ရှားပစ်တာ၊ ကျောက်သင်ပုန်းမှာ ရေးထားတဲ့စာတွေကို ဖျက်ပစ်လိုက်သလို ကိုယ့်မှာ တင်ရှိနေတဲ့ သူများရဲ့
ဂုဏ်ကျေးဇူးတွေဖျက်ပစ်တာ၊ ကျေးဇူးတရားကို ရင်ထဲ နှလုံးသားထဲက အသိအမှတ်မပြုတာ။ (ဥပမာ- မိဘကျေးဇူးဆိုတာ အလကားပါဆိုပြီး
အဖေအမေက ကိုယ့်အပေါ် ကျေးဇူးရှိတယ်ဆိုတာကို ဖျက်ပစ်ကြတာမျိုး။) မက္ခ မှာ သူများရဲ့ ဂုဏ်ကျေးဇူးကို ဖျောက်ဖျက်ပစ်တဲ့ကိစ္စလည်းရှိတယ်၊
ကျေးဇူးတရားကို ဖုံးပစ်လိုက်တဲ့ အသွင်းလည်းပဲ ရှိတယ်လို့ ဆရာတော်ကြီးက ဟောကြားတော်မူပါတယ်။

၄။ ပဠာသ
ပဠာသ ဆိုတာဟာ တုပြိုင်ခြင်း လက္ခဏာရှိတဲ့ တရားဖြစ်ပါတယ်။ ပေါ်လွင်အောင်ပြောရမယ်ဆိုရင်တော့ ဗိုလ်မထားဘူးဆိုတဲ့ စိတ်ထားမျိုးပါ။
ဘာဖြစ်ဖြစ် သူနဲ့ငါ အတူတူပဲ၊ အနည်းဆုံးတော့ သူလည်းလူ ငါလည်းလူပဲ၊ ဘာဂရုစိုက်စရာရှိတုန်းဆိုတဲ့ စိတ်ဓာတ်မျိုးကို ပဠာသ ခေါ်ပါတယ်။
ဘာဂရုစိုက်စရာလိုလဲဆိုတဲ့ စိတ်ထားမျိုးမထားရဘူး၊ ကိုယ့်ထက်တော်ရင် အသိအမှတ်ပြုရမယ်၊ ကိုယ့်ထက် အသက်အားဖြင့်ကြီးရင်လည်းကောင်း၊ဂုဏ်အားဖြင့် ကြည့်ရင်လည်းကောင်း
အသိအမှတ်ပြုရမယ် လို့ ဆရာတော်ကြီး ဆိုပါတယ်။ အဲဒီလိုမဟုတ်ဘဲ အရာရာ အတူတူပဲဆိုတဲ့ စိတ်ထားမျိုးကတော့ စိတ်ယုတ်မာသာလျှင် ဖြစ်တယ်ဆိုပါတယ်။ သူတစ်ပါးရဲ့ ဂုဏ်တွေနဲ့ မိမိမှာရှိတဲ့ ဂုဏ်တွေလို
မိမိမှာရှိတဲ့ အရည်ချင်းနဲ့ သူတစ်ပါးမှာရှိတဲ့ အရည်အချင်းနှစ်ခုကို အတူတူပဲ ယူဆတယ်၊ သူတစ်ပါးရဲ့ ဂုဏ်အတိုင်းအတာအတိုင်း ငါ့မှာရှိတယ်လို့ အထင်ရောက်ခြင်းဟာ ပဠာသသခေါ်ပြီး ၎င်းဟာ စိတ်ရဲ့အညစ်အကြေးဖြစ်ကြောင်းလည်း ဟောပါတယ်။

၅။ ဣဿာ
ဣဿာရဲ့သဘောက သူတစ်ပါးရဲ့ အောင်မြင်ကြီးပွားမှုကို အမြဲတမ်း အပြစ်ပြောတယ်။ ရှုတ်ချတယ်။ ဣဿာ ဟာ မနာလိုခြင်းတရားပဲ။ မနာလိုခြင်းတရားကြောင့်ပဲ သူတစ်ပါး
အောင်မြင်ကြီးပွားလာမှုကို သည်းမခံနိုင်ဘူး၊ သူများအောင်မြင်မှုအပေါ်မှာ စိတ်မဝင်စားဘူး။ သူများစည်းစိမ်အောင်မြင်ကြီးပွားမှုကို မျက်နှာလွှဲချင်တယ်။ မျက်နှာလွှဲချင်တယ်ဆိုတာက မကြိုက်တဲ့သဘော။
မကြိုက်တဲ့စိတ်တွေပေါ်လွင်နေတယ်။ ဒါဟာ စိတ်ယုတ်မှာပဲလို့ ဆရာတော်ကြီးက ဆုံးမပါတယ်။
ဒီနေရာမှာ အပြန်အလှန်အားဖြင့် တစ်ခါတည်းပြောရရင် ဣဿာကို ဖယ်ရှားနိုင်တာ မုဒိတာဖြစ်ပါတယ်။ မုဒိတာဆိုတာ သတ္တဝါအားလုံး ရထားတဲ့ အခြေအနေတစ်ခုကနေ
ဆုတ်ယုတ်ပျက်ပြားမသွားပါစေနဲ့ဆိုတဲ့ စိတ်ထားမျိုးကို ဆိုလိုတာဖြစ်တယ်။

၆။ မစ္ဆရိယ
ကိုယ့်ရဲ့အောင်မြင်မှုကို ဆုပ်ကိုင်ထားတယ်။ သူများနဲ့ မဆက်ဆံလိုဘူး။ မဆက်ဆံလိုဘူးဆိုတာ ဒါမျိုး သူများမရစေချင်ဘူးဆိုတဲ့ တရားမျိုးဟာ
မစ္ဆရိယစိတ်ဖြစ်ပြီး အဲဒီစိတ်ဟာ စိတ်ယုတ်စိတ်မာသာ ဖြစ်တယ်လို့ ဆရာတော်ကြီး မိန့်မှာပါတယ်။

၇။ မာယာ
မာယာဆိုသည်မှာ ကိုယ်မဟုတ်တာလုပ်ပြီး မလုပ်ဘူးထင်အောင် ဖုံး ကွယ်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ မဟုတ်တာလုပ်တယ်၊ လုပ်ပြီးတော့ လူမသိအောင် ဖုံးကွယ်တယ်၊ အဲဒါ မာယာ ဖြစ်တယ်လို့ ဆရာတော်ကြီးက မိန့်ပါတယ်။
ကိုယ်လုပ်ထားတဲ့ မကောင်းမှုကို ဖုံးကွယ်ဖို့ ကြိုးစားတာဟာ သူများကို လှည့်စားတာဖြစ်လို့ မာယာလို့ ခေါ်ရခြင်းဖြစ်ပါတယ်။
မာယာနဲ့ပတ်သက်ပြီး အချက်နှစ်ချက်ရှိပါတယ်။ (၁) မိမိလုပ်တဲ့ ယုတ်မာမှုကို ဖုံးကွယ်ဖို့ကြိုးစားတာ မာယာ ဖြစ်ပြီး (၂) ကိုယ်လုပ်တာကို မလုပ်သယောာင်ယောင် လှည်စားချင်တာမျိုးဟာလည်း မာယာ ဖြစ်ပါတယ်။
ကိုယ်လုပ်ထားတဲ့ မကောင်းမှုကို အမြဲတမ်း လျှို့ဝှက်ထားတယ်။ အဲဒီလို လျှို့ဝှက်တဲ့ အနေအထားမျိုးပေါ်လွင်တယ်ဆိုရင် ယုတ်မာမှု (ဝါ) စိတ်ယုတ်မာသာဖြစ်ပါတယ်။
၈။ သာဌေယျ
ကိုယ့်မှာမရှိတဲ့ ဂုဏ်၊ ပကာသန ထုတ်ဖော်ပြတယ်။ ကိုယ့်မှာ မရှိတာကို ရှိယောင်ဆောင်တယ်။
မရှိတဲ့ဂုဏ်တွေနဲ့ လူတွေသိလာအောင် ကိုယ့်ကိုယ် ဂုဏ်ရှိတယ်ထင်အောင် လုပ်ပြတာဟာ သာဌေယျ ရဲ့ လုပ်ငန်းဆောင်တာတွေပါပဲ။ သာဌေယျနဲ့ပတ်သက်ပြီး ဆရာတော်ကြီးက
❝ဒေါင်းယောင်ဆောင်သောကျီး❞နဲ့ ဥပမာပေး ဆုံးမထားပါတယ်။ မရှိကိုအရှိလုပ်ပြီး အဆောင်အယောင်တွေနဲ့ အယောင်ဆောင်တာဟာ စိတ်ယုတ်စိတ်မာမျှသာဖြစ်ကြောင်း နားလည်ရပါတယ်။

၉။ ထမ္ဘ
ထမ္ဘဟာ (၁) မောက်မာတဲ့စိတ်ထားမျိုးဖြစ်တယ်။ (၂) ခက်ထန်တယ်၊ (၃) မရို့ကျိုးဘူး ဆိုတဲ့ အကြောင်းတရားတွေပါဝင်တယ်လို့ ဆရာတော်ကြီးက ဆိုပါတယ်။ လူကြီးသူမရှေ့ ခါးကလေးမှ ကိုင်းပြီးမသွားနိုင်ဘူးတာမျိုဟာ
ထမ္ဘ ဖြစ်ပါတယ်။ သံချောင်းမျိုမိထားတဲ့ စပါးကြီးမြွေလို မနာလိုမှုကို မျိုထားသည့်အတွက်ကြောင့် လူကြီးသူမရှေ့မှာတောင်မှ ခေါင်းလေးမော့ လည်လေးကျော့ပြီး သွားတာမျိးဟာ ထမ္ဘ ဖြစ်ပါတယ်။ မလေးစားနိုင်တဲ့ တရားဟာ ထမ္ဘဖြစ်ပါတယ်။
မှီခိုအားထားလိုခြင်းလည်း မရှိ၊ ဘယ်သူမှလည်း ဗိုလ်မထားဘဲ ဘယ်သူ့ ဂရုစိုက်ရမှာလဲ ဆိုတဲ့စိတ်ဓာတ်မျိုးဟာ ကောင်းမွန်ယဉ်ကျေးတဲ့ စိတ်ဓာတ်မျိုးမဟုတ်ပါဘူး။ နူးညံ့မှု၊ သိမ်မွေ့မှု၊ ပျော့ပြောင်းမှုမရှိတဲ့အသွင်ရှိပြီး အလွန်ခက်ထန်
မောက်မာတဲ့ အနေအထားမျိုး ရှိတဲ့အတွက် စိတ်ကောင်းမဟုတ်ကြောင်းနဲ့ စိတ်ကောင်းနှလုံးကောင်းမွေးပြီး အဲဒီအဆိုးတရားတွေကို မိမိရဲ့ သန္တာန်အတွင်းကနေ ဖယ်ရှားပစ်သင့်ကြောင်း ဆရာတော်ကြီးက ဆုံးမတော်မူပါတယ်။

၁၀။ သာရမ္ဘ
သာရမ္ဘကို မြန်မာစာပေမှာ ချုပ်ချယ်တယ် ဆိုတယ်ပေမယ့် ဆိုလိုရင်းအဓိပ္ပါယ်သိပ်မပေါ်ဘူးလို့ ဆိုပါတယ်။
ပါမောက္ခချုပ်ဆရာတော်ကြီးအဓိပ္ပါယ်ဖွင့်ပြတာကတော့ သာရမ္ဘဆိုတဲ့ တရားက ဘာတွေကို ထုတ်လုပ်သလဲဆိုရင် သူများထက်ပိုပြီး လုပ်ပြမယ်ဆိုတဲ့ စိတ်ထားမျိုး၊
သူကတစ်ခုဆိုရင် ငါကနှစ်ခုလုပ်ပြမယ်ဆိုတဲ့ စိတ်ထားမျိုး၊ တကယ်လုပ်နိုင်တာ မလုပ်နိုင်တာကို ထည့်မတွက်ဘဲ သူတစ်ခုဆိုရင် ငါနှစ်ခု လုပ်မယ်ဆိုတာမျိုးဟာ သာရမ္ဘက ထုတ်လုပ်တဲ့အရာတွေဖြစ်ပါတယ်။
အရည်အချင်းမရှိဘဲ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ပြီး လုပ်တတ်တဲ့ သဘာဝတရားကို သာရမ္ဘ လို့ခေါ်တယ်လို့ ဆရာတော်ကြီးက ဆုံးမပါတယ်။
အဲဒီသဘောတရားတွေ ကိုယ့်ဆီမှာ ကိန်းအောင်လာပြီဆိုရင် ဘယ်တော့ဖြစ်ဖြစ် ဆန့်ကျင် ဘက်လုပ်တယ်၊ ဘယ်သူနဲ့မှ လိုက်လျောညီထွေ မရှိဘူး။ နောက်ပြီး ဘယ်သူ့ကိုမှ မလေးစားဘူးဆိုတဲ့ စိတ်ဓာတ်မျိုးတွေ
ရှိလာနိုင်ပြီး ဒါတွေဟာ စိတ်ကောင်းမဟုတ် စိတ်ယုတ်စိတ်မာတွေသာ ဖြစ်ပါတယ်။

၁၁။ မာန
မာနရဲ့ လက္ခဏာတွေကတော့ (၁) ကြွစောင်း ကြွစောင်းနဲ့ ဘဝင်မြင့်နေမှု၊ (၂)ငါဆိုတဲ့ အမူအယာကို ရှေ့တန်းတင်ပြီး လုပ်တတ်မှု၊ (၃) အမြဲတမ်းကိုယ့်ကိုယ်
ကိုယ်ကိုယ် စိတ်ကြီးဝင်နေတဲ့အသွင် ဖြစ်ပါတယ်။ အဲဒီ မာနရဲ့သဘောတရားတွေကလည်း စိတ်ယုတ်စိတ်မာတွေသာဖြစ်ပါတယ်။

၁၂။ မဒ
မဒ ဆိုတာ ယစ်မူးတယ်လို အဓိပ္ပါယ်ရပါတယ်။ ဘာတွေကို ယစ်မူးတတ်တုန်းဆိုတော့ ရာထူးကိုလည်း ယစ်မူးတယ်။ ပိုက်ဆံချမ်းသာရင်လည်း ယစ်မူးတယ်။ ရထားတဲ့ အခြေအနေလေးတစ်ခုပေါ်မှာ
ယစ်မူးတဲ့စိတ်ထားမျိုးကို မဒလို့ ခေါ်ပါတယ်။ ဆရာတော်ကြီးကတော့ ရင်ထဲမှာ မဒ ဆိုတဲ့ သဘောတရားတွေ လွှမ်းလာပြီဆိုရင် အရူးလိုပဲလို့ ဆုံးပါမယ်။ ယစ်မူးစေတတ်တဲ့သဘောတရားဖြစ်ပြီး ရူးသွပ်ခြင်းအသွင် ပေါ်လွင်နေတယ် ဆိုပါတယ်။

၁၃။ ပမာဒ
ပမာဒ ဆိုတာဟာ ကာမဂုဏ်အာရုံတွေပေါ်မှာ စိတ်လွှတ်ထားတာ၊ ပျော်စရာပဲ စဉ်းစားမယ်။ တရားဘက် ဦးမလှည့်ဘူး။ ပျော်ပျော်နေသေခဲဆိုပြီး ပျော်ပျော်နေ၊ ပျော်ပျော်အိပ်၊ ပျော်ပျော်စား၊ ပျော်တာကို ရှာနေတဲ့ သဘာဝမျိုးကို ပမာဒ လို့ခေါ်တယ်။
ကာမဂုဏ်အာရုံအပေါ်မှာ စိတ်လွှတ်ထားခြင်းဆိုတဲ့ သဘာဝရှိတယ်၊ အဲဒါက စွန့်လွှတ်ထားမှုကို ဖြစ်စေတယ်။ (ဘာစွန့်လွတ်ထားမှုလဲဆိုတော့) ကိုယ့်ရဲ့ကြီးပွားရေးနဲ့ တမလွန်လောကအရေး ဘာကိုမှ မစဉ်းစားဘဲ သတိလွတ်နေတဲ့အနေအထားကို
ပမာဒ ခေါ်ပြီး အဲဒါဟာလည်း စိတ်ယုတ်စိတ်မာသာဖြစ်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းတရား ၁၃ ခုကို အရှင်သာရိပုတ္တရာက စိတ်အညစ်အကြေးတွေအဖြစ် ဓမ္မဒါယာဒသုတ္တန်မှာ ဟောထားပြီး မြတ်စွာဘုရားက ၀တ္တသုတ္တန်မှာလည်းပဲ ဒီအချက်တွေကို စိတ်ရဲ့ အညစ်အကြေးအဖြစ် ဟောကြားခဲ့တာဖြစ်ပါတယ်။
စိတ်ကောင်းဟာ ဘာကြောင့်အရေးကြီးလဲ (ဝါ) စိတ်ကောင်းရှိဖို့ ပထမလို့ ဘာကြောင့်ဆိုရသလဲဆိုရင် စိတ်ကောင်းရှိမှ ပြောတာကောင်းနိုင်မယ်။ လုပ်တာကောင်းနိုင်မယ်။ စိတ်ကောင်းမရှိဘူးဆိုရင် အပြောနဲ့ အလုပ်ဟာလည်း လွဲမှားနိုင်တယ်လို့ ပဲဖြစ်ပါတယ်။
စိတ်ကောင်းရှိဖို့ ပထမဆိုတာ ခေါင်းထဲမှာ စိတ်မှတ်ထားရမယ်၊ စိတ်ယုတ်မာကို ဖြစ်စေတဲ့ သဘာဝတရားတွေ ရှိလာရင် ဒါတွေကို ဖယ်ရှားပြီး ကောင်းမြတ်တဲ့ သဘာဝတရားတွေ တည်ဆောက်ရမယ်လို့ နှလုံးသွားပြီး စိတ်ကောင်းရှိအောင် ကြိုးစားအားထုတ်နိုင်ကြပါစေလို့
ပါမောက္ခချုပ်ဆရာတော်ကြီးက မိန့်မှာတော်မူခဲ့ကြောင်းပါဗျာ။

 ငြိမ်းချမ်းသာ
ဧၿပီ ၂၁၊ ၂၀၁၉။

(ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသရဲ့ စိတ်ကောင်းရှိဖို့ ပထမစာအုပ်ကို ဖတ်ပြီးရေးပါတယ်။ ဒီစာစုမှာပါဝင်တဲ့ အချက်အလက်တွေကို စိစစ်တည်းဖြတ်ပေးသူက အရှင်ခေမိန္ဒပါ။)

No comments:

Post a Comment