Friday, October 18, 2019

ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူခြင်းဖြင့် ရယူလိုက်နာကျင့်ကြံ ခံစားအပ်သော အခွင့်အလမ်းများ

 

ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူခြင်းဖြင့် ရယူလိုက်နာကျင့်ကြံ ခံစားအပ်သော အခွင့်အလမ်းများ


သင်သည် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူခြင်းဖြင့် ရယူလိုက်နာကျင့်ကြံ
ခံစားအပ်သော အခွင့်အလမ်းများမှာ…
(က) ဒါန၊ သီလ … စသည်နှင့် ဉာဏ်ယှဉ်ပါရမီဝင် ဖြစ်နိုင်ခြင်း…။
(ခ) ပါရမီဉာဏ် ရင့်ကျက်နိဗ္ဗာန်သို့ ကူးတက်နိုင်ခြင်း…။
ဤနှစ်မျိုး တို့ ဖြစ်သည်။

ဒါန၏ ပေးကမ်းခြင်း၊ သီလ၏ စောင့်စည်းခြင်းများမှသည် အာရုံမှ လွတ်လွတ်နေခြင်း၊ အာရုံတိုက်ကို သည်းခံခြင်း၊
အမှန်သစ္စာဖြင့် တိုင်တည်ခြင်း၊ စာနာစိတ်ပွား အညီအမျှထားခြင်း ဥပေက္ခာပြုုခြင်း၊လိုရာရာ စိတ်ဖြင့်ကြံ အဓိဋ္ဌာန်ခြင်း၊
အဓိဋ္ဌာန်ပါအတိုင်း အကျိုးခံစားခြင်း၊ သိလိုရာအခွင့် ချင့်၍သိခြင်းများကား ဘာသာတခြား လူအများပင် တတ်နိုင်ပါသည်။
၎င်းတို့နှင့်တွဲဖက် အသိဉာဏ်ပါ ရင့်ကျက်စေခြင်းကား ဗုဒ္ဓဝါဒီတို့၏ ကျင့်စဉ်မှတစ်ပါး အခြား၌ မရှိနိုင်ပါ။

ရိုးရိုးဒါန ပြုသည်ကား ဘာသာတိုင်း လူသားတိုင်းနှင့်ပင် သက်ဆိုင်၏။ ဘာသာတိုင်း လူသားတိုင်း
လက်ကိုင်ထား ပွားလျက်ကသာ။ရိုးရိုးဒါနပြု၏ အကျိုးပေးများကိုလည်း လူ့ဘဝထက် နောက်ထပ်
ဆက်၍ဆက်၍လည်းကောင်း၊ နတ်ဘဝဘက် ရှေ့ဆက်တက်၍ တက်၍လည်းကောင်း၊
ဘာသာတိုင်းက ဘာသာဝင်တိုင်းပင် အဆင့်မြင့် လူ့ဘဝ …လူ့စည်းစိမ်၊ နတ်ဘဝ …နတ်စည်းစိမ် မြိန်ယှက်စွာ
ခံစားသုံးဆောင်ခွင့် ရနေကြပါသည်ကား မျက်မြင်ပင် ရှိချေသည်။

ယနေ့… ကမ္ဘာ့မိုးပျံတိုက်တာကြီးများ၊ ကမ္ဘာ့ အံ့မခန်းရုပ်ပြပစ္စည်းများ၊ ကမ္ဘာ့အံ့မခန်း လူနေမှုအဆင့်အတန်းများသည်
ရိုးရိုးဒါန၏ စေတနာအခိုးများ တိုးထွက်လာခြင်းများပင် မဟုတ်လော။ ထိုဒါနမျိုးသည် လူရှိသူရှိ၏။ ကိုယ်ချင်းစာတရားရှိသူ ရှိ၏။
ဘုရားပွင့်သည်ဖြစ်စေ, မပွင့်သည်ဖြစ်စေ သူကား မဆိတ်ချေ။
ပါရမီဒါနမျိုးသည်ကား ဒါနပေါ် သတိတင် ဉာဏ်ဆင်ခြင်ခွင့် ဖြစ်ပေါ်လာ၏။
အစွဲကို မကဲ၊ ထိုအစွဲ ဆွဲနှုတ်ရာ လက်နက်သဖွယ် ကျင့်သုံးခွင့် သာစေ၏။
သို့ကြောင့်…ထိုပါရမီတော်ဒါနသည် ဗုဒ္ဓဘာသာဝင်တို့၏ လက်ထဲမှတစ်ပါး အခြားတို့၌ မရှိချေ ……။
ရှိနေသော်မှ အသုံးမချတတ်။ ဗုဒ္ဓဝါဒီတို့၏ လက်ထဲမှာသာ ရှိသည်ဆိုသော်လည်း…
သုံးတတ်သူတို့၏ လက်ဝယ်၌သာရှိ၍ မသုံးတတ်သူတို့၏ လက်ဝယ်ကား …မျောက်အုန်းသီးရပမာ
အလုံးရှိသော်လည်း…အသုံးမတည့်စေပါ။
သင်ကော သုံးတတ်သူအဆင့် ကပ်ချင့်နိုင်ပြီလော။
#မဟာဗောဓိမြိုင်ဆရာတော်

No comments:

Post a Comment