Saturday, October 19, 2019

ကမ္ဘာရွာကြီးထဲမှာ အမျိုးဘာသာ သာသနာ

 

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
မဟာမြိုင်တောကြီးထဲမှာ ဟောတဲ့ တရားတော်များ(၁)

✿ ကမ္ဘာရွာကြီးထဲမှာ အမျိုးဘာသာ သာသနာ


■ မောင်သွေးချွန် မှတ်တမ်းတင်ပူဇော်သည်

❝ ဒီနေ့ ကမ္ဘာရွာကြီးဆိုပြီး
ဓလေ့ပေါင်းစုံ ရော မွှေခံနေရချိန်မှာ
ကိုယ့်လူမျိုးရဲ့ ဓလေ့၊
ကိုယ့်လူမျိုး ရဲ့ သာသာ သာသနာ
ဓလေ့ထုံးတမ်းစဉ်လာကောင်းတွေ ကို မစွန့်ကြပါနဲ့၊
အသားလို မကျင့်နဲ့ ဆားလိုကျင့်ရမယ့် အချိန်ပါ။ ❞


စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်ထဲက မဟာမြိုင်တော ကြီးမှာ တစ်ပါးတည်း ဧကစာရီသီတင်းသုံးကာ တရားဖြင့် သာနေတော်မူလျက်ရှိတဲ့ ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာ တော်ဘုရားကြီးအား အနယ်နယ်အရပ်ရပ်မှ တပည့်ဒကာ သာဝကများ၊ ဝေနေယျများ အရောက်သွားဖူးမြော်လျက် ရှိပါတယ်။ အမေရိကန်-အင်္ဂလန်-ဂျပန်-ထိုင်း-ဖိလစ်ပိုင်- စင်္ကာပူ စတဲ့ နိုင်ငံများက ရွှေမြန်မာများလည်း တရားထူး နာကြားရအောင် ဆရာတော်ကြီးထံတော်ပါး အရောက် သွားဖူးမြော်လျက်ရှိပါသည်။ အခု တပေါင်းလအခါရာသီ မှာ ပိုပြီးတော့ စည်စည်ကားကား မြို့ရွာများအလိုက် တစ် သုတ်ပြီး တစ်သုတ်တစ်ဖွဲ့ပြီးတစ်ဖွဲ့ စုစုစည်းစည်းနဲ့ မဟာ မြိုင်ဆီခရီးနှင်နေကြပြီ ဖြစ်ပါတယ်။

ဆရာတော်ကြီးဟာ မြန်မာပြည်အရပ်ရပ်မှာ အရညဝါသီ တောရပ်မှီသီတင်း သုံးခဲ့တာဖြစ်လေတော့ ဒီအချိန်မှာ ဆရာတော်ကြီး တောရ ဆောက်တည်ခဲ့ဖူးရာ မြို့ရွာတွေက သာဝကတွေဟာ ဆရာတော်ကြီးရှိရာ အရောက်သွားပြီး ဖူးမြင်လေ့ရှိကြပါ တယ်။
ဆရာတော်ကြီးဟာ လေးငါးနှစ်ဆက်တိုက်လည်း ကျောင်းတံခါးမဖွင့်ဘဲ တစ်ပါးတည်း အားထုတ်နေလေ့ရှိ တယ်။ တစ်နှစ်ပတ်လုံး ကျောင်းတံခါးပိတ်ထားရာက တပေါင်းလရောက်မှ ကျောင်းတံခါးဖွင့်ကာ အဖူးခံလေ့ရှိ တာလည်း ထူးခြားတဲ့အစဉ်အလာတစ်ရပ်ပါပဲ။ ဆရာတော် ကြီး ရှမ်းပြည်နယ် သံလွင်အရှေ့ခြမ်း သုဝဏ္ဏသျှမ်တောင် မှာ သီတင်းသုံးတော်မူစဉ်အခါကလည်း ဆရာတော်ကြီး ကို ဖူးခွင့်ရတာ တပေါင်းလအခါ ရာသီပါပဲ။ ရွှေဘိုခရိုင် နတ်တလူတောရမှာ သီတင်းသုံးပြန်တော့လည်း ဆရာတော် ပူဇော်ပွဲ ဖူးမြော်ပွဲကြီး နွှဲခွင့်ရတာ တပေါင်းလ အခါသမယ ပါပဲ။

တပေါင်းလဟာ ရာသီဥတုအားဖြင့် မပူလွန်း၊ မအေး လွန်းသေးတဲ့ ဘမနွေးဥတုရှိတဲ့အချိန်၊ မြေပြင်နဲ့ ထက်ဝန်း ကျင်မှာ သာယာလှပနေတဲ့အချိန် စကြာဝဋ္ဌာထဲလွင့်မျော နေတဲ့ ကျောက်ဆိုင်ကျောက်တုံးတွေ တပေါင်းတည်း ပေါင်းစည်းမိတာ ကမ္ဘာကြီး စတင်ဖြစ်ပေါ်လာတဲ့နေ့လို့ ဆိုပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင် ကပ္ပလဝတ်ပြည်တော် ဝါကာ ဆွေတော်မျိုးတော်တွေကို တရားရေအေးအမြိုက် ဆေးတိုက်ကျွေးတော်မူတာလည်း တပေါင်းလပြည့်နေ့ ပါပဲ။ ကျေးဇူးရှင် သီတဂူဆရာတော်ကြီးကဆိုရင် မြတ်စွာ ဘုရားခရီးသွားဒေသစာရြီ<ွကချီတာကို အကြောင်းပြုပြီး တပေါင်းလပြည့်နေ့ကို 'ခရီးသွားနေ့'လို့ သတ်မှတ်တော်မူ ခဲ့ပါတယ်။

အခုလည်း တပေါင်းလဆန်းကစပြီး ဓမ္မခရီးသည်တွေ မဟာမြိုင်တောကြီးဆီ ခရီးနှင်နေလိုက်တာ ပျားပန်းခတ် နေသလိုပဲ။ သာစည်၊ ရန်ကုန်၊ ပျဉ်းမနား၊ ရွှေဘို၊ ဇီးကုန်း၊ မိုင်းပျဉ်း စတဲ့ မြို့ရွာအနှံ့က တပည့်သာဝကတွေ မဟာ မြိုင်တော်ကြီးဆီ ဓမ္မခရီးနှင်လျက်ရှိပါတယ်။ ရန်ကုန် ဝေနေယျများအတွက် တပေါင်းလဆန်း ၁၁ရက် ၁၅-၃-၂ဝ၁၁ လို့ သတ်မှတ်ထားကြောင်း သိရပါတယ်။ ကျွန်တော်ကား ဘတ်စ်ကားပေါ်မှ ပြုတ်ကျပြီး ခြေထောက် ဒဏ်ရာရထားလေရာ ဒီတစ်ပွဲတော့ လွဲလေပြီဟု ရင်ထု မနာဖြစ်လျက်ရှိပါသည်။

မဟာမြိုင်ကို လိုက်ပို့ပါလို့ တောင်းဆိုကြတဲ့ ဓမ္မမိတ် ဆွေများကိုလည်း တောင်းပန်ရပါတယ်။ လောလောဆယ် မဟာမြိုင်မသွားနိုင်သေးမီမှာ ဆရာတော်ကြီး မဟာမြိုင် မှာ ဟောတော်မူတဲ့တရားများကိုသာ အတိုးချပြီး နာကြား ကာ ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ကြီးကို ဦးနှိမ်ရိုကျိုး ရှိခိုးကန်တော့လိုက်ရပါတယ်။
ဆရာတော်ကြီးဟာ ရောက်လာသမျှ ဝေနေယျတွေ ကို လက်ချည်းမပြန်စေရ၊ ဓမ္မဒေသနာအားဖြင့် ထိုက်သင့် စွာ ချီးမြှင့်တော်မူခဲ့တာချည်း၊ ယခုဖော်ပြမည့်တရားတော် မှာ ၁၃၇၁ခု တန်ခူးလဆန်း ၁၄ရက်(၂၈-၃-၂ဝ၁၁)မှာ ရွှေဘိုမြို့မှ တပည့်ဒကာ သာဝကများဟောကြားတဲ့ တရား တော်ထဲက ကောက်နှုတ်ပူဇော်လိုက်ခြင်းဖြစ်ပါတယ်။

■ 'အသားလို မကျင့်နဲ့ ဆားလိုကျင့်'
တရားဆိုတာ တို့ဆီလာရုံနဲ့လည်းမရ တို့ဟောတာ နာရုံလေးနဲ့လည်း မရပါဘူးဗျာ။ အိမ်မှာလဲ နေနေ၊ လုပ် ငန်းခွင်မှာပဲရှိရှိ အမှတ်သတိလေးအမြဲရှိနေမှ တရားနဲ့ နေတယ်ခေါ်ရမှာ၊ ဒီနေ့ ကမ္ဘာလောကကြီး ဒုက္ခပင်လယ် ဝေနေချိန်မှာ နေတတ်အောင် နေတတ်ဖို့ အရေးကြီးတယ်။ ဒုက္ခတွေ ဘယ်လောက်များများ ချမ်းသာအောင်နေတတ် ရတယ်။ ချမ်းသာတယ်ဆိုတာ ပစ္စည်းရှိတာနဲ့ မဆိုင်ဘူး၊ မနေတတ်ရင် ပစ္စည်းရှိလေ ရာထူးကြီးလေ ဆင်းရဲ လေပဲ။
သန္တုဌိ-ရောင့်ရဲခြင်းတရားလက်ကိုင် မတားရင် ချမ်း သာလေလေ ပစ္စည်းရှိလေ ဆင်းရဲလေပဲ။ ရောင့်ရဲခြင်းဆို တာ ဘာမှ မလုပ်ဘဲ ထိုင်နေဖို့ ပြောတာမဟုတ်ဘူး။ လူ ဖြစ်လာတာ လူ့တာဝန်၊ လူ့အလုပ်တွေ လုပ်နေရမှာပါပဲ။ ဒါပေမယ့် လောဘခိုင်းသမျှ လိုက်လုပ်နေရင် စိတ်အေး အေးမနေနိုင်တော့ဘူး။ စိတ်မချမ်းသာတော့ဘူး။ လောဘ ခိုင်းတာလုပ်ရင် ပစ္စည်းရချင်ရမယ်။ စိတ်ချမ်းသာမှုကို မရနိုင်ဘူး။ လောဘစိတ်က တစ်ခုရပြီးနောက်တစ်ခု ထပ် လိုချင်၊ နောက်ဆုံးရှိသမျှ အကုန်လိုချင်ဆိုတော့ စိတ်မအေး နိုင်တော့ဘူး။

တို့-ရှမ်းပြည်နယ် သုဝဏ္ဏသျှမ်တောင်နေခဲ့တုန်းက လားဟူ၊ လီရှော၊ တိုင်းရင်းသားတွေကြားနေခဲ့ရတာ၊ အဲဒီ မှာ 'လီရှောတွေရဲ့ ဘဝနေနည်း'ကို သတိပြုမိတယ်။ လီ ရှောတွေဆိုတာ ဒီနေ့ခေတ်ကြီးမှာ ကမ္ဘာဦးတုန်းကလိုပဲ မြေကြီးပေါ်ပဲနေကြ အိပ်ကြတာ၊ အိမ်ကိုမိုးထားပုံက မြက် ပေါ်မြက်ထပ်ပြီး မိုးထားတာ၊ လားဟူက သက်ကယ်ကို အသုံးပြုတတ်တယ်။ နေတော့လည်း အခင်းလေးပါသေး တယ်။ ဘယ်လောက် ရောင့်ရဲကြလဲဗျာ။ သူ့ရိုးရာနဲ့ သူ့ ဓလေ့နဲ့ အေးအေးချမ်းချမ်းနေတတ်လိုက်ကြတာ၊ သာသနာ ပြုတယ်ဆိုတာလည်းသူ့တို့ ဓလေ့ကိုသိမှ လေးစားမှ အောင်မြင်တယ်။ သူတို့ ဓလေ့နဲ့ ကိုက်အောင်ဗုဒ္ဓသာသနာ နဲ့ ပြုပြင်ပေးရတယ်။

ဒီနေ့ခေတ်ကတော့ဗျာ၊ ဓလေ့တွေရောကုန်ပြီ။ အင် တာနက်ခေတ်ဆိုတာကိုးဗျ၊ ကမ္ဘာကြီးကလည်း ရွာဖြစ် သွားပြီတဲ့၊ ကမ္ဘာရွာဆိုတာကိုး၊ ကမ္ဘာရွာကြီးထဲ အရှေ့ အနောက် ဓလေ့တွေရောကုန်ပြီ။ ဟိုက ထိုင်ရာမထ လွှတ်လိုက်တဲ့ ဓလေ့ဆန်းတွေက တန်းခနဲရောက်လာတာ၊ ဒီလိုခေတ်ကြီးထဲမှာ တို့လူဖြစ်ရမှာ၊ ငယ်သူတွေ သတိထား ရတော့မယ်။ ဓလေ့ချင်း လူမျိုးချင်း အရောခံရတော့မယ် နော်။ ဘာသာချင်းပါအနှောခံရတော့မယ်။ သတိကြီးကြီး ထားပြီး နေကြရတော့မယ်။
တို့ ရဟန်းဖြစ်စက ရွှေဘိုဝေဠုဝန် ကျောင်းမှာနေခဲ့ တာကိုး။ အဲဒီမှာ လှူကြတန်းကြတဲ့ ဆွမ်းဟင်းတွေကို 'ဟင်းလေးအိုးကြီး'ဆိုပြီး ဟင်းပေါင်းလုပ်လိုက်ပါရောဗျ။ ကြက်ဝက်ငါး သရက်ချဉ်စသည်ဖြင့် အကုန်ရောထား ပေါင်းထားလိုက်တာ၊ ကြက်ကလည်း ကြက်အရသာမထွက် တော့ဘူး၊ ဝက်လည်း ဒီလိုပဲ၊ ငါးလည်း အတူတူပဲ၊ ဘူးသီး၊ ဖရုံသီးတွေလည်း မထူးတော့ဘူး၊ ဟင်းလေးအိုးကြီးထဲမှာ ကိုယ်ပိုင်အရသာ သီးခြားအရသာရယ်လို့ ရှာမတွေ့တော့ ဘူး။ အားလုံးရောကုန်ပြီ။
ဒီဟင်းလေးအိုးကြီးထဲမှာ ကြက်လည်းအရသာပျက် မကောင်းတော့ဘူး၊ ဝက်လည်း ဝက်အရသာပျက်မကောင်း တော့ဘူး။ အဲဒီတော့ ဟင်းလေးအိုးကြီးထဲက 'အသား' မဖြစ်ကြစေနဲ့။ ဖြစ်ခြင်းဖြစ်ရင် 'ဆား'ပဲဖြစ်ကြပါစေ။ ကြက်ဝက်ဆိုတဲ့ အသားတွေ အရသာပျက်ပေမယ့် ဆားက တော့အရသာမပျက်ဘူး။ ဆားက သူ့သတ္တိကို မစွန့်ဘူး။ ကြက်ဝက်ငါးဘူး ဖရုံသခွားတွေ ပေါင်းလိုက်ရောလိုက်တာ နဲ့ အရသာပျက်သွားပေမယ့် ဆားကတော့ ငန်တဲ့အရသာ မပျက်ဘူးနော်။

အဲဒီတော့ ဒီနေ့ ကမ္ဘာရွာကြီးဆိုပြီး ဓလေ့ပေါင်းစုံ ရော မွှေခံနေရချိန်မှာ ကိုယ့်လူမျိုးရဲ့ ဓလေ့၊ ကိုယ့်လူမျိုး ရဲ့ သာသာ သာသနာဓလေ့ထုံးတမ်းစဉ်လာကောင်းတွေ ကို မစွန့်ကြပါနဲ့၊ အသားလို မကျင့်နဲ့ ဆားလိုကျင့်ရမယ့် အချိန်ပါ။ ကိုယ့်လူမျိုးရဲ့ သတ္တိကို မစွန့်ပါနဲ့လို့ ကျေးဇူး ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက မျိုးချစ်တရား ဖြင့် အသိပေးနှိုးဆော်လိုက်ကြောင်းပါဗျာ။
(၂၈-၃-၂ဝ၁ဝ ရွှေဘို ဒကာ၊ ဒကာမများအား ဟောကြား သောတရားတော်မှ)
မောင်သွေးချွန်

No comments:

Post a Comment