မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအား
သစ်သားကိုယ်ပွားမှ ဘုရားအသွင် ထင်ရှားပြခြင်း
ကျွန်တော်ဟာ ၂ဝဝ၅-၂ဝဝ၆ ခုနှစ်များမှာ သုဝဏ္ဏသျှမ် လို့အမည်ပေးထားတဲ့ သာသနာပြုစာစဉ်ကလေးမှာ ကူညီလုပ်ကိုင်ခွင့်ရခဲ့ပါတယ်။ ဆရာမောင် သွေးချွန်စုစည်းပူဇော်တဲ့ တရားစာအုပ်များကို ထုတ်ဝေဖြန့်ချိတဲ့လုပ်ငန်းငယ်ကလေးဖြစ်ပြီး နတ်တလူသာသနာပြုအသင်းက ထုတ်ဝေတဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ စာမူတွေကိုလည်း စာအုပ်ဖြစ်အောင် လုပ်ပေးရတာ၊ နောက် ဖြန့်ချိပေးရတာတွေကိုလည်း လုပ်ခဲ့ရပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးက သူရေးသားပြုစုတော်မူတဲ့ ကျမ်းစာအုပ်များကို သာစည်စာပေကော်မတီ၊ ရန်ကုန်သာဟိကာ၊ ပျဉ်းမနားသာဟိကာ၊ ရန်ကုန်၊ ဗုဒ္ဓဘာသာကာကွယ်စောင့်ရှောက်ရေးအသင်း၊ နတ်တလူသာသနာပြုအသင်း စတဲ့အသင်းတွေကို တာဝန်ခွဲဝေပြီး ထုတ်ဝေစေခဲ့ပါတယ်။ ယခု အချိန်မှာတော့ တချို့စာအုပ်များကို မဟာမြိုင်စာပေပြန့်ပွားရေးအဖွဲ့ (မန္တလေး)က တာဝန်ယူထုတ်နေတယ်လို့ သိရပါတယ်။
ဆိုရရင် နတ်တလူအသင်းအတွက် ဆရာတော်ကြီးရဲ့စာအုပ်တွေကို ထုတ်ဝေဖြန့်ချိဖို့ နိုင်တဲ့ဝန်ထမ်းရင်းကပဲ ဆရာတော်ကြီးရဲ့လက်ရေးစာမူမျာနှင့် ပုံမနှိပ်မှီ စာမူများ(လက်နှိပ်စက်မူနှင့် အခြားလက်ရေးမူများ)ကို ဖတ်မှတ်ခွင့်ရ ခဲ့ပါတယ်။ ဆရာတော်ကြီးရေးသားတဲ့စာမူများထဲမှာ ထူးခြားတဲ့အဖြစ်အပျက်တွေနဲ့ ဆန်းကြယ်လှတဲ့ ဘဝဖြတ်သန်းမှုတွေကို တွေ့မြင်ခဲ့ရပါတယ်။
အဲဒီခေတ်၊အဲဒီအချိန်အခါက စာအုပ်ထုတ်ဝေရေးလုပ်ငန်းများဟာ တင်းကျပ်တဲ့ စာပေစီစစ်ရေးခေတ်ကို ဖြတ်သန်းနေရချိန်ဖြစ်ပါတယ်။ ဘာသာရေးနဲ့ ပတ်သက်တဲ့ စာအုပ် စာမူများကို သာသနာရေးဦးစီးဌာနကို ပေးပို့ရပြီး သာသနာရေးက ပြင်ဆင်ရန်မရှိ၊ ကန့်ကွက်ရန်မရှိ၊ ဖြုတ်ပယ်ရန်မရှိမှသာလျှင် စာပေစီစစ်ရေးအဖွဲ့က အဲဒီ စာအုပ်စာမူများကို ထုတ်ဝေခွင့်ပြုပါတယ်။
တချို့စာအုပ်တွေဆိုရင် သာသနာရေးက ဖြုတ်တာ၊ စာပေစီစစ်ရေး ကဖြုတ်တာတွေ များလွန်းလှတဲ့အတွက် စာအုပ်ရဲ့ အနှစ်သာရ မပါသလောက်ထိ ဖြစ်တာကြောင့် မထုတ်ဝေဘဲ ဒီအတိုင်း ထားလိုက်ရတာတွေလည်း ရှိပါတယ်။ တချို့စာအုပ်တွေကတော့ စာပေစီစစ်ရေးကိုတင်လည်း မလွတ်နိုင်တဲ့အတွက် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ရချိန်မှသာလျှင် ထုတ်ဝေဖို့ ဆုံးဖြတ်ခဲ့ကြရတာတွေလည်း ရှိပါတယ်။
အခုချိန်မှာတော့ မဟာမြိုင်စာပေက ထုတ်ဝေ ဖြန့်ချိထားပြီးဖြစ်တဲ့ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အလားအလာများ(အနာဂတ ဂမနာဂမ ကထာ)၊ သွေးကပြောသော ဘာသာစကား(လောဟိတုပ္ပတ္တိဝါဒကထာ)၊ အိပ်မက်ဖြင့် ဖွင့်ပြောသော စကားများ (သုပိနာယ ဗျာချကထာ)၊ ကိုယ်ပွားဘုရား အားထားသူများအကြောင်း(သိဒ္ဓန္တ နိမ္မာန ကထာ) စတဲ့စာအုပ်တွေဟာ စာပေစိစစ်ရေးခေတ်က ဆိုရင်တော့ ထုတ်ဝေခွင့်ရဖို့ အခွင့်အလမ်းမရှိနိုင်ပါဘူး။ မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ပဋိဘာနဉာဏဒဿနကထာ၊ ဘဝကန္တရ သင်္ကေတကထာ၊ ဝိနယဗေဒ၊ နိဒါန်းသတိပဋ္ဌန် စတဲ့ လေးနက်လှတဲ့ ကျမ်းစာ အုပ်ကြီးများကို ရေးသားခဲ့သလို ဘာသိဘာသာ့ကထာ၊ မဟုတ်တရုတ်ဝါဒကထာ ဆိုတဲ့အမည်များနဲ့ ကျမ်းစာအုပ်ငယ်လေးတွေ ရေးသားတော်မူခဲ့ပါတယ်။ အဲဒီစာအုပ်ငယ်ကလေးများကတော့ ခုချိန်ထိ ထုတ်ဝေတာ မတွေ့ ရသေးပါဘူး။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ စာပေအရေးအသားဟာ ခန့်ညားထူးခြားသလို ကျမ်းစာအုပ်မှာပါတဲ့အကြောင်းအရာတွေကလည်း လေးနက်ဆန်းပြားလှပါတယ်။ 'ကိုယ်ပွားဘုရား အားထားသူများအကြောင်း (သိဒ္ဓန္တ နိမ္မာန ကထာ)' ဆိုတဲ့စာအုပ်မှာပါတဲ့ ထူးခြားမှုတစ်ခုကို တင်ပြချင်ပါတယ်။
ကိုယ်ပွားဘုရား အားထားသူများအကြောင်း(သိဒ္ဓန္တ နိမ္မာန ကထာ)ဆိုတဲ့ စာအုပ်ဟာ ဘုရားရုပ်ပွားတော်များကို သက်ရှိအမှတ်နဲ့ ဆွမ်း၊ ပန်း၊ ရေချမ်း လှူဒါန်းပုံသေ ရိုသေဆည်းကပ်လျှင် သက်ရှိဘုရားရှေ့ သွားရောက်ခွင့်ကဲ့ သို့ပင် အကျိုးညီမျှရစေနိုင်တဲ့အကြောင်းများကို ရေးသားတဲ့ စာအုပ်ဖြစ်ပါတယ်။
အဲဒီစာအုပ်ထဲမှာ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ သူ့အား သစ်သားကိုယ်ပွားမှ ဘုရားသွင်ထင်ရှားပြတဲ့ အဖြစ်အပျက်ကို ရေးသားတော်မူခဲ့ပါတယ်။
'ငါတို့ကိုယ်တိုင်မှာမူကား
သစ်သားကိုယ်ပွားက မျက်တောင်ခတ်ပြသည်ကို ဒိဌ မြင်ရဖူး၏။
သစ်သားကိုယ်ပွားက လက်တော်ရုပ်သွားသည်ကိုလည်း ဒိဌ မြင်ရဖူး၏။
ထိုစဉ် ငါတို့ ရန်ကုန်မှာ နေစဉ်က ငါတို့နှင့်ရင်းနှီးသော သတင်းထောက် ဒကာတစ်ဦးက သူ့တပည့်ထံ၌ ဘုရားနှစ်ဆူဖြစ်နေသဖြင့် နှစ်ဆူတစ်ကျောင်း မထားကောင်း ပြောကြလွန်း၍ တစ်ဆူ လှူလိုပါကြောင်း လျှောက်ထား၏။ အလှူခံလိုက်၏။
ထို့နောက် ထိုသစ်သားကိုယ်ပွားတော်အား ရေသပ္ပါယ်ကြရာ အများမြင် သိသိသာသာကြီးပင် မျက်တောင်တော်နှစ်စုံစလုံး ခတ်ပြတော်မူ၏။ ငါတို့မှ ဖူးရသည်မဟုတ်။ အားလုံး ဖူးကြရ၏။ ရိပ်မှန်း စိတ်မှန်း မဟုတ်။ ဦးခေါင်းမှ မျက်နှာတော်အောက် ရေဆင်းလျှောက်ချိန်၌ လှုပ်ပြ၏။ တစ်သက်နှင့် တစ်ကိုယ် သက်ရှိဆိုတာ ဒါပဲ ဟူ၍ ပထမဆုံး ဖူးခွင့်ရခြင်းတည်း။
နောက် ဖြစ်ရပ်တစ်ခုမှာ ငါတို့ဇာတိမြေ နတ်တလူမှာ မင်းဘိသိက်ခံ ဘုရားတည်စဉ်က ဖြစ်၏။ ထိုစဉ်က ငါတို့အား ဝတ်ကြီးဝတ်ငယ်မှုပြုစုရန် ပျဉ်းမနားမှ ဒကာတစ်ဦးအား အနီး၌ခေါ်ထား၏။ ထိုဒကာသည် တစ်နေ့ မင်းဘိသိက်ခံ ဓမ္မရုံကြီးပေါ်ရှိ သစ်သားကိုယ်ပွား လေးတောင်ခန့်မျှသော ဘုရားအား သွားရောက်၍ အမှိုက်များ ရှင်းလင်းပေး၏။
ထိုစဉ် ဘုရားလက်ဝါးပြင် ပက်လက်ခံထဲမှ စပယ်ပန်းခြောက်များ ကောက်လိုက်ရာ ထို ကိုယ်ပွားတော်၏ ထိုလက်ကား နောက်သို့ ဆုတ်လိုက်တော့သည်ဆို၏။ သို့နှင့် လက်တော်ကြီးက အရှင်များတပ်ဆင်ထားလို့လေလား သံသယဖြင့် ပြန်လည်လှုပ်ကြည့်ရာ ထိုစဉ်တွင်ကား မလှုပ်တော့ပြီ။ ထို ဒကာလည်း မျက်စိပျက်ပျက် မျက်နှာပျက်ပျက်ဖြင့် ပြန်ပြေးလာပြီး ငါတို့အား လျှောက်ကြားလေ၏။
တစ်သက်နှင့်တစ်ကိုယ် သက်ရှိဆိုတာ ဒါပါပဲဟူ၍ ဒုတိယမြောက် သိလိုက်ရခြင်းတည်း။'
(သိဒ္ဓန္တ နိမ္မာန ကထာ၊ စာ ၁၃၁၊၁၃၂)
မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ကျမ်းစာအုပ်ပေါင်းများစွာကို ရေးသားခဲ့ပြီးဖြစ်ပါတယ်။ ရေးသားပြီးစီးတဲ့စာအုပ်များအနက်မှ 'မဟာသုပိနကထာ' စာအုပ်ဆိုရင် ထုတ်ဝေခြင်းမပြုဘဲ ဆရာတော်ကြီးထံတွင် သိမ်းဆည်းထားဆဲဖြစ်ကြောင်းလည်း သိရပါတယ်။
အခု ဒီစာစုမှာပါဝင်တဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအား သစ်သားကိုယ်ပွားမှ ဘုရားအသွင် ထင်ရှားပြတဲ့ အဖြစ်အပျက်ဟာ ဆရာတော်ကြီးရဲ့ ဆန်းကြယ်လှ တဲ့ဘဝဖြတ်သန်းမှုများစွာထဲမှ တစ်ခုမျှသာဖြစ်ပြီး တရားဓမ္မကိုအလေးဂရုပြုနေထိုင်တော်မူတဲ့ ဆရာတော်ကြီးအား ကြည်ညို သဒ္ဓါပွားများနိုင်စေရန် အထူးရည်ရွယ် ရေးသားခြင်းသာဖြစ်ပါကြောင်း ...။
ငြိမ်းချမ်းသာ
၂၃-၁ဝ-၂ဝ၁၉

No comments:
Post a Comment