Saturday, October 19, 2019

မိဘနဲ့ သားသမီးအကြား မှန်ကန်သော အမြင်များ

 

❝မိဘနဲ့ သားသမီးအကြား မှန်ကန်သော အမြင်များ❞


မိဘနဲ့သားသမီးကြားက ဆက်ဆံရေးလို့ ပြောလိုက်တာနဲ့ အဲဒီ ကူးလူးဆက်နွယ်မှုဟာ အပြန့်ကျယ်သလောက် ပြောစရာတွေ များလှပါတယ်။
ခေတ်ကာလရဲ့ ဖြတ်သန်းပုံခြင်း မတူညီတာတွေ၊ အသက်အရွယ်အရ အမြင်ခြင်း ခြားနားနေတာတွေ၊ နောက် အခြေအနေတစ်ရပ်ကို ချဉ်းကပ်ပုံခြင်းမတူညီတော့တာတွေနဲ့
တစ်ခါတစ်ရံမှာ မိဘနဲ့သားသမီးတွေကြားက ဆက်ဆံရေးဟာ ခက်ခဲနေတတ်တာ အမှန်ပါပဲ။ ကျွန်တော့်ဘက်ကတော့ ဒီစာစုကနေတစ်ဆင့် မိဘနဲ့သားသမီးအကြား ဆက်ဆံရေးကို
ဒါမှမဟုတ် မိဘနဲ့သားသမီးအကြား မှန်ကန်တဲ့အမြင်တွေကို ဆွေးနွေးတင်ပြချင်ပါတယ်။ ဒီစာစုဟာ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသရဲ့ ❝မိဘနဲ့သားသမီးအကြား မှန်ကန်သော အမြင်များ❞ တရားဒေသနာတော်ကို အခြေခံပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒီစာစုမှာ လိုအပ်ချက်တစ်စုံတစ်ရာ၊ မှားယွင်းမှုတစ်စုံတစ်ခုရှိခဲ့ရင်
ဆရာတော်ကြီးနဲ့မသက်ဆိုင်ဘဲ ကျွန်တော်ရဲ့ ညံ့ဖျင်းမှုသာဖြစ်ကြောင်းကိုလည်း တစ်ပါတည်းဝန်ခံလိုပါတယ်။

သားသမီးဘဝက ချုပ်ချယ်တယ်၊ အမိန့်အာဏာနဲ့ အုပ်ချုပ်တယ်၊ အစိုးရိမ်လွန်တယ်လို့ မြင်ခဲ့မိသမျှတွေဟာ ကိုယ်တိုင် မိဘဘဝကိုရောက်တဲ့ တစ်ချိန်မှာတော့ တစ်ချို့တစ်လေသော
အကြောင်းအရာတွေကို ကိုယ်ချင်းစာနားလည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တချို့သော ကိစ္စတွေမှာ မိဘတွေအနေနဲ့ အမိန့်အာဏာနဲ့ အုပ်ချုပ်တာမကောင်းဘူး၊ မေတ္တာတရားနဲ့ပဲ အုပ်ချုပ်တာကောင်းတယ် ဆိုတဲ့ ယူဆချက်ကိုတော့
အပြီးတိုင်း မစွန့်လွှတ်နိုင်သေးပါဘူး။ အမေ့ကို သားသမီးအပေါ် ဒီလိုမြင်စေချင်တယ်၊ အဖေ့ကို သားသမီးအပေါ် ဒီလိုမြင်စေချင်တယ် ဆိုတဲ့ မျှော်လင့်တောင့်တစိတ်ကလေးတွေ ရှိနေတယ်ဆိုကတည်းက
မိဘနဲ့ သားသမီးအကြားမှာ နားလည်မှုချို့ငဲ့နေတယ်၊ ပျောက်ဆုံးနေတယ်၊ နည်းနည်းလေး ဝေးနေကြသေးတယ် ဆိုတဲ့ အဓိပါယ်ကို ဆောင်နေတာပါပဲ။ ကျွန်တော်ကိုယ်တိုင်ရော၊
ကျွန်တော့်အနီးအပါးက တစ်ချို့သော မိတ်ဆွေသူငယ်ချင်းများမှာပါ မိဘတွေနဲ့ ပတ်သက်လာရင် အားမလိုအားမရဖြစ်တာတွေ၊ စိတ်တိုင်းမကျတာတွေ၊ နောက် ကိုယ့်ကိုယ်နားလည်မပေးနိုင်ဘူး ထင်တာတွေ ရှိနေပါတယ်။
မိဘကို ရွေးချယ်ခွင့် မရှိခဲ့လို့သာရင်လို့ မှားမှားယွင်းယွင်း အတွေးခေါင်တတ်တဲ့ သူငယ်ချင်းများရဲ့ ယူဆချက်တချို့ကိုလည်း နှလုံးသားနဲ့ဆတ်ဆတ်ကြားဖူးပါရဲ့။ နောက် မိဘက ဘာအတွက်ကြောင့်များ ကိုယ့်အတွက်
အမြဲတမ်းဆိုသလို အသာစီးရနေတတ်သလို၊ မိဘကျေးဇူးတွေက ဘာကြောင့်များ ဆပ်လို့မကုန်နိုင်အောင် များပြားနေတတ်သလဲ၊ ကိုယ်ကျင့်တရားမကောင်းတဲ့ မိဘတွေရဲ့ သားသမီးဖြစ်ခဲ့ရင်ကော
ဘယ်လိုနေထိုင် ရှင်သန်ကြရမလဲဆိုတာ ကျွန်တော်တို့ အမြဲတမ်း မေးဖြစ်ပြီး အဖြေကို အမြဲတမ်းသိချင်နေကြတဲ့ မေးခွန်းတွေပါပဲ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ မိဘနဲ့ သားသမီးအကြား မှန်ကန်သောအမြင်များ တရားဒေသနာတော်မှာတော့ ဒီမေးခွန်းရဲ့
အဖြေတွေပါဝင်သလို ကျွန်တော်တို့ လိုက်နာကျင့်သုံး နေထိုင်ရမယ့် လမ်းညွှန်ချက်တွေ ဆုံးမသြဝါဒတွေလည်း ပါဝင်နေပါတယ်။ အဲဒီတရားတော်ထဲက အချက်အလက်အချို့ကို
အနှစ်ချုပ်ပြီး ဒီစာစုမှာ တင်ပြဆွေးနွေးပါ့မယ်။

✿ သားသမီးတွေက မိဘတွေအပေါ်မှာထားရမယ့် သဘောထားများ

ပထမဆုံးအနေနဲ့ သားသမီးတွေက မိဘအပေါ်မှာ ထားရမယ့် သဘောထားတွေရှိပါတယ်။ အဲဒါတွေကတော့
(၁) မိဘဆိုတာရှိတယ်။
(၂) မိဘရဲ့ကျေးဇူးတရားဆိုတာလည်း ရှိတယ်။
(၃) မိဘကို ပြုစုရင် ကောင်းကျိုးချမ်းသာတွေ ရတယ်
(၄) မိဘကို စော်ကားရင် မကောင်းတဲ့ အကျိုးတွေရတယ်
(၅) မိဘရဲ့ ကျေးဇူးကို ဓမ္မနဲ့ဆပ်ရင် ကျေအောင်ဆပ်နိုင်တယ်.. ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။ ဒီအတွေးအခေါ်နဲ့ ဒီအမြင်တွေဟာ လူငယ်တွေကြား မှာ စွဲစွဲမြဲမြဲကြီးရှိနေဖို့၊
နောက်ထပ်တစ်ဆင့်တက်ပြီးပြောရရင် လူယဉ်ကျေးတွေကြားမှာ စွဲစွဲမြဲမြဲရှိနေဖို့ အထူးလိုအပ်ပြီး အားလုံးကလည်းပဲ ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်တယ်လို့ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးက မိန့်ကြားတော်မူပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒါဟာ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ ဖြစ်နေလို့ပါပဲ။
ဒီနေရာမှာ အလေးအနက်ထား ပြောစရာရှိတာက ဒီသဘောထားတွေဟာ မြတ်စွာဘုရားရဲ့ အဆုံးအမပဲ၊ မဖြစ်မနေလိုက်နာရမယ်၊ မလိုက်နာနိုင်ရင် မင်းငရဲကိုသွား၊ အဲဒီလို ခြိမ်းခြောက်စကားနဲ့ မြတ်စွာဘုရားရဲ့အဆုံးမဖြစ်တယ်လို့
တရားလွန်တောင်းဆိုမှုနဲ့ ပြောလိုရင်းမဟုတ်ပါဘူး။ မြတ်စွာဘုရားရဲ့ အဆုံးအမဆိုတာဟာ (က) အများအကျိုးအတွက်ဖြစ်တယ်၊ (ခ) ကုသိုလ်ကောင်းမှုရဖို့အတွက်ဖြစ်တယ် (ဂ) ကောင်းကျိုးချမ်းသာတွေ ရဖို့အတွက်ဖြစ်တယ် ဆိုတဲ့
အချက်အလက်တွေနဲ့ ပြီးပြည့်စုံလို့ပဲဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်က လုပ်သင့်တာနဲ့ မလုပ်သင့်တာတွေကို ခွဲခြားပြီး ဟော ပြောသွန်သင်တော်မူပါတယ်။ လုပ်သင့်တာကိုတွေက ကောင်းကျိုးချမ်းသာရနိုင်တာတွေဖြစ်ပြီး မလုပ်သင့်တာတွေကတော့
ဒုက္ခဆင်းရဲနဲ့ တွေ့နိုင်တာ တွေပဲဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမဖြစ်လို့ နားထောင်သင့်၊ လိုက်နာဆောင်ရွက်သင့်တယ်လို့ ပြောလာရင် ဒါဟာ လိုက်နာဆောင်ရွက်သူကို ကောင်းကျိုးချမ်းသာတွေ ရစေဖို့အတွက် ပြောတဲ့စကားအဖြစ်
ကျွန်တော်တို့ နားလည်နိုင်ရမှာပဲ။ သုဂတဝိနယသုတ္တန်မှာ - မြတ်စွာဘုရားဖြစ်စေ၊ မြတ်စွာဘုရားရဲ့ အဆုံးအမဖြစ်စေ လောကမှာ ရှိနေသမျှကာလပတ်လုံး အများသတ္တဝါတွေ ချမ်းသာဖို့ဖြစ်တယ်လို့ ဟောပြောခဲ့တာကို ဆင်ခြင်ကြည့်ရင်
မြတ်စွာဘုရားရဲ့ အဆုံးအမကို ဘာကြောင့်လိုက်နာသင့်သလဲဆိုတာကို လွယ်လင့်တကူပဲ သဘောပေါက်နားလည်နိုင်မှာဖြစ်ပါတယ်။

✿မိဘကျေးဇူး အနှစ်ချုပ်

မိဘကျေးဇူးဟာ ဆပ်လို့မကုန်နိုင်ဘူးဆိုတဲ့ စကားဟာ ကျွန်တော်တို့ ကြားနေကြ စကားဟောင်းကြီးပါ။ ဒါပေမယ့် အဲဒီ မိဘကျေးဇူးဟာ ဘာ
ကြောင့်များဆပ်လို့ မကုန်နိုင်ရသလဲ ဆိုတဲ့ မေးခွန်းကို မေးရင်တော့ အဖြေက မရေမရာနဲ့ပဲ ပြီးဆုံးသွားတာကိုလည်းပဲ ကျွန်တော်တို့ ကြုံရလေ့ရှိပါတယ်။ မိဘကျေးဇူးနဲ့ ပတ်သက်လာရင်
ဘာကြောင့် ဆပ်လို့မကုန်နိုင်သလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဒီနေရာမှာ ဘုရားရှင်ဟောကြားတော်မူတဲ့ မိဘကျေး ဇူးနဲ့ပတ်သက်တဲ့ စကားလုံးတွေနဲ့ပဲ ယှဉ်ထိုးကြည့်ရင် အဖြေရနိုင်ပါတယ်။
ဘုရားရှင်က မိဘကျေးဇူးကို စကားလုံး သုံးလုံးနဲ့ပေါ်လွင်အောင် မိန့်ကြားတော်မူခဲ့ပါတယ်။
(၁) အာပါဒကာ - ဘေးရန်မကျအောင် စောင့်ရှောက်ခဲ့တယ်။
(၂) ပေါသကာ - ကျွေးမွေးခဲ့တယ်။
(၃) ဣမဿ လောကဿ ဒေဿတာရော - လောကကြီးကိုပြတယ်/ လောကကြီးကို လာခွင့်ပေးတယ် .. ဆိုတဲ့ စကားလုံးသုံးခုဖြစ်ပါတယ်။
ဘေးရန်မကျအောင် စောင့်ရှောက်တာ၊ ကျွေးမွေးခဲ့တာတွေဟာ တုံ့ပြန်ကျေးဇူးဆပ်ဖို့ မခက်လှပေမယ့် လောကကြီးလာခွင့်ပေးတဲ့ ကျေးဇူးက တော့ ဆပ်ဖို့ခက်လှပါတယ်။
လောကကြီးကို လာခွင့်ပေးတဲ့ ကျေးဇူးတရားတစ်ခုတည်းနဲ့ပဲ ကိုယ်က တစ်သက်လုံး မိဘရဲ့ ကျေးဇူးတရားကို မမေ့ထိုက် တော့ဘူးလို့ ကျေဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဆုံးမတော်မူပါတယ်။
ဒီနေရာမှာ ဘေးရန်မကျအောင် စောင့်ရှောက်တယ်၊ ကျွေးမွေးတယ်ဆိုတာနဲ့ပတ်သက်ပြီး လူတစ်ယောက်ချင်းစီနိုင်ဟာ မတူညီတဲ့ဘဝတွေကို ဖြတ်သန်းခဲ့ကြရတာမို့ ဘာကြောင့် ဘယ်လိုဆိုတာကို ပြောနေဖို့ခက်ပါတယ်။
ကိုယ်ဘယ်လိုရှင်သန်ကြီးပြင်းခဲ့ရတယ်ဆိုတဲ့ တိုင်းတာချက်နဲ့ ချိန်ထိုး စောင့်ရှောက်ကျွေးမွေးခြင်းအမှုကို ပြန်ပြီး ဆင်ခြင်ရင်း ကိုယ့်ရဲ့ မိဘသများကိုကျေးဇူးတင်သင့်ပါတယ်။ ဆိုကြပါစို့၊ အဲဒီ အချက်နှစ်ခုမှာ တချို့သောမိဘများက
အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် ချို့ငဲ၊ ပျက်ကွက်၊ မပြည့်မစုံဖြစ်ခဲ့မယ်ဆိုရင်တောင် လောကကြီးကို လာခွင့်ပေးတဲ့ ကျေးဇူးကိုတော့ မေ့မထားသင့်၊
မေ့မပစ်သင့်ဘဲ တစ်သက်လုံး ကျေးဇူးတင်၊ ကျေးဇူးဆပ်နေရမှာကတော့ သားသမီးတွေရဲ့ တာဝန်တွေပဲဖြစ်ပါတယ်။

✿ဆန့်ကျင်ဘက်တွေးရန်ရှိသည်များ

ဒီနေရာမှာ တော်လှန်တတ်တဲ့ လူငယ်စိတ်နဲ့၊ ဆန့်ကျင်ဘက်အနေနဲ့ ဒီလိုတွေးကြည့်နိုင်ပါသေးတယ်။ မိဘတိုင်းဟာ မိကောင်းဖကောင်းမဖြစ်နိုင်ဘူး၊ ၀တ္တရားမကျေတဲ့ မိဘ၊ ကိုယ်ကျင့်တရားမကောင်းတဲ့
မိဘစသည်ဖြင့် ရှိနေနိုင်ဘူးလား ဆိုရင် ရှိနေနိုင်ပါတယ်၊ ပြီးတော့ ဒီလိုရှိနေတာဟာလည်း လောကရဲ့ သဘာဝသာလျှင်ဖြစ်တယ်လို့ ဖြေရမှာပါပဲ။ အဲဒီလိုမိဘများကို သားသမီးဘက်က စော်ကားခဲ့ရင်ကော
အပြစ်ရှိသလားဆိုခဲ့ရင်တော့ ကျေးဇူးတရားက ကျေးဇူးတရားသာ ဖြစ်ပါတယ်။ ဆိုလိုတာက မိဘရဲ့ ကျေးဇူးက ကိုယ့်အပေါ်မှာ ရှိနေတာဟာ အသေအချာပဲဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့မှ မိဘကို စော်ကားလို့
မရပါဘူး ဆိုတဲ့ အဖြေကိုပဲ ရပါတယ်။
အဲဒီ အဖြေကို ဆက်ရှင်းကြည့်ရအောင်ပါ။ လောကကြီးထဲ လာခွင့်ပြုထားတဲ့ ကျေးဇူးက မိဘရဲ့ ကျေးဇူးတရားဖြစ်ပါတယ်။
(ဒီနေရာမှာ တာဝန် မကျေ၊ ကိုယ်ကျင့်တရားမကောင်းစတဲ့အချိန်များနဲ့ ချိန်ထိုးထားလို့ စောင့်ရှောက်၊ ကျွေးမွေး ဆိုတဲ့အချက်နှစ်ခုကို ဖြုတ်ထားခဲ့သည့်တိုင်အောင်
လောက ကြီးကို လာခွင့်ပြုတဲ့ကျေးဇူးကို မေ့ထားဖို့ မဖြစ်နိုင်ဘူးဆိုတာကို သတိထားရမှာပါပဲ။) ဆိုကြပါစို့၊ မိဘဖြစ်သူက မကောင်းမှုလုပ်တယ်၊ သူ လုပ်တဲ့ မကောင်းမှုက
ကိုယ်နဲ့ ပတ်သက်ဆက်ဆိုင်ခြင်းမရှိပါဘူး၊ သူလုပ်တဲ့ မကောင်းမှုကြောင့် ဖြစ်ပေါ်လာမယ့် ကံ၊ ကံရဲ့အကျိုးဆက်များဟာ သူနဲ့ပဲ ပတ်သက် ဆက်ဆိုင်ပါလိမ့်မယ်။ သို့တိုင်အောင်ပဲ မိဘဟာ
မိဘပဲ ဖြစ်နေပါလိမ့်မယ်။ မိဘကို စော်ကားရင် မိဘကောင်းလို့ စော်ကားတယ်ဆိုဦးတော့ စော်ကားတဲ့အပြစ်ဟာ ကိုယ့်ရဲ့အပြစ်သာလျှင်ပဲဖြစ်တယ်လို့ ပါမောက္ခချုပ်ဆရာတော်ကြီးက လမ်းညွှန်ဆုံးမတော်မူပါတယ်။
မိဘနဲ့သားသမီးကို အခြေအနေလေးခုနဲ့ ခွဲခြားကြည့်လို့ရနိုင်ပါတယ်။
(၁) ကိုယ်ကျင့်သီလမရှိသော မိဘနဲ့ ကိုယ်ကျင့်သီလရှိသော သားသမီး
(၂) ကိုယ်ကျင့်သီလမရှိသော သားသမီးနဲ့ ကိုယ်ကျင့်သီလရှိသော မိဘ
(၃) ကိုယ်ကျင့်သီလမရှိသော မိဘနဲ့ ကိုယ်ကျင့်သီလမရှိသော သားသမီး
(၄) ကိုယ်ကျင့်သီလရှိသော မိဘနဲ့ ကိုယ်ကျင့်သီလရှိသော သားသမီး.. ဒီလို သရုပ်လေးခုနဲ့ အကြမ်းအားဖြင့် ခွဲခြားထားနိုင်ပါတယ်။
ဒီအခြေအနေလေးခုရဲ့ ဘယ်အနေအထားမှာပဲဖြစ်နေဖြစ်နေ
(က) သားသမီးက မိဘကို စော်ကားရင် အပြစ်ရှိတယ်။
(ခ) ဘယ်လို မိဘမျိုးပဲဖြစ် ဖြစ် မိဘကို ပြစ်မှားရင် သားသမီးက အပြစ်ရှိတယ်။
(ဂ) ဘယ်လို မိဘမျိုးပဲဖြစ်ဖြစ် သားသမီးက ပြုစုစောင့်ရှောက်ရင် အကျိုးရှိတယ်လို့ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘုရားရှင်က ဆုံးမလမ်းညွှန်တော်မူထားပြီးဖြစ်ပါတယ်။

 ✿ပိုမိုရှုပ်ထွေးလာသော မြို့ပြလူနေမှုစနစ်နှင့်ခေတ်ကြီး

မိဘနဲ့ သားသမီးအကြားဆက်ဆံရေးမှာ ခေတ်စနစ်ကြီးကို ထည့်ပြီး မပြောရင် မပြည့်စုံနိုင်ပါဘူး။ ပိုမိုရှုပ်ထွေးလာတဲ့ မြို့ပြလူနေမှုစနစ်ကြီးနဲ့ ကျွန်တော်တို့ရဲ့ ခေတ်ကြီးမှာ မိဘနဲ့
သားသမီးအကြားက ဆက်ဆံရေးတွေ လျော့ပါးလာပါတယ်။ တစ်ယောက်အတွက်တစ်ယောက် အချိန်ဖဲ့မပေးနိုင် အောင်ပဲ ကိုယ့်ရဲ့ စားဝတ်နေရေးအတွက် အချိန်ကို ပုံအောသုံးလိုက်ရပါတယ်။
တစ်ဆက်တည်းမှာပဲ အလျှံပယ်ပေါများလာတဲ့ ဒီဂျစ်တယ်ဇိမ်ခံပစ္စည်း တွေ၊ နောက် လူမှုကွန်ရက်စာမျက်နှာပေါ်က သတင်းနဲ့ အတင်းအဖျင်းတွေ၊ စမတ်ဖုန်းပေါ်က ဂိမ်းတွေ၊ ဒီလိုအရာတွေကြားမှာ
အားချိန်၊ နားချိန်ဆိုတာတွေက ကုန်ဆုံးသွားကြတာ အများသားမဟုတ်လား။
အနောက်နိုင်ငံတွေမှာတော့ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ သူတစ်ယောက်ဟာ သူ့ရဲ့စိတ်ကူးစိတ်သန်းအတိုင်း ဘဝကို ခရီးဆက်ကြ၊ ရှင်သန်နေထိုင်ကြလေတော့ မိသားစုဘဝဆိုတာဟာ တကယ့်ကို ဒုလ္လဘတရားကြီးအဖြစ်ရှိနေတာကို
ကျွန်တော်တို့အားလုံးလည်း သိပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ မိဘနဲ့ သားသမီးအကြား မေတ္တာနှောင်ကြိုးကလေးရှိနေသေးပြီး အဲဒီနှောင်ကြိုးကလေးရှိနေတာဟာ အလွန်ကောင်းတယ် လို့
ဆရာတော်ကြီးက မိန့်ကြားပါတယ်။ ဘာကြောင့်လဲဆိုတော့ ၀တ္တရားကျေပွန်မှုအတွက် မေတ္တာနှောင်ကြိုးကလေးမှ ရှိမနေရင် ဘာမှ မျှော်လင့်စရာ မရှိတာကြောင့်ပဲလို့ ဆိုပါတယ်။
ဒီကနေ့ခေတ်မှာ မိဘကလည်း သားသမီးကို မစောင့်ရှောက်နိုင်တော့ဘူး၊ သားသမီးကလည်း မိဘကို မစောင့်ရှောက်နိုင်တော့ဘဲ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အသိအမှတ်မပြုတော့တဲ့အနေအထားဟာ
အတိုင်းအတာတစ်ခုထိ ရောက်လို့လာတာဟာလည်း အသေအချာပါပဲ။ ဒါကို ဆရာတော်ကြီးက ကောင်းတဲ့ လက္ခဏာမဟုတ်လို့ မှတ်ချက်ပြုတော်မူပါတယ်။ ကမ္ဘာလောကကြီး
ဆုတ်ယုတ်လာတဲ့ လက္ခဏာဖြစ်တယ်လို့လည်း မိန့်ကြားတော်မူပါတယ်။
တချို့တချို့သော အယူဝါဒများရဲ့ လွှမ်းမိုးမှုခံရသူတွေ၊ စိတ်ရဲ့ မကောင်းမှုမှာ အထူးမွေ့လျော်ကြသူတွေဟာ မိဘက ကိုယ့်အပေါ်ကျေးဇူးရှိ တယ်ဆိုတာကို လက်မခံချင်ကြတော့ပါဘူး၊ ဒါဟာ
မှားယွင်းတဲ့အမြင်တွေဖြစ်ပါတယ်။ ဒါ့ထက်ပိုပြောရရင် တချို့တွေဆိုရင် မိဘရှိတယ်ဆိုတာကိုတောင် အသိအမှတ်ပြုဖို့ ခက်ခဲကုန်ကြပါပြီ။ ဒီလိုအကြောင်းအချက်တွေဟာ လူ့လောကကြီး ပျက်စီးဖို့ဖြစ်တယ်၊
လူ့လောကကြီး ပျက်စီးဖို့အတွက် ဒီလိုအမြင် တွေမြင်လာခြင်းဖြစ်တယ်လို့ ပါမောက္ခချုပ်ဆရာတော်ကြီးက မိန့်မှာတော်မူပါတယ်။
ဆရာတော်ကြီးက မိဘနဲ့ သားသမီးအကြား မှန်ကန်သော အမြင်များတရားတော်ထဲမှာ - သူတော်ကောင်းတွေရဲ့ အမြင်မှာ မိဘဆိုတာ ကျေးဇူး ရှိတယ်။
သီလရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မိဘကျေးဇူးရှိတယ်၊ ကျေးဇူးကသာ ကိုယ့်နဲ့သက်ဆိုင်ပြီး သီလရှိတာ မရှိတာဟာ သူ့ရဲ့ ကိုယ်ရေးကိုယ် တာသာလျှင်ဖြစ်တယ်- လို့ ဟောကြားတော်မူပါတယ်။
အဲဒီလို သူတော်ကောင်းတွေရဲ့ အတွေးအခေါ် သူတော်ကောင်းတွေရဲ့ အဆုံးအမ လျော့ပါးသွား ပြီဆိုရင် ဆုတ်ယုတ်လာတာဖြစ်တယ်လို့လည်း ဆရာတော်ကြီးက မိန့်မှာတော်မူပါတယ်။

 ✿ မိဘနဲ့ သားသမီးကြားက မှန်ကန်တဲ့အမြင်

မိဘနဲ့သားသမီးကြားက မှန်ကန်တဲ့အမြင်ရှိဖို့ အထူးအရေးကြီးပါတယ်။ မိဘတွေဘက်က မွေးထားတဲ့ သားသမီးတွေ ကြီးပွားတိုးတက်ဖို့ တာဝန် ရှိပါတယ်။ ဆုံးမသြဝါဒနဲ့ လမ်းညွှန်မှုတွေပေးရပါတယ်။
(မိဘကျင့်ဝတ်ငါးပါးဖြည့်ဆည်းပေးနိုင်ရပါမယ်)။ အဲဒီလိုပဲ သားသီးများဘက်ကလည်း ငါတို့ကို ကျွေးမွေးပြုစုထားတာ၊ ငါတို့ရဲ့ကျေးဇူးရှင်ဖြစ်တယ်၊ ရိုသေလေးစားရမယ်၊ ပြုစုစောင့်ရှောက်ရမယ်ဆိုတဲ့ အမြင်ရှိရမယ်။
မြတ်စွာဘုရားရှင်က -
တာယ နံ ပါရိစရိယာယ၊ မာတာပိတူသု ပဏ္ဍိတာ၊
ဣဓေ နံ ပသံသန္တိ၊ ပေစ္စ သဂ္ဂေ ပမောဒတိ။
- အသိပညာရှိတဲ့ သားသမီးတွေက မိဘကို ပြုစုလုပ်ကျွေးကြတယ်။ အဲဒီလို ပြုစုလုပ်ကျွေးသည့်အတွက်ကြောင့် ဒီဘဝမှာ ချီးမွမ်းခံရပြီး နောင်ဘဝကျတော့လည်း နတ်ပြည်ရောက်တယ် - လို့ ဟောကြားတော်မူခဲ့ပါတယ်။
ဒီဒေသနာတော်မှာ မိဘကို ပြုစုလုပ်ကျွေးခြင်းရဲ့ အကျိုးကျေးဇူးအနေနဲ့ မြတ်စွာဘုရားက အချက်နှစ်ခုကို ဖော်ပြထားတယ်လို့ ဆရာတော်ကြီး ဆိုပါတယ်။ အဲဒီအချက်နှစ်ခုကတော့
(၁) ဒီဘဝ ချီးမွမ်းခံရမယ် (၂) နောက်ဘဝ နတ်ပြည်ရောက်မယ်ဆိုတဲ့ အချက်နှစ်ခုပဲဖြစ်ပါတယ်။ ဆရာတော်ကြီး က ဆက်လက်မိန့်ကြားတာကတော့ ဒေသနာတော်ဟာ အပြန်လှန်နှစ်ခုယူရတယ်၊
အကောင်းလုပ်ရင် အကောင်းဖြစ်တယ်၊ အဆိုးလုပ်ရင် အဆိုးဖြစ်တယ် လို့ ဆိုပါတယ်။ ဆိုတော့ မိဘကို စော်ကားမယ်ဆိုရင် (၁) ဒီဘဝမှာ ကဲ့ရဲ့ခံရပြီး (၂) နောင်ဘဝမှာ ငရဲကျမယ် လို့ ဆိုလိုတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
သားသမီးများဘက်က မိဘများနဲ့ ဆက်ဆံတဲ့အခါ သဒ္ဓါတရားမရှိတဲ့မိဘကို သဒ္ဓါတရားဖြစ်လာအောင် လုပ်ပေးရမယ်၊ ကိုယ်ကျင့်သီလမရှိတဲ့ မိဘကို ကိုယ့်ကျင့်သီလရှိအောင်လုပ်ပေးရမယ်၊ မိဘရဲ့ကျေးဇူးကို
ဓမ္မနဲ့ဆပ်ရမယ်၊ ဓမ္မနဲ့ဆပ်ရင် ကျေလည်နိုင်မှာပဲ ဖြစ်ပါတယ်။ သားသမီးက ကိုယ်ကျင့်တရားကောင်းပြီး မိဘက ကိုယ်ကျင့်တရားမကောင်းဘူးဆိုရင် သားသမီးက မိဘအရာလိုနေပြီးတော့ ကိုယ့်မိဘကောင်း
လာအောင် ပြုပြင်ဆောင်ရွက် တိုက်တွန်းနှိုးဆော်ပေးရင် မိဘဟာ ကောင်းတဲ့အနေအထားဖြစ်လာနိုင်ပါတယ်။

 ✿ မိဘစကားနေရာတိုင်းမှာ နားထောင်သင့်သလား

ဆက်လက်ပြီးတွေးရရင် ပြီးပြည့်စုံတဲ့မိဘတွေရှိသလို လိုအပ်ချက်ရှိတဲ့ မိဘတွေလည်းရှိတာကြောင့် မိဘစကားကို နေရာတိုင်းမှာ နားထောင်သင့်ရဲ့လားဆိုတဲ့ စဉ်းစားစရာ မေးခွန်းတစ်ခုလည်း ရှိလာပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဆရာတော်ကြီးက -
(က) ကျိုးကြောင်းဆီလျော်တဲ့ မိဘစကားဆိုရင် နားထောင်ရမယ်။
(ခ) ကုသိုလ်ကောင်းမှုနဲ့ပတ်သက်တာမျိုး၊ ကောင်းတာလုပ်တဲ့အခါမျိုးမှာတော့ မိဘသဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လုပ်ရတာမျိုး ရှိတယ် .. လို့ ဆိုပါတယ်။
အထူးအလေးထားလိုက်နာရမယ့် အချက်တစ်ခုကတော့ နားထောင်ရမယ်ဆိုတဲ့နေရာမှာ ဆုံးမသြဝါဒအနေနဲ့ နားထောင်ရမှာဖြစ်ပြီး မိဘစကား ဟာ ကိုယ်ရည်မှန်းတဲ့ ကုသိုလ်ရဲ့
အောက်တန်းကျနေလို့ရှိရင်တော့ နားထောင်စရာမလိုဘူးလို့ ပြောရမှာပဲ လို့ ဆရာတော်ကြီးက မိန့်မှာတော်မူပါတယ်။
(၁) မိဘကို ပြုစုလုပ်ကျွေးရမယ် (၂) မိဘကို ရိုသေလေးစားရမယ် ဆိုတဲ့ အဆုံးအမရိုးရိုးကလေး နှစ်ခုဟာ ကျွန်တော်တို့နဲ့ မစိမ်းလှတဲ့ အဆုံးအမများသာဖြစ်ပါတယ်။
အဲဒီအဆုံးအမနှစ်ခုဟာ (၁) မိဘဆိုတာ ရှိတယ် (၂) မိဘရဲ့ ကျေးဇူးတရားဆိုတာ ရှိတယ်။ (၃) မိဘကို ကုသိုလ်ရတယ် (၄) မိဘကို စော်ကားရင် အကုသိုလ်ကံဖြစ်နိုင်ပြီး (၅) မိဘရဲ့ကျေးဇူးကို ဓမ္မနဲ့ဆပ်လို့ရှိရင်
ကျေအောင်ဆပ်နိုင်တယ် ဆိုတဲ့ အချက်(၅)ချက် ရှိမနေခဲ့ရင် ကျင့်သုံးဖို့ ခဲယဉ်းမှာ အသေအချာပါပဲ။ ကျွန်တော်တို့ဟာ သားသမီးတွေအဖြစ်ကနေ မိဘနေရာဆီ ရောက်လာခဲ့ကြသူတွေဖြစ်ပါတယ်၊ ကိုယ်တိုင် မိဘ
နေရာရောက်နေတဲ့အချိန်မှာတောင် မိဘရဲ့ ကျေးဇူးကို လွယ်လွယ်ကလေး မေ့ပစ်၊ ပေါ့ပေါ့ကလေး ထားရစ်ပစ်ခဲ့ရင် မှန်ကန်တဲ့သဘောထားအမြင်ရှိသူ တွေလို့ ပြောဖို့ခက်မှာပါ။ မှန်ကန်တဲ့သဘောထားအမြင်မရှိခဲ့ရင်တော့
မိဘနဲ့သားသမီးတွေဟာ ဝေးချင်တိုင်း ဝေးနေကြဦးမှာပါပဲ။
မိဘနဲ့ သားသမီးအကြားက မှန်ကန်တဲ့အမြင်ဆိုတာဟာ (၁) မိဘဆိုတာ ရှိတယ် (၂) မိဘရဲ့ ကျေးဇူးတရားဆိုတာ ရှိတယ်။ (၃) မိဘကို ကုသိုလ်ရတယ် (၄) မိဘကို စော်ကားရင် အကုသိုလ်ကံဖြစ်နိုင်ပြီး
(၅) မိဘရဲ့ကျေးဇူးကို ဓမ္မနဲ့ဆပ်လို့ရှိရင် ကျေအောင်ဆပ်နိုင်တယ်ဆိုတဲ့အမြင်တွေ ပဲဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ အဲဒီအဆုံးအမတရားတွေကို မှတ်သားပြီးတော့ မိဘနဲ့ပတ်သက်လာရင်
လွဲမှားတဲ့အတွေးတွေ မတွေးမိစေဖို့၊ မှန်ကန်တဲ့အတွေးတွေ တွေးပြီးတော့ ကုသိုလ်တရားဖြစ်ပွားအောင် ကြိုးစားအားထုတ်ကြပါလို့ ပါမောက္ခချုပ်ဆရာတော်ကြီးက မိန့်မှာတော် မူခဲ့ကြောင်းပါဗျာ။
ငြိမ်းချမ်းသာ
16-3-2019

 (ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသရဲ့
မိဘနဲ့ သားသမီးအကြား မှန်ကန်သေ စာအုပ်ကိုဖတ်ပြီး ရေးပါတယ်။ စာကို တည်းဖြတ်အမှန်ပြင်ပေးသူက #အရှင်ခေမိန္ဒ ပါ။)

No comments:

Post a Comment